Thursday, April 1, 2010

မြန်မာ့ရွေးကောက်ပွဲရလဒ် အငြင်းပွားနိုင်ဟု အင်ဒိုနီးရှား ပြော

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မပါဝင်လျှင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရလဒ်သည် အငြင်းပွားဖွယ် ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးသစ် မာတီ နာတလီဂါဝါ Marty Natalegawa မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ထုတ်ဖော်ပြောဆိုကြောင်း ဂျကာတာပို့စ် သတင်းစာတွင် ရေးသားထားသည်။

“လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ (နိုင်ငံခြားရေး ဝန်ကြီးများ) အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှာပါ။ ဒေါ်အောင်ဆန်းစုကြည် မပါဝင်ရင် ရွေးကောက်ပွဲရလဒ်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာမှာပါ” ဟု   အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ တဲကူးဖိုင်ဇာယား Teuku Faizasyah က ပြောကြားကြောင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင် အင်ဒိုနီးရှားသည် မြန်မာစစ်အစိုးရအား ပွင့်လင်းစွာ ဝေဖန်လေ့ရှိသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး၊ ပြီးခဲ့သည့်နှစ် သြဂုတ်လအတွင်း စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့စဉ်ကလည်း တရားမျှမှု မရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

Teuku Faizasyah က ယခုခရီးစဉ်သည် နိုင်ငံခြားရေးဝန်ကြီးသစ်၏ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်သည့် ခရီးစဉ်သာဖြစ်ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲအတွက် အဓိကထားခြင်း မဟုတ်ကြောင်း ပြောသည်။

စစ်အစိုးရ ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသဖြင့် နိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံ မတင်ရန်ကိုပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဆုံးဖြတ်ပြီးဖြစ်သည်။

စင်္ကာပူနိုင်ငံကလည်း စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများကြောင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ပိုမိုခက်ခဲသွားစေပြီး လာမည့်ရွေးကောက်ပွဲတွင်လည်း NLD နှင့် အခြားအတိုက်အခံများလည်း ပါဝင်နိုင်ရမည်ဖြစ်ကြောင်း ယမန်နေ့က ပြောသည်။

ယခုလ ၆ ရက်မှ ၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပမည့် ASEAN ဆွေးနွေးပွဲတွင် မြန်မာ့ရွေးကောက်ပွဲအကြောင်းသည် အဓိက ဆွေးနွေးမည့် အကြောင်းအရာတခု ဖြစ်လာဖွယ်ရှိသည်။  ASEAN တွင် မြန်မာ၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင်သည်။

နိုင်ငံရေးလေ့လာသူများကမူ ASEAN အနေဖြင့် အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟုဆိုသည့် မူဝါဒကြောင့် မြန်မာ့အရေးတွင် ထဲထဲဝင်ဝင်ဖြင့် ဦးဆောင်ဖြေရှင်းရန်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

အင်န်အယ်ဒီ ရှေ့ဆက်ရမည့် နိုင်ငံရေးခရီး


ဘီဘီစီအင်တာဗျုး (ဦးဉာဏ်ဝင်း)
၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးတော့ အာဏာလွဲပြောင်းပေးခြင်းကို မရခဲ့တဲ့ NLD ပါတီဟာ အခု ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီအဖြစ်လည်း မှတ်ပုံတင်မတင်သလို၊ ရွေးကောက်ပွဲလည်း ဝင်မှာမဟုတ်ဘူး ဆိုတဲ့ သမိုင်းဝင်တဲ့ ဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၂ ရက်က ချမှတ်ခဲ့ပါတယ်။ အဲဒီတော့ NLD ပါတီအနေနဲ့ NLD ပါတီဆိုတဲ့ နာမည်အောက်မှာ ဆက်ပြီးတော့နိုင်ငံရေးလုပ်ဖို့အတွက် အခက်အခဲတွေ တွေ့လာရနိုင်ပါတယ်။ ဒီတော့ NLD ပါတီက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေ ရှေ့မှာလျှောက်လှမ်းကြမယ့် နိုင်ငံရေးအရ လမ်းကြောင်းက ဘာလဲဆိုတာကို NLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးရာမှာတော့ …


ဦးဉာဏ်ဝင်း ။ ။ NLD က လက်ရှိဆောင်ရွက်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စကို နဂိုအတိုင်းပဲ ဆက်သွားမယ်၊ ဆက်လုပ်မယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကုန်လုံးတစပ်တဆက်တည်း၊ ဒီလုပ်ငန်းတွေ အားလုံးဟာ နိုင်ငံရေးအလုပ်တွေပဲ။ တခုပဲရှိတယ်၊ အခုနပြောတဲ့ NLD ဆိုတဲ့ အမည်ကိုသုံးစွဲခွင့်မရှိတဲ့ဟာမျိုး ကြုံနိုင်ပါတယ်။ သုံးစွဲခွင့် မရှိရင်လည်း နိုင်ငံရေးလှုပ်ရှားမှုက ဆက်လက်ဆောင်ရွက်သွားမယ်လို့ အကြမ်းဖျဉ်း ပြောလို့ရတယ်။ အသေးစိတ်အားဖြင့် ဘယ်ကိစ္စ ဘယ်လိုလုပ်မယ်ဆိုတာမျိုးနဲ့ ပတ်သက်ရင်တော့ ကျနော်အနေနဲ့ အခုအချိန်မှာ မပြောနိုင်ပါဘူး။ အဖွဲ့ချုပ်က နောက် သုံးသပ် ဆုံးဖြတ်ပြီးတဲ့အခါမှ ပြောလို့ရမယ့်ကိစ္စတွေပါ။


ဘီဘီစီ ။ ။ အဖွဲ့ကြီးတခုအနေနဲ့ပဲ ဆက်သွားမှာလား ဒါမှမဟုတ် အဖွဲ့လေးတွေခွဲပြီးတော့ အခြားပုံစံမျိုးနဲ့ ဆက်သွားမှာလား။
ဦးဉာဏ်ဝင်း ။ ။ အဲဒီလို အခြေအနေမျိုးက ရောက်ချင်လည်း ရောက်လာမှာပေါ့နော်၊ အခုလက်ရှိအားဖြင့် NLD ဟာ အပေါ်မှာ CEC, CC နောက် တိုင်းနဲ့ပြည်နယ်၊ မြို့နယ် ဒီလို အပေါ်အောက်အဆင့် သွားတာကိုး။ အကယ်၍ NLD သာ ဟိုဒင်းဖြစ်ခဲ့မယ်ဆိုရင် ဒီအဆင့်အတိုင်းမဟုတ်တော့ ဆက်ဆံမှု Communication လိုင်းတွေဟာ အသစ် ဖြစ်ပါလိမ့်မယ်။ လောလောဆယ် အသစ်ဖြစ်လာမယ့် Communication လိုင်းတွေနဲ့ပတ်သက်ရင်တော့ အခုအချိန် မပြောနိုင်သေးပါဘူး။

ဘီဘီစီ ။ ။ NLD ပါတီရဲ့ဆုံးဖြတ်ချက်က ပါတီအဖြစ်မှတ်ပုံ မတင်ဘူး၊ ရွေးကောက်ပွဲကို မဝင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါပေမယ့် တချို့ဒီမိုကရေစီရေးလိုလားတယ်လို့ပြောတဲ့ ပါတီတွေရှိပါတယ်။ သူတို့က ရွေးကောက်ပွဲနည်းလမ်းပဲရှိတယ်လို့ ပြောပါတယ်။ အဲဒီကနေဆက်ပြီးတော့ ဒီမိုကရေစီကို ချဲ့မယ်လို့ ပြောကြပါတယ်။ ဆိုတော့ အဲဒီလို ပါတီတွေပေါ်မှာကော NLD ရဲ့သဘောထားက ဘယ်လိုရှိသွားပါသလဲခင်ဗျ။

ဦးဉာဏ်ဝင်း ။ ။ NLD က အဲဒီလိုပါတီတွေအတွက် ကျနော်တို့ သူတို့ရဲ့သဘောထားကို မဝေဖန်လိုဘူး။ ဒါ သူတို့မှာ အခွင့်အရေးရှိပါတယ်။ ဒါပေမယ့် တခုတော့ပြောချင်ပါတယ်။ NLD က ဒီလိုဆုံးဖြတ်ရတာဟာ နဝတ၊ နအဖ ကျင်းပတဲ့ ရွေးကောက်ပွဲအနိုင်ရပြီးသား ပါတီတခုအနေနဲ့ ဒါကိုထည့်သွင်းစဉ်းစားပြီး အခုလိုဆုံးဖြတ်တာလို့ ပြောချင်ပါတယ်။ သူတို့ကို ကျနော်တို့ မဝေဖန်ပါဘူး။
ဒါကတော့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းပါ။
မတ်လ ၃၁ ရက်၊ ၂၀၁၀ ပြည့်နှစ် ဘီဘီစီ (ညပိုင်း) အစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။
ရင်းမြစ်။ ။မိုးမခ

ပါတီနဲ့ နိုင်ငံရေး ဘာကိုရွေးကြမှာလဲ

နအဖက ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၆-ဂ) အရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမယ့် ပါတီဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မည် ဖြစ်ကြောင်း ၀န်ခံဖော်ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဥပဒေရဲ့ အခန်း (၃) မှာ အဆိုပါ ၀န်ခံချက်ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိစေရလို့လည်း အတိအလင်း ပြဋ္ဌာန်းထားပါတယ်။

ဒီပြဋ္ဌာန်းချက်တွေဟာ တရားဝင် တည်ရှိနေတဲ့ အန်အယ်လ်ဒီပါတီကို အဓိကဦးတည်ပြီး နိုင်ငံရေးထိုးစစ်ဆင်လိုက်ခြင်း ဖြစ်ပါတယ်။ ဒီပြဋ္ဌာန်းချက်တွေရဲ့ လက်တွေ့အဓိပ္ပာယ်က လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အန်အယ်လ်ဒီပါတီအနေနဲ့ နအဖရဲ့ ၂၀၀၈ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်လို့ နိုင်ငံရေးအရ ၀န်ခံဖြောင့်ချက်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးအရ ၀န်ခံချက်မပေးရင် အန်အယ်လ်ဒီဟာ တရားဝင်ပါတီအဖြစ်က ရပ်စဲခံရမယ်လို့ ခြိမ်းခြောက် စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပါတီ တရားဝင်ရပ်တည်ခွင့် ရချင်ရင် ၂၀၀၈ အခြေခံဥပဒေ ရှေ့မှောက်မှာ နိုင်ငံရေးအရ ဒူးထောက် အညံ့ခံလိုက်ဖို့ နိုင်ငံရေးအရ ဖိအားပေး အကျပ်ကိုင်လိုက်တာဖြစ်ပါတယ်။

အမှန်တော့ အန်အယ်လ်ဒီပါတီဆိုတာ မိုးပေါ်က ကျလာတာမဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးအတွက် ရှစ်လေးလုံး လူထုအုံကြွမှုကြီးက မွေးထုတ်ပေးလိုက်တဲ့ ပါတီသာဖြစ်ပါတယ်။ ဒီလိုပါတီတရပ်အနေဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အာမခံချက် ဘာမှမရှိဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အသွင်အမျိုးမျိုးနဲ့ ဆက်လက်လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ စီမံလုပ်ကြံထားတဲ့ ၂၀၀၈ အခြေခံဥပဒေဆိုတာကို ဘယ်လိုမှ အသိအမှတ်ပြု လက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။

ဒါ့ကြောင့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရှေးရှုသောအားဖြင့် ဒီအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့ နအဖအဖွဲ့ထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းပြည်အကျိုးရှိရာရှိကြောင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တာကိုလည်း ကျောခိုင်းလျစ်လျူရှုထားခဲ့ပါတယ်။ ဒါဟာ နအဖအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းလိုတဲ့ သဘောထား ဘာမှမရှိကြောင်းကို ဗြောင်ကျကျ ဖော်ပြလိုက်တာပါပဲ။

အခုပိုဆိုးတာက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံရင် အန်အယ်လ်ဒီပါတီကို တရားဝင်ရပ်တည်ခွင့် မပေးဘူးလို့ နိုင်ငံရေးအရ စိန်ခေါ်လိုက်ခြင်းပါပဲ။ ဒီတော့ အန်အယ်လ်ဒီအနေဖြင့် ပါတီရပ်တည်ခွင့်ရရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ကြိတ်မှိတ် လက်ခံလိုက်မှာလား၊ ဒါမှမဟုတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အာမခံချက် မပေးနိုင်ရုံမက စစ်အာဏာရှင်စနစ်ကိုပါ အသက်ဆက်ပေးမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြင်းဆန်လက်မခံဘဲ ပါတီကို ဖျက်သိမ်းခံမှာလားဆိုတဲ့ နိုင်ငံရေးအရ သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ မေးခွန်းကြီး (၂) ခုကို ရင်ဆိုင်နေရပါတယ်။

တနည်းပြောရရင် ပါတီနဲ့ နိုင်ငံရေး ဘယ်ဟာရွေးမှာလဲဆိုတဲ့ မေးခွန်းပါပဲ။
- ပါတီရပ်တည်ခွင့်ကို အရယူရင် နိုင်ငံရေးသေမယ်၊
- နိုင်ငံရေးရပ်တည်မှုကို ဆုပ်ကိုင်ထားရင် ပါတီရပ်တည်ခွင့် ဆုံးရှုံးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒီနေရာမှာ ပါတီနဲ့ နိုင်ငံရေး ဘယ်ရပ်တည်မှုက အရေးကြီးဆုံးလဲဆိုတဲ့ မေးခွန်းကို အဖြေပေးကြရပါလိမ့်မယ်။ ဒီမေးခွန်းကို မှန်ကန်စွာ အဖြေပေးနိုင်ဖို့ ပါတီနဲ့ နိုင်ငံရေးတို့ရဲ့ ဆက်ဆံရေးသဘောကို အသေအချာ နားလည်သဘောပေါက်ကြဖို့ အရေးကြီးပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ပထမဆုံးပေါ်ပေါက်ခဲ့တဲ့ နိုင်ငံရေးပါတီဟာ ဂျီစီဘီအေအဖွဲ့ကြီးလို့ပဲ အသိအမှတ် ပြုကြရပါလိမ့်မယ်။ ဒီအဖွဲ့ကြီးကို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဗြိတိသျှကိုလိုနီ အစိုးရဆန့်ကျင်ရေး၊ မြန်မာ့လွတ်လပ်ရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။ ဂျီစီဘီအေ အဖွဲ့ကြီးရှိလာလို့ ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ လှုပ်ရှားမှုတွေ ရှိလာတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဗြိတိသျှကိုလိုနီတွေနဲ့ ပူးပေါင်းရေး၊ ဒိုင်အာခီအုပ်ချုပ်ရေးစနစ် လက်ခံရေး စတဲ့ နိုင်ငံရေးသဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာချိန်မှာ ဂျီစီဘီအေအဖွဲ့ကြီးလည်း ပြိုကွဲသွားခဲ့ရတာဖြစ်ပါတယ်။

ဒီလိုပါပဲ ၁၉၄၆ ခုနှစ်မှာ သခင်စိုးခေါင်းဆောင်တဲ့ အလံနီပါတီဆိုတာ ပေါ်ပေါက်လာခဲ့ရတာကလည်း ဗမာပြည်ကွန်မြူနစ်ပါတီနှင့် နိုင်ငံရေးသဘောထား၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေ မတူကွဲလွဲလာမှုကြောင့်သာ ဖြစ်ပါတယ်။ အလံနီပါတီဆိုတာ ပေါ်ပေါက်လာလို့ နိုင်ငံရေးသဘောထား ကွဲလွဲကြတာမဟုတ်ပါဘူး။ အဲဒီအချိန်က “သေရဲတာအလံနီ၊ တိုက်ရဲတာ အလံနီ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ပထမဆုံး လက်နက်ကိုင်တော်လှန်ရေး စလုပ်ခဲ့တာလည်း အလံနီပါတီပါပဲ။ ၇၀ ခုနှစ် နောက်ပိုင်းမှာ “လက်နက်ကိုင် သူပုန်ထမိတာ မှားပါပြီ” ဆိုတဲ့ နိုင်ငံရေးသဘောထား ပြောင်းလဲလာမှုနဲ့အတူ စစ်အစိုးရဆီမှာ တပါတီလုံး လက်နက်ချလိုက်ကြတဲ့အခါ အလံနီပါတီဆိုတာလည်း ပျောက်ကွယ်သွားတော့တာပါပဲ။

ဒါကြောင့် နိုင်ငံရေးပါတီတွေရဲ့ ပေါ်ပေါက်လာမှု၊ ရှင်သန်ရပ်တည်မှုနဲ့ ပျောက်ကွယ်သွားမှုဆိုတဲ့ နိုင်ငံရေးသံသရာဆိုတာ ဒီပါတီတွေအပေါ်မှာ တည်မှီနေတာမဟုတ်ဘဲ ၎င်းတို့ရဲ့ နိုင်ငံရေးသဘောထား၊ လမ်းစဉ်လုပ်ငန်းစဉ်တွေအပေါ်မှာသာ အဓိက မူတည်နေတာဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ပါတီရဲ့ အသက်ဝိညာဉ်ဖြစ်ပြီး၊ ပါတီဆိုတာ နိုင်ငံရေးရဲ့ ခန္ဓာအိမ်မျှသာဖြစ်ပါတယ်။ နိုင်ငံရေးဝိညာဉ်မရှိရင် ပါတီလည်း မရှင်သန်နိုင်ပါဘူး။ ပါတီမရှိပေမယ့် နိုင်ငံရေးဝိညာဉ်ကတော့ ဆက်လက်ရှင်သန်နိုင်စွမ်း ရှိပါတယ်။

တကယ်တော့ အန်အယ်လ်ဒီပါတီဆိုတာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး သဘောထားတွေနဲ့ ရှစ်လေးလုံးပြည်သူ့လှုပ်ရှားမှုကြီးက မွေးထုတ်ပေးလိုက်တဲ့ ပါတီတရပ်ပါ။ ဒါကြောင့်လည်း န၀တ၊ နအဖ စစ်အာဏာရှင် အဆက်ဆက်က အန်အယ်လ်ဒီပါတီကို ဖြိုခွဲဖို့၊ ချေမှုန်းပစ်ဖို့ တလျှောက်လုံး ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ပါတီဝင်တွေကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တာ ဒီနေ့အထိပါပဲ။ ပါတီဝင်တချို့ကို ခြိမ်းခြောက်မှုမျိုးစုံသုံးပြီး ထွက်အောင် ဖိအားပေးတာ၊ မက်လုံးအမျိုးမျိုးပေးပြီး ဖြိုခွဲဖို့ ကြိုးပမ်းခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။ ပါတီအဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆိုင်းဘုတ်တွေဖြုတ်၊ ရုံးတွေပိတ်၊ လှုပ်ရှားမှုတွေကို ကန့်သတ်ချုပ်ချယ် ခဲ့ကြတာလည်း နေရာအနှံ့ပါပဲ။

တကယ်တမ်းပြောကြမယ်ဆိုရင် အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးစိတ်ဓာတ်အရသာ ရှင်သန်တည်ရှိနေပြီး ပါတီတရပ်အဖြစ် ဖွဲ့စည်းရပ်တည်ခွင့် မရတော့တာ ဆယ်စုနှစ်တခုတောင် ကျော်ခဲ့ပါပြီ။ ၂၀၁၀ ခုနှစ်ထဲမှာ ဗဟိုကော်မတီ၊ တိုင်းစည်း၊ မြို့နယ်စည်းတွေ ပြန်လည်ဖွဲ့စည်းခွင့် ရတယ်ဆိုတာ လပိုင်းလောက်ပဲ ရှိပါသေးတယ်။ ဒီလို ပါတီဖွဲ့စည်းရပ်တည်မှုဆိုတာမျိုးက နအဖရဲ့ တချက်လွှတ်ဥပဒေအမိန့်အောက်မှာ အချိန်မရွေး ပြိုပျက်သွားနိုင်ပါတယ်။ ဒါပေမယ့် နအဖအဖွဲ့အနေနဲ့ ဘယ်လိုမှ ဖြိုခွဲဖျက်ဆီးလို့မရတာ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး၊ နိုင်ငံရေး စိတ်ဓာတ်တွေပါပဲ။

အခုလည်း နအဖက ရွေးကောက်ပွဲဥပဒေဆိုတာတွေနဲ့ အန်အယ်လ်ဒီပါတီကို ဖြိုခွဲဖျက်ဆီးဖို့ အကျပ်ကိုင်ကြိုးပမ်းနေပြန်ပါပြီ။ ဒီဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ အန်အယ်လ်ဒီဟာ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရယူမလား၊ ဒါမှမဟုတ် အဖျက်သိမ်းခံမလား ဆိုတာကို အရွေးချယ်ခိုင်းလိုက်တာပါပဲ။ နိုင်ငံရေးနဲ့ ပါတီ ဘယ်ဟာကိုရွေးပြီး ဘယ်ဟာကို စတေးမယ်လို့ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ပါတီရပ်တည်ခွင့်အတွက် နိုင်ငံရေးအရ လက်နက်ချဖို့ ကမ်းလှမ်းလိုက်ခြင်းပါပဲ။ တကယ်လို့ အန်အယ်လ်ဒီအနေနဲ့ သူ့ရဲ့ နိုင်ငံရေးကို စတေးလိုက်ရင် ပါတီဆိုတာလည်း ၀ိညာဉ်အနုတ်ခံလိုက်ရလို့ ဇီဝိန်ချုပ်သွားမှာ အသေအချာပါပဲ။ ဒီနေ့ တည်ရှိဆဲ တစညတို့လို ပါတီဆိုတာသာရှိပြီး နိုင်ငံရေးဝိညာဉ် ချုပ်ငြိမ်းနေတဲ့ ပါတီသေတွေနဲ့ တတန်းစားထဲ ဖြစ်သွားနိုင်ပါတယ်။ တမူးသားပဲရရ၊ တမတ်သားပဲရရ၊ စင်ထိုးပေးရင် တက်ကချင်နေတဲ့ နိုင်ငံရေးဇာတ်ပျက်တွေထက်တောင် အန်အယ်လ်ဒီပါတီက ပိုမိုအောက်တန်းကျ သွားနိုင်ပါတယ်။

ဒီလိုအနေအထားရောက်သွားပြီဆိုရင်တော့ အန်အယ်လ်ဒီပါတီကို ထောင်ထဲက ရဲဘော်တွေက သစ္စာဖောက်ပါတီအဖြစ် စွဲချက်တင်ပါလိမ့်မယ်။ ရှစ်လေးလုံးအရေးအခင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ ၀ိညာဉ်တွေက ကျိန်စာတိုက်ကြပါလိမ့်မယ်။ ပြည်သူတွေကလည်း တံတွေးနဲ့ ထွေးကာ ကျောခိုင်းသွားကြပါလိ့်မ်မယ်။

ခြုံပြောရရင် နအဖရဲ့ ရွေးကောက်ပွဲဥပဒေဆိုတာ အန်အယ်လ်ဒီပါတီကို အသေသတ်ပစ်ဖို့ ထောင်ချောက်အမျိုးမျိုးဆင်၊ ကျော့ကွင်းအမြောက်အမြား ဆင်ထားတဲ့ နိုင်ငံရေးသတ်ကွင်းပါ။ အန်အယ်လ်ဒီပါတီအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှတဲ့ နိုင်ငံရေး စမ်းသပ်ကွက်ကြီးလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ နအဖရဲ့ နိုင်ငံရေးသတ်ကွင်းထဲမှာ အရှင်ထွက်နှင့် အသေထွက် (၂) ချက်ပဲရှိလို့ပါ။ ပါတီရှင်ရင် နိုင်ငံရေးသေမယ်၊ နိုင်ငံရေးရှင်ရင် ပါတီသေမယ်။ တခြားရွေးချယ်စရာ မရှိတော့ပါဘူး။

ဒီတော့ နိုင်ငံရေးအရ အမြော်အမြင်ရှိစွာ အမြင်ကျယ်စွာ ရွေးချယ်ကြမယ်ဆိုရင် …
ပါတီရှင်သန်ခွင့်ရပြီး နိုင်ငံရေးအသေခံရမှာထက်စာရင် နိုင်ငံရေးရှင်သန်ခွင့်အတွက် ပါတီအစတေးခံရတာက ပိုမိုသင့်မြတ် မှန်ကန်ပါလိမ့်မယ်။ နိုင်ငံရေးရှိနေသမျှ ပါတီဝင်တွေ ရှိနေပါလိမ့်မယ်။ ပါတီဝင်တွေ ရှိနေသမျှ ပါတီဆိုတာလည်း ရှိနေမှာ အသေအချာပါပဲ။ ။

ကျော်ဗလ
  ရင်းမြစ်။ ။ခေတ်ပြိုင်

မြန်မာ့နိုင်ငံရေးနှင့် ဒေါ်အောင်ဆန်းစုကြည်



 လွန်ခဲ့သော (၄၈) နှစ်က ဗိုလ်နေ၀င်းခေါင်းဆောင်၍ စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ မြန်မာနိုင်ငံရေး၌ စစ်ခေါင်းဆောင်များကသာ အဆုံးအဖြတ်ပေးနေ၏။ အရပ်သားများသည် ဆုံးဖြတ်ချက်ချနိုင်သောအဆင့်ကို မရောက်နိုင်ကြပါ။ စစ်သားအရပ်သား ဆက်ဆံရေး၌ စစ်သားက အမြဲတမ်း အပေါ်စီးရနေ၏။ ဆိုရှယ်လစ်အရေခြုံ၍ တပါတီအာဏာရှင်အမည်ခံ စစ်အာဏာရှင်စနစ် ကျင့်သုံးရာတွင် ကွန်မြူနစ်လူထွက်နှင့် လက်ဝဲသမားများကို အခိုင်းခံလက်ပါးစေနေရာအချို့ကို ပေးခဲ့သည်။ စစ်တပ်နှင့် လက်တွဲလုပ်ကိုင်ပါက အရပ်သားသည် အခိုင်းအစေအဆင့်၌သာ လုပ်နိုင်သည်ကို မဆလပါတီဝင်ဟောင်းများ ကောင်းစွာသိကြ၏။ အန်အယ်လ်ဒီဗဟိုကော်မတီဝင် စစ်ဗိုလ်ဟောင်းများ ဤကိစ္စကို ကောင်းစွာသိကြသည်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” အမည်ခံသော စစ်အာဏာရှင်စနစ် (၂၆) နှစ် ကျင့်သုံးသည်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက လက်ခံပြီး ငွေကြေးထောက်ပံ့ခဲ့သည်။ ထိုခေတ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ ရှိခဲ့သည်။ ကျောင်းသားနှင့် အလုပ်သမားဆန္ဒပြပွဲများကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုများကို နိုင်ငံခြားမှ အပြင်းအထန်ကန့်ကွက် အရေးယူခြင်း မရှိခဲ့ပါ။ မဆလခေတ်၏ ဖိနှိပ်မှုများကို ပြည်ပရောက် မြန်မာအချို့က ဖော်ထုတ်ကြသော်လည်း ဗိုလ်နေ၀င်း၏ မဆလအုပ်စုသည် အင်္ဂလန်၌ အလှည့်ကျဆေးကု၍ ဇိမ်ခံနိုင်ကြ၏။

ပြည်တွင်း၌ မတရားလုပ်နေသော မဆလအစိုးရကို ပြည်ပကလက်မခံကြသဖြင့် မဆလစစ်ဗိုလ်များသည် မိမိတို့လုပ်ရပ်ကို အဟုတ်ကြီးမှတ်၍ မိမိအပြစ်မမြင်နိုင်ကြပါ။ အထက်ကခိုင်းသမျှ လုပ်ကိုင်ကြရသည့် စစ်တပ်နိုင်ငံရေးသံသရာ၌ ကျင်လည်၍ ဘ၀ရပ်တည်နေကြသည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ပေါ်ပေါက်လာသောအခါတွင် မဆလနိုင်ငံရေးစနစ် ပြိုကွဲပျက်စီးသွားရသည်။ ၁၉၈၈ အရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းသောအခါတွင် စစ်အစိုးရကို ထောက်ပံ့မှု ရပ်ဆိုင်းပြီး ဒဏ်ခတ်အရေးယူလာကြသည်။ ထိုစဉ်မှစ၍ ပြည်တွင်း၌ ဖိနှိပ်လေလေ မြန်မာစစ်အစိုးရကို အနောက်တိုင်း ဒီမိုကရေစီများက အရေးယူလေလေဖြစ်လာသည်။ ပြည်တွင်း၌ မတရားလုပ်သည်ကို ကြည့်မကောင်းတော့၍ ပြည်ပက ဝေဖန်ရှုတ်ချ အရေးယူလာခြင်းဖြစ်သည်။

နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံကြသော ရှစ်လေးလုံးမျိုးဆက်များကလည်း ၎င်းတို့ရောက်လေရာ တိုင်းပြည်များ၌ ဆက်လက်လှုပ်ရှားကြသဖြင့် မြန်မာစစ်တပ်၏ ယုတ်မာရက်စက်မှုနဲ့ ဒီမိုကရေစီအရေးကို အပြည်ပြည်ဆိုင်ရာက သိရှိကြ၏။ ၁၉၈၈ နောက်ပိုင်း ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည် ရှိနေသည့်အတွက်လည်း ပြည်သူ့အရေးတော်ပုံကို နိုင်ငံတကာမှ အလေးအနက် ဂရုပြုလာခြင်းဖြစ်ပေသည်။ ကုလသမဂ္ဂ၌ အမှုထမ်းဖူးပြီး နိုင်ငံခြားပညာတတ်အသိုင်းအ၀ိုင်းတွင် ကျင်လည်ခဲ့သော ဒေါ်စုသည် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖျက်မှုကို Amnesty ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့သို့ စာရေးအကြောင်းကြားသည်။ တရားမ၀င်သောစစ်အစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံက အရေးယူရန်လည်း ရန်ကုန်နေ နိုင်ငံခြားသံအမတ်များကို စာရေးပန်ကြားခဲ့၏။ နိုင်ငံတကာ ဥပဒေပညာရှင်များအဖွဲ့ကိုလည်း စာရေးတိုင်ကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုကြောင့် ရက်ရက်စက်စက်ပစ်သတ်ခံရ၍ ရပ်တန့်သွားသော ဒီမိုကရေစီလှုပ်ရှားမှုသည် သေရာက ပြန်ရှင်လာသည်ဟု မြင်ကြသူများရှိ၏။

မြန်မာစစ်အစိုးရသည်လည်း ဤသို့ပင်မြင်ပုံရ၏။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည်မရှိပါက မဆလခေတ်အတိုင်း စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်နှင့် လက်ပါးစေအရပ်သား ပူးပေါင်း၍ စိတ်ကြိုက်အစိုးရဖွဲ့နိုင်မည်ဟု ဗိုလ်သန်းရွှေနှင့် နောက်လိုက်များက ယူဆထားပုံရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် မြန်မာစစ်အစိုးရ၏ အဓိကအလုပ်တခုဖြစ်လာ၏။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အမြဲတမ်း တောင်းဆိုနေသည်။ အသိဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ သီလသမာဓိရှိပြီး လူထုထောက်ခံမှု ရရှိထားသော ဒေါ်စုကို အပြည်ပြည်ဆိုင်ရာက ထောက်ခံသည်။ မြန်မာ့နိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်မည့် အခန်းကဏ္ဍကို ပိတ်ပင်ထားခြင်းသည် တိုင်းပြည်အတွက် အလွန်နစ်နာ၏။ ဒေါ်စုခေါင်းဆောင်သော နိုင်ငံရေးပါတီသည် ရွေးကောက်ပွဲတိုင်း အနိုင်ရလိမ့်မည်ဟု ဗိုလ်သန်းရွှေတို့အဖွဲ့က ယုံကြည်သည့်အတွက် ရွေးကောက်ပွဲမ၀င်နိုင်ရန်နှင့် ပါတီနိုင်ငံရေးမလုပ်နိုင်ရန် စည်းမျဉ်းဥပဒေပြဋ္ဌာန်း၍ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ဒေါ်စုကြောက်သော ဗိုလ်ချုပ်ကြီးများအဖြစ် သမိုင်းတွင်မည်။

နအဖဗိုလ်ချုပ်များ မမေ့နိုင်သည်မှာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်၌ အကျယ်ချုပ်ကျခံနေရသည့်အချက်ဖြစ်သည်။ ဒေါ်စု၏ သြဇာအရှိန်အ၀ါကို တိုင်းတာနိုင်မည်မဟုတ်ပါ။ ပြည်တွင်း၌ ဖိနှိပ်သော စစ်အစိုးရကို ပြည်ပမှ အရေးယူနေသည်မှာ အနှစ် (၂၀) ကျော်ပြီဖြစ်၏။ ပြည်ပဖိအားပေးမှုနှင့် အရေးယူမှုများကြောင့် စစ်အစိုးရ၏ မူဝါဒနှင့် အကျင့်ဆိုးများ ပြောင်းလဲသွားသည် မဟုတ်သော်လည်း နိုင်ငံရေးအရ မှန်ကန်သော လုပ်ဆောင်ချက်အဖြစ် အရေးယူနေခြင်းပင်ဖြစ်သည်။ ပြည်တွင်းလှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် ပြည်ပမှ အရေးယူသည်ကို လေ့လာပါက မြန်မာ့ဒီမိုကရေစီအရေး ပြည်တွင်းလှုပ်ရှားမှု အချည်းနှီးမဖြစ်သည်မှာ အလွန်ထင်ရှားသည်။

မဆလခေတ်၌ ဗိုလ်နေ၀င်းထင်သလို လုပ်သည်ကို နိုင်ငံခြားက အရေးယူခြင်းမရှိဘဲ နအဖခေတ်ရောက်မှ နိုင်ငံခြားက ဝေဖန်ရှုတ်ချ၍ အရေးယူဒဏ်ခတ်နေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သည်ဟု ဗိုလ်သန်းရွှေနှင့် နောက်လိုက်များက ယူဆကြသည်။ ထို့ကြောင့် နိုင်ငံခြားအလိုတော်ရိဟု ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပြောဆိုခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မရှိမှ စိတ်ကြိုက် နိုင်ငံရေးလုပ်နိုင်မည်ဟု စစ်အုပ်စုက ယုံကြည်နေပုံရသည်။ ဒေါ်စုမပါသော နိုင်ငံရေးလောကကို ဗိုလ်သန်းရွှေက တည်ဆောက်ချင်၏။ ဗိုလ်နေ၀င်းမသေမီ ဗိုလ်စောမောင်လက်ထက်ကလည်း အဖမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်ထားခဲ့ဖူးသည်။

ဒေါ်စုမရှိလျှင် အန်အယ်လ်ဒီပါတီ အသက်မရှိဖြစ်နေသည်ကို စစ်အုပ်စုနားလည်၏။ ဒေါ်စုအဖမ်းခံနေရချိန်တွင် အန်အယ်လ်ဒီ အဖွဲ့ချုပ်သည် ရုံးမှန်မှန်တက်သော စာရေးကြီးပါတီအဆင့်သာရှိ၏။ ကုလသမဂ္ဂက လုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေသော ပါတီပင်ဖြစ်သည်။ ခေါင်းဆောင်တဦးတည်းကိုသာ အလွန်အမင်းအားကိုးသောပါတီသည် သဘာဝမကျ ယုတ္တိမရှိသော နိုင်ငံရေးအဖွဲ့အစည်းပင်ဖြစ်သည်။ ဒေါ်စုကို ဖယ်ရှားလိုက်သည်နှင့် အန်အယ်လ်ဒီပါတီသည် လမ်းမလျှောက်နိုင်သော သက်ကြီးရွယ်အိုဖြစ်သွားတော့၏။ လက်တွေ့အခြေနေအရ အန်အယ်လ်ဒီပါတီကို ထောက်ခံသူများ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ နိုင်ငံရေးလုပ်တတ်ရန်လိုသည်။ ခေါင်းဆောင်တဦး အဖမ်းခံရရုံနှင့် ပြိုကွဲပျက်စီးသွားသော နိုင်ငံရေးပါတီမဖြစ်သင့်ပါ။

လက်နက်ကိုင် တော်လှန်ရေးမလုပ်ဘဲ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းလိုသူသည် စစ်ဗိုလ်များနှင့် လက်တွဲလုပ်ကိုင် နိုင်ရပေလိမ့်မည်။ မည်သည့်နည်းဖြင့် လက်တွဲလုပ်ကိုင်မည်ကို စဉ်းစားရပေလိမ့်မည်။ နိုင်ငံခြားကူညီရိုင်းပင်မှု တခုတည်းကိုသာ အားကိုးနေ၍ အကြောင်းမထူးသည်ကို တွေ့ကြုံရပြီးဖြစ်ပေသည်။ လက်နက်အားကိုး၍ ပြည်သူလူထုကို ဖိနှိပ်ခြင်းဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပေမည်။ နိုင်ငံရေးအရ အဖြေမရှာနိုင်ပါက ပြဿနာပို၍ ကြီးမားလာမည်ဟု စစ်ခေါင်းဆောင်ပိုင်းက နားလည်သဘောပေါက်မှသာ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်သည်။ မကျေနပ်၍ ဆန္ဒပြသော ပြည်သူလူထုကို ပစ်သတ်နေ၍ ပြဿနာ ပြေလည်မည်မဟုတ်ဟု စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာလျှင် အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မည်။ ဤသို့သော အခြေအနေသို့ ရောက်လာအောင် ကြိုးပမ်းသည်ကို လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုတခုဟု သတ်မှတ်နိုင်ပေသည်။

ရင်းမြစ်။ ။ခေတ်ပြိုင်

သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိခဲ့ရင်


၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် လို့ နအဖစစ်အစိုးရက တရားဝင် လေ လည်ပြလိုက်တဲ့အခါ မူလဗီဇအရကို မ အောင့်အီးနိုင်လောက်အောင် ကြိုက် လွန်းလှသူတွေ ဝမ်းအသာကြီးသာ ကုန် ကြပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း သာ အခုနေ အသက်ရှင်လျက်ရှိနေရင် ဘယ် လို မဟာကဗျာလေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစားကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေအပေါ် သဘောထားကို လိုက် လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲ တွေအပေါ် ဆရာကြီးသဘောထားတွေကို အခုလို တွေ့မိပါ တယ်။

၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ရပ်တည်ချက်ကိုသိရဖို့ အဲဒီကာလ နိုင်ငံရေးနောက်ခံအခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

၁၉၁၉ ခုမှာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်က ဒိုင်အာခီအုပ်ချုပ်ရေးအဆင့် ပေးတဲ့အခါ ဗမာပြည်ကိုတော့ ချန်လှပ်ထားခဲ့လို့ အဲဒီတုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မကျေမနပ်ဖြစ်ကြ ဆူကြပွက်ကြ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်မှာ အဓိကအတိုက်အခံ လို့ ဆိုနိုင်တဲ့ နိုင်ငံရေးအင်အားစုက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီ ဝိုင်အမ်ဘီအေက ဦးဆောင်ပြီး အမျိုးသားရေး ကိုလိုနီဆန့် ကျင်ရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေ ဟာ ဟုမ်းရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့အတွက် ဦးဘဖေ၊ ဦးပု နဲ့ ဦးထွန်းရှိန် တို့သုံးယောက်ပါ ဖေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်နိုင်ငံလွှတ်ပြီး အရေးဆိုခိုင်းခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းက "အင်္ဂလန်သွားဒယ်လီကိတ် ဘွဲ့" မဟာကဗျာလေးချိုးကြီးရေးပြီး ထောက်ခံဂုဏ်ပြုခဲ့သလို "ကောင်းမျိုးအထွေထွေ ရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော" စာသားပါတဲ့ "ဒေါင်းဋီကာ" ရေးပြီးတော့လည်း ဝိုင်အမ်ဘီအေရဲ့ အမျိုးသား ရေးသင်္ကေတ ဒေါင်းတံဆိပ်ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲသလို ဖေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်နိုင်ငံမှာ မြန်မာပြည်အုပ်ချုပ်ရေး တဆင့်တိုးရေးအတွက် အရေးဆိုနေချိန်မှာ အင်္ဂလိပ်အလိုတော်ရိ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေက ဂျူဘလီဟောမှာ လျှို့ဝှက်စည်းဝေးပြီး ဖေ-ပု-ရှိန်ကို မထောက်ခံကြောင်း၊ အင်္ဂလိပ်ဘုရင်ခံ က ရက်ဒေါက် တိုက်ရိုက်အုပ်ချုပ်တဲ့ အစီအစဉ် Cradock scheme ဒီကနေ့ ခေတ်အခေါ်နဲ့ဆိုရင်တော့ ကရက်ဒေါက် လမ်းပြမြေပုံကိုပဲ ထောက်ခံကြောင်း ကြေညာပြီး အင်္ဂလိပ်ဝန်ကြီးချုပ်ဆီ ကြေးနန်းပို့ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေ က သြဂုတ် ၁၇ ရက်မှာ ဖေ-ပု-ရှိန် ထောက်ခံကြောင်း အစည်းအဝေးလုပ်ပြီး အင်္ဂလိပ်အစိုးရဆီကို ကြေးနန်းထပ်ပို့ခဲ့ရပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ်ဝိုင်အမ်ဘီအေတွေရဲ့လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။

ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဟာ လွတ်လပ်ရေးလှုပ်ရှားမှု သို့မဟုတ် ဝံသာနုလှုပ်ရှားမှုကို အဆင့်မြှင့်လုပ်နိုင်ဖို့ဆိုပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ကြီးကို ဖွဲ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) ဟုမ်းရူးကို တောင်းဆိုတိုက်ပွဲဝင် ရပ်တည်ခဲ့ပါတယ်။ ၁၉၂၁ ခုဟာ ဝံသာနုလှုပ်ရှားမှု အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အစိုးရအရာရှိများနဲ့ မဆက်ဆံရေး၊ မကူညီရေးဆိုတဲ့ ဗြူရိုကရေစီ သပိတ်မှောက်ပွဲကို ဂျီစီဘီအေက ခေါင်းဆောင်ဆင်နွှဲခဲ့လို့ လူထုထောက်ခံမှု ကြီးကြီးမားမားရခဲ့ပါတယ်။ ဒါကို သခင်ကိုယ်တော်မှိုင်းက "ဗြူရိုကရေစီ အစိုးရသနင်းကို ဖြင့်၊ သူခိုးဓားပြကို ညှဉ်းသလိုပ၊ နရင်း နှောက်မယ့် ကြောက်တဲ့စရာ၊ (အိုကွယ်) အမျိုးမျိုးမြန်မာ့အသင်းတွေက ဂိုးဂိုးဂွဂွ ပုလင်းတွေ နှင့် အတင်းမှောက်မဟဲ့လို့ ပေါက်ပကွဲ့တခါ" ဆိုပြီး ဂုဏ်ပြု ကဗျာဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်က ဟုမ်းရူး မပေးဘဲ ၁၉၂၃ နိုဝင်ဘာမှာ ဒိုင်အာခီရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါကျတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဂျီစီဘီအေထဲက ဦးဘဖေ၊ ဦးပု နဲ့ ဦးသိမ်းမောင်တို့ခေါင်းဆောင်တဲ့အုပ်စုက ရွေးကောက်ပွဲ ဝင်သင့်တယ်၊ "ပူးသတ်" ရ မယ်ဆိုပြီး ၂၁ ဦးပါတီကို ခွဲထွက်ထူထောင်လိုက်ပါတယ်။ ဂျီစီဘီအေထဲက ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကတော့ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ သခင်ကိုယ်တော်မှိုင်းဟာ "ဟုမ်းရူး အမတ်လောင်းဘွဲ့" လေးချိုးကြီး၊ "ခွေးဋီ ကာ"၊ "ခွေးဂဏ္ဍိ" ကဗျာလေးချိုးကြီးတွေရေးပြီး ၂၁ ဦးအဖွဲ့ ကိုတိုက်ခဲ့ပါတယ်။ ခွေးဂဏ္ဍိ မှာ "အစာမြင်လျှင် ဗမာမခင်မူ၍၊ သာသ နာပလ္လင်နှင့် ဝေးတဲ့အောင်၊ (အမယ်မင်း) ကျွေးမဟဲ့ အနှူးတွင်ဖြင့်၊ ခွေးအဖွဲ့ထူး…" လို့ ရေးခဲ့သလို ခွေးဋီကာမှာလည်း "ပူးသတ် အကျော်အမော်၊ မှူးမတ်ကတော်အပေါင်းတွင်ဖြင့်၊ (သြော်) ရထားအဆောင်ဆောင် ကားတပြောင်ပြောင်တွေနဲ့၊…" လို့ စပ်ခဲ့ပါ တယ်။

မြန်မာဝံသာနုအကြောင်းဘွဲ့ လေးချိုးစာထောင့်မှာလည်း "သပိတ်မှောက် မြန်မာဝံသာနုတို့မှာတော့၊ မထိတ်မကြောက်စရာ မွန်မြန်မာ တစုတို့ကိုလ၊ ညွှန်ကာယခုရယ်တဲ့ အရွာရွာလယ်တယ်၊ (အမယ်မင်း) အာဇာနည်တွေသို့ နှလုံးမြူးကြွဟန် အပိုရဲ၊ (ခေါင်းဆောင်ကြီး တို့မှာကွယ်) အခါ တာမရှည်စေဖို့တဲ့ ဟုမ်းမရူးရရန်ကိုခဲ" လို့ သပိတ်မှောက်ဂျီစီဘီအေကို ဂုဏ်ပြုသလို "တွေးကြည့်ပါ၊ ဘေးထိရန် တကယ်လေ့လာတဲ့နောက်၊ ဘယ်နေရာမှာ သပိတ်ကိုပစ်ခဲ့တယ်လို့၊ စနစ်ကို အသေအချာမေးချင်လှ၊ ကြောက်သွေးဖိုကာတုန်လို့၊… ခုများမှာ တဖုံပြင်လို့၊ မဆက် ဆံချင်သူ ဗြူရိုကရက်တို့ကိုလ၊ မနေသာ ခြေမှာဖက်ပြီး၊…" လို့ ကိုလိုနီအစိုးရနဲ့ပေါင်း သစ္စာဖောက်တဲ့ ဂျီစီဘီအေ တွေကို ရှုတ်ချခဲ့ပါတယ်။

ဒီကာလမှာဘဲ "တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်၊…" ဆိုတဲ့ ပြောင်မြောက်လှတဲ့ စကားလုံးနဲ့ဆော်ထားတဲ့ ဒိုင်အာခီဘွဲ့လေးချိုးကြီးကိုလည်း စပ်ခဲ့ပါတယ်။ ဒီကနေ့လိုမျိုးဆိုရင်တော့ 'မောင်ဘဖေ' နဲ့ကာရံတူ နာမည် တွေကို ထည့်မယ်ထင်ပါတယ်။ "နွံနစ်ရှာတောင်၊ ကျွန်ခေတ်မှာ ငါတကောင် ဟဲ့လို့၊ စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြရင်ဖြင့်၊ မှောက်ကိန်း အရှည်သွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓုခေါ်စရာပ" လို့လည်း ရွေးကောက်ပွဲဝင်ရေးသမားတွေ ကို တီးခဲ့ပါတယ်။

အဲဒီ ၁၉၂၃ ရွေးကောက်ပွဲကို ဆရာကြီးမှိုင်း အပြင်းအထန်ရှုတ်ချတိုက်ခိုက်ခဲ့ပေမဲ့ အဲဒါနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး လှိုက်လှိုက် လှဲလှဲထောက်ခံခဲ့တာကတော့ ၁၉၃၀ ခု ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲအမတ်လုပ်နေတဲ့ ဂျီစီဘီအေဟောင်းတွေ၊ လွတ်လပ်ရေးအတွက် ချမယ်နှက်မယ် ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သပိတ်မှောက် ဝံသာနုဂျီစီဘီအေ တွေဟာ (မတရားသင်းကြေညာခံရတဲ့ ဦးစိုးသိန်းဂျီစီဘီအေ အနည်းစုလေးကလွဲရင်) နှာစေးနေကြတဲ့အချိန်မှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်းက "ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုံ သရဏံ ဂစ္ဆာမိကြပေတော့" လို့ ဗြောင်အတိအလင်း ဂုဏ်ပြုလေးချိုး စပ်ဆိုခဲ့ပါတယ်။ ဒီဘက်ခေတ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၁၀ အလုပ်သမားအရေးတွေမှာ ဒီမိုကရေစီအတွက် ရပ်တည်နေတယ်ဆိုသူတွေ နှာစေးကြတာကိုမြင်ရင်လည်း ဆရာကြီးမှိုင်း ဘယ်လိုလေးချိုးတွေစပ်မလဲ စဉ်းစားစရာပါ။

၁၉၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲမှာတော့ ဒို့ဗမာ အစည်းအရုံးရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ ကိုယ့်မင်းကိုယ်ချင်းပါတီတွက် မဲဆွယ်စည်းရုံးဟောပြောပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်္ဂလိပ်ကိုလိုနီသမားတွေဟာ နိုင်ငံရေးပါတီတွေကို ချိုးနှိမ်ကန့်သတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ် မထားတော့ အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးဟာ တကယ်တော်လှန် မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့ သခင်မြ ကိုယ်တိုင်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲဝင်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်တွေကတော့ …
၁) အုပ်ချုပ်ရေးစနစ်သစ်ကို လွှတ်တော်တွင်းဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန်
၂) အုပ်ချုပ်ရေးစနစ်သစ် တိုင်းပြည်အတွက် အသုံးမကျ၊ လူထုအတွက် အကျိုးမရှိကြောင်းဖွင့်ချရန်
၃) ရွေးကောက်ပွဲကိုမှီ၍ ဒို့ဗမာဝါဒဖြန့်ရန်
၎) အောက်ခြေ မြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှာ ဒို့ဗမာဝါဒအတိုင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ဒို့ဗမာအစည်း အရုံးဟာ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြီး ရွေးကောက်ခံအမတ်တွေဟာ လစာမယူ၊ အစိုးရနဲ့ မပူးပေါင်းရေးကို တောက်လျှောက်ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သွားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကလည်း အခြေခံဥပဒေကို ဆန့်ကျင်ဖွင့်ချ တဲ့အတွက်ဆိုပြီး သခင်မြတို့ကို အရေးမယူခဲ့ပါဘူး။

ဒီကနေ့ ဦးဝင်းတင်ပြောနေ လုပ်နေတဲ့ မကြောက်တရားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကနဦး လက်တွေ့ကျင့် သုံးခဲ့ဖူးပါတယ်။ ဆရာကြီး အသက် ၆၇ နှစ်အရွယ် ၁၉၃၉ ခုမှာ အင်္ဂလိပ်အစိုးရရဲ့ ကြေးစားလူမိုက်တွေက (အခု ခေတ်စွမ်းအားရှင်တွေလို) ပုသိမ် ဘူတာမှာ ဝိုင်းရိုက်လို့ ခေါင်းကွဲခဲ့ပြီးနောက် ချက်ခြင်းလိုလို ဓနုဖြူကိုသွားပြီး မဟာဗန္ဓုလ ချီးကျူးပူဇော်ပွဲနဲ့ အောင်မြေနင်းပွဲကို အကြီး အကျယ်လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ ဆရာကြီးပတ်သက်ပုံကို အထက်မှာဖော်ပြခဲ့တဲ့အတိုင်းတွေ့ရသလို ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ဆရာကြီး သ ခင်ကိုယ်တော်မှိုင်းပတ်သက်ခဲ့တာကိုလည်း လူထုဒေါ်အမာရဲ့မှတ်တမ်းမှာ အခုလို တွေ့ရပါသေးတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလထဲမှာ ဂျပန်စစ်တပ်နဲ့ ဘီအိုင်အေတပ်တွေ မော်လမြိုင်သိမ်းပြီးချိန် ရန်ကုန်သိမ်းဖို့ မကြာတော့တဲ့အခါမှာ ဆရာကြီးမှိုင်းဟာ ကြားဖြတ် အစိုးရဖွဲ့ဖို့ သခင်ချစ်၊ ကိုလှမောင် တို့နဲ့အတူ မော်လမြိုင်ကို လာရာမှာ မော်လမြိုင်မရောက်ဘဲ ကျိုက်ထို၊ သထုံ၊ ဖားအံလမ်းကနေ မဲဆောက်ရောက်သွားပြီး ဂျပန်စစ်ဗိုလ်တွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့ရပါတယ်။ အသက် ၇၀ အရွယ်မှာ ဒေါနတောင်ကျော်ပြီး မဲဆောက် သွားရတဲ့ခရီးဟာ သူ့တသက်မှာ အပင်ပန်းဆုံးခရီးဖြစ်တယ်လို့ နောင်မှာ ဆရာကြီးက ပြန်ပြောခဲ့ပါတယ်။

ဆရာကြီးဟာ အဲဒီခေတ်ရဲ့ဒိုနာဖြစ်တဲ့ ဂျပန်တွေရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟီရာအိုကာ ကို အခုခေတ်ကလူတွေလိုပဲ မဲဆောက်လာ တွေ့ရပြီးတော့ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်မြ၊ သခင်ချစ်တို့ပါဝင်တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် တွေနဲ့ ဂျပန်ဒိုနာစစ်ဗိုလ်တွေ ဆွေးနွေးကြတဲ့အခါ ရန်ကုန်သိမ်းပြီးရင် သခင်မြကို ကြားဖြတ်အစိုးရဝန်ကြီးချုပ်တင်ဖို့ အားလုံးသဘော တူရွေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဒိုနာတွေဟာ နောက်ပိုင်းမှာ ကတိဖျက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားတဲ့အတွက် သခင်မြ ဝန်ကြီးချုပ် မဖြစ်လိုက်ရဘဲ ဒေါက်တာဗမော်ကို အဓိပတိဝန်ကြီးချုပ် တင်လိုက်လို့ ဆရာကြီးမှိုင်းမကျေမလည်ဖြစ်ခဲ့ရပါတယ်။ အခုခေတ်မှာသာ ဆရာကြီးရှိသေးရင် ဒိုနာကိုမှီပြီး ကြားဖြတ်အစိုးရတော့ မဖွဲ့နဲ့၊ 'မြ' နဲ့ 'ဒေါက်တာ' ကိုသင်ခန်းစာယူလို့ ပြောမှာ သေချာပါတယ်။

သခင်ချစ်ကိုတော့ မဲဆောက်မှာ ဂျပန်တွေက အခုခေတ်ဒိုနာတွေလို စီအိုသင်တန်း ပီဒီသင်တန်းတွေ တက်ခိုင်းခဲ့သလား မှတ်တမ်း တွေမှာ သေချာဖော်ပြမထားပေမဲ့ သခင်ချစ်ဟာ နောက်ပိုင်းမှာ ပြည်သူ့အရေးတော်ပုံပါတီ (ဗမာပြည်ဆိုရှယ်လစ်ပါတီ) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့မှာ အင်မတန်ထူးချွန်တဲ့ ယူဂျီတာဝန်ခံ ဖြစ်သွားခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိနေရင်တော့ စစ်ကျွန်ခေတ်မှာ space ရချင်သူတွေကို "ရွှေပြည်တော် မကိုဋ်မန်းတွင်မှ၊ သိုကန်းတခါ ကြုံခဲ့သမို့၊ ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့၊ ကျွန်ခေတ် လူရာမဝင်ချင်သနဲ့…" လို့ ထပ်ပြောမှာသေချာပါတယ်။

နအဖ လက်အောက်မှာ ပါတီရပ်တည်ရေး စဉ်းစားသူတွေကိုလဲ "ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လို သတ်ရဲ ဖြတ်ရဲမှ၊ တေမိလို ငရဲ ကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်" လို့ပြောမှာဖြစ်သလို ကျွဲပါးစောင်းတီးဖြစ်နေရင်လည်း "ဒို့ ဗမာပြည် ဒါလောက်ကလေး လွတ်လပ် တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေအလိုသာဆိုရင် အရိမေတ္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး" ဆိုတဲ့စကားမျိုး ထပ်ပြော အုံးမှာဖြစ်ပါတယ်။

ဂါမဏိ

ပန်းချီ.. တင်ကိုကိုဦး
ရင်းမြစ်။ ။နေ့သစ်

နိုင်ငံတကာ လုပ်ငန်းစဉ် ပြန်သုံးသပ်ရန် အာရှအဖွဲ့ ပြော

ချင်းမိုင် (မဇ္ဈိမ)။     ။ ကျိုးကြောင်းဆီလျော်မှုမရှိသည့် နိုင်ငံတကာ လုပ်ငန်းစဉ်များသည် လက်ရှိ ဖြစ်ပေါ်ဆဲ မြန်မာ့စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများအား ပိုမိုဆိုးဝါးစေနိုင်သဖြင့် ပြန်လည် သုံးသပ်ရန် ဝါရှင်တန်ဒီစီ အခြေစိုက် အာရှတိုက် လူ့အဖွဲ့အစည်း အထူးလုပ်ငန်းအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ကာ ပြောဆိုသည်။

“ဒေသတွင်းနဲ့ နိုင်ငံတကာက အင်အားစုတွေရဲ့ ရှေ့နောက်မညီတဲ့ မူဝါဒတွေက အခြေအနေကို ပိုပြီး ဆိုးဝါးစေပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က နိုင်ငံတကာက ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ့် နယ်ပယ်တွေ ရှာပြီး ပူးပေါင်းလုပ်ဆောင်ပြီးတော့ အပြောင်းလဲတွေကို ဖော်ဆောင်ဖို့ စတင်ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု အဆိုပါ Asia Society Task Force - ASTF အဖွဲ့ ဥက္ကဋ္ဌ Vishakha Desai က ပြောသည်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရေးအတွက် တွန်းအားများသည် ပြည်တွင်းတွင်သာ ရှိနေသည်ဟု  ASTF က အသိအမှတ်ပြု လက်ခံလိုက်ပြီး ပြည်ပအင်အားစုများ၏ အရေးပါမှုကို ငြင်းပယ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ မစ္စတာ အိုဘားမား၏ နေပြည်တော်အပေါ် ပြောင်းလဲထားရှိလာသည့် နိုင်ငံခြားရေး မူဝါဒကို ထောက်ခံသည့် ASTF ၏ ပူးတွဲသဘာပတိ Wesley Clark က မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှု ရေစီးကြောင်း၏ အချက်အခြာ နိုင်ငံတခုဖြစ်သော်လည်း နိုင်ငံရေး အခြေအနေအရမူ ရွေ့လျားပြောင်းလဲခြင်း မရှိသေးကြောင်း ပြောကြားသည်။

အမေရိကန်အနေဖြင့် ပိတ်ဆို့တားဆီးမှုများ အပြင်းအထန် ပြုလုပ်လျှင် မြန်မာနိုင်ငံအား အာဏာရှင်စနစ်မှ ဆွဲထုတ်ပြီး ကမ္ဘာနှင့် လိုက်လျောညီထွေ ဆက်ဆံလာရေးအတွက် လုပ်ဆောင်ပေးနိုင်မည့် အခွင့်အလမ်း ဆုံးရှုံးလိမ့်မည်ဟု မစ္စတာ  Wesley Clark က ဆိုသည်။

မြန်မာ့အနေအထားကို သုံးသပ်ရပါက ၂ဝဝ၇ သြဂုတ်လမှ စတင်၍ကြည့်လျှင် လူ့အခွင့်အရေး ငြင်းပယ်နေခြင်း၊ ဒေသတွင်း အင်အားကြီး နိုင်ငံများ၏ မဟာဗျူဟာအတွက် မြန်မာ့အနေအထားက အရေးပါလာခြင်း၊ မြန်မာနယ်စပ်များတွင် မတည်ငြိမ်သေးခြင်း၊ နေပြည်တော်နှင့် တရုတ်ပြုံယမ်းကြားတွင် ဆက်ဆံရေးတရပ် ပေါ်ပေါက်လာခြင်း၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး မြန်မာ့အုပ်ချုပ်ပုံစနစ် ပြောင်းလဲလာနိုင်စရာ ရှိခြင်း စသည့် အခြေအနေများအား ထည့်သွင်းစဉ်းစားရပေမည်။

ထို့ကြောင့် အမေရိကန်အား မြန်မာနှင့် ဆက်ဆံရေး အခြေအနေ တိုးတက်လာစေမည့် လမ်းကြောင်းများ ဆက်ထိန်းထားခြင်း၊ အကူအညီပေးရေး လုပ်ငန်းစဉ်အချို့ ချမှတ်ခြင်း၊ ပြုပြင်ပြောင်းလဲရေးကို ဦးတည်စေမည့် စိးပွားရေး ဆောင်ရွက်ချက်များ တိုက်တွန်းခြင်း၊ မြန်မာ့အိမ်နီးချင်းနှင့် ကမ္ဘာ့နိုင်ငံများနှင့် ပူပေါင်းဆောင်ရွက်ခြင်း၊ လိုအပ်လာပါက အကန့်အသတ်ဖြင့်သာ စီးပွားရေးပိတ်ဆို့ခြင်း စသဖြင့် မြန်မာနိုင်ငံအား အပြုသဘော ပြောင်းလဲရေးအတွက် မူဝါဒများ ချမှတ်သင့်သည်ဟု ASTF က ထောက်ပြပြောဆိုသည်။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မြန်မာနိုင်ငံအပေါ်တွင် ဆယ်စုနှစ်များစွာ ကျင့်သုံးခဲ့သည့် အထီးကျန် ပိတ်ဆို့ရေးမူဝါဒသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် အနည်းငယ်သာ အကျိုးသက်ရောက်ခဲ့ပြီး အာရှနိုင်ငံများ၏ ပျော့ပြောင်းလွန်းသော ချဉ်းကပ်မှုသည်လည်း အလားတူစွာ အကျိုးသက်ရောက်မှု အကန့်အသတ် ရှိနေပေသည်ဟု ပရောဂျက် ဒါရိုက်တာ Suzanne DiMaggio က ပြောသည်။ ၎င်းက ယခုလိုအပ်နေသည်မှာ သံတမန်ရေးရာအရ ပရိယာယ်ကြွယ်ဝ၍ မြန်မာနိုင်ငံနှင့်လည်း သင့်လျော်မည့် ဒေသတွင်းနှင့် နိုင်ငံတကာမှ ချဉ်းကပ်မှုများပင် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ASTF အစီရင်ခံစာအား “မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေမှန်များနှင့် အနာဂတ် လားရာများ” ဟု အမည်တပ်ထားပြီး နိုင်ငံတကာ အင်အားစုများအတွက် မူဝါဒ လမ်းညွှန်မှုများ ပေးထားသည်။

အစီရင်ခံစာအား ဝါရှင်တန်ရှိ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ထံ ယနေ့ ပေးအပ်တင်ပြမည် ဖြစ်သည်။

NLD ဆုံးဖြတ်ချက်အပေါ် အိန္ဒိယမှ အမျိုးမျိုး တုံ့ပြန်

နယူးဒေလီ။     ။ အိန္ဒိယ ပါလီမန်အမတ်များသည် မြန်မာစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အား ထောက်ခံချီးကျူးလိုက်ကြသည်။

ယခုလ ၂၉ ရက်နေ့တွင် ချမှတ်ခဲ့သော NLD ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲ ကျင်းပပေးခြင်းအားဖြင့် အာဏာကို စစ်တပ်က ဆက်လက် ထိန်းချုပ်ရန် ကြံစည်မှုအား အံတုစိန်ခေါ်လိုက်သည့် ရဲရင့်ပြတ်သားသော ခြေလှမ်းအဖြစ် အိန္ဒိယ ပါလီမန်အမတ်များ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆိုင်ရာ ဖိုရမ် Indian Parliamentarians Forum for Democracy in Burma (IPFDB) က ပြောကြားခြင်း ဖြစ်သည်။

IPFDB အား ကမကထပြု စီမံသူ Sharad Joshi က NLD ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲအား သပိတ်မှောက်ရန်အတွက် ကြီးကျယ်သော ခြေလှမ်းတရပ်ဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိခြင်း၊ တဖက်သတ် ဆန်လွန်းသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်၍ သုံးသပ်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် သူက ထောက်ခံသည်။
.
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ အစည်းအဝေးအပြီးတွင် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့မှ စတင်၍ ထုတ်ပြန်ကြေညာခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား သက်ဆိုင်ရာ ပါတီများတွင် ပါဝင်ခွင့် မရရှိစေရန် ကန့်သတ်ထားသည်။

ထိုဥပဒေများအရ အကယ်၍ NLD အနေဖြင့် ရွေးကောက်ပွဲဝင်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျခံနေရသော NLD ဗဟို ကော်မတီဝင်၊ အဖွဲ့ဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမည်ဖြစ်သည်။

IPFDB က NLD ဆုံးဖြတ်ချက်အား ထောက်ခံခဲ့သော်လည်း မူဝါဒရေးရာ သုတေသန ဌာန တခုဖြစ်သည့် နယူးဒေလီ အကြံပေး ပညာရှင်အဖွဲ့ကမူ NLD သည် နိုင်ငံရေးအခွင့်အလမ်း တခုဖြစ်သည့် ရွေးကောက်ပွဲအား ကျောခိုင်းခြင်းအားဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်၏ အပြင်ဘက်သို့ ရောက်ရှိစေမည့် အမှားမျိုး ကျူးလွန်ခဲ့ကြောင်း ဝေဖန်ပြောဆိုသည်။

ထိုဌာန၏ အရှေ့မြောက်ပိုင်းဒေသ လေ့လာရေးနှင့် မူဝါဒရေးရာ သုတေသန စီမံခန့်ခွဲရေး တာဝန်ရှိသူဖြစ်သည့် Sanjay Hazarika က NLD အနေဖြင့် ပါတီခေါင်းဆောင်များ၏ အရေးထက် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အလေးထား စဉ်းစားသင့်ကြောင်း မဇ္ဈိမကို ပြောပြသည်။

NLD အနေဖြင့် ရွေးကောက်ပွဲဝင်လိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ပစ်လိုက်ရမည်မှာ ကံဆိုးမှုတရပ် ဖြစ်သော်လည်း ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန် အခွင့်အလမ်း ရရှိစေလိမ့်မည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် စစ်အစိုးရကို ရင်ဆိုင်နိုင်သည့် အခြား အဖွဲ့အစည်း မရှိတော့သဖြင့် ရွေးကောက်ပွဲသည် ၎င်းကို ရင်ဆိုင်အံတုရန် အကောင်းဆုံး အခွင့်အလမ်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ယခုလို အခွင့်အရေးမျိုး နောက်ထပ်တကြိမ် ထပ်မံပေါ်ပေါက်ချင်မှ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် အကယ်၍ ပေါ်ပေါက်လာခဲ့လျှင်လည်း နောက်ထပ် အချိန်မည်မျှ အကြာတွင်မှ ပေါ်ပေါက်လာမည်ကို မသိနိုင်ကြောင်း Hazarika က ပြောသည်။ မိမိပြည်သူများအား ပစ်ခတ်နှိမ်နင်းခဲ့သည့် စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ နောက်တကြိမ် ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်မနေသင့်ကြောင်းပါ သူက ပြောသည်။

NLD ၏ ရှုထောင့်မှ ကြည့်လျှင်မူ ပါတီအား ထပ်မံမှတ်ပုံတင်ခြင်း မပြုလုပ်လျှင် ပါတီ ပျက်ပြယ်သွားမည်ဖြစ်ပြီး၊ ပါတီအား ထပ်မံမှတ်ပုံတင်ခဲ့လျှင်မူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတဝှန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် အခြား ပါတီခေါင်းဆောင်များအား စွန့်လွှတ်ရမည်ဖြစ်သဖြင့် အလွန်ခက်ခဲသော အခြေအနေတရပ်ပင် ဖြစ်သည်။

ရင်းမြစ်။ ။မဇ္ဈိမသတင်းဌာန   

နိုင်ငံရေးပါတီများ ရေးသားထုတ်ဝေခွင့်ကို စည်းကမ်းချက်များဖြင့် ကန့်သတ်ထား

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအနေဖြင့် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို ပြည်တွင်း၌ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် ပုဂ္ဂလိက ဂျာနယ်များကဲ့သို့ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းသာ ထုတ်ဝေရမည်ဖြစ်ကြောင်း စာပေစိစစ် ကြီးကြပ်မှုဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “နိုင်ငံရေးပါတီတွေဟာလည်း သူတို့ပါတီရဲ့ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်းအချက်အလက်တွေကို ရေးသားထုတ်ဝေရာမှာ လက်ရှိ ပြည်တွင်းက ပုဂ္ဂလိက ဂျာနယ်တွေ လိုက်နာတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာရမှာပါ။ ထူးခြားတာတခုက ပုဂ္ဂလိက ဂျာနယ်တွေလို ထုတ်ဝေခြင်းမပြုခင် လာပြီး တင်ပြစရာ မလိုဘူး။ ကိုယ့်ဘာသာကိုယ် ထုတ်ဝေပြီးမှ မူချောကို လာတင်ပြရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို မတ်လ (၁၇) ရက်နေ့က ထုတ်ပြန်သည့် စာပေစိစစ်ဗဟိုအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၄၂) မှာ လေ့လာနိုင်ပါတယ်” ဟု ရှင်းပြသည်။

အဆိုပါ ညွှန်ကြားချက်ထဲတွင် နိုင်ငံရေးပါတီများသည် ပါတီမူဝါဒ သဘောထားနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်အဖွဲ့ထံ တင်ပြစရာမလိုဘဲ ထုတ်ဝေနိုင်သော်လည်း စည်းကမ်းချက်ပေါင်းများစွာဖြင့် ထိန်းချုပ်ထားပြီး ပါတီ မူဝါဒနှင့် မဲဆွယ်စည်းရုံးရေးဆိုင်ရာ စာအုပ်စာစောင် ထုတ်ဝေမည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် အချက် (၁၁) ချက်ကိုလည်း ပူးတွဲဖော်ပြထားသည်။

အဆိုပါ အချက်များထဲမှာ လက်ရှိ ပုဂ္ဂလိက ဂျာနယ်များ လိုက်နာနေရသည့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များနှင့် စည်းကမ်းချက်အားလုံးကို လိုက်နာရန်၊ စစ်အစိုးရ အာဏာပိုင်အဆင့်ဆင့်ကို လုံးဝ ဝေဖန်ခြင်းမပြုရန်၊ စစ်တပ်ကို ဝေဖန်ခြင်းမပြုရန်၊ လိုအပ်၍ ထုတ်ပြန်ထားသည့် အမိန့်မှန်သမျှကို ဝေဖန်ခြင်း အလျဉ်းမပြုလုပ်ရန် စသဖြင့် ရေးသားထားပြီး မလိုက်နာပါက ဥပဒေအရ အရေးယူခြင်း၊ အာမခံကြေးငွေ သိမ်းဆည်းခြင်းအပြင် ပါတီကိုလည်း အရေးယူမည်ဟု ပြင်းပြင်းထန်ထန် ပြဋ္ဌာန်းထားသည်။

အဆိုပါနိုင်ငံရေးပါတီများ ထုတ်ဝေခွင့်ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားချက်ကို ဖတ်ကြည့်ပါက ဂျာနယ်များကဲ့သို့ စိစစ်ရေး မတင်ရသည်မှလွဲ၍ လုံးဝ လွတ်လပ်ခွင့်မရှိကြောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းမည့်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့က အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီတွေ လုပ်ရပ်တွေကို ဝေဖန်နိုင်ဖို့ ဝေးလို့ ရပ်ကွက်အဆင့်တွေကိုတောင် ဝေဖန်လို့ မရဘူးဆိုတာ ပူးတွဲဖော်ပြချက် စည်းကမ်းချက် အမှတ် (၂) မှာ အတိအလင်း ဖော်ပြထားတယ်။ စည်းကမ်းချက် အမှတ် (၁) မှာဆိုရင်လည်း လိုက်နာဖို့ စာပေစိစစ်က ချမှတ်ထားတဲ့ စည်းကမ်းချက်ပေါင်း (၁ဝဝ) ကျော်နဲ့ အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ အများကြီး ရှိနေတယ်။ အမှတ် (၅) အချက်ဖြစ်တဲ့ လိုအပ်ချက်အရ ထုတ်ပြန်ထားသည့် အမိန့်များအား ဆန့်ကျင်ခြင်း မပြုရ ဆိုတာဟာလည်း အများကြီးကျယ်ပြန့်တယ်” ဟု ပြောသည်။

ပြည်တွင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် အယ်ဒီတာတဦးက ၎င်းတို့အနေဖြင့် ယခု ညွှန်ကြားချက်များအရ မည်သို့မှ လွတ်လပ်စွာ ထုတ်ဝေခွင့် ရှိလာမည်မဟုတ်ကြောင်း ပြောဆိုသည်။

၎င်းက “တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိလာမယ့် ပါတီတွေ အများကြီး၊ ပါတီကိုယ်စားလှယ်လောင်းတွေ အများကြီး၊ ရွေးကောက်ပွဲမတိုင်မီ ကာလက တိုတိုလေး။ ကျနော်တို့က တပတ်မှတကြိမ် ထုတ်ဝေခွင့်ရပြီး စာမျက်နှာ အကန့်အသတ်ကလည်း ရှိနေသေးတော့ ပြည်သူတွေကို ဘယ်လိုမှ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အချိန်မီ ပို့နိုင်မှာ မဟုတ်ဘူး။ ဒီကြားထဲ ခုချိန်ထိ စာပေစိစစ်ရေးက ခပ်ကြမ်းကြမ်း စိစစ်ဖြတ်တောက်နေဆဲပဲ” ဟု ပြောသည်။

စာပေစိစစ်၏ အဆိုပါညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စစ်အစိုးအနေဖြင့် ရွေးကောက်ပွဲမတိုင်မီ လွတ်လပ်စွာထုတ်ဝေခွင့် ပေးမည်ဆိုသည်ကို ပြည်တွင်းသတင်းအယ်ဒီတာ၊ သတင်းထောက်များအကြား ယုံကြည်သူ မရှိသလောက် နည်းပါးသွားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရက ထုတ်သည့် သတင်းစာ (၃) စောင်သာ ရှိပြီး ပုဂ္ဂလိကပိုင် သတင်းစာ လုံးဝထုတ်ဝေခွင့် ပြုမထားကြောင်း သိရသည်။

မျိုးဝင်းဇော်
ရင်းမြစ်။ ။ခေတ်ပြိုင်

၂၀၁၀ ဖဲချပ်များ