Wednesday, February 24, 2010

ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ

U-Tin-Oo

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ချုပ်၏ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦးဟု ခေါ်ကြသော NLD ဒုဥက္ကဋ္ဌ လွတ်မြောက်လာသည့် သတင်းသည် ကိုမင်းကိုနိုင်တို့၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက် သိပ်မထလှပါ။ မီဒီယာများကလည်း ယခင်ကိစ္စများတုန်းကလောက် အသားမပေးလှပါ။ ကိုမင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသားညီလာခံဆိုတာကြီးက ကျင်းပနေဆဲဖြစ်ပြီး၊ အခြေခံဥပဒသစ်အတွက် အခြေခံမူများ ဆိုတာတွေကို မချရသေးပါ။ ထို့ကြောင့် နိုင်ငံရေးရေစီးကြောင်းကို တစုံတရာ ပြောင်းပစ်နိုင်စရာ လမ်းတွေ၊ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့။ ထို့ကြောင့် ‘၈၈ မျိုးဆက်’ ကျောင်းသားများအပေါ် အားကိုးမျှော်လင့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါသည်။

ဘဘဦးဝင်းတင် လွတ်လာချိန်တွင်တော့ ၂ဝဝ၈ အခြေခံဥပဒေဆိုတာကို အတင်းပြဋ္ဌာန်းပြီးနေပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာကိုလည်း ကြေညာပြီးနေပြီ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရ၏ ခြေလှမ်းတွေကို ဟန့်တားရန် အချိန်တွေ ရှိသေးသည်ဟု ထင်ကြပြီး၊ ဘာတွေများ ဖြစ်လာမလဲဟု စိတ်ဝင်စားခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့အထိ အရှိန်အဟုန်မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည် ထင်သမျှကို ဘာမှ မငဲ့ကွက်ဘဲ ပြောဆိုနေဆဲဖြစ်ပါသည်။ စစ်အစိုးရကလည်း သူတို့စိုးရိမ်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟုများ ပစ်ထားသလား မသိပါ။

ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိအယူအဆကို ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတန်းတည်း ခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅ မှ ၂ဝဝ၃ ခုနှစ်အထိ ၈ နှစ်တိုင်တိုင် အဖွဲ့ချုပ်လူထုနှင့် လက်ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထု၏ ချစ်ခင်ကြည်ညို ခံရသူဖြစ်ပါသည်။ သို့သော် ယနေ့ မျက်မှောက်နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်၍တော့ မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင်၊ အဖွဲ့ချုပ်အပေါ်တွင် သြဇာအရှိဆုံး၊ အဖွဲ့ဝင်ထု၏ ယုံကြည်အားထား အကြည်ညိုဆုံး ခေါင်းဆောင်တဦးဖြစ်သော၊ ဘဘဦးတင်ဦး၏ တိုက်ရိုက်ခေါင်းဆောင်မှုကို ပြန်လည်ရရှိခြင်းသည်၊ အဖွဲ့ချုပ်အတွက် တအားပင် ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက လွတ်လာပြီး၊ ၁၅ ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦး အရင်ဆုံး စတင်ကိုင်တွယ်ရသည့် ပြဿနာမှာ၊ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရန် လူစာရင်း လျာထားခြင်း ကိစ္စပင်။ ထိုနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တိုင်း/ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ပါ၊ ဘဘဦးတင်ဦး၏ ဆွေးနွေးချင့်ချိန် ဆုံးဖြတ်ချက်ချမှုများသည်၊ အကျဉ်းကျရာမှ လွတ်လာသည်နှင့်မတူဘဲ၊ အဖွဲ့ချုပ်၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ် တထပ်တည်း ရှိနေသည်ဟု ကြားသိရသဖြင့် အားရှိစရာပင် ဖြစ်ပါသည်။ သို့သော် ဗဟိုကော်မတီအတွက် လူရွေးခြင်း ဆိုသည်မှာ အရေးတကြီးကိစ္စ ဖြစ်သော်လည်း၊ အရေးကြီးဆုံး ကိစ္စတရပ်တော့ မဟုတ်ပါချေ။

ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်ဆွဲလျက်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို စဉ်းစားရန် အချိန်မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ်ပေးရမည့် အချိန်က မဝေးတော့ပါ။ ထို့ကြောင့် အဖွဲ့ချုပ် အဖွဲ့ဝင်ထုထဲတွင် ဤရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုး ရှိနေကြသည်မှာ၊ ပိတ်ပင်တားစီး၍ မရနိုင်သလို၊ ဆန်းသည့်ကိစ္စလည်း မဟုတ်ပါ။ အခုတလောတွင် ကျယ်နေသည့် ဝေါဟာရကိုသုံး၍ ပြောရလျှင် ရီရယ်လစ် (Realist) များနှင့် အိုင်ဒီယယ်လစ် (Idealist) များ သဘောထားကွဲနေကြသည် ဆိုပါစို့။ မြန်မာလို ရိုးရိုးပဲ ဆိုရလျှင် လက်တွေ့ကျကျ စဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသူများဟု ကွဲပြားနေပါသည်။ ကဗျာဆန်ဆန် ပြောရလျှင်တော့ ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။

ဤသို့သော ဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့် လူ့လောကတခုလုံးတွင် ရှိနေသည်သာ ဖြစ်၍၊ အဖွဲ့ချုပ်အထဲတွင် ၎င်းအဖွဲ့ဝင်တဦးချင်း၏ အကြံအစည် စိတ်ကူးထဲတွင် ပါရှိနေပါသည်။ လူတယောက်ထဲတွင်ပင် ဒီနေ့၊ ဒီအခြေအနေ၌ လက်တွေ့ကျကျ စဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တနေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှအထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အဖွဲ့ချုပ်အတွင်း ဖြစ်ပေါ်နေသော ဝိရောဓိများသည်၊ ချေဖျက်၍မရသော၊ သို့မဟုတ် ပျက်စီးမှုကို ဦးတည်သော ကွဲပြားချက်များ မဟုတ်ပါ။ ပြေလည်အောင်ညှိနိုင်သော ဝိရောဓိများသာ ဖြစ်ပါသည်။

သို့သော် ဘဘဦးတင်ဦးကပင်၊ ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိတခုသည် ရှိနေကြောင်းကို ယခုလ ၂ဝ ရက်နေ့တွင် ဖော်ထုတ်သွားခဲ့ပါသည်။ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင်၊ ပြန်လည်ကျေးဇူးတင်စကား ပြောရာ၌် ဒီပဲယင်းကိစ္စအပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင်အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်၊ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီဲပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြီးပြီ၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး အပါအဝင် တဖက်ကိုယ်စားလှယ်များ၏ အဆိုအရ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှ တပ်ချုပ်က အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။

ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်းအထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားရုံမျှမက၊ တွေ့ဆုံဆွေးနွေးရေးရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခကို မည်သို့ ဖြေရှင်းမည်နည်း။

ဘဘဦးဝင်းတင် ထောင်ထဲက ထွက်လာကတည်းက ပြောနေခဲ့သလိုပင်၊ ဤကိစ္စကို ပြေလည်ရန်မှာ၊ လက်တွေ့ကျကျ လက်နက်ချအရှုံးပေး ဒူးထောက်ခြင်းနှင့် အဖွဲ့ချုပ်အပျက်ခံပြီး မူဝါဒကို စွဲကိုင်ထားခြင်း နှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောက် ဝိရောဓိထက်မြင့်သော အဖွဲ့ချုပ်၏ ဖြစ်တည်မှု ပြဿနာပင် ဖြစ်နေပါသည်။

ဘဘဦးတင်ဦးသည် တပ်ချုပ်ဘဝမှ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီးသော ဥပဒေပညာရှင် နိုင်ငံရေးသမား ဘဝသို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ သူ့ဘဝတလျှောက်တွင် လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်၍ စဉ်းစားဝေဖန်ဆုံးဖြတ်ခဲ့သည်မှာလည်း များလှပါပြီ။ ထို့အတူ ခံယူချက်ကို ကိုင်ဆွဲ၍ နိုင်ငံနှင့် ပြည်သူတို့အတွက် ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသော ကာလများမှာလည်း စုစုပေါင်း ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။

မကြာမီတွင် မလွဲမသွေ လုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ချုပ်၏ လက်တွေ့လမ်းစဉ် ချမှတ်ခြင်း လုပ်ငန်းစဉ်တွင် ဘဘ၏ ကျယ်ပြန့်သော အတွေ့အကြုံများ၊ ခိုင်မြဲသော ခံယူချက်၊ သန့်ရှင်းသော သီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့အပြင် အစဉ်အလာကြီးသော ခေါင်းဆောင်မှု စွမ်းရည်တို့က ကြီးမားသော အထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။

http://www.mizzimaburmese.com/edop/songpa/4897-2010-02-24-06-14-24.html

နယ်စပ်လမ်းက ဝမ်းတထွာ

ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၀
      ထိုင်း-မြန်မာနယ်စပ် စံခရဘူရီ-ဘုရားသုံးဆူဒေသဟာ ဒေသခံ ထိုင်းလူမျိုးတွေနဲ့ မြန်မာနိုင်ငံ သား မွန်၊ ကရင်၊ ထားဝယ်၊ မြန်မာတို့ ရောနှောယှက်တင် နေထိုင်ကြတဲ့ ဒေသတခုပါ။      
 နှစ်နိုင်ငံပြည်သူတွေဟာ စားဝတ်နေရေးအရ တဖက်နဲ့တဖက် အပြန်အလှန် အမှီသဟဲပြုနေရ၊ နေ့စဉ် ကူးလူး ဆက်ဆံ၊ သွားလာနေကြရတဲ့ ဒေသတခုဖြစ်ပြီး မြန်မာဘက်ခြမ်း ဘုရားသုံးဆူကနေ ထိုင်းဘက်ခြမ်း စံခရဘူရီကို နေ့စဉ် နေ့တိုင်း ဝင်ထွက်သွားလာနေရတာက ထိုင်းလုပ်ငန်းရှင်တွေပိုင်တဲ့ အထည်ချုပ်စက်ရုံနဲ့ ဖိနပ်ချုပ်စက်ရုံတွေမှာ အလုပ်လုပ် ကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။
      တနေ့တနေ့ မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ခြမ်းကိုသွားပြီး အလုပ်လုပ်တဲ့ နေ့စား၊ လစား အလုပ်သမား ၃ဝဝဝ ကျော်လောက်ရှိပါတယ်။ မြန်မာအလုပ်သမားတွေဟာ အချိန်မှီ လုပ်ငန်းဂွင်တွေထဲ ဝင်ရောက်နိုင်ဖို့အတွက် နံနက်မိုးသောက်တာနဲ့ ချက်ပြုတ်ပြင်ဆင်ကြရပြီး ထမင်းဗူးကိုယ်စီနဲ့ အကြိုအပို့လုပ်တဲ့ ကားတွေရှိရာကို အပြေးအလွှား သွားကြရပါတယ်။
      မြန်မာဘက်ခြမ်းနဲ့ ထိုင်းဘက်ခြမ်းကို မနက်သွားညပြန် လုပ်နေကြတဲ့ မြန်မာအလုပ်သမား အများစုဟာ လူငယ် လူရွယ်နဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တွေများပါတယ်။ လူငယ်အများစုဟာ သူတို့ရဲ့ တဝမ်းစားတခါးဝတ် အတွက်၊ မိသားစုတွေရဲ့ ဝမ်းရေးပြဿနာကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့အတွက် စက်ရုံအလုပ်တွေကို ရောက်ရှိလာကြ တာဖြစ်ပြီး တချို့ကတော့ စစ်တပ်က လုပ်အားပေးခေါ်မှာ၊ ပေါ်တာဖမ်းမှာကို ကြောက်တဲ့အတွက် သူတို့ရဲ့ ဇာတိရပ်ရွာတွေ ကို စွန့်ခွာလာကြတာ ဖြစ်ပါတယ်။
      စစ်တပ်က ပေါ်တာဖမ်းတာကိုကြောက်လို့ ဘုရားသုံးဆူနယ်စပ်နယ်ကို ရောက်လာတဲ့ အလုပ်သမားတွေထဲမှာ မောင်နိုင်ထွန်းလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။ အထည်ချုပ်စက်ရုံ လုပ်သားတဦးဖြစ်တဲ့ မောင်နိုင်ထွန်းရဲ့ အသက် ဟာ (၁၈)ပြည့်ရုံလေးပဲ ရှိပါသေးတယ်။
      “ကျနော် ဒီနယ်စပ်ကိုရောက်တာ (၁)နှစ်တောင် မပြည့်သေးဘူး။ ရွာမှာ မနေရဲလို့ ဒီကိုရောက်လာတာ။ ရွာမှာ စစ်တပ်က လုပ်အားပေး အမြဲခေါ်တယ်။ ပေါ်တာလည်း ဖမ်းတော့ လူငယ်တွေ ရွာမှာ မနေရဲကြဘူး။ အများစုကတော့ နယ်စပ်ကို တက်ပြီး အလုပ်လုပ်ကြတာများတယ်”
          လို့ မောင်နိုင်ထွန်းက ပြောပါတယ်။
      ကျိုက်မရောမြို့မှာ (၁ဝ)တန်းအထိ ကျောင်းနေဖူးတဲ့ မောင်နိုင်ထွန်းဟာ  ကွန်ပြူတာပညာရှင် တယောက်ဖြစ်ရမယ် ဆိုတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ပြင်းပြခဲ့ဖူးပါတယ်။ ဒါပေမယ့် (၁ဝ)တန်းဖြေပြီးလို့ ရွာအပြန် ပေါ်တာအဖမ်းခံရပြီးတဲ့ နောက် မှာတော့ မောင်နိုင်ထွန်းရဲ့ စိတ်ကူးမျှော်လင့်ချက်တွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ  ပျောက်ဆုံးပျက်စီး သွားခဲ့ရပါတယ်။
      အခုတော့ မောင်နိုင်ထွန်းတယောက် ဘုရားသုံးဆူဘက်ကမ်းမှာ သူငယ်ချင်းတွေနဲ့အတူနေပြီး အထည်ချုပ်စက်ရုံ တခုမှာ အထည်ချုပ် လုပ်သားဘဝနဲ့ ဝမ်းကြောင်းနေပါတယ်။
      “ကျနော့်အလုပ်က မနက် ၈ နာရီကနေ ညနေ ၆နာရီ နေ့တိုင်း ပုံမှန်လုပ်တယ်ဆိုရင်တော့ တလကို ဘတ် ၁၈ဝဝ၊ ၂ဝဝဝ လောက်ရတယ်။ အချိန်ပို ဆင်းရတဲ့လတွေဆိုရင် ၂၃ဝဝ၊ ၂၄ဝဝ လောက်တော့ရတယ်။ ဒါပေမယ့် တစ်လတစ်လ လုပ် လိုက်စားလိုက်နဲ့ လက်ထဲမှာ တပြားမှ မကျန်ဘူး”
လို့ မောင်နိုင်ထွန်းက ပြောပါတယ်။
      မောင်နိုင်ထွန်းလို တစ်လတစ်လ လက်ထဲမှာ ပိုက်ဆံတပြားမှ မကပ်တဲ့ တကိုယ်ရေ တကာယသမား၊ ရရစားစား စက်ရုံအလုပ်သမားတွေ ဘုရားသုံးဆူနယ်စပ်မှာ အများကြီးပါ။ တစ်လတစ်လ နေစရိတ်၊ စားစရိတ်၊ သွားခလာခ၊ အလုပ် သမားလက်မှတ်ခနဲ့ ဝင်ငွေနဲ့ထွက်ငွေမမျှလို့ တစ်လပြီးတစ်လ အကြွေးတွေထပ်ပြီး အကြွေးသံသရာထဲမှာ တဝဲဝဲတလည် လည် ဖြစ်နေကြတဲ့ အလုပ်သမားတွေလည်း အများကြီးရှိပါတယ်။
      “စက်ရုံအလုပ်က နေရာတကာ ချွေတာနိုင်မှ တော်ရုံကျတာ။ စိတ်ထဲရှိတဲ့အတိုင်း ဝတ်မယ်၊ စားမယ်ဆိုရင်တော့ ဘယ်လိုမှ ငွေပြန်ပို့လို့ရမှာ မဟုတ်ဘူး။ ကျမတို့ ညီမ(၂)ယောက်ဆိုရင် တယောက်လုပ်စာ  နှစ်ယောက်မျှစားပြီး မိဘတွေကို လတိုင်း ငွေပို့ပေးနေရတာ။ မြန်မာပြည်ကလည်း ဘယ်လောက်ပို့ပို့ အဆင်ပြေတယ်။ လုံလောက်တယ်ဆိုတဲ့ အသံမကြား ရဘူး။  ကျမတို့ကလည်း ဒီမှာ အခက်အခဲအမျိုးမျိုးကြားမှာ အလုပ်လုပ်ပြီး မစားရက်၊ မသုံးရက်နဲ့ အစစအရာရာ ချိုးခြံချွေ တာနေရတာ”`
လို့ ဖိနပ်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မိနန်းသူက ပြောပါတယ်။
      မိနန်းသူပြောတဲ့ အခက်အခဲအမျိုးမျိုးဆိုတာက လုပ်ခလစာ မှန်မှန်မပေးတာ။ အလုပ်ချိန်တွေပိုခိုင်းပြီး လုပ်အားခကို လျော့ပေးတာ။ အလုပ်ရှင်နဲ့အလုပ်သမားပြဿနာဖြစ်တိုင်း ထိုင်းရဲတွေက အလုပ်သမားတွေကို ဝင်ဖမ်းတာ။ အလုပ်သမား တွေကိုဖမ်းပြီး မြန်မာဘက်ကမ်းကိုပြန်ပို့တာ။  အလုပ်သမားလက်မှတ်ခကို လုပ်ခထဲက ပိုပြီးဖြတ်ယူတာ။ လက်မှတ် အစစ် ကိုင်ခွင့်မရလို့ အဖမ်းခံရ၊ ငွေကုန်ကြေးကျပိုဖြစ်ရတာ။  အလုပ်သမား အခွင့်အရေးတောင်းရင် အလုပ်သမားခေါင်းတွေ လူမိုက် တွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်တာ စတဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ ကြုံတွေ့ကြရတဲ့ တစ်ထောင့်တည မြန်မာ့အလုပ် သမားတွေရဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။
      မိနန်းသူတို့မှာ အခြားနယ်စပ်ဒေသတွေနဲ့ မတူတဲ့ အခက်အခဲတခုလည်း ရှိပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်စည်းမရှိ၊ ခြံစည်းရိုး အကာအရံမရှိ၊ မြစ်ချောင်းမရှိတဲ့ စံခရဘူရီိ-ဘုရားသုံးဆူဒေမှာ နှစ်ဖက်အာဏာပိုင်တွေ နားလည်မှုနဲ့ ဖွင့်ထားတဲ့ နယ်စပ်ဂိတ်တွေရှိပါတယ်။
      ဒီဂိတ်တွေဟာ တဖက်နဲ့တဖက် စိတ်နဲ့မတွေ့ရင် မတွေ့သလို အကန့်အသတ်မရှိ အပိတ်၊ အဖွင့်လုပ်လေ့ရှိတာမို့ ထိုင်းဘက်ခြမ်းနဲ့ မြန်မာဘက်ခြမ်းကို နေ့စဉ်ကူးခြည်သန်းချည်နဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့ မိနန်းသူတို့လို စက်ရုံအလုပ် သမားတွေရဲ့ စားဝတ်နေရေး အဆင်ပြေမှု မပြေမှုကလည်း နယ်စပ်ဂိတ်တွေ အဖွင့်အပိတ်အပေါ်မှာ အများကြီးတည်မှီ ပြောင်း လဲ နေတာပါ။
      ဘုရားသုံးဆူ နယ်စပ်မှာ ဂိတ်တွေ ဘယ်လိုပဲ အပိတ်ပိတ်၊ အခက်အခဲတွေ ဘယ်လိုပဲ ကြုံကြုံ  မြန်မာ အလုပ်သမား တွေကတော့ သမုဒ္ဒရာ ဝမ်းတထွာအတွက် အခက်အခဲ အတားအဆီးများစွာကို ရုန်း၍ကန်၍ ရင်ဆိုင်ကျော်ဖြတ်၍ နေကြ ဆဲပါပဲ။
          (ဓာတ်ပုံ - ပန်းချီ မောင်မောင်တင်ရဲ့ ပန်းချီကား၊ ကိုဦးမသန္တာ ဘလောဂ့်၊ ခွင့်မတောင်းနိုင်ခဲ့ပါ)
မူရင်း ။  ။ မိုးမခ

သတ္တမ အကြိမ်မြောက် မြန်မာ့မီဒီယာ ညီလာခံကျင်းပ

မြန်မာသတင်းစာဆရာများ အပါအ၀င် စာပေနယ်ပယ်၊ လူထုဆက်သွယ်ရေးနယ်ပယ်မှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် မြန်မာ သတင်းသမဂ္ဂက ကြီးမှူးပြီး သတ္တမအကြိမ်မြောက် မြန်မာ့မီဒီယာညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင် ကျင်းပသည်။

မြန်မာစစ်အစိုးရက ယခုနှစ် ကျင်းပမည်ဆိုသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ရေး၊ အွန်လိုင်း လုံခြုံရေးတို့ အပါအ၀င် မြန်မာသတင်းကဏ္ဍ အခြေအနေများနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိ သတင်းစာဆရာများနှင့် ပြည်ပအခြေစိုက် သတင်းအဖွဲ့အစည်းတို့က ဦးဆောင်ဆွေးနွေးကြသည်။

မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီဂျေဂင်က “နိုင်ငံရေးသမားတွေအနေနဲ့ ဖွဲ့စည်းပုံကို ပိုပြီး စိတ်ဝင်စားလိမ့်မယ်။ ဒါပေမယ့် သတင်းသမားတွေအနေနဲ့ ရွေးကောက်ပွဲဟာ ဘယ်လောက်ထိ တရားမျှတမှု ရှိမယ်၊ ကျနော်တို့က ရွေးကောက်ပွဲ အကြောင်းကို တင်ပြဖို့၊ အစီရင်ခံဖို့၊ ရွေးကောက်ပွဲမှာ တရားမျှတမှု ရှိမရှိ ဆိုတာတွေကို ပိုပြီး လုပ်ဆောင်ရမယ်” ဟု ညီလာခံတွင် ဆွေးနွေးပြောကြားသွားသည်။

စစ်အစိုးရပြုလုပ်မည့် ယခုနှစ် ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းမီဒီယာများအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင်သင့်သည်ကို နိုင်ငံတကာ သတင်းသမားများနှင့် မြန်မာသတင်းသမားတို့က အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် စစ်အစိုးရ၏ သတ်ဖြတ်ခြင်းခံလိုက်ရသူ ဂျပန် APF သတင်းထောက် ကင်ဂျိနာဂါအိ အမှတ်တရဆုကို နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ဒီဗွီဘီ သတင်းထောက် မလှလှဝင်းနှင့် ကိုဝင်းမော်တို့အား ယခုနှစ် ညီလာခံတွင် ပေးအပ်ချီးမြှင့်သည်။

မြန်မာသတင်းသမဂ္ဂ ညီလာခံကို နိုင်ငံတကာ သတင်းအဖွဲ့အစည်းများ၊ သတင်းဌာန အကြီးအကဲများအပါအ၀င် ၀ါရင့် သတင်းစာဆရာကြီးများ၊ သတင်းအချက်အလက် ဆက်သွယ်မှုဆိုင်ရာ ပညာရှင်များနှင့် လူ့အခွင့်အရေးအဖွဲ့များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
စိုးမိုး/ ၂၄ ဖေဖော်ဝါရီ ၂ဝ၁ဝ
ခေတ်ပြိုင် 

ပြိုင်ပွဲ



အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ . . .
စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . .
မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။
အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။
မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား။
မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။

ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။
ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။
ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။

မမှည့်ခင် . . . အခြွေမခံလိုပါ။

မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။

သဘာဝအရ . . . မှည့်ပြီးမှကြွေ

ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။


မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။
မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။ ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ

ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ

သီလလုံခြုံရေး . . . ပြိုင်ကြပါ

အကြင်နာရှိရေး . . . ပြိုင်ကြပါ

မေတ္တာထားရေး . . . ပြိုင်ကြပါ

ကရုဏာထားရေး . . . ပြိုင်ကြပါ

မုဒိတာထားရေး . . . ပြိုင်ကြပါ

သစ္စာတရား . . . ပြိုင်ကြပါ

ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . .

အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။


                            သို့တည်းမဟုတ် . . .


တရားမဲ့ရေး . . . ပြိုင်မလား။

အာဃာတထားရေး . . . ပြိုင်မလား။

မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။

ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။

ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။

ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။


ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။
အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။“အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . .မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။


ဟိတ်!

ကိုယ့်လမ်း . . . ကိုယ်သွား

ကိုယ့်အလုပ် . . . ကိုယ်လုပ်

ကိုယ့်တာဝန် . . . ကိုယ်ကြေ

ကိုယ့်သီလ . . . ကိုယ်လုံ

ကိုယ့်သမိုင်း . . . ကိုယ်ရေး

ဒါပဲ . . . ကျော်သူ


မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .
အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။
ကျော်သူ
ပေးပို့သူ ။   ။ ကိုဒီမိုဝေယံ

(နအဖ)စစ်အုပ်စုရဲ့အခက်အခဲ


  (နအဖ) စစ်အုပ်စုမှာ ဘာအခက်အခဲတွေ ရှိနေသလဲ။

(နအဖ) စစ်အုပ်စုရဲ့ အခက်အခဲဆိုတာ အာဏာရှိသူရဲ့ အခက်အခဲပါ။

(NLD) နဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ

(CFGs) တွေကို (BGFs) ပြောင်းရတဲ့အခက်အခဲ၊ နိုင်ငံတကာနဲ့ရင်ဆိုင်နေရတဲ့အခက်အခဲ စသဖြင့် ပြောကြပါလိမ့်မယ်။ ကျနော့်အထင်တော့ဖြင့် ဒါတွေဟာ အခက်အခဲတွေ ဖြစ်နေလင့်ကစား (နအဖ)စစ်အုပ်စုက သိပ်အလေးဂရုပြုလိမ့်မယ်လို့ မထင်ပါ။

SPDC Crisis
ဒါတွေ သူတို့ တစ်လျှောက်လုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေပဲ မဟုတ်ပါလား။

(နအဖ)စစ်အုပ်စု အခု ကြုံနေရတဲ့အခက်အခဲက ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့ကို တပ်ထဲက ဖယ်ထုတ်ရတဲ့ အခက်အခဲမျိုးလည်း မဟုတ်ဘူး။ ဗိုလ်ခင်ညွန့်ကို ဖြုတ်ပြီး (ထလရ) အဖွဲ့ကို ဖျက်သိမ်းရတဲ့ အခက်အခဲမျိုးလည်း မဟုတ်ဘူး။ ဆိုလိုတာက စစ်အုပ်စုတွင်း ဗိုလ်လုကြရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲမျိုးမဟုတ်ဘူးလို့ ကျနော် ပြောချင်တာပါ။

(နအဖ)စစ်အုပ်စု ယခုရင်ဆိုင်နေရတဲ့ အခက်အခဲက (၂၀၁၀)လွန်ကာလ ဟိုးဘက်ပိုင်းအထိ (ပြောရမယ်ဆိုရင် စစ်အုပ်စုသားစဉ် မြေးဆက်အထိ) စစ်အုပ်စုက ရရှိထားတဲ့ အာဏာကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်ရေးအတွက် စီမံနေရာချထားရတဲ့ အခက်အခဲဖြစ်တယ်။ ဒီတော့ ပြီးစလွယ်လုပ်လို့ ဖြစ်မယ်မဟုတ်ပါဘူး။ ပိုင်ဖို့၊ နိုင်ဖို့၊ သေချာဖို့ လိုပါတယ်။

ဘယ်လိုအခြေအနေပဲ ကြုံတွေ့ပါစေ နာခံသေဝပ်နေဖို့ အရေးကြီးပါတယ်။

ဒီအတွက် (နအဖ)စစ်အုပ်စုဟာ နေရာ (၃) ခုမှာ စီမံနေရာချထားနေရတာ ဖြစ်ပါတယ်။
၁။ စစ်တပ်အတွင်း၊
၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့အတွင်း၊
၃။ အုပ်ချုပ်ရေးမဏ္ဍိုင် အဆင့်ဆင့်အတွင်းမှာ စစ်အုပ်စုသြဇာခံတွေ၊ အမာခံတွေကို စီမံနေရာချထားဖို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းကြေညာဖို့၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်ဖို့ အခက်အခဲ တွေ့နေတာမဟုတ်ပါဘူးလို့ ယူဆပါတယ်။

ကော်မရှင်ဖွဲ့စည်းရေးလို ကိစ္စတွေမှာ ရှေ့တန်းကသာ နေရာချထားပေးလိုက်လို့ကတော့ လက်ခုပ်တီးပြီး ပါဝင်ဆောင်ရွက်မယ့်သူတွေ အများအပြားရှိပါတယ်။ ဒီလိုလူတွေဟာ ခေါင်းပေါင်း ပေါင်းပြီး ကော်မရှင်လူကြီးအဖြစ် ပွဲထွက်လာမှာ သေချာပါတယ်။ ဒီကိစ္စတွေဟာ (နအဖ) စစ်အုပ်စုအဖို့ မိုင်နာလေးတွေပါ။

အဓိကကတော့ (၁)နဲ့ (၂) မှာ သူတို့သြဇာခံတွေ၊ အမာခံတွေကို အသေအချာ ရွေးချယ်နေရာချထားနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအတွက် အချိန်လုံလုံလောက်လောက် ယူဖို့ လိုပါတယ်။ ဒီအတွက် လုံးပန်းနေရတာဖြစ်တယ်လို့ ယူဆပါတယ်။

ဒါတွေ မပြီးစီးသေးလို့သာ ရွေးကောက်ပွဲကော်ရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ မကြေညာသေးတာလို့ ယူဆပါတယ်။

စစ်တပ်အတွင်းမှာ နေရာချထားရေးဆိုတာကလည်း တပ်မတော်တစ်ခုလုံးကို ယခုလို ပိုင်ပိုင်နိုင်နိုင် ဂုတ်ခွစီးထားနိုင်ဖို့ လုပ်ရတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့အာဏာဆိုတာ စစ်အုပ်စုက တပ်မတော်ကို ဂုတ်ခွစီးထားနိုင်သမျှ တည်မြဲနေမှာဖြစ်ပါတယ်။

ဒီအာဏာနဲ့ပဲ အရာရာကို ဗိုလ်ကျချယ်လှယ်နိုင်မှာဖြစ်ပါတယ်။

ဒီအာဏာနဲ့ပဲ တိုင်းပြည်ရဲ့စီးပွားရေး အသက်သွေးကြောမှန်သမျှကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်တာပါ။ ဥစ္စာဓနမှန်သမျှကို ရယူနေနိုင်တာ ဖြစ်ပါတယ်။ လက်လွှတ်ဖို့ မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကို (နအဖ)စစ်အုပ်စုအလိုကျ ရေးဆွဲအတည်ပြုထားတာ ဖြစ်ပါတယ်။

(နအဖ) စစ်အုပ်စုအဖို့ အာဏာကိုသာ လက်လွှတ်ရရင် အရာရာ ဆုံးရှုံးရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုနေရာချထားမှုမှာ မပီပြင်ရင် ဆူဟာတိုတို့လို အာဏာလက်လွှတ်ရတဲ့အခါမှာ တရားခံအဖြစ် တရားရုံးထွက်ရမှာကို စစ်အုပ်စုက အသေအချာ သင်ခန်းစာယူထားမှာ သေချာပါတယ်။

ဒါကြောင့် နောင်ရေးစိတ်အေးရအောင် အချိန်ယူပြီး နေရာချထားနေတာဖြစ်မယ်လို့ ယူဆပါတယ်။

နောက်တစ်ခုက နိုင်ငံရေးမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဆိုတာကို မပြင်ဆင်ဘူးလို့ သူတို့ ရပ်တည်ထားတာပါ။ ဒီတော့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာကိုလည်း မဖြစ်မနေ ကျင်းပမှာဖြစ်ပါတယ်။

(နအဖ) စစ်အုပ်စုက သူတို့ပြင်ဆင်မှုလုပ်ငန်း ပြီးဆုံးပြီဆိုရင် ရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲနေ့ရက်တို့ကို ထုတ်ပြန်ကြေညာလိမ့်မယ်လို့ ထင်ပါတယ်။

ဒါကြောင့် (နအဖ) စစ်အစိုးရရဲ့ အထက်က နေရာ (၃) ခုမှာ နေရာချထားမှု အထားအသိုတွေကို မြက်ခြေမပြတ် လေ့လာစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ကုန်ကုန်ပြောရမယ်ဆိုရင် (နအဖ)စစ်အုပ်စုဟာ သူတို့အတွက် ပြင်ဆင်မှု မပီပြင်သေးဘူးဆိုရင် ရက်အတိအကျ မကြေညာရသေးတဲ့ “၂၀၁၀ ရွေးကောက်ပွဲ” ရွှေ့ပြောင်းဖို့တောင် ဝန်လေးနေမယ်မထင်ပါဘူး။
× × × × ×
တူမောင်ညို
(၂၀၁၀ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်)
ရိုးမ-၃

အားနာမိပါတယ်


   ‘‘ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။ ၁၉၁၅ ရှေ့နေ ဦးဖာသား’’ စတဲ့ ဗိုလ်ချုပ်အကြောင်း ရေးစပ်ထားတဲ့ ကဗျာလေးကို ကျမတို့ မူလတန်းတုန်းက ကျက်မှတ်ခဲ့ရဖူးတယ်။ ကျမတို့ ငယ်ငယ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စာသင်ကျောင်းတွေမှာ ကြားခဲ့၊ သင်ခဲ့ရတယ်။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့ စတဲ့ နေ့တွေမှာဆိုရင် ဗိုလ်ချုပ်ကို ဂုဏ်ပြုတဲ့ ဇာတိမာန်တေးတွေကို နားထောင်ရင်း ကြီးပြင်းခဲ့ရပါတယ်။
may4
ကျမတို့ အထက်တန်းကျောင်းကို ရောက်လာတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သင်တာ၊ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အကြောင်း ပြောတာတွေ သိပ်မရှိတော့ဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့်ကို လေးစားတန်ဖိုးထားရတဲ့ ပုဂ္ဂိုလ်၊ လူငယ်တွေအတွက် လေးစားအတုဖွယ်ရာ ခေါင်းဆောင်တဦး ဖြစ်တယ်ဆိုတာကို ဆရာ/ဆရာမတွေကလည်း သိပ်မပြောကြတော့ပါဘူး။ တချို့ တိုးတက်တဲ့ အမြင်ရှိသူ ဆရာတချို့ ပြောရင်တောင် နိုင်ငံရေးသမား ယောင်ယောင်ဆိုပြီး ပစ်ပယ်တတ်ကြတယ်။

ကျမတို့ တက္ကသိုလ်တက်နေတဲ့ အချိန်ရောက်တော့ ဗိုလ်ချုပ်အကြောင်းနဲ့ ဗိုလ်ချုပ်ဓာတ်ပုံတွေပါ ပျောက်ကွယ်သွားခဲ့ပါတယ်။ ကျောင်းပြဋ္ဌာန်း စာအုပ်ထဲမှာ မတွေ့ရတော့ဘူး။ ဆရာ/ဆရာမတွေကလည်း ပြဋ္ဌာန်းစာအုပ်ထဲမှာ မပါတာ၊ မပြောရဘူးလို့ ပိတ်ပင်တာနဲ့ပဲ သူတို့ သိခဲ့ရတဲ့ ဗိုလ်ချုပ်အကြောင်းကို မပြောရဲကြတော့ဘူး။

ဗိုလ်ချုပ်မွေးနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ အဲလို အထိမ်းအမှတ်နေ့တွေရောက်လို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ လွတ်လပ်ရေး ကြိုးပမ်းခဲ့တဲ့ အာဇာနည်တွေအကြောင်း ပြောတာတောင် ခိုးပြီးပြောရတဲ့ အခြေအနေ ဖြစ်သွားရတယ်။ အတန်းထဲမှာ ဆရာမတွေ မသိအောင်၊ ဘေးက ကိုယ်နဲ့စိမ်းတဲ့ လူတွေမသိအောင် ထိန်းပြောနေရတဲ့အဖြစ်တွေ။ ဒါတွေကို ကျမ ကြုံတွေ့လာရ၊ သိလာရတော့ တကယ့်ကို စိတ်မကောင်း ဖြစ်မိပါတယ်။
may2
ကျမတို့ ခပ်ငယ်ငယ် မူလတန်းကျောင်းတုန်းကဆိုရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို ကျမတို့တွေ တွေ့ခဲ့ရတယ်။ ကျောင်းအုပ်ကြီး ရုံးခန်းထဲမှာ၊ ဆရာ/ဆရာမတွေ နားနေဆောင်မှာ၊ စာသင်ခန်းထဲမှာ စသဖြင့် နေရာ အများအပြားမှာ တွေ့မြင်နိုင်တယ်။ အလေးပြု ကြရပါတယ်။

မနက် ကျောင်းမတက်ခင် အလေးပြုအခမ်းအနား အမြဲပြုလုပ်ရတဲ့ အလေ့အထရှိတယ်။

‘‘ကျဆုံးနေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြု’’ ဆိုပြီး အတန်းခေါင်းဆောင်ရဲ့ မာန်ပါပါအသံကြီးကို ဒီနေ့အထိ ကြားယောင်နေမိသေးတယ်။

‘‘ဗိုလ်ချုပ်ရဲ့ ရဲရင့်ပြတ်သားပြီး တိုင်းပြည်ကို အသက်ငယ်ငယ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ စွမ်းရည်က မင်းတို့လို လူငယ်တွေကို ပစ်မထားကြဖို့၊ အထင်မသေးကြဖို့ကို  သတိပေးနေတာပဲ’’ ဆိုပြီး ကျမတို့ ဆရာကြီးတယောက် ပြောတာကို ကြားခဲ့ရဖူးပါတယ်။ ဒါကြောင့် ကျမတို့ စိတ်ထဲစွဲထင်နေတာက ဗိုလ်ချုပ်ရဲ့ ကျေးဇူးကြောင့် ငါတို့လူငယ်တွေ ဂုဏ်တက်ခဲ့ရတယ်။ ငါတို့လူငယ်တွေ စိတ်ဓာတ်မြင့်မားလာခဲ့ရတယ် စသဖြင့် လူငယ်တွေအတွက် လေးစားဂုဏ်ယူထိုက်တဲ့ စံပြ ပုဂ္ဂိုလ်ကြီးအဖြစ် ကျမတို့ မှတ်ယူခဲ့ကြတယ်။ ဗိုလ်ချုပ်မွေးနေ့ကို ကလေးများနေ့အဖြစ်လည်း သတ်မှတ်ထားတာ ရှိပါတယ်။

၂ဝဝ၇ ခုနှစ်က ဗိုလ်ချုပ်မွေးနေ့ အမှတ်တရနဲ့ ကလေးများနေ့ ကျင်းပတဲ့ ပွဲကိုတော့ လက်ရှိ ထောင်ဒဏ် တကျွန်းကျခံနေရတဲ့ ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုနေတဲ့ အိမ်မှာပဲ ကလေးတွေနဲ့အတူ ကြီးကျယ်ခမ်းနားမှု မရှိဘဲ တိတ်တဆိတ် ကျင်းပခဲ့တယ်။ ကျမတို့ ညီအမနှစ်ယောက်လည်း ဆရာမတွေအနေနဲ့ တက်ရောက်ခဲ့ရပါတယ်။ နေရာက လှိုင်သာယာမြို့နယ် ဈေလေးကားမှတ်တိုင်နားက ချောင်ကျကျ နေရာတခုမှာပါ။

တကယ်ဆို ကျမတို့ တိုင်းပြည်ကို နယ်ချဲ့လက်အောက်က လွတ်မြောက်အောင် ဦးဆောင်ပြီး ကယ်တင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကြီးကြီးကျယ်ကျယ်၊ ခမ်းခမ်းနားနားနဲ့ လူသိရှင်ကြား ဂုဏ်ပြုရမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း စစ်အာဏာပိုင်တွေရဲ့ ကန့်သတ်ဖိနှိပ်မှုကြောင့် ကျမတို့တွေ တိတ်တိတ်လေး ကျင်းပပြီး ဂုဏ်ပြုခဲ့ကြရတယ်။ ကျမ စိတ်ထဲမှာတော့ ‘‘အားနာလိုက်တာ ဗိုလ်ချုပ်ရယ်’’ လို့ မကြာမကြာ ရေရွတ်နေမိပါတယ်။ မြန်မာတမျိုးသားလုံး သူ့ကျွန်ဘဝက လွတ်မြောက်ပြီး ကိုယ့်ထီးကိုယ့်နန်းနဲ့ နေနိုင်အောင် ဘဝကိုပေးပြီး အသက်ပါစတေးခဲ့တဲ့ ဗိုလ်ချုပ်၊ တိုင်းတပါးနယ်ချဲ့တွေရဲ့ လေးစားမှု၊ မြန်မာတမျိုးသားလုံးရဲ့ တန်ဖိုးထားယုံကြည်မှုတွေကို ရခဲ့တဲ့ ဗိုလ်ချုပ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒို့ခေတ်ကျမှ တိတ်တဆိတ်၊ ခိုးကြောင်ခိုးဝှက်နဲ့ ဂုဏ်ပြုနေရတယ်ဆိုပြီး ကျမ တကယ်ကို စိတ်မကောင်း ဖြစ်မိတာပါ။
may3
မနက် ၉ နာရီလောက်မှာ ကလေးတွေ ရောက်လာတော့ ဗိုလ်ချုပ်ပုံပါတဲ့ အင်္ကျီလေးတွေကို ကျမတို့က ဆင်တူဝတ်ပေးကြပါတယ်။ အဲဒီနောက်တော့ ကျမတို့တွေ သင်ပေးထားတဲ့ ဗိုလ်ချုပ်ကဗျာလေးကို သီဆိုပြီး ဂုဏ်ပြုကြတယ်။ ကလေးလေးတွေက အရွယ်စုံမို့ အသံစုံပါပဲ။ သူတို့သီဆိုတဲ့ ဗိုလ်ချုပ်ကဗျာလေးကို ကြားရတဲ့ ကျမတို့တွေ ကြည်နူးပီတိ ဖြစ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကလေးတွေကို ပြောပြ၊ ကလေးတွေ မေးတာကိုလည်း ပြန်ဖြေကြနဲ့ နွေးနွေးထွေးထွေးလေးပါ။ ပြီးတာနဲ့ ကလေးတွေကို ဆန်ပြုတ်တိုက်ပြီး လက်ဆောင်လေးတွေကို ဝေပေးကြပါတယ်။ ကလေးတွေနဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ရတာလည်း ပျော်စရာပါပဲ။

အဲဒီကလေးတွေကို ကျမတို့တွေက စုပေါင်းပြီး စာသင်ပေးနေတာပါ။ ဦးဆောင်စီစဉ်သူကတော့ လက်ရှိ အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုပဲ ဖြစ်ပါတယ်။ သူတို့တွေက ကလေးတွေကို ချစ်တတ်တဲ့အပြင် ကလေးတွေရဲ့ လက်တွေ့ရင်ဆိုင်နေရတဲ့ ဘဝတွေကို နားလည်သိမြင်ထားကြသူတွေဖြစ်တော့ ကလေးတွေအတွက် အနာဂတ်ကို စနစ်တကျဖြစ်အောင် ကြိုးစားပေးနိုင်ဖို့ စဉ်းစားကြရင်းက ဒီကျောင်းလေးကို ဖွင့်ဖြစ်တာပါ။

ဒီလိုဖွင့်နိုင်ဖို့ကလည်း မလွယ်လှပါဘူး။ ကိုသူရိန်အောင်တို့က အလုပ်သမား အခွင့်အရေးအတွက် ပညာပေးဟောပြောသူတွေ၊ လူ့အခွင့်အရေး ပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်သူ လူငယ်တစုဖြစ်နေတော့ အာဏာပိုင်တွေရဲ့ တရားဝင်ခွင့်ပြုချက်ကို ရနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ မဖြစ်ဖြစ်အောင် ကြိုးစားကြရင်းနဲ့ ဆရာ/ဆရာမတွေအဖြစ် ကိုယ်နဲ့နီးစပ်ရာ မိတ်ဆွေတွေကို အကူအညီတောင်းပြီး အကောင်အထည် ဖော်လာခဲ့ရတာပါ။

ကျမတို့ ညီမနှစ်ယောက်ကိုလည်း ကိုသူရိန်အောင်ကပဲ ဦးဇင်း(ဦးဂမ္ဘီရ)ဆီ အကူအညီတောင်းပြီး ကျမတို့ကို ကလေးတွေအတွက် ကျောင်းဆရာမ လုပ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဦးဇင်းကလည်း ‘‘နင်တို့တွေ ဘွဲ့ရပြီး အလုပ်မရှိ၊ အကိုင်မရှိနဲ့ဆို ကြာလာရင် လူညွန့်တုံးကုန်မယ်ဟ။ အဲဒီတော့ အခု ကိုသူရိန်တို့ကျောင်းမှာ ဆရာမ သွားလုပ်ကြ။ လစာတော့ ရမှာမဟုတ်ဘူး။ ဘော်လန်တီယာအဖြစ် လုပ်ကြရမှာပဲ။ ဒါလည်း အကျိုးမယုတ်ပါဘူးဟာ။ နင်တို့အတွက် အတွေ့အကြုံရသလို ကုသိုလ်လည်း ရမှာပါ။ သွားဖို့လမ်းစရိတ် (ကားခ) စတဲ့ လိုအပ်တာတွေကိုတော့ ကိုသူရိန်နဲ့ငါ ညှိပြီး ထောက်ပံ့ပေးမယ်’’ လို့ ပြောပြီးတဲ့နောက် မကြာခင်မှာပဲ ကျမတို့ ညီအမနှစ်ယောက် ဆရာမတွေ ဖြစ်ခဲ့ကြရတယ်။

နေ့တိုင်း ကျမတို့ အိမ်ကနေ မနက် ၁ဝ နာရီလောက်က စထွက်ပြီး နေ့လည် ၁ နာရီအမီ ရောက်အောင် သွားကြရတယ်။ ကျမတို့နေတာက ရွှေပြည်သာမြို့နယ် ဆရာစံရပ်ကွက်မှာဆိုတော့ လှိုင်သာယာကို ကား ၂ ဆင့်စီးပြီးမှ ရောက်တယ်။ ကျမတို့ ညီအမနှစ်ယောက်က နေ့ခင်း ၁ နာရီကနေ ၃ နာရီအထိ ကလေးတွေကို စာသင်ပေးရပါတယ်။

ခရီးလမ်းက ကားစီးရတာနဲ့ ပင်ပန်းတယ်လို့ ဆိုနိုင်ပေမယ့် ကျောင်းရောက်တော့လည်း ကလေးတွေနဲ့ တွေ့ရပြီဆိုရင် အသံစာစာလေးတွေနဲ့ ကြိုတတ်ကြတဲ့ သူတို့လေးတွေကြောင့် အမောပြေသွားရပါတယ်။ သူတို့လေးတွေရဲ့ ဘဝတွေကို သနားတဲ့ စိတ်က ဝင်လာတော့ ကားစီးလို့ ပင်ပန်းလာရတဲ့ အမောတွေတောင် ပျောက်သွားခဲ့ရတယ်။ ကိုယ့်အမောထက် သူတို့ရဲ့ ဘဝအမောတွေက ပိုပြီး ပြင်းထန်နေတာကိုး။
may4
ကျမတို့ နယ်မှာနေတုန်းက ၁ဝ တန်း ကျောင်းသား/ကျောင်းသူတွေကို သင်ပေးခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခု ကလေးတွေကို စာသင်ပေးရမယ်ဆိုတော့ အစပိုင်းရက်တွေမှာ တော်တော်အခက်အခဲဖြစ်တယ်။ ကလေးတွေဆိုတာ အတော်စိတ်ရှည်နိုင်မှရယ်။ အဲလိုမှ မဟုတ်ရင် သူတို့ကို စာသင်ပေးနိုင်ဖို့အရေးက ခပ်ဝေးဝေး ဖြစ်သွားနိုင်တယ်။ ပြီးတော့ သူတို့လေးတွေ အများစုက သာမန်ကလေးတွေ မဟုတ်ကြဘူး။ မိဘတွေနဲ့အတူ နေ့စဉ်စားဝတ်နေရေးတွေကို ရုန်းကန်နေတဲ့ ကလေးတွေ ဖြစ်ကြတယ်။ ဒီလိုဆိုတော့ ကျမတို့မှာ တော်တော်သည်းခံရပါတယ်။

အစပိုင်းရက်တွေမှာ ကလေးငယ်တွေ ကျောင်းတက်ဖို့ အချိန်နောက်ကျရင် ကျမက စိတ်ဆိုးတတ်တယ်။ အချိန်မလေးစားဘူး၊ ဘယ်ဝင်ဆော့နေတာလဲဆိုပြီး ရိုက်မယ်ဟန်ပြင်တယ်။ ဒါပေမဲ့ ကလေးပြန်ဖြေတဲ့ စကားသံ အဆုံးမှာတော့ ကျမ စိတ်ဆိုးဒေါသထွက်နေရာက ကရုဏာသက်မိသွားတယ်။

‘‘သား .. အမေနဲ့ ဈေးရောင်းလိုက်သွားရလို့တဲ့’’

တချို့ကလေးတွေဆို ‘‘ထမင်းမစားရသေးလို့ ကျောင်းမလာနိုင်ဘူး’’ ဆိုတာက ရှိသေးတယ်။ တချို့ကျတော့လည်း ခဲတံနဲ့ စာအုပ် မရှိလို့ဆိုပြီး ငိုမဲ့မဲ့နဲ့ ပြောလာတာလည်း ရှိတယ်။ 

ရန်ကုန်လိုနေရာမျိုးမှာ လက်လုပ်လက်စား အလုပ်သမားတွေအနေနဲ့ ကိုယ့်ကလေးတယောက်ကို ကျောင်းထားဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စတခုပါပဲ။ သူတို့လေးတွေရဲ့ ဝမ်းရေးအတွက် မိဘတွေနဲ့အတူ နေ့မအားညမအား ရှာဖွေနေရပေမယ့်၊ နေ့ညထမင်းတောင် နပ်မှန်အောင် မစားနိုင်ကြတဲ့ အခြေအနေဖြစ်တော့ ပညာရေးနဲ့၊ တခြားကိစ္စတွေအတွက် သူတို့တွေမှာ မစဉ်းစားနိုင်ကြဘူး။ အများစုက နယ်ကနေ ပြောင်းလာပြီး ရန်ကုန်မှာ ရရာအလုပ်ကလေးတွေနဲ့ ဖြစ်သလို ရပ်တည်နေကြရတဲ့ အဖြစ်တွေမို့  ကိုယ်ပိုင်အိမ်ယာတွေ မရှိကြဘူး။ အိမ်ခန်ငှားနေရကြရတယ်။ တချို့လည်း စက်ရုံက အလုပ်သမားတန်းလျားမှာ နေကြရတယ်။

‘‘ဒီ(ရန်ကုန်)မှာ ကျောတနေရာ ချနိုင်ဖို့နဲ့ နေ့စဉ် ထမင်းစားဖို့တောင် နပ်မှန်အောင် မနည်းရုန်းနေရတာ။ ကလေးပညာရေးဆိုတာ ခေါင်းထဲမထည့်အားသေးပါဘူး ဆရာမရယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ မသင်ခဲ့ရတဲ့ စာတွေကို သူတို့ကို တတ်စေချင်ပါတယ်။ ဒါပေမဲ့ စာတတ်ဖို့ထက် သူတို့ ထမင်းနပ်မှန်ဖို့က အဓိကမဟုတ်လား’’ ဆိုပြီးတောင် ကျမတို့ကို ပြန်ပြီး အမေးခံရဖူးတယ်။

စာသင်ခန်းဆိုတာက သူတို့ကလေးတွေအတွက် မလိုအပ်ဘူးလို့ တရားသေ ယူဆမထားကြပေမယ့် သူတို့ရဲ့ နေ့စဉ်ဝမ်းစာကိစ္စက ရှေ့တန်းရောက်လာတော့ ကလေးတွေခမျာ စာသင်ခန်းတွေကို ကျောခိုင်းခဲ့ကြရတယ်။ စာသင်ခန်းဆိုတာ သူတို့လေးတွေအတွက် ကိုယ်နဲ့မဆိုင်တော့တဲ့ အရာတခု ဖြစ်သွားတယ်။ သူတို့အနေနဲ့ လက်လှမ်းမမီနိုင်တော့တဲ့ အရာလို့လည်း မှတ်ယူသွားကြတာ ရှိတယ်။

ဒီအခြေအနေတွေကို နားလည်သိမြင်လာတဲ့ ကိုသူရိန်အောင်တို့အုပ်စုက ကလေးတွေကို စရိတ်ငြိမ်း စာသင်နိုင်ဖို့ ကြိုစားပေးပါတယ်။ စာအုပ်၊ ခဲတံ၊ ဘောပင် စတာတွေကို ထောက်ပံ့ပေးပြီး ကလေးတွေကို ကျောင်းပို့ဖို့ မိဘတွေကို  ပြောရတယ်။ စာသင်ဖို့နေရာကိုလည်း ကလေးတွေရဲ့ အိမ်နဲ့ အနီးဆုံးနေရာမှာ စီစဉ်ပေးရပါတယ်။

လှိုင်သာယာ ဈေးလေးမှတ်တိုင်နားက ကိုသူရိန်အောင်တို့ သူငယ်ချင်းတစုနေတဲ့ အိမ်တလုံးမှာ တနေရာ စီစဉ်ပြီး၊ နောက်တနေရာကိုတော့ လှိုင်သာယာစက်မှုဇုန်ထဲက အလုပ်သမားတန်းလျားမှာ စီစဉ်ထားပါတယ်။ တနင်္လာကနေ စနေနေ့အထိ စာသင်ရက် တပတ်ကို ၆ ရက်မှာ တနေရာကို ၃ ရက်စီခွဲပြီး သင်ပေးရတယ်။ ဈေးလေးမှတ်တိုင်နားက အိမ်မှာ စာသင်ပေးရတာ သိပ်ပြီးပြဿနာမရှိပေမယ့် စက်မှုဇုန်ထဲက အလုပ်သမား တန်းလျားမှာကျတော့ နေရာအခက်အခဲ ရှိတယ်။

အလုပ်သမားတန်းလျားရှေ့က အရိပ်ရတဲ့ သစ်ပင်တွေအောက်မှာ ဖျာလေးတွေခင်းပြီး စာသင်ကြရတယ်။ သူတို့မိဘတွေရဲ့ အိမ်ခန်းတွေမှာက ကလေး အယောက် ၃ဝ ဝန်းကျင်လောက်အတွက် နေရာအခက်အခဲ ရှိတာကြောင့် သင်ဖို့ မဖြစ်နိုင်ပါဘူး။ အရိပ်ရတဲ့ သစ်ပင်အောက်မှာ သစ်သားစားပွဲခုံလေးတွေချပြီး စာသင်ကြရတယ်။ နေစောင်းလို့ နေရောင်ထိုးလာပြီဆိုရင်လည်း နေရောင်ကွယ်တဲ့ သစ်ပင်ရိပ် တဖက်ကိုပြောင်းပြီး သင်ကြရတယ်။

အဲလိုဒုက္ခမျိုးစုံနဲ့ ယှဉ်တွဲပြီး သင်ကြားရတဲ့ ပညာရေးတွေဖြစ်ပေမယ့် ကလေးတွေက ကြိုးစားမှု ရှိကြပါတယ်။ တချို့ကလေးတွေဆို ဥာဏ်လည်းထက်၊ စားလည်းကြိုးစားကြတော့ အားရစရာကောင်းပါတယ်။ ဒါပေမဲ့ သူတို့ဘဝက ဒီ့ထက်ပိုပြီး အဆင့်မြင်ပညာတွေကို ကြိုးစားသင်ယူနိုင်အောင် အခွင့်အရေးမပေးကြပါဘူး။ ပတ်ဝန်ကျင် အသိုင်းအဝိုင်းကလည်း ကလေးတွေအတွက် ကြိုးစားနိုင်သလောက် ကြိုးစားခွင့်ရှိအောင် အခွင့်အလမ်းတွေ ဖန်တီးထားတာ မရှိတော့ ကျမတို့ စိတ်မကောင်း ဖြစ်မိပါတယ်။

ကလေးတို့ကြီးရင် ဘာလုပ်မှာလဲလို့ ကျမက အခွင့်သာရင် မေးတတ်တယ်။ ၂ဝဝ၇ ခုနှစ်ကပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ လုပ်ပြီးခါစ တနေ့မှာပါ။ ခပ်သွက်သွက်ရှိတဲ့ ကလေးငယ်နှစ်ယောက်ရဲ့ ပြောစကားကို ကျမ ထူးထူးခြားခြား မှတ်မိနေတာလေး ရှိတယ်။

‘‘မင်းတို့တွေကြီးလာရင် ဘာလုပ်ကြမလဲ။ ဘယ်လိုပုဂ္ဂိုလ်ကြီးတွေဖြစ်ချင်ကြလဲ’’ ဆိုတော့ ကလေးငယ်တယောက်က ‘‘ဗိုလ်ချုပ်အောင်ဆန်းလို ဗိုလ်ချုပ်ကြီး ဖြစ်ချင်တယ်’’။ နောက်ကလေးငယ် တယောက်ကကျတော့ ‘‘သား .. ပိုက်ဆံတွေ အများကြီး ရှိချင်တယ်’’ တဲ့။

ဘာဖြစ်လို့လဲဆိုပြီး ကျမကမေးတော့ ဗိုလ်ချုပ်ကြီးဖြစ်ချင်တယ်ဆိုတဲ့ကလေးက ‘‘လူတွေကို ကာကွယ်ချင်လို့’’ တဲ့။ ပိုက်ဆံအများကြီး ရှိချင်တယ်ဆိုတဲ့ ကလေးကျတော့ ‘‘ထမင်းကောင်းကောင်း စားချင်လို့’’ တဲ့။  ဒီစကားလေးတွေ ကြားရတော့ ကျမတို့မှာ ဝမ်းသာရခက်၊ ဝမ်းနည်းခက်နဲ့ ဘယ်လိုခံစားရမှန်းကို မသိတော့ဘူး ဖြစ်သွားတယ်။

ဗိုလ်ချုပ်အောင်ဆန်းက ငယ်ငယ်လေးနဲ့ ဘာလို့သေရတာလဲဆရာမ၊ သတ်တယ်ဆိုတာ ဘယ်သူလဲ၊ အာဇာနည် ၉ ဦး ဆိုတာက ဘယ်သူတွေလဲဆိုတဲ့ မေးခွန်းတွေကိုလည်း မေးတတ်ကြတယ်။ ပြောပြပြီးတဲ့ အရာတခုကို မေ့သွားပြန်လည်း အားမနာတမ်း ထပ်မေးတတ်ကြတဲ့ အကျင့်လေးတွေက အားရကျေနပ်စရာပါ။

နောင်နှစ်မှာလည်း ဒီလို (ကလေးများနေ့) နေ့မျိုး လုပ်ပေးဦးနော် ဆရာမလို့ ကြိုပြီး ပူဆာတတ်တဲ့ ကလေးငယ် တယောက်ကော မိဘတွေနဲ့အတူ ဘဝတိုက်ပွဲတွေကို ဆက်တိုက်နေရတုန်းပဲလား၊ ကျမ သတိရမိပါတယ်။

ကျမတို့ တိုင်းပြည်မှာ ပညာရေးက ငွေနဲ့ လမ်းခင်းနေရတယ်။ အစိုးရကျောင်းတွေမှာ ငွေကြေးချို့တဲ့မှုကြောင့် သင်ကြားခွင့် မရရှာကြတဲ့ ကလေးတွေအတွက် စေတနာ့ဝန်ထမ်း ဆရာမတွေ လိုနေဆဲပါ။ ကလေးတွေ မေးသမျှ၊ ကလေးတွေ ဆော့သမျှ၊ ကလေးတွေဒုက္ခကို နားလည်သည်းခံပြီး သမိုင်းအစစ်အမှန်တွေကို နားလည်အောင် ပြောပြပေးဖို့၊ သင်ကြားပေးဖို့ အင်မတန်မှကို လိုအပ်နေပါတယ်။

တကယ်တော့ ကလေးတွေက ကျမတို့နိုင်ငံရဲ့ အတိတ်သမိုင်းတွေကို စိတ်ဝင်စားမှု ရှိနေတယ်။ အရာရာကို သိချင်တတ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ရှင်သန်နေကြသူတွေ ဖြစ်တယ်။ သူတိုတွေ တိုးတက်ချင်ကြတယ်။ အနာဂတ်အတွက် သူတို့တွေမှာ မျှော်လင့်ချက်အိပ်မက်တွေ ရှိနေကြတယ်။ ဒါတွေကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ အကောင်အထည် ဖော်နိုင်အောင်၊ လေ့လာသင်ကြားနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးထားဖို့ပဲ လိုတယ်။ သူတို့တွေရဲ့ တိုးတက်ချင်တဲ့စိတ်၊ သိချင်တတ်ချင်တဲ့စိတ်တွေကို လမ်းလွဲမသွားအောင် ဖန်တီးပေးထားခြင်းအားဖြင့် အနာဂတ် အမိမြန်မာပြည်ဟာ လှပစိုပြေနေမှာ ဖြစ်တယ်လို့ ကျမ ယုံကြည်မိပါတယ်။
မူရင်း ။   ။  http://www.mizzimaburmese.com/edop/songpa/4884-2010-02-23-07-35-15.html

ဟတ်ကြီး ရေကာတာ လေ့လာရေး ပြန်စပြီ


 

ချင်းမိုင် (မဇ္ဈိမ) ။     ။သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မည်ဟု အငြင်းပွားနေသော ကရင်ပြည်နယ် သံလွင်မြစ်ပေါ်မှ ဟတ်ကြီး ရေကာတာစီမံကိန်း လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေပြီဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်အား ၁၂၀ဝ မဂ္ဂါဝပ် ထုတ်နိုင်မည်ဟု သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးအဖွဲ့များက ပြောသော ဟတ်ကြီးရေကာတာတည်ဆောက်ရန် မြန်မာ့လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း (EGAT) နှင့် တရုတ်နိုင်ငံပိုင် Sinohydro ကုမ္ပဏီတို့အကြား ၂ဝဝ၆ ခုနှစ်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

“ဟတ်ကြီးရေလှောင်တမံ Survey လုပ်တာတွေ၊ မြေတိုင်းနေတာတွေ ပြန်လုပ်နေကြပြီလေ။ ရုံးကိုတော့ ရွှေကျင်မှာ ထိုင်ပြီးမှ ဟတ်ကြီးကို ဝန်ထမ်းတွေ လွှတ်လွှတ်ပြီးမှ တည်ဆောက်ရေးတွေ လုပ်နေကြတာ ပေါ့” ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

၂ဝဝ၇ ခုနှစ်တွင် စမ်းသပ်လေ့လာမှုများကို ပြုလုပ်နေစဉ် ထိုင်းနိုင်ငံပိုင် (EGAT) ၏ လုပ်သားတဦး မိုင်းထိ သေဆုံးခဲ့ချိန် ခေတ္တဆိုင်းငံ့ထားခဲ့ပြီး ၂ဝဝ၈ ခုနှစ်တွင် (EGAT) ကုမ္ပဏီက စူးစမ်း လေ့လာမှုများ ပြန်လည် စတင်ခဲ့သည်။

သို့သော် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများနှင့် ဒေသခံ ကရင်နှင့် ထိုင်းနိုင်ငံသားများက သံလွင် မြစ်ကို မီခိုနေထိုင်သူများအတွက် ဆိုးကျိုးများဖြစ်ပေါ်စေသည်ဟုဆိုကာ တောက်လျှောက် ကန့်ကွက်လာ ခဲ့ကြသဖြင့် လေ့လာမှုများ ရပ်တန့်နေခဲ့ခြင်းဖြစ်သည်။

ထိုင်းစွမ်းအင်ဝန်ကြီးကလည်း တည်ဆောက်ရေး လေ့လာမှုလုပ်ငန်းများ ပြန်လည်လုပ်ဆောင်မည်ဖြစ် ကြောင်း ယခုလ ၁၅ ရက်နေ့တွင် တရားဝင် ပြောဆိုခဲ့သည်။

“လေ့လာရေးလုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အဲဒါကြောင့် အချိန် နောက်ကျမယ်ဆိုပေ မယ့်လည်း စီမံကိန်းကိုတော့ ပယ်ဖျက်တာ၊ ရပ်လိုက်တာ မဟုတ်ပါဘူး” ဟု ထိုင်းစွမ်းအင်ဝန်ကြီးက ပြောသည်။

သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့မှ Ms. Pain Porn ကလည်း “ထိုင်းစွမ်းအင်ဝန်ကြီးက ဆုံးဖြတ်တယ်ဆို တာက နောက်ထပ် သဘာဝပတ်ဝန်းကျင်ဆိုရာ အကျိုးသက်ရောက်မှု EIA (Environmental Impact Assessment)၊ လူ့အခွင့်အရေးတွေပေါ် သုံးသပ်တာတွေကို ထပ်လုပ်ဖို့ကို ဆုံးဖြတ်လိုက်တာပါ” ဟု ပြောသည်။

ယခင်က သဘာဝပါတ်ဝန်းကျင်ထိခိုကိုမှု လေ့လာချက်ကို ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်း တက္ကသိုလ်က ဦးဆောင်ခြင်းဖြစ်ပြီး ယင်းလေ့လာချက်သည် ၂ဝဝ၈ ခုနှစ်တွင် စခဲ့ပြီး ယမန်နှစ်တွင် ပြီးဆုံးခဲ့သည်ဟု သံလွင်မြစ်စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

သို့သော် ပြည့်စုံလုံလောက်ခြင်း မရှိခဲ့သဖြင့် သုတေသနများ ပြန်လည်ပြုလုပ်သွားရန် ဖြစ်သည်။
ဟတ်ကြီး ရေကာတာကို ထိုင်းနိုင်ငံမှ EGAT ကုမ္ပဏီ၊ တရုတ်နိုင်ငံမှ Sinohydro ကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံမှ အစိုးရပိုင် လျှပ်စစ်ဓါတ်အားလုပ်ငန်းတို့မှ ပူးပေါင်းတည်ဆောက်ကြခြင်းဖြစ်သည်။

ဟတ်ကြီးရေကာတာကို အမေရိကန်ဒေါ်လာ သန်း ၁ဝဝဝ အကုန်ကျခံ တည်ဆောက်မည်ဖြစ်ပြီး၊ ရရှိမည့် လျှပ်စစ်ဓါတ်အားများကို ၂ဝ၁၉ တွင် ထိုင်းနိုင်ငံသို့ ရောင်းချမှာဖြစ်သည်။ 

ရေကာတာသည် ထိုင်း-မြန်မာနယ်စပ်မှ ၄၇ ကီလိုမီတာခန့် ကွာဝေးပြီး ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း၌ တည်ရှိသည်။ ထိုင်းနိုင်ငံဘက်တွင်မူ မြောက်ပိုင်းခရိုင်ဖြစ်သည့် မယ်ဟောင်ဆောင်ခရိုင်အတွင်း ပါဝင်သည်။

ကရင်မြစ်များစောင့်ကြည့်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ကိုရွှေကလည်း “ရေကာတာကြီး ပြီးသွားရင် IDP တွေ များလာမယ်။ သူတို့တွေက ထိုင်းနိုင်ငံဘက်ကို ကူးလာပြီးမှ ဒီထိုင်းနိုင်ငံဘက်မှာ ဒုက္ခသည်တွေ ဖြစ်ကြ မယ်။ စစ်တပ်တွေ များလာမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ များလာမယ်” ဟုပြောသည်။

ကရင် သဘာဝပါတ်ဝန်းကျင်နှင့် လူထုလှုပ်ရှားမှုကွန်ယက် (KESAN) အဖွဲ့ကမူ ရေကာတာ တည်ဆောက်ပြီးပါက မြစ်ကိုမှီခိုထားရသော ဂေဟစနစ်များ၊ တိရစ္ဆာန်များ၊ ဒေသခံ လူထုများအပေါ် ဆိုးကျိုးများသက်ရောက်နိုင်သည်ဟု ဆိုသည်။

နအဖ အစိုးရသည် ထိုင်း၊ တရုတ်ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ သံလွင်မြစ်ပေါ်တွင် အထက်သံလွင်၊ တာဆန်း၊ ဒါးကွင်နှင့် ဟတ်ကြီး စသည့် ရေကာတာ ၅ ခု တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း လေ့လာသိရှိရသည်။

ဟတ်ကြီး စီမံကိန်းကြောင့် သံလွင်မြစ်ကြောင်းတလျှောက်မှ မဲဆိပ်၊ တောင်ကြား၊ ရင်းပိုင်း၊ မယ်ပ၊ ရော်ပိုး စသည့် ကရင်ကျေးရွာများ အပါအဝင် ရွာပေါင်း ၄ဝ ကျော် ရေလွှမ်းမိုးမှုကို ခံရနိုင်ကြောင်းလည်း ကရင်မြစ်များစောင့်ရှောက်ရေးအဖွဲ့ (Karen Rivers Watch) ပြောသည်။

(ကိုဝိုင်းတည်းဖြတ်သည်)