Monday, February 22, 2010

ဗမာတယောက် နိုဗယ်ဆုရတော့မည်....

“ဗမာတယောက် နိုဗယ်ဆုရတော့မည်။”
အဲဒီလိုဆိုရမှာပဲ။ ဘယ်နှယ် …အောက်ကသတင်းဖတ်ကြည့်ပါလား။ နိုဗယ်ဆုတင်မဟုတ်..။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်နိုင်ကြောင်းပါ။
ဒါတင်လည်းမဟုတ်..။ နိုင်ငံတိုင်းရဲ့ခေါင်းဆောင်တွေ ခေါ်တွေ့မေးရမဲ့သူဖြစ်သွားနိုင်ကြောင်းပါ။ ဆိုတော့ …ဒီကမ္ဘာမှာ အကျော်ကြားဆုံးသူ ဖြစ်ဦးမယ်ဆိုပါတော့…။
သတင်းက အင်တာနက်ထဲလိုက်နှီုက်ရင်း တွေ့တာပါ။ သုံးသတ်ချက်တွေကတော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာလည်းတက်နေပါပြီ။
ကျုပ်တို့က အမေရိကနေတဲ့ မီဒီယာဆိုတော့ တကယ်သာဟုတ်ခဲ့ရင် အရိုးအရင်းလေးကိုက်ရလိုကိုက်ရငြား…အကူအညီပေးချင်လို့ ဆိုပါတော့။
အဲဒီပညာရှင်(ဦးစိုင်းသန့်ဇင်)ကိုလည်း ဘယ်လိုဆက်သွယ်ရမှန်းမသိတော့ ဒိကပဲ ရေးလိုက်ပါတယ်။
မူပိုင်ခွင့်၊ မှတ်ပုံတင်တာ။ ကမ္ဘာအဆင့်မှတ်ပုံတင်တာ။ နိုဗယ်ဆုတင်ပေးတာတွေ အားလုံး မန္တလေးဂေဇက်ကလုပ်ပေးနိုင်တယ်လို့ ပါ..လို့။
ပြောရရင် ကျုပ်လည်း လောကဓါတ်ပညာ နည်းနည်းပါးပါးတီးခေါက်မိတော့ အခုဖြစ်စဉ်ကြီးက သိပ်ပံဥပဒေသတွေ ချီုးဖေါက်နေတာမျိုးလို့ ထင်မိပါတယ်။
အခုဟာက ရွက်သဘောင်္ပေါ် ပန်ကာကြီးတင်ပြီး ပန်ကာလေနဲ့ ရွက်လွှင့်သလိုမျိုး ဖြစ်နေသလားပါပဲ။ စွမ်းအင်ကို စိုက်ထုတ်ပေးလိုက်တာထက် အလိုအလျှောက်အပိုထွက်နေတော့လေ။
သတ္ထုတမျိုးမျီုးကနေ စွမ်းအင်ယူနေရင်တော့ မပြောတတ်ပါဘူး။ သတ္ထုက ယူရေနီယံတော့  မဟုတ်လောက်ဖူးထင်ပါရဲ့။ဆိုတော့..။
အရှေ့ အလယ်ပိုင်းက ရေနံထုတ်သူတွေလည်း ငတ်ကိန်းပဲ။ အိုဘားမားလည်း အခုဆောက်တော့မယ် ဘီလီယန်ချီတန်တဲ့ နူစွမ်းအင်စက်ရုံစီမံကိန်းတွေ ပိတ်ပစ်ပေတော့ပဲ..။
လွန်ခဲ့တဲ့ ၂၅နှစ်လောက်က သာမိုဒိုင်ဒနမစ်ရဲ့ ဇီးရိုးလောကို ဆန့်ကျင်တဲ့ နည်းပညာတခု ဆိုဗီယက်(အခုရုရှား) ကတွေ့ဖူးတယ်။
အဲဒါက သံလိုက်မှုန်တွေကို အရည်တမျိုးထဲထည့်ပြီး မွှေပေးလိုက်တယ်ဆိုပါစို့။  ရုံးကန်ရင်း မရပ်မနားလှုပ်ရှားနေရောတဲ့။ သံလိုက်က အချင်းချင်းတိုးတွန်းတော့ အပူထွက်တယ်။အဲဒီအပူကို စွမ်းအင်အဖြစ်သုံးတာမျီုးပဲ။
ကားအင်ဂျင်နေရာထားလိုက်ရင် လောင်စာထည့်စရာမလိုတဲ့ စွမ်းအင်ထုတ်အင်ဂျင်တခုရမယ်ပေါ့။
အဲဒီနည်းပညာနဲ့ ဗမာပြည်ကတောင် ဒေါက်တာဘွဲ့ ရခဲ့သူရှိသေးတယ်။ နောက်တော့လည်း ဘာကဘယ်လိုဖြစ်တယ်မသိ။ အသံမကြားရတော့ပါဘူး။အဲဒီဒေါက်တာဘွဲ့ရထားတဲ့ ဆရာမလည်း အခု ဆန်ဖရမ်စစ်စကိုမှာရှိတယ်လို့ ကြားပါတယ်။
အခုကတော့ နည်းပညာအရာမှာ နောက်တန်းအရောက်လွန်လို့ နောက်ကတွက်ရင် နံပါတ်၁၀ထဲချိတ်နေတဲ့ ဗမာပြည်ကတွေ့ရှိချက်ဆိုတော့ကာ…
ဘာပြောရမှန်းကို မသိတော့လို့ အခုလိုပဲ …ကူညီလုပ်ကိုင်ပေးနိုင်ဖို့ လေသံပစ်လိုက်ရတာပါပဲ။ ပါမောက္ခတယောက်ရဲ့ နာမယ်ပါပါနေတော့..အရင်တွေ့ရှိထားတဲ့ တွေ့ရှိချက်ဟောင်းမဟုတ်ပဲ..အသစ်တွေ့ရှိချက်လို့ ..သေချာတဲ့ဖက်က တွက်ကြည့်မိပါတယ်။
အဲဒါမျီုးကို သေချာရင် ကမ္ဘာအဆင့် မှတ်ပုံတင်ဖို့ ဆိုတာက..ငွေကြေးတော်တော်ကုန်ပါတယ်။ သူများမခိုးယူနိုင်အောင် မီဒီယာတွေမှာ အရင်လွှင့်တင်ရတာပါ။
အဲ..အဲဒီလို မီဒီယာတွေမှာတင်ရင် ရှေ့က တွေ့ဖူးသူတွေ ဘာတွေထွက်လာတတ်သမို့ ..လုပ်သင့်တာလုပ်ရတာလို့ လည်း မြင်ပါတယ်။
ဘာဖြစ်လို့ လည်းဆိုတော့ ..မူပိုင်ခွင့်တင်ရင်လည်း ပန်းဒင်း(စောင့်ရန်) ဆိုတာကြီးနဲ့ နှစ်ရှည်စောင့်ရပြီး မူရင်းထီထွင်ထားသူရှိမရှိ။ ကန့်ကွက်မဲ့သူရှိမရှိ စောင့်ကြရတာမဟုတ်ပါလား..။
အောက်မှာ မူရင်းသတင်းကော်ပီကူးတင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ပြီး ရှယ်ယာပါချင်ရင် ဆက်သွယ်လိုက်ကြပါဦး။

လျှပ်စစ်နည်းပညာသစ်တစ်ခု တီထွင်အောင်မြင်

မန်းသားလေး
အတွဲအမှတ် (၂၃ ၊ အမှတ် ၄၅၄)

တီထွင်အောင်မြင်ခဲ့သည့် လောင်စာမဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ဦးစိုင်းသန့်ဇင်ကလက်တွေ့စမ်းသပ်ပြနေစဉ်။(ဓာတ်ပုံမန်းသားလေး)
တီထွင်အောင်မြင်ခဲ့သည့် လောင်စာမဲ့ လျှပ်စစ်ထုတ်လုပ်မှုကို ဦးစိုင်းသန့်ဇင်က လက်တွေ့စမ်းသပ်ပြနေစဉ်။
အိုဇုန်းလွှာပျက်စီးခြင်း၊ ကမ္ဘာ့ရေနံ နှင့် လောင်စာဆီရှားပါးမှုပြဿနာကို ကာကွယ်ရန် လောင်စာမဲ့ လျှပ်စစ်နည်း ပညာသစ်ကို တီထွင်အောင်မြင် နိုင်ခဲ့ပြီ ဖြစ်ကြောင်း ယင်းနည်းပညာကို တီထွင်ခဲ့သော ဦးစိုင်းသန့်ဇင် က ဇန်န၀ါရီလ ၂၅ရက်နေ့တွင် ပြောသည်။
“ဒီနည်းပညာက ဘယ်သူမှ မတီထွင် နိုင်သေးပါဘူး။ ကျွန်တော်လည်း နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာအောင် ငွေကုန်ခံ၊ လူပင်ပန်းခံ၊ မိသားစုကို စွန့်လွှတ်ပြီး ရှာဖွေ တီထွင်ခဲ့တာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ လျှပ်စစ်လိုအပ်ချက်ကို ပြည့်သွားရုံ တင်မကဘဲ ပိုတောင်ပိုပါသေးတယ်” ဟု ၎င်းကပြောသည်။
လောင်စာမဲ့လျှပ်စစ်နည်းပညာသစ် ဆိုသည်မှာ လျှပ်စစ်အနည်းငယ်မှ လျှပ်စစ်များစွာကို ချဲ့ထွင်ပြီး ဘွိုင်လာ၊ တာဘိုင်၊ ဂျင်နရေတာနှင့် တွဲဖက် အသုံးပြုကာ စွမ်းအားပမာဏ ကြီးမားစွာ ထုတ်လုပ်နိုင်သော လျှပ်စစ်ထုတ်စက်ကို တီထွင်အသုံးပြုခြင်း ဖြစ်သည်။အဆိုပါ နည်းစနစ်အတွက် မည်သည့် လောင်စာမှ အသုံးပြုခြင်း မရှိပေ။ဘွိုင်လာကို ဆူစေပြီး တာဘိုင်နှင့် တွဲကာဂျင်နရေတာတပ်လျှင် မီးစက် ဖြစ်သည်။
ထိုဂျင်နရေတာကို ပန်ကာ တပ်လျှင် သဘောင်္ ပြန်ဖြစ်သွားသည်။ထို့ကြောင့် ထိုစနစ်နှင့် လောင်စာမဲ့ သဘောင်္များ သွားလာနိုင်သည်။တစ်ချိန်က အသုံးပြုခဲ့သော မီးသဘောင်္များ အတိုင်း သွားလာ နိုင်သည်။
လောင်စာမဲ့ ဆိုသည့်အတွက် ထိုသဘောင်္တွင် မည်သည့် လောင်စာကိုမှ တင်စရာ မလိုတော့သည့်အတွက် ၀န်အား သက်သာ သွားမည်။ ကုန်ကျစရိတ်သက်သာပြီး လုပ်ငန်းပိုမို အဆင်ပြေမည် ဖြစ်သည်။ မီးရထားတွင်လည်း ကျောက်မီးသွေး စက်ခေါင်းကဲ့သို့ ဘွိုင်လာစက်ခေါင်း အဖြစ်ပြန်တပ်ဆင် အသုံးချနိုင်သည်။
  “လျှပ်စစ်မီးထွက်ဖို့ လောင်စာအနေနဲ့ ဘာလောင်စာဆီမှ မလိုပါဘူး။ ဓာတ်ဆီ၊ ဒီဇယ်၊ ကျောက်မီးသွေးနဲ့ ဂက်စ်တွေ အသုံးပြုစရာ မလိုဘဲ ကျွန်တော်တီထွင်ထားတဲ့ နည်းပညာထဲကနေ ထွက်တာနဲ့ လျှပ်စစ်တွေဟာ လိုချင်သလောက် ရနိုင်ပါတယ်။ ဒီနည်းပညာကို အခုထိတော့ နာမည် မပေးရသေးဘူး။ လောလောဆယ်တော့ ကျွန်တော်က လောင်စာမဲ့ လျှပ်စစ်စွမ်းအင်နည်းပညာလို့ ပေးထား ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ဆိုသည်။
ဦးစိုင်းသန့်ဇင်သည် ယင်းနည်း ပညာကို၎င်း၏ဆရာဖြစ်သူဦးကျော်ဝင်း ထံမှ အမွေဆက်ခံခဲ့ခြင်းဖြစ်သည်။
ဦးကျော်ဝင်းသည် လွန်ခဲ့ သည့် နှစ်၃၀ ကျော်ချိန်ကတည်းက အဆိုပါနည်း ပညာကို စမ်းသပ်တီထွင်ခဲ့ကာ လိုအပ်သည့် အချက် လက်များကို ပြန်လည် ဖြည့် ဆည်းနေချိန် ၂၀၀၁ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
“ဆရာနဲ့ကျွန်တော် စလက်တွဲတုန်းက ၁၉၉၃ခုနှစ်ကပါ။အဲဒီအချိန်တုန်းက ဆရာမှာ တပည့်မရှိသေးပါဘူး။ ဆရာ အဲဒီစက်ကို တီထွင် နေတုန်းပဲ။ ကျွန်တော့်ကိုလည်း သုံးနှစ်လောက် လေ့လာပြီးမှ ဆရာက သူ့အနားကပ် ခွင့်ပေးတာ။ အဲဒီအချိန်ထိ ကျွန်တော်ဟာ ဆရာ့ဆီက နည်းပညာတွေကို အကုန်မရခဲ့သေးပါဘူး။ ဆရာ့နည်း ပညာကိုလည်း ကျွန်တော်လုပ်စားဖို့ စိတ်မ၀င်စားခဲ့ဘူး။ ဆရာ့ ပညာကိုလည်း ကျွန်တော်လိုက်မမီပါဘူး။ ဆရာဆုံးတော့ ဆရာ့ပညာကို အမွေဆက်ခံမယ့် လူမရှိတာနဲ့ ကျွန်တော်အရဲစွန့်ပြီး လုပ်ခဲ့ တာ။ကျွန်တော် ထင်မထားပေမဲ့ အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်” ဟု ဦးစိုင်းသန့်ဇင်က ပြောသည်။
“ကျွန်တော် ဆရာ့ဆီမှာ လုပ်ကတည်းက ဆရာက နည်းပညာတွေ ပြောပြတယ်။ ကျွန်တော်က တပ်ဆင်ပေးရတယ်။ နောက်ပိုင်း ဒီနည်းစနစ်ရဲ့ လုပ်နည်းလုပ်ဟန်တွေကို ကျွန်တော် အကုန်သိ နားလည်တယ်။ ၀ှက်ဖဲတွေကိုလည်း သိလာတယ်။ ဆရာမရှိတော့ ပေမယ့်လည်း နောက်ပိုင်းကိုယ့်ဘာသာ ကိုယ်ဆင်လိုက်တာ လေးလုံးမြှောက်မှာ မီးထွက်တယ်။ အဲ ၁၉၉၉ခုနှစ်ကတော့ လျှပ်စစ် မီးထွက်တယ်။ ဒါပေမဲ့ အသုံးပြုတဲ့ ပစ္စည်းတွေက သူ့ဟာနဲ့ သူမဟုတ်တော့ မီးထွက်မမှန်ဘူး။ ဒါကို နည်းပညာတစ်ခုနဲ့ထပ်ပြီး စမ်းသပ်တာရယ် ငွေမရှိတာတွေကြောင့် ပိုကြာ သွားတာပါ” ဟု ရှင်းပြသည်။
“ဓနအင်အားပြည့်စုံတဲ့လူကသာ မတည်ရင်းနှီးငွေ ထည့်မယ်ဆိုရင် ဒီ လောင်စာမဲ့လျှပ်စစ်နည်းပညာသစ်ကို အခြေခံပြီး နောက်ထပ် နည်းပညာများ ထပ်မံပေါ်ထွန်းလာဦးမှာပါ” ဟု ၎င်း က ပြောသေးသည်။
ဦးစိုင်းသန့်ဇင်သည် ကျိုင်းတုံ ဇာတိ ဖြစ်ပြီး အသက်၅၃နှစ်ရှိပြီ ဖြစ်သည်။ ငယ်စဉ်ကတည်းက စက်မှုနည်းပညာ ကို စိတ်ဝင်စားပြီး ကားများ၏စက်ပိုင်း ဆိုင်ရာကို တာဝန်ယူပြုပြင်ခဲ့ရသည်။ ကိုယ်ပိုင်ဂျစ်ကားများမှ ဂျစ်ဘီလူးအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။
ယခင်က ကျောက်တွင်း ၄၅တွင်းနှင့် စိုက်ခင်း ဧက၂၀၀ကျော်ကို ပိုင်ဆိုင်ထားသော ကုမ္ပဏီ ပိုင်ရှင်တစ်ဦး ဖြစ်သည်။အဆိုပါပိုင်ဆိုင်မှုများကို အဆုံးရှုံးခံကာ ဤနည်းပညာကို ဇွဲ၊ လုံ့လ၊ တို့ဖြင့် အနစ်နာခံ တီထွင်ခဲ့ခြင်းဖြစ်သည်။ကမ္ဘာပေါ်တွင် အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သော နည်းပညာ(၅)မျိုးရှိသည့်အနက် ယခု လက်ရှိတွင် နိုင်ငံတော်တော် များများ အသုံးပြုနေသော ရေဖိအားသုံး တာဘိုင်စက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းသည်ရေရှည်တွင်ကုန်ကျ စရိတ် သက်သာ ထိရောက် သော်လည်း စတင်တည်ဆောက်ချိန်တွင် တည် ဆောက်စရိတ် အလွန်ကြီးမားသည်။
လောင်စာအတွက် အခက်ခဲမရှိ သော်လည်း ရေရင်းမြစ်ပေါကြွယ်ဝသည့် သဘာဝမြစ်၊ချောင်း၊ ရေတံခွန် များရှိနေရမည့်အပြင် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည့် ရေမြေသဘာဝ ပထ၀ီအနေထား ကန့်သတ်ချက်များ၊ ရေအားလျှပ်စစ်ထုတ်လုပ်မည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးမှုကြောင့် တည်ဆောက်ထားသည့် နေရာနှင့် အနီးဝန်းကျင် မြို့များသာ ပိုမိုသုံးစွဲနိုင်သည်။
အချို့မြို့များကို လျှပ်စစ်ပေးရာတွင် မိုင်ပေါင်းများစွာ ဝေးကွာမှုကြောင့်တည်ဆောက်စရိတ်ကြီးမားကာ လိုသလောက် မရနိုင်ပေ။လောင်စာမဲ့လျှပ်စစ်ထုတ်လုပ်ခြင်းသည် သဘာဝဘေးဆိုးများ၊ သဘာဝ ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုနှင့် ဆူညံမှုတို့ဘေးမှ ကင်းဝေးသည်။ယခုလောင်စာမဲ့လျှပ်စစ်မှာ အဆိုပါ နည်းစနစ်များထက် ငွေကုန်ကြေးကျ သက်သာကာ မည်သည့်အားနည်းချက် မျှမရှိပေ။ ပေ ၁၀၀ ထ ၅၀ ရှိသည့် နေရာတွင် လျှပ်စစ်ထုတ်ကာ တစ်မြို့လုံးကို ၂၄နာရီ ပတ်လုံး မီးအလင်းပေးနိုင်သည်။ ၁မဂ္ဂါဝပ်တွင်ဝပ်တစ်သန်းရှိ သည့်အတွက် ၀ပ်သန်းနှစ်ဆယ် ဆိုပါက မြို့လေးတစ်မြို့ကို မီးအလင်းပေး နိုင်သည်။အဆိုပါစက်မှာ ရှိရင်းစွဲပင်ရင်းမှ ထွက်လာသောအားကို ၁၀ဆပို ထုတ်လုပ်မည်ဖြစ်သည်။ ဥပမာ ၁၂ကီလိုဝပ် ရှိ မီးစက်အင်ဂျင်မှ ရှိရင်းစွဲလျှပ်စစ်ကို ယူပြီး ၁၀ဆပွားလိုက်လျှင် ကီလိုဝပ် ၁၂၀ ထွက်သည်။ ၀ပ်အားဖြင့် တွက်လျှင် ရှိရင်းစွဲ ၀ပ်၁၂,၀၀၀ကနေ ၀ပ် ၁၂၀,၀၀၀ ထွက်သည်။ ထိုထဲမှ ၀ပ် ၅၀,၀၀၀ကို ကောင်းကောင်း အသုံးပြု နိုင်သည်။ယခုလက်ရှိ နမူနာတပ်ဆင်ထားသော လျှပ်စစ်ထုတ်လုပ်သည့် စက်မှာ Nichrome (နီကရုန်း)ကြိုးများ တပ်ဆင်ထားသည်။ယင်းကြိုးများမှာ တစ်ကြိုးလျှင် လျှပ်စစ်ဓာတ်အား ၃,၆၀၀မှ ၄,၈၀၀အတွင်း ထွက်ရှိသည်။ အဆိုပါ ကြိုးမျိုး ၁၂ချောင်း ဆင်ထား သည်။ ထိုအတွက် လိုအပ်သည့် လျှပ်စစ်ကို 12KV ရှိသည့် မီးစက်မှအားကို ဖန်တီးယူထားခြင်း ဖြစ်သည်။
12KV မီးစက်ကိုနှိုးပြီး တီထွင်ထားသည့် နည်းပညာပုံးထဲမှ ဖြတ်ကာ ဘွိုင်လာ၏ လိုအပ်သည့် နီကရုန်း ကြိုးများဆီသို့ ပေးပို့မည် ဖြစ်သည်။ဥပမာ ဘွိုင်လာမှ နီကရုန်းကြိုး အချောင်း၁၀၀လိုလျှင် အချောင်း ၁၅၀ ဆင်ထားမည် ဖြစ်သည်။ တစ်ချောင်း ပျက်လျှင် ထို၅၀ထဲမှ တစ်ချောင်းကို On လိုက်မည် ဖြစ်သည်။ ထို့အတွက် စက်ကို ရပ်ဖို့ မလိုတော့ပေ။
      ဘွိုင်လာရှိ PSI ဘားက အရှိန် ၁၂၀ ရောက်မှ ယန္တရားလည်မည်ဆိုပါက ၁၂၀ လွှတ်ပြီး ၂၀၀နှင့်မှ ရုန်းပါက ၂၀၀လွှတ်မည်ဖြစ်သည်။ ဘားပွင့်မှသာ ရေနွေးငွေ့ တာဘိုင်လည်မည်ဖြစ် ပြီး ဖိအားဖြင့် ဒလက်များလည်စေကာ လျှပ်စစ်ထုတ်ယူမည်ဖြစ်သည်။“ပထမလျှပ်စစ်ပေးထားတဲ့ 12KV ကိုလည်း ယန္တရားကြီး လည်သွားတာ နဲ့အနားပေးလို့ရပါပြီ။ Recycle ပြန် သုံးတဲ့သဘောပါ”ဟု ဦးစိုင်းသန့်ဇင် က ၄င်းလုပ်ငန်းခွင်ကို ရှင်းပြသည်။
မူလပင်ရင်း ရှိရင်းစွဲမှ 12KV မှ ၀ပ် အား၁၂,၀၀၀သာ ရှိသည်။ ထို မီးစက် အင်ဂျင်မှ မူလ လျှပ်စစ်ကို ၀ပ်၁၀,၀၀၀ လောက်ယူပြီး ဖန်တီးထားသောစက်ထဲ ထည့်ကာ ဆင့်ပွားနည်းပညာဖြင့် ပြန်လည် ထုတ်လုပ်လိုက်သည့်အခါ မီးများမှာ အဆိုပါ နီခရုန်း ကြိုး၁၂ ချောင်းမှ တစ်ချောင်းလျှင် ၀ပ် ၃,၆၀၀နှင့် ကြိုး ပေါင်း ၁၂ချောင်း စုစုပေါင်း ၀ပ် ၄၃,၀၀၀အား ပြန်လည် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
“မကြာခင်မှာ ကျွန်တော် စက်ရုံထောင်မယ်။ ဒီနည်းပညာနဲ့ ကမ္ဘာ့မူ ပိုင်ခွင့်ကို လှမ်းမယ်။ မြန်မာနိုင်ငံကို အကျိုးပြုမယ်။ ဒါဆို ကျွန်တော့် အခန်း ကဏ္ဍတွေ ပြီးဆုံးသွားပြီ။ ဒီထက်ပို ကောင်းအောင်တော့ နောင်လာနောင်သားတွေကိုဘဲ အားထားရတော့မှာပါ” ဟု ဦးစိုင်းသန့်ဇင်ကဆိုသည်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုမှာမဂ္ဂါဝပ်၁,၅၀၀ရှိပြီး အနည်းဆုံး မဂ္ဂါဝပ် ၁,၂၀၀လောက် ရရှိလျှင် အဆင်ပြေ သည်ဟု သိရသည်။
ယခုလက်ရှိတွင် မြန်မာနိုင်ငံတွင် အမှန် တကယ်လျှပ်စစ်ရရှိမှုမှာ အနည်းဆုံး ၃၅၀မဂ္ဂါဝပ်မှ အများဆုံး ၅၈၀မဂ္ဂါဝပ် ထိသာရှိသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံး လိုအပ်သည့်မဂ္ဂါဝပ်ထက် အမှန်တကယ် သုံးစွဲမှုမှာ သုံးပုံ တစ်ပုံ သာရှိသည်။
လောင်စာမဲ့လျှပ်စစ်နည်းပညာဖြင့် ထုတ်လုပ်မည်ဆိုလျှင် မြို့တစ်မြို့တွင် မဂ္ဂါဝပ် ၄၀ လိုသည် ဆိုပါက ပေ၁၀၀ ၀န်းကျင်ခန့်ရှိသည့် နေရာတွင် ၂မဂ္ဂါ ၀ပ်ရှိသည့်စက်အလုံး၂၀တပ်ဆင်ထားပါက၄၀မဂ္ဂါဝပ်ရရှိမည်။
သို့ဆိုလျှင် မြန်မာတစ်နိုင်ငံလုံး လို အပ်နေသည့် လျှပ်စစ်ကို ယခုကဲ့သို့ တီထွင် ဆပွားရင်း အသုံးပြုသွားမည် ဟုဆိုသည်။ယင်းနည်းပညာ၏ အောင်မြင်မှု အခြေအနေကိုမှ ပရော်ဖက်ဆာ ဒေါက်တာစိန်မြင့်တို့ အဖွဲ့က ဇန်န၀ါရီ လ၁၉ရက်နေ့တွင် လာရောက် လေ့လာပြီး နည်းပညာမှန်ကန်သဖြင့် ဦးစိုင်းသန့်ဇင်နှင့် ပူးပေါင်းလိုကြောင်း ကမ်းလှမ်းထားသည်။
“ဒီပညာရှင် လောကမှာ ဘယ်လိုမှ မဖြစ်နိုင်တာကို ဖန်တီးနိုင်ခဲ့တယ်။ လျှပ်စစ်မှာလော့စ်ရှိတယ်။ ကျွန်တော်တို့က သီအိုရီ သဘော အရဆို သူ့ကို ဘယ်လိုမှ လက်ခံလို့ မရဘူး။ ဒါကလည်း သူတီထွင်ထားတာ အောင်မြင်ခဲ့လို့သာ။ သူအခုချိန်မှာ ဒီလို လုပ်ချင်ပါ တယ်လို့ ပြောရင် သူ့ကို စိတ်မှ ကောင်းသေးလားလို့ လူတွေ အထင်သေးကြမှာ အမှန်ဘဲ။ သူလည်း မအောင်မြင်တုန်းကတော့ ကြုံခဲ့မှာပါ။ အခုတော့ သူဒီနည်းပညာကို အောင်မြင်သွားပြီ” ဟု တရုတ်ပညာရှင် တစ်ဦးက ပြောသည်။
http://www.myanmar.mmtimes.com/2010/upper/454/upper01.html??????????

ရန်ကုန်မြို့ အား ကျောက်မီးသွေးဖြင့်မီးပေးမည်ဆိုလျှင် ပြည်သူများကြုံတွေ့ရနိုင်သော ဆိုးကျိုးများ

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ - နအဖက တရုတ်နိုင်ငံနဲ့ ပေါင်း၍ ရန်ကုန်မြို့ကို ကျောက်မီးသွေးနဲ့ မီးပေးဖို့  စီစဉ်နေတာနဲ့ ပတ်သက်ပြီး - လျှပ်စစ်မီး မရှိဘဲ အမှောင်ထဲမှာ နေနေကြရတဲ့၊ လျှပ်စစ်မီး မလာလို့  ရေကအစ ဆက်စပ်နေတဲ့ အခက်အခဲတွေအားလုံးကို ကြာမြင့်စွာ ဒုက္ခရောက်နေကြရတဲ့ ပြည်သူလူထုတွေကတော့ လျှပ်စစ်မီးရတော့မှာဘဲလို့  စိတ်ကူးလေးနဲ့  ပျော်ရွှင်ကောင်း ပျော်ရွှင်မှာကို ပြည်သူတွေအတွက် ကိုယ်လည်း စိတ်ကူးလေးနဲ့ ပျော်မိပါတယ်။ သို့ သော်လည်း …ဒါပေမယ့် နအဖရဲ့  လျှပ်စစ်စီမံကိန်းကြီးတွေကတော့ သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်လို့  ပြောတဲ့ ဟာသလို အပြင်မှာလည်း တကယ် လျှပ်စစ်မီးတွေ မရကြတာမို့ နအဖရဲ့  လျှပ်စစ်စီမံကိန်းမှန်းသမျှ ပြည်သူလူထုအတွက် အပြည့်အ၀ ရ မရကို အခုလည်း စောင့်ကြည့်ရဦးမှာပါ။

ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို နအဖ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအား လျှပ်စစ်စီမံကိန်းဦးစီးဌာနနဲ့  တေဇရဲ့  ထူးကုမ္ပဏီရယ် တရုတ်နိုင်ငံဘက်က Huaneng La-ncang River Hydropower Co.Ltd. တို့ ကနေ ပူးပေါင်းပြီး ဒီနှစ်အတွင်းမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။ ရန်ကုန်မြို့ကို လျှပ်စစ်မီးအပြည့်အ၀ပေးနိုင်ဖို့ ကတော့ အနည်းဆုံး နှစ်နှစ်လောက် ကြာဦးမှာ ဖြစ်ပါတယ်တဲ့။












နအဖရဲ့  လျှပ်စစ်မီးထုတ်လုပ်ရေး လျှပ်စစ်မီး အပြည့်အ၀ရရှိရေး ပြောဆိုသံတွေကတော့ ဒါတင်မကဖူး ပြည်သူလူထုအတွက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုတဲ့ အခြားသော စီမံကိန်းတွေ အပြောတွေကတော့ ဒီနှစ် ၂၀၁၀ အစမှာ အသံကောင်းနဲ့  တစ်ခုပြီး တစ်ခုထွက်လာနေတာတွေကတော့ နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို မဲဆွယ်နေတဲ့သဘောတွေ တွေ့ နေရပါတယ်။

နအဖရဲ့  တရုတ်နိုင်ငံနဲ့ ပေါင်းပြီး ရန်ကုန်ကို ကျောက်မီးသွေးနဲ့  မီးပေးမယ်ဆိုတော့ ပြောစရာတွေကတော့ ပေါ်လာပြန်ပြီ။ နအဖရဲ့  ရေအားလျှပ်စစ်တွေ၊ သဘာဝဓါတ်ငွေ့ တွေကရော ဘယ်ရောက်သွားပါသလည်း။ ကျောက်မီးသွေးနဲ့ မှ လျှပ်စစ်မီးပေးရတာလား၊ သုံးမဲ့ကျောက်မီးသွေးကရော ဘယ်ကဘယ်လို သုံးကြမှာလည်း၊ ကျောက်မီးသွေးမိုင်းတွင်းတွေ အခြေအနေကရော၊ ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးတဲ့နေရာမှာ ဆိုးကျိုးထိခိုက်မှုတွေရော ပြည်သူလူထုက သိကြပါရဲ့ လား၊ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေအတွက် ဘယ်လိုကာကွယ်ကြမှာလည်း ဘယ်လိုကုသကြမှာလည်းဆိုတာ နအဖက ပြင်ဆင်ဆောင်ရွက်ထားမှု ရှိပါရဲ့ လား - အစရှိတဲ့ အချက်တွေကို သိထား သုံးသပ်ထားကြဖို့  လိုမယ် ထင်ပါတယ်။

ကျောက်မီးသွေးဓါတ်အားပေးဆိုတာ အခုမှ ထူးထူးဆန်းဆန်း မဟုတ်ပါ။ နှစ်ပေါင်းများစွာကတည်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ အတွက် ကျောက်မီးသွေးတွေကို လောင်ကျွမ်းစေပြီး ထွက်ရှိလာတဲ့ ရေနွေးငွေ့ ကို တာဘိုင်စက်ကြီးတွေကို လည်ပတ်စေပြီး လျှပ်စစ်ဓါတ်အားထုတ်တာပါဘဲ။ ဒါကို အခု နအဖက ထူးထူးဆန်းဆန်းလုပ်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ စီမံကိန်းဆိုပြီး သတင်းတွေမှာ ဖေါ်ပြနေတာပါ။

ရန်ကုန်မြို့ ကြီးကို ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးမယ်ဆိုတာ နအဖရဲ့  သံသယရှိဖွယ် မြုပ်ကွက်တွေ ရှိနေနိုင်ပါတယ်။ နေပြည်တော်မှာလည်း မိုင်းတွင်းလုပ်ငန်းကို အကြောင်းပြပြီး ဥမင်လှိုဏ်ခေါင်းတွေဆောက်ကာ ညူကလီယားထုတ်လုပ်ရေးတွေလုပ်တယ်လို့  အစီရင်ခံစာတွေလည်း မကြာသေးခင်က တွေ့ ကြမှာပါ။ နောက်တစ်ခု သိရှိချက်အရဆိုရင် ဒီကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းမှာ တရုတ်နိုင်ငံက သူ့ ဆီက ကျောက်မီးသွေးတွေ ပံ့ပိုးကူညီမှာ မဟုတ်ပါဖူး။ ဒီတော့ တရုတ်နိုင်ငံအတွက်များ ဒီစီမံကိန်း ဘန်းပြပြီး တရုတ်နိုင်ငံမှာ မလုံလောက်လို့  လိုအပ်နေတဲ့ ကျောက်မီးသွေးတွေ မြန်မာနိုင်ငံ နအဖကနေ လျှို့ ဝှက်တင်ပို့ ဖို့ လုပ်တာလားဆိုတာလည်း သံသယ ရှိစရာပါ။

ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးထုတ်မယ်ဆိုတာကို ပြန်ဦးတည် သုံးသပ်ရရင် - နအဖနဲ့  တရုတ်နိုင်ငံ ပေါင်းလုပ်တာမို့  မြန်မာနိုင်ငံဘက်ရော တရုတ်နိုင်ငံဘက်ရော သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး တရုတ်နိုင်ငံကနေ အကူအညီပေးမယ်ဆိုတော့ ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး - တရုတ်နိုင်ငံမှာ ကျောက်မီးသွေးသုံးလို့  ပြဿနာတွေ ကြုံရတာ သိကြဖို့  ဖေါ်ပြလိုပါတယ်။


တရုတ်နိုင်ငံမှာ ကျောက်မီးသွေး သုံးလို့  အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ခဲ့ပါတယ်။

၁။ ရောဂါဘေးဆိုးများ အန္တရာယ်။

ကျောက်မီးသွေးများ လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ မီးလောင်ငွေ့ ဟာ လူအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့  အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ၊ နှလုံးပိုင်းဆိုင်ရာနဲ့  ဦးနှောက်နဲ့  အာရုံကြောဆိုင်ရာတွေကို ထိခိုက်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တွေကြောင့် နှလုံးရောဂါနဲ့  အဆုတ်ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

ထို့ အပြင် ကလေးတွေမှာ မွေးဖွားတဲ့အချိန်က စပြီး နှုတ်ခမ်းကွဲနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် မာကျူရီပြဒါးဓါတ်တွေ ထွက်ပေါ်လာပြီး အဆိုပါ မာကျူရီပြဒါးဓါတ်ဟာ လူ့ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါတယ်။ ဒီ မာကျူရီပြဒါးဓါတ်ကို ငါးတွေ သောက်သုံးရေတွေထဲ စိမ့်ဝင်နေရာကနေတစ်ဆင့်လည်း လူတွေဆီရောက်ရှိပြီး ခန္ဓာကိုယ်အဆိပ်သင့်စေတတ်ပါတယ်။

















၂။ လေထုညစ်ညမ်းမှု အန္တရာယ်နဲ့  အက်ဆစ်မိုးရွာသွန်းခြင်း။


ကျောက်မီးသွေးမိုင်းတွင်းတွေရဲ့  ကျောက်မီးသွေးထုတ်လုပ်မှု၊ ကျောက်မီးသွေးလောင်ကျွမ်းမှုနဲ့  ကျောက်မီးသွေးအလေအလွင့်၊ ကျောက်မီးသွေးမိုင်းတွင်း စွန့် ပစ်ပစ္စည်းတွေကြောင့် ရေထု မြေထု အထူးသဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်အောက်ဆိုဒ်ဓါတ်ငွေ့ တွေဟာ အက်ဆစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ အက်ဆစ်မိုးကို ရုတ်တရက်အားဖြင့် သာမန်မိုးနဲ့  ခွဲခြားမြင်ဖို့  ခဲယှဉ်းပါတယ်။ ကျောက်မီးသွေးမိုင်းတွင်းနဲ့  အနီးအနားက ပတ်ဝန်းကျင်ဒေသတွေမှာ အက်ဆစ်မိုးရွာသွန်းပြီး ဒီအက်ဆစ်မိုးကြောင့် နှလုးရောဂါနဲ့  အဆုတ်ရောဂါတွေဖြစ်တဲ့ ရင်ကြပ်ပန်းနာ၊ လည်ချောင်းနာတွေကို ဖြစ်ပါတယ်။

၃။ ကျောက်မီးသွေးမိုင်းတွင်းများ အန္တရာယ်။

ကျောက်မီးသွေးမိုင်းတွင်းကနေ ထွက်ရှိလာတဲ့ သေးငယ်လွန်းလှတဲ့ ကျောက်မီးသွေးအပိုင်းအစလေးတွေဟာ ကျောက်မီးသွေးမိုင်းတွင်း တည်ရှိရာနေရာဒေသ အပါအ၀င် အနီးအနားပတ်ဝန်းကျင်ဒေသတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဆိုပါနေရာဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့  ရေတွေ၊ လေတွေ၊ မြေတွေကို အဓိက ထိခိုက်စေတာ ဖြစ်ပါတယ်။ ကျောက်မီးသွေးသဘာဝဟာ မြေကြီးအောက်မှာ နှစ်သန်းပေါင်းများစွာ ဖွဲ့ စည်တည်ဆောက်ဖြစ်ပေါ်လာတာမို့  ကျောက်မီးသွေးအမှုန်အစအနတွေဟာ တော်ရုံတန်ရုံနဲ့  မပျောက်ပျက်သွားပါဖူး။

ဒါကြောင့်မို့ လို့  ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ နိုင်ငံအစိုးရတွေနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကနေ ကျောက်မီးသွေးမိုင်းတွင်းရဲ့  ကျောက်မီးသွေးထုတ်လုပ်မှုမှာ ကျောက်မီးသွေး အလေအလွင့်အစအနတွေ လက်လွယ်စပယ် မစွန့် ပစ်ရအောင် ပြင်ပကို အလွယ်တကူ မပြန့် နှံ့  မရောက်ရှိရအောင် စနစ်တကျနဲ့  သေချာစွာ ဆောင်ရွက်ဖို့  ဥပဒေတွေ တားမြစ်ချက်တွေ နည်းစနစ်တွေနဲ့  ထိန်းချူပ်ပေးကြပါတယ်။



















(ဖေါ်ပြပါပုံတွေကတော့ ကျောက်မီးသွေးမိုင်းတွင်းတွေ ရှိရာမြို့ ဖြစ်တဲ့ တရုတ်နိုင်ငံ လင်းဖန်မြို့  (Linfen) က အခြေအနေပုံတွေ ဖြစ်ပါတယ်။ လင်းဖန် (Linfen) မြို့ ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ အနေနဲ့  သတ်မှတ်ထားပါတယ်။ ဒီမြို့ မှာ နေထိုင်ကြသူ (၄) သန်းကျော်ရှိပြီး သူတို့ တွေ ပြောပြချက်အရ သူတို့ ဟာ နေကို တစ်နှစ်လုံးနေမှ ရက်အနည်းငယ်သာ မြင်ရကြောင်း၊ ထူထပ်စွာဖုံးအုပ်နေတဲ့ မီးခိုးတွေ အမှုန်တွေကြောင့် နေကို မမြင်ရတာဖြစ်ပြီး မြို့ တစ်မြို့ လုံးဟာလည်း အခိုးအငွေ့ တွေကြောင့် မှောင်မဲနေကြောင်း၊ လမ်းတွေ မြေတွေပေါ်မှာလည်း လမ်းလျှောက်ရင် ခြေရာကျန်တဲ့အထိအောင် အမှုန် အမှုန့် တွေ ထူထပ်နေကြောင်း၊ ရောဂါဘေးများလည်း ကြုံတွေ့ ခံစားကြရကြောင်း ကမ္ဘာ့သတင်းဌာနတွေကို ပြောပြကြပါတယ်။













ဒီတော့ အချူပ်ပြန်ဆိုရရင် အခြားသောတိုးတက်သည့် နည်းလမ်းများ၊ ကျောက်မီးသွေးထက် ပိုသင့်တော်သော အခြားသဘာဝပစ္စည်းများဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ ရေအားတွေနဲ့  လျှပ်စစ်မီးထုတ်လုပ်ရနိုင်ရဲ့ သားနဲ့  နိုင်ငံခြားတိုင်းပြည်များကိုကျတော့ ရောင်းချပြီး ပြည်တွင်းအတွက်ကျတော့ ကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ဖို့ လုပ်တာကတော့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။

ရန်ကုန်မြို့ သူမြို့ သားများကို အညှိုးအတေးနဲ့  မီးခိုးမှောင်တိုက်သွင်းဖို့ လုပ်တဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ ပေးတွေ့ စေလိုတဲ့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။ လျှပ်စစ်မီးထုတ်ဖို့  အကြောင်းပ်ြပြီး ရန်ကုန်ပြည်သူလူထုကို ၂၀၁၀ ရွေးကောက်ပွဲကာလ ချွေးသိပ်တဲ့ မဲဆွယ်မှုလေးနဲ့ အတူ နအဖတို့  အားကိုးရာ တရုတ်နိုင်ငံကြီးအတွက် မြန်မာ့သယံဇာတ တွင်းထွက်တွေ ခိုးရောင်းစားဖို့ တာဆူနေတာလား။ ဒါမှ မဟုတ် မိုင်းတွင်းဘန်းပြပြီး နောက်ထပ် ဥမင်လှိုဏ်ခေါင်းတွေ ညူကလီယားစီမံကိန်းအတွက် ပြင်ဆင်နေတာလား ဆိုတာတွေပါ ထည့်မစဉ်းစားခင် - ရန်ကုန်မြို့ သူမြို့ သားတွေ ရှေးဦးစွာ ရင်ဆိုင်ရမှာတွေကတော့ အထက်ကဖေါ်ပြပေးတဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ၊ လေထုညစ်ညမ်းမှုနဲ့  အက်ဆစ်မိုးရွားသွန်းမှုအန္တရာယ်တွေ၊ ကျောက်မီးသွေးမိုင်းတွင်းအန္တရာယ်တွေကို ကြုံတွေ့ ကြရမှာ ဖြစ်ပါတယ်။

နအဖတွေ ပြောပြောနေတဲ့ နိုင်ငံတော်စေတနာကြီး နိုင်ငံတော်အကြီးအကဲစေတနာကြီးဖြစ်တဲ့ ရန်ကုန်မြို့ အတွက် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စီမံကိန်းကြီးကတော့ဗျာ နအဖတွေရဲ့  လက်လွတ်စပယ်လုပ်ရပ်တွေကြောင့် ပြည်သူတွေအတွက် ရင်လေးစရာပါဘဲ ……

ပေးပို့ပေးသော ကိုနစ်နေမန်းအား ကျေးဇူးတင်ပါသည်။

အမျိုးသမီးအလုပ်သမားလှုပ်ရှားမှုနှင့် တောင်ကိုးရီးယားနိုင်ငံ

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်...
အခုတပတ် အမျိုးသမီးအခွင့်အလမ်း အစီအစဉ်မှာ တောင် ကိုးရီးယားနိုင်ငံရဲ့ ဒီမိုကရေစီတော်လှန်ရေးမှာ အရေးပါခဲ့တဲ့ အမျိုးသမီးအလုပ်သမား လှုပ်ရှားမှုအကြောင်းကို တင်ပြမှာ ဖြစ်ပါတယ်။

၁၉၈၇ ခုနှစ်၊ နွေရာသီကာလမှာ ဒီမိုကရေစီတောင်းဆိုတဲ့ အလုပ်သမားလှုပ်ရှားမှုများနဲ့ ဆန္ဒပြပွဲတွေဟာ တောင်ကိုးရီး ယားနိုင်ငံတ၀ှမ်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။ နိုင်ငံရေးတိုး တက်ပြောင်းလဲမှုနဲ့ ဒီမိုကရေစီအသွင်ပြောင်းမှုကို တခဲနက် တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ စာနယ်ဇင်းသ မားများရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် တောင်းဆိုမှုတွေ၊ ကျောင်းဆရာ၊ ဆရာမများ သမဂ္ဂရဲ့ ဒီမိုကရေစီပညာရေး ဖော်ဆောင်ရန် တိုက်တွန်းကြေညာချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

နိုင်ငံရေးပညာရှင်တွေက ၁၉၈၀ နှောင်းပိုင်းကာလများမှာ ပေါ်ပေါက်လာခဲ့တဲ့ ဒီလှုပ်ရှားမှုတွေဟာ ၁၉၇၀ ပြည့် ကာလများမှာ ပေါ် ပေါက်လာခဲ့တဲ့ အမျိုးသမီးအလုပ်သမား လှုပ်ရှားမှုများရဲ့ ရလာဒ်လို့ ပြောကြားခဲ့ကြပါတယ်။ နိုင်ငံရေးလှုပ်ရှားမှု တိုက်ပွဲကြီးတွေကို အာဏာရှင်တွေက ဖြိုခွင်းတိုက်ခိုက်လိုက်တဲ့အခါ ဒီတိုက်ပွဲတွေဟာ ပြီးဆုံးသွားပြီလို့ တချို့က ယူဆတတ်ကြပါတယ်။ အမှန်ကတော့ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ တိုက်ပွဲကြီးတခု နောက်ထပ်မထွက်ပေါ်လာသေးတာပဲ ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှု တိုက်ပွဲတွေဟာ တော်လှန်ရေးမျိုးဆက်တွေကို မွေးဖွားပေးပါတယ်။ တက်ကြွလှုပ်ရှားသူတွေအချင်းချင်း ကွန်ယက်ချိတ်ဆက် လှုပ်ရှားမှုတွေနဲ့ ညီ ညွတ်ရေးကို တည်ဆောက်နိုင် လာပါတယ်။ ညီညွတ်ရေးဆိုတာ တိုက်ပွဲကပေါ်ထွက်လာတဲ့ ညီညွတ်ရေးကမှ ရေရှည်မှာ စစ်မှန်ခိုင်ခံ့ ပါတယ်။ တိုက်ပွဲတွေဟာ တော်လှန်ရေးမျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်ကို ပေါင်းကူးတည်ဆောက်ပေးပါတယ်။ ဒါကြောင့်လဲ တောင် ကိုးရီးယားနိုင်ငံရဲ့ ၁၉၈၀ နှောင်းပိုင်းကာလများမှာ ပေါ်ပေါက်ခဲ့တဲ့ လူထုတိုက်ပွဲများဟာ ၁၉၇၀ ကာလ အမျိုးသမီးအလုပ်သမား လှုပ် ရှားမှုများရဲ့ ရလာဒ်အဖြစ် ဖော်ကျူးကြတာ ဖြစ်ပါတယ်။

၁၉၇၀ ကာလ အမျိုးသမီး လှုပ်ရှားမှုတွေကို ငယ်ရွယ်တဲ့ အမျိုးသမီး အလုပ်သမားများက ဦးဆောင်ခဲ့တာပါ။ စက်ရုံ၊ အလုပ်ရုံများစွာ က အမျိုးသမီး အလုပ်သားများဟာ ဒီမိုကရက်တစ် အလုပ်သမား သမဂ္ဂများကို ဖော်ဆောင်ခဲ့ကြပါတယ်။ နိုင်ငံတနိုင်ငံမှာ အလုပ်သ မား၊ လယ်သမားများဟာ နိုင်ငံတော်လူဦးရေရဲ့ ရာခိုင်နှုန်းအများစုကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ဒီလို အမျိုးသမီးအလုပ်သမားများ က မိမိတို့ရဲ့ ရပိုင်ခွင့် အခွင့်အလမ်းများကို ဦးဆောင်တောင်းဆိုလာတဲ့အခါ အခြေခံလူ့အခွင့်အရေးတွေကို ထိန်းချုပ် ထားခြင်းခံရတဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ နိုင်ငံရေး စိတ်ဓာတ်တွေ နိုးကြားလာပါတယ်။ အမျိုးသမီး အလုပ်သမား ကွန်ယက်များက တစတစ ကြီး ထွားလာပါတယ်။

အာဏာရှင်များကလဲ အာဏာရှင်အစိုးရပီသစွာ ဖိနှိပ်ချုပ်ချယ်မှုများစွာကို ပြုလုပ်ပါတော့တယ်။ အင်အားသုံးအနိုင်ကျင့် နှိပ်စက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ သမဂ္ဂအဖွဲ့ဝင်များကို ထောင်ချမှုတွေက တရဟောပေါ်ထွက်လာပါတယ်။ ဒီလိုနည်းမျိုးစုံနဲ့ ပိတ်ပင် တားဆီးနေခဲ့ပေမယ့် အမျိုးသမီး အလုပ်သမားတွေ နောက်မဆုတ်ခဲ့ကြပါဘူး။ အမျိုးသမီးတွေ ဦးဆောင်တဲ့ အလုပ်သမား သပိတ် တွေ ဆက်တိုက်ပေါ်ပေါက်လာခဲ့ပါတယ်။ အာဏာရှင်တွေက ဒီသပိတ်မှာ ပါဝင်သူတွေကို သူပုန်တွေလို့ သတ်မှတ်ကြပါတယ်။ အ လုပ်လုပ်ကိုင်ခွင့်တွေကို ပိတ်ပင်ခဲ့ကြပါတယ်။ ဒါတွေကို အမျိုးသမီးအလုပ်သမားထုကလဲ အစာငတ်ခံဆန္ဒပြပွဲတွေ၊ လူထုတိုက်ပွဲတွေ နဲ့ တုံ့ပြန်ခဲ့ကြပါတယ်။ အာဏာရှင်တွေ ထူထောင်ထားတဲ့ လက်ကိုင်ဒုတ်အဖွဲ့တွေနဲ့ အပြိုင်အဆိုင် အလုပ်သမားအဖွဲ့တွေကို ထူ ထောင်ခဲ့ကြပါတယ်။ အမျိုးသမီးအလုပ်သမား အစည်းအရုံးကနေတဆင့် အလုပ်သမား အခွင့်အရေးတွေကို တောင်းဆိုခဲ့ကြပါတယ်။

အာဏာရှင်အစိုးရတွေဟာ လူထုလှုပ်ရှားမှုတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလိုက်တဲ့အခါ ဒါကို နိုင်ပြီလို့ သတ်မှတ်တတ်ကြပါတယ်။ တောင်ကိုးရီးယားအစိုးရကလဲ ဒီအတိုင်းပဲ ထင်ခဲ့ပါတယ်။ အမျိုးသမီးအလုပ်သမား လှုပ်ရှားမှုတွေကို အကြမ်းဖက်နှိမ်နင်းပြီး ပွဲပြီး မီး သေဖြစ်အောင် ပြုလုပ်ပါတော့တယ်။ ဒါပေမယ့် ဒီလိုနိုင်ငံတော်အကြမ်းဖက်မှုတွေဟာ ပွဲပြီး မီးသေ ဘယ်တော့မှ ဖြစ်လေ့မရှိပါဘူး။ ဒီလိုနိုင်ငံတော်အကြမ်းဖက်မှုတွေကြောင့် ပြည်သူလူထုကြီးဟာ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရရဲ့ ဆိုးရွားယုတ်မာတဲ့ သဘောထားမှန်ကို မျက်မြင်သိခွင့်ရသွားပါတယ်။

ဒီလိုနဲ့ ၁၉၇၀ ပြည့်လွန်ကာလ အမျိုးသမီး အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုတွေဟာ ၁၉၈၀ နှောင်းပိုင်း ကာလလဲရောက်ရော ဒီမို ကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုကြီးအဖြစ် အသွင် ကူးပြောင်းသွားပါတော့တယ်။ အမျိုးသမီးတွေ ဦးဆောင်တဲ့ အလုပ်သမားလှုပ် ရှားမှုတွေကတဆင့် လူထု၊ လူတန်းစား အလွှာအားလုံးမှာ အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ နိုးကြားလာပါတယ်။ အမျိုးသား တွေ၊ ပညာတတ်လူငယ်တွေ တစတစနဲ့ ပူးပေါင်းပါဝင်လာကြပါတယ်။ အတိုက်အခံနိုင်ငံရေး အစုအဖွဲ့တွေ ပေါ်ပေါက်လာပါတယ်။ အ ခြေခံ လူတန်းစားတွေဘက်က ရပ်တည်ပြီး အာဏာရှင်ကို ဆန့်ကျင်တဲ့ လူလတ်တန်းစားတွေလဲ ပေါ်ထွက်လာပါတယ်။

ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်များရှင်...
အမျိုးသမီး အခွင့်အရေးလှုပ်ရှားမှုဆိုတာ အမျိုးသား၊ အမျိုးသမီး တန်းတူ အခွင့်အရေး ရရှိမှု တခုတည်းကိုတင် ကိုယ်စားပြုတာ မ ဟုတ်ပါဘူး။ လူသားတိုင်း ရရှိခံစားရမယ့် လူ့အခွင့်အရေးကို တန်းတူညီမျှ ခံစားခွင့်ကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။ အာဏာရှင် နိုင်ငံ များမှာဆိုရင် အမျိုးသမီးများသာမက အမျိုးသားများပါ လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးကြရပါတယ်။ ဒီလို အခြေအနေမျိုးတွေ မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုရင်း တိုင်းပြည်တခုလုံးရဲ့ ကံကြမ္မာ အလှည့်အပြောင်းကိုပါ ဦးဆောင် ခေါ်ယူနိုင်စွမ်းရှိတယ်ဆိုတာ တောင်ကိုးရီးယားနိုင်ငံရဲ့ ဒီမိုကရေစီ တော်လှန်ရေးက သက်သေပြနေပါကြောင်း တင်ပြလိုက်ရပါတယ် ရှင်။

ခင်မမမျိုး (၂၀၀၉)

(ဒီမိုကရက်တစ် မြန်မာ့အသံမှ အမျိုးသမီးအခွင့်အလမ်း ကဏ္ဍတွင် (၂၀၀၉) ခုနှစ်၌ ထုတ်လွှင့်ထားသော အသံလွှင့်ဆောင်းပါး ဖြစ်ပါ သည်)

နေ့သစ်

စတုတ္ထကိုယ်စားလှယ်ရဲ့ တတိယခရီးစဉ်

                မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ၁၉၉၂ မှာ စတင်ခန့်အပ်ခဲ့တာမို့ ကိုယ်စားလှယ်သက်တမ်းဟာ (၁၈) နှစ်ရှိလာပါပြီ။ ပထမကိုယ်စားလှယ်က ဂျပန်ပါမောက္ခ ယိုဇိုယိုကိုတာ ဖြစ်ပြီး (၄) နှစ် အမှုထမ်းတယ်။ ဒုတိယကိုယ်စားလှယ်က မော်ရစ်ရှတရားသူကြီး ရာခ်ျစိုးမားလာလား ဖြစ်ပြီး ပြည်ဝင်ခွင့် မရတာနဲ့ လုပ်သက် (၄) နှစ်မှာ စိတ်ပျက်ပြီး နုတ်ထွက်သွားတယ်။ တတိယကိုယ်စားလှယ်က ဘရာဇီးက ပါမောက္ခ ပီညဲရိုးဖြစ်ပြီး (၇) နှစ်ကျော် အမှုထမ်းတယ်။ အာဂျင်တီးနားနိုင်ငံက ရှေ့နေ တိုးမတ်စ် အိုဟေးရား ကင်တားနားဟာ စတုတ္ထမြောက် ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၀၈ ခုနှစ် မေလ (၁) ရက်နေ့ကစပြီး တာဝန်ထမ်းဆောင်သူဖြစ်လို့ လုပ်သက် (၂၂) လပဲ ရှိသေးတယ်။

ကင်တားနားရဲ့ မိဘတွေဟာ အာဂျင်တီးနား စစ်အစိုးရလက်ထက်မှာ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တာကြောင့် သူသုံးမယ့်နည်းလမ်းဟာ ထူးခြားနိုင်တယ်လို့ မြင်သူလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကင်တားနားအရင်က လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၃) ဦးကတော့ မအောင်မြင်ပါဘူး။ လုပ်သက်အများဆုံးဖြစ်တဲ့ ပီညဲရိုးရဲ့ အတွေ့အကြုံလေးကို မှတ်မိသေးတယ်။ ၂၀၀၃ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ မြန်မာပြည်ကို (၅) ကြိမ်မြောက် ပီညဲရိုးသွားတယ်။ တွေ့နေကြဖြစ်တဲ့ ခင်ညွန့်၊ ၀င်းအောင်၊ ခင်မောင်ဝင်း၊ တင်လှိုင် (ပြည်ထဲရေး) ကို တွေ့တယ်။ သူတို့ကတော့ ပြောနေကျအတိုင်း အနှောင့်အယှက်မရှိ လွတ်လပ်စွာ စုံစမ်းစစ်ဆေးနိုင်ကြောင်း ပီညဲရိုးကို အာမခံတယ်။ သူနဲ့တွေ့တဲ့ မြန်မာတွေကို ဒုက္ခမပေးဘူးလို့ နအဖ က ကတိပေးတယ်။ ဒီတော့ စိတ်ချလက်ချ ပီညဲရိုးက လုပ်ငန်းစတာပေါ့။

မတ်လ (၂၂) ရက်နေ့က အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တွေ့ဆုံမေးမြန်းနေစဉ် စားပွဲအောက်မှာ လျှို့ဝှက်အသံဖမ်းစက် တတ်ထားတာကို ပီညဲရိုးတွေ့သွားတော့ စိတ်ဆိုးပြီး မတ်လ (၂၄) ရက်နေ့မှာ မြန်မာပြည်က ထွက်သွားတယ်။ နအဖကို အထင်ကြီးပြီး ၀ိုင်းဝန်းကူညီကြပါလို့ မေတ္တာရပ်ခံခဲ့တဲ့ ပီညဲရိုး အလိမ်ခံရတဲ့အတွက် ရှက်ရမ်းရမ်းတာပါပဲ။ ဗြောင်လိမ်မှု၊ အကောက်ကြံမှု၊ ခိုးကြောင်ခိုးဝှက်လုပ်မှု၊ လှည့်စားမှု၊ ပလီစိချောက်ချက်ပြောမှု၊ အလွဲသုံးစားလုပ်မှု၊ အသံကောင်းဟစ်မှု၊ အနိုင်ကျင့်မှု စတာတွေဟာ မြန်မာစစ်အစိုးရရဲ့ အကျင့်တွေပါ။

ပီညဲရိုးနေရာကို ဆက်ခံတဲ့ ကင်တားနားကလည်း မြန်မာစစ်အစိုးရကို ဝေဖန်ရှုတ်ချနေရင် ဘာမှလုပ်နိုင်မှာမဟုတ်ဘဲ လက်တွဲလုပ်ကိုင်နိုင်မှသာလျှင် လူ့အခွင့်အရေးအခြေအနေ ကောင်းမွန်လာမယ်လို့ ယုံကြည်တယ်။ ကင်တားနားရဲ့ ပထမခရီးစဉ် ၂၀၀၈ ခုနှစ် သြဂုတ်လ (၃) ရက်နေ့က (၇) ရက်နေ့အထိ ဖြစ်တယ်။ ရည်ရွယ်ချက်က နအဖရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရယူဖို့ဖြစ်တဲ့အတွက် ပထမခရီး အောင်မြင်တယ်လို့ဆိုတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့က (၁၉) ရက်နေ့အထိ ဒုတိယအကြိမ် မြန်မာပြည်ကိုသွားတယ်။ ဒုတိယခရီးစဉ်မှာ ရွေးကောက်ပွဲမတိုင်မီ ကျင့်သုံးမယ့် လူ့အခွင့်အရေးအခြေခံမူ (၄) ရပ် ကျင့်သုံးဖို့ တင်ပြတာကို နအဖက လက်ခံစဉ်းစားနေလို့ အောင်မြင်တယ်လို့ဆိုတယ်။

ပထမနဲ့ ဒုတိယခရီးစဉ်အောင်မြင်ကြောင်း ၂၀၀၉ ခု မတ်လ (၁၁) ရက်နေ့က အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ (၂၂) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ကင်တားနားတင်ပြတဲ့ လူ့အခွင့်အရေးအခြေခံမူ (၄) ချက်နဲ့ နအဖရဲ့ တုံ့ပြန်ပုံဟာ စိတ်ဝင်စားဖို့ကောင်းတယ်။ ပထမအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့အညီ ပြည်တွင်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ဖြစ်တယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနဲ့အညီ ပြည်တွင်းဥပဒေ (၃၈၀) ကို ပြန်လည်ပြုပြင်ဖို့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားတယ်လို့ အစိုးရရှေ့နေချုပ်က အကြောင်းကြားတယ်လို့ ကင်တားနားက ဆိုပါတယ်။ ဒုတိယတင်ပြချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို တဖြည်းဖြည်းချင်း လွှတ်ပေးရေးကိုတော့ စဉ်းစားနေတယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။

တတိယအနေနဲ့ ရဲသားနဲ့စစ်သားကို လူ့အခွင့်အရေး သင်တန်းပေးဖို့ အကြံပြုထားတဲ့အတိုင်း သင်တန်းတွေပေးထားပြီမို့ သင်ရိုးညွှန်းတမ်းကို မစ္စတာ ကင်တားနားကို ပြမယ်လို့ နအဖအစိုးရက အကြောင်းပြန်တယ်တဲ့။ စတုတ္ထတင်ပြချက်က တရားဥပဒေစိုးမိုးရေး အာမခံနိုင်ဖို့အတွက် တရားစီရင်ရေးဌာနကို လွတ်လပ်စွာ သီးခြားထားရှိရေးဖြစ်တယ်။ မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်ပြီးသားဖြစ်တယ်လို့ နအဖတရားသူကြီးချုပ်က အကြောင်းပြန်တယ်ဆိုပဲ။

နအဖစစ်အစိုးရဟာ အမြဲတမ်း အပြောတမျိုး အလုပ်တမျိုး လုပ်တတ်တာကိုလည်း ကင်တားနားက သဘောပေါက်ပုံရတယ်။ ပထမခရီးစဉ်အပြီး ၂၀၀၈ သြဂုတ်လမှာ လွှတ်ပေးတဲ့ အကျဉ်းသား (၉,၀၀၀) ကျော်မှာ နိုင်ငံရေးအကျဉ်းသားက (၆) ဦးသာ ပါဝင်တယ်။ ပထမတော့ (၇) ဦး လွှတ်ပေးပြီး စစ်ဗိုလ်ဟောင်း ဦးဝင်းထိန်ကို လွှတ်ပေးပြီးမှ ပြန်ဖမ်းလိုက်လို့ (၆) ဦးသာ ကျန်တာပါ။ ဒီကိစ္စကို ကင်တားနားက မေးကြည့်တော့ မှားလွှတ်လို့ ပြန်ဖမ်းတာလို့ ဆင်ခြေပေးတယ်ဆိုပဲ။ မှားဖမ်းလို့ လွှတ်ပေးတာမျိုးတော့ ကင်တားနား ကြားဖူးမှာမဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား (၆) ဦးကို လွှတ်ပေးပြီး (၄၀၀) ကျော်ကို ထောင်ဒဏ် (၄) နှစ်က အနှစ် (၁၀၀) ကျော်အထိ ချမှတ်မှု၊ ရှေ့နေကို မလေးစားဘဲ အပြစ်ရှာပြီး ထောင်ချမှု၊ ထောင်ပြောင်းမှု၊ ကျန်းမာရေးဆိုးဝါးမှု စတာတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီ ဒုတိယခရီးစဉ်ပြီးတော့ အကျဉ်းသား (၆,၀၀၀) ကျော်လွှတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၉) ဦးသာ ပါတာကိုလည်း ဖော်ပြတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အလွန်ဆိုးဝါးတဲ့အခြေအနေကိုလည်း ဖော်ပြထားတယ်။

ဟာသဆရာ ဇာဂနာကို ထောင်ဒဏ် (၅၉) နှစ်၊ ၈၈ မျိုးဆက်အုပ်စုဝင် (၂၃) ဦးမှာ တဦးကို ထောင်ဒဏ် (၆၅) နှစ်စီ၊ ဦးဂမ္ဘီရကို (၆၈) နှစ်၊ ဦးဂမ္ဘီရရဲ့ ရှေ့နေ (၂) ဦးကို ထောင် (၄) လစီ၊ ခွန်ထွန်းဦးကို ထောင်ဒဏ် (၉၄) နှစ်၊ ဗကသကျောင်းသားသမဂ္ဂ၀င် အသက် (၂၀) ကျော် မင်းယုကို ထောင်ဒဏ် (၁၀၄) နှစ် နအဖတရားရုံးတွေက ချမှတ်တာကို ကင်တားနားအစီရင်ခံစာမှာ ဖော်ပြပါတယ်။ နအဖဟာ ဥပဒေကို အလွဲသုံးစားလုပ်နေတာ ကင်တားနား သဘောပေါက်ပါလိမ့်မယ်။

အတည်ပြုပြီးတဲ့ နအဖအခြေခံဥပဒေကိုသာ အကောင်အထည်ဖော်ဖို့ ကင်တားနားက တိုက်တွန်းထားပါတယ်။ နအဖရဲ့ အခြေခံဥပဒေပုဒ်မ (၃၅၄) မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာဆန္ဒပြခွင့် စတာတွေကို ဖော်ပြထားပေမယ့် သတင်းသမား (၁၆) ဦးကို ထောင်ချထားတာကို ထောက်ပြထားတယ်။ ပုဒ်မ (၄၀၆) မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာစည်းရုံးရေးဆင်းခွင့်ပေးဖို့လည်း တောင်းဆိုထားတယ်။ အကြံပေးတင်ပြချက် (၄) ခုကို အကောင်အထည်ဖော်ဖို့ နအဖအစိုးရက သဘောတူထားပေမယ့် တကယ်တမ်း အကောင်အထည်ဖော်မဖော်ဆိုတာကို မကြာခင် ကင်တားနား သိပါလိမ့်မယ်။

ဖေဖော်ဝါရီလ (၁၅) ရက်က (၁၉) ရက်အထိ စုံစမ်းစစ်ဆေးခဲ့တဲ့ တတိယမြောက် မြန်မာပြည်ခရီးစဉ်အကြောင်း လာမယ့်မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်ပါလိမ့်မယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေးချိုးဖျက်တဲ့ အစိုးရတွေရဲ့ ပရိယာယ်မှာ တ၀ဲလည်လည် ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ၂၀၁၀ ဇန်န၀ါရီလထုတ် နှစ်လည်အစီရင်ခံစာမှာ သုံးသပ်ထားတယ်။ အစ္စရေးရဲ့ လူ့အခွင့်အရေးချိုးဖျက်မှုကို ထပ်ခါတလဲ ဝေဖန်ရှုတ်ချနေတဲ့ လူ့အခွင့်အရေးကောင်စီဟာ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီးလ်သူပုန်ကို ပြစ်တင်ရှုတ်ချပြီး သီရိလင်္ကာအစိုးရကို ချီးကျူးတယ်။ ဒါကြောင့် အစိုးရတပ်က အရပ်သားကို သတ်ဖြတ်တာနဲ့ ထိန်းသိမ်းတာကို စုံစမ်းနိုင်ခြင်းမရှိတာလို့ဆိုတယ်။

အစိုးရတွေရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို (၄) နှစ်တကြိမ် စိစစ်တဲ့ကိစ္စမှာလည်း အစိုးရအချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးမယူနိုင်ဘဲ ဖြစ်နေပါတယ်။ လူ့အခွင့်အရေးကောင်စီက အရေးယူမယ့် အစိုးရတွေဟာ လူ့အခွင့်အရေးကောင်စီကို ကြီးစိုးနေလို့ လုပ်ရကိုင်ရ ခက်တာလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

အောင်ကျော်ခင်
၂၂/ ဖေဖော်ဝါရီ ၂၀၁၀
ခေတ်ပြိုင်

အလိမ်သင်တာ လက်ဦးဆရာ



အဲတုန်းက ကျွန်တော့်သားလေးက နှစ်တန်းကျောင်းသား၊ ခုနစ်နှစ်သားပဲ ရှိပါသေးတယ်။ ကျွန်တော်ကလည်း သူတစ်ပါးရဲ့ လခစားဝန်ထမ်းဘ၀မှာပဲ ရှိသေးတယ်။
တစ်နေ့ ကျွန်တော်ရုံးက အပြန်မှာ ကျွန်တော့်အိမ်သူက ကျွန်တော့်ကိုတိုင်တယ်။
''ရှင့်သားကို ကျွန်မ ဆူထားတယ်''
''ဘာဖြစ်လို့တုံး...''
''မနက်က ကျောင်းသွားတာ သူ့သူငယ်ချင်းက အိမ်ကို တယ်လီဖုန်းဆက်ချင်တယ် ဆိုလို့ အဖော်လိုက်သွားပေးတယ်တဲ့။ ဖုန်းက ကျောင်းဘေးက လက်ဖက်ရည်ဆိုင် မှာဆိုတော့ ကျောင်းပြင်ထွက်ရတာပေါ့။ အဲဒါ သူတို့လည်း ပြန်လာရော ကျောင်းဝင်းတံခါး ကြီးက ပိတ်သွားလို့ ကျောင်းထဲကို ပြန်ဝင်လို့ မရတော့တာနဲ့ အဲဒီ့လက်ဖက်ရည်ဆိုင်မှာပဲ နေ့လည်ထမင်းစားချိန်အထိ ငုတ်တုတ်ထိုင်နေခဲ့ကြရသတဲ့။ အဲဒါကြောင့် ကျွန်မ ဆူထားတာ...''
ကျွန်တော်နည်းနည်း သဘောပေါက်သွားတာ နဲ့အတူ သူ့ကို ပြန်မေးမိရပါတယ်။
''နေစမ်းပါဦး။ အဲဒါကို သားက ပြန်ပြောလို့ ညည်းသိရတာ မဟုတ်လား''
''ဟုတ်တယ်လေ...''
''အဲဒါကိုမှ သွားဆူတော့ ညည်းက ကလေးကိုအလိမ်သင်သလို ဖြစ်သွားတာပေါ့''
''ရှင်...''
ကျွန်တော် ရှည်ရှည်ဝေးဝေး ရှင်းပြရပါပြီ။ ကလေးက ဖြစ်စဉ်ကို အရင်းအတိုင်း၊ အမှန်အတိုင်း ပြောပြတယ်။ အဲဒါကို မအေ လုပ်တဲ့ သူက သူ့ကြောင့်ကြမှုနဲ့ သူ ဆူလိုက်တယ်။ ကလေးတစ်မနက်လုံး ကျောင်းပြင်မှာ နေနေရတာကို သူကပူတယ်။ မသမာသူတွေနဲ့များ တွေ့တွက်သွားပြီး မတော်ရာကိုခေါ်ပြု သွား၊ မဟုတ်တာတွေခိုင်းစား၊ ပျောက်ပျက်သွားမှာအထိ တစ်မျော်တစ်ခေါ်တွေးပြီး ပူလိုက်တာပေါ့။ မအေကိုး၊ အဲလိုပူတာ တရား လှသပေါ့။

သို့သော် ပူတာက သတ်သတ်၊ ဆူတာ က သတ်သတ်။ ဆူလိုက်တာကျတော့ ကလေးအတွက် မှတ်သားစရာတစ်ခုသာ ရသွားပါတော့တယ်။ ''အမှန်အတိုင်းပြောရင် အဆူခံရတယ်၊ အရေးယူခံရတယ်'' ဆိုတဲ့ အသိကိုသာ ကလေးက မှတ်သားလိုက်ပါတော့မယ်။ သည်အတွက် အကျိုးဆက်က နောက်ဆို အမှန်ကိုပြောလို့ မဖြစ်ပေဘူးဆိုတဲ့ နီတိတစ်ရပ်ကို ထုတ်ပေးလိုက်တာမို့ ဘယ်တော့မှ အမှန်မပြောတော့ဘဲ လိမ်ညာတဲ့ ကလေးတွေ၊ ဖုံးဖိတတ်တဲ့ ကလေးတွေ ဖြစ်လာပါတော့မယ်။

အခုကိစ္စမှာတော့ အချိန်မီသေးတယ်လို့ ယူဆတာကြောင့် သားကို ကျွန်တော်ခေါ်ပြီး တောင်းပန်လိုက်ပါတယ်။ ပထမဆုံးက သားကသည်လို အမှန်အတိုင်းပြန်ပြောပြတဲ့ အတွက် သူ့ကိုချီးကျူးတဲ့စကားကို ပြောပါ တယ်။ သို့သော် သူ့အမေကတော့ အမေမို့လို့ ရုတ်တရက် စိတ်ပူသွားပြီး သူ့ကို ဆူမိသွားတဲ့အကြောင်း၊ သူ့အမေ မှားသွားတဲ့အကြောင်း၊ အမေကလည်း သားကို ဆူမိတဲ့အတွက် တောင်းပန်မယ့်အကြောင်း ပြောပြပါတယ်။ နောင်ကိုလည်း အမှန် အတိုင်းသာ ဘာကိုမဆိုမခြွင်းမချန် ပြောပြဖို့ မှာပါတယ်။ အဲသလို အမှန်အတိုင်းပြောပြတဲ့အတွက် ဘယ်တော့မှ ဆူပူတော့မှာ၊ အပြစ်ပေးတော့မှာ မဟုတ်ကြောင်းကိုလည်း ကတိပေးလိုက်ပါတယ်။

ကျွန်တော်ပြီးတော့ သူ့အမေက သူ့သားကို တောင်းပန်ပါတယ်။ မေမေစိတ်ပူလို့ သားကို ဆူမိသွားတဲ့အကြောင်း၊ တကယ်တော့ သားက အမှန်အတိုင်း ပြောပြတဲ့သူမို့လို့ မေမေက ၀မ်းသာဂုဏ်ယူကြောင်း၊ နောက်ကို သား အဲလိုအမှန်အတိုင်း ပြောပြ ရင် ဘယ်တော့မှမဆူတော့မယ့် အကြောင်းနဲ့ တကွ ဆူမိတဲ့အတွက် ဆောရီးပါဆိုတဲ့ စကားကိုပါ ထည့်ပြောလိုက်တာပါ။

အဲဒီ့နောက်မှာ ကျွန်တော့်အိမ်မှာ စည်းကမ်းတစ်ချက်တည်းကိုသာ ထုတ်ပြန်ထား လိုက်ပါတော့တယ်။ အဲဒါကတော့ မလိမ်ရ ဆိုတဲ့ စည်းကမ်းပါပဲ။ မှားချင်တာ ကြိုက်တာ မှားလာခဲ့၊ ခွင့်လွှတ်တယ်၊ သို့သော် လိမ်တာကိုတော့ လုံးဝခွင့်မလွှတ်နိုင်ဘူး၊ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုတဲ့ စည်းကမ်းကို ထုတ်ပြန်လိုက်တာပါ။

ဟုတ်တယ်လေ။ ကျွန်တော်တို့ လူကြီး တွေ၊ မိဘတွေကရော ဘယ်လောက်များ အမှားကင်းနေပြီမို့လို့တုံး။ လုပ်ငန်းကိုင်ငန်း တွေမှာ၊ မိသားစုအရေးကိစ္စတွေ၊ လူမှုရေးတွေမှာ မှားချင်တိုင်းမှားလို့ ကောင်းနေဆဲပဲ မဟုတ်ပါလား။ လူကြီးမိဘဖြစ်သွားတာနဲ့ ခြောက်ပစ်ကင်းသဲလဲစင် သွားတာမှ မဟုတ်တာလေ။ အဲတော့မှားတာကို အပြစ်တစ်ခုအနေနဲ့ မကောက်ယူသင့်ဘူးလို့ ကျွန်တော်ကဖြင့် လေးလေးနက်နက် ယုံပါတယ်။ သို့သော် လိမ်တာကကျတော့ ဆက်ဆံရေးတွေမှာ မရှိသင့်တဲ့အရာလို့ကို ခိုင်ခိုင်မာမာခံယူ မိလာရပါတယ်။ ဒါ့ကြောင့် အဲဒီ့ စည်းကမ်းကို ထုတ်လိုက်မိရတယ်။

သို့သော်...

ဟုတ်ကဲ့... အဲဒီ့ သို့သော် ကလည်း အရေးကြီးပါတယ်ခင်ဗျာ။ အဲဒါက ကျွန် တော်ပါပဲ။ တစ်ချီသားမှာ ကျွန်တော့်ဆီ တကျီကျီဖုန်းဆက်ပြီး ပိုက်ဆံချေးနေတဲ့သူ တစ်ယောက်ရှိတယ်။ ကျွန်တော်လည်း လှည့်ပတ်ပြောရင်း ငြင်းနေမိပါတယ်။ သူ့ကို ချေးလိုက်ရင် ပြန်မရမယ်မှန်း သိနေတဲ့အတွက် ငြင်းနေရတာပါ။ သည်မှာလည်း ''ယုံကြည်မှုနဲ့ထိုက်တန်သူ''က စကားပြောပါတယ်။ ပြန်ဆပ်မယ်၊ ဘယ်နေ့ဘယ်ရက်ကို နောက်ဆုံးထားပြီး ပြန်ဆပ်မယ်လို့ ကတိထားပြီး အဲဒီ့ကတိအတိုင်း အမြဲတစေဆောင်ရွက်သူ ကို လူတိုင်းက ယုံကြည်ကြမှာပါ။ လုပ်ငန်း နယ်ပယ်မှာ သည်အချက်က ပိုသိသာပါတယ်။ လုပ်ငန်းတွေ ကြီးရင်ကြီးလာသလောက် အကြွေးနဲ့ က မကင်းနိုင်ကြတော့ဘူး။ သည်အခါမှာ ကတိတည်သူနဲ့ ရေရှည် အလုပ်လုပ်လို့ရပေမယ့် ကတိမတည်သူနဲ့တော့ ရေရှည်လုပ်ချင် စိတ်ကုန်ခမ်း သွားတတ်ကြပါတယ်။

ထားပါတော့... ကျွန်တော့်ကို ဖုန်းဆက်ပြီး ပိုက်ဆံချေးနေတဲ့သူကို စိတ်ညစ်နေပါပြီ။ သည်အခါမှာ သားနဲ့သမီးကို ဖုန်းလာလို့ အဲဒီ့လူသာဆိုရင် အဖေအပြင်သွားနေ တယ်လို့ ပြောပေးပါလို့ မှာမိသွားရပါတော့တယ်။ ကံကောင်းချင်တော့ မှာအပြီး ဆယ်မိနစ်လောက်အကြာမှာ ကျွန်တော့်ဆံပင်မွေး တွေ ထောင်သွားပါတယ်။

ဟင်... မလိမ်ရဘူးလို့ အိမ်မှာ စည်းကမ်းထုတ်ထားတဲ့ ကျွန်တော်က ကလေး တွေကို လိမ်ခိုင်းလိုက်မိပါရောလား။ မဟုတ်သေးဘူး။ ကျွန်တော့်အပြုအမူနဲ့ ကျွန်တော့် စကားက လွဲချော်မနေဘူးလား။ သိုးဆောင်း စကားမှာ ရှိတယ်။ အပြုအမူက ပြောစကားထက် အသံပိုကျယ်သတဲ့။ ဆိုလိုတာက အပြောထက်အလုပ်က ပိုစကားပြောတယ်ပေါ့။ မလိမ်နဲ့လို့ ပါးစပ်နဲ့သာပြောတာ၊ ကျွန်တော့် လုပ်ရပ်ကကျတော့ လိမ်တာဟာ လုပ်သင့်တဲ့အရာလို့ လမ်းညွှန်သလို ဖြစ်နေပါပေါ့လား။

ချက်ချင်းပဲ ကလေးတွေကို ပြန်ခေါ်တယ်။ စောစောက မှာကြားချက်ကို ပြင်ဆင်တယ်။ အဲဒီ့လူဆက်လည်း ခေါ်ပေးဖို့သာ မှာရပါတော့တယ်။ ကျွန်တော့် ပြဿနာကို ကျွန်တော့်နည်း ကျွန်တော့်ဟန်နဲ့ ကျွန်တော့်ဘာသာပဲ ဖြေရှင်းပါတော့မယ်။

ပြီးတော့ ကျွန်တော် မှားသွားတဲ့ အကြောင်းဝန်ခံတယ်။ ကျွန်တော့်ပါးစပ်က သူတို့လေးတွေကို မလိမ်ပါနဲ့လို့ အထပ်ထပ် မှာကြားထားလင့်ကစား ကျွန်တော့်လုပ်ရပ်က သူတို့ကို လိမ်ခိုင်းတာ ဖြစ်နေတဲ့အတွက် အပြောနဲ့ အလုပ်မညီတာ သည်အတွက် ကျွန် တော်မှားနေတာကို ၀န်ခံလိုက်ပါတယ်။

အဲဒီ့နောက်မှာတော့ ကျွန်တော်တို့ မိသားစုတွင်းမှာ အရာရာ ဟာအတော်လေး အဆင်ပြေလာပါတော့တယ်။ မှတ်မှတ်ရရ၊ သားတော်မောင် ကိုးတန်းမှာ ကျူရှင်ပြေးတဲ့ အမှုပေါ်လာပါတယ်။ သည်အခါမှာလည်း သူ့ကို မေးမိရတယ်။ သူက သူငယ်ချင်းတွေ အိမ်မှာစုပြီး ဂီတာသွားတီးတာလို့ပြောပါ တယ်။ အဲလိုလုပ်မယ်ဆိုလည်း လုပ်နိုင်ကြောင်း၊ သို့သော်ကျူရှင်လို့ ပြောပြီး တခြားကိုသွားတာမျိုးတော့ မလုပ်စေချင်ကြောင်း၊ ကနေ့ ကျူရှင်မတက်ဘူး၊ ဘယ်ကိုသွားမယ်၊ ဘာလုပ်မယ်ဆိုတာများကိုသာ ပြောဖို့သာလိုကြောင်းပဲ အေးအေးသက်သာ ပြောလိုက်ပါ တယ်။

ကနေ့အခါမှာတော့ ကျွန်တော့်အိမ်မှာ လိမ်ညာဖုံးဖိခြင်းဆိုတာ အလျဉ်းမရှိတော့ ဘူးလို့ကို ရဲရဲဝံ့ဝံ့ပြောနိုင်တဲ့ အဆင့်ရောက်နေပါပြီ။ စာဖတ်သူ လူကြီးမင်းများ အားလုံးသိတော်မူကြတဲ့အတိုင်း ကျွန်တော့်ငယ်ကျိုးငယ်နာ၊ အပြစ်အနာ အဆာမှန်သမျကိုလည်း မိသားစုကိုသာမက စာဖတ်ပရိသတ်များ ဆီအထိ ပွင့်ပွင့်လင်းလင်းချပြ ဖွင့်ပြောနေခဲ့တာလည်း ကြာတောင့် ကြာလှပါပြီ။ တစ်နည်းပြောရင် လိမ်ညာဖုံးဖိတဲ့အလုပ်ကို ကျွန်တော် ကိုယ်တိုင်က မလုပ်တဲ့အတွက် ကျွန်တော့်မိသားစု၊ အထူးသဖြင့် ကျွန်တော်က ပေါက်ဖွားလာတဲ့ကျွန်တော့် သမီးနဲ့သားတို့မှာလည်း သည်စရိုက်က မရှိတော့ပါဘူး။

ပြောချင်တာက ကလေးတွေကို အလိမ်သင်သူများဟာ လက်ဦး ဆရာဆိုတဲ့ မိဘတွေသာ ဖြစ်နေတတ်တဲ့ အကြောင်းကိုပါ။ တမင်တော့ လိမ်ကြဟဲ့၊ ညာကြဟဲ့၊ ဖုံး ကြဟဲ့၊ ဖိကြဟဲ့လို့ သင်နေတာ မျိုးတော့ မဟုတ်ဘူးပေါ့။ သို့သော် အမှန်အတိုင်းပြောတဲ့အခါ ဆူပူမောင်းမဲတာ၊ အပြစ်ပေးတာမျိုးနဲ့ သော်လည်းကောင်း၊ မလိမ်ရဘူးလို့တော့ နှုတ်က သွန်သင်ပါရဲ့၊ ရှေ့ ဆောင်နွားလားများအနေနဲ့ ကိုယ် တိုင်ကကျတော့ ရှေ့ကနေ လိမ်ညာ ဖုံးဖိပြနေတာမျိုးများနဲ့ သော်လည်း ကောင်း၊ ဟဲ့... နင့်အဖေ မသိစေနဲ့၊ နင့်အမေ မသိစေနဲ့ဆိုတဲ့ စကားများနဲ့သော်လည်းကောင်း အမှတ်တမဲ့ လမ်းပြပေးနေမိကြရင်း က လိမ်ညာဖုံးဖိမှု အထုံစွဲနေသူ လူသားမျိုးဆက်သစ်များကို ပျိုးထောင်ဖြစ်နေတတ်ကြတာကို အားလုံး သတိထားသင့်တယ်လို့ မြင်မိပါတယ်။

သည်ကမှ တစ်ဆင့် ဆန့်ထုတ်စဉ်းစားလိုက်မယ် ဆိုရင်တော့ ကျောင်းမှာ၊ အလုပ်ခွင်မှာ၊ သည့်ထက်ကျယ်ပြန့်တဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပတ်ဝန်းကျင်များမှာလည်း အမှန်အတိုင်းပြောပြတိုင်း သာငြိုငြင်ပြနေမယ်၊ အပြစ်ပေး အရေးယူနေမယ်၊ ဆူဆဲမောင်းမဲနေမယ် ဆိုလို့ကတော့ လိမ်ညာခြင်း သံသရာထဲမှာ ၀ဲလယ်လှည့်ရင်း အိုး ဒယ်နစ်နစ်ရတော့မယ့် ကိန်းကို အားလုံးမြင်သင့်ကြပြီလို့ ယူဆမိရတဲ့အတွက် သည်စာကို ရေးမိရပြန်ခြင်းပါပဲ။

အားလုံးတွေးဆ ဆင်ခြင် ကြည့်နိုင်ကြပါစေ။
Written by အတ္တကျော်  
(စာပြီးရက် - ၂၄.၁၂.၀၉)
ခေတ္တ - ဥယျာဉ်ကုန်းရွာ၊ ဆင်ခြေရာ အုပ်စု၊ လပွတ္တာမြို့နယ်