Sunday, March 21, 2010

ကျောခိုင်းလှည့်ထွက်သူများသို့

Sunday, March 21, 2010

၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျမသဘောထားတွေ တင်ပြီးတဲ့နောက်မှာ ရွေးကောက်ပွဲ ဥပဒေတွေ ထွက်လာပါတယ်။ အဲဒီမှာ ပိုပြီး ကောက်ကျစ်ယုတ်မာမှုတွေ အထင်းသားတွေ့ရပါတယ်။
ရွေးကောက်ပွဲ အနိုင်ရ ပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် ၊ တစည နဲ့ တိုင်းရင်းသားပါတီ ၁၀ ဖွဲ့ လက်ရှိတရားဝင် တည်ရှိနေပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တဲ့ စစ်အစိုးရက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြု၊ ရွေးကောက်ပွဲနဲ့ ပတ်သတ်တဲ့ အကောင်အထည်ဖေါ်ဆောင်မှု ဘာမှမရှိပဲ သူတို့ဖာသာ ရေးတဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ အသစ်ထပ်လုပ်မှာမို့ ခုန ပါတီ ၁၀ဖွဲ့က ပြန်ပြီးမှတ်ပုံတင်ရမတဲ့။ ရက်ပေါင်း ၆၀အတွင်း မှတ်ပုံမတင်ရင် ပျက်ပြယ်မတဲ့။

အံမယ် သူတို့က တိုင်းပြည်အတွက် သိပ်ပြီး အစိုးရိမ်ကြီးသေးတယ်။ ပါတီက ရွေးကောက်ပွဲ ၀င်မယ့် ကိုယ်စားလှယ်လောင်းကိုတင် အရည်အချင်းကန့်သတ်တာ မဟုတ်ဘူး။ ကိုယ့်ဖာသာ ထောင်မယ့် ပါတီက ပါတီဝင်တွေကိုတောင် လိုက်ပြီး အရည်အချင်း သတ်မှတ်ပေးသေးတယ်။ သိပ်ပြီး စေတနာကြီးတာကိုး။ ထောင်ကျနေတဲ့ လူတွေပါတီထဲပါရင် ပါတီသိက္ခာကျမှာမို့ ပါဝင်ခွင့် မပြုဘူးတဲ့။ ထူးထွေတည့် အံ့ရာသော် ပါပဲလေ။

ခေတ်ကြီးက ရွေးချယ်ပေးလိုက်တဲ့ လမ်းကြောင်းတွေမှာ ဘယ်ဟာ လမ်းမှန် ဘယ်ဟာ လမ်းမှား ဆိုတာကို တချို့တွေကလဲ မသိရှာတော့ဘူး။ ကိုယ့်ပါတီက ပါတီဝင်ဖြစ်ပြီး တိုင်းပြည်အတွက် မတရားတဲ့ အမိန့်အာဏာကို ဖီဆန်ရင်း ( ရှင်းရှင်းပြောရရင် နအဖကို အာခံရင်း) ထောင်ထဲ ရောက်နေတဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေကို မထောက်ထား။ အသက်ကကြီးရတဲ့ထဲ အမတ်က ဖြစ်ချင်သေးသတဲ့။ အသက်မကြီးတဲ့ လူတွေကလဲ ကိုယ့်ဖာသာ ၀င်တာ ဘာဖြစ်လဲ ဒါဒီမိုကရေစီတဲ့။

ခုလေးတင် လွတ်လပ်တဲ့ အာရှအသံ မှာ နားထောင်လိုက်တဲ့ ပါတီမှတ်ပုံတင်မယ့် ဘက်က တရားဝင်ဖြေတဲ့ ဦးခင်မောင်ဆွေက ခုန ကိုယ့်ဖာသာဝင်တာ ဘာဖြစ်လဲ ဆိုတဲ့  အဓိပ္ပါယ်ပါတဲ့ စကားလုံးတွေနဲ့ ဖြေခဲ့တာ။ သူ့ကိုယ်သူ ဘာမှတ်နေလဲ မသိ လေသံက မာမာနဲ့။ တကယ်က သူ အမတ်ဖြစ်လာတာ ပြည်သူတွေက စစ်အာဏာရှင်ကို သူတို့ကိုယ်စားတိုက်ထုတ်ပေးဖို့။ အာခံဆန့်ကျင်ပေးဖို့ ခေါင်းဆောင်အဖြစ်တင်ပေးလိုက်တာ၊ ပြည်သူတွေရဲ့ ဆန္ဒမဲနဲ့ နေရာတနေရာ ရလာတဲ့ လူတွေက ခုတော့ ကိုယ့်ဖာသာဝင်တာဘာဖြစ်လဲလို့ ပြောနေနိုင်တာ မရှက်တော့ဘူးလား။

ပါတီမှတ်ပုံမတင်ဖို့ ပြောနေသူတွေက ပါတီမရှိတဲ့ နိုင်ငံရေး လူထုနိုင်ငံရေးလုပ်။ သူတို့ကတော့ ပါတီနိုင်ငံရေး လုပ်မယ်တဲ့။ အများစုက ပါတီမှတ်ပုံမတင်ဖို့ ဆုံးဖြတ်ရင်တောင် အဲဒီလူတွေက ထွက်သွားပြီး သူတို့ကတော့ NLD ပါတီကို ဆက်ထိန်းပြီး ပါတီနိုင်ငံရေး ဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ပြောထားတာကို နားထောင်လိုက်ရပါတယ်။ အများစုရဲ့ သဘောထားကို သူမလိုက်နာဘူးလား။ အများစုက NLD ပါတီမှတ်ပုံမတင်ဘူး ဆိုရင် သူတို့တင်ချင်တဲ့ လူနည်းစုက မတင်ပဲ လိုက်နာရမှာပေါ့။ ခု သူဖြေပုံက သိပ်ဆိုးတာတွေ့ရတယ်။

NLD မှတ်ပုံတင်လိုက်တာနဲ့ ၉၀ ရလာဒ်ကို စွန့်လွှတ်ပြီးသားဖြစ်သွားမယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်ခံပြီးသားဖြစ်သွားမယ်။ ပါတီမှတ်ပုံတင်ပြီးတာနဲ့ ရွေးကောက်ပွဲ မ၀င်ပဲ နေခွင့်မရှိဘူး ။ ရွေးကောက်ပွဲ မ၀င်တာနဲ့ ဖျက်သိမ်းခံရမယ်။ ဒီအချက်တွေ သိရက်နဲ့ ဒီစကားပြောနေနိုင်တဲ့ ဦးခင်မောင်ဆွေကို ကျမကတော့ ဘယ်လိုမှ လေးစားလို့မရ။ ဘယ်လိုမှ အထင်ကြီးလို့မရ။

ပါတီမှတ်ပုံတင်တာ စစ်အစိုးရကို ခေါင်းငုံတာ မဟုတ်တဲ့။ ဟုတ်ကဲ့ ခေါင်းငုံ့တာမဟုတ်ပါ ဦးချနေတာပါ။ ဦးချနေတာမှ ဖင်ဗူးခေါင်းတောင် ထောင်လို့။ မြင်နေရတာပဲ မဟုတ်လား။
ရွေးကောက်ပွဲ ၀င်မှာ အခြေခံဥပဒေကို ပြုပြင်မလို့ ဆိုပဲ။ ၂၀၀၈ အခြေခံဥပဒေကို သေချာမဖတ်ရသေးဘူးထင်ပါတယ်။ စစ်တပ်က ၂၅ ရာနှုန်းယူထားတဲ့အပြင် နအဖ ကျောထောက်နောက်ခံတွေဖြစ်တဲ့ ကြံ့ဖွတ်၊ အမျိုးသမီးရေးရာ။ စွမ်းအားရှင်တွေကလဲ ကျန်တဲ့ ၇၅ ထဲပါဦးမယ်။ နောက် သူတို့လို ကိုယ့်လူသူဘက်သားလုပ်မယ့် အမတ်တွေ၊ နေရာ ရလာရင် ကိုယ့်ရဲ့ လာရာလမ်းကြောင်းမေ့တတ်တဲ့လူတွေ ပါဦးမယ်။ အနည်းဆုံး ၇၅ ရာနှုန်းထက်ကျော်တဲ့ လူတွေ ထောက်ခံမှ ပြောင်းလို့ရမတဲ့ ။ အဲဒီအချက်ကို သေချာ မဖတ်မိတာလား၊ ဖတ်ပေမယ့်လဲ နေရာ ယူချင်ဇောများလို့ မမြင်တာလား မသိတော့ပါဘူး။


နောက် တမျိုး က ရှိသေးတယ်။ ၉၀ ရွေးကောက်ပွဲတုန်းကလဲ ဒေါ်စုမပါဘူးတဲ့။ ခု ဒေါ်စုမပါလဲ ဖြစ်တယ်ဆိုတဲ့ အချိုးမျိုးနဲ့ ပြောနေကြတာ။ နိုင်ငံတခုကို ခေါင်းဆောင်လုပ်ချင်တဲ့လူက ဦးနှောက်နဲ့ အသိဥာဏ်နဲ့ ခုထွက်လာတဲ့ဥပဒေကို မဖတ်ကြဘူးလားလို့ပဲ မေးလိုက်ချင်တော့တယ်။

၉၀ ရွေးကောက်ပွဲဥပဒေတုန်းက ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ရှိနေတယ်။ ပါတီက ကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းတဲ့အခါမှာ ခွင့်ပြုချက်မရတာ။

ခု ၂၀၁၀ရွေးကောက်ပွဲ ဥပဒေမှာက ခုနလို ပါတီကိုယ်စားလှယ်လောင်းအဖြစ် အမည်တင်သွင်းဖို့ နေနေသာသာ ပါတီဝင်ဖြစ်ခွင့်တောင် မရှိတာ ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လက်ရှိ အကျဥ်းထောင်ထဲက လူတွေ မပါရဘူး ပါရင် ပါတီဖွဲ့ခွင့်မရှိ၊ ပါတီမှတ်ပုံတင်ခွင့်မရှိ၊ ကိုယ့်ပါတီအတွင်းရေးကိုတောင် ၀င်ရောက်စွက်ဖက်ထားတဲ့ ဥပဒေတွေ ထုတ်ထားတဲ့ ဒီကော်မရှင်မှာ ပါတီမှတ်ပုံတင်ဦးမတဲ့၊

ဦးခင်မောင်ဆွေ ရှင့်။
ဖင်ကုန်းအောင် ဦးချတဲ့အပြင် ရှင့်ကို မဲပေးထားတဲ့ ပြည်သူတွေရဲ့ လည်မျိုကိုပါ တက်နင်းခိုင်းနေပါလား။

ဒီနေ့ ဒီအချိန်မှာတော့ ခုလိုဖြစ်သွားတဲ့အတွက် နအဖကို ကျေးဇူးတင်နေမှာပါ။ ရှေ့ဆောင်ပါတီလို့ ယုံကြည်ထားတဲ့ ပါတီမှာ ဒီလိုလူမျိုးတွေ များနေတာကို နှစ် ၂၀ မှာ သိလိုက်ရတဲ့အတွက်ပေါ့။ တင်ချင်တဲ့လူတွေ တင်ကြပါ။ ၀င်ချင်တဲ့လူတွေ ၀င်ကြပါ။ ပြည်သူတွေရဲ့ စေတနာ စူးပါလိမ့်မယ်။

ကျမတို့ပဲ သိတဲ့ ပါတီဖျက်ဆီးခံနေရမှုတွေကို တဆစ်ချင်းဖေါ်ထုတ်ပြရဦးမှာပေါ့။
ဦးအောင်ရွှေဆိုတာ ၁၉၉၀ ရွေးကောက်ပွဲ ပြီးလို့ ကျမတို့ ထောင်ကျနေချိန် ၁၉၉၁ ခု နှစ်စမှာ ဦးတင်ဦး၊ နှစ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ၊ ၁၉၉၂ နှစ်စမှာ ဦးဝင်းတင်တို့ကို ဦးအောင်ရွှေ ကိုယ်တိုင် ပါတီက ထုတ်ပစ်ခဲ့တာပဲ။ အဲဒီတုန်းက ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ တိုင်းစည်းတွေ မြို့နယ်စည်းတွေ အမတ်တွေ တော်တော်များများကိုလဲ သူ့ကို အာခံတဲ့အတွက် သူက ထုတ်ပစ်ခဲ့တယ်။ ဒါဟာ သမိုင်းပါ ။ ဘယ်တော့မှ ဖောက်ဖျက်လို့မရဘူး။

၁၉၉၂ မေလ မှာ ကျမတို့ ထောင်ကထွက်လာတဲ့အခါ ပါတီရုံးကို ပြန်သွားတော့ ထောင်ကျတွေကို ပါတီက ပြန်လက်မခံဘူး။ ပါတီမှာလဲ မျက်နှာစိမ်းတွေ ရောက်နေတယ်။ မျက်နှာစိမ်းတွေလို့ ပြောရတာက ပါတီစည်းရုံးရေးဆင်းချိန်တွေ၊ မဲဆွယ်ချိန်တွေတုန်းက တခါမှ မတွေ့ဖူးသူတွေ။ သူတို့တွေက နေရာတွေ ယူပြီး ကိုယ့်ရုံးကို ကိုယ်ပြန်သွားတာတောင် မသိသူတွေ လို ဆက်ဆံခံခဲ့ရတာ အဲဒီကာလ ထောင်ကထွက်သူတွေ ခံစားရဖူးမှာပါ။ အဲဒီမျက်နှာစိမ်းတွေဟာ ပါတီမှာ အပတ်စဉ် အစည်းအဝေးထိုင်တာကအစ အသေးစိတ် ထောက်လှမ်းရေးကို အစီရင်ခံကြပါတယ်။ ထောက်လှမ်းရေးက ကျမတို့ တုန်းကလို ရုံးရှေ့ကနေ လာစောင့်ကြည့်စရာ မလိုဘူး။ ဒီနေ့ ဒီရုံးကို ဘယ်သူလာတယ် ဘယ်သူနဲ့ စကားပြောတယ် ဘာအကြောင်းကို ဘယ်လောက်ကြာအောင် ပြောတယ်ဆိုတာကအစ ရီပို့ တင်ဖို့ အချောသတ်ထိ ရပါတယ်။ အဲဒီလို ဖြစ်သွားအောင် လုပ်တဲ့ တရားခံဟာ ဦးအောင်ရွှေနဲ့ အပေါင်းပါတွေပါ။

အဲဒီနောက် အမျိုးသားညီလာခံတက်တဲ့ ကိစ္စမှာ ထပ်ကွဲပြန်တယ်။ လုံးဝမတက်သင့်တဲ့ ကိစ္စကို ဦးအောင်ရွှေခေါင်းဆောင်ပြီးတက်ပါတယ်။ မတက်ဖို့ ကန့်ကွက်သူတွေကို တခါထုတ်ပစ်ပြန်ပါတယ်။

နောက် အန်တီပြန်လွတ်လာတဲ့ ၁၉၉၅ မှာ အားလုံး ပြန်လက်ခံပြန်ပါတယ်။ သူတို့တက်နေတဲ့ အမျိုးသားညီလာခံကလဲ ပြန်ဆုတ်ခွာလာပြန်တယ်။

နောက် ပါတီထဲမှာ အန်တီလွတ်လာတော့ အထုတ်ခံခဲ့ရပေမယ့် မနာနိုင်ကြပဲ အလုပ်လုပ်ပေးချင်တဲ့ လူတွေက မနေနိုင်ပဲ ပြန်သွားလုပ်ပေးကြတော့ ခုန၀င်နေတဲ့ လူတွေရဲ့ အရိပ်အခြေတွေ ခြေလှမ်းတွေကို ဟန့်တားဖို့ ကြိုးစားကြရပါတယ်။

အဲဒီအခါမှာ ပါတီစီစစ်ရေးဆိုပြီး အဖွဲ့ဖွဲ့ပြီး ပါတီထဲက နအဖကို အာခံမယ့်လူတွေကို အပြစ်ရှာ ထုတ်ပြန်ပါတယ်။ ကျမတို့ မြို့မှာဆို ပါတီမြို့နယ်ရုံးကို အမတ်တွေ၊ ရုံးအဖွဲ့ဝင်တွေက တလ ဘယ်လောက်ဆိုပြီး ငွေထည့်ဝင်ပြီး ဖွင့်တာပါ။ ဘယ်သူ့အထောက်အပံ့နဲ့ မှ လုပ်တာမဟုတ်ပါ။ လူမှုအထောက်အကူပြုအဖွဲ့လဲ အဲဒီတိုင်းပါပဲ။ ဒါပေမယ့် ထောင်ထဲက လူနေမကောင်းလို့ ဆေးဝယ်ပေးချင်လို့ ငွေလေး ၅၀၀ လောက်ထုတ်ဖို့အရေးကို အိအ ဂျိဂျ လုပ်နေတာနဲ့ ကိုယ့်ဖာသာ ကိုယ့်လူအချင်းချင်း စုစည်းပြီး စိုက်ထုတ်လုပ်တော့ လှုမှုအထောက်အကူပြု အဖွဲ့ကို အာခံတယ်လို့ စွပ်စွဲပြန်တယ်။ သူတို့ကို ဝေဖန်တဲ့ သူတွေကို အစည်းအဝေး အကြိမ်ကြိမ်ဖိတ်သော်လည်း မတက်ရောက်ပါ ဆိုပြီး ထုတ်ပြန်ပါရော။

တကယ်မဟုတ်တဲ့ လုပ်ဇာတ်တွေနဲ့ ပါတီကနေ ထုတ်ပစ်ခံရတဲ့ အမတ်တွေ ပါတီဝင်တွေ မြို့နယ်တိုင်းမှာ ရှိပါတယ်။ ဒါ လက်တွေ့ဖြစ်ခဲ့တာပါ။ ဒီလုပ်ရပ်တွေကိုလဲ ဦးအောင်ရွှေနဲ့ အပေါင်းပါတွေက လုပ်ခဲ့တာပါပဲ။

ပါတီအတွက် ဘာမှ မလုပ်ခဲ့ဘူးတဲ့ လူတွေက ပါတီစီစစ်ရေးဖွဲ့ပြီးမွှေလိုက်တာ ပါတီမှာ တကယ့်စိတ်ရင်းနဲ့ လုပ်နေတဲ့လူတွေ ကုန်သလောက်ရှိခဲ့ပါလေရော။
ပါတီဌာနချုပ်မှာ စည်းဝေးပွဲ လုပ်တော့ အဲဒီမဟုတ်တာလုပ်နေတဲ့ ပါတီစီစစ်ရေးအကြောင်း တိုင်ဖို့ ကျမတို့ ဧရာဝတီတိုင်း အမတ်တွေ တိုင်းစည်းတွေက( ၁၁ဦး လား ၁၅ ဦးလား ခု နာမည်ရေကြည့်တာ သေချာမမှတ်မိတော့ဘူး) တိုင်စာရေးပြီး ဗဟိုတင်မလို့ လုပ်လဲလုပ်ရော ဗဟိုကို တိုက်ရိုက်တင်ခွင့်မရှိတဲ့။ အဲဒီပါတီစီစစ်ရေးအဖွဲ့ကို အရင်တင်ရမတဲ့။ ကဲ ဒီတော့ ဘယ်သူက တင်တော့မလဲ အားလုံးစည်းဝေးပွဲ ဆက်မတက်ပဲ ပြန်လာလိုက်ကြတာပေါ့။ နောက်ဆက်တွဲကတော့ အကုန်လုံးကို ပါတီကထုတ်ပစ်လိုက်တာပါပဲ။ ဖြစ်ပုံများကတော့လေ ဦးအောင်ရွှေတို့ ဖျက်ဆီးခဲ့ပုံတွေထဲက တစိတ်တဒေသ။

ပါတီမှာ ကျင်းပနေကျ အာဇာနည်နေ့ကို သေချာသွားမေးတော့ မလုပ်ဖူးဆိုလို့ လုပ်မှဖြစ်မယ် လုပ်ကိုလုပ်မယ်ဆိုတဲ့ လူတွေက ကိုယ့်အချင်းချင်း ပိုက်ဆံစုပြီး အာဇာနည်နေ့ ကျင်းပဖို့ ဟင်းရည်အိုးတွေတည် ကိုယ့်လူချင်းချင်း ဖိတ်ကြား ဒီလိုလုပ်တော့ ခုန သွားမေးတုန်းက မလုပ်ဘူးပြောတဲ့ NLD မြို့နယ်စည်းတွေက ထောက်လှမ်းရေးကို လှမ်းအကြောင်းကြားပြီး ညဘက် ဟင်းရည်အိုးတည်နေချိန် အကုန်လာဖမ်းသွားပါရောလား။ မုန့်ဟင်းခါးက ဘယ်လောက်ဖိုးလဲ ဆိုပြီး အဲဒီ ၂၀၀၄ တုန်းက ကျပ်လေးသောင်းဖိုး ကို ထောက်လှမ်းရေးက ပြန်ပေးပြီး အာဇာနည်နေ့ ကျင်းပခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ ညဘက် ဖြစ်တာ မသိလိုက်တဲ့ ပါတီဝင်တချို့ မနက်ဘက် ဘုန်းကြီးကျောင်းလာတော့ ဆိုင်းဘုတ်မှာ ဌာနတခုက ၀ါဆိုသင်္ကန်းကပ်ပွဲ ဆိုတာကြီး ဖြစ်နေလို့လေ။ အရင်ရောက်နေတဲ့လူတွေက လက်တို့ ပြီး ပြန်ခိုင်းရသလို ဘုန်းကြီးကျောင်းလာရာလမ်းဆုံ ၂ဘက်ကနေ လူတွေစောင့်ပြီး ပြန်ခိုင်းခဲ့ရတယ်။ အံမယ် အဲဒီထောက်လှမ်းရေး သတင်းပေးတွေက ဘုန်းကြီး ၁ပါးလောက်ပဲ ရှိတဲ့ ချောင်ကျကျက ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ပြီး အာဇာနည်နေ့ လုပ်တယ်၊ ပြီးတော့ သူတို့ လုပ်မယ့် အာဇာနည်နေ့ကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ အုပ်စုဆိုပြီး တိုင်လိုက်လို့ အဲဒီအဖြစ်အပျက်နဲ့ ၅ ယောက်တိတိ ပါတီက တနှစ် အထုတ်ခံရပါရောလေ။

အတိုင်ခံရသူတွေက အသနားခံစာတင်ဖို့ လုပ်နေလို့ ကျမက ဟဲ့ နင်တို့မှန်နေတာကို ဘာလို့အောက်ကျခံမလဲ NLD က လက်မခံလဲ အပြင်ကနေ လုပ်လို့ရတဲ့ အလုပ်တွေ အများကြီးလို့ ပြောပြီး အားပေးခဲ့ရသေးတယ်။

ကျမတို့ ဧရာဝတီတိုင်းမှာ တကယ်ဖြစ်ခဲ့တာ နောက်တခု ရှိပါသေးတယ်။ အမျိုးသမီး တိုင်းတာဝန်ခံပေးထားတဲ့ ခင်လှဌေးဆိုတဲ့တယောက်က ကျုံပျော်အမတ် ဦးတင်ရဲ့ အသက် ၉၀ ပြည့် မွေးနေ့ပွဲကို တက်တော့ သူ့မောင်လေးဆိုပြီး ထောက်လှမ်းရေးကို ခေါ်သွားတယ်။ အဲဒါထောက်လှမ်းရေးဆိုတာ သိတော့ အထက်က အဲဒီဦးအောင်ရွှေတို့ ဦးလှဖေတို့ကိုတိုင်ပါတယ်။ ဦးလှဖေဆိုတာက အဲဒီ ခင်လှဌေးတို့ရဲ့ ပဏ္ဍာစားတွေလေ။ အဲဒီအခါ ခင်လှဌေးက သူခေါ်တဲ့ လူမဟုတ်တဲ့တခြားတယောက်ကို ခေါ်သွားပြီး သူ့မောင်ကို သူခေါ်တာ မနာလိုသူတွေက သက်သက်မဲ့ နာမည်ဖျက်တယ်ပေါ့ (သူတို့ လုပ်ခဲ့တဲ့အချိုးမျိုး) ဖြေရှင်းတယ်။ အဲဒီအခါမှာတော့ တိုင်တဲ့ဘက်ကလဲ ဓါတ်ပုံတွေ ဗွီဒီယိုတွေ နဲ့ သက်သေ ထပ်တင်သပေါ့။ ဒီတော့ အမှုက လယ်ပြင်မှာ ဆင်သွားခဲ့လေပြီပေါ့။ အပြစ်ပေးလိုက်တယ် တနှစ် ပါတီက ထုတ်လိုက်တယ်ပေါ့။ တနှစ်ပြည့်သွားတော့ သူ့နေရာ သူပြန်ပေးထားသတဲ့။ ဒီလိုဖြစ်နေတဲ့ ပါတီမှာ တကယ်အလုပ်လုပ်သူတွေ ဘယ်နေနိုင်ပါ့မလဲ။
တခြားတိုင်းတွေတော့ မသိပါဘူး ကျမရဲ့ ဧရာဝတီတိုင်းမှာတော့ ဦးအောင်ရွှေရဲ့ လူတွေ စီးထားတာ ခံနေရာလက်တွေ့ပါ။
(ဒီမှာ အမတ်တွေ တိုင်းစည်းတွေ မြို့နယ်စည်းတွေရဲ့ နာမည်တွေ အကုန်ထည့် မရေးပေးပါဘူး။ တချိန် ပြန်ရှင်းကြတဲ့အခါမှာတော့ ဒါတွေကို တိတိကျကျ ဖော်ထုတ်ပေးမှာပါ)

ဒါတွေက နမူနာတင်ပြချက်တွေပါ။ NLD ကို သိပ်မမျှော်လင့်ကြဖို့နဲ့ ခုရှိနေတဲ့ လူတွေရဲ့ အဖြစ်သနစ်ကို မီးမောင်းတချက်ထိုးပြလိုက်တာပါ။ စစ်အာဏာရှင်ကို ဖီဆန်ရဲသူကိုသာ မြန်မာပြည်သမိုင်းက အလိုရှိတာပါ။ မြန်မာပြည်သူတွေက အလိုရှိတာပါ။

တကယ်လို့ ဦးအောင်ရွှေ ဦးခင်မောင်ဆွေတို့လို ပါတီမှတ်ပုံတင်မယ့် လူတွေအနေနဲ့လဲ ခုချိန်မှာဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်မယ် ၊ ပြည်သူတွေနဲ့ တသားတည်း ရှိကြောင်းပြနိုင်မယ် ဆိုရင်တော့ နောက်လာမည့် မြန်မာ့သမိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ပြည်သူတွေကို ဘယ်လိုဦးဆောင်လာခဲ့တယ်ဆိုတဲ့ စာသားမျိုးကို မျိုးဆက်သစ်တွေက ကျက်မှတ်ဖတ်နေရဦးမှာပါ။ တလျှောက်လုံး ကျူးလွန်ခဲ့တဲ့အမှားတွေဟာ စေတနာအမှားတွေ အဖြစ် ပြောင်းလဲ သွားနိုင်ပါသေးတယ်။ အချိန်က သိပ်တော့ မကျန်တော့ပါဘူး လာမယ့် ၂၉ ရက်ထိဆိုတဲ့ ကန့်သတ်ချက်နဲ့ပါ။ ပြည်သူဖက်ကို မျက်နှာမမူတော့ဘူးဆိုရင်တော့
ဒီလိုလူမျိုးတွေအတွက် နှမြောစရာမလိုသလို သူတို့ မရှိလဲ အာဏာရှင်ဖြုတ်ချရေး တိုက်ပွဲတွေက ဆက်ရှိနေဦးမှာပါ။

စစ်အာဏာရှင်စနစ်မုချ ကျဆုံးရမည်။

ခင်မင်းဇော်

ရင်းမြစ်။ ။http://khinminzaw.blogspot.com/2010/03/blog-post.html

ခေတ်ရဲ့သားကောင်

ကျမ သူမကို စတွေ့တာက မယ်တော်ဆေးခန်းက HIV လူ နာတွေကိုထားတဲ့ အခန်းမှာပါ။ ကျမစိတ်ထဲမှာ ထူးဆန်း သွားတာက သူမမှာ နေ့စေ့လစေ့ကိုယ်ဝန်နဲ့ မို့လို့ပါ။ သူမ ကိုကြည့်ရတာ အသက်လည်းငယ်ပုံရပါတယ်။


သူမမျက်နှာမှာ ငယ်ရွယ်သူတို့သဘာဝ လွတ်လပ်ပျော်ရွှင်မူ ကိုမတွေ့ရပါဘူး။ သူမမျက်နှာဟာ ရာသီဥတုဒဏ်ကြောင့် ညိုးနေတဲ့ ပန်းဖူးနုနုလေးနဲ့ တူပါတယ်။ သူမဘာကြောင့်ဒီ လောက် ပူဆွေးနေတာလဲ၊ တကယ်ဆိုရင် သူမအရွယ်က ပျော်ရွှင်တက်ကြွနေရမှာ။ သူမဘာတွေဖြစ်ခဲ့လဲ ဘ၀ကို ဘယ်လိုဖြတ်သန်းလာရလဲ ဆိုတာကို သိချင်လာပါတယ်။

ပထမတော့ သူမဖြေချင်ပုံမရပါဘူး။ သူမ ယုံကြည်လာအောင် စည်းရုံးရပါတယ်။ ယုံကြည်တော့မှ သူမရဲ့ ဖြတ်သန်းခဲ့ရတဲ့အကြောင်း ကိုပြောပြပါတယ်။

သူမ ငယ်ငယ်ကတော့ မော်လမြိုင်မှာ နေတယ်တဲ့။ နောက်တော့ ရန်ကုန်ကိုပြောင်းလာတယ်။ တောင်ဒဂုံ ၅၆ ရပ်ကွက်မှာနေတယ်တဲ့။ အခုသူမ အသက် ၁၇ နှစ်ပြည့်တော့မယ်။

သူမ ၀မ်းနည်းပမ်းနည်း ပြောပြတာက ရန်ကုန်ရောက်တော့ အဖေက ဆောက်လုပ်ရေးတခုမှာ အလုပ်ဝင်လုပ်တယ်။ ပထမပိုင်းတုန်း ကအဆင်ပြေတယ်။ နောက်တော့ ကန်ထရိုက်က အိမ်တွေမရောင်းရတော့ ဆိုဒ်တွေကို ရပ်ပြစ်လိုက်တယ်။ ဒီတော့ အဖေလည်းအ လုပ်ပြုတ်သွားတယ်။ ဒီတော့ အဖေကရပ်ကွက်ထဲမှာ ပန်းရံတို့လက်သမားတို့ လိုက်လုပ်တယ်။ အမေက ရာသီပေါ်စာတွေရောင်း တယ်။ ဒါပေမဲ့ မိသားစုအသုံးစရိတ် မလောက်ငပါဘူး။ ကျမအောက်မှာက မောင်တယောက် ညီမတယောက်ရှိတယ်။ ဒီတော့ကျမ ၇ တန်းနဲ့ ကျောင်းထွက်လိုက်ရတယ်။

အဖေက ပိုက်ဆံမလောက်တိုင်း ငွေချေးရတာပေါ့။ အမေ အရင်းပြုတ်ရင်လည်း ငွေချေးရတာဘဲ။ ဒီတော့ အကြွေးပေါ်အကြွေးထပ် လာတယ်။ အတိုးကလဲ ၂၀ တိုးဆိုတော့ ဆပ်မနိုင်တော့ဘူး။ ကျမအဖေကို ငွေချေးတာက ဒုရဲအုပ်တယောက်။

အဖေ မဆပ်နိုင်တော့မှန်းသိတဲ့ ဒုရဲအုပ်က အဖေ့ကိုပြောတယ်။ ကျမကို တရုတ်ပြည်မှာ အိမ်ဖော်လုပ်မလားတဲ့။ ၁ နှစ်လောက်ဆိုရင် အကြွေးကြေတဲ့အပြင် အရင်းအနှီးတောင်ရမယ်တဲ့။ ကျမ စိတ်ဝင်စားသွားတယ်။ ကျမက ကုန်စုံဆိုင်လေးဖွင့်ချင်တာ။ ကျမတို့ရပ် ကွက်က လက်လုပ်လက်စားတွေချည်းပဲ။ သူတို့က အလုပ်ပြန်မှ ဆန်၊ ဆီ၊ ငရုတ်ဝယ်ပြီး ဟင်းချက်ကြတာ။ ကျမတို့ စောင့်ရောင်းရင် အရမ်းရောင်းရမှာ။ ဒါကြောင့် ကျမသွားမယ်လို့ အဖေ့ကို ပြောလိုက်တယ်။

အဖေက ကျမသွားမယ်ဆိုတော့ ၀မ်းသာသွားရှာတယ်။ ဘာပဲဖြစ်ဖြစ် အဖေတို့ အသက်ရှူချောင်သွားမယ် မဟုတ်လား။ နောက်တနေ့ ငွေရှင် ဒုရဲအုပ်မိန်းမက ကျမကို လာခေါ်တယ်။ သူနဲ့ မြစ်ကြီးနား သွားရမယ်တဲ့။ ကျမမှာ မှတ်ပုံတင်မရှိဘူး။ ဒါကြောင့်ဒုရဲအုပ်က ခရီး သွားဖို့ ထောက်ခံစာ လုပ်ပေးတယ်။

မြစ်ကြီးနားရောက်တော့ အိမ်တအိမ်ကိုခေါ်သွားတယ်။ အဲဒီအိမ်မှာကျမထက် စောရောက်နေတဲ့မိန်းကလေး ၅ ယောက်ရှိတယ်။ ကျမ ကအငယ်ဆုံး အကြီးဆုံးက ၂၂ နှစ်။ အဲဒီအိမ်မှာ ကျမတို့ တညတည်းရတယ်။ နောက်တနေ့ မနက်မှာ ကျမတို့အားလုံးကို မြန်မာ မနှစ်ယောက်။ တရုတ်တယောက်က လာခေါ်တယ်။

တရုတ်ပြည်ကိုရောက်တော့ ကျမတို့ ၆ ရောက်လုံးကို အခန်းတခုထဲမှာ ထည့်ပိတ်ထားတယ်။ ကျမကို ပထမဦးဆုံး လာခေါ်တယ်။ ပြီး တော့ စက်ကြီးတခုထဲကို ၀င်ခိုင်းတယ်။ ကျမကို လာခေါ်တဲ့ ဗမာမက နင့်ကို ၁၅ နှစ် ဟုတ်မဟုတ် စစ်တာတဲ့။ ကျမအသက်ကိုလည်း စစ်ပြီးရော အသက် ၃၅ နှစ်လောက်ရှိတဲ့ တရုတ်တယောက်နဲ့ ထည့်ပေးလိုက်ပါတယ်။

ကျမက အိမ်ဖော်လုပ်ဖို့လာခေါ်တယ်လို့ပဲ ထင်ပါတယ်။ အမှန်က ကျမကို မယားအဖြစ် လာခေါ်တာပါ။ သူ့အိမ်ရောက်တော့ ကျမကို မယားအဖြစ် ပေါင်းသင်းပါတယ်။ မင်္ဂလာဆောင်ပြီးတော့ ကျမရဲ့ လက်ဗွေပါတဲ့ ကဒ်ပြားတခုထုတ်ပေးပါတယ်။ မနက် ဆိုရင် ၄ နာရီ အိပ်ရာကထရပါတယ်။ အဲဒီအိမ်မှာ ရှိနေတဲ့လူတွေရဲ့ ဝေယျာဝစ္စကို လုပ်ရပါတယ်။ ညဆိုရင်လည်း ၁၁ နာရီ ကျော်လောက်မှ အိပ်ခွင့် ရပါတယ်။

ဒီလိုနဲ့ ကျမရောက်တာ ၆ လကျော်လောက်ရှိပါပြီ။ ကျမကိုယ် ကျမ သတိမထားမိပါဘူး။ ဒါပေမဲ့ ဆေးစစ်မယ်ဆိုပြီး ဆေးရုံခေါ်လာ တော့ကျမမှာ ကိုယ်ဝန်ရှိနေပါတယ်။ ဘာကြောင့် ဆေးစစ်တာမှန်း သေချာမသိပါဘူး။

ကိုယ်ဝန်ရှိနေမှန်းသိတဲ့ အချိန်ကစပြီးကျမကို တလတကြိမ်ဆေးစစ်ပါတယ်။ ပြီးတော့ ဘာကြောင့်မှန်းမသိရဘဲ အရမ်းကိုစောင့်ကြည့် နေပါတယ်။

ကျမနေရတာ အရမ်းကျဉ်းကျပ်နေပါတယ်။ ကျမဆက်ပြီးနေချင်စိတ် မရှိတော့ပါ။ ဒီလိုနဲ့ သူတို့လစ်တဲ့ခဏလေးမှာ ကျမပထမဦးဆုံး အကြိမ်ထွက်ပြေးခဲ့ပါတယ်။ လမ်းပေါ်ရောက်တော့ ကျမဘယ်သွားလို့ ဘယ်လာရမှန်းမသိပါဘူး။ အူကြောင်ကြောင်ဖြစ်နေတုန်းတ ရုတ်ရဲရောက်လာပြီး ကျမကိုဖမ်းပါတယ်။ ရဲစခန်းမှာရှာဖွေစစ်ဆေးတော့ ကျမဆီက သက်သေခံကဒ်ပြားကိုတွေ့ပြီး ကျမယောက်ျားအိမ် ကိုပြန်ပို့ပေးပါတယ်။ ကျမအိမ်ကိုပြန်ရောက်တော့ သူတို့မိတ်ဆွေရဲ့မိန်းမ (ဗမာအမျိုးသမီး) ကိုခေါ်ပြီး စကားပြန်လုပ်ခိုင်းပါ တယ်။

သူက `ကျမကို ကလေးအရင်မွေးပါ။ ပြီးရင်ထားခဲ့ အဲဒီအချိန်ကျ နင်ပြန်ချင်ရင်ပြန်ပို့မယ်´ လို့ပြောပါတယ်။ ကျမလည်းအခွင့်အရေးရ တုန်း ကျမကိုအမနဲ့ ဆက်သွယ်ခွင့်ပေးပါ။ ကျမနေမကောင်းတော့ အားငယ်တယ်´ လို့ပြောပြီး အမကိုဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် ကိုတောင်းထားလိုက်ပါတယ်။ နောက်တော့ အိမ်ကလူတွေလစ်တိုင်း အမဆီခိုးပြီး ဖုန်းဆက်ပါတယ်။ ပထမတော့အဲဒီအမကသူ့ဆီ ဖုန်းဆက်တာကို မကြိုက်ပါဘူး။ တဖြေးဖြေးနဲ့မှ သူကျမကိုသနားလာတော့ ကျမရဲ့အဖြစ်မှန်ကို သူကပြောပြပါတယ်။

ကျမယောက်ျားက HIV ပိုးရှိတဲ့လူတဲ့။ ဒါကြောင့်ကျမကို ဆေးခဏခဏစစ်နေတာတဲ့။ အရင်ကလည်း ဗမာမတွေကိုယူခဲ့ဘူးတယ်။ ရော ဂါကူးရင် သတ်ပစ်လိုက်ရောတဲ့။

HIV ဆိုတာဘာမှန်း ကျမမသိပါဘူး။ ဘယ်လိုကူးလည်း ကျမမသိပါဘူး။ ဒါပေမယ့် ကျမကိုသတ်ပစ်မှာကိုတော့ ကျမကြောက်ပါ တယ်။ ဒါကြောင့် ကျမကိုကူညီဖို့ အသနားခံရပါတယ်။ အဲဒီအမကပဲ ကျမမှာရှိတဲ့ကဒ်ကို မီးရှို့ပစ်ဖို့ ထွက်သွားပြီးရင် ရဲစခန်းတခုထဲကို ၀င်ပြီး အကူအညီ တောင်းဖို့ တရုတ်စကားနဲနဲပါးပါး သင်ပေးလိုက်ပါတယ်။ ဒီနောက်ပိုင်း ကျမအမဆီကို ဖုန်းမဆက်တော့ပါဘူး။ ကျမ ထွက်ပြေးရင် သူပါဒုက္ခရောက်မှာ စိုးရိမ်လို့ပါ။

ကျမ နောက်ထပ် ထွက်ပြေးတော့ အမပြောတဲ့အတိုင်း လိုက်နာခဲ့ပါတယ်။ ကျမကို နယ်စပ်ကလူကုန်ကူးမှု ထိန်းသိမ်းရေးစခန်းကိုပို့ လိုက်ပါတယ်။ အဲဒီစခန်းရောက်တော့ ကျမကိုဆေးစစ်ပါတယ်။ ကျမရဲ့သွေးအဖြေမှာ HIV ပိုးရှိနေပြီးတဲ့။ ကျမဗိုက်ထဲကကလေးက ယောက်ျားလေးတဲ့။ ကျမ ဘာမှမတတ်နိုင်ပါဘူး။ အဲဒီစခန်းမှာ ကျမလိုပဲလူကုန်ကူးခံရတဲ့ မိန်းကလေးတွေ ၂၀ လောက်ရှိတယ်။ အဲဒီ စခန်းမှာ ကျမ ၂ ပတ်လောက်နေလိုက်ပါတယ်။ စခန်းထဲမှာ ကျမတို့မကြာခဏ စစ်ဆေးခံရတယ်။ ပြီးတော့ကျမတို့ကို နေပြည်တော်က လူကုန်ကူးမှုတွေထားတဲ့ အကျဉ်းစခန်းထဲမှာထားတယ်။ အဲဒီစခန်းကို စစ်သားတွေကစောင့်တယ်။ စောင့်တဲ့စစ်သားတွေက ကျမတို့ကို နင်တို့ထောင်ကျနေပြီ ဒီတော့ ငါတို့နဲ့လင်မယားလိုနေကြရအောင်တဲ့။ ကျမကကိုယ်ဝန်နဲ့ဆိုတော့ ငြင်းလိုက်တယ်။ တချို့ တွေကတော့ နေကြတယ်။ စစ်သားတွေနဲ့ပေါင်းတဲ့ မိန်းမတွေကတော့ အနေအစားချောင်ကြတယ်။

ကျမကတော့ တော်တော်ဒုက္ခရောက်တယ်။ သူတို့ကျွေးတာကိုကျမ မစားနိုင်ဘူး။ ဒီလိုနဲ့ကျမ ကိုယ်ဝန်လပိုရင့်လာတယ်။ အဲဒီစခန်း ကို အုပ်ချုပ်တဲ့စစ်ဗိုလ်က ကျမကိုပြောတယ် `နင့်ကိုမွေးပေးဖို့ ငါတို့မှာပိုက်ဆံမရှိဘူး။ ဘယ်လက်သည်မှ လည်နင့်လို HIV ကိုမွေး ပေးမှာမဟုတ်ဘူး။ ဒီတော့ နင့်ကိုငါတို့လွှတ်ပေးလိုက်မယ်။ နင်ပြေးပေတော့တဲ့။ ပြီးရင်မြ၀တီကိုရောက်အောင်သွား မြ၀တီရောက်ရင် တဘက်ကမ်းကိုကူး။ အဲဒီမှာ မယ်တော်ဆေးခန်းဆိုတာရှိတယ်။ HIV တွေကိုဆေးကုပေးတယ်တဲ့။ ဒါကြောင့်ဒီကို ကျမရောက်လာ တာ။ ကျမသိချင်တာလေးကို သူမကို မေးလိုက်ပါတယ်။ `သမီးက မွေးပြီးရင် ကလေးကို ပြန်ခေါ်သွားမှာလား။

ဒီတော့ သူမက `မခေါ်ချင်ဘူး အန်တီ။ ကျမက သက်ဆိုးရှည်မှာမဟုတ်ဘူး။ ဒီတော့ ကလေးဒုက္ခရောက်မယ်။ ကျမ အဖေနဲ့အမေသိ ရင်လည်း စိတ်ချမ်းသာမှာမဟုတ်ဘူး။ သေချာမွေးမယ့် လူရှိရင်တော့ပေးချင်တယ်။ ကျမကလေးကိုထားပြီးထွက်မပြေးပါဘူး။ ကလေး ကို ဘယ်သူခေါ်သွားလည်းဆိုတာ သေချာသိချင်ပါတယ်။´

အော်…. သူမမှာ မိခင်တော့စိတ်တော့ ရှိသားပဲ။ တကယ်ကတော့ မြန်မာပြည်သားတွေ ဆင်းရဲမွဲတေတာကြောင့် လူကုန်ကူးသူတွေ ရဲ့ပစ်မှတ်က မြန်မာပြည် ဖြစ်လာပါတယ်။ နအဖ က ဘယ်လိုပဲ လူကုန်ကူးမှုတွေပပျောက်အောင် လုပ်နေပါတယ်ပြောပြော။ အမှန်တ ကယ်က လူကုန်ကူးမှုတွေရဲ့ အဓိကလက်သည်က နအဖ စစ်အစိုးရကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

ခင်ငြိမ်းသစ်

Photo by..fineartamerica.com

ရောင်ခြည်ဦး အလုပ်သမားရေးရာဂျာနယ်၊ ဖေဖော်ဝါရီလ ၂၀၁၀ ခုနှစ်၊ အတွဲ (၃) ၊ အမှတ် (၂) မှ ကူးယူဖေါ်ပြသည်။

ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အစိုးရက ကြေညာလိုက်ပြီ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက်လို့ မရှင်းလင်းတာတွေကြောင့် ရွေးကောက်ပွဲဝင်ဖို့ လိုလားသူတွေ ပါတီ မှတ်ပုံတင်ဖို့ အခက်ကြုံနေပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲဥပဒေပါ အကန့်အသတ်တွေကြောင့် အရင်တုန်းက ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူတွေအဖို့ ပါတီထောင်ဖို့ တွန့်ဆုတ်နေကြပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက စုံစမ်း မေးမြန်းထားပါတယ်။

မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ အချပ်ပို ဆိုပြီးတော့ နိုင်ငံရေးပါတီများဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စပြီး ကြေညာနေပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတွေ မစနိုင်သေးတာကြောင့်ရော၊ သတင်း အချက်အလက် တွေ ရှုပ်ထွေးနေတာကြောင့်ရော နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စတွေမှာ နှောင့်နှေးနေရတယ်လို့ ဒီမိုကရက်တစ်ပါတီ ဆိုပြီး နိုင်ငံရေးပါတီတခုထောင်ဖို့ ပြင်နေတဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု က ပြောပါတယ်။

"မှတ်ပုံတင်လို့ရပြီဆိုတာ မနေ့တုန်းက တခါ မြန်မာ့ရုပ်မြင်သံကြားမှာပြောသွားတော့ သူက ဗဟိုကို ဆက်သွယ်နိုင်တယ်တဲ့၊ နေပြည်တော်ကို။ ဒါပေမဲ့ ကျမတို့ စာအုပ်လေးတွေ ထွက်တာကို ဖတ်ကြည့်တော့လည်း သူက ဒီမှာ တိုင်းဒေသအလိုက် ပေါ့လေ။ ရန်ကုန်ဆိုလည်း ရန်ကုန်၊ အဲဒီမှာ ရုံးခွဲလေးတွေ ဖွင့်ပေးမယ်ဆိုတာ တွေ့ရတယ်။ တွေ့တော့ ကျမတို့က လိုက်ပြီး စုံစမ်းနေတယ်။ ဘယ်နားမှာမှန်းလည်း မသိဘူး။"

အဲဒီတော့ အဲန်တီတို့က နေပြည်တော်အထိ သွားမလား၊ အဲဒါကို စောင့်မလား။ -

"ကျမတို့ကြည့်ဦးမယ် အခုတော့။ ရှေ့အပတ်ထဲမှာတော့ ကျမတို့ ဆုံးဖြတ်ချက် ချရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်ကြာ ကျတော့ ပေးထားတဲ့ရက်နဲ့ အကန့်အသတ်ကလည်း ရှိတယ်ဆိုတော့ ကျမတို့က အဲဒီမှာ သွားတင်တာနဲ့လည်း ကျမတို့က ပါတီဖြစ်ဦးမှာမဟုတ်ဘူး။ သွားတင်ပြီးတော့ သူတို့က စိစစ်ဦးမယ်လေ။ စိစစ်မယ်ဆိုတာက ကျမထင်တာက ဒီလူက တကယ်နိုင်ငံသားဖြစ်လား၊ သူတို့ ဥပဒေအတိုင်း ပြီးပြည့်စုံလား အဲဒါတွေ ကြည့်ဦးမယ်။"

တခြား ငွေကြေးနဲ့ပတ်သက်လို့ရော ဥပမာ မှတ်ပုံတင်စရိတ်တို့၊ ကိုယ်စားလှယ်လောင်း ကိစ္စ အဲဒါတွေရော ဘယ်လိုရှိလဲ။ -

"မှတ်ပုံတင်ကြေးက သုံးသိန်းတဲ့။  ပြီးတော့ အမတ်လောင်းကတော့ ငါးသိန်းတဲ့ တယောက်ကို။ အဲဒီတော့ ကျမတို့က ငါးသိန်းဆိုတာကတော့ နည်းနည်းတော့ များတာပေါ့နော်။"

အခု ကျနော်တို့ ကြားနေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့၊ နောက် တခြား ၀န်ကြီးဌာနက ၀န်ကြီးတွေ။ သူတို့ကလည်း ပါတီတွေဖွဲ့မယ်လို့ သတင်းတွေ ထွက်နေတော့ သူတို့ရဲ့ လှုပ်ရှားမှုရော။ သူတို့ရော နိုင်ငံရေးပါတီဖွဲ့တာတွေ လုပ်နေပြီလား။

"သူတို့အတွက်ကတော့ လွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အကုန်လုံး ငွေအားဖြင့်သော်လည်းကောင်း၊ လူအား ဖြင့်သော်လည်းကောင်း ပေါ့နော်။ အကုန်လုံးက အင်အားကရှိပြီးသားလေ။ တနိုင်ငံလုံး အတိုင်းအတာနဲ့တော့ ကျမတို့က အမတ်လောင်းဝင်ချင်တာပေါ့။ ဒါပေမဲ့ ငွေ ငါးသိန်းဆိုတော့လည်း ကျမတို့ဘက်က ဘယ်လိုဖြစ်မလဲ မပြော တတ်ဘူး။"

တချိန်တည်းမှာပဲ အရင်က ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားထားသူတွေဟာ ရွေးကောက်ပွဲ ဥပဒေကြောင့် နောက်တွန့်သွား ရပါတယ်။ ကိုဖြိုးမင်းသိန်း ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ကြဖို့အတွက်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရန်ကုန်မှာ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့တဲ့သူပါ။ ဒါပေမဲ့ အခုတော့ ရွေးကောက်ပွဲဥပဒေကြောင့်မိုလို့ နိုင်ငံရေးပါတီ ထောင်ဖို့ ပြန်ပြီးစဉ်းစားနေရပြီလို့ သူက ဆိုပါတယ်။

"၂၉၊ ၃၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆွေးနွေးမယ့်အခြေအနေကို စောင့်ကြည့်ချင်တယ်။ အဲဒီရဲ့နောက်ပိုင်းကျမှပဲ register လုပ်ရေးကိစ္စကို ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတယ်။"

ဘာဖြစ်လို့လဲခင်ဗျ။ -

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ဖြတ်သန်းမှုမှာ ပါဝင်စေချင်တယ်။ အဲဒီအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်လာနိုင်ဖို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခေါင်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် လက်ရှိအကျပ်အတည်းက ပြေလည်နိုင်လိမ့်မယ်လို့ ကျနော် ထင်လို့။"

ဒေါ်သန်းသန်းနုကိုတော့ မေးကြည့်ပါတယ်။ သူတို့ ပါတီမှတ်ပုံတင်နဲ့ပတ်သက်လို့ သူတို့မှာ ရှင်းရှင်းလင်း မသိသေးဘူးလို့ ပြောပါတယ်။ နေပြည်တော်မှာ သွားလုပ်ရမလား။ ဒီဘက်မှာပဲ ရုံးတွေဖွင့်ပေးမလား ဆိုတာ မှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တကယ်တမ်း ရွေးကောက်ပွဲဝင်မယ့်သူတွေကြားထဲမှာ ရှင်းရှင်းလင်းလင်း ရှိကြပြီလား။ -

"အခုချိန်ထိ ရွေးကောက်ပွဲကော်မရှင်တွေကို ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို သူတို့ဘက်က တိတိကျကျ ဘာမှ မထွက်သေး ဘူး။ အခုဗျာ ဗဟိုကော်မရှင် ရုံးတရုံးကို ပြည်ထောင်စုကော်မတီ ရုံးတရုံးကို နေပြည်တော်မှာ ဖွင့်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အဲဒီရုံးကို အများပြည်သူ ဆက်သွယ်လို့ရပြီလား၊ မရဘူးလားဆိုတဲ့ အဖြေတောင် ကျနော်တို့ မသိရသေးဘူးပေါ့နော်။"

အဲဒီတော့ တခြား နိုင်ငံရေးပါတီဖွဲ့ဖို့အတွက် လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေရော တွေ့ရလား။ -

"နိုင်ငံရေးပါတီတွေ ထူထောင်မယ်ဆိုတဲ့ လက္ခဏာတွေတော့ ရှိနေတယ်။ ဒါပေမဲ့ အားလုံးက အခု ရွေးကောက်ပွဲဥပဒေက နည်းနည်း တင်းကြပ်တဲ့သဘောထားတွေ ရှိနေတော့ အားလုံးက ဒီအပေါ်မှာ စဉ်းစားနေကြတယ်။ တင်းကျပ်တဲ့ သဘောထား ဆိုတာကတော့ဗျာ ဥပမာ - အကျဉ်းကျခံနေရတဲ့သူတွေ မပါရတဲ့ အခြေအနေမျိုး၊ လက်ရှိ အကျဉ်းကျ ခံနေတဲ့အထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ တော်တော်များများက ဒီအထဲမှာ ရှိနေကြ တယ်။ ဥပမာ - ရှမ်းပြည်နယ်ဆိုလို့ရှိရင် ဦးခွန်ထွန်းဦး က အထဲထဲမှာရောက်နေတယ်။ ဦးခွန်ထွန်းဦး ပါတီက ဆက်လက် ရှင်သန်နိုင်ဖို့အတွက်ဆိုရင် ဦးခွန်ထွန်းဦး ရှိဖို့လိုအပ်တာပေါ့ဗျာ။"

အခုဟာက ရွေးကောက်ပွဲဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေတောင် ပြန်ပြီးတော့ စဉ်းစား လာရတဲ့သဘော ဖြစ်နေတာလား၊ ဒါဆိုရင်။ -

"ဟုတ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သူတွေတောင် အခုလက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဘာမှမပေါ်သေးတဲ့အတွက် ဘာဆက်လုပ်ရမလဲဆိုတဲ့ အခြေအနေကို အားလုံးက စောင့်ဆိုင်းပြီး အခြေအနေတခုကို သုံးသပ်နေကြတဲ့သဘောပေါ့နော်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် မှတ်ပုံတင်မတင် အခုမတ်လ ၂၉ ရက် နေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ တခြား တရားဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ တချို့ကတော့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တာကြောင့် နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ပြောထားကြပါတယ်။ 

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-19-voa4.cfm