Wednesday, December 1, 2010

ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်

၂၀၁၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ထိပ်တန်း အတွေးအခေါ်သမားများတွင် ဒေါ်အောင်ဆန်းစုကြည်ကို Foreign Policy မဂ္ဂဇင်းကြီးက ထည့်သွင်းဖော်ပြလိုက်သည်။
Daw_Su_and_His_Son_at_BG_market
ယနေ့တွင် သားဖြစ်သူ ကင်မ် အဲရစ္စနှင့်အတူ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ - Getty Images)
နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို အတွေးအခေါ်သမား ၁၀၀ အနက် အဆင့် ၇၅ တွင် ထည့်သွင်းဖော်ပြထားသည်။

ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍ Foreign Policy မဂ္ဂဇင်းကြီးသို့ ဗီဒီယိုမှတဆင့် ဂုဏ်ပြု အမှတ်တရ ပြောကြားရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူနေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ကမ္ဘာကြီးသည် ပြောင်းလဲလာကြောင်းနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်ကြောင်း ပြောသွားသည်။

ထို့ အပြင် ဒေါ်အောင်ဆန်းစုကြည်က “ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းမှာ ကျမဘဝဟာ ကာလအပိုင်းအခြား နှစ်ခုအတွင်း ကျင်လည်နေခဲ့ပါတယ်။ တွေးတောပြီး အပြန်ပြန်အလှန်လှန် သုံးသပ်ခြင်း ဆိုတဲ့ ကာလအပိုင်းအခြားနဲ့ လုပ်စရာတွေ များလွန်းလို့ ပြေးလွှားနေတဲ့ အတွေးတွေကို ဆုပ်ကိုင်ဖို့ အချိန်မရနိုင်တဲ့ ကာလအပိုင်းအခြားပါပဲ” ဟု ဆိုသည်။

“ဒါပေမယ့် ဒီနှစ်တွေထဲမှာ အတွေးတခု ဝင်နေတာက ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် တိုးတက်မှုတခုရဖို့ ကျမတို့အားလုံး အတူတူ လက်တွဲ လုပ်ဆောင်ကြရမယ် ဆိုတာပါပဲ။ ဒါက လူသားဖြစ်တည်မှုနဲ့အတူ မွေးဖွားလာတဲ့ အတွေးအခေါ်ပါ။ အများနဲ့ လုပ်တာ အကျိုးရှိပါတယ်။ တဦးကိုတဦး ကူညီရိုင်းပင်းကြဖို့ ကြိုးစားကြရပါမယ်။ ဒါဟာ ဘယ်တော့မှ အိုမင်းဟောင်းနွမ်းသွားမယ့် အတွေးအခေါ် မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပြောင်းလဲနေသော အခြေအနေသစ်ကို တွေ့ရခြင်းနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျမကို လာရောက် အားပေးသူတွေ၊ နှုတ်ဆက်ဖို့ လာတဲ့ သူတွေနဲ့ ကျမတို့ လုပ်ဆောင်နေတာကို ဆက်လက်ယုံကြည်ကြောင်း ပြသသူတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာက ကျမ အလုပ် တွဲလုပ်ခဲ့ဖူးသူတွေထက် ပိုပြီး ငယ်ရွယ်နေကြပါတယ်။ တကယ့်ကို မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်ပေါင်း များစွာလို့ ကျမပြောပါရစေ။ ကျမတို့နဲ့ ပူးပေါင်းလာတယ်။ တကယ့်ကို နုပျိုနေတဲ့ ကမ္ဘာသစ်ပါပဲ” ဆိုသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တချိန်တည်းတွင် ထိုလူငယ်မျိုးဆက်များသည် သတင်းနည်းပညာ တော်လှန်ရေးသစ်၌ ပို၍ အကျွမ်းတဝင်ဖြစ်နေသည့် ထူးသည့် ကမ္ဘာသစ်ဖြစ်ကြောင်း၊ သူ့ကို ပျော်ရွှင်စေ၊ အားတက်စေ၊ လန်းဆန်းစေခဲ့ကြောင်း၊ သတင်းနည်းပညာသည် ကွဲပြားသည့် လူအမျိုးမျိုး၊ ကွဲပြားသည့် မျိုးဆက်များကြားတွင် ပိုမိုကောင်းမွန်သော ကူးလူးဆက်ဆံမှုကို ဖြစ်ပေါ်စေကြောင်း သုံးသပ် ပြောကြားသွားသည်။ 

“ကမ္ဘာကို ထိပ်တန်း အတွေးအခေါ်သမားအဖြစ် ဘာတွေ ပြောပေးနိုင်မယ်ဆိုတာ မသိပါဘူး။ ပြောနိုင်တာကတော့ ကျမဟာ ပြန်လည်မျှဝေပေးဖို့၊ အတွေးအခေါ်သစ်တွေ သင်ယူဖို့၊ လူငယ်တွေဆီက သင်ယူလေ့လာဖို့၊ ကျမ အကျယ်ချုပ်ကျခံနေရတဲ့ ကာလအတွင်း ဖြတ်သန်းခဲ့သူတွေဆီကနေ ဘာတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုတာကို သင်ယူဖို့၊ ထပ်ဆောင်း ဆင်ခြင်မှုတွေကို သင်ယူဖို့ အသင့်ပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဆင်ခြင်တွေးခေါ်ခြင်းသည် ပြီးဆုံးသည်၊ အဆုံးသတ်သွားသည်ဟူ၍ မရှိကြောင်း၊ ဤသည်မှာပင် စိတ်ဓာတ်နှင့် နှလုံးသား၏ အဆုံးမရှိ ခရီးဆက်နေသော လူ့သဘာဝ၏ အလှတရားဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အုပ်စိုးမှုအပြောင်းအလဲထက် “အရည်အသွေး တန်ဖိုး အပြောင်းအလဲ” အတွက် ရှေရှည်ပြုပြင်ပြောင်းလဲမှုကို ဆော်သြခဲ့ကြောင်း Foreign Policy မဂ္ဂဇင်းကြီးက ရေးသားထားသည်။

“သူ (ဒေါ်အောင်ဆန်းစုကြည်) က လုပ်စရာရှိတာတွေ စလုပ်နေပါပြီ။ သူ့ရဲ့ ပါတီ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်) ဆက်လက် ရပ်တည်ရေးအတွက် ဥပဒေကြောင်းအရ ဆောင်ရွက်တယ်၊ မကြာသေးမီက ပြီးစီးသွားတဲ့ ရွေးကောက်ပွဲ မသမာမှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ကတိပြုတယ်။ လွတ်လွတ်ချင်း ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ 'ကျမတို့ လုပ်စရာတွေလည်း အများကြီး ရှိသေးတယ်' ဆိုတဲ့အတိုင်းပါပဲ” ဟု  Foreign Policy မဂ္ဂဇင်းကြီးက မှတ်ချက်ပေးထားသည်။

ကမ္ဘာ့ အတွေးအခေါ်သမား ၁၀၀ အနက် ထိပ်ဆုံးတွင် ဘီလျံနာ သူဌေးကြီးများဖြစ်သော စီးပွားရေးရင်းနှီးမြှုပ်နှံသူ ဝါရင်း ဘတ်ဖတ် နှင့် မိုက္ကရိုဆော့ဖ်ကို တည်ထောင်သူ ဘီလ် ဂိတ်တို့ရှိနေပြီး အမေရိကန် သမ္မတ အိုဘားမားက တတိယဖြစ်သည်။

ဂျာမန် အဓိပဓိဖြစ်သူ အင်ဂလာ မာကယ်က အဆင့် ၁၀ တွင်ရှိနေပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အဆင့် ၁၃ ဖြစ်သည်။

သတင်း ။ ။ဧရာဝတီ

စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

(Photo: RFA)
KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။ (Photo: RFA)
လောလောဆယ် တင်းမာမှုနဲ့ ပြင်ဆင်မှု အခြေအနေတွေအရ စစ်ပွဲဖြစ်ပွားဖို့ နှစ်ဖက်စလုံးက အဆင်သင့် ဖြစ်နေတဲ့ အနေအထား တွေ့ရတယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးအောင်ဝါက ပြောပါတယ်။
ကေအိုင်အို အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ သူတို့ရဲ့ ကေအိုင်အေတပ်တွေကို အသင့် အနေအထား ရှိအောင် တပ်လှန့်ထားတာသာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစလို့ စစ်အစိုးရနဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် စစ်အစိုးရရဲ့ ဖိအားပေးမှုကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ အပစ်ရပ် သဘောတူညီချက်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပဲလို့ ကေအိုင်အိုအဖွဲ့က ပြောပါတယ်။
နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စကို ကေအိုင်အိုက ငြင်းပယ်ခဲ့တဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ ကေအိုင်အို အဖွဲ့တို့ကြား ဆက်ဆံရေး အထူးတင်းမာလာခဲ့ပြီး စစ်အစိုးရဖက်က ကေအိုင်အိုအရာရှိတွေရဲ့ သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့တဲ့ အပြင် မြစ်ကြီးနားမြို့က ကေအိုင်အိုအဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံးကိုပါ မကြာသေးခင်က ပိတ်ခိုင်းခဲ့ပါတယ်။

သတင်း -- RFA