Wednesday, March 3, 2010

ကြက်တုပ်ကွေး၊ လူတုပ်ကွေး

ကမ္ဘာတ၀ှမ်းလုံးကို ထိတ်လန့်စေခဲ့တဲ့ ၀က်တုပ်ကွေး သို့မဟုတ် နောက်ပိုင်း လူတုပ်ကွေးလို့ပြောင်းခေါ်ကြတဲ့ ကူးစက်ရောဂါကို မကြာသေးမီသီတင်းပတ်မှာ ဖြစ်ပွားတဲ့လူနာ ပြန်လည်တွေ့ရှိလာပြီးအရင်ဖြစ်ခါစ ဇွန်၊ ဇူလိုင်လများကလို ကြောက်လန့်တာတွေ မရှိတော့ပဲ အနည်းငယ် သတိပြုမိရုံပဲ ရှိပါတော့တယ်။
ဒါကလည်း လူတုပ်ကွေးရောဂါနဲ့ မြန်မာနိုင်ငံမှာ လူအသေအပျောက် မရှိသေးလို့၊ ဖြစ်ပွားတဲ့ အရေအတွက်လည်း နည်းပါးတာကြောင့် လူအများက သိပ်မစိုးရိမ်ကြတော့တဲ့ သဘောပါ။
ပထမ တကြိမ်ဖြစ်ပွားတဲ့ လူနာတွေတွေ့ရှိတုန်းက မီဒီယာတွေဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ အကျယ်တ၀င့် ဖေါ်ပြကြ၊ လူတွေကလည်း သေနိုင်တဲ့ရောဂါ ကူးစက်မှာစိုးလို့ ပါးစပ်နှာခေါင်းစည်းတွေနဲ့ ကာကွယ်ကြနဲ့ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် အဲဒီနောက်မှာ တုပ်ကွေးအဖျားနဲ့ သေပျောက်သူမရှိတာတွေ့ ကြတော့ ယခုနောက်ပိုင်း သိပ်ပြီး မစိုးရိမ်ကြတော့တာပါ။
အဲလိုမစိုးရိမ်ကြတော့လည်း အချို့ဂျာနယ်တွေက လူတွေ သတိပြုဂရုစိုက်မှု အားနည်းလာ ဆိုတဲ့သဘောမျိုးတွေ ရေးသားကြပြန်ပါတယ်။ သတင်းရေးစရာ ရှုထောင့်ရှားလို့ ပြောင်းပြန်ရှုထောင့်ကနေ ပြန်ရေးတဲ့သဘောများလား မသိပါ။
လူအများတုံ့ပြန်ရာမှာ  မလိုအပ်ပဲ စိုးရိမ်လွန်ကဲတာမျိုး မရှိတာဟာ သဘာဝလည်းကျပါတယ်။ လူတုပ်ကွေးမဟုတ်ပဲ အခြားသောကူးစက်ရောဂါ၊ အဖျားရောဂါတွေနဲ့ မြန်မာနိုင်ငံမှာ သေဆုံး နေရတာတွေ အများအပြားပါ။ အဲဒီဟာတွေနဲ့ စာလိုက်ရင် လူတုပ်ကွေးဆိုတာဟာ အကျိုးသက်ရောက်မှု အားဖြင့် မသိသာမထင်ရှား လှပါဘူး။ အခြားသော ကူးစက်ရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ အိတ်ခ်ျအိုင်ဗီ၊ တီဘီရောဂါတွေနဲ့ တနှစ်ကို လူဦးရေ သောင်းဂဏန်းနဲ့ သေဆုံးနေကြရပါတယ်။
အဆိုပါ လူတုပ်ကွေးလိုပဲ ကြက်ငှက်တွေမှာ ဖြစ်ပွားပြီး လူတွေဆီကူးစက်နိုင်တဲ့ အိတ်ခ်ျဖိုက်အန်ဝမ်း (H5N1) ကြက်တုပ်ကွေးကလည်း ယခုလိုခြောက်သွေ့ရာသီ နွေအပူရှိန် စတင်ခါစ ဖေဖေါ်ဝါရီနဲ့ မတ်လတွေမှာ ဖြစ်လေ့ရှိပါတယ်။ ယခုနှစ်လည်း ဖေဖေါ်ဝါရီလ လယ်လောက်မှာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က ကြက်ခြံမှာ စတင်တွေ့ရှိပြန်ပါတယ်။ ကြက်ကောင်ရေ ၂ထောင်ကျော်ပဲ သုတ်သင်ရတာမို့ ယခင်နှစ်များက ဖြစ်ပွားတာနဲ့ နှိုင်းယှဉ်ရင် အလွန်ပဲ နည်းပါးပါသေးတယ်။
ဖြစ်ပွားတဲ့ မြို့နယ်တွေမှာပဲ ကြက်သား၊ ကြက်ဥ ရောင်းချခွင့် ယာယီအာဖြင့် ပိတ်ပင်လိုက်ပြီး ကျန်မြို့နယ်များမှာတော့ ပုံမှန်အတိုင်းပဲ စားသောက်လျက်ရှိကြပါတယ်။ အများနဲ့ဆိုင်တဲ့ အလှူတွေလုပ်ရာမှာသာ ကြက်သားကို အနည်းငယ်ရှောင်ကြတယ်လို့လည်း ကြက်သားဒန်ပေါက်ရောင်းသူတွေက ပြောပါတယ်။ လက်လီ ကြက်ဈေး တပိသာမှာ ကျပ် ၁ထောင်ကနေ ၁၅၀၀ ကျပ်ဝန်းကျင်ကျဆင်းသွားတာ လည်းတွေ့ရကြားသိနေရပါတယ်။
ကြက်ကိုရှောင်သူတွေက ပုဇွန်ကိုဝယ်စားကြလို့ ပုဇွန်ဈေးက တပိသာကျပ် ၇၀၀၀မှ ၈၀၀၀ကျော် ၉၀၀၀ အထိ ရုတ်တရက် တက်သွားတယ်လို့ ဈေးဝယ်ထွက်ရတဲ့ အိမ်ရှင်မတွေက ပြောပါတယ်။ ကျောင်းတွေပိတ်လို့ ရှင်ပြုရဟန်းခံ လုပ်ကြမယ့် အလှူအတန်း ရာသီမှာ ကြက်တုပ်ကွေး အသံကြားရတာ ကြက်မွေးမြူသူတွေ အတွက်ကံသိပ်မကောင်းဘူးလို့ ဆိုရမှာပါ။ 

လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
မတ် ၃၊ ၂၀၁၀
မိုးမခ

ရွှေ့ပြောင်းအလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရ ပြောကြား

သတ်မှတ်ရက်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် မလုပ်သည့် တရားဝင်ရွှေ့ပြောင်း အလုပ်သမား (၅) သိန်းခန့်ကို နေရပ်ပြန်ပို့ရန် ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးတို့ဖြင့် ကြပ်မတ်လုပ်ဆောင်တော့မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား ၀န်ကြီးဌာနမှ အလုပ်အကိုင်ခန့်ထားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆူပတ် ဂူခွန်က ယမန်နေ့က ပြောကြားသည်။

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားများကို ဖေဖော်ဝါရီလကုန် နောက်ဆုံးထားပြီး နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန် ရက်သတ်မှတ်ပေးခဲ့ပြီးနောက် သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်သည့်၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းလာမတိုးသည့် ရွှေ့ပြောင်းအလုပ်သမားများကို နေရပ်ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“သတ်မှတ်ချိန်အတွင်း နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်တဲ့ အလုပ်သမားတွေကို ပြန်ပို့မယ့် ကိစ္စအတွက်တော့ သက်ညှာစဉ်းစားပေးမှာ မဟုတ်ဘူး” ဟု မစ္စတာ ဆူပတ် ဂူခွန်က ပြောကြားကြောင်း The Nation သတင်းစာတွင် ပါရှိသည်။

ထိုင်းနိုင်ငံတွင်း တရားဝင် အလုပ်သမားလက်မှတ်ရှိ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမား (၁၃) သိန်းကျော်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်အထိ (၇) သိန်းကျော်သာ အလုပ်လုပ်ခွင့် သက်တမ်းတိုးခြင်းနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပြီး (၅) သိန်းခန့်မှာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း ထိုင်းနိုင်ငံ၊ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာထုတ်ပြန်သည်။

“နိုင်ငံသား စိစစ်ရေးလုပ်ဖို့ကလည်း သိပ်ခက်ခဲတာ မဟုတ်ဘူး။ လုပ်ပေးတဲ့ ကုမ္ပဏီ (၁၂) ခု ရှိတယ်။ ၀န်ဆောင်ခက ဘတ် (၅) ထောင်ထက် မပိုဘူး” ဟု အလုပ်အကိုင်ခန့်ထားရေးဌာန ဒု-ညွှန်ချုပ်က ထပ်လောင်းပြောကြားသည်။

ထိုင်းအစိုးရက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများကို ယခုနှစ် ဇန်န၀ါရီလအတွင်း နိုင်ငံသားစိစစ်ရေး လုပ်ဆောင်ရန်နှင့် နိုင်ငံကူးလက်မှတ်ရရှိရေး ဆောင်ရွက်ရန် မူဝါဒ ချမှတ်ဆောင်ရွက်နေသော်လည်း အလုပ်သမားများအနေဖြင့် အပြည့်အ၀ လုပ်ဆောင်ခြင်း မရှိကြသေးပေ။

အလုပ်သမားအရေး ဆောင်ရွက်နေသူများကမူ နိုင်ငံသားစိစစ်ရေး မလုပ်ဆောင်သည့် ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက နေရပ်ပြန်ပို့ပါက ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကိုပါ ထိခိုက်နိုင်ကြောင်း သုံးသပ်ကြသည်။

 စိုးမိုး/ ၃ မတ် ၂ဝ၁ဝ
ခေတ်ပြိုင်

ကျိန်စာသင့်နေသော မြန်မာ့လျှပ်စစ် အလင်းဖြစ်နိုင်ပါမည်လော ?


ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ကို ဖြတ်သန်း၍ ရန်ကုန်တိုင်း လှိုင်သာယာမြိှု့နယ်သို့ သွယ်တန်းနေသည်ကုန်းတွင်းသဘာဝ ဓာတ်ငွေ့ ၂၄ လက်မ ပိုင်းလိုင်း သွယ်တန်းမှုကို ဧပြီလကုန် နောက်ဆုံးထား၍ အပြီးသတ်ရန် ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်ကြည်း) ကက(ကြည်း) မှ ညွန်ကြားလိုက်ကြောင်း သိရသည်။
ပိုက်လိုင်းသွယ်တန်းမှုသည့် ယခုအခါ လှိုင်သာယာမြို့နယ်အစပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မိုင်အားဖြင့် ၁၂၀ ကျော်ခန့် ပြီးဆုံးခဲ့ပြီဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ရောက်ရှိလာပါက တစ်နေ့လျှင် ဓာတ်ငွေ့ သန်း ၂၀၀ ကုဗပေ ရရှိမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၄ ရုံ တစ်ပြိုင်နက်တည်း လည်ပတ်နိုင်မည်ဖြစ်၍ လျှပ်စစ်ဓာတ်အား အပြည့်အဝေပေးဝေနိုင်မည်ဟု သိရသည်။
ယင်းအပြင် ရန်ကုန်မြို့ရှိ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများသို့ အဓိကထား ဓာတ်ငွေ့ပို့လွှတ်နေရမှုကြောင့် မော်တော်ယာဉ်များအား သဘာဝဓာတ်ငွေ့သုံးယာဉ်အဖြစ် ပြောင်းလဲမှု ရပ်ဆိုင်းထားခြင်းကိုလည်း ပြန်လည်ခွင့်ပြုပေးမည်ဟု မျှော်လင့်ရကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မေလ ၉ ရက်နေ့မှာ လျှပ်စစ်ဓာတ်အား အပြည့်အဝေပေးနိုင်ဖို့ ကက-ကြည်းက မှန်းဆထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အပြတ်ပြောလို့ မရပါဘူး။ ရဲရွာအဖြစ်အပျက်ဟာ နမူနာပါ။ လည်ပတ်မှုကို ဖေဖော်ဝါရီ ၁၂ မှာ တကယ်ကို စနိုင်ပေမယ့် အကြောင်းကြောင့် ရပ်လိုက်ရပါတယ်။ ဒီမှာက သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဘာဘိုင်တွေက အလှည့်နဲံ့လည်နေရသလို ပျက်နေတာလည်း ရှိတယ်ဗျ။ အကုန်လုံး တစ်ပြိုင်နက်တည်းလည်ဖို့ ဘာပြသနာ ရှိလာမလဲ မသိနိုင်ဘူးဗျာ}}ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ အင်ဂျင်နီယာတစ်ဦးကဆိုသည်။
ပေးပို့သူ - ရန်ကုန်သား

သံဃာကို နောက်ပြောင်သည့် သီချင်းကြောင့် ဒါရိုက်တာတောင်းပန်ရ


  “ဦးပဉ္ဇင်း ကြီးတောင် ငိုနေပြီကွာ ... မင်းထဘီလေးဟာ သူရဲ့ ခေါင်းပေါ်မှာ” ဟူသော စာသား ပါရှိသည့် ဗီဒီယိုဇာတ်ဝင် သီချင်းကြောင့် အဆိုပါ ဇာတ်ကား ရိုက်ကူးသည့် ဒါရိုက်တာက မူလ သီချင်းပိုင်ရှင်အား အနုပညာ နစ်နာကြေးနှင့် အတူ တောင်းပန် ခဲ့ရကြောင်း သိရသည်။


“ဂန္တ၀င်ဆည်းဆာ” တေးသီချင်းကို ဖျက်၍ သီဆိုထားသော “ဒယ်ဒီဘိုးဘိုး” ဇာတ်ကား ဇာတ်ဝင်ခန်း
ယင်းကဲ့သို့ ပြန်လည် ဖျက်ဆိုထားသည့် တေးသီချင်း၏ မူရင်းမှာ ၁၉၈၀ ၀န်းကျင်ခန့်က အဆိုတော် စိုးလွင်လွင်၏ မာနမျက်နှာ စီးရီးပါ “ဂန္ထ၀င် ဆည်းဆာ” ဟူသော ကိုယ်ပိုင် သံစဉ် သီချင်းဖြစ်ပြီး နောက်ပိုင်းတွင် R-ဇာနည် ပြန်လည် သီဆိုကာ ထပ်မံ ရေပန်းစား လာသည့် သီချင်း တပုဒ်လည်း ဖြစ်သည်။

၎င်းသီချင်း၏ မူလစာသားဖြစ်သော “စမ်းချောင်း လေးတွေတောင် ငိုနေပြီကွာ မင်းဆံပင်လေးတွေ သိပ်လှတဲ့ အရှိန်အ၀ါ” ဟူသော စာသားကို ဖျက်၍ သီဆိုထားသည့် သီချင်းကို မကြာသေးမီကမှ ထွက်ရှိထားသည့် “ဒယ်ဒီဘိုးဘိုး” ဗီဒီယိုဇာတ်ကားတွင် သရုပ်ဆောင် လူမင်းက မြေးဖြစ်သူအား ကိုယ်တိုင် သီဆို၍ ချော့သိပ်သည့် ဇာတ်ဝင်ခန်းတွင် ထည့်သွင်း အသုံးပြုထားခြင်း ဖြစ်သည်။

“သီချင်းကို ခွင့်မတောင်းဘဲ ဖျက်ပစ်လိုက်တယ်။ အမှန်ကတော့ မဖြစ်သင့်ဘူး။ ကျနော့်ကို ပြောပြီးမှသုံးသင့်တယ်။ သုံးထားတဲ့    နေရာမှာလည်း ရယ်စရာအဖြစ် လွန်လွန် ကြူးကြူး ပြက်ရယ် ပြုထားတဲ့အတွက် ကျနော့်အနေနဲ့ အများကြီး နစ်နာတယ်” ဟု  မူလ တေးသီချင်းကို ရေးသားသူ တေးရေး ညီညီစံက ဧရာဝတီကို ပြောသည်။

ဒယ်ဒီဘိုးဘိုး ဇာတ်ကားကို ရိုက်ကူးသည့် ဒါရိုက်တာမှာ အကယ်ဒမီ ညီညီထွန်းလွင်ဖြစ်ပြီး မူလတေးစာသားကို ဖျက်၍ သီဆိုထားသည့် သီချင်းကို အသုံးပြုရေးသားထားသူမှာ လက်ထောက်ဒါရိုက်တာ သြရသ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ သီချင်းပိုင်ရှင် တေးရေး ညီညီစံအား အနုပညာနစ်နာကြေးအဖြစ် ကျပ် ၂ သိန်းပေးကာ မြန်မာ့အလင်း၊ ကြေးမုံ သတင်းစာများနှင့် အလင်းတန်း ဂျာနယ်တွင် မတ်လ ၈ ရက်နေ့မတိုင်မီ တပတ်အတွင်း ဂုဏ်သိက္ခာထိခိုက်မှုအတွက် တောင်းပန်စာထည့်ထားကြောင်း လက်ထောက်ဒါရိုက်တာ သြရသ ကဧရာဝတီကိုပြောသည်။

“ရပ်ကွက်ထဲမှာ ကလေးတွေနောက်ပြောင် ဆိုနေတာကို ကြားပြီး ကျနော်တို့ဇာတ်ကားကလည်း ဟာသကားဖြစ်နေတော့ အဲ့ဒါလေးကို ဟာသအနေနဲ့ သုံးလိုက်တာပါ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆန္ဒလည်းမရှိပါဘူး” ဟု သူကဆိုသည်။

၎င်းသီချင်း စာသားနှင့်ပတ်သက်၍ ဇာတ်ကားကိုကြည့်ရှုခဲ့သော ပရိသတ်တဦးက သံဃာများကို မလေးမစား လှောင်ပြောင် သီဆိုထားခြင်းမှာ မဖြစ်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီမှာက သိတဲ့အတိုင်းပဲ ဘုန်းကြီးနဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာတွေက ဘာလေးပဲဖြစ်ဖြစ် မခံနိုင်ကြဘူး။ သူတို့မို့လို့ ဖျက်ပြီး ဆိုရက်တယ်။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီးမလုပ်သင့်ပါဘူး။ တခြားဘာသာဝင်တွေ သိတော့လည်း မကောင်းဘူးပေါ့” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ဆိုသည်။

ပြီးခဲ့သည့် ရက်အနည်းငယ်က တေးရေးစောခူဆဲ ရေးသားသည့် “စည်းလုံးခြင်းအတွက်သီချင်းတပုဒ်" ဟူသော နိုင်ငံတော် အကျိုးပြု တေးသီချင်းကို ရတနာသိန်းထိုက်အောင် ထီဆိုင်က ထီဆိုင်ကြော်ငြာ သီချင်းအဖြစ် တေးရေးဆရာ၏ခွင့်ပြုချက်မပါဘဲ သုံးစွဲထားခြင်းနှင့် ပတ်သက်၍ သတင်းစာများ ဂျာနယ်များမှတဆင့် သီချင်းပိုင်ရှင်ကို ပြန်လည်တောင်းပန်ခဲ့ရခြင်းများ ရှိခဲ့သည်။

ယင်းကဲ့သို့ တေးသီချင်းများကို တေးရေးဆရာများထံမှ ခွင့်ပြုချက်မတောင်းခံဘဲ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများနှင့် တခြား နေရာများတွင် ထည့်သွင်းအသုံးပြုထားသည့် ပြဿနာများမကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။

“သီချင်းတွေကိုယူသုံးပြီး တေးရေးတွေကိုမပြောတဲ့ သာဓကတွေ အများကြီးရှိခဲ့တယ်။ နောက် ကိုယ်ပိုင်သံစဉ်တွေကို ယူသုံးတဲ့နေရာမှာလည်း သတိထားပြီးသုံးသင့်ပါတယ်။ အဓိကကတော့ ခွင့်ပြုချက်တောင်းဖို့ပါပဲ။ တေးရေးဆရာကို လေးစားတဲ့ အနေနဲ့ပေါ့။ ကိုယ်ပိုင်သံစဉ် သီချင်းတပုဒ်ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး” ဟု တေးရေး ညီညီစံက ဧရာဝတီကို ပြောသည်။

Wednesday, 03 March 2010 14:44 သဲသဲ 
ဧရာဝတီ

များလိုက်တဲ့ ဖုန်းမျိုးစုံနဲ့ ငါတို့တိုင်းပြည် မြန်မာပြည်

ရန်ကုန်ရှုခင်း - မတ်လ ပထမပတ်
များလိုက်တဲ့ ဖုန်းမျိုးစုံနဲ့ ငါတို့တိုင်းပြည် မြန်မာပြည်
လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန်
မတ် ၃၊ ၂၀၁၀
မြန်မာနိုင်ငံမှာ ဖုန်းအမျိုးအစားတွေကလည်း များဈေးနှုန်းတွေကလည်း အမျိုးမျိုးအစားစား ကွဲပြားနေကြတာ ကြောင့် သုံးစွဲသူတွေ ခမြာမျက်စေ့လည်စရာပါ။
ကြိုးဖုန်း(လိုင်းဖုန်း) ၊ ဆယ်လူလာဖုန်း၊ ခြင်းဖုန်း၊ ကျောက်ဖုန်း၊ အိုင်ပီစတားဖုန်း၊ ဂျီအက်စ်အမ်ဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်း၊ ကမ်းရိုးတန်းဖုန်း( စီဒီအမ်အေ ၄၅၀ ကြိမ်နှုန်းသုံး နာဂစ်ဖုန်းသို့ မဟုတ် ကမ်းနီးကမ်းဝေးဖုန်း ဟုလည်းခေါ်)၊ တလခံ ၂၀ တန် ကဒ် ဖုန်း၊ ဒဗလျူ စီဒီအမ်အေဖုန်း၊ ၅သိန်းတန် ၄၅၀ စီဒီအမ်အေဖုန်း (နေပြည်တော်တွင်သာ)၊ ၅သိန်းတန် ၈၀၀ စီဒီအမ်အေဖုန်း (ယခုလက်ရှိ ရန်ကုန်မန္တလေးတွင်သာ) ဆိုပြီးအမျိုးမျိုးကွဲ ပြားနေတာပါ။
ကြိုးနဲ့သွယ်တန်းထားပြီး သယ်သွားလို့မရတဲ့ ကြိုးဖုန်းနဲ့ အိုင်ပီစတားဖုန်းကိုဖယ်လိုက် မယ်ဆိုရင် မိုဘိုင်းဖုန်း အမျိုးအစားတင်ပဲ ၉မျိုးသာသာ ရှိနေပါတယ်။ အဲဒီကိုးမျိုးထဲမှာ တမျိုးနဲ့တမျိုး သုံးစွဲခဈေးနှုန်းလည်း မတူညီကြပဲ ပြောဆိုသုံးစွဲနိုင်တဲ့ ဧရိယာလည်း ကွဲပြားနေကြပါတယ်။
ဆယ်လူလာဖုန်း၊ ကျောက်ဖုန်း
၁၉၉၀ ခုနှစ် အလယ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံက သုံးစွဲသူတွေဆီ မိုဘိုင်းဖုန်း စနစ်ကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာ ယခု ဆယ်လူလာစနစ်သုံး ဖုန်းပဲ ဖြစ်ပါတယ်။ စထွက်ခါစ ကျပ်၁၀သိန်း ၁၂သိန်းဝန်းကျင်မှနေ အမြင့်ဆုံး ကျပ်သိန်း ၂၀ ၀န်းကျင်ထိ ဈေးပေါက်ခဲ့ ပါသေးတယ်။ ထိုစဉ်က မိုဘိုင်းဖုန်း လက်ဝယ်ကိုင်နိုင်တယ် ဆိုတာဟာ လူနေမှု အဆင့်အတန်း ကိုပြသတဲ့ လက္ခဏာ တခုဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကျော်ထိ မိုဘိုင်းဖုန်းကိုင်သူများအနေနဲ့ ဘတ်စ်ကားထဲမှာ ဖုန်းမပြောရဲ ကြသေးပါဘူး။ ဖုန်းကိုင်တဲ့ အဆင့်အတန်းနဲ့ ဘတ်စကား စီးနင်းတဲ့ အချက်က မလိုက်ဖက်လို့ပါ။ အချို့သောဖုန်းကိုင်သူတွေ ဘတ်စ်ကားစီးရတောင်မှ ကားပေါ်မှာ ဖုန်းကိုပိတ်ထားတတ် ကြပါတယ်။  ဖုန်းကိုင်နိုင်တဲ့ သူတွေဟာ သူတို့ရဲ့  လူနေမှု အဆင့်အတန်းဘယ်မှာ ရှိတယ်ဆိုတာ ပြသချင်တဲ့ သဘောပါ။
ကျောက်မျက်ရတနာ တူးဖေါ်တဲ့ကုမ္ပဏီတွေကို ၂၀၀၃၊ ၂၀၀၄ခုနှစ်များဆီက ၀၉၀..စတဲ့နံပါတ်တွေနဲ့ ရောင်းချပေးခဲ့ပြီး ဖားကန့်၊ မြစ်ကြီးနား၊ မိုင်းရှူးမြို့တွေမှာ သုံးစွဲနိုင်လို့ ဆယ်လူလာ စနစ်သုံး အဆိုပါနံပါတ်တွေကို ကျောက်ဖုန်းလို့ခေါ်ဆိုကြပါတယ်။
ယခင်က အခြားဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ ပြောဆိုခ အတူတူဖြစ်ပြီး အထွက်ခေါ်ဆိုခ တမိနစ် ၂၅ကျပ် ဖြစ်ပါတယ်။ ယခုတပြန် ဖုန်းခေါ်ဆိုခမြင့်တက်သွားတဲ့ အထဲမပါတာတွေ့ရပါတယ်။ အခြားမိုဘိုင်းတွေက တမိနစ် ၅၀ ကျပ်ဖြစ်နေချိန်မှာ ၂၅ကျပ်ပဲ ကျသင့်တဲ့ ဆယ်လူလာကို လူပိုကြိုက်မယ်လို့ ထင်မြင်စရာရှိသော်လည်း နက်ဝေါ့ခ် သိပ်မကောင်းခြင်း၊ သုံးစွဲနိုင်တဲ့မြို့အရေအတွက် နည်းပါးခြင်းတို့ကြောင့် လူကြိုက်သိပ်မများတော့ပဲ ပြင်ပဈေးကွက်မှာ ကျပ်၁၀သိန်းအောက် သာရှိတော့တာ တွေ့ရပါတယ်။ ဖုန်းနံပါတ်က ၀၉၉၉…..နဲ့စပြီး ဂဏန်း၉လုံးပါရှိပါတယ်။ မြန်မာပြည်ဖုန်းဈေးကွက်မှာတော့ ကိုးဂဏန်းနှစ်လုံးနဲ့ စတင်လို့ “နိုင်းနိုင်း” လို့လည်း ခေါ်ကြပါတယ်။
ခြင်းဖုန်း
စီဒီအမ်အေ ၈၀၀ မီဂါဟဇ် စနစ်သုံး အထိုင်ဖုန်းလို့ခေါ်တဲ့ စနစ်ကို ၁၉၉၉/၂၀၀၀ ခုနှစ်များဆီက စတင်ငှားရမ်းချပေးခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပဲ သုံးစွဲနိုင်ပါတယ်။ စတင်အငှားချပေးစဉ်က မြန်မာ့ ဆက်သွယ်ရေးကို ကျပ် ၅သိန်းပေးသွင်းရပါတယ်။ အမေရိကန် ကွာကွန်းလ် Qualcom ကုမ္ပဏီက ထုတ်လုပ်တဲ့ အထိုင်ဖုန်း တွေနဲ့ သုံးခဲ့ကြပါတယ်။ ဖုန်းနဲ့ ဖုန်းအောက်မှာ တွဲလျက်နေတဲ့ တပိသာလောက်လေးတဲ့ ဘက်ထရီ အတွဲကို ပလပ်စတစ်ခြင်းနဲ့ထည့်ပြီး သယ်သွားကြလို့ မြန်မာပြည်မှာ ခြင်းဖုန်းလို့ခေါ်ကြတာပါ။ ပြောဆိုခ တမိနစ်ကို ယခုအချိန်ထိ မြို့တွင်း ၁၅ကျပ်၊ နယ်အဝေး ၂၅ကျပ်ပဲ ကျသင့်ဆဲပါ။
ခေါ်ဆိုခ သက်သာတာရော၊ နေရာရွှေ့ပြောင်းနိုင်ပြီး ဖုန်းကိုကြာရှည်ကြာမျောသုံးသူတွေအတွက် ကောင်းလို့ နှစ်လုံး၊ သုံးလုံး ဂဏန်းချဲထီ လုပ်ကိုင်သူတွေ၊ မင်္ဂလာဈေးမှ ကုန်သည်တွေ နှစ်သက် ခဲ့ကြပါတယ်။ ဖုန်းနံပါတ် ၇…..နဲ့စပြီး ဂဏန်း ၆လုံးပါရှိပါတယ်။
အိုင်ပီစတားဖုန်း
အိုင်ပီစတား လို့ခေါ်ဆိုတဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်သုံး အင်တာနက်လိုင်းပေါ်မှ တဆင့်သွားတဲ့ ဖုန်းကို အိုင်ပီစတားဖုန်းလို့ခေါ်ဆိုပါတယ်။ နယ်ဝေးမြို့တွေ ဝေးလံခေါင်ဖျားတဲ့ဒေသ တွေအတွက် အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေး ရရှိအောင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ သားရဲနိုင်ဝင်း ပုဂံဆိုင်ဘာတက်ခ်ကို စီမံခန့်ခွဲလုပ်ဆောင်ခဲ့စဉ်က ရောင်းချပေးခဲ့ပြီး ယခုနောက်ပိုင်း ဆက်သွယ်ရေး ၀န်ကြီးဌါနက ဆက်လက်တာဝန်ယူ ရောင်းချပေးနေတာပါ။ အင်တာနက်ဆက်သွယ်ရေး (ဒေတာ) အတွက်ရော အင်တာနက် ပေါ်မှသွားတဲ့ VOIP စနစ် ဖုန်းနှစ်မျိုးလုံး အတွက် အိုင်ပီစတားကိုရောင်းချပေးပေမယ့် မြ၀တီ၊ တာချီလိတ်၊ ရခိုင်၊ မူဆယ်တို့လိုနယ်စပ်မြို့တွေ အခြားမိုဘိုင်းစနစ် မရရှိခင်က ဖုန်းအတွက်သာ အိုင်ပီစတားကို ၀ယ်ယူခဲ့ကြတာပါ။ ပြည်တွင်းကို ဆက်သွယ်ဖို့ရာ အိုင်ပီစတားဖုန်းကို သုံးစွဲခဲ့ကြပါတယ်။ ယခုတော့ အဆိုပါနယ်စပ်မြို့တွေမှာ ကမ်းရိုးတန်းဖုန်းတွေ သုံးစွဲနိုင်လာပြီမို့ အိုင်ပီစတားဖုန်းတွေ သိပ်ခေတ်မစားတော့ပါဘူး။ အိုင်ပီစတား ဆက်သွယ်ရေး စနစ်တစုံကို သက်ဆိုင်ရာ မှဝယ်ယူစဉ်က ကျပ် သိန်း ၃၀မှ သိန်း၄၀ထိ ပေးဆောင်ခဲ့ကြရပါတယ်။
ဖုန်းပြောဆိုခကတော့ ကြိုးဖုန်းလို့ခေါ်တဲ့ လိုင်းဖုန်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၄….နဲ့စပြီး ဂဏန်း၈လုံးပါရှိပါတယ်။
ဂျီအက်စ်အမ်ဖုန်း
မြန်မာနိုင်ငံကို ၂၀၀၂ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပါတယ်။ ထိုစဉ်က စကိုင်းလင့်ခ် Skylink Co. ကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွဲဘက်လုပ်ဆောင်ခဲ့ကြတာပါ။ စတင်ငှားရမ်းပေးစဉ်က ကျပ် ၅သိန်းပေးသွင်းရပြီး ပြင်ပပေါက်ဈေးက သိန်း ၂၀ကျော်အထိရှိခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၀၄မှာတော့ အမြင့်ဆုံး သိန်း၅၀နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
ထိုစဉ်က ဗိုလ်ချုပ်တွေ ၊ ၀န်ကြီးတွေသူတို့လက်မှတ်နဲ့ ဂျီအက်စ်အမ် လျှောက်ပြီးရောင်းစားကြ၊ ဆွေမျိုးသားချင်းတွေ သုံးစွဲကြ၊ တပ်အရာရှိတွေ၊ အရပ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ကိုငှားရမ်းခွင့် ချပေးလို့ ထုတ်ပြီးရောင်းကြနဲ့ ဂျီအက်စ်အမ်ဖုန်းဟာ နအဖ အစိုးရရဲ့ စည်းရုံးရေး လက်နက်သဖွယ် နှစ်အတန်ကြာ ဖြစ်နေခဲ့ပါတယ်။
ယခင်မိုဘိုင်းဖုန်း များလိုကုဒ်စနစ်မဟုတ်ပဲ ဆင်းကဒ် စနစ်သုံးထားတာ ဖြစ်လို့ hand set ကိုလွယ်ကူစွာလဲလှယ် နိုင်ခြင်း၊ ပြောဆိုနိုင်တဲ့မြို့များပြားခဲ့ခြင်းကြောင့် ဂျီအက်စ်အမ်ဖုန်းဟာ နှစ်အတော်ကြာ လူကြိုက်အများဆုံး ဖုန်းဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိလည်း မိုဘိုင်းဖုန်းထဲမှာ အရေအတွက် အားဖြင့် အများဆုံးသုံးစွဲနေတဲ့ ဖုန်းအမျိုးအစားဖြစ်နေဆဲပါ။ ၀၉၅….သို့မဟုတ် ၀၉၄….နဲ့စပြီး ဂဏန်းကိုးလုံး ပါရှိပါတယ်။
ယခုနှစ်ဆန်းမတိုင်မီထိ မြို့တွင်း တမိနစ် ၂၅ကျပ်၊ နယ်ဝေး ၃၅ကျပ် ကောက်ခံခဲ့ရာမှ ဇန်န၀ါရီလ ၁ရက်နေ့မှစလို့ နယ်ဝေးရော မြို့တွင်းပါ တမိနစ်ကို ၅၀ကျပ်သို့ပြောင်းလဲလိုက်ပါတယ်။ ဂျီအက်စ်အမ်ရဲ့ အားသာချက် နောက်တခုကတော့ SMS စာတိုပို့စနစ် သုံးလို့ရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မိုဘိုင်းကွန်ရက် စွမ်းဆောင်ရည်ကျနေတဲ့ အချိန်၊ ကျတဲ့နေရာတွေမှာ ၊ နောက်ပြီး ပြောလို့သဲသဲကွဲကွဲမကြားတဲ့အခါ မျိးမှာ စာတိုပို့စနစ်နဲ့ ပို့ထားပြီး တဘက်သားကို အသိပေးကြရတာလည်း မြန်မာနိုင်ငံရဲ့ ရှုခင်းတခုပါ။
ဂျီအက်စ်အမ်ဆင်းကဒ် တကဒ်ကို အစိုးရငှားရမ်းနှုန်း ကျပ်ငါးသိန်းမှ ကျပ် ၁၀သိန်းသို့ မြှင့်တင်ခဲ့ပြီး နောက်တဖန် ၁၅သိန်းသို့ထပ်မံ မြှင့်တင်ခဲ့ပြန်ပါသေးတယ်။ ယခုလောလောဆယ် ပြင်ပဖုန်း ဈေးကွက်မှာ ၀၉၅၁…. ၀၉၅၀…နဲ့စတဲ့ သုံးပြီးသား ဂျီအက်စ်အမ်ဆင်းကဒ် တကဒ် ပေါက်ဈေးဟာ ကျပ် ၁၃၊ ၁၄သိန်းသာရှိပါတော့တယ်။ မသုံးရသေးတဲ့ ဆင်းကဒ်ကို မိမိနာမည်နဲ့ ၀ယ်ချင်ရင်တော့ ၁၆သိန်းကျော် ရှိပါသေးတယ်။ ၁၆သိန်းကျော်နဲ့ ၀ယ်ယူသူတော့ နည်းပါးသွားပြီလို့ ဈေးကွက်ထဲမှ ပြောဆိုကြပါတယ်။
တမိနစ် ပြောဆိုခကတော့ နီးနီးဝေးဝေး ကျပ် ၅၀နဲ့ စာတို တစောင်ကို ၂၅ကျပ် ကျသင့်ပါတယ်။
စီဒီအမ်အေဖုန်း
ခြင်းဖုန်းလို့ခေါ်တဲ့ စီဒီအမ်အေ အထိုင်ဖုန်းနဲ့ နည်းပညာ၊ ကြိမ်နှုန်းအတူတူပဲ ဖြစ်ပေမယ့် ဖုန်းနံပါတ်က ၀၉၈၀…နဲ့စပြီး ဂဏန်း၉လုံး ပါရှိပါတယ်။ ၀၉၈၀နဲ့ စတဲ့အတွက် အိတ်ဇီးရိုး တွေလို့အတိုကောက်ခေါ်ကြပါတယ်။ ၂၀၀၀ခုနှစ် အစပိုင်းတွေထဲက စတင်ငှားရမ်းခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ နောက်ထပ်တသုတ်ထပ်မံ ငှားရမ်းခဲ့ပါတယ်။ အစိုးရထံမှ ငှားရမ်းခွင့်ချပေးရာမှာ ကျပ်ငါးသိန်းဖြစ်ပေမယ့်  ပြင်ပပေါက်ဈေး ကျပ် ၂၅သိန်းဝန်းကျင် ရှိခဲ့ပြီး ၂၀၀၃၊ ၂၀၀၄မှာ အမြင့်ဆုံး ၅၁ သိန်းလောက်ထိ မြင့်တက်ခဲ့ဖူးပါတယ်။
ရန်ကုန်နဲ့ မန္တလေး၊ စစ်ကိုင်းမြို့မှာပဲ အသုံးပြုနိုင်ပါတယ်။ ငှားရမ်းခွင့်ချပေးစဉ်က အများစုကို စစ်တပ်က အရာရှိတွေပဲ ရရှိကြပြီး သူတို့က အကျိုးအမြတ်နဲ့ ပြင်ပဈေးကွက်မှာ ပြန်ရောင်းချခဲ့ကြတာပါ။ ယခင်က သိန်း ၃၊၄၊ ၅ဆယ်ရှိခဲ့ပေမယ့်လည်း လက်ရှိ ပြင်ပဖုန်းဈေးကွက်မှာ ကျပ် ၁၀သိန်းကျော်သာရှိပါတော့ တယ်။ ပြောဆိုခကတော့ ဂျီအက်စ်အမ်ဖုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။
ကမ်းရိုးတန်းဖုန်း၊ ကမ်းနီးကမ်းဝေးဖုန်း သို့မဟုတ် နာဂစ်ဖုန်း
၄၅၀ မီဂါဟတ်ဇ် စီဒီအမ်အေ စနစ်သုံး ဖုန်းကိုစတင ထုတ်ပေးတဲ့ရက်နဲ့ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း ၀င်ရောက်တဲ့ရက် တိုက်ဆိုင်ပြီး နာဂစ်ဒဏ်ခံစားရတဲ့ ဧရိယာတွေမှား နာဂစ်ဒဏ်နဲ့ ဖုန်းလိုင်းတွေ ပျက်စီးနေစဉ် အသုံးဝင်ခဲ့လို့ အချို့က နာဂစ်ဖုန်းလို့ခေါ်ဆိုကြတာပါ။ စတင်စဉ်က ကမ်းရိုးတန်း ပြည်နယ်နဲ့တိုင်းတွေကို အဓိက ရည်ရွယ်ပြီး တပ်ဆင်ခဲ့တာကြောင့် တရားဝင်အမည်က ကမ်းနီးကမ်းဝေး စီဒီအမ်အေလို့ ခေါ်ပြီး သုံးစွဲသူအများကြားမှာတော့ ကမ်းရိုးတန်းဖုန်းရယ်လို့ လူသိများပါတယ်။
အထိုင်ဖုန်းနဲ့လည်း သုံးလို့ရသလို တရုတ်နိုင်ငံက တင်သွင်းလာတဲ့ Hand Set တွေနဲ့လည်း မိုဘိုင်းဖုန်းသဖွယ်သုံး စွဲနိုင်ပါတယ်။ ၂၀၀၈ခုနှစ် မေလနောက်ပိုင်း စတင်ငှားရမ်း ခဲ့ရာမှာ အခုဆို မြန်မာနိုင်ငံမှာ မြို့အများဆုံးမှာ သုံးစွဲ နိုင်တဲ့ ဖုန်းဖြစ်နေပါပြီ။ လက်ရှိမြို့ပေါင်း ၁၂၀ ၀န်းကျော်မှာ သုံးစွဲနိုင်တယ်လို့သိရပါတယ်။ ကြိမ်နှုန်းနိမ့်စနစ်ဖြစ်လို့ အသံအရည်အသွေး မကောင်းခြင်း၊ ပါဝါ သုံးစွဲမှုများပြီး ဘထ္ထရီ နာရီကြာကြာမခံခြင်း စတဲ့အားနည်းချက်တွေ ရှိပါတယ်။ သို့ပေမယ့် ဧရာဝတီတိုင်းလိုမျိုးမှာ နေရာအတော်များများ သုံးစွဲနိုင်ခြင်း ရန်ကုန်မန္တလေး ကားလမ်းတလျှောက်၊ ရန်ကုန်မော်လမြိုင် ကားလမ်းတလျှောက် သုံးစွဲနိုင်ခြင်းတွေက အားသာချက်တွေပါ။
အစိုးရထံမှ ငှားရမ်းတဲ့အခါ စတင်ငှားရမ်းခါစ ၁၆သိန်းမှ သိန်း ၂၁၊ ၂၂သိန်းထိ ရှိခဲ့ပြီး ယခုအခါပြင်ပဈေးကွက်မှာ ၁၅သိန်း၊ ၁၆သိန်း ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ အထူးသဖြင့် ကျေးရွာများမှာ နေထိုင်သူတွေ၊ ကျေးရွာ အုပ်ချုပ်ရေး ရယက၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်းများမှာ အသုံးများတာ တွေ့ရပါတယ်။ ၄၅၀စီဒီအမ်အေ  နက်ဝေါ့ခ်တိုင်တတိုင်ဟာ မိုင်ငါးဆယ် အကွာအဝေးထိ ရောက်ရှိတာမို့လို့ ယခင်က မိုဘိုင်းဖုန်း လက်လှမ်းမမီတဲ့ ကျိုက်ထီးရိုးဘုရားပေါ်လိုမျိုးမှာ ကမ်းရိုးတန်းဖုန်း သုံးနိုင်တာတွေ့နေရပါတယ်။ ပြောဆိုခ ကတော့ စီဒီအမ်အေမိုဘိုင်း၊ ဂျီအက်စ်အမ်တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။
ဖုန်းနံပါတ်က ၀၉၈၅… ၀၉၈၆…. ၀၉၈၇…. စတဲ့နံပါတ်တွေနဲ့စပြီး ဂဏန်း ၉လုံးပါရှိပါတယ်။
ကဒ်ဖုန်း သို့မဟုတ်တလခံ ဂျီအက်စ်အမ်ကဒ်
၂၀၀၉ ဇန်န၀ါရီတရက်နေ့ ရတနာပုံ စီတီး အိုင်တီပွဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ ကြိုတင်ငွေပေးစနစ်သုံး ဂျီအက်စ်အမ် ဖုန်းပါ။ စတင်ရောင်းစဉ်က အက်ဖ်အီးစီ ၁၀တန်၊ ၂၀တန် နှစ်မျိုးရောင်းချ ခဲ့သော်လည်း ယခုနောက်ပိုင်း ၂၀တန်ကဒ်သာ တွင်ကျယ်နေပါတယ်။ အထွက်ခေါ်ဆိုမှု တမိနစ်ကို အက်ဖ်အီးစီ .၃ ယူနစ် (မြန်မာငွေ ကျပ်၃၀၀ ကျော်) နဲ့ အ၀င်လက်ခံခြင်းကို တမိနစ် အက်ဖ်အီးစီ .၀၅ ယူနစ်(ကျပ် ၅၀ကျော်) ကျသင့်ပါတယ်။ စာတိုပို့ရင်တော့ တစောင်ကို အက်ဖ်အီးစီ .၀၅ယူနစ်ကျသင့်ပါတယ်။
ကျောင်းသား လူငယ်များ၊ ယာယီအားဖြင့် အလုပ်ကိစ္စအရေးကြီးလို့ ဆက်သွယ်ဖို့ နံပါတ်တခုလိုအပ်သူများ၊ လုံခြုံရေးအရ နံပါတ်သေ မကိုင်လိုသူများ နဲ့ ပြည်ပမှ အလည်လာရောက်တဲ့ နိုင်ငံခြားသား ခရီးသည်များ ကိုင်ဆောင်ကြပါတယ်။ ယခုဖုန်းကဒ် မပေါ်ထွက်ခင်က ဖုန်းကိုင်ဆောင်လိုရင် ကိုယ်ပိုင်ဝယ်လိုက ၀ယ်၊ မ၀ယ်ပဲ ငှားရမ်း အသုံးပြုမယ်ဆို အနည်းဆုံး တလ ကျပ် ၄ သောင်းမှ ၄ သောင်းခွဲ သုံးစွဲကြရပြီး ယခုလို ၂၀တန်ဆင်းကဒ် ပေါ်လာတဲ့အခါ ထိုသို့သောသူများ အတွက် အဆင်ပြေလို့ သုံးစွဲကြပါတယ်။
နိုင်ငံတော် သူဌေးကြီးဖြစ်တဲ့ ဦးတေဇပိုင် ထူးကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ စင်ထရယ် မားကက်တင်း က ဖြန့်ချီရောင်းချခြင်း ဖြစ်ပြီး ရောင်းဈေး အက်ဖ်အီးစီ ၂၀သတ်မှတ်ထားပေမယ့် သုံးစွဲသူအများစုမှာတော့ တဆင့်ခံ ပြန်ရောင်းသူတွေဆီကပဲ ၀ယ်ယူကြရပါတယ်။ ပြင်ပပေါက်ဈေး တကဒ်ကို ၂သောင်း ၄ထောင်မှ ယခုလအတွင်း ၂သောင်း ၈ထောင်ကျော်ထိ မြင့်တက်လာပါတယ်။ တလမပြည့်မီ ပြောဆိုခကုန်သွားခဲ့ရင် ထပ်မံဖြည့်သွင်းလို့မရပဲ စာတိုပို့စနစ်သာ လက်ခံနိုင်ပါတော့တယ်။
ကျပ်သိန်းဆယ်ဂဏန်းနဲ့ ချီတဲ့မိုဘိုင်းဖုန်းကို ပေးမ၀ယ်တဲ့သူများ အနေနဲ့  ကျပ်ငွေ ၂သောင်းကျော်နဲ့ မိုဘိုင်းဖုန်း တလုံး တလခန့်ကိုင်နိုင်လို့ သုံးစွဲကြတာမျိုးလည်း တွေ့ရပါတယ်။
ဒဗလျူစီဒီအမ်အေ ဖုန်း WCDMA
တနည်းအားဖြင့် သရီးဂျီနက်ဝေါ့ခ် လို့လည်း ခေါ်ဆိုတဲ့ ဒဗလျူစီဒီအမ်အေဖုန်း ကိုလွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စတင်မိတ်ဆက် ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ သုံးစွဲနိုင်ပြီး အလုံးရေ ထောင်ဂဏန်း ၀န်းကျင်သာ ငှားရမ်းပေးတာပါ။
သိရှိရသလောက်ဆိုရင် တရုတ်နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီ တခုက နအဖ အစိုးရကို အဆိုပါနက်ဝေါ့ခ်နဲ့ ပတ်သက်လို့ နမူနာအဖြစ် ပေးတဲ့ ပစ္စည်း ကိရိယာတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တပ်ဆင်ပြီး ဖုန်းသုံးစွဲသူတွေကို ရောင်းစားလိုက်တာ လို့ဆက်သွယ်ရေး အရာရှိတဦးက ဆိုပါတယ်။ အဆိုပါ စနစ်နဲ့ ပတ်သက်တဲ့ အလားတူ ပစ္စည်းတွေလည်း မ၀ယ်ယူတော့ပဲ စကားပြောစဉ် တဖက်က အရုပ်ကို တဖက်က မြင်နိုင်တယ် ဆိုပြီး ဒဗလျူ စီဒီအမ်အေ ကိုကြေငြာခဲ့ပါတယ်။
လက်တွေ့မှာ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ ဒဗလျူစီဒီအမ်အေ စနစ်နဲ့ သွားပြီး ထိုမြို့နယ်များ ကျော်လွန်သွားခဲ့ရင်တော့ ရိုးရိုး ဂျီအက်စ်အမ် ဖုန်းလိုပဲ သုံးစွဲနိုင်တော့မှာပါ။ ပြောဆိုခ ဂျီအက်စ်အမ် ဖုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အပြင်ဈေးကွက်မှ ဖုန်းတန်ဖိုးလည်း ဂျီအက်စ်အမ်ထက် အနည်းငယ်မျှသာ ဈေးပိုတာကို တွေ့ရပါတယ်။
၅သိန်းတန် ၄၅၀ မီဂါဟဇ် စီဒီအမ်အေ
နေပြည်တော်မှ ပထမဆုံးခွင့်ပြုတဲ့ ကမ်းရိုးတန်းစနစ်သုံး စီဒီအမ်အေဖုန်းနဲ့ စနစ်လည်းတူ ပြောဆိုခလည်းတူပါတယ်။ သို့ပေမယ့် သုံးစွဲနိုင်တဲ့ ဧရိယာမှာတော့ ကမ်းရိုးတန်းဖုန်းလို တနိုင်ငံလုံး မဟုတ်ပဲ နေပြည်တော် ဧရိယာအတွင်း ကန့်သတ်ထားရှိတာ ကိုတွေ့ရပါတယ်။ ပြောဆိုခ ကမ်းရိုးတန်း ဖုန်းနဲ့ အတူတူဖြစ်ပြီး နီးနီးဝေးဝေး တမိနစ် ၅၀ကျပ် ဖြစ်ပါတယ်။
၅သိန်းတန် ၈၀၀ မီဂါဟဇ် စီဒီအမ်အေဖုန်း
ယခုနှစ်ဆန်း မှာ မန္တလေးမြို့မှာ ပထမဦးဆုံးစတင် ငှားရမ်းပေးပြီး နောက်ရန်ကုန်မှာပါ ငှားရမ်းပေးနေတဲ့ ဖုန်းအမျိုးအစားပါ။ ယခင်ခြင်းဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ နည်းပညာ စနစ်ခြင်းအတူတူ ဖြစ်သော်လည်း ၅သိန်းတန်ဖုန်းတွေကို ကဒ်စနစ်နဲ့ ပြုလုပ်ထားပြီး ကျပ်၅သိန်းပေးသွင်း ရင်ဆင်းကဒ် တကဒ်သာ ထုတ်ပေးပြီး ဖုန်းအထိုင်သို့မဟုတ် လက်ကိုင်ဖုန်းကို မိမိဘာသာ ၀ယ်ယူရပါတယ်။
ထူးခြားတာက ပြောဆိုခကို ကြိုတင်ငွေပေးကဒ် စနစ်နဲ့သာ ထည့်သွင်းဖို့ ပြုလုပ်ထားပြီး ကျပ် ၁၊ ၂၊ ၃သောင်းနဲ့ အက်ဖ်အီးစီ ကြိုတင်ငွေပေးကဒ် တွေဝယ်ပြီးဖြည့်သွင်းမှ ဖုန်းဆက်သွယ်လို့ ရမှာ ဖြစ်ပါတယ်။ ပြောဆိုခ တမိနစ် ၅၀ကျပ် ပဲဖြစ်ပါတယ်။ ပြည်ပပြောဆိုခကိုတော့ အက်ဖ်အီးစီ ကြိုတင်ငွေဖြည့်ကဒ် ဖြည့်သွင်းထားမှ ဆက်သွယ်နိုင်မှာပါ။
ရန်ကုန်မြို့မှာတင် အလုံးရေ ၁သိန်း အငှားချပေးမယ်လို့ ထုတ်ပြန်ပြောဆိုချက် များအရ သိရပါတယ်။ အစိုးရနဲ့ နီးစပ်တဲ့ ထူးကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ များကပဲ ဟန်းဆက်ရောင်းချခြင်း ကဒ်ရောင်းချခြင်းတို့ လုပ်ဆောင်နေတာပါ။ ရန်ကုန်အတွက်တော့ ၇၃….နဲ့ စတင်ပြီး ဂဏန်း ၈လုံးပါရှိတဲ့ နံပါတ်တွေကို သုံးစွဲပါတယ်။
ပြောဆိုခနှုန်းထားကတော့ ပြည်တွင်း ခေါ်ဆိုမှုအတွက် တမိနစ် ကျပ် ၅၀ ပုံသေဖြစ်ပါတယ်။
ယခင်ကထက် ဈေးလျော့လာပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင် မယှဉ်နိုင်အောင် မြင့်လျက်ရှိနေ
မြန်မာပြည်မှာ ဒီလောက်တောင် များပြားလှတဲ့ ဖုန်းစနစ်တွေ အမျိုးအစားတွေနဲ့ သုံးစွဲသူတွေအတွက် ရွေးချယ်ရ ခက်ခဲလျက်ရှိ ပါတယ်။ နှစ်ကာလ ကြာရှည်စွာ တယ်လီဖုန်းဆိုတာ ပိုင်ဆိုင်မှု တခု၊ ရောင်းချလို့ရတဲ့ အရာတခု၊ သက်ဆိုင်ရာ အစိုးရထံမှ ၀ယ်ယူခွင့်ရရင် အခွင့်အရေး တရပ်အဖြစ်နဲ့ စွဲမြဲမှတ်ယူလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၁၀စုနစ် တခုလုံးလည်း မိုဘိုင်းဖုန်း တလုံးကို သုံးစွဲနိုင်ဖို့ ၀ယ်ခွင့်ရသူကို သိန်းဆယ်ဂဏန်းနဲ့ ချီပြီး အကျိုးအမြတ်တွေ ပေးခဲ့ရပါတယ်။ ယခုတလောမှာ မြို့နယ်တခုတွင်း ပြောဆိုသုံးစွဲနိုင်တဲ့ ၈၀၀ စီဒီအမ်အေ ဖုန်းတွေကို ကျပ်၅သိန်းနဲ့ ရောင်းပေးမယ် ဆိုတာကြောင့် ဒါဟာ အခွင့်အလမ်းတရပ်လားလို့ ထင်မြင်သူက ထင်မြင်နေကြပါသေးတယ်။
သို့ပေမယ်လို့ ဖုန်းအတွက် ကားအတွက် မြန်မာပြည်သူပြည်သားတွေ ရင်းနှီးပေးဆပ်ရတဲ့ ငွေပမာဏများပြားလွန်းလှပြီး နောက်ထပ် ၀ယ်အား မရှိကြတော့ပါဘူး။ ဒိထက်ထပ်ကျ နိုင်သေးတယ်လို့လည်း ယူဆလာကြပါပြီ။ နကိုက ၁၇သိန်း၊ သိန်း ၂၀တန် တပြည်လုံးသုံး နိုင်တဲ့ မိုဘိုင်းဖုန်း ဈေးလည်း ပြုတ်ကျလာပါတယ်။
ထိုင်းနိုင်ငံမှာ ဆင်းကဒ် တကဒ်ကို ၂၅ ဘတ် (၇၅၀ ကျပ်)သာပေးရပြီး တမိနစ် ပြောဆိုခဟာလည်း တဘတ်(ကျပ် ၃၀သာသာ) ပဲရှိတာမို့ မြန်မာနိုင်ငံမှာတော့ အနိမ့်ဆုံး ကျပ်ငါးသိန်း ရှိပါသေးတယ်။ အဆ ၇၀၀ နီးနီး ကွာခြားနေပါသေးတယ်။ ဖုန်းပြောခမှာလည်း မြန်မာနိုင်ငံက ထိုင်းနိုင်ငံထက် မြင့်နေပါတယ်။ အဲဒီအချက်တွေဟာ ဘယ်အချက်မှာ အခြေခံလည်းဆိုရင် လွတ်လပ်စွာ ပြိုင်ဆိုင်လုပ်ကိုင်ခွင့် မရှိတဲ့ အချက်မှာပါ။
       မိုဘိုင်း ဆက်သွယ်ရေးကို နအဖ အစိုးရက နီးစပ်ရာ ကုမ္ပဏီကြီး တခုနှစ်ခုကိုပဲ လုပ်ပိုင်ခွင့်ပေးပြီး သုံးစွဲသူအများဆီက အကျိုးအမြတ်များ ညှစ်ယူနေတဲ့ သဘောထား ကြောင့်လည်းသုံးစွဲသူတွေမှာ ရွေးစရာ လမ်းမရှိဖြစ်နေတဲ့ သဘောပဲ ဖြစ်ပါတယ်။ 
 
မိုးမခ

အလုပ်သမား ဆန္ဒပြပွဲ

ms

၂ဝဝ၇ ခုနှစ်မှာ စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံတိုင်းရှိ ပေါင်မုန့်စားသူရော၊ ဆန်ပြုတ်စားသူ ဆင်းရဲသား ပြည်သူတွေပါ စားဝတ်နေရေး အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ဆင်းရဲသား ပြည်သူတွေရဲ့  အခက်အခဲ ပြဿနာဟာ နိုင်ငံတိုင်းမှာလို ရှိနေပေမယ့် အစိုးရတွေရဲ့ စီးပွားရေး ပြန်လည်နာလန်ထူလာအောင် ကျားကန်ပေးမှုနဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေဟာ တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြပါဘူး။

အမေရိကန်မှာတော့  ပေးဆောင်ခဲ့တဲ့ ဝင်ငွေခွန်၊ အလုပ်လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလပေါ် မူတည်ပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့သူတွေကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးခဲ့သလို၊  စီးပွားရေးကပ်ဆိုး ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူတဦးဟာ   ၂ နှစ်ကျော်ကြာ တပတ် အမေရိကန်ဒေါ်လာ ၄ဝဝ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ရရှိခဲ့ပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း လစာနည်းသူတွေကို ဘတ်ငွေ ၂ဝဝဝ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနဲ့ လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနဲ့ ဘတ်စ်ကားတွေ စီးနင်းနိုင်စေမှု၊ ၁၅ နှစ် အခမဲ့ ပညာရေး သင်ကြားနိုင်စေမှုနဲ့ ငွေကြေး ထောက်ပံ့ပေးမှုတွေ ရှိခဲ့ပါတယ်။

တချို့ ချမ်းသာပြီး စီးပွားရေးအင်အားကြီးမားတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေဟာ ဘီလီယံ ရာနဲ့ချီသုံးစွဲပြီး ဆင်းရဲသား ပြည်သူတွေရဲ့ အခက်အခဲပြဿနာကို ဖြေရှင်းပေးကြပေမယ့်၊ တချို့နိုင်ငံတွေမှာတော့ ဆင်းရဲပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ရင်ဆိုင်နေရပါတယ်လို့  အမှန်တရားကို ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခြင်း ခံခဲ့ရတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကုန်ဈေးနှုန်း ကြီးမားနေမှုကြောင့် ရုရှားနိုင်ငံ မော်စကိုမြို့ လမ်းမတွေပေါ်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဆီးနှင်းတွေ ထူထပ်၊ ရေခဲအမှတ်အောက် ရောက်နေတဲ့ ရာသီဥတုအောက်မှာ လူပေါင်း ၁၅ဝဝ ကျော်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပြီး၊ ဝန်ကြီးချုပ် ပူတင်အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့် သိရှိရပါတယ်။

လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ပေါင်း ၁၅ ဖွဲ့က ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ရုရှားကွန်မြူနစ်ပါတီက ဒီဆန္ဒပြပွဲကို  ဦးဆောင်စည်းရုံး လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အစိုးရက ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်းနှင်းဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့မှုတွေကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ နည်းပါးခဲ့ပါတယ်။

အတိုက်အခံတွေက လာမယ့် ရက်သတ္တပတ်တွေမှာ ဆန္ဒပြပွဲတွေကို နေရာအနှံ့ ဆက်တိုက် ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ပူတင်အစိုးရကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံတွေက ကုန်ဈေးနှုန်း ကြီးမားနေမှုကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူထုတွေ ပါဝင်ပူးပေါင်းလာကြဖို့နဲ့ လမ်းမတွေပေါ် ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ရုရှားနိုင်ငံမှာ ရုရှားပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ လခတွေ တိုးမြှင့်ပေးဖို့ လမ်းမပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ပြသနေသလို၊ မြန်မာနိုင်ငံမှာလည်း  မတရား အလုပ်ချိန်ခိုင်းထားတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ မိမိတို့ ရပိုင်ခွင့် ရရှိရေးအတွက် ဆက်တိုက် ထုတ်ဖော်ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မှာ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ ဒီနှစ်အတွင်းမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။
အဓိကကျတဲ့ အချက်ကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ရင်ဆိုင်နေရပါတယ်လို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မတရားတာကို မတရားပါဘူးလို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မိမိတို့ ရပိုင်ခွင့် ရရှိရေးအတွက် ထုတ်ဖော်ပြောဆိုခွင့် မရသရွေ့တော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၉ မိနစ် 
http://www.mizzimaburmese.com/edop/songpa/4937-2010-03-03-05-46-13.html

ရန်ကုန်မှ မြင်းစီး ပြိုင်ပွဲ ဖွင့်ပွဲမြင်ကွင်း


ဓာတ်ပုံသတင်း
မတ် ၃၊ ၂၀၁၀ရန်ကုန်မြို့တွင် BARON’S CUP 2010 ဟု အမည်ပေးထားသော မြင်းစီး ပြိုင်ပွဲ ဖွင့်ပွဲနေ့ကို စနေနေ့က ပြုလုပ်စဉ် အများစိတ်ဝင်စားစေရန် ၀တ်ဆင်ထားသည့် ဂျော်ကီများကို တွေ့ရပုံ။ ပြိုင်ပွဲတွင် ရန်ကုန်၊ ဧရာဝတီ၊ ပခုက္ကူ၊ ပုဂံ၊ ညောင်ဦး ဒေသတို့မှ မြင်း ၃၆ ကောင် ပါဝင်မည်ဟု ဆိုသည်။ ပြိုင်ပွဲကို မြန်မာ နိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ်နှင့် Myanmar Brewery ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။ ထိုမြင်းများကို နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးပြီး ပြည်ပပြိုင်ပွဲများသို့ စေလွှတ်မည်ဟု သိရသည်။ (ဓာတ်ပုံ - Reuters) 
မိုးမခ