Thursday, April 1, 2010

NLD ဆုံးဖြတ်ချက်အပေါ် အိန္ဒိယမှ အမျိုးမျိုး တုံ့ပြန်

နယူးဒေလီ။     ။ အိန္ဒိယ ပါလီမန်အမတ်များသည် မြန်မာစစ်အစိုးရ ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်လိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်အား ထောက်ခံချီးကျူးလိုက်ကြသည်။

ယခုလ ၂၉ ရက်နေ့တွင် ချမှတ်ခဲ့သော NLD ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲ ကျင်းပပေးခြင်းအားဖြင့် အာဏာကို စစ်တပ်က ဆက်လက် ထိန်းချုပ်ရန် ကြံစည်မှုအား အံတုစိန်ခေါ်လိုက်သည့် ရဲရင့်ပြတ်သားသော ခြေလှမ်းအဖြစ် အိန္ဒိယ ပါလီမန်အမတ်များ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေးဆိုင်ရာ ဖိုရမ် Indian Parliamentarians Forum for Democracy in Burma (IPFDB) က ပြောကြားခြင်း ဖြစ်သည်။

IPFDB အား ကမကထပြု စီမံသူ Sharad Joshi က NLD ၏ ဆုံးဖြတ်ချက်သည် ရွေးကောက်ပွဲအား သပိတ်မှောက်ရန်အတွက် ကြီးကျယ်သော ခြေလှမ်းတရပ်ဖြစ်ကြောင်း မဇ္ဈိမကို ပြောကြားခဲ့သည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိခြင်း၊ တဖက်သတ် ဆန်လွန်းသော ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြန်လည်၍ သုံးသပ်ပြင်ဆင်ပေးခြင်း မရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က လာမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည့်အပေါ် သူက ထောက်ခံသည်။
.
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်တွင် ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ဗဟိုဦးစီးအဖွဲ့ဝင်များ၏ အစည်းအဝေးအပြီးတွင် ထိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယခုလ ၈ ရက်နေ့မှ စတင်၍ ထုတ်ပြန်ကြေညာခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများအား သက်ဆိုင်ရာ ပါတီများတွင် ပါဝင်ခွင့် မရရှိစေရန် ကန့်သတ်ထားသည်။

ထိုဥပဒေများအရ အကယ်၍ NLD အနေဖြင့် ရွေးကောက်ပွဲဝင်လျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အကျဉ်းကျခံနေရသော NLD ဗဟို ကော်မတီဝင်၊ အဖွဲ့ဝင်များအား ပါတီမှ ထုတ်ပယ်ပစ်ရမည်ဖြစ်သည်။

IPFDB က NLD ဆုံးဖြတ်ချက်အား ထောက်ခံခဲ့သော်လည်း မူဝါဒရေးရာ သုတေသန ဌာန တခုဖြစ်သည့် နယူးဒေလီ အကြံပေး ပညာရှင်အဖွဲ့ကမူ NLD သည် နိုင်ငံရေးအခွင့်အလမ်း တခုဖြစ်သည့် ရွေးကောက်ပွဲအား ကျောခိုင်းခြင်းအားဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်၏ အပြင်ဘက်သို့ ရောက်ရှိစေမည့် အမှားမျိုး ကျူးလွန်ခဲ့ကြောင်း ဝေဖန်ပြောဆိုသည်။

ထိုဌာန၏ အရှေ့မြောက်ပိုင်းဒေသ လေ့လာရေးနှင့် မူဝါဒရေးရာ သုတေသန စီမံခန့်ခွဲရေး တာဝန်ရှိသူဖြစ်သည့် Sanjay Hazarika က NLD အနေဖြင့် ပါတီခေါင်းဆောင်များ၏ အရေးထက် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အလေးထား စဉ်းစားသင့်ကြောင်း မဇ္ဈိမကို ပြောပြသည်။

NLD အနေဖြင့် ရွေးကောက်ပွဲဝင်လိုလျှင် ဒေါ်အောင်ဆန်းစုကြည်အား ပါတီမှ ထုတ်ပယ်ပစ်လိုက်ရမည်မှာ ကံဆိုးမှုတရပ် ဖြစ်သော်လည်း ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်ရန် အခွင့်အလမ်း ရရှိစေလိမ့်မည်ဟု သူက ဆက်ပြောသည်။

ထို့အပြင် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် စစ်အစိုးရကို ရင်ဆိုင်နိုင်သည့် အခြား အဖွဲ့အစည်း မရှိတော့သဖြင့် ရွေးကောက်ပွဲသည် ၎င်းကို ရင်ဆိုင်အံတုရန် အကောင်းဆုံး အခွင့်အလမ်း ဖြစ်နိုင်ကြောင်း သူက ဆိုသည်။

ယခုလို အခွင့်အရေးမျိုး နောက်ထပ်တကြိမ် ထပ်မံပေါ်ပေါက်ချင်မှ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် အကယ်၍ ပေါ်ပေါက်လာခဲ့လျှင်လည်း နောက်ထပ် အချိန်မည်မျှ အကြာတွင်မှ ပေါ်ပေါက်လာမည်ကို မသိနိုင်ကြောင်း Hazarika က ပြောသည်။ မိမိပြည်သူများအား ပစ်ခတ်နှိမ်နင်းခဲ့သည့် စစ်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ နောက်တကြိမ် ပေါ်ပေါက်လာလိမ့်မည်ဟု မျှော်လင့်မနေသင့်ကြောင်းပါ သူက ပြောသည်။

NLD ၏ ရှုထောင့်မှ ကြည့်လျှင်မူ ပါတီအား ထပ်မံမှတ်ပုံတင်ခြင်း မပြုလုပ်လျှင် ပါတီ ပျက်ပြယ်သွားမည်ဖြစ်ပြီး၊ ပါတီအား ထပ်မံမှတ်ပုံတင်ခဲ့လျှင်မူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတဝှန်းရှိ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသည့် အခြား ပါတီခေါင်းဆောင်များအား စွန့်လွှတ်ရမည်ဖြစ်သဖြင့် အလွန်ခက်ခဲသော အခြေအနေတရပ်ပင် ဖြစ်သည်။

ရင်းမြစ်။ ။မဇ္ဈိမသတင်းဌာန   

0 comments:

Post a Comment