Thursday, April 1, 2010

သခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိခဲ့ရင်


၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် လို့ နအဖစစ်အစိုးရက တရားဝင် လေ လည်ပြလိုက်တဲ့အခါ မူလဗီဇအရကို မ အောင့်အီးနိုင်လောက်အောင် ကြိုက် လွန်းလှသူတွေ ဝမ်းအသာကြီးသာ ကုန် ကြပါတယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်း သာ အခုနေ အသက်ရှင်လျက်ရှိနေရင် ဘယ် လို မဟာကဗျာလေးချိုးကြီးတွေ ထွက်လာအုံးမလဲလို့ ဆရာ ကြီးရဲ့ ၁၃၄ နှစ်မြောက်မွေးနေ့မှာ စဉ်းစားကြည့်မိပါတယ်။ ဆရာကြီးရဲ့ ရွေးကောက်ပွဲတွေအပေါ် သဘောထားကို လိုက် လေ့လာ ကြည့်တဲ့အခါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ နီးပါးက ၁၉၂၃ ဒိုင် အာခီရွေးကောက်ပွဲနဲ့ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲ တွေအပေါ် ဆရာကြီးသဘောထားတွေကို အခုလို တွေ့မိပါ တယ်။

၁၉၂၃ ခုနှစ်ရွေးကောက်ပွဲအပေါ် ဆရာကြီးရဲ့ရပ်တည်ချက်ကိုသိရဖို့ အဲဒီကာလ နိုင်ငံရေးနောက်ခံအခင်းအကျင်းကို အရင်လေ့လာ ကြည့်ဖို့လိုပါတယ်။

၁၉၁၉ ခုမှာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ်က ဒိုင်အာခီအုပ်ချုပ်ရေးအဆင့် ပေးတဲ့အခါ ဗမာပြည်ကိုတော့ ချန်လှပ်ထားခဲ့လို့ အဲဒီတုံးက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ မကျေမနပ်ဖြစ်ကြ ဆူကြပွက်ကြ ဖြစ်ခဲ့ပါတယ်။ အဲဒီကာလက ဗမာပြည်မှာ အဓိကအတိုက်အခံ လို့ ဆိုနိုင်တဲ့ နိုင်ငံရေးအင်အားစုက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဖြစ်ပါတယ်။ ဒီ ဝိုင်အမ်ဘီအေက ဦးဆောင်ပြီး အမျိုးသားရေး ကိုလိုနီဆန့် ကျင်ရေးလုပ်နေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်အမ်ဘီအေ ဟာ ဟုမ်းရူး ခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးရဖို့အတွက် ဦးဘဖေ၊ ဦးပု နဲ့ ဦးထွန်းရှိန် တို့သုံးယောက်ပါ ဖေ-ပု-ရှိန် ကိုယ်စားလှယ်အဖွဲ့ကို အင်္ဂလန်နိုင်ငံလွှတ်ပြီး အရေးဆိုခိုင်းခဲ့ပါတယ်။ ဒါကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းက "အင်္ဂလန်သွားဒယ်လီကိတ် ဘွဲ့" မဟာကဗျာလေးချိုးကြီးရေးပြီး ထောက်ခံဂုဏ်ပြုခဲ့သလို "ကောင်းမျိုးအထွေထွေ ရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်လို့ တွန်စေကစေသော" စာသားပါတဲ့ "ဒေါင်းဋီကာ" ရေးပြီးတော့လည်း ဝိုင်အမ်ဘီအေရဲ့ အမျိုးသား ရေးသင်္ကေတ ဒေါင်းတံဆိပ်ကို ဂုဏ်ပြုခဲ့ပါတယ်။

အဲသလို ဖေ-ပု-ရှိန်အဖွဲ့ အင်္ဂလန်နိုင်ငံမှာ မြန်မာပြည်အုပ်ချုပ်ရေး တဆင့်တိုးရေးအတွက် အရေးဆိုနေချိန်မှာ အင်္ဂလိပ်အလိုတော်ရိ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေက ဂျူဘလီဟောမှာ လျှို့ဝှက်စည်းဝေးပြီး ဖေ-ပု-ရှိန်ကို မထောက်ခံကြောင်း၊ အင်္ဂလိပ်ဘုရင်ခံ က ရက်ဒေါက် တိုက်ရိုက်အုပ်ချုပ်တဲ့ အစီအစဉ် Cradock scheme ဒီကနေ့ ခေတ်အခေါ်နဲ့ဆိုရင်တော့ ကရက်ဒေါက် လမ်းပြမြေပုံကိုပဲ ထောက်ခံကြောင်း ကြေညာပြီး အင်္ဂလိပ်ဝန်ကြီးချုပ်ဆီ ကြေးနန်းပို့ခဲ့ပါတယ်။ ဒါကြောင့် တိုက်ပွဲဝင် ဝိုင်အမ်ဘီအေ ခေါင်းဆောင်တွေ က သြဂုတ် ၁၇ ရက်မှာ ဖေ-ပု-ရှိန် ထောက်ခံကြောင်း အစည်းအဝေးလုပ်ပြီး အင်္ဂလိပ်အစိုးရဆီကို ကြေးနန်းထပ်ပို့ခဲ့ရပါတယ်။ သခင် ကိုယ်တော်မှိုင်းဟာ မျိုးချစ်ဝိုင်အမ်ဘီအေတွေရဲ့လုပ်ရပ်ကို ထောက်ခံခဲ့ပါတယ်။

ဝိုင်အမ်ဘီအေ အဖွဲ့ကြီးဟာ လွတ်လပ်ရေးလှုပ်ရှားမှု သို့မဟုတ် ဝံသာနုလှုပ်ရှားမှုကို အဆင့်မြှင့်လုပ်နိုင်ဖို့ဆိုပြီး ၁၉၂၀ မှာ ဂျီစီဘီအေ အဖွဲ့ကြီးကို ဖွဲ့လိုက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး (ဝါ) ဟုမ်းရူးကို တောင်းဆိုတိုက်ပွဲဝင် ရပ်တည်ခဲ့ပါတယ်။ ၁၉၂၁ ခုဟာ ဝံသာနုလှုပ်ရှားမှု အရှိန်အမြင့်ဆုံးအချိန်ဖြစ်ပြီး အစိုးရအရာရှိများနဲ့ မဆက်ဆံရေး၊ မကူညီရေးဆိုတဲ့ ဗြူရိုကရေစီ သပိတ်မှောက်ပွဲကို ဂျီစီဘီအေက ခေါင်းဆောင်ဆင်နွှဲခဲ့လို့ လူထုထောက်ခံမှု ကြီးကြီးမားမားရခဲ့ပါတယ်။ ဒါကို သခင်ကိုယ်တော်မှိုင်းက "ဗြူရိုကရေစီ အစိုးရသနင်းကို ဖြင့်၊ သူခိုးဓားပြကို ညှဉ်းသလိုပ၊ နရင်း နှောက်မယ့် ကြောက်တဲ့စရာ၊ (အိုကွယ်) အမျိုးမျိုးမြန်မာ့အသင်းတွေက ဂိုးဂိုးဂွဂွ ပုလင်းတွေ နှင့် အတင်းမှောက်မဟဲ့လို့ ပေါက်ပကွဲ့တခါ" ဆိုပြီး ဂုဏ်ပြု ကဗျာဖွဲ့ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလိပ်က ဟုမ်းရူး မပေးဘဲ ၁၉၂၃ နိုဝင်ဘာမှာ ဒိုင်အာခီရွေးကောက်ပွဲ ကျင်းပပေးတဲ့အခါကျတော့ အဓိက အတိုက်အခံ ပါတီဖြစ်တဲ့ ဂျီစီဘီအေထဲက ဦးဘဖေ၊ ဦးပု နဲ့ ဦးသိမ်းမောင်တို့ခေါင်းဆောင်တဲ့အုပ်စုက ရွေးကောက်ပွဲ ဝင်သင့်တယ်၊ "ပူးသတ်" ရ မယ်ဆိုပြီး ၂၁ ဦးပါတီကို ခွဲထွက်ထူထောင်လိုက်ပါတယ်။ ဂျီစီဘီအေထဲက ဦးချစ်လှိုင်၊ ဦးပု၊ ဦးထွန်းအောင်ကျော်တို့ကတော့ ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ အဲဒီကာလမှာ သခင်ကိုယ်တော်မှိုင်းဟာ "ဟုမ်းရူး အမတ်လောင်းဘွဲ့" လေးချိုးကြီး၊ "ခွေးဋီ ကာ"၊ "ခွေးဂဏ္ဍိ" ကဗျာလေးချိုးကြီးတွေရေးပြီး ၂၁ ဦးအဖွဲ့ ကိုတိုက်ခဲ့ပါတယ်။ ခွေးဂဏ္ဍိ မှာ "အစာမြင်လျှင် ဗမာမခင်မူ၍၊ သာသ နာပလ္လင်နှင့် ဝေးတဲ့အောင်၊ (အမယ်မင်း) ကျွေးမဟဲ့ အနှူးတွင်ဖြင့်၊ ခွေးအဖွဲ့ထူး…" လို့ ရေးခဲ့သလို ခွေးဋီကာမှာလည်း "ပူးသတ် အကျော်အမော်၊ မှူးမတ်ကတော်အပေါင်းတွင်ဖြင့်၊ (သြော်) ရထားအဆောင်ဆောင် ကားတပြောင်ပြောင်တွေနဲ့၊…" လို့ စပ်ခဲ့ပါ တယ်။

မြန်မာဝံသာနုအကြောင်းဘွဲ့ လေးချိုးစာထောင့်မှာလည်း "သပိတ်မှောက် မြန်မာဝံသာနုတို့မှာတော့၊ မထိတ်မကြောက်စရာ မွန်မြန်မာ တစုတို့ကိုလ၊ ညွှန်ကာယခုရယ်တဲ့ အရွာရွာလယ်တယ်၊ (အမယ်မင်း) အာဇာနည်တွေသို့ နှလုံးမြူးကြွဟန် အပိုရဲ၊ (ခေါင်းဆောင်ကြီး တို့မှာကွယ်) အခါ တာမရှည်စေဖို့တဲ့ ဟုမ်းမရူးရရန်ကိုခဲ" လို့ သပိတ်မှောက်ဂျီစီဘီအေကို ဂုဏ်ပြုသလို "တွေးကြည့်ပါ၊ ဘေးထိရန် တကယ်လေ့လာတဲ့နောက်၊ ဘယ်နေရာမှာ သပိတ်ကိုပစ်ခဲ့တယ်လို့၊ စနစ်ကို အသေအချာမေးချင်လှ၊ ကြောက်သွေးဖိုကာတုန်လို့၊… ခုများမှာ တဖုံပြင်လို့၊ မဆက် ဆံချင်သူ ဗြူရိုကရက်တို့ကိုလ၊ မနေသာ ခြေမှာဖက်ပြီး၊…" လို့ ကိုလိုနီအစိုးရနဲ့ပေါင်း သစ္စာဖောက်တဲ့ ဂျီစီဘီအေ တွေကို ရှုတ်ချခဲ့ပါတယ်။

ဒီကာလမှာဘဲ "တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ၊ မောင်ဘဖေ ငါးထောင်မရသော်ကြောင့်၊…" ဆိုတဲ့ ပြောင်မြောက်လှတဲ့ စကားလုံးနဲ့ဆော်ထားတဲ့ ဒိုင်အာခီဘွဲ့လေးချိုးကြီးကိုလည်း စပ်ခဲ့ပါတယ်။ ဒီကနေ့လိုမျိုးဆိုရင်တော့ 'မောင်ဘဖေ' နဲ့ကာရံတူ နာမည် တွေကို ထည့်မယ်ထင်ပါတယ်။ "နွံနစ်ရှာတောင်၊ ကျွန်ခေတ်မှာ ငါတကောင် ဟဲ့လို့၊ စွာဟောင်ဟောင် သို့ကလောက် ဟိန်းကြရင်ဖြင့်၊ မှောက်ကိန်း အရှည်သွားမည်ကြောင့်၊ ငွေငါးထောင် အရာလုတွေကဖြင့်၊ သာဓုခေါ်စရာပ" လို့လည်း ရွေးကောက်ပွဲဝင်ရေးသမားတွေ ကို တီးခဲ့ပါတယ်။

အဲဒီ ၁၉၂၃ ရွေးကောက်ပွဲကို ဆရာကြီးမှိုင်း အပြင်းအထန်ရှုတ်ချတိုက်ခိုက်ခဲ့ပေမဲ့ အဲဒါနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ပြီး လှိုက်လှိုက် လှဲလှဲထောက်ခံခဲ့တာကတော့ ၁၉၃၀ ခု ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲအမတ်လုပ်နေတဲ့ ဂျီစီဘီအေဟောင်းတွေ၊ လွတ်လပ်ရေးအတွက် ချမယ်နှက်မယ် ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ သပိတ်မှောက် ဝံသာနုဂျီစီဘီအေ တွေဟာ (မတရားသင်းကြေညာခံရတဲ့ ဦးစိုးသိန်းဂျီစီဘီအေ အနည်းစုလေးကလွဲရင်) နှာစေးနေကြတဲ့အချိန်မှာ ဆရာကြီးသခင် ကိုယ် တော်မှိုင်းက "ဥုံအရဟံ သစ္စာဂတိတွေနှင့်၊ ဂဠုံ သရဏံ ဂစ္ဆာမိကြပေတော့" လို့ ဗြောင်အတိအလင်း ဂုဏ်ပြုလေးချိုး စပ်ဆိုခဲ့ပါတယ်။ ဒီဘက်ခေတ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၁၀ အလုပ်သမားအရေးတွေမှာ ဒီမိုကရေစီအတွက် ရပ်တည်နေတယ်ဆိုသူတွေ နှာစေးကြတာကိုမြင်ရင်လည်း ဆရာကြီးမှိုင်း ဘယ်လိုလေးချိုးတွေစပ်မလဲ စဉ်းစားစရာပါ။

၁၉၂၃ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းဟာ ၁၉၃၆ ခု ၉၁ ဌာနရွေးကောက်ပွဲမှာတော့ ဒို့ဗမာ အစည်းအရုံးရဲ့ ကိုယ်စားပြုပါတီဖြစ်တဲ့ ကိုယ့်မင်းကိုယ်ချင်းပါတီတွက် မဲဆွယ်စည်းရုံးဟောပြောပေးတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ အင်္ဂလိပ်ကိုလိုနီသမားတွေဟာ နိုင်ငံရေးပါတီတွေကို ချိုးနှိမ်ကန့်သတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီမှတ်ပုံတင်ဥပဒေတွေ ထုတ် မထားတော့ အဓိကအတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ ဒို့ဗမာအစည်းအရုံးဟာ တကယ်တော်လှန် မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့ သခင်မြ ကိုယ်တိုင်ခေါင်းဆောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၃၆ ရွေးကောက်ပွဲဝင်တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ ရည်ရွယ်ချက်တွေကတော့ …
၁) အုပ်ချုပ်ရေးစနစ်သစ်ကို လွှတ်တော်တွင်းဝင်ရောက် တိုက်ခိုက်ဖျက်ဆီးရန်
၂) အုပ်ချုပ်ရေးစနစ်သစ် တိုင်းပြည်အတွက် အသုံးမကျ၊ လူထုအတွက် အကျိုးမရှိကြောင်းဖွင့်ချရန်
၃) ရွေးကောက်ပွဲကိုမှီ၍ ဒို့ဗမာဝါဒဖြန့်ရန်
၎) အောက်ခြေ မြို့နယ်ရပ်ကျေး အုပ်ချုပ်ရေးမှာ ဒို့ဗမာဝါဒအတိုင်း ဆောင်ရွက်ရန်တို့ ဖြစ်ပါတယ်။

ဒို့ဗမာအစည်း အရုံးဟာ ပြောတဲ့အတိုင်းလည်း တကယ်လုပ်ပြီး ရွေးကောက်ခံအမတ်တွေဟာ လစာမယူ၊ အစိုးရနဲ့ မပူးပေါင်းရေးကို တောက်လျှောက်ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သွားခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရကလည်း အခြေခံဥပဒေကို ဆန့်ကျင်ဖွင့်ချ တဲ့အတွက်ဆိုပြီး သခင်မြတို့ကို အရေးမယူခဲ့ပါဘူး။

ဒီကနေ့ ဦးဝင်းတင်ပြောနေ လုပ်နေတဲ့ မကြောက်တရားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ကနဦး လက်တွေ့ကျင့် သုံးခဲ့ဖူးပါတယ်။ ဆရာကြီး အသက် ၆၇ နှစ်အရွယ် ၁၉၃၉ ခုမှာ အင်္ဂလိပ်အစိုးရရဲ့ ကြေးစားလူမိုက်တွေက (အခု ခေတ်စွမ်းအားရှင်တွေလို) ပုသိမ် ဘူတာမှာ ဝိုင်းရိုက်လို့ ခေါင်းကွဲခဲ့ပြီးနောက် ချက်ခြင်းလိုလို ဓနုဖြူကိုသွားပြီး မဟာဗန္ဓုလ ချီးကျူးပူဇော်ပွဲနဲ့ အောင်မြေနင်းပွဲကို အကြီး အကျယ်လုပ်ခဲ့ပါတယ်။

ရွေးကောက်ပွဲတွေနဲ့ ဆရာကြီးပတ်သက်ပုံကို အထက်မှာဖော်ပြခဲ့တဲ့အတိုင်းတွေ့ရသလို ကြားဖြတ်အစိုးရဖွဲ့စည်းရေးနဲ့ ဆရာကြီး သ ခင်ကိုယ်တော်မှိုင်းပတ်သက်ခဲ့တာကိုလည်း လူထုဒေါ်အမာရဲ့မှတ်တမ်းမှာ အခုလို တွေ့ရပါသေးတယ်။ ၁၉၄၂ ခု ဖေဖော်ဝါရီလထဲမှာ ဂျပန်စစ်တပ်နဲ့ ဘီအိုင်အေတပ်တွေ မော်လမြိုင်သိမ်းပြီးချိန် ရန်ကုန်သိမ်းဖို့ မကြာတော့တဲ့အခါမှာ ဆရာကြီးမှိုင်းဟာ ကြားဖြတ် အစိုးရဖွဲ့ဖို့ သခင်ချစ်၊ ကိုလှမောင် တို့နဲ့အတူ မော်လမြိုင်ကို လာရာမှာ မော်လမြိုင်မရောက်ဘဲ ကျိုက်ထို၊ သထုံ၊ ဖားအံလမ်းကနေ မဲဆောက်ရောက်သွားပြီး ဂျပန်စစ်ဗိုလ်တွေနဲ့ ဆွေးနွေးပွဲလုပ်ခဲ့ရပါတယ်။ အသက် ၇၀ အရွယ်မှာ ဒေါနတောင်ကျော်ပြီး မဲဆောက် သွားရတဲ့ခရီးဟာ သူ့တသက်မှာ အပင်ပန်းဆုံးခရီးဖြစ်တယ်လို့ နောင်မှာ ဆရာကြီးက ပြန်ပြောခဲ့ပါတယ်။

ဆရာကြီးဟာ အဲဒီခေတ်ရဲ့ဒိုနာဖြစ်တဲ့ ဂျပန်တွေရဲ့ကိုယ်စားလှယ် ဗိုလ်ချုပ်ဟီရာအိုကာ ကို အခုခေတ်ကလူတွေလိုပဲ မဲဆောက်လာ တွေ့ရပြီးတော့ ဆရာကြီးမှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ သခင်မြ၊ သခင်ချစ်တို့ပါဝင်တဲ့ မြန်မာအတိုက်အခံခေါင်းဆောင် တွေနဲ့ ဂျပန်ဒိုနာစစ်ဗိုလ်တွေ ဆွေးနွေးကြတဲ့အခါ ရန်ကုန်သိမ်းပြီးရင် သခင်မြကို ကြားဖြတ်အစိုးရဝန်ကြီးချုပ်တင်ဖို့ အားလုံးသဘော တူရွေးခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဒိုနာတွေဟာ နောက်ပိုင်းမှာ ကတိဖျက်ပြီး သူတို့လုပ်ချင်ရာလုပ်သွားတဲ့အတွက် သခင်မြ ဝန်ကြီးချုပ် မဖြစ်လိုက်ရဘဲ ဒေါက်တာဗမော်ကို အဓိပတိဝန်ကြီးချုပ် တင်လိုက်လို့ ဆရာကြီးမှိုင်းမကျေမလည်ဖြစ်ခဲ့ရပါတယ်။ အခုခေတ်မှာသာ ဆရာကြီးရှိသေးရင် ဒိုနာကိုမှီပြီး ကြားဖြတ်အစိုးရတော့ မဖွဲ့နဲ့၊ 'မြ' နဲ့ 'ဒေါက်တာ' ကိုသင်ခန်းစာယူလို့ ပြောမှာ သေချာပါတယ်။

သခင်ချစ်ကိုတော့ မဲဆောက်မှာ ဂျပန်တွေက အခုခေတ်ဒိုနာတွေလို စီအိုသင်တန်း ပီဒီသင်တန်းတွေ တက်ခိုင်းခဲ့သလား မှတ်တမ်း တွေမှာ သေချာဖော်ပြမထားပေမဲ့ သခင်ချစ်ဟာ နောက်ပိုင်းမှာ ပြည်သူ့အရေးတော်ပုံပါတီ (ဗမာပြည်ဆိုရှယ်လစ်ပါတီ) နဲ့ ဗမာပြည် ကွန်မြူနစ်ပါတီတို့မှာ အင်မတန်ထူးချွန်တဲ့ ယူဂျီတာဝန်ခံ ဖြစ်သွားခဲ့ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသာ ဒီကနေ့ရှိနေရင်တော့ စစ်ကျွန်ခေတ်မှာ space ရချင်သူတွေကို "ရွှေပြည်တော် မကိုဋ်မန်းတွင်မှ၊ သိုကန်းတခါ ကြုံခဲ့သမို့၊ ရာဇဂုဏ် တံခွန်မလှစ်နိုင်တဲ့၊ ကျွန်ခေတ် လူရာမဝင်ချင်သနဲ့…" လို့ ထပ်ပြောမှာသေချာပါတယ်။

နအဖ လက်အောက်မှာ ပါတီရပ်တည်ရေး စဉ်းစားသူတွေကိုလဲ "ရှင်ဘုရင်လုပ်ချင်ရင် စန္ဒဂုတ်လို သတ်ရဲ ဖြတ်ရဲမှ၊ တေမိလို ငရဲ ကြောက်နေသူ ရှင်ဘုရင်မဖြစ်နိုင်" လို့ပြောမှာဖြစ်သလို ကျွဲပါးစောင်းတီးဖြစ်နေရင်လည်း "ဒို့ ဗမာပြည် ဒါလောက်ကလေး လွတ်လပ် တာဟာ လူငယ်တွေကြောင့်၊ လူကြီးတွေအလိုသာဆိုရင် အရိမေတ္တယျ ပွင့်တော်မူတောင် မလွတ်လပ်ဘူး" ဆိုတဲ့စကားမျိုး ထပ်ပြော အုံးမှာဖြစ်ပါတယ်။

ဂါမဏိ

ပန်းချီ.. တင်ကိုကိုဦး
ရင်းမြစ်။ ။နေ့သစ်

0 comments:

Post a Comment