Wednesday, November 17, 2010

ဒေါ်အောင်ဆန်းစုကြည် လူငယ်များနှင့် တွေ့ဆုံမည်

ချင်းမိုင်(မဇ္စျိမ) ။     ။  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်များကိုခေါ်ယူပြီး တွေ့ဆုံဆွေးနွေးမှုတခု ကျင်းပပြုလုပ်ရန် လုပ်ငန်းဖော်ဆောင်ရေး လူငယ်ခေါင်းဆောင်များအား ယနေ့ညွန်ကြားခဲ့ကြောင်း သိရသည်။

ပါတီလူငယ်တာဝန်ခံလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က  ယနေ့မွန်းလွဲ ၁ နာရီတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ရောက်ရှိလာပြီး  တိုင်းနှင့်ပြည်နယ်အသီးသီးမှ လူငယ်အကူအညီပေးရေး အဖွဲ့များနှင့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် ညွန်ကြားခဲ့သည်။

ရန်ကုန်တိုင်း ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေးမှ ကိုအေးထွန်း၊ ကိုမြင့်ဌေး၊ ကိုမျိုးညွန့်၊ ကိုဘမောင်၊ မန္တလေးတိုင်းမှ ကိုလှဦး၊ စစ်ကိုင်းတိုင်းမှ ကိုဌေးငွေ၊ တနင်္သာရီတိုင်းမှ ကိုအောင်စိုး၊ ကချင်ပြည်နယ်မှ ကိုသင်းဇော်နှင့် ဗဟိုကော်မတီအဖွဲ့ဝင် မဖြူဖြူသင်းတို့နှင့် နာရီဝက်ကြာ တွေ့ဆုံစဉ် ညွန်ကြားခဲ့ခြင်း ဖြစ်သည်။

“လူငယ်တွေအပေါ်မှာထားတဲ့ အန်တီ့ သဘောထားတွေ သေသေချာချာ မြင်လိုက်ရတယ်။ လူငယ်ထုအားလုံး ပါဝင်လာမှုအတွက်ကိုလည်း စိတ်အားထက်တန်မှု ရှိတယ်။ လူငယ်တာဝန်ခံ မရှိတဲ့အချိန်မှာ ဆုံးဖြတ်ချက် ချရတာ အခက်အခဲရှိခဲ့တယ်။ လုပ်ရကိုင်ရတာ ပွင့်လင်းမှုမရှိဘူး။ လွတ်လပ်မှု မရှိတာတွေ ဖြစ်ခဲ့တာတွေရှိတယ်”ဟု NLD ဗဟိုကော်မတီအဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုလူငယ်ဖော်ဆောင်ရေးအဖွဲ့ဝင် တဦးလည်းဖြစ်သူ မဖြူဖြူသင်းက မဇ္စျိမကိုပြောသည်။

အသက် ၁၈ နှစ်အထက်မှ ၃၅ နှစ်အောက် လူငယ်များ သာမက အသက် ၁၂ နှစ် အထက် လူငယ်များကိုလည်း စုစည်းနိုင်ရန် ညွန်ကြားခဲ့သည်ဟု မဖြူဖြူသင်းကဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် ဗဟိုလူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင် တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူငယ် ခေါင်းဆောင် ၈ ဦးရှိပြီး ယင်းတို့မှတဆင့် လူငယ်အကူအညီပေးရေး ခေါင်းဆောင် ၁၄ ဦးကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ညွန်ကြားချက်အရ လာမည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်များနှင့်စည်းဝေးပွဲ ကျင်းပရန် စီစဉ်မည်ဖြစ်ကြောင်း ယနေ့တွေ့ဆုံမှုတွင် ပါဝင်သူ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးမှ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ကိုဘမောင်က ပြောသည်။

“အခုလောလောဆယ် လူငယ်တွေနဲ့ တွေ့ဆုံပြောတယ်။ ကျနော်တို့အနေနဲ့တွေ့ဆုံရတာ ထိပ်တိုက်တွေ့ဆုံရတာ ဝမ်းသာတယ်။ အန်တီလုပ်ဆောင်မဲ့ အပေါ်မှာ ကျနော်တို့ နောက်ကနေ ဆောင်ရွက်သွားမှာပါ”ဟု မဇ္စျိမကို ပြောသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်အကူအညီပေးရေး တာဝန်ခံများကို လာမည့် နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း လူငယ်လုပ်ငန်းဖော်ဆောင်ရေးမှ တတိယတာဝန်ခံ  ကိုအေးထွန်းက ပြောသည်။

ယခုနှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းခဲ့ရာ တနိုင်ငံလုံးမှမြို့နယ်များတွင် လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့များကို ဖွဲ့စည်းနိုင်ပြီး ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် နေ့လည် ၂ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်သည် တောင်ဒဂုံမြို့နယ်ရှိ အိတ်ခ်ျ်အိုင်ဗီ -အေအိုင်ဒီအက်စ် ဝေဒနာရှင်များ နေထိုင်ရာ နေအိမ်သို့ သွားရောက် တွေ့ဆုံမည် အားပေးမည် ဖြစ်ကြောင်း မဖြူဖြူသင်းက ပြောပြခဲ့သည်။

0 comments:

Post a Comment