Wednesday, April 7, 2010

မြန်မာနိုင်ငံ နျူကလီးယား စွမ်းအင်နှင့် မထိုက်တန်



ဖွံ့ဖြိုးဆဲနိုင်ငံတွေ တော်တော်များများမှာ စွမ်းအင်လိုအပ်ချက်တွေ အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုဖို့ ကြိုးပမ်းနေကြတာ မှန်ပေမဲ့ မြန်မာနိုင်ငံအတွက် နျူကလီးယား စွမ်းအင် ရှာဖွေတဲ့နည်းဟာ အဖြေမဟုတ်တဲ့အကြောင်း အမေရိကန် ပြည်ထောင်စု နျူကလီးယား နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တဦးက ထောက်ပြ ပြောဆိုပါတယ်။ ဟားဗာ့ဒ် (Harvard) တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက် မပြန့်ပွားရေးဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း (Matthew Bunn) က ဗွီအိုအေ အမေရိကန်အသံမှာ မနေ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပရင်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
ရှေ့သီတင်းပတ် ၀ါရှင်တန်မြို့တော်မှာ ကမ္ဘာ့ နိုင်ငံခေါင်းဆောင်တွေ အိမ်ဖြူတော် နျူကလီးယား ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ပြီး ကမ္ဘာတ၀န်း နျူကလီးယးလက်နက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့အချိန် ဒေါက်တာ မက်သယူး ဘန်းက နျူကလီးယား နည်းပညာနဲ့ အန္တရာယ်အကြောင်း မနေ့က ဗွီအိုအေ အမေရိကန်အသံမှာ သတင်းစာရှင်းလင်းပွဲ ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်နိုင်ဖို့ စစ်အစိုးရက ကြိုးပမ်းနေပြီး ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်မှုဟာ အရပ်ဖက် သုတေသနသုံးအတွက် ရည်ရွယ်တယ်လို့ စစ်အစိုးရဘက်က ပြောဆိုထားပါတယ်။
ဒါကြောင့်လည်း စွမ်းအင်လိုအပ်ချက်တွေ ရှိနေတဲ့ နိုင်ငံတခု အနေနဲ့ ဒီလို နျူကလီးယားစွမ်းအင် ပိုင်ဆိုင်ဖို့ ကြိုးစားမှုဟာ တကယ်လို့ သူတို့ပြောသလို ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးပြုဖို့ ဖြစ်တယ်၊ တခြား စစ်ရေးရည်မှန်းချက်အတွက် သုံးတာမျိုး မဟုတ်ရင် မဖြစ်သင့်ဘူးလားလို့ ဒေါက်တာ မက်သယူး ဘန်းရဲ့ အမြင်ကို ဗွီအိုအေက မေးခဲ့ပါတယ်။
Matthew Bunn-hks-harvard-edu
ဒေါက်တာ မက်သယူးဘန်း။
(Photo-hks.harvard.edu)
“စွမ်းအင်အတွက် နျူကလီးယား စွမ်းအင်ကို အသုံးပြုမှုတွေ ဒီနေ့ ရှိနေပါတယ်။ ဒီစွမ်းအင်ကို ဘေးကင်း လုံခြုံအောင် ထိန်းသိမ်းဖို့ဆိုတာ ရှုပ်ထွေး နက်နဲတဲ့ နည်းလမ်းတွေကို သုံးပြီး အထူးအလေးထား စောင့်ရှောက်ရတာပါ။ တကယ်လို့ ခေတ်မီ တိုးတက်တဲ့ အခြေခံ အဆောက်အဦးတွေ မရှိဘူး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေကလည်း အားနည်းနေမယ်ဆိုရင် ဒီ နျူကလီးယားစွမ်းအင် သုံးစွဲမှုက လိုအပ်တဲ့ သင့်လျော်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူး။”
ပြီးခဲ့တဲ့ ၅ နှစ်ကနေ ၈ နှစ်နဲ့စာရင် နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ဖို့ ကုန်ကျစရိတ်ဟာ အကြမ်းဖျင်းအားဖြင့် ၂ ဆ ပိုများလာခဲ့ပါတယ်။ ဒါကြောင့်လည်း နျူကလီးယား ဓာတ်ပေါင်းဖိုတွေ တည်ဆောက်ပြီး စွမ်းအင်ထုတ်လုပ်ဖို့ ကြိုးစားတဲ့နည်းက စီးပွားရေးအရလည်း တွက်ခြေကိုက်တဲ့ ရွေးချယ်မှုတခု မဟုတ်ပါဘူးဆိုပြီး မက်သယူး ဘန်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေဟာ အာရုံစူးစိုက်ရမယ့် အနေအထားမှာ ရှိပေမဲ့ စိုးရိမ်ရမယ့် အခြေအနေမှာတော့ မရှိဘူးလို့လည်း သူက ပြောပါတယ်။
“မြန်မာနိုင်ငံကိစ္စက အခုအချိန်အထိ တိတိကျကျ ဘယ်အတိုင်းအတာအထိ လုပ်နိုင်ပြီလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရသေးပါဘူး။ အခုအချိန်အထိ သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်နိုင်နေပြီလား၊ နျူကလီးယား ထုတ်လုပ်ဖို့ ပြင်ဆင်နိုင်ပြီလား၊ ဘာမှ ရေရေရာရာ မရှိသေးပါဘူး။ စောင့်ကြည့်လေလာဖို့၊ အာရုံစိုက်ဖို့ လိုပါတယ်။ ဒါပေမဲ့ စိုးရိမ်ထိတ်လန့်ရမယ့် အဆင့်တော့ မရောက်သေးပါဘူး။”
ဟားဗာ့ဒ်တက္ကသိုလ် နျူကလီးယား လုံခြုံရေးနဲ့ လက်နက်မပြန့်ပွားရေး ဆိုင်ရာ ကျွမ်းကျင်သူ ပူးတွဲ ပါမောက္ခ မက်သယူး ဘန်း ပြောဆိုသွားတာ ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်မှာ မြန်မာစစ်အစိုးရက သုတေသနသုံး နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ရုရှားနိုင်ငံကနေ နည်းပညာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ယူဖို့ သဘောတူခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်တွေ နိုင်ငံတကာက အာရုံစူးစိုက်လာခဲ့ပါတယ်။
မြန်မာစစ်အစိုးရက ရုရှားနိုင်ငံကို စစ်အရာရှိ ၁,၀၀၀ လောက် စေလွှတ်ပြီး သင်တန်းတက်ခိုင်းခဲ့တယ် ဆိုတဲ့ သတင်းတွေနဲ့ မြောက်ကိုရီးယားရဲ့ အကူအညီနဲ့ မြေအောက်လိုဏ်ခေါင်းတွေ တည်ဆောက်နေတဲ့ မှတ်တမ်းဓာတ်ပုံတွေ ထွက်လာတဲ့ အတွက်လည်း မြန်မာနိုင်ငံရဲ့ နျူကလီးယား ရည်မှန်းချက်ကို အာရုံစိုက်လာတဲ့ အဆင့်ကနေ နိုင်ငံတကာက စိုးရိမ်ခဲ့ကြတာ ဖြစ်ပါတယ်။
မကြာသေးခင်က ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု အခြေစိုက် ISIS သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေး အဖွဲ့ကြီးရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံမှာ တည်ဆောက်နေတဲ့ မြေအောက်လိုဏ်ဂူတွေဟာ နျူကလီးယားစွမ်းအင် ထုတ်လုပ်ဖို့ တည်ဆောက်တာ ဟုတ်မဟုတ် အသေအချာ မပြောနိုင်သေးတဲ့အကြောင်း၊ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြန်မာနိုင်ငံနေ ကွန်ပျူတာစနစ်သုံး စစ်ဘက်၊ အရပ်ဘက် အသေးစိတ် တီထွင်ထုတ်လုပ်နိုင်တဲ့ အကြီးစား စက်ကိရိယာတွေ ဆွစ်ဇာလန်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေက မှာယူခဲ့တာ၊ ပြင်ဦးလွင်နဲ့ ၁၀ မိုင်လောက် ဝေးတဲ့နေရာနဲ့ မန္တလေး အနောက်ဘက် မိုင် ၈၀ အကွာ လူနေအိမ်ရာတွေနဲ့ ဝေးတဲ့နေရာတွေက အမိုးပြာနဲ့ အဆောက်အဦးကြီးနှစ်ခု ဓာတ်ပုံတွေကို Goggle Map ဂြိုဟ်တုဆက်သွယ်ရေး ဓာတ်ပုံတွေကို ထုတ်ပြပြီး မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား ကျွမ်းကျင်ဝန်ထမ်းတွေ ကိုယ်တိုင် ပါဝင်တဲ့ လက်နက်အကြီးတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ ရှိနေနိုင်တဲ့အကြောင်း နိုင်ငံတကာရဲ့ စိုးရိမ်မှုနဲ့ ခန့်မှန်းချက်တွေကို ထည့်သွင်း ရေးသားထားပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-07-voa1.cfm

တိုင်းရင်းသား ၃ ဖွဲ့ ပါတီမှတ်ပုံတင်

ချင်းမိုင် (မဇ္ဈိမ) ။      ။ ရွေးကောက်ပွဲ ကော်မရှင်တွင် ယမန်နေ့ကအထိ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သော တိုင်းရင်းသားအဖွဲ့ ၃ ဖွဲ့ ရှိသွားပြီဖြစ်သည်။

ဒေါက်တာစိုင်မွန်သာ ဦးစီးသော ကရင်ပြည်သူ့ပါတီ၊ ဒေါက်တာတူးဂျာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသော ကချင်ပြည်နယ် တိုးတက်ရေးပါတီ၊ ဦးအောင်ခမ်းထီ ခေါင်းဆောင်သော အပစ်ခတ်ရပ်အဖွဲ့ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်တို့ ဖြစ်သည်။

ဦးနှောက်နှင့် အာရုံကြောအထူးကု ဒေါက်တာစိုင်မွန်သာ ကရင်အမျိုးသားအစည်းအရုံးနှင့် စစ်အစိုးရအကြား မအောင်မြင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကြားဝင်စေ့စပ်ပေးခဲ့သူဖြစ်ပြီး၊ ဒေါက်တာတူးဂျာမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ခေါင်းဆောင်ဟောင်းတဦးဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့သော ပအိုဝ့်ဖြူဟုလည်း လူသိများသော ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်သည် စစ်အစိုးရထံမှ ကျောက်မျက်ရတနာ တူးဖော်ရေးနှင့် ရောင်းဝယ်ရေး ရရှိထားသော အဖွဲ့တခုဖြစ်သည်။

ကရင်ပြည်သူ့ပါတီက ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နေရာအချို့တို့တွင် ဝင်ပြိုင်ရန် စီစဉ်ထားပြီး ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်က တောင်ကြီး၊ လွယ်လင်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သက်ဆိုင်ရာ အဖွဲ့များ၏ သတင်းရပ်ကွက်များက ပြောကြပြီး ကချင်ပြည်နယ် တိုးတက်ရေးပါတီကတော့ ကချင်ပြည်နယ် တခုထဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယမန်နေ့အထိ ကော်မရှင်က မှတ်ပုံတင်ခွင့် လျှောက်လွှာလက်ခံပြီးသော အဖွဲ့ ၁၁ ဖွဲ့အနက် ကျန်သော အဖွဲ့များမှာ (၁) ခေတ်သစ်ပြည်သူ့ပါတီ၊ (၂) မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ (၃) ၈၈ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်၊ (၄) ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ (၅) အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ (၆) ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ)၊ (၇) ပြည်ထောင်စု အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့နှင့် (၈) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့ ဖြစ်သည်။

ခေတ်သစ်ပြည်သူ့ပါတီမှာ အလံနီကွန်မြူနစ်ဟောင်းများ ဖြစ်ကြသော်လည်း အရင်းရှင်စီးပွားရေးစနစ်ကို ထူထောင်မည်ဟု ကြွေးကြော်နေကြသည်။

“မူဝါဒလမ်းစဉ်က စက်မှုအရင်းရှင်စနစ်ကို အစွမ်းကုန်ဖွံ့ဖြိုးအောင် ထူထောင်မယ်။ စက်မှုအရင်းရှင် အောက်မှာသာ ဆင်းရဲသား၊ အလုပ်သမား၊ တောင်သူလယ်သမား လူတန်းစားတွေဟာ ဖွံ့ဖြိုးနိုင်တယ်လို့ ယုံကြည်တယ်” ဟု အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္ဈိမကို ပြောသည်။

“၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဖြစ်နိုင်ခြေကပဲ စရမယ်။ အမေရိကန် ဖွဲ့စည်းပုံကိုလည်း နှစ်ပေါင်း ၁၉၅ နှစ်မှာ ၂၆ ခါ ပြင်ခဲ့ရတယ်။ ဖွဲ့စည်းပုံ ပြင်စရာရှိတာကို လွှတ်တော်တွေမှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ပြင်ပါ့မယ်” ဟု သူက ပြောသည်။

ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ်ချက်အပေါ် ဒေါ်စု ဝမ်းမြောက်

     နယူးဒေလီ (မဇ္ဈိမ)။      ။ ကန့်ကွက်သူမရှိ ပါတီအား ပြန်လည်၍ မှတ်ပုံမတင်မည့် ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုသည်။

နေအိမ်တွင် ထိန်းသိမ်းခံထားရသည့် အမှုအတွက် အထူးအယူခံဝင်ရေးကိစ္စနှင့် ပတ်သက်၍ သူမ၏ ရှေ့နေများနှင့် နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒေါ်စုက အဖွဲ့ချုပ်ကို မှာလိုက်တာတခု ရှိတယ်။ ၂၉ ရက်နေ့က မှတ်ပုံမတင်ရေးကို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒါက တခုပေါ့။ နောက်တခုကတော့ မနေ့က ထုတ်လိုက်တဲ့ ပြည်သူသို့ ပန်ကြားချက်ကိုလည်း သူ့အနေနဲ့ သဘောတူပါတယ်။ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက ညီညီညွတ်ညွတ် ခိုင်ခိုင်မာမာ ရပ်တည်ကြဖို့ မှာကြားလိုက်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိခဲ့သည့် ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောပြသည်။

ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ပတ်သက်၍ NLD တိုင်း/ပြည်နယ်ကိုယ်စားပြု ဗဟိုဦးစီးအဖွဲ့ဝင် ၁ဝဝ ခန့်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ရန်ကုန်ရှိ ပါတီရုံးချုပ်တွင် ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ထုတ်ပြန်သည့် ပြည်သူသို့ ပန်ကြားချက်ထဲတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး ရရှိရန် နှစ် ၂ဝ အတွင်း အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ခြင်းအပေါ် NLD က တိုင်းပြည်သို့ တောင်းပန်စကား ပြောကြားပြီး၊ ပြည်သူလူထုနှင့် ဒီမိုကရေစီအရေးတော်ပုံကို မစွန့်ခွာဘဲ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုကို ခံယူ၍ အကြမ်းမဖက် ငြိမ်းချမ်းသောနည်းဖြင့် ဆက်လက် ကြိုးပမ်းသွားမည်ဟု ကတိပြုထားသည်။

ရှေ့နေများဖြစ်သည့် ဦးဥာဏ်ဝင်းနှင့် ဦးကြည်ဝင်းတို့က အမှုအယူခံကိစ္စ၊ အိမ်ပြင်ဆင်သည့် တားဝရမ်းကိစ္စ၊ အိမ်ပြင်သည့်အပေါ် လျှောက်လွှာတင်ရမည့်ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ ဆွေးနွေးခဲ့ကြသည်။

“ကျနော်တို့က အယူခံ အကြောင်းပြချက် ၅ ချက်ကို ယူသွားတယ်။ အဲဒီအပေါ်မှာ ဆွေးနွေးတာတွေ ရှိတယ်။ အဲဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူပါတယ်။ ဒါပေမဲ့  ကျနော်တို့က နောက်ထပ် အရေးကြီးတယ်လို့ထင်တဲ့ အချက် ၂ ချက်၊ စီရင်ထုံး ၂ ခု ရှိတယ်။ အဲဒီ အချက် ၂ ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတယ်။ နောက်တခါမှာ စဉ်းစားရအောင် အဲဒီ စီရင်ထုံးမိတ္တူကို ယူခဲ့ပေးပါ၊ သူလည်း ကြည့်ချင်တယ်လို့ ပြောတယ်။ နောက်တခါပြီးမှပဲ ပြတ်လိမ့်မယ်လို့ ထင်တယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ပြင်ဆင်သည်ကို အကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်း လျှောက်ထားမှုအား ယမန်နေ့က ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည်။

ထိုအမှုကိစ္စနှင့်ပတ်သက်၍ ဦးဥာဏ်ဝင်းက “သူ့အနေနဲ့က သီးခြား မခံစားရဘူး။ ကျနော်တို့က ရှင်းပြတယ်။ တရားရုံးက အမိန့်စာ မိတ္တူရလို့ရှိရင်  ကျနော်တို့က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို တင်ရမယ်။ အဲဒီကိစ္စတွေကို ဆက်လက်ဆောင်ရွက်ပါလို့  မှာကြားလိုက်တယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်သည်များ ရှိသည်ဟု ဆိုသော်လည်း အသေးစိတ် ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုသည်။

ကြိုတင်မဲများ ရရန် ကြံ့ဖွံ့ စည်းရုံး

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့)က ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့တွင် လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရွေးကောက်ပွဲတွင် ကြိုတင်မဲများ ရရေးအတွက် စည်းရုံးနေ သည်ဟု သိရှိရသည်။

ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်ထူ၍ လမ်းခင်းစဉ် (ဓာတ်ပုံ - ဧရာဝတီ)

စည်းရုံးရေး လုပ်ငန်းများတွင် လမ်းခင်းခြင်း၊ ငျွေချးခြင်း၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာသင်ကျောင်း ဆောက်လုပ်ခြင်းများ ပါဝင်သည်ဟု သိရသည်။

“ရပ်ကွက်မြေသားလမ်းတွေကို ကတ္တရာလမ်းအဖြစ် ကြံ့ဖွံ့က ငွေစိုက်ထုတ်ပြီး ခင်းပေးမယ်။ ဒီလိုခင်းပေးတဲ့ အတွက် ရပ်ကွက်နေ ပြည်သူတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ နာမည်တွေကို ကြံ့ဖွံ့က ဖွဲ့စည်းမယ့် ပါတီအတွက် ကြိုတင် မဲပေးသူတွေ စာရင်းမှာ ထည့်လိုက်မယ်” ဟု အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက် ဒေသခံ အာဏာပိုင် အဖွဲ့ဝင် တဦးက ပြောသည်။

ထိုမဲများမှာ ထောက်ခံမဲများ ဖြစ်လာမည်ဟု သူက ရှင်းပြသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် အတိုးနှုန်း သက်သာစွာဖြင့် ငွေထုတ်ချေးနေကြောင်း၊ ငွေချေးယူသူတို့ကို ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် မဲပေးကြစေရန် စီစဉ်မည်ဟု ယူဆရကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ သတင်း ရပ်ကွက်မှ သိရှိရသည်။

ငွေထုတ်ချေးသည့် ပမာဏမှာ ကျပ် နှစ်သောင်းမှ ငါးသောင်း အထိ ဖြစ်သည်ဟု သိရသည်။

ကြံ့ဖွံ့အသင်းက ဖြိုးစေတနာဟု အမည်ပေးထားသည့် အခမဲ့ဆေးကုခန်းများကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အများအပြားတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။

ယခုနှစ် အတွင်း ရန်ကုန် မြို့တွင်းရှိ လမ်းများခင်းခြင်း အပါအ၀င် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ အတွက် ကြံ့ဖွံ့အသင်း၏ သုံးစွဲငွေမှာ ကျပ် ၁၂ ဘီလီယံ ကျော် ရှိမည်ဟု  မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက မကြားသေးမီက ပြောခဲ့သည်။

ပြီးခဲ့သည့်လမှ စတင်၍  ရန်ကုန်ရှိ အလုံ၊ ကြည်မြင့်တိုင်၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင်မြို့နယ်များတွင်  လမ်းမီးများ လင်းစေရန်လည်း ဆောင်ရွက်ခဲ့သည်ဟု ကြည့်မြင်တိုင်မြို့နယ် ကြံ့ဖွံ့အသင်းမှ တာဝန်ရှိသူတဦထံမှ သိရသည်။

မြို့တော် စည်ပင် အရာရှိတဦးကလည်း ဓမ္မာရုံ ကဲ့သို့သော သာသနိက အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ မွမ်းမံခြင်း၊ အစားထိုး ပြန်ဆောက်ခြင်း၊  အသစ်ဆောက်ပေးခြင်းများကို ကြံ့ဖွံ့အသင်းက မတ်လ ၃၁ ရက်နေ့တွင် အပြီးသတ် လုပ်ဆောင်ခဲ့ကြောင်း ပြောပြသည်။

ကြံ့ဖွံ့အသင်း၏ လုပ်ရပ်များမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်မှုနှင့် ဆက်စပ်နေပုံကို ဒေသခံများက သတိပြုမိပုံ မရကြောင်း  ကြည်မြင်တိုင်မြို့နယ်မှ ဥပဒေအရာရှိတဦးက ပြောသည်။

ဤအတောအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့တွင် ကြံ့ဖွံ့အသင်းက  အာဏာပိုင်များ၏ အကူအညီဖြင့် ဒေသခံများကို ဆင့်ခေါ်ပြီး အသင်းဝင် လျှောက်လွှာများ ဖြည့်စွက်စေခြင်း၊ အသင်းဝင် ကတ်များ ထုတ်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိသည်။ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ ကြံ့ဖွံ့အသင်းဝင်ပေါင်း ၂၄ သန်း ရှိသည်ဟု ဆိုသည်။

ယခုနှစ်အတွင်း ပြုလုပ်မည်ဟု အာဏာပိုင်တို့က အကြိမ်ကြိမ် ပြောဆိုနေသည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ကြံ့ဖွံ့အသင်းက ပါတီ ၃ ခု ထောင်မည်ဟူသော သတင်းလည်း ပြီးခဲ့သည့်လက ပေါ်ထွက်လာခဲ့သည်။

၂၀၀၃ ခုနှစ်က ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု၊  ၂၀၀၇ ခုနှစ်က မတ္တရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင် မျက်လုံးကွယ်သည်အထိ တိုက်ခိုက်ခံရမှု တို့သည်  ကြံ့ဖွံ့အသင်း၏ လက်ချက်များ ဖြစ်သည်ဟု အတိုက်အခံများက စွပ်စွဲထားကြသည်။ သို့သော်လည်း  ကြံ့ဖွံ့ အသင်းက တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိပေ။

အောင်သက်ဝိုင်းနှင့် နရီလင်းလက် ပူးတွဲ ရေးသားသည်။
ရင်းမြစ်။ ။ဧရာဝတီ 

နောက်ဆုတ်နေတဲ့ တပ်၊ နောက်ဆုတ်နေတဲ့ ခြေထောက်

“ကျနော့်အမြင်တော့ တပ်က နောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကို ဆုတ်တဲ့အခါမှာ အစီအစဉ်တကျ ဆုတ်ရပါတယ်။ အခု ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို နောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။”
အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက်ဖြစ်နေတဲ့ ဦးသုဝေပဲဖြစ်ပါတယ်။

ဒီနေရာမှာ ရှင်းရှင်းသိထားဖို့က နအဖတပ်မှာ နောက်ဆုတ်တယ်ဆိုတာ မရှိပါဘူး။ ခွာစစ်ဆင်တယ်ဆိုတာပဲ ရှိပါတယ်။ နအဖတပ်ဟာ ဂျပန်ဖက်ဆစ်တပ်က မွေးထုတ်ထားတာဖြစ်လို့ ဂျပန်ဖက်ဆစ်တပ်လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကို သူ့စစ်ဗျူဟာမှာ လက်မခံပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တပ်မတော်ကို စတင်တည်ထောင်တုန်းက ဂျပန်စစ်တပ်ရဲ့ တပ်,မဆုတ်ရေး အားနည်းချက်ကို သိမြင်ပြီး ဗမာ့တပ်မတော်ရဲ့ စစ်သဘောတရားမှာ တပ်ဆုတ်ရေးဗျူဟာနဲ့ သဘောတရားကို အသေအချာ ထည့်သွင်းဖို့ လမ်းညွှန်ခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဗမာ့တပ်မတော်ရဲ့ စစ်ပါရဂူဖြစ်လာတဲ့ ဗိုလ်မှူးချုပ်ကျော်ဇော၊ ဗမာ့တပ်မတော်ရဲ့ သဘောတရားပါရဂူ လုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကလည်း တပ်ဆုတ်ခွာခြင်းသဘောတရားနဲ့ လက်တွေ့ကို စစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲ စနစ်တကျ ထည့်သွင်းချမှတ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီမိုကရေစီအစိုးရကို ဖြတ်လမ်းနည်းနဲ့ အင်အားသုံးဖြုတ်ချခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တပ်မတော် မူလဇာတိရုပ်ကို ပြန်လည်ရုပ်လုံးဖော်လာခဲ့ပါတယ်။ အခြေခံစစ်ပညာလေ့ကျင့်ရေး တပ်ကအစ ဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊ စစ်ဦးစီးတက္ကသိုလ်အလယ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အဆုံး တပ်မတော်စစ်မဟာဗျူဟာ စစ်နည်းဗျူဟာ သင်ကြားပို့ချမှုအားလုံးဟာ မဆုတ်ရေးကိုဘဲ ဦးစားပေးလာပြီး တပ်ဆုတ်ရေးကို လုံးဝလျစ်လျူရှုခဲ့ပါတော့တယ်။ တပ်ဆုတ်ရေးအစား ခွာစစ်ဆင်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ အကန့်အသတ် ကြီးကြီးမားမားနဲ့ သွတ်သွင်းလာပါတော့တယ်။ အင်္ဂလိပ်လို military retreat လို့ သုံးနှုန်းပေမယ့် မြန်မာလိုတော့ စကားလုံးအဓိပ္ပာယ်အရကို ယာယီခွာထားတဲ့သဘော၊ ပြန်ထိုးမယ့်သဘောဖြစ်ပါတယ်။

နအဖစစ်တပ် သတ်မှတ်ထားတဲ့ ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေကတော့ (က) ရန်သူအား နှောင့်ယှက်ရန်၊ အင်အားယုတ်လျော့စေရန်၊ (ခ) ရန်သူအား ကျုံးသွင်း၍ ဖျက်ဆီးရန်၊ (ဂ) အဆုံးအဖြတ်တိုက်ပွဲများအတွက် ပြင်ဆင်ချိန် ပိုရရန်၊ (ဃ) မိမိတပ်များ တပ်ဖြန့်ပုံနှင့် တညီတစည်းတည်းဖြစ်ရန်၊ (င) မိမိတပ်အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်၊ (စ) ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်းမရှိလို့ မိမိအင်အား လုံးဝချေမှုန်းခံရမယ့် အခြေအနေမျိုး မိမိအကျိုးယုတ်စေမယ့် အခြေအနေမျိုးကို ရှောင်ရှားရန်တို့ဖြစ်ပါတယ်။ ဒီကနေ့ နအဖလုပ်နေတာဟာ အဲဒီအချက် (၆) ချက်နဲ့တောင် အကျုံးမဝင်သေးပါဘူး။ တကယ်လို့ အကျုံးဝင်မယ်ဆိုရင်လည်း ဘယ်လိုမှ နောက်ဆုတ်တာမဟုတ်ဘဲ ကိုက်မယ့်ခွေး နောက်တလှမ်းဆုတ်တာလောက် ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။

လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာဆိုရင် နအဖစစ်တပ်ဟာ မဆုတ်တမ်း ခံစစ်စခန်း ဆိုတာတွေ တည်ဆောက်ထားပါတယ်။ ခ-အဆင့် မဆုတ်တမ်းခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ်အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပြီး က-အဆင့် မဆုတ်တမ်း ခံစစ်စခန်းဆိုရင်တော့ ကကကြည်းအမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့ စခန်းဖြစ်ပါတယ်။ ကကကြည်းဟာ ဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့ စခန်းတွေသာဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေက ဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့တော့မှာဖြစ်ပါတယ်။

ဗမာစစ်တပ်မှာ လူကို အလေးထားတာ မဟုတ်တဲ့အတွက် လူမသေဘဲ လက်နက်ဆုံးရင် စစ်ခုံရုံးရောက်တာချည်း ဖြစ်ပါတယ်။ လေတပ်မှာဆိုရင် ပျံနေရင်း လေယာဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ ခုန်ဆင်းရင် စစ်ခုံရုံးနဲ့ တွေ့ပါတယ်။ နာဂစ်မုန်တိုင်းတုန်းက ရေတပ်အရာရှိတွေ၊ စစ်သည်တွေဟာ အခြေအနေကို သေချာသိလျက်နဲ့ စစ်ခုံရုံးကို ကြောက်လို့ စစ်သင်္ဘောအစုတ်ကလေးတွေ ပေါ်မှာပဲ တွယ်ကပ်နေကြရတဲ့အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ကြပါတယ်။ ဒါဟာ နအဖစစ်တပ်ရဲ့ မဆုတ်ရေးသဘောတရားအပေါ် အခြေခံတာဖြစ်ပါတယ်။

ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီးကိုတောင် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွန့်လွှတ်ဖို့ စိတ်မကူးတဲ့ နအဖဟာ တနှစ်ကို အနည်းဆုံးဒေါ်လာ သန်း (၂,၀၀၀) လောက်ဝင်နေတဲ့ သဘာဝဓာတ်ငွေ့တွေ၊ ဒေါ်လာသန်းချီရတဲ့ ကျောက်စိမ်း၊ ကျောက်နီ၊ ကြေးနီ၊ ကျွန်း၊ ပိတောက်၊ ငါးပုစွန်၊ ရွှေနဲ့တကွ တပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးတွေကို စွန့်လွှတ် ဆုတ်ခွာပြီး သဟိတ်ဂ်မြို့ သို့မဟုတ် ဘရပ်ဆဲမြို့က စစ်ရာဇဝတ်မှုအထူးခုံရုံး သို့မဟုတ် လူသားမျိုးနွယ် ဆန့်ကျင်ရေးရာဇဝတ်မှု အထူးခုံရုံးဆီ ချီတက်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။

အခုဆိုရင် ဗိုလ်ချုပ်ကြီးများ အဓိကရှယ်ယာပါတဲ့ စီးပွားရေးကုမ္ပဏီတွေ၊ ဦးပိုင်နာမည်ခံထားတဲ့ မြန်မာ့စီးပွားရေး ဗိုလ်ပိုင်လီမိတက်နဲ့ တခြားစစ်တပ်ကုမ္ပဏီက ဗမာပြည်စီးပွားရေး အဆောက်အအုံကြီးကို စိတ်ပိုင်းခွဲခြမ်းပြီး အိတ်တွေထဲ ထည့်နေကြတာ တွေ့ရသလို အနှစ် (၂၀) လုံးလုံး စီးပွားရေးထဲ နစ်နေတဲ့ တိုင်းရင်းသားအပစ်ရပ်တွေရဲ့ ခေါင်းပိုင်းတွေကို မညှာမတာ ကိုယ်ချင်းမစာ ကန်ထုတ်ပြီး ပင်လုံအခွင့်အရေး တခုမှမပေးဘဲ ရှိသမျှ လူ-လက်နက်-နယ်မြေ အားလုံး မောင်ပိုင်စီး အခွံခွာဖို့လုပ်နေတာ တွေ့ရပါတယ်။

ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေကို ကြည့်လိုက်တဲ့အခါ လက်ရှိထောင်ကျနေတဲ့ ပါတီဝင်တွေကို ဖယ်ထုတ်ဖို့တင်မက ထောင်ကျခဲ့ဖူးပြီး နအဖရဲ့ ‘သက်ဆိုင်ရာ’ က အမတ်အဖြစ် ပယ်ဖျက်ထားသူတွေပါ ရွေးကောက်ပွဲ မဝင်နိုင်အောင် လုပ်ထားတာတွေ့ရပါတယ်။ ၂၀၀၈ နာဂစ်အခြေခံဥပဒေဆိုတာ တမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူ အားလုံးကို ကျွန်ပြုမယ့်ဥပဒေလို့ အများက သတ်မှတ်ထားပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကို အထူးသီးသန့်ရွေးပြီး ကျွန်ပြုဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။

ဒါ့အပြင် ခွာစစ်မှာ လုပ်ရကိုင်ရမယ့် လုပ်ငန်းစဉ်တွေကို သတ်မှတ်ထားတာလည်း ရှိပါသေးတယ်။ အဲဒီထဲပါတာတွေကတော့ ရန်သူနဲ့ အဆက်ဖြတ်ခြင်း၊ အမြောက်ပစ်ကူပေးခြင်း၊ လှည့်စားခြင်း၊ နောက်ချန်တပ်ခွဲထုတ်ခြင်း၊ ဒေသန္တရ တန်ပြန်တိုက်ခိုက်မှုပြုခြင်း၊ ဟန့်စစ်ဆင်ခြင်း၊ ဖုံးကွယ်လျှို့ဝှက်ခြင်း၊ အတားအဆီးများချခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်း (ဆက်သွယ်ရေးလမ်းများ၊ ပစ္စည်းကိရိယာများ၊ မြေလှန်စနစ်) တို့ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ်ကျင့်သုံးပြီး ဗမာပြည်ကနေ ‘အောင်မြင်စွာ’ ဆုတ်ခွာသွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ်ကြေသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက် အဆတထောင်မက ပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန်ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ပဲရှိပါတော့တယ်။

ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေကတော့ (က) ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း (ခ) တနေရာတွင် စစ်အင်အားခြိုးခြံခြင်း၊ ရန်သူကို ထိန်းချုပ်/တားဆီးထားခြင်း၊ အမှည့်ခြွေထားခြင်းဖြင့် အခြားတနေရာတွင် ရန်သူ့ထက်သာလွန်တဲ့ အင်အားများ စုရုံး၍ ပြတ်သားစွာ ထိုးစစ်ဆင်နိုင်ရန်၊ (ဂ) အချက်အချာနေရာတခုကို ရန်သူမသိမ်းနိုင်အောင် ကာကွယ်ရန်၊ (ဃ) စစ်နံကို ကာကွယ်ရန်တို့ဖြစ်ပါတယ်။

တိုက်စစ်အကြောင်းတရား တိုက်စစ်လက္ခဏာတွေကို ကြည့်တဲ့အခါ (က) ရန်သူ့အင်အားများကို ဖျက်ဆီးရန်၊ (ခ) ရန်သူ့နယ်များ သိမ်းပိုက်ရန်၊ (ဂ) ရန်သူက မိမိတပ်မှူးသဘောကို လိုက်နာစေရန်၊ (ဃ) ရန်သူကို ပထမအဆင့် ထိန်းချုပ်ထား၊ ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီး တိုက်ခိုက်ဖျက်ဆီးရန်၊ (င) ခံစစ်၊ ခွာစစ်၊ ချီစစ်များဖြင့် လိုအပ်သလို ကျွမ်းကျင်ပါးနပ်စွာ ပေါင်းစပ်ပြီး စစ်အောင်စေရန်လို့ တွေ့ရပါတယ်။ ဒါ့အပြင် ရန်သူနဲ့ လူထုကို ချောက်ချားတုန်လှုပ်စေတာ၊ ရန်သူ့ပစ္စည်းကိရိယာ အဆောက်အဦ လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ ရန်သူ့လှုပ်ရှားမှု ကျွံသွားစေတာ၊ ရန်သူ့လှုပ်ရှားခွင် ကျဉ်းသွားစေတာ၊ ရန်သူ့အင်အား ပြန့်ကျဲသွားစေတာလည်း တိုက်စစ်ဖြစ်ပါတယ်။

ဒါတွေနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ လုပ်နေတာတွေကို ချိန်ထိုးကြည့်ရင် နအဖ အခုလုပ်နေတာ ခွာစစ်လား၊ ခံစစ်လား၊ တိုက်စစ်လား သိနိုင်ပါတယ်။ မဆလ-နဝတ-နအဖ စစ်အုပ်စုဟာ တပ်ဆုတ်ဖို့ မပြောနဲ့၊ ခွာစစ်ဆင်နေတဲ့ အရိပ်အယောင်တောင် နည်းနည်းလေးမှ မတွေ့ရပါဘူး။ ကမ္ဘာပေါ်က ဖက်ဆစ်စစ်တပ်တိုင်းမှာ တပ်ဆုတ်တယ်ဆိုတာမရှိဘဲ သေတာတောင် ချေးပန်းမရပ်ဘူးဆိုတဲ့ စရိုက်လက္ခဏာ တင်းပြည့်ကျပ်ပြည့် ရှိပါတယ်။

ဒါပေမယ့် တချိန်က ဦးနုရဲ့ ပီဒီပီ လက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်ကနေ မဆလ မောင်နေဝင်းထံ လက်နက်ချခဲ့၊ ရှစ်လေးလုံးအရေးတော်ပုံရဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေး တောင်းဆိုချက်ကို ပထမဆုံးစွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီအဖြစ် အဦးဆုံး မှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ်အခြေခံဥပဒေ အတည်ဖြစ်သွားတဲ့နောက်မှာ ရန်ကုန်နဲ့ ကနေဒါ စီးပွားရေးလောကမှာ နာမည်ပျက်လှတဲ့ မူးယစ်ရာဇာတဖြစ်လဲ ဖိုးတွမ်တီး ထောင်ပြေး မိုက်ကယ်ချူးဟွာကျော်မြင့် လက်ဝေခံအဖြစ် ယူဒီပီပါတီလုပ်ခဲ့၊ အခုနောက်ဆုံးမှာတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီအဖြစ်ဝင်ဖို့ ရွပိုးထိုးနေတဲ့ ဆရာကြီးကသာ ရောင်စုံအလံတွေ လွှင့်ထားတဲ့ ၈၈ ပျက်၊ ၇၄ ပျက်၊ ၆၂ ပျက်၊ မဆလ ပျက်၊ အလံနီပျက်၊ ဗကပပျက်၊ ပြည်ပြေးပျက်၊ အန်အယ်လ်ဒီ ပျက် စတဲ့ တွင်းတူကျင်းဆို့ တသိုက်နဲ့အတူ ဖရိုဖရဲ ပရမ်းပတာနဲ့ တပ်ဆုတ်ပြီးရင်း ဆုတ်လိုက်တာ နောက်ဆုံး ဝက်တို့ပျော်စံရာ တွင်းသာယာထဲအထိ ရောက်သွားတာတွေ့ရပါကြောင်း …။ ။

ရည်ညွှန်း။ ။ (၁) ဦး-ရေး-ထောက်ဆိုင်ရာ အရာရှိများလက်စွဲစာစောင်
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမှုလက်စွဲ

ဂါမဏိ
ရင်းမြစ်။ ။ခေတ်ပြိုင်

အင်န်အယ်ဒီ၏ ပြည်သူသို့ ပြန်ကြားချက်သည် စစ်အစိုးရ၏ အနှစ် ၂၀ ကြာ မအောင်မြင်သောလမ်းစဉ်ကို ထင်ရှားစေပြီ


ကိုမိုက်ခဲစိန်

ယမန်နေ့က ထုတ်ပြန်လိုက်သော အင်န်အယ်ဒီ၏ ပြန်ကြားချက်သည် ပြည်သူကို တောင်းပန်စာ သက်သက်သာမဟုတ်၊ လက်ရှိမြန်မာနိုင်ငံရေးအကြပ်အတည်း၏ ကြေညာချက်၊ ဝေဖန်ချက် စာတမ်းတခု ဖြစ်ပေသည်။
သာမန်အားဖြင့်ကြည့်လျင် အနှစ် ၂၀ လုံးလုံး စစ်အာဏာရှင်တို့၏ ဖိနှိပ် ဖမ်းဆီး နှိမ်နှင်းခြင်းတို့ကို ခါးစီး၊ ရင်စီးလျက် ခံယူပြီး တိုင်းပြည်၏ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် အစွမ်းကုန် သူတို့ စွန့်လွှတ် စွန့်စားခဲ့ကြပြီ။ ပြည်သူတို့နှင့်အတူ ရင်ကို မြေကတုတ်လုပ်၍ ခံယူတိုက်ပွဲဝင်ခဲ့ကြပြီ။ သို့သော်လည်း တဖက်သော စစ်အာဏာရှင်တို့၏ တဖက်သတ် ဖိနှိပ်ချေမှုန်းမှုတို့ကြောင့် အကျိုးမရှိခဲ့ရသည်ကို ပြည်သူ့လူထုအား ရှင်းပြတောင်းပန်စာ သက်သက်မျှသာ ထင်ပါက အမှားကြီး မှားပေလိမ့်မည်။
အမှန်တကယ်အားဖြင့် ဆိုရလျင်မူ ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့တွင် တိုင်းပြည်၏ အချုပ်အခြာ အာဏာကို လက်နက်ဖြင့် အကြမ်းဖက် အဓမ္မ သိမ်းပိုက်ခဲ့သော၊ ပြည်သူလူထုနှင့် ကျောင်းသားလူငယ်တို့၏ အသက်၊ ၀ိဉာဉ်၊ သွေးချွေးတို့ကို စစ်ဖိနပ်ဖြင့် နင်းခြေပြီး အာဏာပလ္လင်ပေါ်သို့ အတင်းတက် နေရာယူခဲ့သော စစ်အာဏာရှင်တို့၏ ထိုအချိန်က ကတိစကားဖြစ်သည့် ပါတီစုံရွေးကောက်ပွဲကြီးလုပ်ပေးမည်၊ ထိုရွေးကောက်ပွဲကြီးပြီးမြောက်ပါက တိုင်းပြည်အာဏာကို ပြည်သူတို့၏လွှတ်တော်ကို အပ်နှံပြီး စစ်တန်းလျားကို ပြန်ကြမည် ဆိုသော ကတိစကားကို လက်ခံယုံကြည်ပြီး စစ်အာဏာရှင်တို့ ခင်းသော ရွေးကောက်ပွဲဖြင့် ဖြေရှင်းကြမည်ဆိုသော လမ်းကြောင်းကို အနှစ် ၂၀ လုံးလုံး နှစ်နှစ်ကာကာဖြင့် ဦးနှောက်နှင့် အသည်းနှလုံးတွင် ပန်ဆင်ကြလျက် ကျောင်းသား၊ လူငယ်၊ ပြည်သူနှင့် နိုင်ငံရေးပါတီအသီးသီးတို့ သည်းခံ ကြိတ်မှိတ် အံကြိတ်ပြီင်္း လျောက်ခဲ့ကြသော ခလုတ်ကန်သင်း၊ ထောင်ခြောက်၊ အဆိပ်အတောက်တို့ဖြင့် ပြည့်စုံနေသော အနှစ် ၂၀ ကြာညောင်းခဲ့ပြီ ဖြစ်သော ငရဲလမ်းစဉ်မှ အင်န်အယ်ဒီပါတီကြီးနှင့် ခေါင်းဆောင်တို့က ရဲရင့်တည်ကြည်စွာ လမ်းခွဲစကား ဆိုလိုက်ခြင်းပင် ဖြစ်ပေတော့သည်။
၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့က ဆိုခဲ့သော ပေးအပ်ခဲ့သော ကတိစကားကို မတည်သော စစ်အာဏာရှင်တို့သည် နောင် အနှစ် ၂၀ ကျော် ကြာလတ်သောအခါတွင်လည်း ထပ်မံပြီး ကတိစကားကို ပေးကြပြန်လေပြီ။ ၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်ပေးဦးမည်။ ပြည်သူ့လွှတ်တော်တွင် ဖြေရှင်းကြပေဦးမည် ဆိုလာပြန်လေသောအခါ အတိတ်က လျောက်ခဲ့ပြီးခဲ့ပြီဖြစ်သော ငရဲလမ်းစဉ်ကို မေ့လျော့သော မောဟအတိဖုံးကြကုန်လျက် နောင် သံသရာမဆုံးတော့မည့် ငရဲလမ်း အမှောင်တိုက်ထဲသို့ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်တို့ကို ဆက်လက်တွန်းပို့ကြဦးတော့မည်လော။  ယခုအချိန်သည် စစ်အာဏာရှင်တို့ လှည့်စား အကောက်ကြံထားပြီးဖြစ်သည့် ငရဲလမ်းစဉ်မှ လမ်းခွဲကြရုံမှ တပါး အခြားမရှိတော့ပြီ ဖြစ်ကြောင်း အင်န်အယ်ဒီပါတီက နိုင်ငံရေးဉာဏ်အလင်းသစ် ပေးလိုက်ခြင်းသာ ဖြစ်တော့၏။
စစ်အာဏာရှင်တို့၏ ကတိစကား၊ သီလနှင့် သစ္စာ မတည်ကြည်မှု၊ ဖောက်ပြန်မှုတို့၏ သက်သေကို ထင်ရှားစေပြီးသည့်နောက်တွင် စစ်အာဏာရှင်တို့၏ ရွေးကောက်ပွဲသည် ယုံကြည်စရာ မဟုတ်တော့။ စစ်အာဏာရှင်တို့သည် တိုင်းပြည်၏ အနာဂတ်ကောင်းကျိုးကို ထမ်းဆောင်နိုင်သည့် အစိုးရဟူသော ဂုဏ်ရည်သိက္ခာနှင့် မညီညွတ်တော့ပြီ ဖြစ်ကြောင်းလည်း ထင်ရှားစေပြီ ဖြစ်ပါသည်။
ဒီမိုကရေစီကို လိုလားသော မြန်မာပြည်သူလူထုနှင့်တကွ နိုင်ငံတကာမိသားစုများကို လွန်ခဲ့သော အနှစ် ၂၀ ကျော်က ရွေးကောက်ပွဲလမ်းစဉ်ဖြင့် ငြိမ်းချမ်းစွာ အဖြေရှာကြမည်ဟု မျက်နှာချိုသွေးပြီး အချုပ်အခြာအာဏာနေရာကို အယုံသွင်းရယူခဲ့သော စစ်အာဏာရှင်တို့၏ တရားဝင်ဖြစ်တည်မှုသည် ယနေ့ အင်န်အယ်ဒီပါတီဝင်များ၊ ပါတီ၏ ခေါင်းဆောင်များ၏ တညီတညွတ်တည်း လက်တွဲဖြုတ်မှု၏ အောက်တွင် မည်သို့သော ဆင်ခြေများ၊ ငြင်းခုန်မှုများ၊ မျက်ရည်ခံထိုး ဖြေရှင်းမှုများနှင့် ဆက်လက်ခရီးဆက်ကြမည်နည်း။
ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် သာတူညီမျှ ယှဉ်တွဲနေထိုင်ရေးကို မျှော်လင့်ယုံကြည်သူများနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ဆောင်ရွက်လိုသူများအနေနှင့် စစ်အာဏာရှင်များနှင့် ၎င်း၏ ငရဲလမ်းစဉ်မှ လက်တွဲဖြုတ်ကြပြီး အင်န်အယ်ဒီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ သပိတ်မှောက် သံဃာတော်များနှင့် အပြည့်အ၀ထောက်ခံ လက်တွဲ အားပေးသွားကြဖို့သာ အထင်ရှားဆုံး လမ်းဖြစ်တော့သည်။
ယခုကဲ့သို့ စစ်အာဏာရှင်၏ ငရဲလမ်းမှ ခွဲထွက်ဝံ့သူ အင်န်အယ်ဒီကို မိမိတို့ ဂုဏ်ယူစွာဖြင့် ဆက်လက်ထောက်ခံလက်တွဲသွားမည် ဖြစ်ကြောင်း ကတိစကားပြောကြယုံသာ။ တောင်းပန်စကား ဆိုနေစရာ မလိုပါ။ အင်န်အယ်ဒီသည် ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ သွားခဲ့ရသူ မဟုတ်၊ ပြည်သူလူထုနှင့်အတူ ဒီမိုကရေစီရေးလမ်မှန်ကို ဆက်လျောက်နေဦးမှာ ဖြစ်သမျှ တောင်းပန်စရာ မလိုပါ။ 
 
ရင်းမြစ်။ ။မိုးမခ

ဦးအောင်ဆန်းဦး လျှောက်ထားချက် ရန်ကုန်တိုင်း တရားရုံးပယ်ချ


 
ဒေါ်အောင်ဆန်းစုကြည် နေအိမ် ပြင်ဆင်နေမှု အတွက် တားဝရမ်း ထုတ်ပေးရန် အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဦးတိုက် လျှောက်ထား ခြင်းကို ရန်ကုန်တိုင်း တရားရုံးက ငြင်းပယ် လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို ဦးအောင်ဆန်းဦးက ဇန်န၀ါရီလက တရားဝင် ကန့်ကွက် လိုက်ပြီးနောက် ယနေ့ နေ့လယ် ၁ နာရီတွင် အမိန့်ချမှတ်ကြောင်း ရှေ့နေ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။


အင်လျား ကန်စောင်းရှိ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေရာ အမှုရင်ဆိုင်နေရဆဲ နေအိမ် (ဓာတ်ပုံ - EPA)

“ဦးအောင်ဆန်းဦး တင်တဲ့ ယာယီတားဝရမ်း ထုတ်ပေးပါဆိုတဲ့ လျှောက်လွှာကို ပယ်တယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

အိမ်ပြင်ဆင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က တားမြစ်ချက်မှာ ကျန်ရှိနေသေးသည့်အတွက် ဆက်လက် လုပ်ဆောင်၍ မရသေးကြောင်း၊ တရားရုံး စီရင်ချက်နှင့်တွဲ၍ ဆက်လက်ပြုပြင်ခွင့်ကို လျှောက်ထားမည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေး အတွက် ပြုပြင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာမှ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် အိမ်ပြင်ရန် ခေတ္တ ရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်က ဦးအောင်ဆန်းဦးသည် ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချထားသည့် နေအိမ်ကို သူလည်း ပိုင်ဆိုင်သည်ဟု ဆိုကာ အမွေပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနှင့် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။

၂၀၀၇ ခုနှစ်တွင် အိမ်ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် သူ တင်ပြထားသည့် သက်သေများနှင့် တွေ့ခွင့် မရခဲ့သောကြောင့် ထိုအချိန်မှစပြီး အမှုကို ရပ်ဆိုင်းထားခဲ့သည်။

၁၉၆၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်၏ မိခင်ဖြစ်သူ ဒေါ်ခင်ကြည်က မြန်မာ သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေစဉ် ဝန်ကြီးချုပ် ဦးနုက အင်လျားကန်စောင်းရှိ နေအိမ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်သို့ ပြန်ရောက်လာချိန် ၁၉၈၈ ခုနှစ်ကတည်းက ထိုအိမ်၌ပင် နေထိုင်လာခဲ့ခြင်း ဖြစ်သည်။

ရင်းမြစ်။ ။ဧရာဝတီ