Tuesday, February 9, 2010

စက်ရုံအလုပ်သမားများဆန္ဒပြပွဲကို လုံခြုံရေးထူထပ်စွာချထားလျှက်ရှိ

လှိုင်သာယာစက်မှုဇုန်အတွင်းမှ စက်ရုံများတွင် အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားနေလျှက်ရှိပြီး လမ်းဘေးတလျှောက် လုံခြုံရေးများတင်းကြပ်စွာ ချထားကြောင်း အလုပ်သမားတဦးက ပြောသည်။


အိုပယ်ဝမ်း၊ အိုပယ်တူး၊ ရပ်စ်(Yes)၊ သုံးထပ်စက်ရုံများမှ အလုပ်သမား (၂၀၀၀)ခန့်သည် ယမန်နေ့ ညနေပိုင်းကတည်းက တောင်းဆိုချက် (၃) ချက် ရရှိရေးအတွက် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ညှိနှိုင်းမှုများပြုလုပ်နေသည်ဟု ပြောသည်။

“အခု ညှိနှိုင်းနေတုန်းဘဲ၊ လုံခြုံရေးတွေကတော့ တော်တော်များတယ်၊ လုံထိန်းကား လက်နက်အပြည့်နဲ့ ၃၂ စီး၊ နောက်ထပ်ရဲကား ၇ စီး၊ မီးသတ်ကား ၅ စီးနဲ့ အချုပ်ကား ၄ စီးကို အပြင်လမ်းဘေးမှာ ရပ်ထားတယ်၊ အထဲကို ဘယ်သူမှ ဝင်လို့မရအောင် ပိတ်ထားတယ်” ဟု ပြောသည်။

အလုပ်သမားများက (၁) လုပ်အားခ လစာ တသောင်းထပ်တိုးပေးရန်၊ (၂) အလုပ်ချိန်လျော့ပေးရန်၊ (၃) အလုပ်သမားများ စားသောက်နေထိုင်သည့်နေရာများ သန့်ရှင်းရေး ဆိုသည့်အချက် (၃) ချက်ကို တောင်းဆိုထားခြင်း ဖြစ်သည်။

ယခုလက်ရှိ အလုပ်ချိန်မှာ နံနက် ၇ နာရီခွဲမှ ည ၁၁ နာရီအထိလုပ်နေရပြီး အလုပ်သမားများ တောင်းဆိုချက်များထဲမှ လုပ်အားခတိုးပေးရေးအတွက် ယခုအချိန်ထိ ဆက်လက်ညှိနှိုင်းနေလျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

ယခုဆန္ဒပြနေသည့် စက်ရုံများမှာ အထည်ချုပ်လုပ်ငန်း၊ သကြားလုံးနှင့် စားသောက်ကုန်လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်ပြီး စက်မှုဇုံအတွင်းရှိ စက်ရုံပေါင်း ၃၀၀ ခန့်မှာ စီးပွားရေး ကျဆင်းမှုများကြောင့် လည်ပတ်နိုင် ခြင်းမရှိတော့ဘဲ ပိတ်ထားရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ယင်းစက်မှုဇုံအတွင်းမှ အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံမှ အလုပ်သမား လုပ်အားခတိုးမြှင့်တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး စက်မှုဇုံ စီမံခန့်ခွဲရေး၊ ပြည်ထဲရေးနှင့် အလုပ်သမား ညွှန်ကြားရေးမှူးဦးစီးဌာနတို့က ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
Tuesday, 09 February 2010 17:40 ရိုးမ ၃

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်ဆန္ဒပြ

လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင်အလုပ်သမား ၂၀၀၀ ခန့် ဆန္ဒပြတောင်းဆိုပြုလုပ်နေသည်ဟု သိရပါသည်။


တောင်းဆိုနေသောအချက်များမှာ ၃ ချက်ဖြစ်ပြီး ၁- လစာကိုတသောင်းထပ်ဆောင်းပေးရန်
၂- လုပ်ခအချိန်လျှော့ပေးရန် ( လက်ရှိ လုပ်နေရသည့်အချိန် နံက် ရ နာရီခွဲမှ ည၁၁ နာရီခွဲထိ ) ။
၃- အလုပ်သမားများစားသောက်နေထိုင် သည့်နေရာများသန့်ရှင်းရေးလုပ်ပေးရန် တို့ဖြစ်ပြီး ညှိနှိုင်းချက်များအဆင်ပြေနေသည်
ဟုသိရသည် ။ လစာတသောင်းထပ်တိုးပေးရေး ကိစ္စ ယခုတိုင်ပြောဆိုနေဆဲဖြစ် ကြောင်းလည်း ထပ်မံသိရှိရပါသည်။
လုံခြုံရေးအခြေအနေ သိပ်မကောင်းဘူးဟု အမီးပါတ်ဝန်းကျင် နေထိုင်သူများကပြောသည်။

- ရဲလုံထိန်းကါး ၃၈ စီး
- မီးသတ် ၄ စီး
- အချုပ်ကါး ၄ စီး လှိုင်သာယာ စက်မှု့ ဇုံ( ၃ ) အမှတ် ၃ / ၃၆ ရှိ မြဖက်ရှင် အထည်ချုပ်စက်ရုံတွင် ဆန္ဒပြနေသော အလုပ်သမားများကို ရဲချုပ်ခင်ရီမှ မီးသတ်ကားများ အချုပ်ကားများ လုံထိန်းရဲ အင်အား တထောင်ကျော် သုံး၍ နှိမ်နင်းရန် သွားနေပါသည်။

ယခု အခင်းဖြစ်ပွားနေသော နေရာအနီးတဝိုက်ကို မည်သူမှ သွားလာခွင့်မပြုကြောင်း တားမြစ်အမိန့်ထုတ်ပြန်ထားကြောင်း သိရပါသည်။

ထပ်မံဖော်ပြပါမည် ယခုသိရှိသလောက်ကို သာဖော်ပြခြင်းဖြစ်ပါသည် လွဲချော်မှုအနည်းငယ်ရှိပါက မိမိ အပြစ်သာပင်ဖြစ်ပါသည်။
မှတ်ချက် ။ ။http://ycowabangkok.blogspot.com/2010/02/blog-post_09.html မှကူးယူဖော်ပြခြင်းဖြစ်ပါသည် ။

ကျွမ်းကျင်ရာ - အပိုင်း(၂)


ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
အချို့က မြန်မာ စစ်ဗိုလ်ချုပ်များ နေ့စဉ်နှင့်အမျှ ပြည်သူတွေနဲ့ ဆိုင်တဲ့ အလုပ်တွေ လုပ်ပေးနေသည်ကို အကောင်းမမြင် အဆိုးမြင်သမားဟု ကျွန်တော့်အား စွပ်စွဲကြည့်လျှင် ပြန်လည်ဖြေရှင်းလိုပါသည်။ ကျွန်တော်သည် အဆိုးမြင်ဝါဒီသမား မဟုတ်ပါ။ အကောင်းကို မြင်သောကြောင့်သာ အခုလို ပြောနေရခြင်း ဖြစ်သည်။ ဤတွင် ကျွန်တော့် အနေနှင့် ရူပဗေဒ သဘောတရား တစ်ခုကို ရှင်းလင်းပြလိုပါသည်။

လူတစ်ဦးသည် အလွန်လေးလံသော ကျောက်တုံးတစ်တုံးကို နေရာရွေ့အောင် လက်ဖြင့်တွန်းနေရာ တစ်နေ့ကုန်သွား သော်လည်း နေရာမရွေ့၊ အားသွန်ခွန်စိုက် တွန်းခဲ့ သောကြောင့် အလွန်လည်း ပင်ပန်းနေချေပြီ။ သို့ရာတွင် ရူပဗေဒ သဘောအရ ဤသည်ကို အလုပ်ဟု မခေါ်။

ဒုတိယလူတစ်ဦးသည် ၎င်းကျောက်တုံးကိုပင် လက်ဖြင့် မတွန်းဘဲ တုတ်ဖြင့်ကော်၍ တွန်းလှိမ့်ရာ နာရီဝက်ပင် မကြာ၊ ထိုကျောက်တုံး နေရာရွှေ့သွားခဲ့သည်။ ဒုတိယလူသည် လုံးဝမပင်ပန်း၊ အချိန်လည်း မကုန်ပေ။ သို့ရာတွင် ရူပဗေဒ သဘော အရ ဒုတိယ လူသည် အောင်မြင်သော အလုပ်တစ်ခုကို လုပ်ဆောင်ခဲ့သည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

မြန်မာစစ်ဗိုလ်ချုပ်များသည် နေ့စဉ်နှင့်အမျှ ကိုယ်နှင့် မဆိုင်သော အလုပ်များတွင် ၀င်လုပ်နေကြသည်။ မပင်ပန်းဟု မဆိုလို ပင်ပန်းပါလိမ့်မည်။ သို့ရာတွင် ကျောက်တုံး ရွေ့ မရွေ့ ကိုတော့ အချိန်က ဆုံးဖြတ်ပေးခဲ့ပါသည်။ အရှေ့တောင်အာရှနိုင်ငံ များ ကျောက်တုံးရွေ့၍ လမ်းပင်ဖောက်ပြီးချေပြီ။ မြန်မာပြည်ကြီးကတော့ လမ်းလယ်ခေါင်က ကျောက်တုံးကို ရွှေ့ဖို့ ကြိုးစားဆဲပင်။

“ကျွန်တော်သည် အဆိုးမြင် ၀ါဒီသမားလော၊ အကောင်းမြင် သမားလော”

ထပ်မံပြီးတော့ အရေးကြီးသည်ကို သုံးသပ်တင်ပြပါဦးမည်။ လူအများကို အုပ်ချုပ်ရသော အဖွဲ့အစည်းဌာနသည် စစ်တပ်ဖြစ်သည်။ ဤသည်မှာ ငြင်းဖွယ်ရာမရှိ။ စစ်တပ်သည် “မ” တစ်ထောင်သားတွေနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤသည်ကို တသွေး တသံ တမိန့် ဖြစ်အောင် အုပ်ချုပ်ရသည်။ အာဏာကို သုံးရသည်။ ချုပ်ခြယ်မှု ထားရသည်။ အဘယ် ကြောင့်ဆိုသော် စစ်သားသည် အသက်ပေး၍ စစ်တိုက်ရသည်။ အသက်ပေး၍ နိုင်ငံကို ကာကွယ်ရမည်။ အသက်တွေကို စွန့်လွှတ်ရသော အလုပ်ဖြစ်သည်။ ဤသို့ အသက် စွန့်လွတ်ရသော နေရာတွင် တသွေး တသံ တမိန့် ဖြစ်အောင် အုပ်ချုပ်မှသာ တော်ကာကျသည်။ သို့တည်းမဟုတ် ပျော့ပြောင်းစွာ အုပ်ချုပ်ခဲ့လျှင် အသက်စွန့်၍ တိုက်ခိုက်ရမည့် စစ်ပွဲ တစ်ပွဲအတွက် မည်သည့် စစ်သားမျှ ရှေ့ကတက်မည် မဟုတ်ပေ။ ဤသည်ကို ၎င်းတို့၏ အုပ်ချုပ်မှုများအတွက် ကျွမ်းကျင်စွာ ကျင့်သုံးတတ်ရသည်မှာ မဆန်းပေ။

ဆန်းသည်က မြန်မာစစ်ဗိုလ်ချုပ်များ မြန်မာပြည်ကြီးကို အုပ်ချုပ်နေခြင်းပင်။ အုပ်ချုပ်ခံ ပြည်သူများသည် စစ်သားများ မဟုတ်။ လွတ်လပ်မှုကို ခုံမင်သော လူတန်းစား ဖြစ်သည်။ လွတ်လပ်စွာ တွေးခေါ်မည်။ လွတ်လပ်စွာ ငြင်းခုန်မည်။ လွတ်လပ်စွာ ဆွေးနွေးမည်။ ပြည်သူများကို စစ်သားများကဲ့သို့ ဘောင်အတွင်းမှာ ထား၍ှမရ။ စစ်ဗိုလ်ချုပ်များကလည်း လွတ်လပ်မှု ဆိုသည်ကို လုံးဝ ကြည့်မရ။ သဟဇာတ မဖြစ်သော အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံ လူတန်းစား ကြားမှာ နိုင်ငံတိုးတက်စရာ မရှိဘဲ ပြည်သူတွေ၏ လွတ်လပ်စွာ ထိုးထွက်မှုနှင့် ပြင်းထန်သော အာဏာသုံး နှိပ်ကွပ်မှုတွေရဲ့ အကျိုးဆက်အဖြစ် နိုင်ငံအတွင်း အဓိကရုဏ်း များစွာ ဖြစ်ပေါ်နေရသည်မှာ စစ်အုပ်ချုပ်မှု တလျှောက်ပင်။

အမှန်တော့ နိုင်ငံတစ်ခုကို အုပ်ချုပ်ရာတွင် တရားသေ ဘောင်တစ်ခုကို ဆုပ်ကိုင်ထား၍ မရ။ လျော့ချည် တင်းချည် ရှိရမည်။ ပြောင်းလွယ် ပြင်လွယ် ရှိရမည်။ များသော အားဖြင့် ပျော့ပြောင်းသော သဘောထားကို ကျင့်သုံးရမည်။ သံခင်း တမန်ခင်း ပရိယာယ်များစွာ သုံးရမည်။ အလွန်တရာ ခက်ခဲနက်နဲသော ကိစ္စရပ်ဖြစ်သည်။ တင်စားရသော် အလွန်တရာ သိမ်မွေ့နက်နဲသော ပညာရပ် ဖြစ်သည်။

အုပ်ချုပ်ခံ လူတန်းစားမှာ ပြည်သူဖြစ်၍ ပြည်သူများ၏ အသံကို နားထောင်ရမည်။ (သို့မဟုတ်) အုပ်ချုပ်ခွင့်အာဏာပေးထားသူမှာ ပြည်သူဖြစ်၍ ပြည်သူများ၏ အသံကိုသာ နားထောင်ရမည်။

အုပ်ချုပ်သူသည် အစိုးရဖြစ်၍ အုပ်ချုပ်ခံရသူသည် ပြည်သူဖြစ်သော်လည်း အမှန်တော့ အစိုးရသည် ပြည်သူ၏ ကျေးကျွန်သာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ စားဝတ်နေရေး၊ ပြည်သူများ၏ ဘ၀တိုးတက်ရေး၊ ပြည်သူများ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေး အားလုံးကို အစိုးရမှ ဖန်တီးလုပ်ဆောင်ပေးရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် ပြည်သူယုံကြည်သော၊ ပြည်သူချစ်သော အစိုးရဖြစ်ဖို့ ပြည်သူတင်မြှောက်မှသာ ရမည် ဖြစ်သည်။ ထိုသို့မှမဟုတ်ဘဲ စစ်အုပ်ချုပ်မှုနှင့် သွားနေသရွေ့ဖြင့်တော့ စစ်ဗိုလ်ချုပ် တစ်ဦးသည် အုပ်ချုပ်ခံ တပ်မှူးတစ်ဦး၏ စောဒကတက်မှု တင်ပြမှုကို မနာခံ မလိုက်လျော သကဲ့သို့ အုပ်ချုပ်ခံ ပြည်သူများကိုလည်း လုံးဝ စာနာထောက်ထား ငဲ့ညှာမည် မဟုတ်ပေ။ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်သော စစ်အုပ်ချုပ်မှု ပုံစံနှင့်သာ မြန်မာပြည်ကြီးကို အုပ်ချုပ်မြဲ အုပ်ချုပ်နေမည်သာ။ ဤသို့ဆိုလျှင် မည်သို့မျှ သဟဇာတ မဖြစ်ဘဲ ပြည်သူတို့၏ ဘဝ တိုးတက်ရာ လမ်းမမြင်။ ပြည်သူတို့၏ ဘဝ မတိုးတက်လျှင် မိမိတို့ နိုင်ငံလည်း တိုးတက်သည်ဟု မဆိုနိုင်၊ လယ်ပြင်မှာ ဆင်သွားသကဲ့သို့ ရှင်းပါသည်။

အမှန်တော့ လက်ရှိစစ်ဗိုလ်ချုပ်များသည် အရည်အချင်းများ အပြည့်ရှိသည်ကို ကျွန်တော် လက်ခံယုံကြည်ပါသည်။ သို့ရာတွင် ၎င်းတို့၏ ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရပ်များကို နေရာမှားယွင်းစွာ အသုံးချနေခြင်းသည်သာ ဘ၀င်မကျစရာ။ ကျွန်တော် ဖြစ်စေချင်သည်မှာ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဟူသော ဂုဏ်ဒြပ်ဖြင့် မြန်မာပြည် မြေပုံကို စားပွဲပေါ်ခင်းကာ နိုင်ငံကာကွယ်ရေးအတွက် စစ်သေနင်္ဂဗျူဟာများကို စိတ်ကြိုက်ချမှတ်နေစေချင်သည်။ အခြေအနေအရ ကမ္ဘာ့မြေပုံကိုပါ ခဲတံထောက်၍ စစ်တပ်ကြီးကို လိုသလို ရွေ့ကာ ပုံဖော်နေလျှင် အဘယ်မျှ အားရှိဖွယ်ရာ ကောင်းလိုက်မည်နည်း။ ပြည်သူများ၏ တိုးတက်ရာ တိုးတက်ကြောင်းကို ပြည်သူတင်သော အစိုးရက စီမံဖန်တီးနေ ပေလိမ့်မည်။ မည်သည့်နောက်ဆံမှ တင်းစရာမျှ မလို။

ဤတွင် ကျွမ်းကျင်ရာ လိမ္မာရာ ဆိုသည့်စကား တစ်ခုကိုသုံး၍ နိဂုံးချုပ်လိုသည်မှာ စစ်တပ်အတွင်း အုပ်ချုပ်မှုနှင့် နိုင်ငံတစ်ခုကို အုပ်ချုပ်မှုသည် ရောထွေး ဆက်စပ်သွားပါက ဆရာဝန်ကို စစ်တိုက်ခိုင်း၍ အင်ဂျင်နီယာကို ဆေးကုခိုင်းကာ တံငါသည်ကို တံတား ဆောက်ခိုင်းသကဲ့သို့ ဖြစ်နေမည်မှာ မလွဲပေ။ မြန်မာပြည်ကြီးမှာ သူကျွမ်းကျင်ရာ သူပိုင်နိုင်ရာ တာဝန်များကို ကိုယ်စီထမ်းဆောင်၍ ကျွန်တော်တို့ မြန်မာပြည်ကြီး အစဉ်တိုးတက် ပါစေကြောင်း ဆုတောင်းကြရအောင်။


source by : http://www.photayokeking.org
မှတ်ချက် ။ ။ 88 ရဲ့ နော်မန် မှ ဖြစ်ပါသည်။

စာမျက်နှာအဟောင်းများ

ငွေကြေး ဖောင်းပွမှုတွေ တဖြည်းဖြည်း တိုးလာတိုင်း ကျမတို့ရဲ့ ငယ်ဘဝအကြောင်းကို ခဏခဏပြန်ပြော မိကြပါတယ်။ ဒီလိုပြောဖြစ်တာ ကျမတို့ တဦးတည်း မဟုတ်ဘဲ၊ သာမန်ပြည်သူ အတော်များများ လွမ်း ဆွတ်တသ ပြောမိကြတာပါ။ တချို့အရမ်းကိုငယ်တဲ့ ကလေးတွေကတော့ ကျမတို့ရဲ့ အပြောမှာ မစားရဝ ခမန်း နားထောင်ကြပါတယ်။

ကျမ မူလတန်းကျောင်းသူဘဝ ၁၉၇ဝ ပြည့်လွန်နှစ် တွေတုန်းက ကျောင်းသွားရင် မုန့်ဖိုး ၂၅ ပြားရပါ တယ်။ အဲဒီအချိန်က မုန့်ဟင်းခါး တပွဲကို ၂၅ ပြားပါ၊ အကြော်ပါရင် ၃၅ ပြားပဲပေးရပါတယ်။ ကျောင်းမှာ ရောင်းတဲ့ ဈေးသည်တွေကတော့ မုန့်ဟင်းခါးတပွဲကို ၁၅ ပြား၊ ပြား ၂ဝ နဲ့ရောင်းပါတယ်။ နဂါးနီ ဇီးပေါင်းတထုပ်ကို ၁ဝ ပြား၊ ကြက် ဥမုန့်တလုံးကို ၁ဝ ပြား၊ ကြက်ဥခေါက်မုန့် ၁ ခုကို ၅ ပြား၊ ဇီးတော် ဖီး ၁ တုံးကို ၅ ပြားနဲ့ မုန့်ဖိုးတမတ်ဆိုရင် မုန့် ၂ မျိုး၊ ဒါမှမဟုတ် ၃ မျိုးစားနိုင်ပါတယ်။ ကြံတချောင်းကို ၁ဝ ပြားနဲ့ဝယ်ရင် လျှာတွေပေါက်တဲ့အထိ စားနိုင်ပါတယ်။

ဟင်းစားဝယ်ဖို့ တနေ့ကို ၁ဝ လောက်သုံးရင် အသားဟင်း ချဉ်ရည်ဟင်း၊ ငပိ၊ တို့စရာနဲ့ ဖွယ်ဖွယ်ရာရာစားနိုင်ပါတယ်။ ဝက်သား ၁ ပိဿာလုံး ဝယ်ရင်တောင် ၁ဝ လောက်ပဲကျတာပါ။ အဲဒီခေတ်က အလေးတင်းတောင်းတွေလဲ အတော်မှန်ပုံရပါတယ်။ ကျမရဲ့အမေ ကသူမအားရင်း ကျမကို စာရွက်တရွက်မှာ ဝယ်ရမည့် ပစ္စည်းစာရင်းကိုရေးပြီး ပိုက်ဆံအတိအကျနဲ့ ဈေးကိုလွှတ်လိုက်တာပါပဲ။ ပိုက် ဆံ ၁ဝ လောက်ပေးလိုက်ရင် သူမှာတဲ့ပစ္စည်းအစုံအလင် ရလာပါတယ်။ ကျမကဈေးစာရင်းစာရွက်ကို ဈေးသည်ကိုပြလိုက်ရုံပါပဲ။

ဒါပေမဲ့ အဲဒီခေတ်က ငွေကြေးတန်ဖိုးကို အဖေနဲ့ အမေကသဘောမကျပါဘူး၊ ဈေးကြီးတယ်လို့ ခဏခဏ ငြီးတွားတတ်ပါတယ်။ ကုန်ဈေးနှုန်းတွေကလဲ တနေ့တခြားတက်နေတာပဲတဲ့လေ။ ကျမအသက်ကြီးတော့မှ နားလည်မိတာက သူတို့က ဖ.ဆ.ပ.လ ခေတ် ကိုဖြတ်သန်းလာတာကိုး။ တမူး၊ တပဲခေတ်မှာ လူဖြစ်လာကြတော့ ငါးမူး၊ တမတ်ဆိုတာ သိပ်ဈေးကြီးနေတာပေါ့။ အမေပြောပြောနေ လို့မှတ်မိနေတာက သူတို့ခေတ်က ပဲဆီအကောင်းစား ၁ ပိဿာကို ၁ ကျပ်ခွဲ၊ ၂ ကျပ်တဲ့၊ ပိုးလုံချည်အကောင်စားတွေကို ဖလေဇာ လမ်းပေါ်မှာ ကြိုက်တာယူပါ ၂ ကျပ်ခွဲဆိုပြီး ပုံရောင်းနေတာတဲ့။

၁၉၈ဝ ပြည့်လွန်နှစ်တွေရောက်တော့ ကျမ အထက်တန်းကျောင်းသူ ဖြစ်နေပါပြီ၊ အဲဒီအချိန်မှာ ကျမရဲ့တနေ့မုန့်ဖိုးဟာ ၁ ကျပ်ဖြစ်နေ ပါပြီ။ မုန့်ဟင်းခါးအလွတ်တပွဲကို ၇၅ ပြားပေးရပြီး၊ အကြော်ပါရင် ၁ ကျပ်ခေတ်ကိုရောက်နေပါပြီ၊ ဇီးထုပ် ၁ ထုပ်ကို ၁ ကျပ်ပေးရပါ တယ်။ အဲဒီအချိန်မှာ ကျမရဲ့မုန့်ဖိုးဟာ မုန့် ၁ ခုစာပဲရှိပါတယ်။ ယိုးဒယားကလာတဲ့ ခေါင်းလျှော်ရည်တထုတ်ကို ၁ ကျပ်ခွဲ နှစ်ကျပ် ပေးရပါတယ်။ အဲဒီခေတ်က မှောင်ခိုခေတ်ဆိုတော့ ယိုးဒယား ခေါက်ဆွဲခြောက်တွေ ဝင်ကာစ အချိန်ပေါ့၊ တထုပ်ကို ၂ ကျပ်ခွဲ လောက်ပေးရတယ် ဆိုတော့ ဈေးကြီးတာပေါ့၊ အိမ်မှာ ၄၊ ၅ ထုပ်လောက်ဆောင်ထားပြီး ဧည့်သည်လာမှ ကျွေးတဲ့ အစားအစာပါ၊ ဒါပေမယ့် အဲဒီခေတ်ကို ဘတ်တိုက်ကျပ်တိုက်ခေတ်လို့ ခေါ်သတဲ့လေ၊ မှောင်ခိုဈေးက ဝင်လာတဲ့ လေယဉ်မောင်စ လုံချည်တထည် ကို ၂၅ ကျပ်လောက်ပေးရတော့ ထည်လဲဝတ်နိုင်တဲ့သူက သူဋ္ဌေးပဲပေါ့။

ကျမ မှတ်မသေးတယ် ကျမ အဋ္ဌမတန်းကိုတက်တော့ ကျောင်းမှာလုံချည်အစိမ်း စဝတ်ရတဲ့နှစ်၊ အဖေက တက်ထရွန်အစိမ်းကိုပဲဝယ် ပေးတယ်၊ ကျမ လိုချင်တာက လေယဉ်မောင်အစိမ်း၊ ဒီတော့ ကျမ ဆန္ဒပြတဲ့အနေနဲ့ ၃ ရက်လောက်ထမင်းမစားဘူး၊ ဒီတော့အဖေက ပြောတယ် လေယဉ်မောင်တထည်ယူရင် တက်ထရွန် ၂ ထည်စာလောက်ကျတယ်၊ ဒါကြောင့် သမီးမုန့်ဖိုး စုပေါ့တဲ့၊ ၁၂ ကျပ်ခွဲရရင် နောက်ထပ် ၁၂ ကျပ်ခွဲကို အဖေစိုက်ပြီး ဝယ်ပေးမယ်တဲ့၊ ကျမလည်းမုန့်ကို ၁၂ ရက်တိတိ မစားဘဲ အိမ်ကနေ ထမင်းဘူးထည့်ပြီး မုန့်ဖိုးစုခဲ့ရဘူးတယ်။ ကျမတို့ မိသားစုက ဝန်ထမ်းတွေဆိုတော့ ငွေသိပ်မပေါဘူးပေါ့။ အဲဒီအချိန်မှာ ဈေးဘိုးက တနေ့ ၂ဝ ကျပ် လောက်ကျမှ ဟင်းအရံ အသင့်အတင့်စားနိုင်တယ်။ အဲဒီအချိန်က အနိမ့်ဆုံးဝန်ထမ်း (နေ့စား) တဦးရဲ့ဝင်ငွေဟာ ၆ ကျပ် ၁၅ ပြားပဲ ရပါတယ်။

ကျမ ၁ဝ တန်းရောက်တဲ့နှစ်မှာ ကျမရဲ့အဖိုးကပြောပါတယ်၊ ဖ.ဆ.ပ.လ ခေတ်တုန်းက ယိုးဒယားဝန်ကြီးချုပ်ကပြောတယ်တဲ့ “ယိုးဒယားနိုင်ငံက မြန်မာပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုမီဘို့အတွက် သူတို့နှစ် ၅ဝ လောက်ကျိုးစားရအုံးမယ်” တဲ့လေ၊ ဒီတော့ ကျမက ပြန်မေးတာပေါ့ “ဟုတ်ရဲ့လား ဖိုးဖိုးရယ်” ဆိုတော့ “ဟာ တကယ်ပေါ့၊ ဖ.ဆ.ပ.လ ခေတ်တုန်းက မြန်မာပြည်မှာ ထွက်ကုန်ပစ္စည်းအ တော်များများရှိတယ်၊ ထုတ်ကုန် သွင်းကုန်လုပ်ငန်းလည်း ဖွံ့ဖြိုးတယ်၊ စစ်တပ်က အာဏာသိမ်းတော့ ပြည်သူပိုင် သိမ်းတယ်ဆိုပြီး၊ ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းတွေကို သိမ်းလိုက်ပြီးတော့ ဘာမှပြန်မလုပ်နိုင်တော့ဘူး” ဒီစကားကိုပြောတဲ့အချိန်မှာတော့ မြန်မာပြည် ဟာ ယိုးဒယားနိုင်ငံရဲ့ မှောင်ခိုဈေးကွက်ကို အားကိုးနေရတာပါ။

မြန်မာပြည်မှာ သရက်ထည်အကြမ်းကလွဲရင် ဘာအဝတ်အစားမှ မထုတ်နိုင်ပါဘူး၊ စက်မှုဝန်ကြီးဌာနက ထုတ်တဲ့ မောင်ဗမာစက်ဘီး ဆိုတာ ချိုင့်ခွက် ၂ ခုလောက်နင်းမိရင် ဖရိန်ကခွေသွားပါတယ်၊ မားကတ်လိမ်သွားပါတယ်။ ယိုးဒယားနိုင်ငံထုတ် ဖီးဆင့်ဘီးတွေများ မြင်တာနဲ့ကို လိုချင်စရာကောင်းပါတယ်။ မာလိုက်တာလဲ ပြောမနေနဲ့၊ ကျမအိမ်က ဖီးဆင့်ဘီးက နှစ်ပေါင်း ၁၅ နှစ်လောက်ကြာတာ တောင် ဘာမှသိပ်မပျက်စီးသေးဘူး။

အဲဒီအချိန်ကစပြီး ဗမာလူငယ်တွေဟာ နိုင်ငံခြားတိုင်းပြည်ကို သွားချင်တဲ့လူတွေ များလာတယ်။ ဘာကြောင့်လဲဆိုတော့ သိပ်ကိုခေတ် နောက်ကျနေတဲ့ တိုင်းပြည်မှာ ချွတ်ခြုံကျနေတဲ့ စီးပွားရေးကို မလုပ်ချင်တော့ပါဘူး။ ခေတ်မှီတိုးတက်နေတဲ့ နိုင်ငံမှာပဲ အတွေ့အကြုံ သစ်တွေနဲ့ အလုပ်လုပ်ချင်ကြတယ်။ အတွေ့အကြုံခြင်း။ ဝင်ငွေခြင်းက ကွာခြားတာကိုး။

ရက်၊ လ တွေကလူတွေကို တိုက်စားရင်းနဲ့ ၁၉၉ဝ ပြည့်ကာစ နှစ်တွေကိုရောက်လာပါတယ်။ အဲဒီအချိန်မှာ တမတ်၊ ငါးမူးနဲ့ ဘာမှဝယ် လို့မရတော့ပါဘူး၊ ပြောရမယ်ဆိုရင် တမတ်၊ ငါးမူးဟာ ပိုက်ဆံမဟုတ်တော့ပါဘူး၊ ၁၉၉၁ ခုနှစ်မှာ ကျမရဲ့တူက သူငယ်တန်းစတက်ပါ တယ်၊ ကျောင်းသွားရင် မုန့်ဘိုးက တနေ့ ၃ ကျပ်ပေးရပါတယ်။ တကယ်က ၃ ကျပ်ဆိုတာ သူစိတ်ချမ်းသာအောင် ပေးလိုက်တာပါ၊ ယိုးဒယားကဝင်တဲ့ ဂျယ်လီ ၁ ခုကို ၃ ကျပ်ပေးနေရပါပြီ၊ အိမ်ကနေ မုန့်ထည့်ပေးရပါတယ်။ အဲဒီအချိန်ရောက်တော့ ဗမာပြည်မှာ တရုပ်ပစ္စည်းတွေရဲ့ ခေတ်ဖြစ်နေပါပြီ။ တရုတ်ပစ္စည်းက ကယိုးဒယားပစ္စည်းထက်ဈေးပိုချိုသလို၊ တရုပ်ယွန်ငွေက ယိုးဒယားဘတ် လောက်ဈေးမကောင်းသေးပါဘူး၊ ယိုးဒယား ၁ ဘတ်ကို မြန်မာငွေ ၂ဝ ကျပ်လောက်ဖြစ်နေပါပြီ။

တနေ့ ကျမတူလေးကို ကျောင်းလိုက်ပို့ရင်း လမ်းမပေါ်မှာ ငါးမူးစေ့တွေ့တော့ သူ့ကိုကောက်ခိုင်းလိုက်ပါတယ်။ ဒီတော့သူက “တီတီက လဲ ဒီပိုက်ဆံဘာမှ လုပ်လို့မရတာ ကောက်မနေပါဘူး၊ လူတွေမြင်ရင် အထင်သေးနေဦးမယ်” တဲ့၊ သူပြောတာလဲမှန်နေတာပဲ အနိမ့် ဆုံး ဒီလိုငါးမူးစေ့ ၆ စေ့ ပြည့်မှမုန့်စားလို့ရမှာကိုး။

ဒီလိုနဲ့ ကျမထောင်ထဲရောက်နေတဲ့ နှစ်တွေမှာ ကုန်ဈေးနှုန်တွေကိုလဲ သေချာမသိပါဘူး၊ အမေပြောပြတဲ့ တလစာအတွက်ကုန်ကျစ ရိတ်ကို ရင်ဘတ်ဖိပြီး နားထောင်နေရတာပါ၊ ဒီလတော့ ၅ဝဝဝ ကျပ်ဘိုး၊ ဒီနှစ်တော့ ကုန်ဈေးနှုန်းတွေတက်လို့ ၁ သောင်းဘိုး၊ ဒါလောက်ပဲ သိခဲ့ပါတယ်။

၂ဝဝ၁ ခုနှစ်မှာ ကျမထောင်ကနေ လွတ်လာပါတယ်။ ကျမအပြင်ရောက်တော့ ကုန်ဈေးနှုန်းတွေအကြောင်း ကြားရတာကြောက်စရာ ကောင်းတယ်လို့ ခံစားမိပါတယ်။ ကျမ ထောင်ထဲမရောက်ခင်က ဘတ်စကားစီးရင် ၁ ကျပ်၊ ၂ ကျပ်ပဲကုန်ပေမဲ့ ၂ဝဝ၁ ခုနှစ်ထဲမှာ ၅ဝ၊ ၁ဝဝ မှမပါရင် ကားစီးလို့မရနိုင်တော့ပါဘူး။ ကက လို့ခေါ်တဲ့ Taxi ကားတွေက ဟိုနားဒီနား ၂ဝဝ ကျပ်လောက်ပေးရပါတယ်။ ကျမ ညီမက ကျမကို ကကနဲ့ ခေါ်သွားတော့ ကျမငွေ ၂ဝဝ ကျပ်ကို နှမြောနေမိပါတယ်။ ၁၉၉၅ ခုနှစ်လောက်က ငွေ ၂ဝဝ ဆိုတာ အရမ်း တန် ဘိုးရှိတာကိုး။

ဒီလိုနဲ့ ၂ဝဝ၂ ခုနှစ်ထဲမှာ I.L.B.C က ၄ တန်းကလေးတယောက်ကို သင်္ချာသင်ပေးခဲ့ရပါတယ်။ သူတို့ကျောင်းမှာက စင်္ကာပူသင်ရိုး ညွှန်းတမ်းကို သင်တာလေ၊ ပိုက်ဆံတွေအကြောင်း သင်တော့ စင်္ကာပူအကြွေစေ့တွေကို သင်တာပေါ့၊ ဒီတော့ ကလေးက ကျမကို မေးတယ် “ဆရာမ စင်္ကာပူမှာ အကြွေရှိပြီး၊ မြန်မာပြည်မှာ ဘာကြောင့် အကြွေစေ့မရှိတာလဲ” တဲ့ ကျမက ရှိပါတယ်လို့ ပြန်ဖြေလိုက် ပါတယ်။ ဒီတော့သူက “ဒါဆိုဘာကြောင့် မသုံးရတာလဲ” တဲ့၊ သုံးရတာမလွယ်လို့ပါလို့ ပြန်ပြောပြပါတယ်။ သူမမြင်ဖူးဘူးတဲ့၊ ဒါနဲ့ ကျမ က အိမ်မှာသိမ်းထားတဲ့ ပိုက်ဆံစေ့ကို ယူပြပါတယ်။ သူကထပ်မေးတာက “တကယ်သုံးလို့ ရလို့လား” တဲ့၊ ရတာပေါ့ဆိုတာ့၊ “ဒါဖြင့် ဘာကြောင့် မသုံးကြတာလဲတဲ့”။ ကျမက သေချာရှင်းပြရပါတယ်။ မုန့်တခုရဲ့တန်ဘိုးက ၁ဝဝ မဟုတ်လား၊ ဒီအစေ့တွေနဲ့ မုန့်ဝယ်မယ် ဆိုရင် အကြွေစေ့ ၂ဝဝ လောက်နဲ့ဝယ်ရမှရမယ်၊ သုံးဘို့ခက်တာပေါ့၊ ဒါကြောင့်မသုံးတာလို့။ ဒါတောင် လျှာရှည်တဲ့ မိချောင်းသားက “ငါးမူးတန်မုန့် ဘာကြောင့် မရောင်းရတာလဲ”တဲ့။ ကျမ ရှင်းပြမယ်ဆိုရင်တောင် သူနာမလည်နိုင်လို့ ကျမ ဆက်ရှင်းမပြခဲ့ပါဘူး။

ကျမသားလေးက ၂ဝဝ၈ ခုနှစ်မှာ သူငယ်တန်းစတက်ပါတယ်။ ၂ဝဝ၈ ခုနှစ်မှာငွေ ၁ဝဝဝ ကျပ်ရဲ့တန်ဘိုးဟာ စက္ကူသာသာပဲ ရှိတော့ တာပါ။ ဆီ၊ ဆန်၊ ငရုတ်၊ ကြက်သွန် မပါဘဲ ဈေးဘိုးသက်သက်ကို ငွေ ၃ဝဝဝ ကျပ်နဲ့မလောက်ပါဘူး။ ဒီလိုနဲ့ ကျမ အိမ်ရှင်းတဲ့အချိန် မှာ သူတို့အဖေသိမ်းထားတဲ့ အကြွေစေ့တွေကို ကျမသားကတွေ့သွားပါတယ်။ ဒီတော့သူက “မေမေ အဲဒါ ဘာတွေလဲ” တဲ့၊ ကျမက ဒါ ပိုက်ဆံအကြွေတွေလို့ ပြောလိုက်ပါတယ်။ သူကဘာမှထပ်မမေးတော့ ကျမလည်း သူစိတ်ဝင်စားမယ် မထင်မိပါဘူး။

တနေ့ သူ့ကိုကျမ ကျောင်းကပြန်ကြိုလာတော့ သူက ကျမကိုမေးပါတယ် “ဘိုးတော်ဘုရား ဘယ်တုန်းက လေးဘက်ထောက် တာလဲ” တဲ့၊ ရုတ်တရက်တော့ ကျမအံသြသွားတယ်။ ဘာကြောင့်မေးတာလဲ ပြန်စဉ်းစားနေရတာပေါ့။ နောက်ကိုယ်သိပ်နားမလည်တော့ သူ့ ကိုသေချာပြန်မေးရတယ်။ “သား ဘာဖြစ်လို့လဲ၊ မေမေ့ကိုပြောစမ်း” ဆိုတော့မှ “ဈေးသည်က သားကိုပြောတာ မေမေရဲ့” တဲ့ နောက် တော့မှ ရှင်းသွားတယ်။ သူက ကျမရဲ့အကြွေစေ့တွေ ယူသွားပြီး သူလိုချင်တဲ့ အရုပ်ကိုသွာဝယ်တာ၊ ဈေးသည်က ဒီပိုက်ဆံက သုံးမရ ဘူး ဘိုးတော်ဘုရား လေးဘက်ထောက်တုန်းက ပိုက်ဆံလို့ ပြောလိုက်လို့၊ သူကမေးတာ။ သူနဲ့ ၅ မိနစ်လောက် စကားပြောကြည့်ပြီး မှ သူ့ရဲ့အဖြစ်ကို သိရတယ်။ ကျမလည်း ငိုးအားထက်ရယ်အားသန် ဆိုသလိုပဲ သူ့ကိုလူကြီးမသိအောင် ပိုက်ဆံမယူရဘူးလို့ ဆုံးမဖို့ ထက် အရင်ဆုံးရယ်လို့သာ နေလိုက်မိပါတယ်။

ဒီလိုနဲ့ ၂ဝဝ၉ ခုနှစ်ရောက်တော့ ကျမတို့မိသားစု မဲဆောက်ကိုရောက်လာပါတယ်။ မဲဆောက်မှာ သူကျောင်းစတက်တော့ သူ့ကိုမုန့် ဘိုး ၁ဝ ဘတ်ပေးလိုက်ပါတယ်၊ ဒီတော့သူက မကျေမနပ်နဲ့မေးပါတယ်၊ “မေမေ…၁ဝ နဲ့ ၂ဝဝ နဲ့ ဘယ်ဟာပိုများလဲ” တဲ့၊ ကျမက ၂ဝဝ ပိုများတယ်လို့ ဖြေလိုက်ပါတယ်။ သူ့ကို ရန်ကုန်မှာတုန်းက တနေ့ကို ၂ဝဝ ပေးတာကိုး၊ ဒါနဲ့သူကပြောပါတယ်။ “သားကို ရန်ကုန်မှာ တုန်းက တနေ့ကို မုန်ပဘိုး ၂ဝဝ ပေးပြီး အခုမှဘာလို့ ၁ဝ ဘတ်ပဲပေးတာလဲ” တဲ့။ ကျမ သေချာရှင်းပြရပါတယ်။ ၁ဝ ဘတ်က မြန်မာ ငွေ ၂ဝဝ ထက်ပိုများတဲ့အကြောင်းကိုပေါ့၊ ဒါပေမယ့် သူမကျေလည်ရှာပါဘူး၊ ကျမကိုပြောတယ်။ “မေမေ သား ၁ဝ ဘတ် မယူချင်ဘူး ၂ဝဝ ပဲပေးပါ” တဲ့လေ။

ကျမသားကတော့ ငွေတန်ဖိုးကို နားမလည်ရှာဘူးကိုး။ သူနားလည်တဲ့ အရွယ်ရောက်ရင်တော့ မြန်မာငွေရဲ့တန်ဘိုးနဲ့ ဇင်ဘာဘွေက ငွေတန်ဖိုးများ တူညီနေခဲ့ရင်တော့…

ခင်ငြိမ်းသစ်
Thursday, February 04, 2010
မူရင်း ။ ။ နေ့သစ်



Photo by: http://web.me.com/juggle5/Art/Welcome.html