Saturday, May 22, 2010

ဒေါ်အောင်ဆန်းစုကြည် အယူခံကိစ္စ ရှေ့နေကိုယ်တိုင် နေပြည်တော်သွားမည်

ပါတီများမှတ်ပုံတင်တဲ့ သတ်မှတ်ရက်ကျော်လွန်ရင် NLD ပါတီရပ်တည်ခွင့် ပျက်ပြယ်ရ မယ်ဆိုတဲ့ သဘောဖြစ်နေတာမို့ ဒါကို တရားရုံးချုပ်အနေနဲ့ တားမြစ်ပေးဖို့ လျှောက်လဲ တာကို ရန်ကုန်တိုင်းတရားရုံးက ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ပယ်ချလိုက်တာဟာ ဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ချော စာပို့ လျှောက်ထားခဲ့ပေမဲ့ အခုအချိန်အထိ တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးတဲ့အတွက်မို့ နေပြည်တော်ကို ရှေ့နေတယောက် စေလွှတ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က အကျိုးဆောင်ရှေ့နေတွေကို ညွှန်ကြားလိုက်ပါတယ်။  ဒီအခြေအနေ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အစိုးရကထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ စည်းမျဉ်းဥပဒေတွေအရ သူတို့သတ်မှတ်ထားတဲ့ ပါတီများ မှတ်ပုံတင်တဲ့ သတ်မှတ်ရက် ကျော်လွန်ရင် NLD ပါတီ ရပ်တည်ခွင့် ပျက်ပြယ်ရမယ့်သဘောဖြစ်နေတာမို့ ဒါကို တရားရုံးချုပ်အနေနဲ့ တားမြစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားခဲ့တာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ မေလ ၅ ရက် နေ့မှာ ရန်ကုန်တိုင်း တရားရုံးချုပ်က ပယ်ချခဲ့တာပါ။

ဒါပေမယ့် အဲဒီလို ပယ်ချတဲ့အကြောင်း ရန်ကုန်တိုင်း တရားရုံးချုပ်ရဲ့ တရားသူကြီးက စီရင်ချက်ချ ဆုံးဖြတ်ပေးခဲ့တာမဟုတ်ဘဲ တရားရုံးချုပ် ၀န်ထမ်းတစ်ဦးကသာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတွေကို ခေါ်ယူအသိပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ခေါ်ယူ အကြောင်းကြားတဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ညီညွတ်ခြင်းမရှိဘူး ဆိုပြီးတော့ နေပြည်တော်ကို ချောစာပို့ပြီး အကျိုးဆောင်ရှေ့နေတွေက
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာ အကြောင်းကြားခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီချောစာကို အာဏာပိုင်တွေဘက်က ခုချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိ သေးတဲ့အတွက် အခု နေပြည်တော်ကို ရှေ့နေတယောက် လူကိုယ်တိုင်စေလွှတ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေပါဝါ လွှဲပေးလိုက်တယ်လို့ ဒီကနေ့ နေ့လည်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းကပြောပါတယ်။

“တရားဝင် ရှေ့နေ တဦးတယောက်ပေါ့နော်။ ကိုယ်စားလှယ်အနေနဲ့ သွားရောက် ဆောင်ရွက်ဖို့ ဒီနေ့ ညှိနှိုင်းပါတယ်။ မကြာခင် လာမယ့်အပတ်ထဲမှာ ကျနော်တို့ လုပ်ပါမယ်။”

အကျိုးဆောင်ရှေ့နေကြီးတွေဖြစ်ကြတဲ့ ဦးဉာဏ်ဝင်းနဲ့ ဦးကြည်ဝင်းတို့ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ တောင်ဥက္ကလာပလွှတ်တော်ကိုယ်စားလှယ်၊ ရန်ကုန်တိုင်း NLD လွှတ်တော်ဥက္ကဋ္ဌ လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးလည်းဖြစ်တဲ့ သခင်စိုးမြင့် ကွယ်လွန်တာနဲ့ ပတ်သက်ပြီးတော့လည်း ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတာက NLD ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာ။ ဒါဟာ တော်လှန်ရေးတခုပဲ။ စနစ်ပြောင်း တော်လှန်ရေးတခုပဲ။ ဒီစနစ်ပြောင်းတော်လှန်ရေးမှာ အန်ကယ်လ် သခင်စိုးမြင့်ဟာ ယုံယုံကြည်ကြည်နဲ့ ကွယ်လွန်ချိန်အထိ ဆောင်ရွက်သွားတာအတွက် သူ လေးစားဂုဏ်ယူပါတယ်တဲ့။ နောက်တခုက ဒီမိုကရေစီရေးတိုက်ပွဲမှာ သခင်စိုးမြင့်ဟာ မဆုတ်မနစ်တဲ့ ဇွဲ၊ လုံ့လနဲ့ ဆောင်ရွက်ခဲ့တာကို အသိအမှတ်ပြုတယ်။ လေးစားပါတယ်။ ဒီအတွက် အများကြီး လည်း နှမျောပါတယ်တဲ့။ အဲသလို ပြောပါတယ်။”

ဒါ့အပြင် အဖွဲ့ချုပ်အနေနဲ့ စေတနာရှေ့ထားပြီး လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတာကို ကြားသိရတဲ့အတွက် စိတ်ကြည်နူးမိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“အဖွဲ့ချုပ်ရဲ့ နာဂစ်ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်၊ နောက်တခုက ဗဟိုအမျိုးသမီး အဖွဲ့ဝင်များ၊ NLD အဖွဲ့ဝင်များ၊ ဒီအဖွဲ့ဝင်တွေဟာ သောက်သုံးရေ အခက်အခဲဖြစ်တဲ့ နေရာတွေကို ကိုယ်တိုင်သွားရောက်ပြီးတော့ ကူညီဆောင်ရွက်တဲ့လုပ်ငန်း၊ နောက်တခု က မဖြူဖြူသင်းခေါင်းဆောင်တဲ့လူငယ်များက အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် လူနာ တွေကို စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်နေခြင်း ဒါတွေဟာ NLD အဖွဲ့ချုပ်ရဲ့ လူထုအပေါ်ထားတဲ့ စေတနာတွေပဲဖြစ်တယ်တဲ့။ ဒါကြောင့် ဒီဆောင်ရွက်မှုတွေအတွက် အထူးပဲ ၀မ်းသာကြည်နူးရပါတယ်လို့ ဒီနှစ်ခု ပြောလိုက်ပါတယ်။”

ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်နေတာကို တားမြစ်ပေးဖို့ ရန်ကုန်တိုင်း တရားရုံးမှာ လျှောက်ထားခဲ့တဲ့ အမှုကို တိုင်းတရားရုံးက ပယ်ချလိုက်တဲ့ အတွက် အဲဒီအမှုကို တရားရုံးချုပ်မှာ ဦးအောင်ဆန်းဦးက အယူခံဝင်ထားတဲ့အတွက် ဒါကို တုန့်ပြန်ဖို့အတွက်လည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရင်းမြစ်။ ။http://www1.voanews.com/burmese/news/nld_legal_entity-94655389.html

ထက်ထက်မိုးဦး သတင်း ဖေါ်ပြသည့် ဂျာနယ်များအား စိစစ်ရေးမှ အရေးယူမည့် သတင်းထွက်ပေါ်

Saturday, 22 May 2010
ထင်ရှားသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် ကြော်ငြာ မင်းသမီး ထက်ထက်မိုးဦးက ဆဲဗင်းဒေးစ် ဂျာနယ်မှ မိန်းကလေး သတင်းထောက်တစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်သဖြင့် တရားစွဲသည့် သတင်းကို ယနေ့ထုတ် The Voice သတင်းဂျာနယ် နှင့် First ဂျာနယ်တို့တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
အဆိုပါ သတင်းကို ပြည်တွင်းထုတ်ဂျာနယ်များတွင် ဖေါ်ပြရန် စာပေစိစစ်ရေးသို့ တင်ပြခဲ့ကြသော်လည်း မည်သည့် ဂျာနယ်ကိုမျှ စိစစ်ရေးက ဖေါ်ပြခွင့် မပေးခဲ့ဟု သိရှိရသည်။ အဆိုပါ သတင်းသည် ထက်ထက်မိုးဦး နှင့်ပတ်သက်သည့်အတွက် လူထုအများ စိတ်ဝင်စားသည့် အပြင် ပြည်တွင်းဂျာနယ်လောကမှ သတင်းထောက်များအားလည်း စော်ကားသည့် အသုံးအနှုန်းဖြစ်၍ ဂျာနယ်များမှ ဖေါ်ပြလိုကြသော်လည်း စာပေစိစစ်ရေးက တားမြစ်ခဲ့သည်။
ယခုကဲ့သို့ ထက်ထက်မိုးဦးအား တရားစွဲသည့် သတင်း ဖေါ်ပြသည့် ဂျာနယ်နှစ်စောင်ကို တစ်ပတ်နားရမည် ဆိုသည့် သတင်းထွက်ပေါ် နေသော်လည်း ယနေ့ညနေပိုင်းထိ သက်ဆိုင်ရာ တိုက်ကို တရားဝင်အကြောင်းကြားခြင်း မရှိသေးဟု သိရသည်။
စာပေကင်ပေတိုင်ဟု တင်စားခေါ်ဝေါ်ကြသည့် စာပေစိစစ်ရေးသည်  အစိုးရ၏ ပေါ်လစီ၊ နအဖ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများကို ထိခိုက်စေမည့် အရေးအသားများကို တားမြစ်ပိတ်ပင်သည့် ယန္တရား တစ်ခုဖြစ်ရုံသာမက ယခုလို အနုပညာသည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပျက်သည့် ကိစ္စရပ်များတွင်လည်း အဖြစ်အပျက်ကို သတင်းစာမျက်နှာပေါ် တက်မလာစေရန် တားမြစ်ခွင့်ရှိသည့် အဖွဲ့အစည်းလည်း ဖြစ်နေသည်။ ထိုသို့သော ကိစ္စများတွင် ငွေကြေးလာဘ်လာဘ ယူပြီးတားမြစ်ပေးခြင်းမျိုး၊ သို့မဟုတ် နအဖ အစိုးရထဲမှ အာဏာရှိသူ တဦးဦး၏ အကူအညီယူပြီး တဦးချင်းအကျိုးစီးပွားကို ကာကွယ်ပေးခြင်းမျိုး ဖြစ်သည်ဟု စာပေအသိုင်းအ၀ိုင်းက ပြောဆိုကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက သရုပ်ဆောင် ပြေတီဦး၏ မွေးနေ့ပွဲတွင် သတင်းထောက်အချို့ ၀င်ခွင့်မရခြင်းနှင့် ပတ်သက်ပြီး ပြေတီဦးနှင့် သတင်းထောက်များအကြား အဖုအထစ် ဖြစ်ခဲ့ပြီး ထိုအဖြစ်ကို ရေးသားဖေါ်ပြခွင့် မရစေရန် ပြေတီဦးက စာပေစိစစ်ရေးကို လာဘ်ပေးပြီး တားမြစ်ခိုင်းခဲ့သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့ကြောင်း ထိုအဖြစ်ကို ကြုံခဲ့ရသည့် သတင်းထောက်များက ပြောဆိုသည်။
ယခုအဖြစ်အပျက်သည် ပြည်တွင်းသတင်းဂျာနယ်များ အနေဖြင့် ကိုယ်ထိလက်ရောက် စော်ကားခံရသော သတင်းထောက်၏ အဖြစ်အပျက်ကို စာဖတ်သူတင်ပြလိုခြင်းနှင့် ထင်ရှားသည့် သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် ပတ်သက်သည့် ကိစ္စဖြစ်သဖြင့် စာဖတ်ပရိသတ် စိတ်ဝင်စားသည့် သတင်းဖြစ်သဖြင့် ရေးသားဖေါ်ပြလိုကြခြင်း ဖြစ်သည်။
ပြည်တွင်း သတင်းထောက်တဦးက``အခုသတင်းဖေါ်ပြထားတာက သတင်းထောက်အနေနဲ့ တရားစွဲဖို့ လျှောက်ထားတဲ့အကြောင်း အဖြစ်အပျက်ညက အမေးအဖြေတွေကို ရေးသားဖေါ်ပြထားတာပဲ ရှိတယ်။ ထက်ထက်မိုးဦးကို ပုတ်ခတ်ရေးသား ထားတာလည်းမဟုတ်သလို အစိုးရနဲ့လည်း ဘာမှ မသက်ဆိုင်ဘူး။ ဒီလိုအဖြစ်အပျက်တွေမှာတောင် စိစစ်ရေးက လိုက်ဝင်စွက်ဖက်နေရင် မြန်မာနိုင်ငံရဲ့ မီဒီယာဟာ ဘယ်တော့မှ စိစစ်ရေးလောင်းရိပ်အောက်က ထွက်ရမှာ မဟုတ်တော့ဘူး။ သူတို့ဖြစ်စေချင်တဲ့ပုံစံ ရေးစေချင်တဲ့ ပုံစံပဲရေးရမယ်။  ပုဂ္ဂလိက မီဒီယာအနေနဲ့ ကိုယ့်ရဲ့ တာဝန်၊ ကျင့်ဝတ်၊ နိုင်ငံမှာ ပြဌါန်းထားတဲ့ ဥပဒေနဲ့ လိုက်လျော ညီထွေဖြစ်အောင် ရေးသားလုပ်ဆောင်နိုင်အောင် မဆိုင်တဲ့ ကိစ္စတွေမှာ စိစစ်ရေးက ၀င်မစွက်ဖက်သင့်ဘူးလို့ ထင်ပါတယ်´´ဟုပြောသည်။
မြန်မာနိုင်ငံတွင် မည်သည့်ဂျာနယ် မဂ္ဂဇင်းမဆို ထုတ်ဝေခြင်းမပြုမီ စာပေစိစစ်ရေးသို့ စာသား၊ ရုပ်ပုံ၊ မည်သည့်စာမျက်နှာတွင် ဖေါ်ပြမည်ဆိုသည် အထိတင်ပြကြရပြီး အပတ်စဉ်ထုတ်ဂျာနယ်ဆိုပါက ၂ရက်မှ ၃ရက်၊ လစဉ်ထုတ် မဂ္ဂဇင်းဆိုပါက တစ်ပတ်ဝန်းကျင် ကြာမြင့်လေ့ရှိပြီး ခွင့်မပြုသည့် ရုပ်ပုံစာသား တို့ကို ပုံမနှိပ်မီဖြတ်တောက် ဖယ်ရှားပေးရသည်။
      ပုဂ္ဂလိက မီဒီယာများဖြစ်သည့် အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ် ဂျာနယ် မဂ္ဂဇင်း အမျိုးအစား နှစ်ရာကျော် သုံးရာနီးပါး ခွင့်ပြုထားသော်လည်း ထိုသို့စိစစ်ရေး၏ ဖြတ်တောက် ဖယ်ရှားရန် အမိန့်ပေးနေခြင်းကြောင့် သတင်း မလတ်ဆတ်ခြင်း၊ သတင်းဆောင်းပါး၊ ၀တ္တု၊ကဗျာတို့ ပုံပျက်ခြင်း၊ ရည်ရွယ်ချက် လွဲချော်သွားခြင်း အစဉ်ဖြစ်ပေါ်လျက်ရှိသည်ဟု အယ်ဒီတာ၊  သတင်းထောက်နှင့် စာရေးဆရာများက ပြောဆိုကြသည်။ 
(ဓာတ်ပုံ - ထက်ထက်မိုးဦးသတင်းဖော်ပြထားသည့် - the first Journal စာမျက်နှာ)
 
ရင်းမြစ်။ ။မိုးမခ