မျက်မှောက်ခေတ် ကမ္ဘာ့သမိုင်းရေစီးကြောင်းသည် ဒီမိုကရေစီနှင့် တရားသောဥပဒေ စိုးမိုးရေးကို ဦးတည်နေသည်။ မြန်မာပြည်သူပြည်သားများကလည်း ဒီမိုကရေစီနှင့် တရားသောဥပဒေကိုပင် လိုချင်ကြသည်။ သို့သော်လည်း ပြည်သူ့အကျိုး မသယ်ပိုးသော ဒီမိုကရေစီစနစ်လည်း ရှိနိုင်ပါသည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် တင်မြှောက်လိုက်သော ပြည်သူ့ကိုယ်စားလှယ်အချင်းချင်း အပေးအယူလုပ်ပြီး ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှုသည့်စနစ်ကိုလည်း ဒီမိုကရေစီဟုပင်ခေါ်၏။ ဤနိုင်ငံရေးစနစ်၌ ရွေးကောက်ပွဲတွင် ပြည်သူ့အခန်းကဏ္ဍ နိဂုံးချုပ်သွားပေသည်။
၁၉၉၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု သတ်မှတ်ကြသည်။ ပြည်သူ့အခန်းကဏ္ဍသည် ရွေးကောက်ပွဲ၌ နိဂုံးချုပ်သွားသည်။ ပြည်သူ့ကိုယ်စားလှယ်ကို စစ်အစိုးရက ထောင်သွင်းအကျဉ်းချပြီး နှစ်ရှည်လများ နှိပ်စက်ညှဉ်းပန်း၏။ နောက်ဆုံးတွင် ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလျစ်လျူရှုလိုက်ပေတော့သည်။ ယခုနှစ် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေ မကြာမီက ကြေညာလိုက်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအချင်းချင်း ယှဉ်ပြိုင်အရွေးခံသည်ကို ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက ယူဆပြီး ပြောဆိုလိုက်ခြင်းဖြစ်ပုံရသည်။
ပြည်သူ့ဘ၀ သာယာဝပြောရေးကို ဗိုလ်သန်းရွှေ မစဉ်းစားပါ။ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသော နိုင်ငံရေးပါတီများနှင့် စစ်ဗိုလ်များ အပေးအယူလုပ်၍ အစိုးရဖွဲ့သည်ကို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ဗိုလ်သန်းရွှေက အမည်ပေးထားသည်။ အရပ်သားစစ်ဗိုလ်အစိုးရ မပေါ်ပေါက်မီ နိုင်ငံပိုင်ပစ္စည်းတွေကို စစ်အုပ်စုအသိုင်းအ၀ိုင်းအား လက်သိပ်ထိုးပေးနေသည်။ စစ်ဗိုလ်နှင့်အရပ်သားပူးတွဲ၍ ကိုယ်ကျိုးရှာသော ‘ရပ်ဗိုလ်’ စီးပွားရေးစနစ်တွင် ကုဋေကြွယ်သူဌေးအချို့ ပေါ်ထွက်လာ၏။ တိုင်းပြည်၏ ဓနဥစ္စာကို လူတစုက လက်ဝါးကြီးအုပ်၍ ထင်သလို သုံးဖြုန်းနေသည်မှာ ဒီမိုကရေစီမဟုတ်ပါ။
နိုင်ငံသူနိုင်ငံသားကို လုပ်ပိုင်ခွင့်ပေးခြင်းသည် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်၏။ ဤသို့ဖြစ်လာရန်အတွက် ရွေးကောက်ပွဲ ကျင်းပရုံနှင့် မပြီးသေးပါ။ ဥပဒေပြု၍ လုပ်ပိုင်ခွင့်ပြဋ္ဌာန်းရုံနှင့်လည်း မပြီးသေးပါ။ ပြဋ္ဌာန်းထားသောဥပဒေကို လက်တွေ့ကျင့်သုံးရန် လိုပါသည်။ ပြည်သူ့လုပ်ပိုင်ခွင့်ကို အစိုးရက လေးစားရမည်ဖြစ်ပေသည်။ ပြည်သူလူထု လွတ်လပ်စွာ စုဝေးနိုင်ရန်၊ ဆက်သွယ်နိုင်ရန်၊ သွားလာနိုင်ရန် လုပ်ပေးရပါလိမ့်မည်။ သို့မှသာ ဒီမိုကရေစီအခြေခံဖြစ်သော အရပ်သား အဖွဲ့အစည်း (Civil Society) ပြန်လည်ရှင်သန်ရေးကို အထောက်အကူပြုနိုင်ပေမည်။ အနာဂတ်နိုင်ငံရေးစနစ်အကြောင်း အပြန်အလှန် ဆွေးနွေးလာစေရန် ပြည်သူလူထုကို အားပေးအားမြှောက်လုပ်ရပါလိမ့်မည်။
လူတစုအကျိုးသယ်ပိုးသော ဒီမိုကရေစီစနစ်နှင့် အများအကျိုးဆောင်သော ဒီမိုကရေစီစနစ်သည် ကွဲပြားခြားနားလှပါသည်။ တရားမျှတသော ဥပဒေကို မကျင့်သုံးဘဲ အဂတိလိုက်စားမှုများနေပါက အများအကျိုးဆောင် ဒီမိုကရေစီကို မကျင့်သုံးနိုင်ပါ။ ပြည်သူ့ဆန္ဒကို ဂရုမစိုက်သော နိုင်ငံရေးသမားတစုကြီးစိုးသည့် ဒီမိုကရေစီ အတုအယောင်ဆောင်များလည်း ရှိပါသည်။ အာဏာရှင်ကြီးစိုးသောနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပိုမိုများပြား၏။ တရုတ်အမှုထမ်းလောက၌ လာဘ်ပေးလာဘ်ယူ များလွန်းသဖြင့် ကွန်မြူနစ် ပါတီဝင်လိုက်နာရမည့် ကိုယ်ကျင့်တရား (၅၄) ချက်ကို ပြဋ္ဌာန်းထားရသည်။ ဤသို့မဟုတ်ပါက ကွန်မြူနစ်သူခိုးအစိုးရဟူ၍ အမည်တွင်မှာသေချာသည်။ တရုတ်အရာထမ်းများနှင့် မိသားစုဝင်များသည် လက်ဆောင်ပဏ္ဏာ လက်ခံခွင့်နှင့် အခွင့်ထူးခံခွင့် မရှိတော့ဟုဆိုသည်။ သို့သော်လည်း တပြည်လုံးတွင် ဖြစ်ပွားနေသော အာဏာအလွဲသုံးစားမှုကို ချက်ချင်းရပ်ဆိုင်းအောင် မလုပ်နိုင်သေးပါ။
ဗမာစစ်ဗိုလ်များ၏ အဂတိလိုက်စားမှုသည် စစ်တပ်၏ နိုင်ငံရေးဓလေ့ဖြစ်သည်။ လက်နက်ကိုင်များ စုဝေးသော အဖွဲ့အစည်းတွင် တဦးနှင့်တဦး ယုံကြည်မှသာလျှင် စိတ်အေးလက်အေး အလုပ်လုပ်နိုင်မည်ဖြစ်၏။ ဤအချက်ကြောင့် ဗမာစစ်မှုထမ်းလောကတွင် ဆရာတပည့်ဆက်ဆံရေးကို အဓိကထားကြ၏။ ဆရာကောင်းစားလျှင် တပည့်ချမ်းသာသည်။ ဆရာခင်ညွန့် အဖမ်းခံရသည်နှင့် တပည့်အားလုံး ထောင်ထဲရောက်ကုန်လေ၏။ စစ်တပ်၏ ဆရာတပည့်စနစ်၌ အရပ်သား မပါဝင်ပါ။ စစ်တပ်၏ ဆရာတပည့် စနစ်သည် အရပ်သားအစိုးရဖွဲ့သည့်အခါတွင်လည်း ဆက်လက်တည်ရှိနေဦးမည်ဖြစ်သည်။ မဆလခေတ်ကိုကြည့်လျှင် ဤအချက်ကို အထင်အရှားတွေ့နိုင်ပေသည်။ စစ်ဗိုလ်ကိုတပည့်ခံ၍ နိုင်ငံရေးလုပ်မည့် အရပ်သားများ ဤအချက်ကို ကောင်းစွာသတိပြုသင့်သည်။
မဆလဆိုရှယ်လစ်ခေတ်ကလည်း စစ်အစိုးရကို အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းခဲ့၏။ သို့သော်လည်း စစ်ဗိုလ်လူထွက် အစိုးရဖြစ်သဖြင့် အမိန့်နာခံသောအဆင့်ကို မကျော်နိုင်ခဲ့ပါ။ အခြေခံလွတ်လပ်မှုနှင့် စာနယ်ဇင်းလွတ်လပ်မှုကို မြန်မာပြည်သူပြည်သားများ နားလည်သည်။ မဆလအစိုးရသည် သူတီထွင်ထားသော နိုင်ငံရေးအယူအဆကို ပြည်သူလူထု လက်ခံအောင် အတင်းအကျပ်လုပ်သည်။ တိုင်းသူပြည်သားက လက်မခံသဖြင့် ၈၈ ဒီမိုကရေစီအရေးတော်ပုံ ပေါ်လာခြင်းဖြစ်၏။ န၀တ၊ နအဖအစိုးရကလည်း တိုင်းသူပြည်သားကို ပုံသွင်းပြီး ချုပ်ကိုင်ဖို့ ကြိုးစားပြန်၏။ သို့သော်လည်း စစ်အစိုးရအမြင်ကို ပြည်သူလူထုအများစုက လက်မခံပါ။
ပြည်သူတွင် စွမ်းဆောင်နိုင်မှုရှိလာပြီး မိမိဆန္ဒကိုမိမိ တန်ဖိုးထားတတ်မှသာ ဒီမိုကရေစီကို ပြုစုပျိုးထောင်နိုင်မည်ဖြစ်သည်။ လူတစုက စီစဉ်ပေးရုံနှင့် ဒီမိုကရေစီ ကျင့်သုံးနိုင်မည်မဟုတ်ပါ။ ပြည်သူလူထုက မိမိဆန္ဒကိုဖော်ပြ၍ ဒီမိုကရေစီ တောင်းဆိုသည်ကို အာဏာရအုပ်စုအနေဖြင့် လိုက်လျောရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့သော အခြေအနေသို့ ရောက်ရှိလာအောင် ကြိုးပမ်းကြရပါသည်။ ဒီမိုကရေစီကို ထောက်ခံပြောဆို၍ ကွဲလွဲသောအယူအဆကို လက်မခံနိုင်ခြင်းသည် ဒီမိုကရေစီကို ဆန့်ကျင်ရာရောက်ပေသည်။
လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီဓလေ့ ရှိ မရှိ သိလိုပါက မိမိဆန္ဒကိုမိမိ တန်ဖိုးထားမထားဆိုသည်ကို လေ့လာရပါလိမ့်မည်။ မိမိဆန္ဒတန်ဖိုးထားမှုနှင့် ဒီမိုကရေစီစနစ်တို့ ဆက်သွယ်နေသည့် အထောက်အထား တွေ့ရသည်။ မိမိဆန္ဒကို တန်ဖိုးထားတတ်မှ ဒီမိုကရေစီရှိနိုင်ပါသည်။ ဒီမိုကရေစီရှိမှ မိမိဆန္ဒကို တန်ဖိုးထားနိုင်သည်မဟုတ်ပါ။ အာဏာရှင်ကြီးစိုးခဲ့သော အရှေ့ဂျာမဏီနှင့် ချက်နိုင်ငံတွင် မိမိဆန္ဒတန်ဖိုးထားမှု အဆင့်မြင့်မားသည့်အတွက် အခွင့်သာသည်နှင့် ဒီမိုကရေစီ အသွင်ပြောင်းသွားနိုင်ခြင်း ဖြစ်သည်။
ပြည်သူ့ဦးတည်ချက်နှင့် အတွေးအခေါ်အယူအဆသည် ဒီမိုကရေစီတိုက်ပွဲ၌ အရေးကြီးသောအခန်းမှ ပါဝင်ခဲ့သည့် သမိုင်းအထောက်အထားများ ရှိပါသည်။ မိမိဆန္ဒတန်ဖိုးထားမှု များလာသောကြောင့် အာဏာရှင်စနစ် အခြေယိုင်သွား သော်လည်း စစ်တပ်နှင့် ရဲအဖွဲ့ကိုအသုံးပြု၍ ဒီမိုကရေစီအင်အားစုကို ဖိနှိပ်သည့် အစိုးရများ ရှိနေပါသေးသည်။ မိမိဆန္ဒကို တန်ဖိုးထား၍ လွတ်လပ်မှုကို လိုချင်သောကြောင့် ဒီမိုကရေစီ တိုက်ပွဲဝင်နေကြသူလည်း အများကြီးရှိပါသည်။ မိမိဆန္ဒ ထုတ်ဖော်မှုကို တန်ဖိုးထားသော လူငယ်ဦးရေ များလာသောအခါ အုပ်ချုပ်သူလူတန်းစား စိတ်ပြောင်း၍ ဖိနှိပ်မှု ရပ်ဆိုင်းသွားသည်လည်း ရှိ၏။
လူ့အဖွဲ့အစည်း ခေတ်မီလာသောအခါ၌ ဒီမိုကရေစီပြုစုပျိုးထောင်ချင်သော စိတ်ဓာတ်နှင့် စွမ်းရည်လည်း ရှိလာနိုင်ပါသည်။ သို့သော်လည်း စီးပွားရေးတခုတည်း တိုးတက်နေ၍ ဒီမိုကရေစီမရနိုင်သည်ကို စင်ကာပူက သက်သေပြနေပါသည်။ မိမိနှင့် လက်တွဲလုပ်ကိုင်မည့် အတိုက်အခံကို စစ်အစိုးရက မည်ကဲ့သို့ သဘောထား၍ မည်ကဲ့သို့ နေရာပေးသည်ကို သုံးသပ်ပါကလည်း အစိုးရ၏ ပြောစကားတွင် လေးနက်မှု ရှိမရှိ ခန့်မှန်းနိုင်သည်။ လက်ရှိအခြေအနေသည် အရပ်သားအတိုက်အခံကို လူရာမသွင်းသေးသော အခြေအနေဖြစ်၏။
ဒီမိုကရေစီနှင့်ပတ်သက်၍ အမြင်ချင်းမတူသောကြောင့် ဒီမိုကရေစီအဓိပ္ပာယ်ကို အမြင်ချင်းဖလှယ်ဖို့ လိုပါသည်။ ဒီမိုကရေစီ ပြုပြင်ရေးတွင် အရေးကြီးသောကိစ္စ (၄) ရပ်ကို အရင်ဆုံးလုပ်ရပါလိမ့်မည်။ ပြည်တွင်းစစ်နိဂုံးချုပ်ရန်၊ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ တရားသောဥပဒေစိုးမိုးရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲကို တပြည်လုံးသိနိုင်အောင် လုပ်ပေးရပါလိမ့်မည်။ အလွတ်ဆွေးနွေးရင်း ထွက်ပေါ်လာသော အယူအဆနှင့် အကြံပြုချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် တင်ပြနိုင်ပါသည်။ ဤနည်းဖြင့် မိမိတို့ နေထိုင်မည့် နိုင်ငံရေးလူ့ဘောင်တည်ဆောက်ရာတွင် ပြည်သူလူထုကိုယ်တိုင်ပါဝင်နိုင်သည်။ အာဏာဖြင့် အပေါ်စီးယူ၍ မိမိအယူအဆကို အများလက်ခံအောင် အတင်းအကျပ်လုပ်ခြင်းသည် ဒီမိုကရေစီမဟုတ်ပါ။
NEJ/ ၁ မတ် ၂၀၁၀
Monday, March 1, 2010
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment