Thursday, April 1, 2010
မြန်မာ့နိုင်ငံရေးနှင့် ဒေါ်အောင်ဆန်းစုကြည်
လွန်ခဲ့သော (၄၈) နှစ်က ဗိုလ်နေ၀င်းခေါင်းဆောင်၍ စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ မြန်မာနိုင်ငံရေး၌ စစ်ခေါင်းဆောင်များကသာ အဆုံးအဖြတ်ပေးနေ၏။ အရပ်သားများသည် ဆုံးဖြတ်ချက်ချနိုင်သောအဆင့်ကို မရောက်နိုင်ကြပါ။ စစ်သားအရပ်သား ဆက်ဆံရေး၌ စစ်သားက အမြဲတမ်း အပေါ်စီးရနေ၏။ ဆိုရှယ်လစ်အရေခြုံ၍ တပါတီအာဏာရှင်အမည်ခံ စစ်အာဏာရှင်စနစ် ကျင့်သုံးရာတွင် ကွန်မြူနစ်လူထွက်နှင့် လက်ဝဲသမားများကို အခိုင်းခံလက်ပါးစေနေရာအချို့ကို ပေးခဲ့သည်။ စစ်တပ်နှင့် လက်တွဲလုပ်ကိုင်ပါက အရပ်သားသည် အခိုင်းအစေအဆင့်၌သာ လုပ်နိုင်သည်ကို မဆလပါတီဝင်ဟောင်းများ ကောင်းစွာသိကြ၏။ အန်အယ်လ်ဒီဗဟိုကော်မတီဝင် စစ်ဗိုလ်ဟောင်းများ ဤကိစ္စကို ကောင်းစွာသိကြသည်။
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” အမည်ခံသော စစ်အာဏာရှင်စနစ် (၂၆) နှစ် ကျင့်သုံးသည်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက လက်ခံပြီး ငွေကြေးထောက်ပံ့ခဲ့သည်။ ထိုခေတ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် လှုပ်ရှားမှုများ ရှိခဲ့သည်။ ကျောင်းသားနှင့် အလုပ်သမားဆန္ဒပြပွဲများကို သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း စစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုများကို နိုင်ငံခြားမှ အပြင်းအထန်ကန့်ကွက် အရေးယူခြင်း မရှိခဲ့ပါ။ မဆလခေတ်၏ ဖိနှိပ်မှုများကို ပြည်ပရောက် မြန်မာအချို့က ဖော်ထုတ်ကြသော်လည်း ဗိုလ်နေ၀င်း၏ မဆလအုပ်စုသည် အင်္ဂလန်၌ အလှည့်ကျဆေးကု၍ ဇိမ်ခံနိုင်ကြ၏။
ပြည်တွင်း၌ မတရားလုပ်နေသော မဆလအစိုးရကို ပြည်ပကလက်မခံကြသဖြင့် မဆလစစ်ဗိုလ်များသည် မိမိတို့လုပ်ရပ်ကို အဟုတ်ကြီးမှတ်၍ မိမိအပြစ်မမြင်နိုင်ကြပါ။ အထက်ကခိုင်းသမျှ လုပ်ကိုင်ကြရသည့် စစ်တပ်နိုင်ငံရေးသံသရာ၌ ကျင်လည်၍ ဘ၀ရပ်တည်နေကြသည်။ ၁၉၈၈ ပြည်သူ့အရေးတော်ပုံ ပေါ်ပေါက်လာသောအခါတွင် မဆလနိုင်ငံရေးစနစ် ပြိုကွဲပျက်စီးသွားရသည်။ ၁၉၈၈ အရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းသောအခါတွင် စစ်အစိုးရကို ထောက်ပံ့မှု ရပ်ဆိုင်းပြီး ဒဏ်ခတ်အရေးယူလာကြသည်။ ထိုစဉ်မှစ၍ ပြည်တွင်း၌ ဖိနှိပ်လေလေ မြန်မာစစ်အစိုးရကို အနောက်တိုင်း ဒီမိုကရေစီများက အရေးယူလေလေဖြစ်လာသည်။ ပြည်တွင်း၌ မတရားလုပ်သည်ကို ကြည့်မကောင်းတော့၍ ပြည်ပက ဝေဖန်ရှုတ်ချ အရေးယူလာခြင်းဖြစ်သည်။
နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံကြသော ရှစ်လေးလုံးမျိုးဆက်များကလည်း ၎င်းတို့ရောက်လေရာ တိုင်းပြည်များ၌ ဆက်လက်လှုပ်ရှားကြသဖြင့် မြန်မာစစ်တပ်၏ ယုတ်မာရက်စက်မှုနဲ့ ဒီမိုကရေစီအရေးကို အပြည်ပြည်ဆိုင်ရာက သိရှိကြ၏။ ၁၉၈၈ နောက်ပိုင်း ပြည်တွင်း၌ ဒေါ်အောင်ဆန်းစုကြည် ရှိနေသည့်အတွက်လည်း ပြည်သူ့အရေးတော်ပုံကို နိုင်ငံတကာမှ အလေးအနက် ဂရုပြုလာခြင်းဖြစ်ပေသည်။ ကုလသမဂ္ဂ၌ အမှုထမ်းဖူးပြီး နိုင်ငံခြားပညာတတ်အသိုင်းအ၀ိုင်းတွင် ကျင်လည်ခဲ့သော ဒေါ်စုသည် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖျက်မှုကို Amnesty ကမ္ဘာ့လူ့အခွင့်အရေးအဖွဲ့သို့ စာရေးအကြောင်းကြားသည်။ တရားမ၀င်သောစစ်အစိုးရကို ကုလသမဂ္ဂအထွေထွေညီလာခံက အရေးယူရန်လည်း ရန်ကုန်နေ နိုင်ငံခြားသံအမတ်များကို စာရေးပန်ကြားခဲ့၏။ နိုင်ငံတကာ ဥပဒေပညာရှင်များအဖွဲ့ကိုလည်း စာရေးတိုင်ကြားသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းမှုကြောင့် ရက်ရက်စက်စက်ပစ်သတ်ခံရ၍ ရပ်တန့်သွားသော ဒီမိုကရေစီလှုပ်ရှားမှုသည် သေရာက ပြန်ရှင်လာသည်ဟု မြင်ကြသူများရှိ၏။
မြန်မာစစ်အစိုးရသည်လည်း ဤသို့ပင်မြင်ပုံရ၏။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ထားခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည်မရှိပါက မဆလခေတ်အတိုင်း စစ်ဗိုလ်၊ စစ်ဗိုလ်လူထွက်နှင့် လက်ပါးစေအရပ်သား ပူးပေါင်း၍ စိတ်ကြိုက်အစိုးရဖွဲ့နိုင်မည်ဟု ဗိုလ်သန်းရွှေနှင့် နောက်လိုက်များက ယူဆထားပုံရသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခြင်းသည် မြန်မာစစ်အစိုးရ၏ အဓိကအလုပ်တခုဖြစ်လာ၏။
ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းသည် ဒေါ်စုနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် အမြဲတမ်း တောင်းဆိုနေသည်။ အသိဉာဏ်ပညာ၊ ကိုယ်ကျင့်တရား၊ သီလသမာဓိရှိပြီး လူထုထောက်ခံမှု ရရှိထားသော ဒေါ်စုကို အပြည်ပြည်ဆိုင်ရာက ထောက်ခံသည်။ မြန်မာ့နိုင်ငံရေး၌ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်မည့် အခန်းကဏ္ဍကို ပိတ်ပင်ထားခြင်းသည် တိုင်းပြည်အတွက် အလွန်နစ်နာ၏။ ဒေါ်စုခေါင်းဆောင်သော နိုင်ငံရေးပါတီသည် ရွေးကောက်ပွဲတိုင်း အနိုင်ရလိမ့်မည်ဟု ဗိုလ်သန်းရွှေတို့အဖွဲ့က ယုံကြည်သည့်အတွက် ရွေးကောက်ပွဲမ၀င်နိုင်ရန်နှင့် ပါတီနိုင်ငံရေးမလုပ်နိုင်ရန် စည်းမျဉ်းဥပဒေပြဋ္ဌာန်း၍ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ဒေါ်စုကြောက်သော ဗိုလ်ချုပ်ကြီးများအဖြစ် သမိုင်းတွင်မည်။
နအဖဗိုလ်ချုပ်များ မမေ့နိုင်သည်မှာ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲ ကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်၌ အကျယ်ချုပ်ကျခံနေရသည့်အချက်ဖြစ်သည်။ ဒေါ်စု၏ သြဇာအရှိန်အ၀ါကို တိုင်းတာနိုင်မည်မဟုတ်ပါ။ ပြည်တွင်း၌ ဖိနှိပ်သော စစ်အစိုးရကို ပြည်ပမှ အရေးယူနေသည်မှာ အနှစ် (၂၀) ကျော်ပြီဖြစ်၏။ ပြည်ပဖိအားပေးမှုနှင့် အရေးယူမှုများကြောင့် စစ်အစိုးရ၏ မူဝါဒနှင့် အကျင့်ဆိုးများ ပြောင်းလဲသွားသည် မဟုတ်သော်လည်း နိုင်ငံရေးအရ မှန်ကန်သော လုပ်ဆောင်ချက်အဖြစ် အရေးယူနေခြင်းပင်ဖြစ်သည်။ ပြည်တွင်းလှုပ်ရှားမှုကို တုံ့ပြန်သည့်အနေဖြင့် ပြည်ပမှ အရေးယူသည်ကို လေ့လာပါက မြန်မာ့ဒီမိုကရေစီအရေး ပြည်တွင်းလှုပ်ရှားမှု အချည်းနှီးမဖြစ်သည်မှာ အလွန်ထင်ရှားသည်။
မဆလခေတ်၌ ဗိုလ်နေ၀င်းထင်သလို လုပ်သည်ကို နိုင်ငံခြားက အရေးယူခြင်းမရှိဘဲ နအဖခေတ်ရောက်မှ နိုင်ငံခြားက ဝေဖန်ရှုတ်ချ၍ အရေးယူဒဏ်ခတ်နေခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်သည်ဟု ဗိုလ်သန်းရွှေနှင့် နောက်လိုက်များက ယူဆကြသည်။ ထို့ကြောင့် နိုင်ငံခြားအလိုတော်ရိဟု ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲပြောဆိုခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မရှိမှ စိတ်ကြိုက် နိုင်ငံရေးလုပ်နိုင်မည်ဟု စစ်အုပ်စုက ယုံကြည်နေပုံရသည်။ ဒေါ်စုမပါသော နိုင်ငံရေးလောကကို ဗိုလ်သန်းရွှေက တည်ဆောက်ချင်၏။ ဗိုလ်နေ၀င်းမသေမီ ဗိုလ်စောမောင်လက်ထက်ကလည်း အဖမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးကို အန်အယ်လ်ဒီပါတီက ထုတ်ပယ်ထားခဲ့ဖူးသည်။
ဒေါ်စုမရှိလျှင် အန်အယ်လ်ဒီပါတီ အသက်မရှိဖြစ်နေသည်ကို စစ်အုပ်စုနားလည်၏။ ဒေါ်စုအဖမ်းခံနေရချိန်တွင် အန်အယ်လ်ဒီ အဖွဲ့ချုပ်သည် ရုံးမှန်မှန်တက်သော စာရေးကြီးပါတီအဆင့်သာရှိ၏။ ကုလသမဂ္ဂက လုပ်ပေးလိမ့်မည်ဟု မျှော်လင့်နေသော ပါတီပင်ဖြစ်သည်။ ခေါင်းဆောင်တဦးတည်းကိုသာ အလွန်အမင်းအားကိုးသောပါတီသည် သဘာဝမကျ ယုတ္တိမရှိသော နိုင်ငံရေးအဖွဲ့အစည်းပင်ဖြစ်သည်။ ဒေါ်စုကို ဖယ်ရှားလိုက်သည်နှင့် အန်အယ်လ်ဒီပါတီသည် လမ်းမလျှောက်နိုင်သော သက်ကြီးရွယ်အိုဖြစ်သွားတော့၏။ လက်တွေ့အခြေနေအရ အန်အယ်လ်ဒီပါတီကို ထောက်ခံသူများ ဒေါ်အောင်ဆန်းစုကြည် မပါဘဲ နိုင်ငံရေးလုပ်တတ်ရန်လိုသည်။ ခေါင်းဆောင်တဦး အဖမ်းခံရရုံနှင့် ပြိုကွဲပျက်စီးသွားသော နိုင်ငံရေးပါတီမဖြစ်သင့်ပါ။
လက်နက်ကိုင် တော်လှန်ရေးမလုပ်ဘဲ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းလိုသူသည် စစ်ဗိုလ်များနှင့် လက်တွဲလုပ်ကိုင် နိုင်ရပေလိမ့်မည်။ မည်သည့်နည်းဖြင့် လက်တွဲလုပ်ကိုင်မည်ကို စဉ်းစားရပေလိမ့်မည်။ နိုင်ငံခြားကူညီရိုင်းပင်မှု တခုတည်းကိုသာ အားကိုးနေ၍ အကြောင်းမထူးသည်ကို တွေ့ကြုံရပြီးဖြစ်ပေသည်။ လက်နက်အားကိုး၍ ပြည်သူလူထုကို ဖိနှိပ်ခြင်းဖြင့် စီးပွားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာ အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပေမည်။ နိုင်ငံရေးအရ အဖြေမရှာနိုင်ပါက ပြဿနာပို၍ ကြီးမားလာမည်ဟု စစ်ခေါင်းဆောင်ပိုင်းက နားလည်သဘောပေါက်မှသာ စစ်အာဏာရှင်စနစ်ကို စွန့်လွှတ်နိုင်လိမ့်မည်ဖြစ်သည်။ မကျေနပ်၍ ဆန္ဒပြသော ပြည်သူလူထုကို ပစ်သတ်နေ၍ ပြဿနာ ပြေလည်မည်မဟုတ်ဟု စစ်ခေါင်းဆောင်ပိုင်းက ယုံကြည်လာမှသာလျှင် အာဏာရှင်စနစ် နိဂုံးချုပ်နိုင်ပါလိမ့်မည်။ ဤသို့သော အခြေအနေသို့ ရောက်လာအောင် ကြိုးပမ်းသည်ကို လက်တွေ့နိုင်ငံရေး လှုပ်ရှားမှုတခုဟု သတ်မှတ်နိုင်ပေသည်။
ရင်းမြစ်။ ။ခေတ်ပြိုင်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment