Friday, February 12, 2010

A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိ

နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက ပြောဆိုကြသည်။


ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယခုလ ၈ - ၉ ရက်နေ့များတွင် ဆေးစစ်ခဲ့ရာ မြောက်ဒဂုံမြို့နယ် အမှတ် ၂၃ မူလတန်းကျောင်းမှ ကျောင်းသား ၈ ဦးနှင့် အမှတ် ၄ အထက်တန်းကျောင်းမှ ကျောင်းသား ၆ ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“၈ ရက်နေ့က ကျောင်းက ကလေးတွေကို စစ်ဆေးတဲ့အခါကျတော့ ၈ ဦးမှာ ပိုးတွေ့တယ်။ အဲဒါနဲ့ နောက်ရက်ကစပြီး ကျောင်းပိတ်ထားတာ။ ၃ ရက်ပေါ့နော်။ ကလေးတွေကတော့ မြောက်ဥက္ကလာပ ဆေးရုံမှာ ကုနေတယ်” ဟု အခြေခံပညာ မူလတန်းကျောင်း (အမက) ၂၃ မှ ကျောင်းဆရာမတဦးက မဇ္ဈိမကို ပြောသည်။

မြောက်ဒဂုံ အထက ၄ မှ ကျောင်းဆရာမတဦးကလည်း “ကျောင်းသား ၆ ဦးမှာ ပိုးတွေ့လို့ မြောက်ဥက္ကလာပက ဝေဘာဂီဆေးရုံမှာ ကုသနေပါတယ်။ ရောဂါကနေ သက်သာနေပါပြီ။ ဆေးဦးတယ်ပေါ့။ သတ်မှတ်ရက် ၁၀ ရက်အတွင်းတော့ ကလေးတွေက ဆေးရုံမှာ နေရမယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ဒီမှာ ဖြစ်နေတာတော့ ကျမတို့ကျောင်းရယ်၊ (အလယ်တန်းကျောင်း) အလက ၁ ရယ်၊ အမက ၂၃ ရယ်။ ဘော်ဒါဆောင်က ကလေးတွေ စာသင်နေတဲ့ ကျောင်းတွေမှာ လာဖြစ်ကုန်တဲ့ သဘောပေါ့နော်” ဟု ပြောသည်။

ကျောင်းသားများတွင် A (H1N1) ပိုး တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး မြောက်ဒဂုံ ဆေးရုံနှင့် ဝေဘာဂီ ဆေးရုံတို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျ ဝန်ထမ်းများက ဖြေကြားခြင်း မပြုခဲ့ပါ။

ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တခုမှ ကျောင်းသားများကို စစ်ဆေးကြည့်ရာ ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး ရှိပြီး၊ ပိုးတွေ့သူနှင့် သံသယရှိသူ လူနာ ၄၇ ဦးကို ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ကန်းကျွန်းစံပြ ဆေးရုံတို့တွင် ကုသပေးနေကြောင်းနှင့် မင်္ဂလာဒုံတွင်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပိုးရှိသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဖော်ပြချက်အရ မြန်မာနိုင်ငံတွင် A (H1N1) ရောဂါပိုးတွေ့ရှိသူပေါင်း ၉၈ ဦး ရှိခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးက ယခုလ ၁ဝ ရက်နေ့အထိ လက်ခံရရှိသော စာရင်းများအရ ရောဂါပိုးတွေ့ရှိသူ ၈၁ ဦး ရှိပြီဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

“ရောဂါနှိမ်နှင်းရေးအတွက် ကျနော်တို့ မြန်မာအစိုးရနဲ့ အရင်ကတည်းက ပူပေါင်း ဆောင်ရွက်နေတာပါ။ ဒီရောဂါက ဒီဇင်ဘာတုန်းက ခဏရပ်သွားတယ်။ အခု ပြန်ပေါ်လာတဲ့ အနေအထားမှာ ကျနော်တို့ ရောဂါနှိမ်နှင်းရေးတွေ ဆက်လုပ်နေပါတယ်” ဟု WHO မှ အမျိုးသား အကြံပေးအရာရှိ ဒေါက်တာမျိုးလွင်က ပြောသည်။

ကျောင်းအတွင်း ရောဂါဖြစ်ပွားခဲ့သည့်အတွက် ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ၄၇ ရပ်ကွက်နေ အထက ၄ မှ ကျောင်းသား မိဘတဦးက ယခုလို ပြောဆိုသည်။

“ကျမကလေးတွေကို တနင်္လာနေ့ကတည်းက ကျောင်းမလွှတ်တာ။ ကူးမှာစိုးလို့လေ။ အဲဒီရောဂါက အတူထိုင်နေရင်းလည်း ကူးနိုင်တော့ စိုးရိမ်လို့။ ဆရာမတွေကတော့ ခွင့်တိုင်မယ်ဆိုရင် မိဘကိုယ်တိုင် လာတိုင်ရမယ်လို့ ပြောတော့ ကျမလည်း သွားတိုင်လိုက်တယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသော ၁၃ နှစ်အရွယ် ကျောင်းသူ တဦးထံမှ A (H1N1) ပိုး ပထမဦးဆုံး တွေ့ရှိခဲ့သည်။

အမေရိကတိုက် မက္ကဆီကိုနိုင်ငံတွင် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဝက်များတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ ကူးစက်ခဲ့သည့် A (H1N1) (ထိုစဉ်က ဝက်တုပ်ကွေး)
ရောဂါသည် ကမ္ဘာ့ဒေသ အနှံ့အပြားသို့ ပြန့်နှံ့ ကူးစက်ခဲ့ပြီးနောက် ထိုနှစ် ဇွန်လအတွင်း WHO က ကမ္ဘာ့ကပ်ရောဂါ (အမြင့်ဆုံး အဆင့်) အဖြစ် သတ်မှတ်ခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။
ဆလိုင်း ဟံသာစန်း | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၇ မိနစ်
(ရဲရင့်အောင် တည်းဖြတ်သည်။)

လွမ်းတယ်ကွယ်.....


လွမ်းတယ်ကွယ်.....
ကိုလိုနီလက်အောက် ကျွန်သားပေါက်ဘဝနဲ့
ဘိုးဘိုးအောင်ပဲ ကယ်မ မလိုလို
စင်္ကြာသိုက်သီချင်းနဲ့
စင်္ကြာမင်းပဲ ကယ်မ မလိုလို
ဟိုလိုလို----ဒီလိုလိုနဲ့
ကယ်သူမဲ့တဲ့ မြန်မာပြည်အတွက်
ကောက်ရိုးတစ်မျှင်မဟုတ်တဲ့
ကျောက်တောင်လိုသူရဲကောင်း
ပြည်သူအပေါင်းကို အောင်ကြောင်းဖြာစေခဲ့တဲ့
'အောင်ဆန်း' ဆိုတဲ့ နတ်မောက်သားကို
လွမ်းတယ်------------။

လွမ်းတယ်ကွယ်----
ဖက်ဆစ်စနစ်ဆိုးအောက်
လူမျိုးပါ ပျောက်လုမတတ်
ကယ်သူမဲ့တဲ့ မြန်မာပြည်အတွက်
ကောက်ရိုးတစ်မျှင်မဟုတ်တဲ့
ကျောက်တောင်လိုသူရဲကောင်း
ပြည်သူအပေါင်းကို အောင်ကြောင်းဖြာစေခဲ့တဲ့
'အောင်ဆန်း' ဆိုတဲ့ နတ်မောက်သားကို
လွမ်းတယ်------------။


လွမ်းတယ်ကွယ်------
ဒီမိုကရေစီ ဆိုတာကို
အဓမ္မအကောင် တစ်သိုက်က
ပြည်သူ့ဘဏ္ဍာ ခိုးပြီး ဖော်ဆောင်နေချိန်
အဆမတန်ထောင်ဒဏ်တွေပေးပြီး ဖော်ဆောင်နေချိန်
သံဃာ ကိုသတ်ပြီးဖော်ဆောင်နေချိန်
------------------နေချိန်
------------------နေချိန်
ကယ်သူမဲ့တဲ့ မြန်မာပြည်အတွက်
ကောက်ရိုးတစ်မျှင်မဟုတ်တဲ့
ကျောက်တောင်လိုသူရဲကောင်း
ပြည်သူအပေါင်းကို အောင်ကြောင်းဖြာစေခဲ့တဲ့
'အောင်ဆန်း' ဆိုတဲ့ နတ်မောက်သားကို
လွမ်းတယ်------------။

လွမ်းတယ်ကွယ်-------
ထိုင်း မှာ မြန်မာတွေ အသတ်ခံရတယ်
မလေးရှားမှာ မြန်မာမလေးတွေအစော်ကားခံရတယ်
-----------------------ခံရတယ်
-----------------------ခံရတယ်
-----------------------ခံရတယ်
ဒီလို သတင်းဆိုးတွေကြားရတိုင်း
ကယ်သူမဲ့တဲ့ မြန်မာပြည်အတွက်
ကောက်ရိုးတစ်မျှင်မဟုတ်တဲ့
ကျောက်တောင်လိုသူရဲကောင်း
ပြည်သူအပေါင်းကို အောင်ကြောင်းဖြာစေခဲ့တဲ့
'အောင်ဆန်း' ဆိုတဲ့ နတ်မောက်သားကို
လွမ်းတယ်------------။

(ခေတ်သစ်) ၁၂.၂.၂ဝ၁ဝ ( သောကြာနေ့ )
(၉၅) နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့အားဂုဏ်ပြုပါ၏ ..။

ဗိုလ်ချုပ်ရဲ့ မိန့်မှာစကားအချို့

လူထုခေါင်းဆောင်
လူထုကြီးက ကျုပ်ကိုပေးထားတဲ့ လူထုခေါင်းဆောင် ဆိုတဲ့ ဂုဏ်ကို
ဝန်ကြီးဂုဏ်ထက် ကျုပ်ပိုမက်တယ်ဆိုတာ
ခင်ဗျားတို့မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ
လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့
ခြေမှုန့်လောက်ပဲလို့ ကျုပ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁၀လ ၁၉၄၆ ရွှေတိဂုံအနောက်မုဓ်

ဒီမိုကရေစီ စနစ်ဆိုတာ

ဗမာပြည် လွတ်လပ်ရေးရတဲ့အခါ
တိုင်းသူပြည်သားတွေသာလျှင်
အဓိက လိုလားပြီး
တိုင်းပြည် တည်ထောင်ချင်တယ်ဆိုရင်
ဒီမိုကရေစီစနစ်အရမှ ဖြစ်နိုင်မယ်။
ဒီမိုကရေစီအရင်းခံပဲ
ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒ ဆိုတာတွေဟာ
စင်စစ်တော့ ၊ ဒီကနေ ဖြာထွက်သွားတာပဲ၊
ဘယ်ဟာမှ ဒီမိုကရေစီမစစ်သေးဘူး။
နိုင်ငံရေးတင်မက
စီးပွားရေးပါ ပါမှ ဒီမိုကရေစီစစ်နိုင်မယ်လို့
ဒီမိုကရေစီ သဘောတရားတွေကို
လိုက်ရှာပြီး
လုပ်နေခြင်းသာ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ရက် ၁လ ၁၉၄၇ ဖဆပလ

တိုင်းရင်းသားအရေး
အမျိုး အနွယ် ၊ ကိုးကွယ်သည့်ဘာသာတရား
ပြောဆိုသည့် ဘာသာစကား တို့ကို
အရေးထားရမည် ဖြစ်သော်လည်း
စင်စစ်မှာ
အေးအတူ ၊ ပူအမျှ ၊ ကောင်းတူ ဆိုးဘက်
ပူးပေါင်းလျက် နေလိုသော
ဆန္ဒပေါ်တွင် ဝံသာနုရိက္ခိတ တရားသည် တည်နေပေသည်။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက် ၁ လ ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ

တော်လှန်ရေး

တော်လှန်ရေးဆိုတာ
လူထုက လူထုရဲ့ ကံကြမ္မာကို အခြေခံကနေပြီး ဖန်တီးရာမှာ
ဘယ်လိုပဲ ဖြစ်ဖြစ် ဆိုပြီး လူထုကိုယ်တိုင် ပါဝင်
ဆောင်ရွက်ခြင်းဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း
၁၉ ရက် ၅ လ ၁၉၄၇

နိုင်ငံရေး
နိုင်ငံရေးသည် လူမှု လူရေးမျှသာဖြစ်သည်
နိုင်ငံရေးကို ကျွန်ုပ်တို့ နားမလည်နိုင်စရာမရှိပေ။

ဗိုလ်ချုပ်အောင်ဆန်း
၂၀ရက်၁လ၁၉၄၆ ရွှေတိဂုံအလယ်ပစ္စယံ

အောင်ဆန်း(သို့မဟုတ်) အရိုင်း


Aung San Or A_Yine

၁၉၄၇ ပင်လုံစာချုပ်


၁၉၄၇ ခုနှစ် ပင်လုံစာချုပ်