၂၀၁၀ ခုနှစ်သို့ ကူးပြောင်းပြီးနောက်မှာ နအဖ အစိုးရရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလို့ ခေါင်းစဉ် တပ်ထား တဲ့ အစီအစဉ်ဟာ ပိုမိုကသုတ်ကယက် နိုင်လာပါတယ်။ ငြိမ်ပိ၊ န၀တ၊ နအဖ စသဖြင့်နာမည် အမျိုးမျိုးပြောင်း အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၂၁နှစ်ကျော်အတွင်း တခါမျှ လုပ်ခွင့်မပေးခဲ့ဖူးတဲ့ လောင်စာဆီ လက်လီဖြန့်ဖြူးရေး လုပ်ငန်းကို ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာကို ရုတ်တရက် သတင်းထွက်ပေါ်လာပါတယ်။
အဲလို ဖြန့်ဖြူးခွင့် မပေးခင်သီတင်းပတ်များမှာ နိုင်ငံခြား အိတ်စ်ပို့ ၀င်ငွေရှိတဲ့ ကုမ္ပဏီတွေ လောင်စာဆီတင်သွင်းခွင့် ရှိတယ်ဆိုပြီး ပထမအဆင့် ခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက်မှာမှ လက်လီ ဖြန့်ဖြူးရေးကိုပါ ပုဂ္ဂလိကလုပ်ပိုင်ခွင့် ပေးပြီး လက်ရှိ စွမ်းအင်ဝန်ကြီးဌါနက လုပ်ကိုင်နေတဲ့ တနိုင်ငံမှာရှိတဲ့ လက်လီဖြန့်ဖြူးရေးဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက လက်ထဲလွှဲပေးဖို့ အဆိုပြုလွှာတွေ ခေါ်တဲ့ကြေငြာချက်ကို ဖေဖေါ်ဝါရီ ၅ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။
ဓါတ်ဆီ၊ ဒီဇယ်ဆီဆိုင်တွေမှာ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကိုတိုင် သူတို့ရှေ့ရေး ဘာဖြစ်မလဲဆိုတာ မသိကြသေးဘူး လို့ဆိုပါတယ်။
“မကြာသေးခင် နေပြည်တော်မှာ လုပ်တဲ့ ၀န်ကြီးဌါနတွင်း အစည်းအဝေးမှာ အောက်က ၀န်ထမ်းတွေက ၀န်ကြီးကိုမေးတယ်။ သူတို့ကို ဘယ်လို အစီအစဉ်ရှိလဲဆိုတာ။ ၀န်ကြီးကလည်း သူကိုယ်တိုင်လည်း မသိသေးဘူး၊ အထက်ကလုပ်နေတာ လို့ပဲပြောတယ်”
လို့ ဓါတ်ဆီဆိုင်တဆိုင်မှ ၀န်ထမ်းတဦးကပြောပါတယ်။
မြန်မာနိုင်ငံမှာ ၀င်ငွေ အကောင်းဆုံး ၀န်ထမ်းများထဲမှာ ပါဝင်တဲ့ လောင်စာဆီဆိုင် ၀န်ထမ်းတွေရဲ့ ဘ၀အခုတကြိမ် အလှည့်အပြောင်းမှာတော့ အခြေမခိုင်တော့ပဲ ယိမ်းယိုင်လာနေပါပြီ။
ဆိပ်ကမ်းလည်း ရောင်းမည်
အဲဒီလိုပဲ လွန်ခဲ့တဲ့ လထဲမှာ ရန်ကုန်မြို့ ရန်ကုန်မြစ်ကမ်းနား တလျှောက်ရှိတဲ့ အစိုးရ ၀န်ကြီးဌါနပိုင် ၀န်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ အားလုံးကိုလည်း နအဖ အတွင်းရေးမှူး (၁) စာရင်းတောင်းလို့ သက်ဆိုင်ရာ ၀န်ကြီးဌါနအလိုက် နေ့ချင်း ညချင်း ဓါတ်ပုံရိုက်၊ စာရင်းပြုစုပြီး တင်ပေးကြရပါတယ်။
ရန်ကုန်မြစ် တလျောက်ရှိ လင်းစဒေါင်းမှစပြီး စွမ်းအင် ၀န်ကြီးဌါန၊ ပို့ဆောင်ရေး ၀န်ကြီးဌါန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌါနပိုင် မြေနှင့် ၀န်ထမ်းအိမ်များ၊ ဂိုဒေါင်များ၊ နောက် အလုံနဲ့ ကြည့်မြင်တိုင်မြို့နယ်များမှ မြန်မာ့သစ်လုပ်ငန်း၊ သီရိမင်္ဂလာ ကုန်စိမ်းဈေး စသဖြင့် ရန်ကုန်မြစ်ကမ်းတလျှောက်က နေရာတွေကို အတိုင်းအတာနဲ့ အဆောက်အဦအရေအတွက် အလောတကြီးကောက်ယူနေခဲ့ပါတယ်။
ရန်ကုန်မြစ်နဘေးမှာ ရှိတဲ့ ဈေးကြီးတွေမှာ ရောင်းချသူတွေလည်း ယခုအခါ မျက်ခုံးလှုပ်နေကြပါပြီ။ သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်။ အလုံကမ်းနားမှာ ရှိတဲ့ မြန်မာ့ သစ်လုပ်ငန်း အပိုင် ၀န်ထမ်းအိမ်များ၊ သစ်စက်များကို ရွှေပြည်သာမြို့နယ်ထဲက ၀ါးတစ်ရာပြောင်းမယ် ဆိုတဲ့ သတင်းများလည်း ထွက်ပေါ်နေပါပြီ။ ရန်ကုန်မြစ်ကမ်းနဘေးမှာ နေထိုင်နေကြသူတွေ ဌါနဆိုင်ရာအလိုက် စာရင်းကောက်ယူပြီး ရွှေ့ပြောင်းကြရဖို့ အခြေအနေဖြစ်နေပါပြီ။
ဈေးလည်းပြောင်းမည်
သီရိမင်္ဂလာဈေးကို ရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းကိုကြားသိရလို့ မြို့တော်စည်ပင်ကို ပြည်တွင်းဂျာနယ်တွေက မေးမြန်းကြတဲ့အခါ မြို့တော်ဝန်က လောလောဆယ် ပြောင်းရန် အစီအစဉ်မရှိသေးလို့ပြန်ဖြေခဲ့ပါတယ်။ `လောလောဆယ် ´ ဆိုတဲ့စကားလုံးဟာ ၀ိနည်းရှောင်တဲ့ စကားလုံးဖြစ်တယ်ဆိုတာ ကိုပြည်တွင်းဂျာနယ်လစ်တွေ နဲ့ စာဖတ်သူတချို့သဘောပေါက်ကြပါတယ်။ အဲဒီ`လောလောဆယ်´ဆိုတာ ဘယ်နှရက်၊ ဘယ်နှပတ်ကို ရည်ညွှန်းပြောဆိုတာလဲလို့ စဉ်းစားနေကြပါပြီ။ နအဖ အဖွဲ့အထက်က လုပ်ဆောင်တဲ့ ကိစ္စမို့လို့ မြို့တော်ဝန်အနေနဲ့ ဘာမှ ဆုံးဖြတ်ပြောဆိုပိုင်ခွင့် မရှိတာကို ရိပ်မိကြပါတယ်။
အဲဒီအချိန်မှာပဲ MAI မြန်မာအဲဝေး အင်တာနေရှင်နယ် ကိုလည်း ကမ္ဘောဇဘဏ် လုပ်ငန်းရှင် ဦးအောင်ကိုဝင်း အပါအ၀င် လုပ်ငန်းရှင် နှစ်ဦးသုံးဦး လက်ထဲရောင်းချပေးခဲ့ပါတယ်။ အစိုးရပိုင်လုပ်ငန်းကြီးများကို လက်လွှဲပေး၊ ရောင်းချပေးနေရာမှာ အများဆုံး ရရှိတဲ့သူ၊ အကောင်းဆုံးလုပ်ငန်း တွေရရှိသူကတော့ ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇပဲ ဖြစ်ပါတယ်။
လုပ်ငန်းရှင်ကြီးများထဲက တမူးပိုရှူသူတွေ
စီးပွားရေး လုပ်ပိုင်ခွင့်များအား အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေလက်ထဲ လွှဲပြောင်းရောင်းချပေးတဲ့ အစီအစဉ်မှာ တဒါဇင်ကျော် နှစ်ဒါဇင်မျှရှိတဲ့ နိုင်ငံတော် လုပ်ငန်းရှင်ကြီးများ အားလုံး အခွင့်အရေး တန်းတူမရကြပါဘူး။ ဦးတေဇနဲ့ ဦးဇော်ဇော်၊ အေးရှားဝေါလ် ဦးထွန်းမြင့်နိုင်တို့က အရင်ဆုံးအခွင့်အရေး ရကြပါတယ်။ အဲဒီနောက်မှာ ဦးချစ်ခိုင်၊ ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ရွှေသံလွင်ဦးကျော်ဝင်း အစရှိသူတွေက ရကြပါတယ်။
ယခင်ဆယ်စုနှစ် တခုလုံး အမြတ်အစွန်းကောင်းတဲ့ စားအုန်းဆီ ၀ယ်ယူတင်သွင်း တဲ့လုပ်ငန်းကို ထူးကုမ္ပဏီကပဲ တဦးထည်း လုပ်ကိုင်ခဲ့ပြီး အမြတ်အစွန်းလျော့ကျလာတဲ့ လွန်ခဲ့တဲ့ ၄နှစ် ၀န်းကျင်ကျမှ အခြားလုပ်ငန်းရှင်တွေကိုပါ လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလိုပဲ ယခုတကြိမ်မှာလည်း ဦးတေဇ ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်တို့ အနေနဲ့ အကျိုးအမြတ်များ မယ့်လုပ်ငန်းတွေကို ရွေးယူကြမယ့် အရိပ်လက္ခဏာတွေ တွေ့မြင်ရပါတယ်။
ပြည်သူ လူထု အကျိုးစီးပွား မျက်နှာစာ
ဖွံ့ဖြိုးပြီး နိုင်ငံအချို့မှာ အကျိုးအမြတ် ကောင်းတဲ့ လုပ်ငန်းတွေ ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အရေးပါတဲ့ ကဏ္ဍတွေဆိုရင် အစိုးရက ထိန်းရုံသာထိန်းပေးပြီး အများက အစုရှယ်ယာဝင်နိုင်တဲ့ အများပိုင် လွတ်လပ်တဲ့ စီးပွားရေး ကုမ္ပဏီအဖြစ် တည်ထောင်ကာ လုပ်ကိုင်စေတာမျိုးရှိပါတယ်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေး Japan Railway ကိုအဆိုပါပုံစံနဲ့ ဖွဲ့စည်း လုပ်ကိုင်စေပါတယ်။ အစိုးရက ကိစ္စအ၀၀မှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုပဲ ကုမ္ပဏီ ဘုတ်အဖွဲ့ကသာ ဆုံးဖြတ်လုပ်ကိုင်တာပါ။ အဆိုပါကုမ္ပဏီဟာ ပြိုင်ဘက် ကြီးကြီးမားမား မရှိပဲ ဂျပန်နိုင်ငံရဲ့ ရထားပို့ဆောင်ရေးကို လုပ်ကိုင်နိုင်ပြီး အကျိုးအမြတ်လည်း ကောင်းတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ အစုရှယ်ယာဝယ်ယူကြတဲ့ လူထုအနေနဲ့ လည်းကုမ္ပဏီ အကျိုးအမြတ်ကောင်းတဲ့အခါ အမြတ်ခွဲဝေမှု ရရှိပြီး ရှယ်ယာပိုင်သူ အားလုံးအကျိုးရှိစေပါတယ်။
ယခုမြန်မာနိုင်ငံမှာ ပုဂ္ဂလိကပိုင် ပြုလုပ်ရာမှာ ယခင်အစိုးရက အားလုံးထိန်းချုပ်ထားပြီး အရှုံးပေါ်နေခဲ့တဲ့ အစိုးရပိုင်လုပ်ငန်းတွေကို ယခု ဗိုလ်ချုပ်ကြီးများနဲ့ နီးစပ်ရာ လုပ်ငန်းရှင်များကို လက်လွှဲပေးတဲ့ အဖြစ်ကတော့ ပြည်သူအများရဲ့ အကျိုး၊ စားသုံးသူအကျိုးကို နည်းနည်းမှ ငဲ့မကြည့်တာ ပေါ်လွင်နေပါတယ်။
ပြည်သူပိုင်သိမ်းတဲ့ ပစ္စည်းတွေကို နကိုမူလပိုင်ရှင်ထံလည်း ပြန်လည်ပေးအပ်ခြင်း မရှိပဲ၊ ပုဂ္ဂလိကပိုင် လုပ်ဆောင်တဲ့ မူအရ လေလံချပေးရာမှာ မူလပိုင်ရှင်က ပထမဦးစားပေး ၊ အဆိုပါအဆောက်အဦ သို့မဟုတ်လုပ်ငန်းကို လက်ရှိငှားရမ်းလုပ်ကိုင်နေသူက ဒုတိယ ဦးစားပေးဆိုပြီး ပါရှိပေမယ့်လို့ လက်တွေ့ ချပေးတဲ့အခါ ပွင့်လင်းမြင်သာမှုလည်း မရှိပဲ အထက်လူကြီးပိုင်းနဲ့ ပိုင်သူတွေသာ ချိတ်ပိတ်တင်ဒါ အောင်မြင်ကြတယ်လို့ ကြားသိရပါတယ်။
ပုဂ္ဂလိကပိုင် လုပ်သော်လည်း လုပ်ငန်းရှင်အချင်းချင်း အကြား လွတ်လပ်တဲ့ ပြိုင်ဆိုင်မှုများ မရှိပဲ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီ တခုထည်းကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်ကြမယ့် အရိပ်လက္ခဏာတွေပဲ မြင်တွေ့နေရပါတယ်။ ယူအမ်အက်ဖ် စီစီအိုင် အဖွဲ့ချုပ်ဟာလည်း နအဖ အစိုးရက ရွေးချယ်ခန့်အပ်ထားတဲ့ အမှုဆောင်တွေကပဲ ချုပ်ကိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းအသင်းတွေဖွဲ့စည်းပြီး စိုက်ပျိုးသူ၊ ထုတ်လုပ်သူတွေကို ချုပ်ကိုင်ဝယ်ယူကာ တင်ပို့နေကြတာပါ။
မကြာမီကဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှာလည်း ဆန်းစပါးနဲ့ ပတ်သက်လို့ ဂဃနဏ နားမလည်တဲ့ စစ်အစိုးရ နီးစပ်သူတွေ ကအဓိကနေရာတွေမှ ယူထားကြပြီး ဆန်စပါး အိတ်စ်ပို့လုပ်ဖို့ ပြင်ဆင်နေကြပါပြီ။ စိုက်ပျိုးသူလယ်သမားတွေ ရဲ့ အခက်အခဲ၊ လယ်ယာကဏ္ဍရဲ့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို စိတ်မ၀င်စားပဲ ထွက်ကုန်ကိုသာ ၀ယ်ပြီး နိုင်ငံခြားပို့မယ့် သူတွေက ဥက္ကဌ၊ ဒုဥက္ကဌ လုပ်နေကြပါတယ်။ ဥက္ကဌလုပ်သူက ဧဒင်ကုမ္ပဏီ ပိုင်ရှင် ဦးချစ်ခိုင်ဖြစ်ပြီး ဒုဥက္ကဌသုံးယောက်အနက် ဦးလှမောင်ရွှေနဲ့ ဦးစိန်ဝင်းလှိုင်တို့ဟာ UMFCCI ရဲ့ အမှုဆောင်လူကြီးတွေဖြစ်ကြပါတယ်။
ရွေးကောက်ပွဲနဲ့ အထုပ်ဖြည်ပွဲ
ယခုလို ၂၀၁၀ ကူးပြောင်းပြီး နောက် ကသုတ်ကယက်နဲ့ လွှဲပြောင်း ရောင်းချနေတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆက်ဆံလုပ်ကိုင်နေရတဲ့ ကုမ္ပဏီကြီး တခုမှ အင်ဂျင်နီယာ ၀န်ထမ်း တဦးကပြောဆိုရာမှာ
“ကျွန်တော်တို့ ကုမ္ပဏီ သူဌေးကလာမယ့် ၂၊ ၃လအတွင်း အခုလို ယူစရာ ရှိတာတွေကို ပြီးအောင်လုပ်ရမယ်လို့ ညွှန်ကြားထားတယ်။ နောက်ပြီးသူပြောတဲ့အထဲမှာ ရွေးကောက်ပွဲက နိုဝင်ဘာမှာ လုပ်မယ်လို့ဆိုတယ်”
လို့ပြောဆိုပါတယ်။
လာမယ့် ရွေးကောက်ပွဲ မတိုင်မီ ၀န်ကြီးဌါနအသီးသီးက လုပ်ပိုင်ခွင့်ရှိသူတွေဟာ ဒီနေရာပြန် ရောက်မရောက် မသေချာတော့ လုပ်ပိုင်ခွင့်ရှိတဲ့အခွင့် အရေးအားလုံးယူ၊ နောက်ဆုံး ယုတ်စွအဆုံး ချရောင်းစရာမရှိတဲ့ တရားရေး ဌါနတောင် လာဘ်စားချင်တိုင်း စားပြီး စီရင်ချက်တွေကို ချမှတ်နေတဲ့ အထိဖြစ်နေပါတယ်။
နအဖ၂၁နှစ်လုံးလုံး ခုတ်ရောင်းခဲ့တဲ့ သစ်တောတွေ၊ ထူးဖေါ်ခဲ့တဲ့ ကျောက်မျက်ရတနာတွေ၊ တူးရောင်းနေခဲ့တဲ့ ရေနံ သဘာဝဓါတ်ငွေ့တွေ အစရှိတဲ့ သယံဇာတတွေ အပြင်ယခုနောက်ဆုံး ကျန်သေးတဲ့ အထုပ်တွေဖြစ်တဲ့ ရန်ကုန်နဲ့ မြို့ကြီးတွေက မြေနေရာ၊ စက်ရုံ အဆောက်အဦ၊ လုပ်ပိုင်ခွင့်တွေကိုပါ ဖြည်ပြီး ရောင်းစားနေတာကတော့ ဒီနေ့ မြင်ကွင်းလိုဖြစ်နေပါပြီ။
သန်းစိုးလှိုင်
မိုးမခ
0 comments:
Post a Comment