Monday, February 8, 2010

ဥပဒေ၏ အထက်တွင် ရောက်နေသူများ


၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင် တရားစီရင်ရေး စနစ် ခေတ်အမီဆုံး နိုင်ငံ ဖြစ်သည်ကို စစ်အုပ်ချုပ်ရေး လက်အောက် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသော မြန်မာနိုင်ငံသား အများစုက သတိပြုမိခြင်း မရှိတော့ပါ။

အုပ်ချုပ်ရေးပိုင်းက စိန်ခေါ်မှုကို တရားရုံးများက ကြောက်စရာမလိုခဲ့ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အခြေခံဥပဒေကို “အလယ်အလတ် အတွေးအခေါ်၊ အဘက်ဘက်က သုံးသပ်ဆင်ခြင်သည့် စိတ်ထား” ဖြင့် အဓိပ္ပာယ် ဖွင့်ဆိုသင့်သည်ဟု ဗဟိုတရားရုံးက ကြေညာခဲ့ဖူးပါသည်။

ရန်ကုန်အစိုးရကို လက်နက်ကိုင် ပုန်ကန်မှုများ ၁၉၄၀ ပြည့်လွန် နှောင်းပိုင်းကာလတွင် ဖြစ်ပွားချိန်တွင်ပင် မည်သူတဦးတယောက်ကိုမျှ တရားမ၀င် ဖမ်းဆီး ထိန်းသိမ်းခြင်း မပြုရဟု ဗဟို တရားရုံးက ရဲတပ်ဖွဲ့ကို အမိန့် ထုတ်ခဲ့သည်။

တရားရေးစနစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်ခဲ့ရာမှ လက်ရှိကာလတွင် စစ်တပ်ကို အကာအကွယ်ပေးနေသည့် အဆင့်သို့ လျောကျသွားမှုသည် ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းအပြီး တရားသူကြီးချုပ် ဦးမြင့်သိန်းကို ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်သည် ၀န်ကြီးချုပ်ဟောင်းဦးနုကို ပေးသော ပြစ်ဒဏ်ထက်ပင် ပို၍ များနေသည်။

၁၉၇၄ အခြေခံဥပဒေကို ရေးဆွဲစဉ်က ဦးနေ၀င်းသည် အစိုးရနှင့် တရားရေးမဏ္ဍိုင်အကြား ခြားထားသည့် ကျန်ရှိနေသော စည်းမျဉ်းများကို ဖျက်သိမ်းခဲ့သည်။ ဦးနေ၀င်းသည် ပြည်သူ့တရားသူကြီးကောင်စီကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီဝင်များဖြင့် ဖွဲ့စည်းခဲ့ပြီး ဗဟိုတရားရုံး၏ နေရာတွင် အစားထိုးခဲ့သည်။ တရားရုံးများက မြန်မာပြည်သူများ၏ အခွင့်အရေးကို အကာအကွယ်ပေးရေးထက် ဆိုရှယ်လစ်စနစ်ကို အကာကွယ်ပေးရန် ထိုအခြေခံဥပဒေတွင် ရေးဆွဲထားသည်။

၁၉၈၈ ခုနှစ်တွင် စစ်တပ်က ဗဟိုတရားရုံးကို ပြန်လည် အသက်သွင်းခဲ့သော်လည်း တရားသူကြီးများသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အကျိုးကိုသာ ထမ်းရွက်ပြီး စစ်တပ်က ညွှန်ကြားသည့်အတိုင်း ဆောင်ရွက်နေရသည်ဟု Human Rights Watch အမည်ရှိ လူ့အခွင့်အရေးအဖွဲ့က ဆိုသည်။

လွန်ခဲ့သည့်နွေရာသီက ဒေါ်အောင်ဆန်းစုကြည်၏အမှုကို စစ်ဆေးစဉ် တရားသူကြီးများက တရားခံပြသက်သေများကို ငြင်းပယ်ခဲ့ကြောင်းကို လေ့လာစောင့်ကြည့်နေသည့် တကမ္ဘာလုံးက တွေ့ရှိခဲ့သည်။

တရားသူကြီးများသည် နိုင်ငံရေးလှုပ်ရှားသူများကို တရားစီရင်ရာတွင် စစ်ထောက်လှမ်းရေး၏အမိန့်ကို နာခံကြပြီး ဒီမိုကရေစီရေး လှုပ်ရှားသူ ၃၀၀ ခန့်ကို လွန်ခဲ့သည့် နိုဝင်ဘာလက အင်းစိန်ထောင်ထဲတွင် တရား စီရင်ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။ စီးပွားရေးဆိုင်ရာ တရားစစ်ဆေးမှုများတွင်လည်း တရားသူကြီးများက ငွေများ ငွေနိုင် နည်းလမ်းဖြင့် စီရင်နေကြသည်မှာ လူသိ ထင်ရှားဖြစ်သည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေသည် ခြစားနေသော မြန်မာနိုင်ငံ တရားရေးစနစ်ကို သိသိသာသာ တိုးတက် ကောင်းမွန်လာစေမည် မဟုတ်ပါ။ ထိုအခြေခံဥပဒေက တရားစီရင်ရေးသည် “ဖြစ်နိုင်သမျှ၊ အတတ်နိုင်ဆုံး” အစိုးရနှင့် ကင်းလွတ်စွာ ရှိစေရမည်ဟု ဆိုထားသည်။ ထို့အပြင် ရာဇ၀တ်မှုများ၊ “လွဲမှားစွာဆောင်ရွက်မှု” ဟု သုံးစွဲထားသော တိတိကျကျ ဖော်ပြမထားသည့် ပြစ်မှုများ၊ “တာဝန်များကို ထိရောက်စွာ ထမ်းဆောင်မှု မပြုနိုင်ခြင်း” တို့အတွက် သမ္မတက ဖြစ်စေ၊ လွှတ်တော်က ဖြစ်စေ တရားသူကြီးများကို အရေးယူရန် ခွင့်ပြုထားသည်။

ထို့အပြင် တရားသူကြီးများကို ထိုသို့အရေးယူဆောင်ရွက်မည်ဆိုပါက လွှတ်တော်တရပ်ရပ်၏ ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၏ ထောက်ခံမှု လိုအပ်သည်ဟု အခြေခံဥပဒေက ဆိုထားသည်။ ထို့ကြောင့် စစ်တပ်၏အစီအစဉ်များကို တရားသူကြီးများက သဘော မတူခဲ့လျှင် လွှတ်တော်အတွင်းရှိ စစ်တပ် ကိုယ်စားလှယ် အုပ်စုတခုတည်းနှင့် တရားသူကြီးများကို ခြိမ်းခြောက် အရေးယူနိုင်ပါသည်။

အခြေခံဥပဒေပါ ပြဌာန်းချက်များကို ဘာသာပြန်ဆိုရန်၊ အခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်များကို အဆုံးအဖြတ်ပေးရန်အတွက် အခြေခံဥပဒေဆိုင်ရာတရားရုံးဟူ၍ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွင် ဖန်တီးထားသည်။ ထို တရားရုံးအသစ်သည်လည်း တခြားသော တရားရုံးများကဲ့သို့ပင် လွတ်လပ်မှု ရှိမည် မဟုတ်ပါ။

သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများက အချိုးအစားဖြင့် ခန့်အပ်ထားသော အခြေခံဥပဒေဆိုင်ရာတရားရုံး၏ တရားသူကြီး ၉ ဦးသည် ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ သက်တမ်းစေ့၍ ပြန်လည်ခန့်အပ်ခြင်း ခံလိုသည့် တရားသူကြီးများသည် စစ်တပ်၏ဆန္ဒကို လိုက်လျောရပါလိမ့်မည်။

လှည့်စားထားသည့် နောက်ထပ် အချက်တခုမှာ သမ္မတနှင့် လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ အပါအ၀င် အစိုးရ အရာရှိကြီးများက အခြေခံဥပဒေ၏ အစိတ်အပိုင်း တခုခုကို စီရင် ဆုံးဖြတ်ပေးရန် အခြေခံဥပဒေတရားရုံးကို တိုက်ရိုက် တောင်းဆိုနိုင်ခြင်းဖြစ်သည်။

အခြေခံဥပဒေဆိုင်ရာတရားရုံးတခု အဘယ်ကြောင့် လိုအပ်သည်ကို အမျိုးသားညီလာခံက ပြည်သူများကို မည်သည့် အခါကမျှ ရှင်းလင်း ပြောဆိုခဲ့ခြင်း မရှိပါ။ စစ်မှန်သည့် နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း ထိုကဲ့သို့သော တရားရုံးများသည် ဒီမိုကရေစီ ထွန်းကားရေးကို အခိုင်အမာ ဆောင်ရွက်သွားနိုင်ပါသည်။

ဥပမာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များအတွင်း တောင်အာဖရိကနိုင်ငံ၏ အသားအရောင်ခွဲခြင်းရေးမှ အသွင်ပြောင်းကာလ အတောအတွင်း လူနည်းစုများ ဖြစ်သည့် တောင်အာဖရိက နိုင်ငံသား လူဖြူများ၊ ဇူးလူးလူမျိုးများအပေါ် တရားမျှတစွာ ဆက်ဆံရေးကို အာမခံချက်ပေးရန်အတွက် အားကောင်းသည့် အခြေခံဥပဒေဆိုင်ရာ တရားရုံးတခု ထူထောင်ရန် အာဖရိကန် အမျိုးသား ကွန်ဂရက်က သဘောတူခဲ့သည်။

သို့ရာတွင် အတိုက်အခံများနှင့် တိုင်းရင်းသား လူနည်းစုများကို နှိပ်ကွပ်နေသော မြန်မာ့နိုင်ငံရေးတွင် အခြေခံဥပဒေဆိုင်ရာ တရားရုံးသည် ဒီမိုကရေစီထွန်းကားရေးကို အာမခံသည့် လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေးရန် အာမခံသည့် တရားရုံးတခု မဖြစ်နိုင်ပါ။

ဗြိတိသျှကိုလိုနီခေတ်မှသည် ပါလီမန်ဒီမိုကရေစီခေတ်ကို ဖြတ်သန်းပြီး ဆိုရှယ်လစ်နှင့် စစ်အုပ်ချုပ်ရေး လက်အောက်ရောက်ခဲ့သည့် မြန်မာနိုင်ငံတွင် ခေတ်မမီတော့သည့် တခုနှင့် တခု ဆန်ကျင့်မှု ဖြစ်နေသည့် ဥပဒေ အများအပြား တိုးပွားလာခဲ့သည်။ ထိုဥပဒေများအားလုံးသည် ၂၀၀၈ အခြေခံဥပဒေနှင့် ကိုက်ညီမှု မရှိနိုင်ပါ။

အခြားဒီမိုကရေစီနိုင်ငံများသည် ခေတ်မမီတော့သည့် ဥပဒေများ၏ အသုံးဝင်မှုကို ဆုံးဖြတ်ရာတွင် တရားဥပဒေစနစ်တခုလုံးကို ပြန်လည် ဆန်းစစ်မှု လုပ်သည်ထက် တရားရုံးများကို အားကိုးအားထားပြုခြင်းက ပိုမို အဆင်ပြေပါသည်။ ဥပမာ သမ္မတ ဆူဟာတို လက်ထက်တွင် အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် လွှတ်တော်က ပြဌာန်းခဲ့သော ဥပဒေများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် ဟောင်းနွမ်းနေသော ဥပဒေများကို ဖယ်ရှားရန် အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးများကို တည်ထောင်ခဲ့သည်။ ထိုနည်းတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ နောက်ပိုင်း အခြေခံဥပဒေတရားရုံး ၏အခန်းကဏ္ဍသည် အခြေခံဥပဒေအသစ်နှင့် ဆန့်ကျင်နေသော ဥပဒေ အဟောင်းများကို ဖယ်ရှားရေးတွင် ပါဝင်ရမည် ဖြစ်သည်။

ရွေးကောက်ပွဲပြီး နောက်ပိုင်းတွင် အခြေခံဥပဒေ တရားရုံးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအုပ်စုများအကြား ဖြစ်ပေါ်လာမည့် ပြဿနာရပ်များကိုလည်း အဆုံးအဖြတ် ပေးပါလိမ့်မည်။ ၂၀၀၈ အခြေခံဥပဒေသည် သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ထဲရှိ စစ်တပ်ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များတွင် အာဏာဗဟိုချက်များကို ဖြန့်ခွဲထားပါသည်။

မြန်မာ့တပ်မတော်၏ အဆင့်မြင့် ဗိုလ်ချုပ်များသည် သြဇာအာဏာနှင့် ဦးစီးဦးဆောင်နေရာ ရရှိရေးအတွက် ပြိုင်ဆိုင်နေကြသည်ကို သိရှိရသည့် အတိုင်း အကယ်၍ ထိုအာဏာဗဟိုချက် အားလုံးကို တပ်မတော်၏ မဟာမိတ်များက ထိန်းချုပ်ခဲ့လျှင်ပင် အခြေခံဥပဒေအသစ်အပေါ် သဘောထား ကွဲပြားမှုများ ရှိလာနိုင်သည်။

ခေါင်းဆောင်မှုပိုင်းတွင် အကွဲအပြဲ ဖြစ်သည်ထက် ထိုခေါင်းဆောင်များသည် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို အခြေခံဥပဒေတရားရုံးသို့ လွဲအပ်နိုင်သည်။ ဤသို့ဖြင့် ထိုအငြင်းပွားမှုများ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ပြီး စည်းလုံး ညီညွတ်မှုကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် ဗဟိုအစိုးရက ဒေသဆိုင်ရာ အာဏာပိုင်များနှင့် တိုက်ရိုက် ကြီးကြပ် အုပ်ချုပ်ရ ခက်ခဲသော တိုင်းရင်းသား လူနည်းစုများကို ထိန်းချုပ်ရာတွင် မြန်မာနိုင်ငံ၏ အခြေခံဥပဒေတရားရုံးက အကူအညီ ပေးပါလိမ့်မည်။ ဥပမာ အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဘေဂျင်းမြို့တော်နှင့် အလှမ်းဝေးသော ပြည်နယ်များ၏ အစိုးရများကို အနီးကပ် စောင့်ကြည့်ရန် အစိုးရတွင် အရင်းအမြစ်များ မရှိသည့်အတွက် နိုင်ငံတော်၏ ဥပဒေများကို ချိုးဖောက်သည့် ဒေသခံ အရာရှိများအား တရားရုံးများတွင် တရားစွဲဆိုသည့် နိုင်ငံသားများကို အားကိုးအားထား ပြုကြသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားမျိုးစုံ နေထိုင်ကြသည်ကို ထည့်သွင်းစဉ်းစားလျှင် ဖယ်ဒရယ်အုပ်ချုပ်ရေး ပုံစံတခုသည် ရှောင်လွဲ၍ မရသောအချက် ဖြစ်သည်။ အမှန်တကယ်တွင် အခြေခံဥပဒေအသစ်သည် ပုံသဏ္ဌာန်အားဖြင့် ဖယ်ဒရယ် စနစ်ကို တည်ထောင်ထားခြင်း ဖြစ်သည်။ ပြည်နယ်နှင့် ဒေသဆိုင်ရာ လွှတ်တော်များသည် ဒေသ ကုန်သွယ်ရေး၊ စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို ပြဌာန်းနိုင်ခွင့် ရှိပါသည်။

အခြားတဘက်တွင် ဖယ်ဒရယ်စနစ်အယူအဆသည် အမျိုးသားစည်းလုံးမှု ပြိုကွဲမှုဆီသို့ ဦးတည်လိမ့်မည်ဟု စစ်တပ်က စိုးရိမ်ပြီး လက်မခံနိုင်ဖွယ်အရာအဖြစ် ယူဆထားသည်။ ထို့ကြောင့် ဗဟိုအစိုးရက ထိန်းချုပ်ထားသော အခြေခံဥပဒေ တရားရုံးသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လွှတ်တော်များ အတည်ပြုလိုက်သော ဥပဒေ တခုခုက ဗဟိုအစိုးရ သို့မဟုတ် စစ်တပ်၏ အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်ဖြစ်နေလျှင် ပယ်ဖျက်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ တရားရေးစနစ်သည် အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးများကို တက်တက်ကြွကြွ အကာအကွယ် ပေးခဲ့ရာမှ စစ်တပ်လူတန်းစားတစုကို အကာအကွယ်ပေးသော ရာဘာတံဆိပ်တုံးတခု အဖြစ်သို့ ပြောင်းလဲ ပျက်စီးသွားသည်မှာ ကြာခဲ့ပြီ ဖြစ်ပါသည်။

စစ်တပ်က အခြေခံဥပဒေဆိုင်ရာ တရားရုံးကို သြဇာလွှမ်းမိုးနိုင်စေရန် အမျိုးသားညီလာခံတွင် ပုံဖော်ခဲ့သည်။ ထိုတရားရုံးသည် မြန်မာနိုင်ငံ၏ ဟောင်းနွမ်းနေသော ဥပဒေများကို ပြန်လည် ပြင်ဆင်ခြင်း၊ နိုင်ငံရေးသမားများအကြား အငြင်းပွားမှုများကို ဖြေရှင်းခြင်း၊ အင်အား ကောင်းကောင်းဖြင့် ပေါ်ပေါက်လာမည့် ဖယ်ဒရယ်ဝါဒကို တားဆီးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ဖွယ်ရှိပါသည်။

အတိုချုပ်အားဖြင့် မြန်မာနိုင်ငံကို “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” နိုင်ငံအဖြစ် ရှိနေစေရန် အခြေခံဥပဒေ တရားရုံးသည် “နောက်ကွယ်ကကြိုးကိုင်မည့်လက်” တခုအဖြစ် လုပ်ဆောင်ပါလိမ့်မည်။

အာနိုကော်ဆိုသည် အရှေ့တောင် အာရှနိုင်ငံများရှိ လူ့အခွင့်အရေး အဖွဲ့အစည်း များအတွက် ဆောင်ရွက် ပေးနေသော ဥပဒေ ပညာရှင်တဦး ဖြစ်သည်။
မူရင်း ။ ။ http://www.irrawaddy.org/bur/index.php/special/2009-10-12-04-13-58/2561-2010-02-08-08-59-24

A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင် ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား

မြန်မာနိုင်ငံတ၀ှမ်း ယခု ဖေဖော်ဝါရီလအတွင်း A (H1N1) တုပ်ကွေး လူနာသစ် (၁၂) ဦး ထပ်မံတွေ့ရှိရကြောင်း ကျန်းမာရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ကျေးရွာတခုတွင် (၄) ဦးနှင့် ရန်ကုန်မြို့ မြောက်ဒဂုံတွင် (၈) ဦး စုစုပေါင်း (၁၂) ဦး ယခု (၁) လ အတွင်း တွေ့ရှိရခြင်းဖြစ်သည်။ A (H1N1) တုပ်ကွေးကို အများစုက ၀က်တုပ်ကွေးဟု အသိများသော်လည်း စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ကမ္ဘာ့လူတုပ်ကွေးကူးစက်ရောဂါဟု အမည်ပေးထားသည်။

ရန်ကုန်မြို့တွင် အဆိုပါ A (H1N1) တုပ်ကွေး ဖြစ်ပွားသည့် ကလေးငယ်များမှာ ဒဂုံမြို့သစ်မြောက်ပိုင်း၊ (၄၃) ရပ်ကွက်မှ ကျောင်းသားငယ်လေးများ ဖြစ်ကြကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကြောင့် ရပ်ကွက်အတွင်းရှိ အမှတ် (၂၃) မူလတန်းကျောင်းကို ယာယီပိတ်ထားသည်ဟု အဆိုပါရပ်ကွက်နေ ကျောင်းသားမိဘတို့က ပြောသည်။

“အဲဒီအိမ်က ချင်းကလေးလေးတွေကို စုပြီးထားထားတာ။ အခုရပ်ကွက်ထဲက အိမ်တွေက ကလေးတွေကို အိမ်ပြင် မထွက်ခိုင်း ကြတော့ဘူး၊ ကူးမှာစိုးလို့။ ကျောင်းလည်းပိတ်ထားတယ်။ လူကြီးတွေလည်း ကူးမှာစိုးနေရတယ်။ ဖြစ်တဲ့ အိမ်ကိုတော့ ရယကနဲ့ ရဲ စောင့်နေတယ်။ အဲဒီအိမ်ကလူတွေ အပြင်မထွက်အောင်ပါ” ဟု အဆိုပါရပ်ကွက်တွင်း နေထိုင်သူ ကျောင်းဆရာဟောင်းတဦးက ပြောပြသည်။

ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် သက်ဆိုင်ရာက အဆိုပါရပ်ကွက်အတွင်းရှိ ကမ္ဘာ့လူတုပ်ကွေး ကူးစက်ခံထားရသည်ဟု သံသယရှိသော ချင်းတိုင်းရင်းသား ကလေးငယ်များနေထိုင်ရာ ပညာတန်ဆောင် (၃) လမ်းရှိ ဘော်ဒါဆောင်သို့ ရောက်ရှိလာပြီး သံသယရှိသူ ကလေးငယ်အချို့ကို ခေါ်ဆောင်သွားခဲ့သည်ဟု ရပ်ကွက်အတွင်းနေထိုင်သူတို့၏ ပြောကြားချက်အရ သိရသည်။

“ကလေးတွေကို ဘယ်လိုကူးလည်းမသိဘူး။ နိုင်ငံခြားကပြန်လာတဲ့ ချင်း (တိုင်းရင်းသား) တယောက်ဆီက ကူးတယ်လို့တော့ ပြောနေကြတာပဲ။ ဘယ်လိုလဲတော့ သေသေချာချာမသိကြပါဘူး” ဟု ရပ်ကွက်နေပြည်သူတဦးက ဆိုသည်။

ထို့နောက် ဖေဖော်ဝါရီ (၇) ရက် ညနေပိုင်းတွင်လည်း ရပ်ကွက်အတွင်း အခြားအိမ်မှ ကလေးငယ်အချို့ကို ထပ်မံခေါ်ဆောင်သွားရာ ယခုအခါ ကလေးငယ် (၂၀) ခန့် ဆေးရုံတွင် ရောက်ရှိနေပြီဖြစ်ကြောင်း မျက်မြင်သက်သေအချို့က ဆိုသည်။

ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ အဆိုပါရပ်ကွက်ရှိ ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါကူးစက်ခံရသည်ဟု သံသယရှိသူ ကျောင်းသားကလေးငယ်များကို စစ်ဆေးခဲ့ရာ ကလေးငယ် (၈) ဦးတွင် A (H1N1) ရောဂါပိုး တွေ့ရှိခဲ့သည်ဟု ဖေဖော်ဝါရီ (၈) ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ဖော်ပြသည်။ ယင်းလူနာများကို မြောက်ဥက္ကလာ၊ ဝေဘာဂီအထူးကုဆေးရုံတွင် ထားရှိသည်ဟုလည်း ဖော်ပြထားသည်။ ရောဂါပိုး မည်သို့ကူးစက်ခံရသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း ကျေးရွာမှ ချင်းတိုင်းရင်းသား (၄) ဦးနှင့်ပတ်သက်၍ ကုသမှုအခြေအနေကို သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဝက်တုပ်ကွေးရောဂါ ကုသရေးအတွက် ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီ ကူးစက်ဆေးရုံတို့တွင် ဓာတ်ခွဲခန်းတပ်ဆင်ပြီး ပြင်ဆင်ထားသော်လည်း နယ်မြို့များတွင် ပြင်ဆင်မှုမရှိဟု သိရသည်။

ယမန်နှစ် A (H1N1) တုပ်ကွေး ကူးစက်လူနာအများစုမှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်သော်လည်း ယခု ဒေသခံများတွင် ဖြစ်ပွားနေခြင်းကို တွေ့ရခြင်းဖြစ်ကြောင်း ကျန်မာရေးဝန်ထမ်းများက ဆိုသည်။

“ဒီရောဂါ ဖြစ်စတုန်းက ပြည်ပက ပြန်လာတဲ့သူတွေမှာ ဖြစ်တာကို တွေ့တာ။ အခုဟာက ထူးဆန်းတယ်၊ ဒေသခံတွေမှာ ဖြစ်လာတာဖြစ်တယ်။ ဒါကြောင့် သေချာစောင့်ကြည့်နေတယ်။ မြို့နယ်ကျန်းမာရေးဌာနတွေကို ထူးခြားတာနဲ့ သတင်းပို့ဖို့ ညွှန်ကြားထားတယ်” ဟု စစ်ကိုင်းတိုင်းမြို့နယ် ဆရာဝန်ကြီးတဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလမှစပြီး ကျန်းမာရေးဝန်ကြီးဌာနက ကြက်ငှက်တုပ်ကွေးနှင့် A (H1N1) ကမ္ဘာ့လူတုပ်ကွေးရောဂါ တိုက်ဖျက်ရေး၊ ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဆရာဖြစ်သင်တန်းကို အထွေထွေရောဂါကု ဆရာဝန် (၃၁) ဦးအား ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကူအညီဖြင့် သင်တန်းပေးထားသည်ဟု သိရသည်။


မူရင်း ။ ။ NEJ/ ၈ ဖေဖော်ဝါရီ ၂ဝ၁ဝ

ပင်လုံမှတ်တမ်း



သမိုင်းဆိုသည်မှာ ကမ္ဘာတည်သရွေ့ ပျောက်ပျက်ကောင်းသည့် အရာမဟုတ်သကဲ့သို့ မေ့အပ်ကောင်း သည့် ကိစ္စမဟုတ်ပေရာ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းဖြစ်ရပ်၊ သမိုင်းအထောက်အထားတို့ မပျောက်ပျက်ရေး မှာ ထိုနိုင်ငံတွင်းနေထိုင်သော နိုင်ငံသားနှင့် အစိုးရတို့၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပေသည် ။ သို့ကြောင့် မြန်မာနိုင်ငံသမိုင်းတွင် မှတ်တိုင်တစ်ခုဖြစ်ခဲ့သော ပြည်ထောင်စုနေ့ (သို့မဟုတ်) ပင်လုံစာချုပ်နှင့် ပတ်သက်သမျှ သမိုင်းတစ်ကွေ့ ဖြစ်ရပ်များကို လက်လှမ်းမှီသမျှ စုစည်းပြီး အမျိုးသားရေးတာဝန်တစ်ရပ် အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ ပါဝင်ဖြည့်ဆည်းအပ်ပါသည်။
ပင်လုံမျိုးစေ့
၁၉၄၆ခုနစ် ဇန်န၀ါရီလတွင် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ( ဖ. ဆ . ပ . လ ) က ဦးစီးသော မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးညီလာခံတစ်ရပ်ကို ရွှေတိဂုံစေတီတော်ကြီးတွင် ကျင်းပခဲ့သည်။
ယင်းညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသော အနာဂတ်မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအစီအစဉ်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။ ယင်းအပြင်အဆိုပါ ညီလာခံတွင် နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးဟူသော ဆုံးဖြစ်ချက်ကို အဆိုပါညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ‘ ၇ ‘ တွင် အတည်ပြုထည့်သွင်းနိုင်ခဲ့သည်။
ထိုစဉ်က မြန်မာနိုင်ငံအပေါ် အင်္ဂလိပ်တို့ အုပ်ချုပ်သည့်စနစ်ကို ပြန်လည်သုံးသပ်ကြည့်လျှင် မြန်မာပြည်မ ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထားသည့် ၁၉၃၅ ခုနစ် မြန်မာပြည်အုပ်ချုပ်ရေး ဥပဒေပါ စည်းကမ်းများနှင့် အကျုံးမ၀င်ကြောင်း သတ်မှတ်ထားသည်။
နယ်ခြားဒေသများဖြစ်သည့် ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသအချို့ ၊ သံလွင်ခရိုင်နှင့် တောင်တန်းဒေသ ရှိတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများကို နိုင်ငံရေးအသိဥာဏ် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိ သေးဆိုသည့် အကြောင်းပြချက်ဖြင့် ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ခဲ့သည်။
တောင်တန်းနှင့် ပြည်မ နိုင်ငံဆက်သွယ်မှုမပြုနိုင်စေရန်အတွက် နယ်ခြားဒေသဖြတ်သန်းသွားလာမှု ထိန်းချုပ်ရေးဥပဒေ ( The Frontier Crossing Act )ကို ထုတ်ပြန်ထားပြီး ယင်းဥပဒေအရ ဖမ်းစီးခြင်း၊ နယ်နှင်ဒဏ်ပေးခြင်းတို့ ပြုလုပ်နိင်သောအာဏာကို ရယူထားသည်။
စက္ကူဖြူစာတမ်းအရ တောင်တန်းနှင့်ပြည်မပေါင်းစည်းရေးအတွက် ယင်းဒေသမှ ပြည်သူများ၏ နိုင်ငံရေးအသိရရှိမည့်အချိန်တိုင်အောင် ဘုရင်ခံအုပ်ချုပ်မှုအောက်တွင်ထားမည်ဖြစ်သည်။
သို့သော် ရွှေတိဂုံညီလာခံကြီးတွင် ရှမ်းတိုင်းရင်းသားများဖြစ်သော ဦးတင်အေး ၊ ဦးထွန်းမြင့်၊ ဦးစံဖေ စသော ရှမ်းအမျိုးသားများ တတ်ရောက်လာပြီး ဦးဖေခင်ကတောင်တန်းဒေသများနှင့် မြန်မာပြည်မပူးပေါင်းရေးအ ဆိုကို တင်သွင်းခဲ့ရာ ညီလာခံက တခဲနက်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ညီလာခံအပြီးတွင် ရှမ်းအမျိုးသား ဦးတင်အေးနှင့်အဖွဲ့ကရှမ်းပြည်အနာဂတ်အရေးအတွက် ဖ. ဆ .ပ .လ အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ရာ ယင်းမှာနောင်တွင် သမိုင်းမှတ်တိုင်ဖြစ်လာမည့်ပင်လုံစာချု့ ပ် လတ်မှတ်ရေးထိုးနိုင် ရေးကနဦးခြေလှမ်းဖြစ်ခဲ့သည်။
ပင်လုံအစည်းအဂေး
၁၉၄၅ခုနှစ်လည်လောက်တွင် မိုင်းပွန်စော်ဘွားကြိးစပ်စံထွန်း၏ မဟာဒေ၀ီအသုဘအခမ်းအနားသို့ တက် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ စော်ဘွားကြီးများက စုဝေးပြီး ဆွေးနွေးကြရင်း အနာဂတ်နိုင်ငံရေး အတွက် ဆွေးနွေးနိုင်ရန် နည်းလမ်းရှာရာမှ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ရှမ်းပြည် လက်မှုပညာပြပွဲ ကျင်းပ ရန် ဆုံးဖြတ် လိုက်ကြသည်။
အခြေအနေအချိန်အခါအရ ရှမ်းပြည်လက်က်မှုပညာပြပွဲဟု အမည်တပ်ထားသော်လည်း ယင်းပြပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဂဠုန်ဦးစော စသည့်နိုင်ငံရးခေါင်းဆောင်များနှင့် တောင်တန်းဒေသများဖြစ်သော ကချင် ၊
ချင်း၊ ကရင်နီ (ကယား) တို့ကိုလည်းဖိတ်ခေါ်ထားရာ နိုင်ငံရေးအသွင်ဆောင်နေသည်ကို တွေ့နိုင်သည်။
ယင်းပထမအကြိမ် ပင်လုံအစည်းအဝေးကို အရးကြီးသည့် ရခိုင်ခရီးစဉ် ရှိနေသောသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်မတက်ရောက်နိုင်ဘဲ ကိုယ်စားအဖြစ် ဦးနုခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဦးနုက ရှမ်း-ဗမာချစ်ကြည်ရေး သမိုင်းကိုလည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံ အကြောင်းကိုလည်းကောင်း ဟောပြောခဲ့သည်။
ယင်းသို့ဖြင့် ပထမအကြိမ် ပင်လုံညီလာခံကျင်းပရာတွင် တစ်ဦးနှင့် တစ်ဦးရင်းနှီးနားလည်မှုများ ရတန် သရွေ့ရခဲ့သောကြောင့် နောင်နှစ်တွင်လည်း အလားတူတွေ့ဆုံဆွေးနွေးကြရန် ဆုံးဖြတ်ခကြသည်။
ထိုသို့ဆုံးဖြတ်စဉ်တွင် ဒုတိယပင်လုံညီလာခံကို သမိုင်းတွင်မည့် ပင်လုံစာချုပ်ချုပ်ဆိုရလောက်အောင် ကြီးကျယ်သွားလိမ့်မည်ဟု မည်သူမျှမှန်းဆထားဖြင်းမရှိသော်လည်း နိုင်ငံရေးအရ အရေးပါသော ညီလာခံကြီး တစ်ရပ်ဖြစ်ခဲ့သည်။
ပင်လုံဆီသို့
၁၉၄၆ ခုနစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရေးနှင့် ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် အက်တလီက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗြိတိန်နိုင်ငံသို့ ဖိတ်ခေါ်သည်။
ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် လန်ဒန်သွားပြီး ၀န်ကြီးချုပ်အက်တလီ ခေါင်းဆောင်သော ဗြိတိန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးကြသည်။
ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနှင့် ပြည်မပူးပေါင်းလျက် ပြည်ထောင်စုပုံသဏ္ဍာန် လုံးဝလွတ်လပ်ရေး ပေးရန် တောင်းဆိုသည်။
ယင်းသို့နှစ်ဖက်ဆွေးနွေးနေချိန်တွင် ရှမ်ပြည်ကို ကိုယ်စားမပြု ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးးသာ ဖြစ်သည် ဟူသော ကြေးနန်းရောက်လာရာ စာချုပ်ချုပ်ဆိုနိုင်ေ၇း အခက်တွေ့နေသည်။
သို့သော် နှစ်ရက်အကြာတွင် ဗိုလ်ချုက်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုကြောင်း၊ တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ၊တောင်ကြီးမြို့တွင် ကျင်းပသော လူထုအစည်းအဝေးကြီးက တစ်ခဲနက်ထောက်ခံ ဆုံးဖြတ်ကြောင်းရေးသားထားသော ကြေးနန်းတစ်ဆောင်ထပ်ရောက်ရှိလာရာ ဆွေးနွေးပွဲအဆင်ပြေချောမွေ့သွား ပြီး မြန်မာလွတ်လပ်ရေးအတွက် အရေးပါသော အောင်ဆန်းအက်တလီစာချုပ်ကို ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက် နေ့တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
ယင်းစာချုပ်တွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါတွင် တောင်တန်းဒေသများကိုပါ တစ်ပါ တည်းထည့်သွင်းပေးရေးနှင့် ပက်သက်ပြီး တောင်တန်းဒေသနေပြည်သူမျာ သဘောထားကို လေ့လာရန် ကျင်းပရန် လျာထားသည့် ပင်လုံဆွေးနွေးပွဲတွင်ဖြစ်စေ ၊ သီးခြားခေါ်ယူသော အစည်းအဝေးတွင် ဖြစ်စေ လေ့လာရန်ဟူသော အချက်တစ်ချက်ပါဝင်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ယင်းကိစ္စကို ပူပူနွေးနွေးဆောင်ရွက်ရန် ကျင်းပရန်ရှိသည့် ဒုတိယပင်လုံ ညီလာခံကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။
ပင်လုံစာချုပ်
၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဇံဝေတို့ ခေါင်းဆောင်သော အဖွဲ့ ပင်လုံသို့ စတင်ထွက်ခွာသွားကြသည်။
ပင်လုံညီလာခံကြီးကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ၊ ချင်းဝိသေသတိုင်း ၊ကရင်နှင့် ကရင်နီ (ကယား) တို့ တက်ရောက်ကြသော်လည်း ဦးဆောင်ဆွေးနွေးသူများမှာ ရှမ်းနှင့် ကချင် တို့သာဖြစ်သည်။
တောင်တန်းသားများ ညီညွတ်ရေးကောင်စီအမည်ဖြင့် တောင်းဆိုချက်များပါသော စာတမ်းရှည်တစ်စောင် ကိုတင်သွင်းခဲ့သည်။
ယင်းတောင်းဆိုခက်များကြောင့် ဆွေးနွေးညှိနှိုင်းမှု ပျက်စီးမည့် အခြေအနေတိုင်ရောက်ရှိခဲ့သော်လည်း ဗိုလ်ချုပ် ပြန်ရန်လေယာဉ်မှာလိုက်ပြီ ဆိုသော သတင်းပျံ့သွားသဖြင့် ကျောင်းသားများနှင့် မြို့နယ်အဖွဲ့အစည်း များက လွတ်လပ်ရေးချက်ချင်းပေး ၊ ရှမ်း - ဗမာပူးပေါင်းပါ စသည့် ကြွေးကြော်မှုများဖြင့် ဆူပူမှုများပေါ်ပေါက် လာရာမှ နှစ်ဖက်အလျှော့အတင်းများဖြင့် ညှိနှိုင်းသည့် အဆင့်ကို ပြန်လည်ရောက်ရှိခဲ့သည်။
ယင်းသို့ဖြင့် ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက - ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်ပြီး “ခင်ဗျားတို့က ပြည်ထောင်စုဖွဲ့ဖို့မူအရ တောင်သဘောမတူရသေးခင် ခွဲထွက်ရေးစကားပြောတာတော့ မကောင်းပါဘူးဗျာ” ဟု ရယ်မောပြောဆိုခဲ့သည်။
ယင်းသို့ဖြင့် ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၁၂ ရက်န့ နံနက် ၁၁ နာရီတွင်မြန်မာ့သမိုင်း-ပြည်ထောင်စုနေ့ အဖြစ်အသိအမှတ်ပြုခဲ့သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

(ကျော်ဆန်းမင်း)
မှီငြမ်း - ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ၊ ရွှေတိဂုံညီလာခံပင်လုံစာချုပ်၏မျိုးစေ့မြန်မာနိုင်ငံ(၅၈-၆၂)နှင့်
အခြားစာတမ်းအချို့

(၉၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကဗျာစာအုပ်ထုတ်မည်

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏(၉၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် မကျွတ်သေးတဲ့တစ္ဆေ အမည်ရှိ ကဗျာစာအုပ်ကို ပြည်ပရောက် ဘလော့ဂါ လူငယ်ကဗျာဆရာတစ်ဦးက ထုတ်ဝေမည်။

စစ်အစိုးရလက်ထက် ပျောက်ဆုံးလုနီးပါးဖြစ်နေသည့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အား မျိုးဆက်သစ်လူငယ်များ အမှတ်ရစေရန်ရည်ရွယ်၍ မကျွတ်သေးတဲ့တစ္ဆေ ကဗျာစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်သည်ဟု ကဗျာဆရာ ကောင်းကင်ကိုက ယခုလိုပြောသည်။

လူတွေက Valentine နေ့(ချစ်သူများနေ့)ကိုကျတော့ သတိရပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေး နေ့ကိုကျတော့ မေ့နေတာများတယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ မွေး နေ့မှာ ထုတ်မယ်။

စာအုပ်တွင် ကဏ္ဍအလိုက် အပိုင်း(၁၀)ပိုင်းခွဲ၍ ဖော်ပြထားကာ အပိုင်း(၁)၌ အိမ်မက်ထဲက ခေါင်းဆောင် အမည် ရှိကဗျာအား ဦးစွာဖော်ပြထားပြီး ကဗျာခေါင်းစဉ် နှင့်ပတ်သက်၍ ယခုလို ဆက်ပြောသည်။

အပြင်လောကမှာခေါင်းဆောင်တွေက ရှိတော့ရှိတယ်ပေါ့နော်။ သူ့လိုမျိုးအဖက်ဖက်က ပြည့်စုံတဲ့ ခေါင်းဆောင်၊ အနစ်နာခံတဲ့ခေါင်းဆောင်က ဒီခေတ်မှာ ရှားသွားပြီးတော့ လူထု ထောက်ခံတဲ့ခေါင်း ဆောင်က အိမ်မက်ထဲမှာပဲ ရှိတော့တယ်ပေါ့။ ရှိတော့ရှိတယ်ပေါ့။ သူ့လိုခေါင်းဆောင်မျိုးက တအား ရှားတယ်။ ကျနော်တို့နိုင်ငံ အတွက်တော့ အတုမရှိဘူးပေါ့။ အဲတာကြောင့်မို့လို့ အိမ်မက်ထဲကခေါင်း ဆောင်လို့ ပေးလိုက်တာ။ ဟု ၎င်းကပြောသည်။

စာအုပ်ခေါင်းစဉ်ကို မကျွတ်သေးတဲ့တစ္ဆေဟု အမည်ပေးထားသော်လည်း ထိုကဗျာအား ထည့်သွင်း ထားခြင်းမ ရှိပါ။ ကဗျာ၏အဓိပ္ပါယ်နှင့်ပတ်သက်၍ ၎င်းကယခုလိုဆက်ပြော သည်။

အဲဒီရေးထားတဲ့ ကဗျာရဲ့ အဓိပ္ပါယ်က ကျနော်တို့အားလုံးက မြန်မာနိုင်ငံထဲကနေ အခြေအနေ အရပ် ရပ်ကြောင့် အဝေးကိုထွက်သွားတဲ့သူလည်း ထွက်သွားကြတယ်ပေါ့။ ဒါပေမယ့် ကိုယ့်ရဲ့စိတ်ကတော့ မြန်မာနိုင်ငံကိုကောင်းစေချင်တဲ့စိတ်၊ မြန်မာနိုင်ငံအတွက် ပူပန်တဲ့စိတ်တွေရှိနေတဲ့အတွက်ကြောင့် မ ကျွတ်သေးတဲ့တစ္ဆေ တစ်ကောင်နဲ့တင်စားပြီး ရေးထားတာပေါ့။

စင်္ကာပူ၊ မလေးရှား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် အဓိကထား ဖြန့်ချိရန်ရည်ရွယ်ထားပြီး ထိုင်းနိုင်ငံ၌ ဘန်ကောက်၊ ချင်းမိုင်နှင့် မဲဆောက်ဒေသများသို့ စာပို့ခအပါအ၀င် တစ်အုပ်လျှင် ထိုင်းဘတ်ငွေ ၁၂၀ ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စတင်ဖြန့်ချိမည်။

စာအုပ်သည်အေဖိုးစာရွက် ထက်ဝက်အရွယ်ရှိ၍ စာမျက်နှာ ၁၅၄ မျက်နှာပါရှိပြီး နိုင်ငံရေး၊ အချစ်ရေး၊ လူငယ်နှင့် တက္ကသိုလ်စသည့် ကဏ္ဍမျိုးစုံပါဝင်သည့် ကဗျာ ၅၅ ပုဒ်ရေးသားထား ပြီး အုပ်ရေ ၁၀၀၀ ထုတ်ဝေ မည်ဖြစ် သည်။

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၁၀ ခုနှစ်။