Saturday, February 12, 2011

တိုင်းပြည်အတွက် ညီညွတ်ကြပါရန် ဒေါ်စု တိုက်တွန်း

တိုင်းပြည်တွင် လိုအပ်နေသည့် တိုင်းရင်းသားများ ညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စနေနေ့တွင် တိုက်တွန်းလိုက်သည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးချုပ်၌ ကျင်းပခဲ့ရာ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

’’ကျမတို့နိုင်ငံမှာ ဆိုလို့ရှိရင် အင်မတန်မှ ညီညွတ်ရေးကို လိုအပ်နေပါတယ်။ ... ကျမတို့အားလုံးဟာ မှန်မှန်ကန်ကန်နဲ့ တကယ့်ကို ညီညွတ်တဲ့ ပြည်ထောင်စုကြီး ထူထောင်ဖို့ ဒီနေ့ ပြည်ထောင်စုနေ့မှ သံဓိဋ္ဌာန်ချဖို့ လိုပါတယ်။ ဒီလိုပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုတာ တိုင်းရင်းသားများအားလုံး ပါဝင်ဖို့ လိုပါတယ်’’ ဟု
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသူများက ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်လာသူများက ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

မနက် ၈ နာရီတွင် နွေဦးအိုးဝေ နံရံကပ်စာစောင်ဖွင့်ပွဲကို ကဗျာဆရာ ဖျာပုံနီလုံဦးနှင့် မုံရွာအောင်ရှင်က ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှ NLD အဖွဲ့ဝင်များက ကရင်ဒုံယိမ်းအက၊ ရန်ကုန်တိုင်းမှ မြန်မာအိုးစည်ဝိုင်းနှင့် ရှမ်းပြည်နယ်မှ NLD ပါတီဝင်များက ရှမ်းရိုးရာအကဖြင့် ဖျော်ဖြေခဲ့ကြပြီး၊ ပြည်ထောင်စုနေ့ အခမ်းအနားကို မနက် ၁၁ နာရီတွင် စတင်ကျင်းပခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ညီညွတ်ရေး၏ အခြေခံလိုအပ်ချက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်သဖြင့် အဆိုပါ ဥပဒေစိုးမိုးရေးကို လုပ်ဆောင်ပါရန်လည်း ပြောဆိုခဲ့သည်။

၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မစတင်ခင် NLD ရုံးချုပ်ရှေ့ တွေ့ရသည့် မြန်မာအိုးစည်အဖွဲ့ (ဓာတ်ပုံ - မဇ္ဈိမ)
၆၄ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား မစတင်ခင် NLD ရုံးချုပ်ရှေ့ တွေ့ရသည့် မြန်မာအိုးစည်အဖွဲ့ (ဓာတ်ပုံ - မဇ္ဈိမ)
NLD သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က “ဒီမိုကရေစီနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စု စိတ်ဓာတ်တွေ ရှင်သန်အောင် လုပ်ရမယ်၊ အဲဒီလို ရှင်သန်အောင်လုပ်တဲ့ အချိန်မှာ တရားဥပဒေစိုးမိုးဖို့ လိုအပ်တယ်၊ တရားဥပဒေ ရှေ့မှောက်မှာ တိုင်းရင်းသားအားလုံး အညီအမျှ ခံစားပိုင်ခွင့် ရှိရမယ်တဲ့” ဟု မဇ္ဈိမကို ပြောသည်။

NLD ခေါင်းဆောင်များနှင့် ပါတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များ၊ ၀ါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊ သံတမန်များသာမက ပြည်နယ်အချို့မှ တိုင်းရင်းသားများကလည်း ရိုးရာဝတ်စုံများဖြင့် အခမ်းအနားတက်ခဲ့ရာ စုစုပေါင်း လူဦးရေ ၄၀၀ ကျော် ရှိသည်။ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက အခမ်းအနား သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သည်။

တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ)
တိုင်းရင်းသား ရိုးရာဝတ်စုံများဖြင့် အခမ်းအနား တက်ရောက်လာသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ (ဓာတ်ပုံ - မဇ္ဈိမ)
ဒေါ်အောင်ဆန်းစုကြည်က “အရင် ၆၄ နှစ်တုန်းကဆိုရင် ကျမတို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများဟာ အဆန်းအသစ်ဖြစ်တဲ့ ပြည်ထောင်စုဆိုတဲ့ ကိစ္စကို အားလုံးလက်တွဲပြီးတော့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတယ်။ ဒီအသစ်အဆန်း အတွေးအခေါ်ကို မိမိရရ ဆုပ်ကိုင်ပြီးတော့ ရဲရဲဝံ့ဝံ့ အကောင်အထည် ဖော်ခဲ့ကြတယ်။ အဲဒီတော့ ကျမတို့က ဆက်လုပ်ကြရမယ်။ အတွေးအခေါ်သစ်တွေနဲ့ ကျမတို့ ရင်ဆိုင်ရမယ်။ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကို သတ္တိရှိရှိနဲ့ လုပ်ရမယ်’’ ဟု တိုက်တွန်းစကား ပြောကြားခဲ့သေးသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ NLD ပါတီ အမျိုးသမီးတာဝန်ခံ မမိမိခိုင်က “အန်တီစုက ပြောတဲ့ စကားထဲမှာ ဘယ်အရာကိုပဲဖြစ်ဖြစ်၊ ကိုယ်လုပ်မယ်ဆိုတဲ့အခါမှာ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးမျိုး ဘယ်တော့မှ မတွေးနဲ့၊ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ စိတ်နဲ့ လုပ်ပါတဲ့။ ဒီစကားလေးတခွန်းကို ကျမအနေနဲ့ အရမ်းကို သဘောကျတယ်။ အဲဒီစကားကို အမြဲတမ်း လိုက်နာဆောင်ရွက်မယ်လို့ ကျမ ဆုံးဖြတ်ထားပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူနိုင်ရန်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံ၌ အစည်းအဝေး ကျင်းပခဲ့ရာ ထိုနေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

sources: : www.mazzimaburmese.com

ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် NLD ကျောင်းသုံးပစ္စည်းအလှူ အာဏာပိုင်တွေ ငြင်းပယ်

ဖေဖော်ဝါရီ၁၃ရက်နေ့မှာ ကျရောက်မဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ အထိမ်း အမှတ်အတွက် NLDပါတီက ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ မူလတန်းကျောင်းအချို့ကို ဒီရက်ပိုင်း အတွင်း ဗလာစာအုပ် လိုက်လံဝေငှ လှူဒါန်းနေတာကို အထက်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက် အရဆိုပြီး တချို့ကျောင်းတွေက လက်မခံပဲ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ် ။


မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်အနီးရှိ ပျဉ်းမနားတွင် စိုက်ထူထားသော ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ဖြစ်ပါသည်။ (Photo: AFP)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပြုချက်အရ ရန်ကုန်တိုင်း မြောက်ပိုင်းမြို့နယ်တွေ ဖြစ်တဲ့ မင်္ဂလာဒုံ၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး စတဲ့ ၄ မြို့နယ်တွင်းက မူလတန်း ၂၅ ကျောင်းကို ဗလာစာအုပ် ဒါဇင်ပေါင်း ၂၄၀၀ လိုက်လံ ဝေငှခဲ့ရာမှာ အစပိုင်းကျောင်းတွေက လက်ခံခဲ့ပေမဲ့ နောက်ပိုင်း ကျောင်းတွေ ငြင်းပယ်လာတာကို ကြုံရတယ်လို့ စာအုပ်လိုက်ဝေရာမှာ ကိုယ်တိုင်ပါခဲ့သူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
“ကျွန်မတို့ မင်္ဂလာဒုံမြို့နယ်မှာလည်း ဒေါ်ခင်ဌေးကြွယ်တို့ ဦးဆောင်ပြီးတော့မှ ၁၂ ကျောင်းလောက်အထိက အေးအေးဆေးဆေးပဲ၊ ၁၃ ကျောင်းမြောက်မှာကျတော့ ဘာပြောလဲဆိုတော့ သူတို့ လက်မခံပါရစေနဲ့၊ ပညာရေးမှူးထံကို လှူပေးပါ၊ ပညာရေးမှူးကနေ ဝေပေးပါမယ် ဆိုပြီး ပြောတယ်။ ပြောတော့ ဒေါ်ခင်ဌေးကြွယ်ကနေပြီးတော့ ပညာရေးမှူးဆီ ဖုန်းဆက်တယ်။ ဘာကြောင့် ဒီလိုပြောရလဲဆိုတော့ ပညာရေးမှူးက သူ့သဘောနဲ့သူ မပြောရဲပါဘူးတဲ့၊ အထက်က အမိန့်လာလို့ပါလို့ ပြောတယ်။”
အခုလို NLD ပါတီရဲ့ ဗလာစာအုပ်အလှူအတွက် ကျပ်ငွေသိန်း ၁၀၀ နီးပါး အသုံးပြုခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ် အရင်က သတ်မှတ်ခဲ့ပါတယ်။

sources: : RFA