Sunday, July 25, 2010

စစ်အစိုးရ အကြီးအကဲ အိန္ဒိယ ခရီးစဉ်အစ ဗုဒ္ဓဂါယာ ရောက်ရှိ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်တွင်းမှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကို အမြန် အကောင်အထည် ဖော်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စတွေကို အိန္ဒိယ ခေါင်းဆောင်တွေ အနေနဲ့ အထူးအလေးထား ဖိအားပေးဖို့အတွက် အိန္ဒိယ ပါလီမန်အမတ် တချို့က ၀န်ကြီးချုပ်ထံကို စာရေး တောင်းဆိုကြပါတယ်။ ၅ ရက်ကြာ ခရီးစဉ်တွင်း ၂ နိုင်ငံကြား စီးပွားရေး ကိစ္စတွေကိုသာ ဦးစားပေး ဆွေးနွေးကြလိမ့်မယ်လို့ သုံးသပ်ကြသလို အိန္ဒိယရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ကန့်ကွက် ဆန္ဒပြပွဲတွေ ပြုလုပ်နေကြပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီ ပြောင်းလဲရေးတွေကို လျစ်လျူရှုနေတဲ့၊ လူ့အခွင့်အရေးတွေကို အကြီးအကျယ် ချိုးဖောက်နေတဲ့ စစ်အစိုးရရဲ့ အိန္ဒိယ ခရီးစဉ်ကို ကန့်ကွက်နေတဲ့ကြားကပဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးကတော့ အိန္ဒိယနိုင်ငံကို ခရီးထွက်သွားပါပြီ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ ဒီကနေ့ ဗုဒ္ဓဂါယာကို မနက်ပိုင်းမှာ ရောက်လာတယ်လို့ အိန္ဒိယနိုင်ငံထုတ် သတင်းတွေမှာ ဖော်ပြထားပြီး မနက်ဖြန်ထိ ဗုဒ္ဓဂါယာမှာနေပြီး နယူးဒေလီဘက် ခရီးဆက်ကာ အိန္ဒိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အိန္ဒိယ သမ္မတ ပရာတီဘာ ပါတေးလ် (Pratibha Patil) ရဲ့ ဖိတ်ကြားချက်အရ ၅ ရက်ကြာနေမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်အတွင်းမှာ လက်ရှိ လူ့အခွင့်အရေးနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာပေါ် ဖိအားပေး ပြောဆိုဖို့ IPFDB ခေါ် အိန္ဒိယ ပါလီမန်များရဲ့ မြန်မာ့ဒီမိုကရေစီရေးရာ အဖွဲ့က ပါလီမန်အမတ် တချို့က ၀န်ကြီးချုပ် မန်းမိုဟန်ဆင်းဂ် (Manmohan Singh) ထံကို စာရေး တောင်းဆိုထားတယ်လို့ Smajwadi ပါတီက အမတ် ဘီဘီ တီဝါရီ (BB. Tiwari) က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ အများလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတင်း အတည်ပြု လုပ်ဖို့ ကြိုးစားနေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စတွေကိုပါ ၀န်ကြီးချုပ် အနေနဲ့ ဖိအားပေး ပြောဆိုဖို့ အဓိက စာပို့ထားတာပါ။ ၂ နိုင်ငံ စီးပွားရေး ကိစ္စတွေကိုသာ ဦးစားပေးအဆင့်မှာ ဆွေးနွေးဖို့ တွေ့နေရပြီး နိုင်ငံရေး အကြောင်းအရာ တချို့ကို ပြောဆိုလိမ့်မယ်လို့ ထင်ရပါတယ်။ ဒီမိုကရေစီစနစ် ထွန်းကားတယ်ဆိုတဲ့ အိန္ဒိယနိုင်ငံ အနေနဲ့ အခုလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မရှိတဲ့ နိုင်ငံတနိုင်ငံရဲ့ ခေါင်းဆောင် သူတို့ဆီကိုလာတဲ့ ခရီးမှာ အထူးအလေးပေး ပြောဆိုသင့်တယ်လို့ ကျနော်တို့ ထင်ပါတယ်။”

Smajwadi ပါတီက အမတ် ဘီဘီ တီဝါရီ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဗုဒ္ဓဂါယာကို ရောက်ပြီး အဲဒီမှာရှိတဲ့ မြန်မာ ဘုန်းကြီးကျောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့အဖွဲ့ သွားရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။ လမ်းတလျှောက် လုံခြုံရေး အထူးချထားတာ မတွေ့ရပေမဲ့ လမ်းတလျှောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးကို ကန့်ကွက်တဲ့ ပိုစတာတွေ ကပ်ထားတာမျိုး တွေ့ရတယ်လို့ အိန္ဒိယမှာနေပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကိုငွေတိုးက ပြောပြပါတယ်။

“ဒီလောက်ကြီး လုံခြုံရေးက တင်းတင်းကျပ်ကျပ် ထူးပြီး ချထားတာမျိုး မတွေ့ရဘူး။ ဗုဒ္ဓဂါယာကို ရောက်ပြီလို့တော့ ပြောလို့ရပါတယ်။ ဒီနေ့တရက် နေဦးမယ်လို့တော့ ကြားတယ်။ ဆန္ဒပြ ကန့်ကွက်တာလည်း မရှိပါဘူး။ ပိုစတာ ကမ်ပိန်းတခု လုပ်ထားတာပဲ ရှိပါတယ်။ ဒါတွေကလည်း ချက်ချင်း ရှေ့ကကပ်၊ နောက်ကခွာ ဆိုတာမျိုးပေါ့၊ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ မလုပ်ဖြစ်ပါဘူး။ Photo Document လောက်ပဲ ရတာပေါ့။”

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ ကိုငွေတိုး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာမယ်ဆိုကတည်းက မြန်မာ့အရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး အားပေး ထောက်ခံသူတွေက နယူးဒေလီဘက်မှာ ဆန္ဒပြပွဲတွေ ဆက်တိုက် ပြုလုပ်နေကြပါတယ်။

အရင်က အိန္ဒိယနိုင်ငံဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို အားပေး ထောက်ခံ ပြောဆိုနေပေမဲ့ နောက်ပိုင်းမှာတော့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကိုသာ အလေးပေးလာတာ တွေ့ရတယ်လို့ အိန္ဒိယနိုင်ငံက မြန်မာ့အရေး လှုပ်ရှားသူ ကိုကင်မ်က သုံးသပ်ပါတယ်။

“အဓိက ပြောမယ်ဆိုရင် အိန္ဒိယနိုင်ငံက ဒီဒေသမှာ Power Balance ထိန်းချုပ်ဖို့အတွက် သူက ကြိုးစားနေတယ်။ သူတို့တွက်တာတော့ တရုတ်က မြန်မာပြည်မှာ တော်တော်များများ လွှမ်းမိုးထားတယ်။ အဲဒါကြောင့် သူတို့က တန်ပြန်ပြီး လုပ်ရမယ်လို့ ပေါ်လစီရှိတယ်။ ရှိတဲ့အတိုင်းပဲ အဓိက သူတို့ အရေးတကြီး ဆောင်ရွက်နေတာ ကုလားတန် ပရောဂျက် ဖြစ်ပါတယ်။ အဲဒီပရောဂျက် အကောင်အထည်ဖော်ရင် မြန်မာနိုင်ငံ အနောက်ဘက်ပိုင်းကို အိန္ဒိယအနေနဲ့ စီးပွားရေးအရ တစုံတခု လွှမ်းမိုးနိုင်မယ်လို့ ထင်ပါတယ်။ စီးပွားရေးအရပေါ့၊ ဒီဘက် ဘင်္ဂလားဒေ့ရှ်နဲ့ နီးတယ်ဆိုတော့။ အဲဒါကြောင့် လွှမ်းမိုးနိုင်မယ်လို့ သူတို့ ယုံကြည် ယူဆပြီးတော့ နအဖကို တိုက်တွန်းနေတာ ကြာပါပြီ။”

အိန္ဒိယ အစိုးရဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ဖြစ်ခဲ့ပြီး တပတ်အတွင်းမှာကိုပဲ မြန်မာစစ်အစိုးရနဲ့ ရေနံတွင်းကိစ္စ သဘောတူညီချက် စာချုပ် ချုပ်ဆိုခဲ့သလို သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းတွေလည်း တိုးမြှင့်ခဲ့ပြီး တယ်လီဖုန်း ဆက်သွယ်ရေး ကိစ္စကိုလည်း အိန္ဒိယ အစိုးရဘက်က အကူအညီ ပေးနေတာတွေလည်း ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်ဟာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က တခါ လာရောက်ခဲ့ဖူးပါတယ်။ သူ့ရဲ့ခရီးစဉ်တွင်းမှာ မိသားစုဝင်တွေနဲ့အတူ အရေးကြီးတဲ့ စစ်အစိုးရ ခေါင်းဆောင်တွေလည်း ပါဝင်သလို မြန်မာ့စီးပွားရေး လောကထဲက အရေးပါတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်ကြီး တချို့လည်း အတူလိုက်ပါလာကြတာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။http://www1.voanews.com/burm

ရွေးကောက်ပွဲအပေါ် လူထု ယုံကြည် မျှော်လင့်မှု နည်းပါး

ရန်ကုန်အခြေစိုက် ဂျာနယ်တချို့၏ နိုင်ငံရေး ကဏ္ဍ စာမျက်နှာများ

နအဖ စစ်အစိုးရက ယခုနှစ် အတွင်း ကျင်းပမည်ဟု ဆိုထားသည့် ရွေးကောက်ပွဲကို ပြည်သူတို့က လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမည်ဟု မမျှော်လင့် သကဲ့သို့ စိတ်ဝင်စားမှုလည်း နည်းပါးလျက် ရှိသည်ကို တွေ့ရသည်။

စိတ်ဝင်စားမှု နည်းရခြင်း အကြောင်းများတွင် ၂၀၁၀ ရွေးကောက်ပွဲကြောင့် တိုင်းပြည် အတွက် အပြောင်းအလဲ ဖြစ်လိမ့်မည်ဟု ယုံကြည်မှု မရှိခြင်း၊ လူထု ထောက်ခံမှု ရသည့် NLD ဒီပါတီ ရွေးကောက်ပွဲ မ၀င်ခြင်း၊ ပါတီများ လွတ်လပ်စွာ စည်းရုံး လုပ်ဆောင်ခွင့် မရခြင်းတို့ ပါဝင် သည်ကို တွေ့ရသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် ဂျာနယ်ရောင်းသူ တစ်ဦးက “နိုင်ငံရေး ဂျာနယ်တွေ ဆိုပြီး ထွက်နေကြတာပါ။ ကျွန်တော်လည်း ဖတ်ပါတယ်။ ဒါပေမယ့် ဂဃနဏ နားမလည်ဘူး၊ ပြည်သူ့ အကျိုးပြုပါတီက ဘယ်ပါတီ ဖြစ်မယ် ဆိုတာ ကြည့်ရမှာပေါ့၊ ဒါပေမယ့် အခုချိန်ထိ ဘယ်ပါတီက ဘာလုပ်နေလဲ ချမပြရတဲ့ အတွက် ဘယ်ပါတီ ကောင်းမှန်း မသိရဘူး။ ရွေးကောက်ပွဲနေ့ သိဖို့ မပြောနဲ့ ပါတီတွေ အကြောင်းတောင် တစ်ခုချင်း သေချာ မသိတော့ ဒီရွေးကောက်ပွဲ အပေါ် သိပ် စိတ်မ၀င်စားတော့ဘူး” ဟု ပြောသည်။

ဂျာနယ်များတွင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၏ ကိုယ်ရေးအကျဉ်း၊ ပါတီ ရည်ရွယ်ချက်၊ လက်ရှိ စည်းရုံးရေး အခြေအနေတို့ကို ရွေးကောက်ပွဲ ဥပဒေ ထွက်ပေါ်လာပြီး သီတင်း ၂ ပတ်ကျော် အကြာမှ စတင် ဖော်ပြခွင့် ပြုခဲ့သည်။ သို့သော်လည်း စာပေ စိစစ်ရေးက မကြာခဏ ဖြတ်တောက်၊ ဖြုတ်ပယ် သဖြင့် နိုင်ငံရေးပါတီများနှင့် သတင်းဂျာနယ်များ အကြား နားလည်မှု လွဲမှားရသည့် အဖြစ်များပင် ရှိသည်ဟု ဂျာနယ် အယ်ဒီတာများက ပြောဆိုသည်။

ရန်ကုန်မြို့ခံအချို့ကလည်း ရွေးကောက်ပွဲတွင် မဲမပေးရန် ဆုံးဖြတ်ထားသည်ကိုလည်း တွေ့ရသည်။

မြောက်ဒဂုံမြို့နယ်တွင် အသုပ်စုံ ရောင်းသူ အမျိုးသမီးတဦးက “ရွေးကောက်ပွဲက ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ ၀င်မပြိုင်ဘူး ဆိုတော့ ကိုယ်က မဲသွားမထည့်ရုံပဲ။ ကျွန်မက အရင်ကတည်းက NLD ကို အားပေးပြီးသားလေ၊ ကိုယ်ကြိုက်တဲ့ ပါတီ မပါတော့ ဒီရွေးကောက်ပွဲ အပေါ် အယုံအကြည် မရှိဘူး၊ သူတို့လုပ်ချင်တာလုပ်၊ ဒါကို ကိုယ်က ခေါင်းရှုပ်ခံပြီး ဘယ်ပါတီ ကောင်းလဲ မရွေးချင်တော့ဘူး။ ကျွန်မတို့ အခြေခံ လူတန်းစားတွေ လိုချင်တာက အခြေခံ လူတန်းစား အပေါ် ဦးစားပေး နားလည်မယ့် ပါတီမျိုးလေ၊ အခုဟာက အရေအတွက်ပဲ ရှိတယ်။ အရည်အချင်း မရှိဘူးလို့ မြင်တယ်” ဟု ပြောသည်။

စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မ တစ်ဦးကမူ “ကျွန်မတို့က အိမ်ရှင်မ ဆိုတော့ ကုန်ဈေးနှုန်းပဲ စိတ်ဝင်စားတယ်။ နိုင်ငံရေးကိုလည်း နားမလည်ဘူး။ သိလည်း မသိဘူး၊ ဒါပေမယ့် ဒီနိုင်ငံသား ဖြစ်နေတော့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာတော့ သိပါတယ်။ ကုန်ဈေးနှုန်း ကျမယ်၊ စားဝတ်နေရေး ပြေလည်မယ်၊ ကျွန်မ ကလေးတွေကို ပညာ ကောင်းကောင်း သင်ပေးနိုင်ဖို့ပဲ မျှော်လင့်မိတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ ပြီးရင် ပြောင်းလဲလာမလား ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိပါတယ်။ ရွေဝါရောင် ၂၀၀၇ သံဃာ့ လှုပ်ရှားမှုတုန်းကလည်း ကျွန်မ ကိုယ်တိုင် လမ်း ၀င်လျှောက်ခဲ့ပါတယ်။ ဒါလည်း ကုန်ဈေးနှုန်း ကျဖို့ လှုပ်ရှားမှုက စခဲ့တာ ဆိုတော့ ကျွန်မ စိတ်ဝင်စားတာပါ” ဟု ပြောသည်။

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ပြီး ၄ လ ခွဲခန့် အကြာတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ဖွဲ့စည်း တည်ထောင်ခွင့် ပြုရန် လျှောက်ထားသည့် နိုင်ငံရေး ပါတီပေါင်း ၄၅ ပါတီ ရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အပြတ်အသတ်မဲဖြင့် အနိုင်ရခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီကမူ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။

စစ်အစိုးရအဖွဲ့၏ နိုင်ငံရေးပါတီ ဖြစ်သည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီကို ဧပြီလကုန်တွင် ဖွဲ့စည်း မှတ်ပုံတင်ခွင့် လျှောက်ခဲ့ပြီး လက်ရှိ အစိုးရ အဖွဲ့ တာဝန်ယူထားသူ ၀န်ကြီးချုပ်၊ ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိကြီးများဖြင့် ဖွဲ့စည်းခဲ့သော်လည်း ယခုအချိန်ထိ သတင်း မီဒီယာနှင့် တွေ့ဆုံခြင်း မရှိသေးပေ။

၂၀၀၈ ခုနှစ်တွင် အတည်ပြုခဲ့သည့် အခြေခံ ဥပဒေကို ပြင်ဆင်ပေးရန်၊ တရား မျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေများကြောင့် NLD အနေဖြင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးကို ပါဝင်ခွင့် ရှိရန်၊ တရားမျှတမှု ရှိစေရန် မြန်မာ စစ်အစိုးရကို ဝေဘန် တိုက်တွန်းနေသည်ကို တွေ့ရသည်။

ယခုရက်ပိုင်းအတွင်း ကျင်းပ ပြီးစီးသွားခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ၀န်ကြီး အဆင့် စည်းဝေးပွဲတွင် မြန်မာ ကိုယ်စားလှယ် ၀န်ကြီး ဦးဥာဏ်ဝင်းအား ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ၀ိုင်းဝန်း ပြောဆိုမှုများမှာ နားလျှံထွက်လောက်အောင် ဖြစ်သည်ဟု အေဂျင်စီသတင်း ဖော်ပြချက်များအရ သိရသည်။

ခင်နှင်းလွင်၊ ရန်ကုန်
ဇူလိုင်၂၅၊ ၂၀၁၀

ရင်းမြစ်။ ။မိုးမခ