Wednesday, November 17, 2010

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရ၏ တုံ့ပြန်ပြုမူပုံ အမေရိကန်စောင့်ကြည့်

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီးတဲ့နောက် မြန်မာစစ်အစိုးရရဲ့ ရှေ့ခြေလှမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်နေမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mr. Philip Crowley က နိုဝင်ဘာ ၁၅ ရက် တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာပြည် မူဝါဒ အပြောင်းအလဲ ရှိမရှိမေးမြန်းရာမှာ Mr. Crowley က “မြန်မာပြည်နဲ့ပတ်သက်ပြီး မဟာဗျူဟာတရပ်ရှိပါတယ်၊ မြန်မာပြည်နဲ့ ဆက်လက် ထိတွေ့ဆက်ဆံသွားမယ်၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုကလည်း ဆက်ရှိနေပါမယ်။”
“မြန်မာပြည်မှာ ကျနော်တို့ မြင်ချင်တာတွေ ရှိပါတယ်၊ တကယ့် အရပ်ဖက် လူ့ဘောင်တရပ် ပေါ်ထွန်းလာတာ မြင်ချင်ပါတယ်၊ ကျယ်ပြန့်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို မြင်ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြတဲ့ လူထုကြီးကို ကြည့်လိုက်ရင် မြန်မာပြည်သူတွေဟာ အပြောင်းအလဲကို ဘယ်လောက် လိုချင်နေတယ် ဆိုတာ မြင်သာပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးလိုက်ပြီး စစ်အစိုးရဘာလုပ်မလဲဆိုတာ ကျနော်တို့ အသေအချာ စောင့်ကြည့်နေမှာဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ရင်းမြစ်။ ။RFA

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။

(Photo: AFP)
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ရှေ့ဆုံး) အကျယ်ချုပ်မှ လွတ်မြောက်သည့် နိုဝင်ဘာ ၁၃ ရက်က စောင့်မျှော်နေသော လူထုကို နှုတ်ဆက်ရန် နေအိမ်ခြံဝသို့ သွားရောက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။
“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ်တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်းကလည်း ခုလိုပြောပါတယ်။
“၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော တွေ့ရတဲ့အခါကျ ကျွန်တော်တို့ တော်တော်လေးကို အားရပါတယ်။”
အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။
ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။RFA

ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။     ။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်များကိုခေါ်ယူပြီး တွေ့ဆုံဆွေးနွေးမှုတခု ကျင်းပပြုလုပ်ရန် လုပ်ငန်းဖော်ဆောင်ရေး လူငယ်ခေါင်းဆောင်များအား ယနေ့ညွန်ကြားခဲ့ကြောင်း သိရသည်။

ပါတီလူငယ်တာဝန်ခံလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က  ယနေ့မွန်းလွဲ ၁ နာရီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ရောက်ရှိလာပြီး  တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်အကူအညီပေးရေး အဖွဲ့များနှင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် ညွန်ကြားခဲ့သည်။

ရန်ကုန်တိုင်း ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေးမှ ကိုအေးထွန်း၊ ကိုမြင့်ဌေး၊ ကိုမျိုးညွန့်၊ ကိုဘမောင်၊ မန္တလေးတိုင်းမှ ကိုလှဦး၊ စစ်ကိုင်းတိုင်းမှ ကိုဌေးငွေ၊ တနင်္သာရီတိုင်းမှ ကိုအောင်စိုး၊ ကချင်ပြည်နယ်မှ ကိုသင်းဇော်နှင့် ဗဟိုကော်မတီအဖွဲ့ဝင် မဖြူဖြူသင်းတို့နှင့် နာရီဝက်ကြာ တွေ့ဆုံစဉ် ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

“လူငယ်တွေအပေါ်မှာထားတဲ့ အန်တီ့ သဘောထားတွေ သေသေချာချာ မြင်လိုက်ရတယ်။ လူငယ်ထုအားလုံး ပါဝင်လာမှုအတွက်ကိုလည်း စိတ်အားထက်တန်မှု ရှိတယ်။ လူငယ်တာဝန်ခံ မရှိတဲ့အချိန်မှာ ဆုံးဖြတ်ချက် ချရတာ အခက်အခဲရှိခဲ့တယ်။ လုပ်ရကိုင်ရတာ ပွင့်လင်းမှုမရှိဘူး။ လွတ်လပ်မှု မရှိတာတွေ ဖြစ်ခဲ့တာတွေရှိတယ်”ဟု NLD ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် တဦးလည်းဖြစ်သူ မဖြူဖြူသင်းက မဇ္စျိမကိုပြောသည်။

အသက် ၁၈ နှစ်အထက်မှ ၃၅ နှစ်အောက် လူငယ်များ သာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ညွန်ကြားခဲ့သည်ဟု မဖြူဖြူသင်းကဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်အရ လာမည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်များနှင့်စည်းဝေးပွဲ ကျင်းပရန် စီစဉ်မည်ဖြစ်ကြောင်း ယနေ့တွေ့ဆုံမှုတွင် ပါဝင်သူ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးမှ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုဘမောင်က ပြောသည်။

“အခုလောလောဆယ် လူငယ်တွေနဲ့ တွေ့ဆုံပြောတယ်။ ကျနော်တို့အနေနဲ့တွေ့ဆုံရတာ ထိပ်တိုက်တွေ့ဆုံရတာ ဝမ်းသာတယ်။ အန်တီလုပ်ဆောင်မဲ့ အပေါ်မှာ ကျနော်တို့ နောက်ကနေ ဆောင်ရွက်သွားမှာပါ”ဟု မဇ္စျိမကို ပြောသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်အကူအညီပေးရေး တာဝန်ခံများကို လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း လူငယ်လုပ်ငန်းဖော်ဆောင်ရေးမှ တတိယတာဝန်ခံ  ကိုအေးထွန်းက ပြောသည်။

ယခုနှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ တနိုင်ငံလုံးမှမြို့နယ်များတွင် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့များကို ဖွဲ့စည်းနိုင်ပြီး ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် နေ့လည် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ဒဂုံမြို့နယ်ရှိ အိတ်ခ်ျ်အိုင်ဗီ -အေအိုင်ဒီအက်စ် ဝေဒနာရှင်များ နေထိုင်ရာ နေအိမ်သို့ သွားရောက် တွေ့ဆုံမည် အားပေးမည် ဖြစ်ကြောင်း မဖြူဖြူသင်းက ပြောပြခဲ့သည်။