Friday, June 10, 2011

စာပေစိစစ်ရေးမတင်ရတဲ့အမျိုးအစားတွေက ထီပေါက်စဉ်လိုဟာမျိုးတွေတဲ့ဗျို့

ပြောင်းလဲကျင့်သုံးလိုက်သည့် စာပေစိစစ်ရေး မူဝါဒများအရ လာမည့် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ စာပေအမျိုးအစား ငါးမျိုးမှ ဂျာနယ်၊ မဂ္ဂဇင်း ၁၇၈ စောင်နှင့် အထွေထွေ စာပေအချို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ စာမူကြမ်းများ ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့် ရရှိတော့မည် ဖြစ်သည်။ အဆိုပါ မူဝါဒ ပြောင်းလဲကျင့်သုံးမှုကို ဇွန်လ ၈ ရက်နေ့က ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း ရုံချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်က ပြောခဲ့ပြီး မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိ ထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းများအနက် ထက်ဝက်ခန့်က လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေနိုင်မည်ဟု ဆိုသည်။ “ဂျာနယ်၊ မဂ္ဂဇင်းတွေကို အုပ်စု နှစ်ခု ခွဲထားပါတယ်။ အုပ်စု (၁)မှာ ပါဝင်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက လာမယ့် သောကြာနေ့ကစပြီး စာပေစိစစ်ရေး ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့်ရပါပြီ။ အုပ်စု (၂) အတွက်တော့ အရင်က ကျင့်သုံးနေတဲ့ စိစစ်ရေးတင်ပြီးမှ ထုတ်ဝေတဲ့စနစ်ကိုပဲ ကျင့်သုံးသွားမှာပါ” ဟု ဦးရဲတင့်က ပြောသည်။ အုပ်စု (၁)တွင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားတို့နှင့် ဆိုင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ၊ ပုံပြင်၊ ရုပ်ပြစာမူနှင့် ထီပေါက်စဉ်များ ပါဝင်ပြီး အုပ်စု (၂)တွင် သတင်းဂျာနယ်များ၊ နိုင်ငံရေး၊ ဘာသာရေး (ဂမ္ဘီရ အပါအဝင်) စီးပွားရေး၊ ပညာရေးနှင့် မှုခင်းဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာပေများ၊ ဝတ္ထုစာမူများ ပါဝင်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲနေခြင်းဖြစ်ပြီး အုပ်စု (၂)မှ စာပေအမျိုးအစားများ လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိရေးသည် ယခု ပထမအဆင့်အနေဖြင့် ခွင့်ပြုလိုက်သည့် အုပ်စု (၁)မှ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာမူများ ပုံနှိပ်ခွင့် ပြောင်းလဲလိုက်သည့် ရလဒ်အပေါ် မူတည်သည်ဟုလည်း ၄င်းကဆိုသည်။ အဆိုပါ မူဝါဒ ပြောင်းလဲမှုအရ အုပ်စု(၁)မှ ပုံနှိပ် ထုတ်ဝေသူများ၊ အယ်ဒီတာများ အနေဖြင့် မိမိတို့ ပုံနှိပ်ထုတ်ဝေမှုကြောင့် ဖြစ်လာသည့် ပြဿနာအားလုံးကို တာဝန်ယူရမည်ဖြစ်ပြီး စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တိုင်တန်းမှုများ ရှိလာပါက အရေးယူ ဆောင်ရွက်သွားမည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆိုသည်။ အဆိုပါ အုပ်စု နှစ်စုစလုံးကို စိစစ်သွားရန် အဖွဲ့နှစ်ခု ဖွဲ့စည်းထားပြီး ၄င်းအဖွဲ့များမှ တင်ပြလိုက်သည့် ပြဿနာများကို စိစစ်သုံးသပ်တင်ပြရေးအဖွဲ့ ရှိနေမည်ဟုလည်း ၄င်းကဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၃၅၈ စောင်ရှိပြီး အဆိုပါ မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ် ၈၂ စောင်၊ မဂ္ဂဇင်း ၉၆ စောင်နှင့် အထွေထွေ စာမူများမှာ လွတ်လပ်စွာ ထုတ်ဝေနိုင်ပြီဖြစ်ပြီး ၄င်းထုတ်ဝေခွင့်တွင် ပုံပြင်၊ ရုပ်ပြစာမူများနှင့် ထီပေါက်စဉ်တို့လည်း ပါဝင်ကြောင်း ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။