Monday, February 8, 2010
ပင်လုံမှတ်တမ်း
သမိုင်းဆိုသည်မှာ ကမ္ဘာတည်သရွေ့ ပျောက်ပျက်ကောင်းသည့် အရာမဟုတ်သကဲ့သို့ မေ့အပ်ကောင်း သည့် ကိစ္စမဟုတ်ပေရာ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းဖြစ်ရပ်၊ သမိုင်းအထောက်အထားတို့ မပျောက်ပျက်ရေး မှာ ထိုနိုင်ငံတွင်းနေထိုင်သော နိုင်ငံသားနှင့် အစိုးရတို့၏ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပေသည် ။ သို့ကြောင့် မြန်မာနိုင်ငံသမိုင်းတွင် မှတ်တိုင်တစ်ခုဖြစ်ခဲ့သော ပြည်ထောင်စုနေ့ (သို့မဟုတ်) ပင်လုံစာချုပ်နှင့် ပတ်သက်သမျှ သမိုင်းတစ်ကွေ့ ဖြစ်ရပ်များကို လက်လှမ်းမှီသမျှ စုစည်းပြီး အမျိုးသားရေးတာဝန်တစ်ရပ် အုတ်တစ်ချပ်၊ သဲတစ်ပွင့်မျှ ပါဝင်ဖြည့်ဆည်းအပ်ပါသည်။
ပင်လုံမျိုးစေ့
၁၉၄၆ခုနစ် ဇန်န၀ါရီလတွင် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ ( ဖ. ဆ . ပ . လ ) က ဦးစီးသော မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးညီလာခံတစ်ရပ်ကို ရွှေတိဂုံစေတီတော်ကြီးတွင် ကျင်းပခဲ့သည်။
ယင်းညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသော အနာဂတ်မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအစီအစဉ်များကို လက်မခံကြောင်း ပြောကြားခဲ့သည်။ ယင်းအပြင်အဆိုပါ ညီလာခံတွင် နယ်ခြားဒေသများအား မြန်မာပြည်မနှင့် ပေါင်းစည်းရေးဟူသော ဆုံးဖြစ်ချက်ကို အဆိုပါညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် ‘ ၇ ‘ တွင် အတည်ပြုထည့်သွင်းနိုင်ခဲ့သည်။
ထိုစဉ်က မြန်မာနိုင်ငံအပေါ် အင်္ဂလိပ်တို့ အုပ်ချုပ်သည့်စနစ်ကို ပြန်လည်သုံးသပ်ကြည့်လျှင် မြန်မာပြည်မ ကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးထားသည့် ၁၉၃၅ ခုနစ် မြန်မာပြည်အုပ်ချုပ်ရေး ဥပဒေပါ စည်းကမ်းများနှင့် အကျုံးမ၀င်ကြောင်း သတ်မှတ်ထားသည်။
နယ်ခြားဒေသများဖြစ်သည့် ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသအချို့ ၊ သံလွင်ခရိုင်နှင့် တောင်တန်းဒေသ ရှိတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသများကို နိုင်ငံရေးအသိဥာဏ် ဖွံ့ဖြိုးတိုးတက်ခြင်းမရှိ သေးဆိုသည့် အကြောင်းပြချက်ဖြင့် ဘုရင်ခံကတိုက်ရိုက်အုပ်ချုပ်ခဲ့သည်။
တောင်တန်းနှင့် ပြည်မ နိုင်ငံဆက်သွယ်မှုမပြုနိုင်စေရန်အတွက် နယ်ခြားဒေသဖြတ်သန်းသွားလာမှု ထိန်းချုပ်ရေးဥပဒေ ( The Frontier Crossing Act )ကို ထုတ်ပြန်ထားပြီး ယင်းဥပဒေအရ ဖမ်းစီးခြင်း၊ နယ်နှင်ဒဏ်ပေးခြင်းတို့ ပြုလုပ်နိင်သောအာဏာကို ရယူထားသည်။
စက္ကူဖြူစာတမ်းအရ တောင်တန်းနှင့်ပြည်မပေါင်းစည်းရေးအတွက် ယင်းဒေသမှ ပြည်သူများ၏ နိုင်ငံရေးအသိရရှိမည့်အချိန်တိုင်အောင် ဘုရင်ခံအုပ်ချုပ်မှုအောက်တွင်ထားမည်ဖြစ်သည်။
သို့သော် ရွှေတိဂုံညီလာခံကြီးတွင် ရှမ်းတိုင်းရင်းသားများဖြစ်သော ဦးတင်အေး ၊ ဦးထွန်းမြင့်၊ ဦးစံဖေ စသော ရှမ်းအမျိုးသားများ တတ်ရောက်လာပြီး ဦးဖေခင်ကတောင်တန်းဒေသများနှင့် မြန်မာပြည်မပူးပေါင်းရေးအ ဆိုကို တင်သွင်းခဲ့ရာ ညီလာခံက တခဲနက်အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
ညီလာခံအပြီးတွင် ရှမ်းအမျိုးသား ဦးတင်အေးနှင့်အဖွဲ့ကရှမ်းပြည်အနာဂတ်အရေးအတွက် ဖ. ဆ .ပ .လ အဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ရာ ယင်းမှာနောင်တွင် သမိုင်းမှတ်တိုင်ဖြစ်လာမည့်ပင်လုံစာချု့ ပ် လတ်မှတ်ရေးထိုးနိုင် ရေးကနဦးခြေလှမ်းဖြစ်ခဲ့သည်။
ပင်လုံအစည်းအဂေး
၁၉၄၅ခုနှစ်လည်လောက်တွင် မိုင်းပွန်စော်ဘွားကြိးစပ်စံထွန်း၏ မဟာဒေ၀ီအသုဘအခမ်းအနားသို့ တက် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ စော်ဘွားကြီးများက စုဝေးပြီး ဆွေးနွေးကြရင်း အနာဂတ်နိုင်ငံရေး အတွက် ဆွေးနွေးနိုင်ရန် နည်းလမ်းရှာရာမှ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ရှမ်းပြည် လက်မှုပညာပြပွဲ ကျင်းပ ရန် ဆုံးဖြတ် လိုက်ကြသည်။
အခြေအနေအချိန်အခါအရ ရှမ်းပြည်လက်က်မှုပညာပြပွဲဟု အမည်တပ်ထားသော်လည်း ယင်းပြပွဲသို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဂဠုန်ဦးစော စသည့်နိုင်ငံရးခေါင်းဆောင်များနှင့် တောင်တန်းဒေသများဖြစ်သော ကချင် ၊
ချင်း၊ ကရင်နီ (ကယား) တို့ကိုလည်းဖိတ်ခေါ်ထားရာ နိုင်ငံရေးအသွင်ဆောင်နေသည်ကို တွေ့နိုင်သည်။
ယင်းပထမအကြိမ် ပင်လုံအစည်းအဝေးကို အရးကြီးသည့် ရခိုင်ခရီးစဉ် ရှိနေသောသောကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်မတက်ရောက်နိုင်ဘဲ ကိုယ်စားအဖြစ် ဦးနုခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဦးနုက ရှမ်း-ဗမာချစ်ကြည်ရေး သမိုင်းကိုလည်းကောင်း၊ ဂဠုန်ဦးစောက ဒိုမီနီယံ အကြောင်းကိုလည်းကောင်း ဟောပြောခဲ့သည်။
ယင်းသို့ဖြင့် ပထမအကြိမ် ပင်လုံညီလာခံကျင်းပရာတွင် တစ်ဦးနှင့် တစ်ဦးရင်းနှီးနားလည်မှုများ ရတန် သရွေ့ရခဲ့သောကြောင့် နောင်နှစ်တွင်လည်း အလားတူတွေ့ဆုံဆွေးနွေးကြရန် ဆုံးဖြတ်ခကြသည်။
ထိုသို့ဆုံးဖြတ်စဉ်တွင် ဒုတိယပင်လုံညီလာခံကို သမိုင်းတွင်မည့် ပင်လုံစာချုပ်ချုပ်ဆိုရလောက်အောင် ကြီးကျယ်သွားလိမ့်မည်ဟု မည်သူမျှမှန်းဆထားဖြင်းမရှိသော်လည်း နိုင်ငံရေးအရ အရေးပါသော ညီလာခံကြီး တစ်ရပ်ဖြစ်ခဲ့သည်။
ပင်လုံဆီသို့
၁၉၄၆ ခုနစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရေးနှင့် ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ် အက်တလီက မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗြိတိန်နိုင်ငံသို့ ဖိတ်ခေါ်သည်။
ယင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် လန်ဒန်သွားပြီး ၀န်ကြီးချုပ်အက်တလီ ခေါင်းဆောင်သော ဗြိတိန်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးကြသည်။
ဗိုလ်ချုပ်အောင်ဆန်းက တောင်တန်းနှင့် ပြည်မပူးပေါင်းလျက် ပြည်ထောင်စုပုံသဏ္ဍာန် လုံးဝလွတ်လပ်ရေး ပေးရန် တောင်းဆိုသည်။
ယင်းသို့နှစ်ဖက်ဆွေးနွေးနေချိန်တွင် ရှမ်ပြည်ကို ကိုယ်စားမပြု ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးးသာ ဖြစ်သည် ဟူသော ကြေးနန်းရောက်လာရာ စာချုပ်ချုပ်ဆိုနိုင်ေ၇း အခက်တွေ့နေသည်။
သို့သော် နှစ်ရက်အကြာတွင် ဗိုလ်ချုက်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသ အားလုံးကို ကိုယ်စားပြုကြောင်း၊ တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ၊တောင်ကြီးမြို့တွင် ကျင်းပသော လူထုအစည်းအဝေးကြီးက တစ်ခဲနက်ထောက်ခံ ဆုံးဖြတ်ကြောင်းရေးသားထားသော ကြေးနန်းတစ်ဆောင်ထပ်ရောက်ရှိလာရာ ဆွေးနွေးပွဲအဆင်ပြေချောမွေ့သွား ပြီး မြန်မာလွတ်လပ်ရေးအတွက် အရေးပါသော အောင်ဆန်းအက်တလီစာချုပ်ကို ၁၉၄၇ ဇန်န၀ါရီလ ၂၇ ရက် နေ့တွင် လက်မှတ်ရေးထိုး နိုင်ခဲ့သည်။
ယင်းစာချုပ်တွင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးသည့်အခါတွင် တောင်တန်းဒေသများကိုပါ တစ်ပါ တည်းထည့်သွင်းပေးရေးနှင့် ပက်သက်ပြီး တောင်တန်းဒေသနေပြည်သူမျာ သဘောထားကို လေ့လာရန် ကျင်းပရန် လျာထားသည့် ပင်လုံဆွေးနွေးပွဲတွင်ဖြစ်စေ ၊ သီးခြားခေါ်ယူသော အစည်းအဝေးတွင် ဖြစ်စေ လေ့လာရန်ဟူသော အချက်တစ်ချက်ပါဝင်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ယင်းကိစ္စကို ပူပူနွေးနွေးဆောင်ရွက်ရန် ကျင်းပရန်ရှိသည့် ဒုတိယပင်လုံ ညီလာခံကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။
ပင်လုံစာချုပ်
၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဇံဝေတို့ ခေါင်းဆောင်သော အဖွဲ့ ပင်လုံသို့ စတင်ထွက်ခွာသွားကြသည်။
ပင်လုံညီလာခံကြီးကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ၊ ချင်းဝိသေသတိုင်း ၊ကရင်နှင့် ကရင်နီ (ကယား) တို့ တက်ရောက်ကြသော်လည်း ဦးဆောင်ဆွေးနွေးသူများမှာ ရှမ်းနှင့် ကချင် တို့သာဖြစ်သည်။
တောင်တန်းသားများ ညီညွတ်ရေးကောင်စီအမည်ဖြင့် တောင်းဆိုချက်များပါသော စာတမ်းရှည်တစ်စောင် ကိုတင်သွင်းခဲ့သည်။
ယင်းတောင်းဆိုခက်များကြောင့် ဆွေးနွေးညှိနှိုင်းမှု ပျက်စီးမည့် အခြေအနေတိုင်ရောက်ရှိခဲ့သော်လည်း ဗိုလ်ချုပ် ပြန်ရန်လေယာဉ်မှာလိုက်ပြီ ဆိုသော သတင်းပျံ့သွားသဖြင့် ကျောင်းသားများနှင့် မြို့နယ်အဖွဲ့အစည်း များက လွတ်လပ်ရေးချက်ချင်းပေး ၊ ရှမ်း - ဗမာပူးပေါင်းပါ စသည့် ကြွေးကြော်မှုများဖြင့် ဆူပူမှုများပေါ်ပေါက် လာရာမှ နှစ်ဖက်အလျှော့အတင်းများဖြင့် ညှိနှိုင်းသည့် အဆင့်ကို ပြန်လည်ရောက်ရှိခဲ့သည်။
ယင်းသို့ဖြင့် ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက - ခွဲထွက်ရေးကိစ္စနှင့် ပတ်သက်ပြီး “ခင်ဗျားတို့က ပြည်ထောင်စုဖွဲ့ဖို့မူအရ တောင်သဘောမတူရသေးခင် ခွဲထွက်ရေးစကားပြောတာတော့ မကောင်းပါဘူးဗျာ” ဟု ရယ်မောပြောဆိုခဲ့သည်။
ယင်းသို့ဖြင့် ၁၉၄၇ ခုနစ် ဖေဖော်ဝါရီလ ၁၂ ရက်န့ နံနက် ၁၁ နာရီတွင်မြန်မာ့သမိုင်း-ပြည်ထောင်စုနေ့ အဖြစ်အသိအမှတ်ပြုခဲ့သော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
(ကျော်ဆန်းမင်း)
မှီငြမ်း - ဦးဖေခင်၏ ကိုယ်တွေ့ပင်လုံ၊ ရွှေတိဂုံညီလာခံပင်လုံစာချုပ်၏မျိုးစေ့မြန်မာနိုင်ငံ(၅၈-၆၂)နှင့်
အခြားစာတမ်းအချို့
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment