စစ်ပွဲပြီးစ မြို့ပျက်ကြီးလိုတဲ့လား
ဘာပြောကောင်းမလဲ ဒီထက်တောင်ပိုသေး...
ယုံကြည်ခြင်းဟာ တောင်ပံမပါတဲ့ငှက်လိုမျိုး
ပေါ့ပေါ့ပါးပါး လမ်းသလား
ပြီးတော့…ဇောက်ထိုး မိုးမျှော်နေပုံများ
ဟိုဒင်းနဲ့ ဟိုဝှာ နောက်ဖေးလမ်းကြားမှာ စပ်ကျထားတဲ့သားလို...
ငိုစား ရယ်စား စာသားလေး နဲနဲလှတယ် ဆိုရင်ပဲ
ပဲ့ပဲ့ပါသွားတဲ့ ခင်ဗျားတို့ရဲ့ ဦးနှောက်တွေက
မြှုပ်ထားတဲ့အကွက်ထဲကို မြုပ်ဝင်သွားလိုက်
လှုပ်ထားတဲ့လုပ်ကွက်ထဲကို ပြုတ်ကျသွားလိုက်နဲ့....
အတည့်ကို အစောင်းမြင်ပြီး
အဟောင်းကို အကောင်းဖြစ်အောင်ပြင်ဖို့ကျတော့
အကျိုးလိုအဆော့သန်ပြီး အကန်းလိုအမော့မြန်နေကြပြန်လေရော..
ဖားပြုတ်ကိုက်တာက တရုတ်ရိုက်တာထက် နာတယ်တဲ့လား...
ကိုယ့်ဒူးတောင် ကိုယ်မယုံနိုင်ဘဲ
ဘယ်ဖဲကို ဘယ်ပွဲမှာ ဘယ်လိုချိုးပြီးကစားကစား
တစ် ကိုး ကင်းနဲ့ အဖြစ်ဆိုးခြင်းတွေပဲ ထွေခင်းနေရဦးမယ်...
ဘာပဲလုပ်လုပ်
ကိုယ့်အသက်ကို ကိုယ်ပြန်ရေတွက်ကြည့်
ခြုံဆိုရင်လည်း ရင့်နေပြီ အပင်ဆိုရင်လည်း မြင့်နေပြီ….
အရာရာကို ချင့်ပြီးယုံဖို့လိုသလို
ကိုယ်ကျင့်တရားလည်း လုံခြုံဖို့လိုအပ်တယ်.....
ကဲ…
ဘာတွေကို ယုံကြည်ရမလဲဟေ့
ဘာတွေကို ယုံကြည်ကြသလဲဟေ့......။ ။
ဆောင်းယွန်းလ
ဇူလိုင် ၂၈၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ
Thursday, July 29, 2010
Subscribe to:
Posts (Atom)