Monday, March 1, 2010

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။


ဗမာစကားပီသတဲ့လူတွေ


    သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ  ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။


ဗမာစကားမပီသတဲ့ဗမာတွေ


အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။


မြန်မာပြည်နဲ့မတန်ဘူးတဲ့


တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။


သူများတွေပါ အမြီးပြတ်စေချင်လို့


လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။


တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့


အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ၀ယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။ ''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။


သူတို့ပြန်လာကြမှာပါ


အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။


အနတ္တကို ဦးထိပ်ထား


မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား ကိုဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်းနားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။

Written by လူထုစိန်ဝင်း              
မှတ်ချက် ။   ။ “ဟေ့ ... မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်။ အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရော က်နေရပေမယ့် တစ်နေ့မှာ မြန်မာပြည်ကို ပြန်ရမယ်။ အခွင့်အရေး တစ်စုံတစ်ရာကြော င့် နိုင်ငံခြားသားလုပ်ဖို့ဘယ်တော့မှ စိတ်မကူးလေနဲ့။”
(ဦးသန့်)

နအဖ၏ စီးပွားရေး အထုပ်ဖြည်ခြင်း နဲ့ မြန်မာလူထု၏ စီးပွားရေးကံကြမ္မာ


၂၀၁၀ ခုနှစ်သို့ ကူးပြောင်းပြီးနောက်မှာ နအဖ အစိုးရရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလို့ ခေါင်းစဉ် တပ်ထား တဲ့ အစီအစဉ်ဟာ ပိုမိုကသုတ်ကယက် နိုင်လာပါတယ်။ ငြိမ်ပိ၊ န၀တ၊ နအဖ စသဖြင့်နာမည် အမျိုးမျိုးပြောင်း အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၁နှစ်ကျော်အတွင်း တခါမျှ လုပ်ခွင့်မပေးခဲ့ဖူးတဲ့ လောင်စာဆီ လက်လီဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာကို ရုတ်တရက် သတင်းထွက်ပေါ်လာပါတယ်။
အဲလို ဖြန့်ဖြူးခွင့် မပေးခင်သီတင်းပတ်များမှာ နိုင်ငံခြား အိတ်စ်ပို့ ၀င်ငွေရှိတဲ့ ကုမ္ပဏီတွေ လောင်စာဆီတင်သွင်းခွင့် ရှိတယ်ဆိုပြီး ပထမအဆင့် ခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာမှ လက်လီ ဖြန့်ဖြူးရေးကိုပါ ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးပြီး လက်ရှိ စွမ်းအင်ဝန်ကြီးဌါနက လုပ်ကိုင်နေတဲ့ တနိုင်ငံမှာရှိတဲ့ လက်လီဖြန့်ဖြူးရေးဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက လက်ထဲလွှဲပေးဖို့ အဆိုပြုလွှာတွေ ခေါ်တဲ့ကြေငြာချက်ကို ဖေဖေါ်ဝါရီ ၅ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
ဓါတ်ဆီ၊ ဒီဇယ်ဆီဆိုင်တွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကိုတိုင် သူတို့ရှေ့ရေး ဘာဖြစ်မလဲဆိုတာ မသိကြသေးဘူး လို့ဆိုပါတယ်။
“မကြာသေးခင် နေပြည်တော်မှာ လုပ်တဲ့ ၀န်ကြီးဌါနတွင်း အစည်းအဝေးမှာ အောက်က ၀န်ထမ်းတွေက ၀န်ကြီးကိုမေးတယ်။ သူတို့ကို ဘယ်လို အစီအစဉ်ရှိလဲဆိုတာ။ ၀န်ကြီးကလည်း သူကိုယ်တိုင်လည်း မသိသေးဘူး၊ အထက်ကလုပ်နေတာ လို့ပဲပြောတယ်”
လို့ ဓါတ်ဆီဆိုင်တဆိုင်မှ ၀န်ထမ်းတဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၀င်ငွေ အကောင်းဆုံး ၀န်ထမ်းများထဲမှာ ပါဝင်တဲ့ လောင်စာဆီဆိုင် ၀န်ထမ်းတွေရဲ့ ဘ၀အခုတကြိမ် အလှည့်အပြောင်းမှာတော့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်လာနေပါပြီ။
ဆိပ်ကမ်းလည်း ရောင်းမည်
အဲဒီလိုပဲ လွန်ခဲ့တဲ့ လထဲမှာ ရန်ကုန်မြို့ ရန်ကုန်မြစ်ကမ်းနား တလျှောက်ရှိတဲ့ အစိုးရ ၀န်ကြီးဌါနပိုင် ၀န်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ အားလုံးကိုလည်း နအဖ အတွင်းရေးမှူး (၁) စာရင်းတောင်းလို့ သက်ဆိုင်ရာ ၀န်ကြီးဌါနအလိုက် နေ့ချင်း ညချင်း ဓါတ်ပုံရိုက်၊ စာရင်းပြုစုပြီး တင်ပေးကြရပါတယ်။
ရန်ကုန်မြစ် တလျောက်ရှိ လင်းစဒေါင်းမှစပြီး စွမ်းအင် ၀န်ကြီးဌါန၊ ပို့ဆောင်ရေး ၀န်ကြီးဌါန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌါနပိုင် မြေနှင့် ၀န်ထမ်းအိမ်များ၊ ဂိုဒေါင်များ၊ နောက် အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်များမှ မြန်မာ့သစ်လုပ်ငန်း၊ သီရိမင်္ဂလာ ကုန်စိမ်းဈေး စသဖြင့် ရန်ကုန်မြစ်ကမ်းတလျှောက်က နေရာတွေကို အတိုင်းအတာနဲ့ အဆောက်အဦအရေအတွက် အလောတကြီးကောက်ယူနေခဲ့ပါတယ်။
ရန်ကုန်မြစ်နဘေးမှာ ရှိတဲ့ ဈေးကြီးတွေမှာ ရောင်းချသူတွေလည်း ယခုအခါ မျက်ခုံးလှုပ်နေကြပါပြီ။ သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်။ အလုံကမ်းနားမှာ ရှိတဲ့ မြန်မာ့ သစ်လုပ်ငန်း အပိုင် ၀န်ထမ်းအိမ်များ၊ သစ်စက်များကို ရွှေပြည်သာမြို့နယ်ထဲက ၀ါးတစ်ရာပြောင်းမယ် ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါပြီ။ ရန်ကုန်မြစ်ကမ်းနဘေးမှာ နေထိုင်နေကြသူတွေ ဌါနဆိုင်ရာအလိုက် စာရင်းကောက်ယူပြီး ရွှေ့ပြောင်းကြရဖို့ အခြေအနေဖြစ်နေပါပြီ။
ဈေးလည်းပြောင်းမည်
သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကိုကြားသိရလို့ မြို့တော်စည်ပင်ကို ပြည်တွင်းဂျာနယ်တွေက မေးမြန်းကြတဲ့အခါ မြို့တော်ဝန်က လောလောဆယ် ပြောင်းရန် အစီအစဉ်မရှိသေးလို့ပြန်ဖြေခဲ့ပါတယ်။ `လောလောဆယ် ´ ဆိုတဲ့စကားလုံးဟာ ၀ိနည်းရှောင်တဲ့ စကားလုံးဖြစ်တယ်ဆိုတာ ကိုပြည်တွင်းဂျာနယ်လစ်တွေ နဲ့ စာဖတ်သူတချို့သဘောပေါက်ကြပါတယ်။ အဲဒီ`လောလောဆယ်´ဆိုတာ ဘယ်နှရက်၊ ဘယ်နှပတ်ကို ရည်ညွှန်းပြောဆိုတာလဲလို့ စဉ်းစားနေကြပါပြီ။ နအဖ အဖွဲ့အထက်က လုပ်ဆောင်တဲ့ ကိစ္စမို့လို့ မြို့တော်ဝန်အနေနဲ့ ဘာမှ ဆုံးဖြတ်ပြောဆိုပိုင်ခွင့် မရှိတာကို ရိပ်မိကြပါတယ်။
အဲဒီအချိန်မှာပဲ  MAI မြန်မာအဲဝေး အင်တာနေရှင်နယ် ကိုလည်း ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း အပါအ၀င် လုပ်ငန်းရှင် နှစ်ဦးသုံးဦး လက်ထဲရောင်းချပေးခဲ့ပါတယ်။ အစိုးရပိုင်လုပ်ငန်းကြီးများကို လက်လွှဲပေး၊ ရောင်းချပေးနေရာမှာ အများဆုံး ရရှိတဲ့သူ၊ အကောင်းဆုံးလုပ်ငန်း တွေရရှိသူကတော့ ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင်ကြီးများထဲက တမူးပိုရှူသူတွေ
စီးပွားရေး လုပ်ပိုင်ခွင့်များအား အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေလက်ထဲ လွှဲပြောင်းရောင်းချပေးတဲ့ အစီအစဉ်မှာ တဒါဇင်ကျော် နှစ်ဒါဇင်မျှရှိတဲ့ နိုင်ငံတော် လုပ်ငန်းရှင်ကြီးများ အားလုံး အခွင့်အရေး တန်းတူမရကြပါဘူး။ ဦးတေဇနဲ့ ဦးဇော်ဇော်၊ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့က အရင်ဆုံးအခွင့်အရေး ရကြပါတယ်။ အဲဒီနောက်မှာ ဦးချစ်ခိုင်၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း အစရှိသူတွေက ရကြပါတယ်။
ယခင်ဆယ်စုနှစ် တခုလုံး အမြတ်အစွန်းကောင်းတဲ့ စားအုန်းဆီ ၀ယ်ယူတင်သွင်း တဲ့လုပ်ငန်းကို ထူးကုမ္ပဏီကပဲ တဦးထည်း လုပ်ကိုင်ခဲ့ပြီး အမြတ်အစွန်းလျော့ကျလာတဲ့ လွန်ခဲ့တဲ့ ၄နှစ် ၀န်းကျင်ကျမှ အခြားလုပ်ငန်းရှင်တွေကိုပါ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုပဲ ယခုတကြိမ်မှာလည်း ဦးတေဇ ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်တို့ အနေနဲ့ အကျိုးအမြတ်များ မယ့်လုပ်ငန်းတွေကို ရွေးယူကြမယ့် အရိပ်လက္ခဏာတွေ တွေ့မြင်ရပါတယ်။
ပြည်သူ လူထု အကျိုးစီးပွား မျက်နှာစာ
ဖွံ့ဖြိုးပြီး နိုင်ငံအချို့မှာ အကျိုးအမြတ် ကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အရေးပါတဲ့ ကဏ္ဍတွေဆိုရင် အစိုးရက ထိန်းရုံသာထိန်းပေးပြီး အများက အစုရှယ်ယာဝင်နိုင်တဲ့ အများပိုင် လွတ်လပ်တဲ့ စီးပွားရေး ကုမ္ပဏီအဖြစ် တည်ထောင်ကာ လုပ်ကိုင်စေတာမျိုးရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေး Japan Railway ကိုအဆိုပါပုံစံနဲ့ ဖွဲ့စည်း လုပ်ကိုင်စေပါတယ်။ အစိုးရက ကိစ္စအ၀၀မှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုပဲ ကုမ္ပဏီ ဘုတ်အဖွဲ့ကသာ ဆုံးဖြတ်လုပ်ကိုင်တာပါ။ အဆိုပါကုမ္ပဏီဟာ ပြိုင်ဘက် ကြီးကြီးမားမား မရှိပဲ ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးကို လုပ်ကိုင်နိုင်ပြီး အကျိုးအမြတ်လည်း ကောင်းတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အစုရှယ်ယာဝယ်ယူကြတဲ့ လူထုအနေနဲ့ လည်းကုမ္ပဏီ အကျိုးအမြတ်ကောင်းတဲ့အခါ အမြတ်ခွဲဝေမှု ရရှိပြီး ရှယ်ယာပိုင်သူ အားလုံးအကျိုးရှိစေပါတယ်။
ယခုမြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရာမှာ ယခင်အစိုးရက အားလုံးထိန်းချုပ်ထားပြီး အရှုံးပေါ်နေခဲ့တဲ့ အစိုးရပိုင်လုပ်ငန်းတွေကို ယခု ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်ရာ လုပ်ငန်းရှင်များကို လက်လွှဲပေးတဲ့ အဖြစ်ကတော့ ပြည်သူအများရဲ့ အကျိုး၊ စားသုံးသူအကျိုးကို နည်းနည်းမှ ငဲ့မကြည့်တာ ပေါ်လွင်နေပါတယ်။
ပြည်သူပိုင်သိမ်းတဲ့ ပစ္စည်းတွေကို နကိုမူလပိုင်ရှင်ထံလည်း ပြန်လည်ပေးအပ်ခြင်း မရှိပဲ၊ ပုဂ္ဂလိကပိုင် လုပ်ဆောင်တဲ့ မူအရ လေလံချပေးရာမှာ မူလပိုင်ရှင်က ပထမဦးစားပေး ၊ အဆိုပါအဆောက်အဦ သို့မဟုတ်လုပ်ငန်းကို လက်ရှိငှားရမ်းလုပ်ကိုင်နေသူက ဒုတိယ ဦးစားပေးဆိုပြီး ပါရှိပေမယ့်လို့ လက်တွေ့ ချပေးတဲ့အခါ ပွင့်လင်းမြင်သာမှုလည်း မရှိပဲ အထက်လူကြီးပိုင်းနဲ့ ပိုင်သူတွေသာ ချိတ်ပိတ်တင်ဒါ အောင်မြင်ကြတယ်လို့ ကြားသိရပါတယ်။
ပုဂ္ဂလိကပိုင် လုပ်သော်လည်း လုပ်ငန်းရှင်အချင်းချင်း အကြား လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုများ မရှိပဲ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီ တခုထည်းကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ကြမယ့် အရိပ်လက္ခဏာတွေပဲ မြင်တွေ့နေရပါတယ်။ ယူအမ်အက်ဖ် စီစီအိုင် အဖွဲ့ချုပ်ဟာလည်း နအဖ အစိုးရက ရွေးချယ်ခန့်အပ်ထားတဲ့ အမှုဆောင်တွေကပဲ ချုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးသူ၊ ထုတ်လုပ်သူတွေကို ချုပ်ကိုင်ဝယ်ယူကာ တင်ပို့နေကြတာပါ။
မကြာမီကဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှာလည်း ဆန်းစပါးနဲ့ ပတ်သက်လို့ ဂဃနဏ နားမလည်တဲ့ စစ်အစိုးရ နီးစပ်သူတွေ ကအဓိကနေရာတွေမှ ယူထားကြပြီး ဆန်စပါး အိတ်စ်ပို့လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ စိုက်ပျိုးသူလယ်သမားတွေ ရဲ့ အခက်အခဲ၊ လယ်ယာကဏ္ဍရဲ့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို စိတ်မ၀င်စားပဲ ထွက်ကုန်ကိုသာ ၀ယ်ပြီး နိုင်ငံခြားပို့မယ့် သူတွေက ဥက္ကဌ၊ ဒုဥက္ကဌ လုပ်နေကြပါတယ်။ ဥက္ကဌလုပ်သူက ဧဒင်ကုမ္ပဏီ ပိုင်ရှင် ဦးချစ်ခိုင်ဖြစ်ပြီး ဒုဥက္ကဌသုံးယောက်အနက် ဦးလှမောင်ရွှေနဲ့ ဦးစိန်ဝင်းလှိုင်တို့ဟာ UMFCCI ရဲ့ အမှုဆောင်လူကြီးတွေဖြစ်ကြပါတယ်။
ရွေးကောက်ပွဲနဲ့ အထုပ်ဖြည်ပွဲ
ယခုလို ၂၀၁၀ ကူးပြောင်းပြီး နောက် ကသုတ်ကယက်နဲ့ လွှဲပြောင်း ရောင်းချနေတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ ကုမ္ပဏီကြီး တခုမှ အင်ဂျင်နီယာ ၀န်ထမ်း တဦးကပြောဆိုရာမှာ
“ကျွန်တော်တို့ ကုမ္ပဏီ သူဌေးကလာမယ့် ၂၊ ၃လအတွင်း အခုလို ယူစရာ ရှိတာတွေကို ပြီးအောင်လုပ်ရမယ်လို့ ညွှန်ကြားထားတယ်။ နောက်ပြီးသူပြောတဲ့အထဲမှာ ရွေးကောက်ပွဲက နိုဝင်ဘာမှာ လုပ်မယ်လို့ဆိုတယ်”
လို့ပြောဆိုပါတယ်။
လာမယ့် ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနအသီးသီးက လုပ်ပိုင်ခွင့်ရှိသူတွေဟာ ဒီနေရာပြန် ရောက်မရောက် မသေချာတော့ လုပ်ပိုင်ခွင့်ရှိတဲ့အခွင့် အရေးအားလုံးယူ၊ နောက်ဆုံး ယုတ်စွအဆုံး ချရောင်းစရာမရှိတဲ့ တရားရေး ဌါနတောင် လာဘ်စားချင်တိုင်း စားပြီး စီရင်ချက်တွေကို ချမှတ်နေတဲ့ အထိဖြစ်နေပါတယ်။
          နအဖ၂၁နှစ်လုံးလုံး ခုတ်ရောင်းခဲ့တဲ့ သစ်တောတွေ၊ ထူးဖေါ်ခဲ့တဲ့ ကျောက်မျက်ရတနာတွေ၊ တူးရောင်းနေခဲ့တဲ့ ရေနံ သဘာဝဓါတ်ငွေ့တွေ အစရှိတဲ့ သယံဇာတတွေ အပြင်ယခုနောက်ဆုံး ကျန်သေးတဲ့ အထုပ်တွေဖြစ်တဲ့ ရန်ကုန်နဲ့ မြို့ကြီးတွေက မြေနေရာ၊ စက်ရုံ အဆောက်အဦ၊ လုပ်ပိုင်ခွင့်တွေကိုပါ ဖြည်ပြီး  ရောင်းစားနေတာကတော့ ဒီနေ့ မြင်ကွင်းလိုဖြစ်နေပါပြီ။ 
 
သန်းစိုးလှိုင်
မိုးမခ

မြန်မာပြည်တွင်းရှိ အမျိုးသားရေးစွမ်းဆောင်သူ စာပေပညာရှင်ကြီးများကို ဂါရ၀ပြုကြ

ယမန်နေ့က ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် နေအိမ် တအိမ်တွင် မြန်မာအမျိုးသားရေး လှုပ်ရှားဆောင်ရွက်သူများ၊ လူငယ်များ စုဝေးကြပြီး အမျိုးသားရေးစွမ်းဆောင်သူ သက်ကြီး စာပေပညာရှင်ကြီးများကို ဂါရ၀ပြုကန်တော့ခဲ့ကြသည်ဟု သိရသည်။

ဆရာ နန်းညွန့်ဆွေ၊ ဆရာ ဦးဝင်းတင်နှင့် ဆရာ ဦးလေးမြင့်တို့ တက်ရောက်ကြပြီး၊ ဦးတင်ဦးနှင့် ဒဂုန်တာရာတို့ ၂ ဦးမှာ ကျန်းမာရေးအခြေအနေအရ အရောက်မလာနိုင်ခဲ့ကြဟု ဆိုသည်။

“ဆရာဦးဝင်းတင်က ကျန်းမာရေးကောင်းတယ်သာ ဆိုတယ်။ ခြေထောက်တွေ ယောင်နေတာ တွေ့တယ်။ သို့သော် စိတ်ဓာတ်နဲ့ အင်အားကတော့ အပြည့်ပဲ။ ပြီးတော့ အဲသည်နားက အဝေးရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတဦးရဲ့ အမေရဲ့ ဆွမ်းကျွေးကို ဆက်ချီတက်သွားတာကို တွေ့ရပါတယ်” ဟု မိတ်ဆွေတဦးက မိုးမခကို ပြောကြားသည်။

စာပေပညာရှင်၊ သတင်းစာဆရာကြီးတဦးဖြစ်သူ လူထုစိန်ဝင်းကိုလည်း လူငယ်များက နေအိမ်သို့ သွားရောက်ကန်တော့ကြခဲ့ကြောင်းလည်း သိရှိရသည်။

မိုးမခအထောက်တော် ၀၀၃

မတ် ၁၊ ၂၀၁၀

အလှမ်းဝေးနေသော ဒီမိုကရေစီပြုပြင်ရေး

မျက်မှောက်ခေတ် ကမ္ဘာ့သမိုင်းရေစီးကြောင်းသည် ဒီမိုကရေစီနှင့် တရားသောဥပဒေ စိုးမိုးရေးကို ဦးတည်နေသည်။ မြန်မာပြည်သူပြည်သားများကလည်း ဒီမိုကရေစီနှင့် တရားသောဥပဒေကိုပင် လိုချင်ကြသည်။ သို့သော်လည်း ပြည်သူ့အကျိုး မသယ်ပိုးသော ဒီမိုကရေစီစနစ်လည်း ရှိနိုင်ပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်အချင်းချင်း အပေးအယူလုပ်ပြီး ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှုသည့်စနစ်ကိုလည်း ဒီမိုကရေစီဟုပင်ခေါ်၏။ ဤနိုင်ငံရေးစနစ်၌ ရွေးကောက်ပွဲတွင် ပြည်သူ့အခန်းကဏ္ဍ နိဂုံးချုပ်သွားပေသည်။

၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်ကြသည်။ ပြည်သူ့အခန်းကဏ္ဍသည် ရွေးကောက်ပွဲ၌ နိဂုံးချုပ်သွားသည်။ ပြည်သူ့ကိုယ်စားလှယ်ကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချပြီး နှစ်ရှည်လများ နှိပ်စက်ညှဉ်းပန်း၏။ နောက်ဆုံးတွင် ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလျစ်လျူရှုလိုက်ပေတော့သည်။ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ မကြာမီက ကြေညာလိုက်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအချင်းချင်း ယှဉ်ပြိုင်အရွေးခံသည်ကို ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက ယူဆပြီး ပြောဆိုလိုက်ခြင်းဖြစ်ပုံရသည်။

ပြည်သူ့ဘ၀ သာယာဝပြောရေးကို ဗိုလ်သန်းရွှေ မစဉ်းစားပါ။ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသော နိုင်ငံရေးပါတီများနှင့် စစ်ဗိုလ်များ အပေးအယူလုပ်၍ အစိုးရဖွဲ့သည်ကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက အမည်ပေးထားသည်။ အရပ်သားစစ်ဗိုလ်အစိုးရ မပေါ်ပေါက်မီ နိုင်ငံပိုင်ပစ္စည်းတွေကို စစ်အုပ်စုအသိုင်းအ၀ိုင်းအား လက်သိပ်ထိုးပေးနေသည်။ စစ်ဗိုလ်နှင့်အရပ်သားပူးတွဲ၍ ကိုယ်ကျိုးရှာသော ‘ရပ်ဗိုလ်’ စီးပွားရေးစနစ်တွင် ကုဋေကြွယ်သူဌေးအချို့ ပေါ်ထွက်လာ၏။ တိုင်းပြည်၏ ဓနဥစ္စာကို လူတစုက လက်ဝါးကြီးအုပ်၍ ထင်သလို သုံးဖြုန်းနေသည်မှာ ဒီမိုကရေစီမဟုတ်ပါ။

နိုင်ငံသူနိုင်ငံသားကို လုပ်ပိုင်ခွင့်ပေးခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်၏။ ဤသို့ဖြစ်လာရန်အတွက် ရွေးကောက်ပွဲ ကျင်းပရုံနှင့် မပြီးသေးပါ။ ဥပဒေပြု၍ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းရုံနှင့်လည်း မပြီးသေးပါ။ ပြဋ္ဌာန်းထားသောဥပဒေကို လက်တွေ့ကျင့်သုံးရန် လိုပါသည်။ ပြည်သူ့လုပ်ပိုင်ခွင့်ကို အစိုးရက လေးစားရမည်ဖြစ်ပေသည်။ ပြည်သူလူထု လွတ်လပ်စွာ စုဝေးနိုင်ရန်၊ ဆက်သွယ်နိုင်ရန်၊ သွားလာနိုင်ရန် လုပ်ပေးရပါလိမ့်မည်။ သို့မှသာ ဒီမိုကရေစီအခြေခံဖြစ်သော အရပ်သား အဖွဲ့အစည်း (Civil Society) ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြုနိုင်ပေမည်။ အနာဂတ်နိုင်ငံရေးစနစ်အကြောင်း အပြန်အလှန် ဆွေးနွေးလာစေရန် ပြည်သူလူထုကို အားပေးအားမြှောက်လုပ်ရပါလိမ့်မည်။

လူတစုအကျိုးသယ်ပိုးသော ဒီမိုကရေစီစနစ်နှင့် အများအကျိုးဆောင်သော ဒီမိုကရေစီစနစ်သည် ကွဲပြားခြားနားလှပါသည်။ တရားမျှတသော ဥပဒေကို မကျင့်သုံးဘဲ အဂတိလိုက်စားမှုများနေပါက အများအကျိုးဆောင် ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါ။ ပြည်သူ့ဆန္ဒကို ဂရုမစိုက်သော နိုင်ငံရေးသမားတစုကြီးစိုးသည့် ဒီမိုကရေစီ အတုအယောင်ဆောင်များလည်း ရှိပါသည်။ အာဏာရှင်ကြီးစိုးသောနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပိုမိုများပြား၏။ တရုတ်အမှုထမ်းလောက၌ လာဘ်ပေးလာဘ်ယူ များလွန်းသဖြင့် ကွန်မြူနစ် ပါတီဝင်လိုက်နာရမည့် ကိုယ်ကျင့်တရား (၅၄) ချက်ကို ပြဋ္ဌာန်းထားရသည်။ ဤသို့မဟုတ်ပါက ကွန်မြူနစ်သူခိုးအစိုးရဟူ၍ အမည်တွင်မှာသေချာသည်။ တရုတ်အရာထမ်းများနှင့် မိသားစုဝင်များသည် လက်ဆောင်ပဏ္ဏာ လက်ခံခွင့်နှင့် အခွင့်ထူးခံခွင့် မရှိတော့ဟုဆိုသည်။ သို့သော်လည်း တပြည်လုံးတွင် ဖြစ်ပွားနေသော အာဏာအလွဲသုံးစားမှုကို ချက်ချင်းရပ်ဆိုင်းအောင် မလုပ်နိုင်သေးပါ။

ဗမာစစ်ဗိုလ်များ၏ အဂတိလိုက်စားမှုသည် စစ်တပ်၏ နိုင်ငံရေးဓလေ့ဖြစ်သည်။ လက်နက်ကိုင်များ စုဝေးသော အဖွဲ့အစည်းတွင် တဦးနှင့်တဦး ယုံကြည်မှသာလျှင် စိတ်အေးလက်အေး အလုပ်လုပ်နိုင်မည်ဖြစ်၏။ ဤအချက်ကြောင့် ဗမာစစ်မှုထမ်းလောကတွင် ဆရာတပည့်ဆက်ဆံရေးကို အဓိကထားကြ၏။ ဆရာကောင်းစားလျှင် တပည့်ချမ်းသာသည်။ ဆရာခင်ညွန့် အဖမ်းခံရသည်နှင့် တပည့်အားလုံး ထောင်ထဲရောက်ကုန်လေ၏။ စစ်တပ်၏ ဆရာတပည့်စနစ်၌ အရပ်သား မပါဝင်ပါ။ စစ်တပ်၏ ဆရာတပည့် စနစ်သည် အရပ်သားအစိုးရဖွဲ့သည့်အခါတွင်လည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ မဆလခေတ်ကိုကြည့်လျှင် ဤအချက်ကို အထင်အရှားတွေ့နိုင်ပေသည်။ စစ်ဗိုလ်ကိုတပည့်ခံ၍ နိုင်ငံရေးလုပ်မည့် အရပ်သားများ ဤအချက်ကို ကောင်းစွာသတိပြုသင့်သည်။

မဆလဆိုရှယ်လစ်ခေတ်ကလည်း စစ်အစိုးရကို အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့၏။ သို့သော်လည်း စစ်ဗိုလ်လူထွက် အစိုးရဖြစ်သဖြင့် အမိန့်နာခံသောအဆင့်ကို မကျော်နိုင်ခဲ့ပါ။ အခြေခံလွတ်လပ်မှုနှင့် စာနယ်ဇင်းလွတ်လပ်မှုကို မြန်မာပြည်သူပြည်သားများ နားလည်သည်။ မဆလအစိုးရသည် သူတီထွင်ထားသော နိုင်ငံရေးအယူအဆကို ပြည်သူလူထု လက်ခံအောင် အတင်းအကျပ်လုပ်သည်။ တိုင်းသူပြည်သားက လက်မခံသဖြင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ပေါ်လာခြင်းဖြစ်၏။ န၀တ၊ နအဖအစိုးရကလည်း တိုင်းသူပြည်သားကို ပုံသွင်းပြီး ချုပ်ကိုင်ဖို့ ကြိုးစားပြန်၏။ သို့သော်လည်း စစ်အစိုးရအမြင်ကို ပြည်သူလူထုအများစုက လက်မခံပါ။

ပြည်သူတွင် စွမ်းဆောင်နိုင်မှုရှိလာပြီး မိမိဆန္ဒကိုမိမိ တန်ဖိုးထားတတ်မှသာ ဒီမိုကရေစီကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။ လူတစုက စီစဉ်ပေးရုံနှင့် ဒီမိုကရေစီ ကျင့်သုံးနိုင်မည်မဟုတ်ပါ။ ပြည်သူလူထုက မိမိဆန္ဒကိုဖော်ပြ၍ ဒီမိုကရေစီ တောင်းဆိုသည်ကို အာဏာရအုပ်စုအနေဖြင့် လိုက်လျောရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့သော အခြေအနေသို့ ရောက်ရှိလာအောင် ကြိုးပမ်းကြရပါသည်။ ဒီမိုကရေစီကို ထောက်ခံပြောဆို၍ ကွဲလွဲသောအယူအဆကို လက်မခံနိုင်ခြင်းသည် ဒီမိုကရေစီကို ဆန့်ကျင်ရာရောက်ပေသည်။

လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီဓလေ့ ရှိ မရှိ သိလိုပါက မိမိဆန္ဒကိုမိမိ တန်ဖိုးထားမထားဆိုသည်ကို လေ့လာရပါလိမ့်မည်။ မိမိဆန္ဒတန်ဖိုးထားမှုနှင့် ဒီမိုကရေစီစနစ်တို့ ဆက်သွယ်နေသည့် အထောက်အထား တွေ့ရသည်။ မိမိဆန္ဒကို တန်ဖိုးထားတတ်မှ ဒီမိုကရေစီရှိနိုင်ပါသည်။ ဒီမိုကရေစီရှိမှ မိမိဆန္ဒကို တန်ဖိုးထားနိုင်သည်မဟုတ်ပါ။ အာဏာရှင်ကြီးစိုးခဲ့သော အရှေ့ဂျာမဏီနှင့် ချက်နိုင်ငံတွင် မိမိဆန္ဒတန်ဖိုးထားမှု အဆင့်မြင့်မားသည့်အတွက် အခွင့်သာသည်နှင့် ဒီမိုကရေစီ အသွင်ပြောင်းသွားနိုင်ခြင်း ဖြစ်သည်။

ပြည်သူ့ဦးတည်ချက်နှင့် အတွေးအခေါ်အယူအဆသည် ဒီမိုကရေစီတိုက်ပွဲ၌ အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည့် သမိုင်းအထောက်အထားများ ရှိပါသည်။ မိမိဆန္ဒတန်ဖိုးထားမှု များလာသောကြောင့် အာဏာရှင်စနစ် အခြေယိုင်သွား သော်လည်း စစ်တပ်နှင့် ရဲအဖွဲ့ကိုအသုံးပြု၍ ဒီမိုကရေစီအင်အားစုကို ဖိနှိပ်သည့် အစိုးရများ ရှိနေပါသေးသည်။ မိမိဆန္ဒကို တန်ဖိုးထား၍ လွတ်လပ်မှုကို လိုချင်သောကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူလည်း အများကြီးရှိပါသည်။ မိမိဆန္ဒ ထုတ်ဖော်မှုကို တန်ဖိုးထားသော လူငယ်ဦးရေ များလာသောအခါ အုပ်ချုပ်သူလူတန်းစား စိတ်ပြောင်း၍ ဖိနှိပ်မှု ရပ်ဆိုင်းသွားသည်လည်း ရှိ၏။

လူ့အဖွဲ့အစည်း ခေတ်မီလာသောအခါ၌ ဒီမိုကရေစီပြုစုပျိုးထောင်ချင်သော စိတ်ဓာတ်နှင့် စွမ်းရည်လည်း ရှိလာနိုင်ပါသည်။ သို့သော်လည်း စီးပွားရေးတခုတည်း တိုးတက်နေ၍ ဒီမိုကရေစီမရနိုင်သည်ကို စင်ကာပူက သက်သေပြနေပါသည်။ မိမိနှင့် လက်တွဲလုပ်ကိုင်မည့် အတိုက်အခံကို စစ်အစိုးရက မည်ကဲ့သို့ သဘောထား၍ မည်ကဲ့သို့ နေရာပေးသည်ကို သုံးသပ်ပါကလည်း အစိုးရ၏ ပြောစကားတွင် လေးနက်မှု ရှိမရှိ ခန့်မှန်းနိုင်သည်။ လက်ရှိအခြေအနေသည် အရပ်သားအတိုက်အခံကို လူရာမသွင်းသေးသော အခြေအနေဖြစ်၏။

ဒီမိုကရေစီနှင့်ပတ်သက်၍ အမြင်ချင်းမတူသောကြောင့် ဒီမိုကရေစီအဓိပ္ပာယ်ကို အမြင်ချင်းဖလှယ်ဖို့ လိုပါသည်။ ဒီမိုကရေစီ ပြုပြင်ရေးတွင် အရေးကြီးသောကိစ္စ (၄) ရပ်ကို အရင်ဆုံးလုပ်ရပါလိမ့်မည်။ ပြည်တွင်းစစ်နိဂုံးချုပ်ရန်၊ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ တရားသောဥပဒေစိုးမိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲကို တပြည်လုံးသိနိုင်အောင် လုပ်ပေးရပါလိမ့်မည်။ အလွတ်ဆွေးနွေးရင်း ထွက်ပေါ်လာသော အယူအဆနှင့် အကြံပြုချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် တင်ပြနိုင်ပါသည်။ ဤနည်းဖြင့် မိမိတို့ နေထိုင်မည့် နိုင်ငံရေးလူ့ဘောင်တည်ဆောက်ရာတွင် ပြည်သူလူထုကိုယ်တိုင်ပါဝင်နိုင်သည်။ အာဏာဖြင့် အပေါ်စီးယူ၍ မိမိအယူအဆကို အများလက်ခံအောင် အတင်းအကျပ်လုပ်ခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။

NEJ/ ၁ မတ် ၂၀၁၀