Saturday, March 6, 2010

ကျောင်းသားများထံသို့--ရေးသူ-သခင်ကိုယ်တော်မှိုင်း


[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိမ် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်၍၊ မည်သည့် စာနယ်ဇင်းတွင်မျှ၊ ဤ မိန့်ခွန်းမပါဘူးသေးကြောင်း]

ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။

ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။
တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။
ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။
ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။
ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။

အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။
အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။
အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။
ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။
လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။
လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။
ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။
အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။
လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန်ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။
ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာတတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။
အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။
ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ်ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။
ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။
သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။
တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။
ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။
ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။
အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။
ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။
အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။
သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။
စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။
တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။
အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။
ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။

အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။
ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။
အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။
ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ်။
ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။
လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။
နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။
တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။
ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်'
ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။
ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။
အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။
ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။
ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။
အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။
ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။
ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"
ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"
ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာ ကြ တဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။

[
ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]

ပြီးပြီ။
အရေးတော်ပုံ အောင်ပါစေ။

[
နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]

တောင်ဒဂုံ စက်မှုဇုန်တွင် အလုပ်သမားများ ဆန္ဒပြ


ရန်ကုန်တိုင်း တောင်ဒဂုံ စက်မှုဇုန် (၂) ရှိ SGI အထည်ချုပ် စက်ရုံ နှစ်ရုံမှ အလုပ်သမား ၄၀၀၀ ခန့်က လုပ်ခလစာ တိုးပေးရေး အတွက် ယနေ့ နံနက် ၈ နာရီခန့်တွင် ဆန္ဒပြ တောင်းဆိုကြောင်း သိရသည်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုန်ဇုန်ရှိ အထည်ချုပ် စက်ရုံတရုံတွင် အလုပ်သမား များ ဆန္ဒပြနေစဉ်(ဓာတ်ပုံ - niknayman ဘလော့)
လုပ်ခလစာများ နည်းပါးမှု၊ အချိန်ပို လုပ်အားခ နည်းပါးမှု များကြောင့် စားဝတ်နေရေး မပြေလည်သည့် အတွက် လုပ်ခလစာ တိုးပေးရန်နှင့် အချိန်ပို လုပ်အားခ တိုးမြှင့်ပေးရန် အတွက် တောင်းဆိုခြင်း ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမား များနှင့် တွေ့ဆုံခဲ့သူ တဦးက ဧရာဝတီသို့ ပြောသည်။

“အလုပ်သမလေးတွေ မနက်ပိုင်း အလုပ်ဆင်းတဲ့ အချိန် ဖယ်ရီကားက ပို့ကတည်းက စက်ရုံထဲ မ၀င်တော့ဘဲ ထိုင်ပြီး ဆန္ဒပြနေကြတာ”ဟု ၎င်းကဆိုသည်။

ဆန္ဒပြသူ အများစုမှာ အမျိုးသမီးများဖြစ်ပြီး ၎င်းတို့ကို စက်ရုံပိုင်ရှင်က စက်ရုံဝန်းအတွင်းသို့ ၀င်ရန်ပြောဆိုသော်လည်း ၀င်ရောက် ခြင်းမရှိဘဲ ဆန္ဒပြခြင်းဖြစ်ကြာင်း ၊ စက်ရုံပိုင်က တောင်းဆိုချက်များ လိုက်လျောမည်ဟု ပြောဆိုပြီး ဆန္ဒပြသူများကို ကြိုပို့ ယာဉ် များနှင့် ပြန်ပို့ခဲ့ကြောင်း၊ အလုပ်သမားများက ယခုတောင်းဆိုချက်များ မရရှိပါက ဆက်လက်ဆန္ဒပြမည်ဟု ဆိုကြောင်း၊လွန်ခဲ့သည့် သုံးလခန့်က စက်ရုံပိုင်ရှင်နှင့် အုပ်ချုပ်သူများကို အလုပ်သမားများမှ လုပ်ခလစာတိုးပေးရန် တောင်းဆိုခဲ့သေးကြောင်း အလုပ် သမား များနှင့် တွေ့ဆုံခဲ့သူက ရှင်းပြသည်။

ယင်းစက်ရုံ အလုပ်သမားများ၏ လစာ မှာ တလလျှင် ကျပ် ၃၀၀၀၀ ကျော် ရရှိသည်ဟု သိရသည်။

အဆိုပါစက်ရုံသို့တောင်ဒဂုံမြိုနယ်ရဲမှူးကြီးနှင့် မြို့နယ် အေးချမ်းသာယာရေး ဥက္ကဋ္ဌ တို့ရောက်ရှိလာကြောင်း၊ လုံခြုံရေး ရဲကားများ လည်း ရောက်ရှိလာကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

စက်ရုံ အလုပ်သမားအများစုမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတ၊ သုဝဏ္ဏ၊ ပုဇွန်တောင်မြို့နယ်များတွင် နေထိုင်သူများဖြစ်ပြီး  အဆိုပါ စက်ရုံသည် လူနေရပ်ကွက်များနှင့် ဝေးလံကာ စက်ရုံအနီးတွင်လည်း ပေါ်ပြူလာပလတ်စတစ်စက်ရုံ၊ တံမျက်စည်း စက်ရုံ များရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကစက်ရုံများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်နေခြင်းသည် မကြာသေးမီက အစိုးရ၀န်ထမ်းများကို လစာတိုးမြှင့်ပေး လိုက်ခြင်းနှင့်အထွေထွေကုန်ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဗီယက်နမ် ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများတွင် အထည်ချုပ်အလုပ်သမားတဦး၏ လုပ်ခလစာမှာ တလလျှင် အမေရိကန်ဒေါ်လာ ၁၂၀ ခန့် ရရှိကြောင်း မြန်မာနိုင်ငံ စက်မှုနှင့် ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတဦးက သုံးသပ်ပြောဆိုသည်။

မကြာသေးမီရက်ပိုင်းကလည်း  ပြုံးပန်းတရာ အထည်ချုပ်စက်ရုံ၊ Yes II အထည်ချုပ်စက်ရုံ၊ Super Garment အထည်ချုပ်စက်ရုံ၊
Sky အထည်ချုပ်စက်ရုံ၊ တိုင်ရီ ဖိနပ်စက်ရုံ၊ ဂရင်းရွိုင်ရယ် ၀ီစကီ အရက်ချက်စက်ရုံတို့တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

ဧရာဝတီ

ရှာပုံတော်မင်းသားကြီး မြို့အနှံ့ကို ရောက်ခဲ့ပြီ


ရွှေဂျိုးတယောက် တိုက်ခန်းနံရံနံဘေး မှေးစက်နေသည့် စက်ဘီးစုတ်ကလေးဆီသို့ ခြေလှမ်းမည် ဟန်ပြင်ရုံရှိသေး နောက်ဖေးချောင်မှ ထွက်ပေါ်သည့် အိမ်သူသက်ထား ဇနီးမယား၏ ငှက်ဆိုး (အဲ …) တသက်မရိုးနိုင်သည့် အသံကြီးကို ကြားလိုက်ရသဖြင့် တကိုယ်လုံး ဘရိတ်ဒန့်စ်ဆွဲသလို ခေတ္တမျှ တုံ့ဆိုင်းသွားလေသည်။

အိမ်သူသက်ထား ။ ။ မနက်စောစောစီးစီး ဒါက ဘယ်လဲ။

ရွှေဂျိုး ။ ။ ဟဲ ဟဲ … မိန်းမကလည်းကွာ၊ သတိမေ့တတ်လွန်းရန်ကော၊ ညထဲက ကိုယ် မင်းကို ခြင်ထောင်ထဲမှာ သဝေထိုး
(အဲ …) ပြောပြီးသားပဲဟာ၊ ဘီးပေါက်နေတာ သွားဖာမလို့လေကွာ ဟဲ ဟဲ။

ထိုသို့ လေပြေထိုးရင်း ကျိုးတိုးကျဲတဲ သွားများကို မရဲတရဲ ဖြဲကာ ခါးထောက်ကြည့်နေသည့် အိမ်သူသက်ထား ဇနီးမယားအား ရွှေဂျိုး လည်ပြန်ပြုံးပြလိုက်လေသည်။

အိမ်သူသက်ထား ။ ။ ဒါဆိုလည်း မြန်မြန်သွား မြန်မြန်ပြန်လာ၊ တော့်အလုပ်တွေ တော် သိတယ်မဟုတ်လား၊ မပြောလိုက်ချင်ဘူး ဟွန်း … မိုးလင်းတာနဲ့ လက်ဖက်ရည်ဆိုင်ပြေးပြီး အရည်မရ အဖတ်မရ လေသွားကန်ဖို့ပဲ ကြံနေတယ်၊ တော်တို့မို့လို့ အားအားယားယား တော်။

အိမ်သူသက်ထား ဇနီးမယား၏ မြည်တွန်တောက်တီးနေသံကို နွေကြိုဥသြသံအလား ရွှေဂျိုး ခံစားနားဆင်ရင်း …

ရွှေဂျိုး ။ ။ သိပါတယ် မိန်းမရာ၊ မိန်းမနဲ့ ညားကတည်းက ကိုယ်လုပ်လာတဲ့ အလုပ်တွေပဲ၊ မေ့ပါ့မလားကွ၊ အဲသလို လုပ်ကျွေးချင်လို့လည်း မိန်းမကို ကိုယ်ယူခဲ့တာပဲဥစ္စာ၊ ဟုတ်တယ်မဟုတ်လား အဟဲ … ပြန်လာရင် ကိုယ်အကုန်တန်းစီပြီး လုပ်ပစ်မှာပါကွာ စိတ်ချ။ ဘီးပေါက်တာက မနက်စောစော ဆိုင်မှာ လူရှင်းတုန်း သွားဖာထားတာ အေးမယ်မဟုတ်လားကွ၊ ကဲ … ကိုယ် သွားလိုက်ဦးမယ်နော် မိန်းမ။ ပြွတ် …။

နှစ်မီတာအကွာမှ ပလီပလာ ချော့မြှူရင်း ထမီထုပ်ထမ်း (အဲ …) ရီမုတ်အနမ်းခြွေကာ ဘီးစုတ်ကလေးကို တွန်းရင်း ရွှေဂျိုး အသာလစ်ထွက်ခဲ့လေသည်။

ဘီးဖာပြီးနောက် ၀ီရိယကောင်းကာ လေပုပ်ထုတ်ကုန်းဆီသို့ ရွှေဂျိုး ခပ်သွက်သွက် နင်းထွက်ခဲ့သော်လည်း လက်ဖက်ရည်ဆိုင်ရှေ့အရောက်တွင် လေအိုးတယောက်ကို အရိပ်အယောင်မျှပင် မမြင်ရ။ သို့သော် အဖျော်ဆရာလေး ပိုက်ထွေး၏ အသံက စက်ဘီးဒေါက်ထောက်နေသည့် ရွှေဂျိုးနားထဲသို့ လွှဆွဲသံအလား ၀င်ရောက်လာသည်။

ပိုက်ထွေး ။ ။ ဟဲ ဟဲ ဒီနေ့ အစ်ကိုရွှေဂျိုး ၀ီရိယကောင်းပေမယ့် အစ်ကိုလေအိုးကတော့ အိမ်မှာ မိန်းမထမီ လျှော်နေတာ မပြီးသေးဘူးနဲ့တူတယ်။ ဟား ဟား ဟား ဟုတ်တယ်မဟုတ်လား အစ်ကိုရွှေဂျိုးရေ။

ရွှေဂျိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ရှေ့ပြောနောက်ကြည့်တဲ့ကွ၊ ဟိုမှာ ငိုက်စိုက်ငိုက်စိုက်နဲ့ နင်းလာတာ မင့် ပါပါး (အဲ …) ကိုလေအိုး မဟုတ်လား။

ရွှေဂျိုး မေးငေါ့ပြတော့ ပိုက်ထွေး၏ ဇက် ရုတ်တရက် ပုဝင်သွားသည်။

ရွှေဂျိုး ။ ။ ဘယ်လိုလဲ ဘယ်လိုလဲ၊ မျက်နှာမသာမယာနဲ့ပါလား ကိုလေအိုးရဲ့၊ မနက်စောစာစီးစီး မိန်းမအဆူခံထိလာပြီနဲ့ တူတယ်။

ရွှေဂျိုးပါးစပ်က အနည်းငယ် မြွက်ဟရုံရှိသေး လေအိုးတယောက် စက်ဘီးပေါ်မှနေ၍ လေသေနတ် စပစ်တော့သည်။

လေအိုး ။ ။ ဘယ်က ဟုတ်ရမှာလဲဗျာ။ လေအိုးတို့ ရာဇ၀င်မှာ မိန်းမကြောက်ရတဲ့ထုံးစံ ရှိရိုးလား၊ တိုင်းရေးပြည်ရေး ရတက်မအေးစရာတွေ တွေးလာမိလို့ပါဗျ ဟား ဟား ဟား ဟား။

(ပြောရင်းဆိုရင်း လေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ပြီးရယ် …)

ရွှေဂျိုး ။ ။ လာပါဗျာ၊ ထိုင်ပြီး အကျယ်တ၀င့် လင်းစမ်းပါဦးဗျ ကိုလေအိုးရ။ ဘာတွေ ရတက်မအေးစရာ ကြားလာ ဖတ်လာရလို့လဲ။ ကဲ … ပိုက်ထွေးရေ လုပ်စမ်းပါဦးကွာ၊ မရွှင်မလန်းဖြစ်နေတဲ့ မင့်ပါပါး (အဲ …) ကိုလေအိုးနဲ့ အစ်ကို့အတွက် နှစ်ခွက်။

အဖျော်ကောင်တာဘက်လှည့်ကာ ရွှေဂျိုး လှမ်းအော်နေစဉ် လေအိုး စားပွဲဆီသို့ လှမ်းလာလေသည်။

လေအိုး ။ ။ ဘာဖြစ်ရမလဲ ကိုရွှေဂျိုးရာ၊ ခုတလော အင်တာနက်မှာ တက်နေတဲ့ သတင်းတွေကို ခင်ဗျားလည်း ဖတ်မိမှာပေါ့။ ကေအိုင်အိုက စစ်ရေးအသင့်ပြင်တာတို့၊ ၀ အဖွဲ့က တပ်လှန့်ထားတာတို့နဲ့ လေအိုးတို့ တိုင်းပြည်ရဲ့အခြေအနေက ရတက်မအေးစရာတွေချည်းပဲ မဟုတ်လားဗျ။ ချေးဘရိန်း သန်းရွှေတို့ ထင်ရာစိုင်းနေပုံနဲ့တော့ လေအိုးတို့တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး မှန်ကွဲစတွေကို ဘယ်ကဘယ်လို ပြန်ကောက်ဆက်ရမှန်းမသိ ဖြစ်ကုန်တော့မယ်။ တကယ်ပဲ ချဲမပေါက်ရတဲ့အထဲ သန်းရွှေတို့က တမှောင့်ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အေးဗျာ၊ ကိုလေအိုး ရတက်မအေးဖြစ်မယ်ဆိုလည်း ဖြစ်စရာပဲ၊ ကျုပ်တို့ ပြည်သူတွေခမျာ သန်းရွှေတို့ စစ်ခွေးသရမ်းတွေ ဖမ်းချင်သလို ဖမ်း၊ နှိပ်စက်ချင်သလို နှိပ်စက်၊ သတ်ချင်သလို သတ်၊ ယုတ်မာချင်သလို ယုတ်မာ၊ မုဒိန်းကျင့်ချင်သလို ကျင့်နဲ့ ထင်တိုင်းကြဲနေတာကို လှိမ့်နေ ကော့နေအောင် ခံနေရတဲ့အပြင် ရှိရှိသမျှ ဈေးတွေ၊ အိမ်တွေ၊ လူနေရပ်ကွက်တွေလည်း သူတို့မီးလိုက်ရှို့လို့ ကုန်ပြီ။ တတိုင်းတပြည်လုံး မငြိမ်မသက်ဖြစ်အောင် သူတို့လုပ်နေတာ မဟုတ်လားဗျာ။ အင်း … ကျုပ်တို့ အတိုက်အခံတွေကလည်း ညီညွတ်ပါဘိနဲ့တော့ မြန်မာပြည်သူတွေရဲ့အနာဂတ် မသာဇာတ်ပဲ ခင်းရတော့မယ်နဲ့ တူပါရဲ့။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေး လက်ဖက်ရည်နှစ်ခွက် လာချရာ သူ၏ ခါးကြားတွင် ညှပ်ထားသည့် မိုဘိုင်းလ်ဖုန်းကလေးထဲမှ လွင့်ပျံ့လာသည့် သင်္ကြန်တေးသံသာကိုပါ နားဆင်ရလေသည်။

“ရှာပုံတော် မင်းသားကြီး xxx မဏ္ဍပ်တကာ ရောက်ခဲ့ပြီ xxx ဘယ်အရပ်သူ ဇာတိမှန်းလည်း မသိတော့ အခက်တွေ့ပြီ xxx မနှစ်ကပေးတဲ့ မင်းလိပ်စာ ရေတွေစိုလို့ ပျက်ကုန်ပြီ xxx မမှတ်မိတော့ ခက်သား အလှဒေ၀ီ xxx”

သင်္ကြန်တေးသံနှင့် စည်းချက်လိုက်နေသည့် ပိုက်ထွေးဘက်သို့လှည့်ကာ သိပ်ပျော်နေတယ်ပေါ့လေဟူသည့် အကြည့်နှင့် လေအိုး မျက်စောင်းတချက်ခဲလိုက်ရာ ပိုက်ထွေး လစ်ပြေးလေသည်။ ထို့နောက် ရွှေဂျိုးဘက်သို့ ပြန်လှည့်ကာ …

လေအိုး ။ ။ ကဲ … ကိုရွှေဂျိုးရေ တိုင်းရေးပြည်ရေး ရတက်မအေးစရာတွေ အသာထားလိုက်ဦးစို့ဗျာ။ ဒါတွေက လေအိုးတို့ ရွှေဂျိုးတို့လို လေကန် (အဲ …) တော်လှန်စိတ်ပြင်းပြသူတွေ ရဲရဲတောက် တိုက်ပွဲဝင်မှ လွတ်မြောက်မယ့်ကိစ္စတွေ မဟုတ်လားဗျ ဟား ဟား ဟား ဟား။ လောလောဆယ် ပိုက်ထွေး ဖုန်းကနေ ရှာပုံတော်မင်းသားကြီးသီချင်းကို ကြားရတော့ ညက ဖတ်ရတဲ့ ချင်းမိုင် ဘီအမ်အေညီလာခံအကြောင်း သွားသတိရတယ်ဗျာ။

ရွှေဂျိုး ။ ။ ဟာဗျာ … ရှာပုံတော်မင်းသားကြီးနဲ့ ချင်းမိုင် ဘီအမ်အေညီလာခံက ဘယ်လို ပတ်သက်နေလို့လဲဗျ။ မဆီမဆိုင် ကိုလေအိုးရာ။

လေအိုး ။ ။ ဘာလို့ မဆိုင်ရမလဲ၊ ဆိုင်ပါသော်ကော ကိုရွှေဂျိုးရာ။ ညက ဖတ်ရတဲ့ ဆောင်းပါးတပုဒ်ထဲမှာ ချင်းမိုင် ဘီအမ်အေညီလာခံကို လာတက်တဲ့ ဗွီအိုအေမြန်မာဌာနမှူး ကိုသန်းလွင်ထွန်းတယောက် ဦးသုဝေပျောက်ရှာပုံတော် ဖွင့်နေရတာနဲ့ ညီလာခံကို ကောင်းကောင်းမတက်လိုက်ရဘူးတဲ့ဗျ။ အဲသလို ဖတ်လိုက်ရတယ်။ ရှာပုံတော်မင်းသားကြီး ကိုသန်းလွင်ထွန်း ဖြစ်သွားလို့တဲ့ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ဘာဖြစ်လို့ အဲသလို ဖြစ်ရသတဲ့တုံး ကိုလေအိုးရဲ့။

လေအိုး ။ ။ ဒီလိုဗျာ ဦးသုဝေနဲ့ ဒေါက်တာခင်ဇော်ဝင်းတို့နှစ်ယောက် သန်းရွှေတို့ရဲ့ ရွေးကောက်ပွဲအတွက် နွားပွဲစား (အဲ …) လော်ဘီလာလုပ်တာကို ကိုသန်းလွင်ထွန်းတို့ ဗွီအိုအေက အကုန်အကျခံ ခေါ်တာတဲ့ဗျ။ ဒါပေမယ့် သတင်းဌာန (၂) ခုက လူတွေဆိုလား၊ ကိုသန်းလွင်ထွန်းတို့ ဗွီအိုအေ၀ိုင်းတော်သားတွေကို အသိမပေးဘဲ ဦးသုဝေတို့နှစ်ယောက်ကို ဖြတ်ခုတ်၊ ဟိုတယ်အခန်းတွေငှားပြီး အင်တာဗျူးတွေ တိတ်တိတ်ပုန်းလုပ်၊ တီဗွီအတွက် ခိုးဝှက်ရိုက်ကြသတဲ့ဗျာ (တော်တော်ဆိုးတဲ့လူတွေ)။ အဲဒီမှာတင် ကိုသန်းလွင်ထွန်းတယောက် ချင်းမိုင်မြို့အနှံ့ ဦးသုဝေရှာပုံတော်ဖွင့်ရင်း ဒေါင်းတောက်နေတာနဲ့ ညီလာခံ ကောင်းကောင်းမတက်လိုက်ရတာတဲ့ဗျ။ သူ့ခမျာ နွားပွဲစား (အဲ …) ဦးသုဝေတို့ကို ပင့်မိလို့ အပြစ်လည်း အပြောခံရသေး၊ လူလည်ကြီး သားသမီးတွေရဲ့ ဖြတ်ခုတ်တာကိုလည်း ခံရသေးဆိုတော့ ရှာပုံတော်မင်းသားကြီး နှစ်ခါနာ ဖြစ်ရတာပေါ့ဗျာ ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ အေးဗျာ၊ အဲသလို သူများ အကုန်အကျခံ ခေါ်ထားတာကို ဖြတ်ခုတ်ပုံထောက်တော့ ဒီလူတွေ ပြည်တွင်းမှာတုန်းက လိုင်းမ၀င်ဘဲ အပုပ်ချိန်မှာ ကြားကားဆွဲစားခဲ့တဲ့သူတွေ ဖြစ်မယ်ဗျ။ အရင်းမစိုက် အတင်းဝိုက်တဲ့သူတွေပေါ့။ ကြောက်တောင် ကြောက်လာပြီဗျာ။ ဖြတ်ခုတ်ဆရာတွေ ဒီဘက်ကို ကြွမြန်းလာရင်တော့ အိမ်သော့ သေချာခတ်ထားမှဖြစ်မယ်။ မဟုတ်ရင် ဒီလူတွေ သီလမစောင့်ဘဲ မြင်မြင်ကရာ ကြားကားဝင်ဆွဲသွားလို့ ရှာပုံတော်မင်းသားကြီး ခံရတာထက် အဖြစ်ဆိုးနေမယ်ဗျို့ ဟား ဟား ဟား။

ပြောပြောဆိုဆို ရွှေဂျိုးက အောက်ရေသွန်ရန် ဆိုင်နောက်ဖေးကို ဖော့ဖော့လေး လှမ်းသွားသကဲ့သို့ လေအိုးက “ရှာပုံတော်မင်းသားကြီး xxx မြို့အနှံ့ကို ရောက်ခဲ့ပြီ xxx ဘယ်အရပ်မှာ သူရှိမှန်းလည်း မသိတော့ အခက်တွေ့ပြီ xxx” ဟု စာသားဖျက် ဆိုညည်းကာ စိတ်ကူးနှင့် သင်္ကြန်ကြိုကျသွားခဲ့လေသည်တကား။ ။

ရင်းမြစ် ။  ။ ခေတ်ပြိုင်

အပြင်းစား ကြက်ငှက်တုပ်ကွေး စစ်ကိုင်းတိုင်းတွင် တွေ့


ဈေးကွက်သို့ ပို့ဆောင်မည့် ကြက်များ (ဓာတ်ပုံ-ဆင်ဟွာ) 
 
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကြက်မွေးမြူရေးခြံများတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရသည်ဟု ယနေ့ထုတ် သတင်းစာများတွင် ရေးထားသည်။

          သရက်ကန်ကျေးရွာတွင် မွေးမြူထားသော ဥစားကြက်အချို့ သံသယဖြစ်ဖွယ် သေဆုံးကြောင်း သတင်းရသဖြင့် ပြီးခဲ့သည့် တနင်္လာနေ့က ကွင်းဆင်း စစ်ဆေးရာမှ ထိုသို့ တွေ့ရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

          “ရောဂါဖြစ်ပွားသော ကြက်ခြံများမှ ကြက်များ၊ ကြက်ဥများကို မတ် ၂ရက်မှစ၍ သုတ်သင်ဖျက်ဆီးခဲ့” သည် ဟု ဆိုသည်။

          ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့တို့တွင် “ကြက်ငှက်တုပ်ကွေးရောဂါ တကျော့ပြန် ဖြစ်ပွားသဖြင့် ရောဂါထိန်းချုပ်ရေး နည်းလမ်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိသည်” ဟု  သတင်းစာတွင် ရေးထားသည်။

          ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်း ဖော်ပြထားသည်။

          အာဏာပိုင်တို့နှင့် ရန်ကုန်ရှိ Care Myanmar အဖွဲ့တို့ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၃ နှစ်အတွင်း ထိုရောဂါ ကာကွယ်တားဆီးရေး နည်းပြသင်တန်းများ ပြုလုပ်ခဲ့ရာ သင်တန်းသား ၂၀၀ ကျော် မွေးထုတ်ပြီး ဖြစ်သည်ဟု ဇန်န၀ါရီ ၂၉ ရက်နေ့ထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ရေးထားသည်။

          ထိုသင်တန်းသားများက ဒေသအသီးသီးတွင် လက်ဆင့်ကမ်း ပညာပေးမှုများ လုပ်ဆောင်မည်ဟု ဆိုသည်။

          ထိုရောဂါကို အချိန်တိုအတွင်း တားဆီးနိုင်ရန် “ကြက်မွေးမြူသော နေရာများကို စာရင်း ကောက်ယူပြီး Database System ဖြင့် ဆောင်ရွက်သွားမည်”ဟု မွေးမြူရေးနှင့် ကုသရေးဌာန အရာရှိတဦး၏ ပြောကြားချက်ကို မြန်မာတိုင်းမ်က ကိုးကားထားသည်။

          မြန်မာနိုင်ငံတွင် ရောဂါဖြစ်သော ကြက်မှ လူကို ကူးစက်သည့်သတင်း ထွက်ပေါ်လာခြင်း မရှိသေးပေ။ ကမ္ဘာ့နိုင်ငံ ၁၅ ခုတွင်မူ လူသို့ ကူးစက်သဖြင့် ၂၈၇ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု WHO ခေါ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ၏ မှတ်တမ်းများက ဆိုသည်။

          မြန်မာပြည်တွင် ရောဂါပိုး တွေ့ရှိသည့် မြို့နယ်များတွင် ကြက်သား၊ ကြက်ဥ ရောင်းချခွင့် ယာယီ  ပိတ်ပင်ထားသည်။ အလှူပွဲများတွင် ကျွေးမွေးသည့်အခါ ကြက်သားကို အနည်းငယ် ရှောင်ကြသည်ဟု ရန်ကုန်မှ ကြက်သားဒန်ပေါက်ဆိုင်များက ပြောသည်။ ကြက်သားဈေးလည်း ကျဆင်းနေသည်။


မိုးမခအထောက်တော်၊ ရန်ကုန်
မေ ၆၊ ၂၀၁၀

သင့်နှလုံးသားကို မေးကြည့်စမ်းပါ


 
ကျေးဇူးပြု၍ လူသားချင်း စာနာထောက်ထားသောအားဖြင့်၊ ကွန်ပြူတာရှေ့  မှထိုင်ရာမထဘဲ ကုသိုလ်လုပ်သော အားဖြင့် ယခုမေးလ်လေးကို သင့်အကောင့်ထဲရှိသူများ အားလုံးဆီသို့ ဖြန့်ဝေပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
 
We are not asking for your MONEY. We are asking for your HEART. (Jet Li)
စေတနာရှင်များခင်ဗျား !
ဟောဒီကမ္ဘာပေါ် အသက်ရှင်ရပ်တည်နိုင်ရေး အတွက် စေတနာရှင်တို့ရဲ့ အကူအညီကို မျှော်လင့်ရင်း ဘ၀ကို ကြိုးစားရှင် သန် နေကြတဲ့ လူသားအချို့ ရှိနေပါသေးတယ်ဆိုတာ သတိရပေးလိုက်ရင်ဘဲ စေတနာရှင်များကို ရန်ကုန်တိုင်း၊ ဖေါင်ကြီးအလွန်၊ မရမ်းချောင်းကျေးရွာမှာ ရှိနေတဲ့  မြန်မာလူမျိုး အနာကြီးရောဂါ  ဝေဒနာသည်တွေက ကျေးဇူးတင်နေကြရင်း သူတို့အသက်ရှင် ရပ်တည်မှုအတွက် အင်အားတွေ တိုးပွါးလာကြမှာပါ။.....
 
 
ကျွန်တော်တို့ သိတဲ့ သူတို့အကြောင်း
အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရား မဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒ နာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက် ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။
 
 အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူ အညီ ယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံ လို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီ လှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။ သူတို့တွေကို အဲဒီမှာ ပြုစုစောင့်ရှောက်ပြီး ဆက်လက် အသက်ရှင်ရပ်တည်ဖို့ စုပေါင်းကြိုးစားနေကြပါတယ်။
 
စာရေးသူ သွားတုန်း အထဲက လူနာတွေ ပြောနေသံတစ်ချို့ ကြားခဲ့မိပါတယ်။
အမျိုးသား အဆောင်ထဲက ပြောနေသံတွေပါ လူကိုမမြင်ရပါဘူး...
"ငါတို့က အကောင်းနဲ့ မတန်ပါဘူးကွာ.... ဖန်ခွက်တွေ ဘာတွေနဲ့လည်း မဖြစ်ပါဘူး။" လို့ တစ်ယောက်က ပြောလိုက်ချိန်မှာ ဝေဒ နာသည် နောက်တစ်ယောက်က "ဟာကွာ ဘုရားကိုတော့ ဖန်ခွက်လေးနဲ့ ရေကပ်မှ ဖြစ်မှာပေါ့" တဲ့ ဒါနဲ့ ပထမဝေဒနာသည်က "ငါလဲ ကပ်ချင်တာပေါ့ကွာ..... ဒါပေမယ့် ငါတို့လက်တွေက ကိုင်မရဘူးလေ ခဏခဏ ကျကျကွဲနေတော့ ငါလဲ ကိုယ့်ကိုကိုယ် စိတ်ပျက်တယ်။ မင်းဘဲ တော်သလို ဆက်လုပ်ပါတော့ကွာ .. ငါတော့ မလုပ်ချင်တော့ဘူးတဲ့"  စတဲ့အသံ တွေ အမျိုးစုံအောင် ကြားခဲ့ရပါတယ်။
၁။    ။ကူးစက်ရောဂါလိုမျိုး ဝေဒနာတစ်ခုကို ခံစားနေရတဲ့ ခင်ဗျားကို မိသားစုက တစ်အိမ်ထဲနေဖို့ အလိုမရှိတဲ့အခါ ခင်ဗျား အနေနဲ့ ဘယ်လိုတုံ့ပြန်မလဲ ?
 ၂။    ။အဲဒီရောဂါကြောင့် ခင်ဗျားရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းက အတူမနေချင်တော့လို့ ကွာရှင်းခွင့် တောင်းလာရင် ခင်ဗျား ဘယ်လိုခံစားရမလဲ ?
 ၃။    ။ဒီရောဂါ အခြေအနေကြောင့်ပဲ ခင်ဗျားရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်ကို မလုပ်နိုင်တော့ဘူးဆိုရင် ခင်ဗျား ဘာ ပြော မလဲ ?
 ၄။    ။ခင်ဗျားမှာ ရှိနေတဲ့ ဒီရောဂါလက္ခဏာကြောင့်ပဲ ခင်ဗျားရဲ့ သားသမီးဟာ ကျောင်းမှာ မျက်နှာအမြဲငယ်ရပြီး ခလေးအသိုင်း အ၀ိုင်းရဲ့ အပြင်ကို ရောက်နေရမယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ ?

  ဒီအခြေအနေတွေ ဒီအဖြစ်အပျက်တွေဟာ လက်ခံယုံကြည်နိုင်ဖို့ ခက်ခဲနေတယ်ဆိုပေမယ့် အပြင်လောကမှာ တကယ်ဖြစ်ပျက် နေတဲ့  စစ်မှန်တဲ့ အမှန်တရား တွေပါ.. ဒီဖြစ်ရပ်တွေကို ရင်ဆိုင်နေရတဲ့ လူအချို့ အမှန်တကယ်ကို ရှိနေပါတယ်..
  ဘယ်သူတွေလဲ? ကံနာ ၀ဋ်နာ (သို့မဟုတ်) ရှေးဘ၀ကံ အကျိုးပေးတစ်ခုခု (သို့မဟုတ်) အခြေအနေ အကြောင်း အမျိုးမျိုး ကြောင့် ဒီဘ၀မှာ ခြေဆံ လက်ဆံလေးတွေ ဆုံးရှုံးခဲ့ရတဲ့ အနာကြီးရောဂါသည်ဆိုတဲ့ ကရုဏာသက်စရာ လူသားတွေပါ...
  စာရှုသူများလဲ အထက်ပါ စာပိုဒ်လေးဖတ်ပြီး အင်မတန် စိတ်မကောင်းဖြစ်မိမယ်ဆိုတာ စာရေးသူ ကိုယ်ချင်းစာမိပါတယ်။ ကိုယ်တွေ့အနေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာလူမျိုး ဝေဒနာသည်တွေ အခုရှိနေပါတယ်။ .  သူတို့တွေကို စာရေးသူတို့ ဘယ်လို ကူညီနိုင်ကြမလဲ... ဘယ်လိုကူညီကြမလဲ.. စာရေးသူ ၀ဘ်ဆိုဒ်လေးနဲ့ အနာကြီးရောဂါသည်များ ကူညီစောင့်ရှောက်ရေး စီမံ ကိန်းလေးကို အကောင်အထည် စတင် ဖေါ်ဆောင် နိုင်တဲ့နေ့ဟာ ဝေဒနာသည်တို့ရဲ့ နေ့ထူးနေ့မြတ်လေး ဖြစ်သလို လူသား တွေဖြစ်ပြီး အပယ်ခံလူသားဘ၀ ရောက်နေတဲ့ သူတို့တွေကို ကူညီဖို့ Mutdfan.com က ပရိသတ် အားလုံးနဲ့ ယခု ဒီစာကို ဖတ်နေတဲ့ သူများကလဲ ၀ိုင်းဝန်း ကြမယ်လို့ မျှော်လင့်မိပါတယ်။


မရမ်းချောင်း အနာကြီးရောဂါသည်များ ပရဟိတ ဂေဟာသို့ တတိယအကြိမ်မြောက် ရောက်ခဲ့ပြန်ပါပြီ။ ဆန် ၂ အိတ်၊ ဆေး ၉၉၉၅၀ ကျပ် ဖိုးနှင့် ဝေဒနာသည်တွေအတွက် အထူးသီးသန့်ပြုလုပ်ပေးမည့် ဘိနပ်လုပ်ရန် ကုန်ကြမ်း ၈၅၀၀၀ ကျပ်ဖိုး သွား ရောက် သွားရောက် ပေးပို့ ခဲ့ခြင်းဖြစ်သည်။ စာရေးသူက Leprosyhelp. org  ၏ မလေးရှားနိုင်ငံမှ အနာကြီးရောဂါသည် မသန်စွမ်း ဝေဒနာသည်များအတွက် ကူညီပေးရန် အလှူငွေလက်ခံပေးမည့်  ဆရာတော် ဥုးစရိယ ( ရတနာရာမကျောင်း ၊ N0, 30 SS2/72 Petaling Jaya, ) ကို မနက်ဖြန်တွင် တပည့်တော် မရမ်းချောင်း အနာကြီးရောဂါ ဝေဒနာသည်များထံ သွားပါမယ် ဘုရား၊ ဆရာတော် ဘာများ မှာစရာရှိပါသလဲဟု လျောက်ထားခဲ့ရာ ဆရာတော်က  " ဝေဒနာရှင်တွေကိုပြောပေးပါ ဦးဇင်းတို့ သူတို့နဲ့ ထပ်တူထပ်မျှ ရှိနေပါတယ်လို့ ပစ္စုပ္ပန်ကံ မကောင်းပေမဲ့ အနာဂတ်ကံကောင်းအောင် လုပ်ဖို့ရာအချိန်တွေ အများကြီးရှိ ပါတယ်၊ ကြားရ သိရတဲ့သူတိုင်းလဲ ကရုဏာစိတ်တွေ တဖွားဖွားဖြစ်ပြီး ကူညီဖို့ရာ အားကြိုးမာန်တတ်ဆောင်ရွက်နေကြတယ်" ဟု မိန့်ကြားပေးခဲ့သည်။
လက်ရှိအချိန်အထိ စာရေးသူတို့ Mutdfan.com အယ်ဒီတာများ စုပေါင်းပြီး ပရဟိတလုပ်ငန်း ဆောင်ရွက်နေသည့် www.Leprosyhelp. org ဟူသည့် ၀ဘ်ဆိုဒ်လေးမှ မရမ်းချောင်းရှိ အနာကြီးရောဂါ ဝေဒနာသည်များ ကို ငွေပဒေသာပင်ကဲ့သို့ လုပ်ငန်းတစ်ခု လုပ်ပေးပြီး လစဉ်ဝင်ငွေ ရရှိစေရန် စီမံကိန်းချဆောင်ရွက်ရန်အတွက် အလှူခံပေးလျက်ရှိသည်။
 
 
တောင်ကိုရီးယားနိုင်ငံမှ ကိုထူးကိုကို (ကိုဂျာရက်) ဦးဆောင်ပြီး အလှူခံပေးခဲ့ရာမှ ကျပ်ငွေ သုံးသိန်း စာရေးသူ လက်ခံရရှိခဲ့ပြီး ဖြစ်သလို၊ စင်္ကပူနိုင်ငံမှ ကိုသန့်ဇင် အယ်ဒီတာ(Mutdfan.com) အလှူခံဌါနလေးမှလဲ အလှူငွေကျပ်တစ်သိန်းခွဲ စာရေးသူထံ ပို့ပေးခဲ့ပြီး  ဖြစ်သည်။ မလေးရှားနိုင်ငံမှ ဆရာတော်ဥုးစရိယ က ကိုယ်ပိုင်ငွေထဲမှ ငွေကျပ် တစ်သိန်းလှူဒါန်းခဲ့သလို www.Leprosyhelp. org တွင် တင်ထားသော အမေရိကန်နိုင်ငံရှိ ကိုတော်တီ၏ Paypal အကောင့်ထဲသို့လည်း Mutdfan.com မှ မိသားစုဝင် ကိုအဲ့ဂေမှ ဒေါ်လာတစ်ရာ၊ ကို Brokenworld မှ ဒေါ်လာငါးဆယ် အပါအ၀င် ထည့်ဝင်ငွေပေါင်း ဒေါ်လာ ၂၂၀ ခန့် ကိုတော်တီထံတွင် လက်ခံရရှိထားပြီး ဖြစ်သည်။ လက်ရှိငွေလွဲဖြင့် စာရေးသူထံ တိုက်ရိုက်လှမ်းလှူဒါန်းထားသူ Mutdfan.com မှ  Mutdfan.com မိသားစုဝင် တစ်ဦးဖြစ်သော ကို "ကကာကား" မှလဲ ငွေသုံးသိန်းကျပ် လွဲထားသည်ဟု ဖုန်းဆက်လာခဲ့သည်။ ကို မင်းသန့်ငယ်(ကလေး) အယ်ဒီတာ (Mutdfan.com)၊ ကို ရှမ်းလေး(မိုးနှဲ) အယ်ဒီတာ (Mutdfan.com) တို့မှလည်း လကုန်လျင် ထည့်ဝင်လှူဒါန်းနိုင်ရန် မေတ္တာသန့်အဖွဲ့အနေဖြင့် လှုပ်ရှား ကြိုးပန်း နေကြကြောင်း ၀မ်းမြောက်ဖွယ် သတင်းများ ရရှိထားခဲ့ သည်။ မန္တလေးအလှူခံဌါနမှလည်း အလှူငွေအချို့ ရရှိထားသလို လကုန်လောက်မှ စုပြီး လွဲကြမည် ဖြစ်သည်။
 
ကောင်းကင်မှ မိုးစက်လေးများ တစ်စက်ချင်းကျနေသည်မှာ နည်းသည်ဟု ထင်မြင်ရသော်လည်း စုပေါင်းမိသည့် အချိန်တွင်မူ စဉ့်အိုးများသာမက မြစ်ချောင်းအင်းအိုင် များပါ ပြည့်လျံဖြိုးရ သကဲ့သို့  ယခုလည်း စေတနာရှင်များ၏ အကြင်နာ နှင့် မေတ္တာပါ သော ကိုယ်ချင်း စာနာထောက်ထားသည့် အလှူများဖြင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ပရဟိတ ဂေဟာရှိ မသန်စွမ်း ဝေဒနာသည်များအတွက်  ဒုတိယအကြိမ် အဖြစ် ထပ်မံ လှူဒါန်းနိုင်ခဲ့ခြင်းဖြစ်သလို ရရှိထားသော အလှူငွေများဖြင့် ဝေဒနာသည်များကို လစဉ်ပုံမှန်ထောက်ပံ့နိုင်ရန် အတွက် ငွေပဒေသာဘင်ကဲ့သို့ လုပ်ငန်းတစ်ခု လုပ်ပေးနိုင်ရန်မှာလဲ မဝေး တော့သော အချိန်ဖြစ်နေပြီဟု စာရေးသူတို့ မျှော်လင့်နိုင်နေပြီ ဖြစ်သည်။ ယခုအခေါက် အလှူမှာ ပမာဏအားဖြင့် မများသော ငွေကျပ် နှစ်သိန်းတစ်သောင်းကျော်သာ ဖြစ်သော်လည်း "ဝေဒနာရှင်တွေ ဆေးနဲ့ ဘိနပ်လိုနေ တော့မယ်" ဟူသည့် အတွေးဖြင့် အချိန်မီသွားပို့ သွားရောက် ပေးပို့ခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့ စီစဉ်ထားသည့်အတိုင်း ငွေ ပဒေသာပင်ကဲ့သို့ လစဉ်ပုံမှန်ဝင်ငွေ ဖြင့် ထောက်ပံ့ရေးကိုသာ ဦးတည်ထားခြင်း ဖြစ်သဖြင့် ရှိသမျှအကုန် မလှူခဲ့ခြင်းလည်း ဖြစ်သည်။
 
 ယနေ့ နံနက်စောစော ငါးနာရီခွဲ အချိန်က စာရေးသူ တက်ကြွစွာဖြင့် အိပ်ယာမှ အမြန်ထပြီး Mutdfan.com ဆိုဒ်ကလေးအတွက် လိုအပ်သည်များ အမြန်စီစဉ်ခဲ့သည်။ နံနက် ၆ နာရီခွဲအချိန်တွင် မရမ်းချောင်း ခရီးစဉ်လေးကို စတင်ဖြစ်ခဲ့သည်။  ညကတည်းက ဝေဒနာသည်တို့ ဘိနပ်အတွက် ကုန်ကြမ်းများ နှင့် ဆေးဝါးများ ကားအတွင်း ထည့်ထားခဲ့ပြီး ဖြစ်သဖြင့် ရှေ့ခန်းတွင် လူနှစ် ယောက်စီးရန် နေရာကျန်တော့သော ကားပေါ်တက်ကာ ဇနီးသည်နှင့်အတူ တက်တက်ကြွကြွလေး အနာကြီးရောဂါ မသန်စွမ်း ဝေဒသနာရှင်များထံ ခရီးနှင်ခဲ့သည်။ လှည်းကူးမြို့မှ ဆန် ၂ အိတ် ၀ယ်တင် လိုက်သောအခါ နောက်ခန်းတွင်လည်း ပစ္စည်းများ နှင့် ပြည့်နေပြီ ဖြစ်သလို ဆန် ၂ အိတ်၏ အလေးချိန်ကြောင့် ခေတ်ဟောင်း ၁၉၉၀ ထုတ်၊ စူပါစလွန်းကားစုတ်လေးမှာ မလူးသာ၊ မလွန့်သာ အနေအထားဖြင့် ဖေါင်ကြီးလမ်းခွဲလေး၏ လမ်းကြမ်းကြမ်းဒဏ်ကို အံတုရင်း ဝေဒနာသည်များထံ ခရီးနှင်ခဲ့တော့ သည်။ ရန်ကုန်မှ လှည်းကူးအထိ ကားမောင်းချိန်မြန်သလောက် ၂၆ မိုင်ခန့်သာ ရှိသော လှည်းကူးမှ ဖေါင်ကြီးအကျော် မရမ်း ချောင်းရွာလေး၏ ခရီးမှာ ၂ နာရီခန့်အထိ မောင်းခဲ့ရသည်။ မရမ်းချောင်း ရွာအ၀င် မြေနီလမ်းလေးကို မြင်လိုက်ရကတည်းက အမောတွေ ပြေခဲ့ရသည်။ အကူအညီ လိုအပ်နေသူတို့ထံ ရောက်တော့မည် မဟုတ်ပါလော....
 
မရမ်းချောင်း ပရဟိတ ဂေဟာအတွင်း ၀င်လိုက်သည်နှင့် " ဦးတာရေ၊"ဟု ဂေဟာမှ ဝေဒနာရှင်လည်းဖြစ် ကျွေးမွေး စောင့် ရှောက် ရေးအဖွဲ့ အတွင်းရေးမှူးလည်း ဖြစ်သောသူအား ရှာဖွေမိသည်နှင့် မသန်စွမ်း ဝေဒနာရှင်များ ထွက်လာပြီး စာရေးသူတို့ ကို ၀မ်းသာအားရ နုတ်ဆက်ရင်း "မနေ့ညနေက ဦးတာ မန္တလေးကို လူနာ ခြေထောက် ဖြတ်ဖို့ သွားပို့ပါတယ်" ဟု ပြောပြခဲ့ သည်။ ဒုတိယတစ်ခေါက် စာရေးသူ ဝေဒနာသည်များထံ သွားစဉ်က အဆိုပါ ခြေထောက်ဖြတ်ရမည့် လူနာနှင့် တွေ့ခဲ့သည်။ သူ့ခြေထောက်က တဖက်ဖြတ်ပြီး ဖြစ်သဖြင့် လက်တွန်းလှည်းလေးဖြင့် တွန်းလာခဲ့ပြီး စာရေးသူနှင့် တွေ့ဆုံစေရန် ဦးတာက စီစဉ်ပေးခဲ့သည်။ သူ့နာမည် ဦးမြ၀င်း ဖြစ်ကြောင်း မိတ်ဆက်ပေးရင်း "တွေ့ရသည်ကို ၀မ်းမြောက်ပါကြောင်း" စာရေးသူကို ပြောခဲ့သည်။ သူ၏ ဝေဒနာကို မေးမြန်းကြည့်ခဲ့ရာ "ကျန်ရှိနေသေးသည့် ခြေထောက်ရှိ အနာမှာ ပုတ်နေပြီး ငါးရှဉ့်တွင်းများကဲ့သို့ အပေါက်များ ဖြစ်နေသဖြင့် ညဖက် အိပ်နေလျင် အကြောဆွဲသလို မိမိမသိဘဲ ထန်ထန်ကန်ကျောက်တတ်ကြောင်း၊ အရိုးမှ အနာဖြစ်သဖြင့် နာကျင်သဖြင့် ညအိပ်မရကြောင်း၊ အကိုက်အခဲ ပျောက်ဆေးများ သောက်ရသဖြင့်လည်း အစာအိမ်နာကြောင်း၊ အိပ်မရသဖြင့် အစားလည်း စားမ၀င်ကြောင်း" စသည်ဖြင့် ပြောပြခဲ့သလို လက်ကျန် ခြေထောက် တစ်ချောင်းပါ ဖြတ်ရန် မန္တလေးရှိ ရေနံသာ အနာကြီးရောဂါကု ဆေးရုံသို့ သွားလိုသည်ဟု ဦးတာအား ပြောပြထားကြောင်းဖြင့် ရှင်းပြခဲ့သည်။


အဆိုပါ ဖြစ်ရပ်လေးမှာ Mutdfan.com မှ ကိုမင်းသန့်ငယ်(ကလေး) ဦးစီးသော မေတ္တာသန့်အဖွဲ့၏ ဝေဒနာသည်များအတွက် အလှူကို  စာရေးသူ လိုက်ပါသွားပြီးနောက် ကိုယ့်အစီအစဉ်ဖြင့် ထပ်သွားသော ခရီးစဉ်ဖြစ်ပြီး အနာကြီးရောဂါသည် ဝေဒနာရှင် များအတွက် ၁၀၀% ကူညီလိုစိတ် ဖြစ်လာစေရန် အထောက်အပံ့တစ်ခုလည်း ဖြစ်ပေါ်စေခဲ့သည်။ ယခုအကြိမ် သိရသည်ကတော့ အဆိုပါ ဝေဒနာသည်ကြီး အဘ ဦးမြ၀င်း အလိုရှိသလို ခြေထောက်ဖြတ်ပေးရန် ဒေါက်တာ အောင်ရဲကျော် နှင့် ဦးတာတို့  စီစဉ် ပေးလိုက်ပြီဖြစ်သည်။ ရန်ကုန်အရိုးရောဂါကုဆေးရုံ၏ လွဲစာဖြင့် ရေနံသာအနာကြီးရောဂါဆေးရုံသို့ ကျန်ရှိသော ခြေထောက် တစ်ဖက် ဖြတ်တောက်ကုသ ပေးမည်ဟုလည်း သိရသည်။

မနေ့ညက ပဲခူးမြို့အထိ ကျွေးမွေးစောင့်ရှောက်ရေး အဖွဲ့ ဥက္ကဌ ဦးလှဌေးက သူပိုင် တက္ကစီ ကားလေးဖြင့် လိုက်ပို့ပေးခဲ့ပြီး ပဲခူး မှတဆင့် မန္တလေးအထိ ရထားဖြင့် ဆက်သွားမည်ဖြစ်သလို မန္တလေးဘူတာမှ ရေနံသာ ဆေးရုံအထိ ဝေဒနာသည်များကို လက် ရှိဆေးကုပေးနေသော ဒေါက်တာအောင်ရဲကျော် (Mutdfan.com မိသားစုဝင် Nick Name - တောကျီးကန်း ) ၏ မိဘများက ပို့ဆောင်ပေးမည်ဟု သိရသည်။ ( ပဲခူးအထိ  ဒေါက်တာအောင်ရဲကျော်လဲ လိုက်သွားခဲ့ကြောင်း ယခု သတင်းရေးနေစဉ် ဒေါက် တာအောင်ရဲကျော်၏  စာရေးသူထံ ရိုက်ထားခဲ့သော G-talk Massage အရ သိခဲ့ရသည်။ ) ဦးတာက မသန်စွမ်း ဝေဒနာသည် ဖြစ်သော်လည်း ယခုလို ကိစ္စများအတွက် ခေါင်းဆောင်မှုစိတ် အပြည့်အ၀ဖြင့် လိုက်ပို့ပေးနေကြ ဖြစ်သည်။ ယခုအချိန်လောက်ဆို ပဲခူးမှာ မန္တလေးညရထား စောင့်နေပေတော့မည်။.... သူတို့ကို ပဲခူးမှာ လက်ခံသော သူရော ရှိပါရဲ့လား။ ဘူတာမှာ နားနေမည်ထင်သည်။...  သူတို့အနားကို လူတွေ ဝေးဝေးရှောင်ကြနေကြမည်လား..  ရထားပေါ်မှာရော အဆင်ပြေကြ ပါ့မလား....... 
ဦးတာမရှိသဖြင့် စာရေးသူက ဂေဟာမှူး ကိုသန်းဦးအား ခေါ်ပြီး အလှူပစ္စည်းများ လက်ခံရန် စီစဉ်ခိုင်းရသည်။ ဝေဒနာသည် များကလည်း စာရေးသူတို့အနား လာကြပြီး မိသားစုဝင်များသဖွယ် နုတ်ဆက်ကြသည်။ ဒီကြားထဲ လွန်ခဲ့သောလ ၂၈ ရက်နေ့က ရွှေပြည်သာရှိ မေတ္တာရှင် ဆရာတော်က ဝေဒနာသည်များထံလာပြီး  တရားပွဲလေး လုပ်ပေးအပြီး အလှူရှင်များ နောက်ထပ် လာကြသေးသလားဟု စာရေးသူ မေးလိုက်ရာ လာကြပါကြောင်း လွန်ခဲ့သော ၁၆ ရက်နေ့က စာရေးဆရာ ဦးချစ်စံဝင်းလည်း လာရောက် လှူဒါန်းသွားပါသေးကြောင်း ပြောပြကြသလို ဂေဟာ၏ ဧည့်သည်တော်မှတ်တမ်းလေးအား ပြေးယူပြကြသည်။
အကြောင်းတိုက်ဆိုင်လှသဖြင့် စာရေးသူက ဆရာတော် အရှင်ဇဝန (မေတ္တာရှင်-ရွှေပြည်သာ)မှ အနာကြီးရောဂါ ဝေဒနာသည် များထံ အမြဲလိုလို ကူညီနေသည့် အကြောင်း အနည်းငယ်ပြောပြလိုပါသည်။ ဆရာတော်က ဦးချစ်စံဝင်း၏ စာအုပ်အတွင်းမှ မရမ်းချောင်း ဝေဒနာသည်များအကြောင်း သိခဲ့သည့် ဆရာတော်ဖြစ်သည်။ ဆရာတော် ရေးသည့် စာအတွင်းမှ အချို့ကို ကူးပြ လိုသည်။ "ဆရာချစ်စံဝင်းနှင့် အနာကြီးဝေဒနာရှင်များ စတင်တွေ့ရှိပုံမှာလည်း အံ့သြဖွယ်ရာ၊ ကြေကွဲဖွယ်ရာ ကောင်းလှသည်။ (၁၉၈၉) ၀န်းကျင်ခန့်က ထောက်ကြံ့တွင် နေထိုင်သော အနာကြီးဝေဒနာရှင်များ မရမ်းချောင်းရွာသို့ ပြောင်းကြသည်။
 
 
ထိုနေရာမှာ ရေမရှိ၊ မီးမရှိသော ငှက်ဖျားတောကြီး ဖြစ်သည်။ လှည်းကူးမြို့နှင့် (၂၂) မိုင်ခန့် ဝေးသည်။ ရောက်စအချိန်က နေ စရာ၊ စားစရာ မရှိသောကြောင့် ဝေဒနာရှင်များမှာ တောထဲတွင် ဖြစ်သလိုနေရပြီး စားစရာ မရှိသောကြောင့် မျှစ်များကို ပြုတ်စား ကြရသည်။ဝေဒနာရှင်များမှာ ငှက်ဖျားမိပြီး သေကြသည်မှာ အယောက်လေးရာကျော်ခန့်ရှိသည်။သူတို့သည် လူတစ် ယောက် သေတိုင်း ကြေးစည်ရိုက်ပြီး အသိပေးလေ့ ရှိသည်။ လူများ ဆက်တိုက်သေ၍ ကြေးစည်ကို ဆက်တိုက် ရိုက်ရသောကြောင့် တစ် နေ့တွင် ကြေးစည်မှာ ကွဲထွက်သွားသည်။ ကြေးစည် ရိုက်စရာ မရှိသောကြောင့် ကြေးစည် အလှူခံရင်း စာရေးဆရာ ချစ်စံဝင်း နှင့် တွေ့ကြခြင်း ဖြစ်သည်။ ထိုအချိန်မှ စ၍ ဆရာကြီးသည် အနာကြီး ဝေဒနာရှင် မိသားစုများကို တတ်နိုင်သမျှ ထောက်ပံ့နေ သည်မှာ ကြာလှပြီ ဖြစ်သည်။ ကျွန်ုပ်ကား (၂၀၀၇) ခုနှစ် ကမှစ၍ လှူဒါန်းဖြစ်သည်။ " ဟု ရေးသားထားသည်။ ၁၉၉၉ ခုနှစ် ခန့်တွင် ကွယ်လွန်လေပြီးသော အတွင်းရေးမှူး ၂ ဒုတိယဗိုလ်ချူပ်ကြီး တင်ဦးက ဝေဒနာသည်များ ဒုက္ခရောက်နေကြောင်း သိရှိပြီး ယခု ဝေဒနာသည်များ သက်တောင့်သက်သာ နေရသည့် ဂေဟာလေးကို တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သလို အစစ အစီစဉ် ပေးနေချိန်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းလဲ ဦးတာ ပြောပြသည်ကို မှတ်သားထားမိသည်။ ယခုအချိန်သည်ကား မရမ်း ချောင်းတွင် ဟိုး... ယခင်ကဲ့သို့ မဟုတ်တော့။ ယခင်ထက် များစွာ သာလွန်နေပေပြီ။ လှူဒါန်းမည့်သူများလည်း ရှိသင့်သလောက် ရှိနေပေပြီ။ လူနာရှင်များ၏ စိတ်ဓါတ်လည်း အကောင်းဆုံး အနေအထားဖြစ်နေပေသည်။ ယခု ဝေဒနာသည်များက လက်ကျန် သက်တမ်းလေးအတွင်း သက်တောင့်သက်သာ နေထိုင်သွားရေးအတွက်သာ အကူအညီလိုနေခြင်း ဖြစ်သည်။...

စာရေးသူ ဓါတ်ပုံရိုက်နေစဉ် ဝေဒနာသည်တစ်ဦးက လက်တွန်းလှည်းလေးဖြင့် ထမင်းဘူးခွံများထည့်ပြီး ပြန်ယူလာသည်ကို မြင်သဖြင့် "အဲ့ဒါက ဘာလုပ်တာလဲခင်ဗျာ" ဟုစပ်စုမိသောအခါ ဝေဒနာသည်ချင်း အလွန်ရိုင်းပင်းသော လုပ်အားရှင် မသန်စွမ်း ဝေဒနာသည် တစ်ဦးက "ရွာထဲက ဂိလာနတွေ အတွက် ထမင်းဘူးပါ။ သူတို့က ဒီမလာနိုင်တာမို့ ရွာထဲကို ထမင်းသွားပို့ ပေးပြီး ပြန်လာတာပါ" ဟုပြောပြခဲ့သည်။ ငွေကြေးတစ်စုံတစ်ရာ မရဘဲ ဝေဒနာသည်ချင်း ယိုင်းပင်း ကူညီမှုများ မြင်ရသည်မှာ အင်မတန် လေးစားလောက်သည်ကို မြင်တွေ့ခွင့် ရခဲ့သည်။.. ကျွန်တော်တို့တွေကရော....
သမီးလေး မီးလောင်မှာ စိုးရိမ်လွန်ပြီး မီးပုံထဲ ခုန်ဝင်ကာ မီးသတ်ပေးခဲ့သူ မသန်စွမ်း ဝေဒနာသည် မေတ္တာရှင်ကြီး ဦးကြည်ဝင်း ကို လည်း နုတ်ဆက်ဖြစ်ခဲ့ရုံမက သူ့အနာများကိုပါ ဓါတ်ပုံ ရိုက်ဖြစ်ခဲ့သည်။ စာရေးသူနှင့် တွေ့ပြီးသည်မှာ တစ်လကျော်ခဲ့ပြီ။  အနာများကတော့ ယခုအထိ မပျောက်သေး။ သူ့ကို စာရေးသူက မှတ်မိနေပြီး "ဦးကြည်ဝင်း နေကောင်းလား" ဟု မေးလိုက် သောအခါ ၀မ်းသာအားရ ပြန်လည်နုတ်ဆက် နေပုံများမှာလည်း မိသားစုဝင် တစ်ဦးက သူ့အပေါ် မေတ္တာထားသဖြင့် ၀မ်းသာ နေပုံနှင့် တူလွန်းလှပေသည်။...
 
လှူဒါန်းမှုအတွက် အစစ စီစဉ်ပြီးသောအခါ ဂေဟာမှူး ပြန်ပေးသည့် ဂုဏ်ပြုမှတ်တမ်းလေးများယူအပြီး ဦးတာ ပြန်လာချိန် လောက် ကျွန်တော်လာခဲ့ပါအုံးမယ်၊ ဒေါက်တာအောင်ရဲကျော်ကိုလည်း ကျွန်တော် ဖုန်းဆက်လိုက်ပြီး ဆေးတွေ ပို့ထားကြောင်း ပြောလိုက်ပါ့မယ် ဟုမှားကြားရင်း ဝေဒနာသည်များကို နုတ်ဆက်ကာ စာရေးသူတို့ ပြန်ခဲ့ကြသည်။ ကားပေါ်ပြန်တက်စဉ် အသက် ၁၅ နှစ်ကတည်းက ဝေဒနာခံစားခဲ့ရပြီး ယခု အသက်၃၀ ခန့်ရှိ အမျိုးသမီးတစ်ဦး၏ သမီးငယ်လေးအား မသန်စွမ်း ဝေဒနာသည် အဘွားများက "နင့်ကိုကားနဲ့  ထည့်ပေးလိုက်မယ်" ဟု  စသောအခါ အဆိုပါ သမီးငယ်လေးက ငိုပြီး သူ့အမေကို ဖက်ထားပုံလေးမှာလည်း ကျေနပ်စရာ မြင်ကွင်းလေး ဖြစ်ခဲ့ပြီး ဝေဒနာ ရှင်များကို စာရေးသူက "ကျွန်တော်တို့ နောက်ထပ် မကြာခင် လာခဲ့ပါအုံးမယ်" ဟုပြောဆို နုတ်ဆက်သောအခါ သူတို့၏ "မကြာမကြာ လာခဲ့ပေးပါနော်" ဟုမှာသံများမှာလဲ စာရေးသူ နားထဲ စွဲနေခဲ့သည်။
 
ဂေဟာသို့တိုက်ရိုက် ဆက်သွယ်ရန်... လိပ်စာ
မရမ်းချောင်း
ပရဟိတ ကျွေးမွေးစောင့်ရှောက်ရေးဂေဟာ
ဖေါင်ကြီးအလွန်၊ လှည်းကူးမြို့နယ်၊
ရန်ကုန်တိုင်း။
Mutdfan.com  ၏ ဝေဒနာသည်များ ကူညီပေးရန် တည်ထောင်ထားသော  ၀က်ဘ်ဆိုဒ် http://www.leprosyh elp.org/

ဦးဇော်လွင်ဝင်း၊
အယ်ဒီတာချူပ် (Mutdfan.com)
Rm- 403, Excel Tower,
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း 01 558489

ပြည်တွင်းမှ လှူဒါန်းလိုသူများအတွက် မြန်မာနိုင်ငံရှိ ကမ္ဘောဇဘဏ်တွင် Saving Account ဖွင့်လှစ်ပေးထားပြီး ဖြစ်ပါသည်။ကမ္ဘောဇဘဏ် သို့ သွားပြီး
Saving Account
Account No.      0071210157107 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name.  U ZAW LWIN WIN
သို့ ငွေလွဲထည့်ပေးပါဟု ပြောပြပြီး ကမ္ဘောဇဘဏ် ရှိရာ မည်သည့်မြို့မှ ဖြစ်စေ လှူဒါန်းနိုင်ပါသည်။
 
ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်
မ၀တ်ရည်တင်ဦး (Ma Wuityi Tin Oo)
Bank Acoount - 768-1110393- 0 1
Mizuho IC Cash Card
みずほICキャッシュカードカード
ph
တောင်ကိုရီးယား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
ထူးကိုကို (ကိုဂျာရက်)
ဘဏ်အကောင့် - ၁၀၀၂-၀၃၇-၈၃၇၀၃၂
Woori Bank
ဖုန်းနံပါတ် ..010 -3434-6184
လိပ်စာ-
1360-8 , Jung Wang -Dong,
Siheung-City , Kyungki-Do , Korea
( 2 Ra - 509, Sihwa Industrial Complex )
 
စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ
ကိုသန့်ဇင်ဝင်း
အယ်ဒီတာ (Mutdfan.com)
(potatothant@ gmail.com)
ဖုန်း - ၉၀၉၄၀၂၈၁...၆၂၂၁၉၇၈၉(အိမ်ဖုန်း)
POSB Bank Account No. 402- 11900-4
win htut aung (Bank Account Holder Name )၉၀၉၄၀၂၈၁ (သို့)၆၂၂၁၉၇၈၉(အိမ်ဖုန်း)
စင်္ကာပူ နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ
 ၁။ကိုဘိုမြင့်ထွေး (bomyinthtwe@ gmail)
City Bank Account No. 059-877801-9
ph - +6590855717
 ၂။ကိုအောင်သူရိန်ထွန်း (atrt.ndw@gmail)
+6590574689
 ၃။မခင်မျိုးဝင်း (tsuyuko.mm@gmail)
POSB Bank Account No. 068-90572-9
ph +6581546163
 
မလေးရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်။
 ဥုးစရိယ
( ရတနာရာမကျောင်း )
N0, 30 SS2/72 Petaling Jaya,47300, Malaysia.
Ph- 0166264642
Tel/fax 03-77271193
PUBLIC BANK ACCOUNT-4898556105
ရုရှား နိုင်ငံမှ အလှူငွေလက်ခံပေးမည့် ကိုယ်စားလှယ်များ
 ၁။ကိုသန့်စင် (MSU)
အယ်ဒီတာ (Mutdfan.com)
kothant.ndw@ gmail
+79268464225
 -----
၂။ကိုသက်ထွန်းဦး (MPEI)
အယ်ဒီတာ (Mutdfan.com)
+79037894871
mincansi@gmail. com
 ----
၃။ကိုအောင်ဇော်လတ် (MIIT)
အယ်ဒီတာ (Mutdfan.com)
saisyant@gmail. com
-----
Written By  U Zaw Lwin Win
Chief Editor,  www.mutdfan. com
Compiled By  Thiha Thit(UM-2)
Editor (Health), www.mutdafn. com