Wednesday, March 3, 2010

အလုပ်သမား ဆန္ဒပြပွဲ

ms

၂ဝဝ၇ ခုနှစ်မှာ စတင်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းဟာ ကမ္ဘာ့နိုင်ငံတိုင်းရှိ ပေါင်မုန့်စားသူရော၊ ဆန်ပြုတ်စားသူ ဆင်းရဲသား ပြည်သူတွေပါ စားဝတ်နေရေး အခက်အခဲ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
ဆင်းရဲသား ပြည်သူတွေရဲ့  အခက်အခဲ ပြဿနာဟာ နိုင်ငံတိုင်းမှာလို ရှိနေပေမယ့် အစိုးရတွေရဲ့ စီးပွားရေး ပြန်လည်နာလန်ထူလာအောင် ကျားကန်ပေးမှုနဲ့ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေဟာ တနိုင်ငံနဲ့ တနိုင်ငံ မတူညီကြပါဘူး။

အမေရိကန်မှာတော့  ပေးဆောင်ခဲ့တဲ့ ဝင်ငွေခွန်၊ အလုပ်လုပ်ကိုင်ခဲ့တဲ့ အချိန်ကာလပေါ် မူတည်ပြီး အလုပ်လက်မဲ့ ဖြစ်ခဲ့သူတွေကို ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ ပေးခဲ့သလို၊  စီးပွားရေးကပ်ဆိုး ကာလအတွင်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရသူတဦးဟာ   ၂ နှစ်ကျော်ကြာ တပတ် အမေရိကန်ဒေါ်လာ ၄ဝဝ ငွေကြေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ရရှိခဲ့ပါတယ်။

ကျနော်တို့ရဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း လစာနည်းသူတွေကို ဘတ်ငွေ ၂ဝဝဝ (အမေရိကန် ၅၈ ဒေါ်လာ) ထောက်ပံ့ရေး၊ အခမဲ့ ရေနဲ့ လျှပ်စစ်သုံးစွဲနိုင်မှု၊ အခမဲ့ ရထားနဲ့ ဘတ်စ်ကားတွေ စီးနင်းနိုင်စေမှု၊ ၁၅ နှစ် အခမဲ့ ပညာရေး သင်ကြားနိုင်စေမှုနဲ့ ငွေကြေး ထောက်ပံ့ပေးမှုတွေ ရှိခဲ့ပါတယ်။

တချို့ ချမ်းသာပြီး စီးပွားရေးအင်အားကြီးမားတဲ့ နိုင်ငံတွေရဲ့ အစိုးရတွေဟာ ဘီလီယံ ရာနဲ့ချီသုံးစွဲပြီး ဆင်းရဲသား ပြည်သူတွေရဲ့ အခက်အခဲပြဿနာကို ဖြေရှင်းပေးကြပေမယ့်၊ တချို့နိုင်ငံတွေမှာတော့ ဆင်းရဲပြည်သူတွေဟာ စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ရင်ဆိုင်နေရပါတယ်လို့  အမှန်တရားကို ထုတ်ဖော်ပြောဆိုခွင့် ပိတ်ပင်ခြင်း ခံခဲ့ရတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကုန်ဈေးနှုန်း ကြီးမားနေမှုကြောင့် ရုရှားနိုင်ငံ မော်စကိုမြို့ လမ်းမတွေပေါ်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြတယ်လို့ သိရှိရပါတယ်။ ဆီးနှင်းတွေ ထူထပ်၊ ရေခဲအမှတ်အောက် ရောက်နေတဲ့ ရာသီဥတုအောက်မှာ လူပေါင်း ၁၅ဝဝ ကျော်ဟာ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပြီး၊ ဝန်ကြီးချုပ် ပူတင်အစိုးရကို နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့် သိရှိရပါတယ်။

လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့ပေါင်း ၁၅ ဖွဲ့က ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ရုရှားကွန်မြူနစ်ပါတီက ဒီဆန္ဒပြပွဲကို  ဦးဆောင်စည်းရုံး လှုံ့ဆော်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ အစိုးရက ဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်းနှင်းဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့မှုတွေကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ နည်းပါးခဲ့ပါတယ်။

အတိုက်အခံတွေက လာမယ့် ရက်သတ္တပတ်တွေမှာ ဆန္ဒပြပွဲတွေကို နေရာအနှံ့ ဆက်တိုက် ဖြစ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ပူတင်အစိုးရကို ဆန့်ကျင်နေကြတဲ့ အတိုက်အခံတွေက ကုန်ဈေးနှုန်း ကြီးမားနေမှုကြောင့် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ လူထုတွေ ပါဝင်ပူးပေါင်းလာကြဖို့နဲ့ လမ်းမတွေပေါ် ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

ရုရှားနိုင်ငံမှာ ရုရှားပြည်သူတွေ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး၊ လခတွေ တိုးမြှင့်ပေးဖို့ လမ်းမပေါ် ထွက်ကာ ဆန္ဒထုတ်ဖော်ပြသနေသလို၊ မြန်မာနိုင်ငံမှာလည်း  မတရား အလုပ်ချိန်ခိုင်းထားတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေဟာ မိမိတို့ ရပိုင်ခွင့် ရရှိရေးအတွက် ဆက်တိုက် ထုတ်ဖော်ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မှာ အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ ဒီနှစ်အတွင်းမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။
အဓိကကျတဲ့ အချက်ကတော့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ရင်ဆိုင်နေရပါတယ်လို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မတရားတာကို မတရားပါဘူးလို့ ထုတ်ဖော်ပြောဆိုခွင့်မရ၊ မိမိတို့ ရပိုင်ခွင့် ရရှိရေးအတွက် ထုတ်ဖော်ပြောဆိုခွင့် မရသရွေ့တော့ ဒီနိုင်ငံတွေမှာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။

မြတ်စိုး | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၅၉ မိနစ် 
http://www.mizzimaburmese.com/edop/songpa/4937-2010-03-03-05-46-13.html

0 comments:

Post a Comment