အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့် မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ညနေတွင် စစ်အစိုးရပိုင် မီဒီယာမှတဆင့် ကြေညာလိုက်ကြောင်း သိရှိရသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တည်ဆဲ ပါတီဟောင်းများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပြီး ယင်းပါတီတို့သည် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်လက် တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို လျှောက်ထားခြင်းမရှိသဖြင့် ဖျက်သိမ်းခြင်း ဖြစ်သည်ဟု ကြေညာသွားသည်။
ယခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြသည့် ပါတီသစ်များအနက် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်) တို့ကို လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဖျက်သိမ်းကြောင်း ကြေညာခံရသည့် ၁၀ ပါတီတို့သည် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားခြင်း၊ မှတ်ပုံမတင်ခြင်း၊ လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် တရားဝင် ဆက်လက် ရပ်တည်ခွင့် မရှိတော့ဘဲ ဖျက်သိမ်းလိုက်သည်ဟု စစ်အစိုးရ မီဒီယာမှ ကြေညာသွားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ပြုထားသည့် ၄၂ ပါတီအနက် ၅ ပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး ကျန်ရှိသည့် ၃၇ ပါတီတို့သည် စစ်အစိုးရ ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှတဆင့် ပြောဆိုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ပြောဆိုလိုသည့် ပါတီမူဝါဒဆိုင်ရာများကို စာမျက်နှာ ၇ မျက်နှာထက် မပိုစေဘဲ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံသို့ ၇ ရက်ကြိုတင်၍ တင်ပြရမည်ဟု ဆိုသည်။
နိုင်ငံရေးပါတီများ၏ တင်ပြချက်များကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း စိစစ်ပြီး ထုတ်လွှင့်သင့်သည့် အကြောင်းအရာများကိုသာ ကြာမြင့်ချိန် ၁၅ မိနစ်စာ ထုတ်လွှင့်ခွင့်ရမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ယနေ့အထိ ပါတီ ၃၃ ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြထားသည်။
ယခုဖျက်သိမ်းခံရသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပါတီဖြစ်ပြီး ယခုနှစ် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိလိမ့်မည် မဟုတ်ဟုဆိုကာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
NLD သည် ယမန်နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့် ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို စစ်အစိုးရက လိုက်လျောမှသာ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည်။
ယခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် NLD ဗဟိုဦးစီးအဖွဲ့ဝင်များ ဦးစီးပြီး အစည်းအဝေးတရပ် ကျင်းပကာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေ များသည် ဒီမိုကရေစီနှင့် လူ့ခွင့်အရေးများ ရရှိရန် ဦးတည်နိုင်မည် မဟုတ်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။
ရင်းမြစ်။ ။ဧရာဝတီ
Melbourne near me Trusted Removalist
1 week ago