Wednesday, February 24, 2010
ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည်လွတ်မြောက်လာပြီး အဖွဲ့ချုပ်၏ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်နေပါပြီ။ လူငယ်များက ဘဘဦးတင်ဦးဟု ခေါ်ကြသော NLD ဒုဥက္ကဋ္ဌ လွတ်မြောက်လာသည့် သတင်းသည် ကိုမင်းကိုနိုင်တို့၊ ဘဘဦးဝင်းတင်တို့ လွတ်စဉ်များကလောက် ဂယက် သိပ်မထလှပါ။ မီဒီယာများကလည်း ယခင်ကိစ္စများတုန်းကလောက် အသားမပေးလှပါ။ ကိုမင်းကိုနိုင်တို့ လွတ်လာကြစဉ်က၊ အမျိုးသားညီလာခံဆိုတာကြီးက ကျင်းပနေဆဲဖြစ်ပြီး၊ အခြေခံဥပဒသစ်အတွက် အခြေခံမူများ ဆိုတာတွေကို မချရသေးပါ။ ထို့ကြောင့် နိုင်ငံရေးရေစီးကြောင်းကို တစုံတရာ ပြောင်းပစ်နိုင်စရာ လမ်းတွေ၊ မျှော်လင့်ချက်တွေ ရှိသေးသည်ဆိုပါစို့။ ထို့ကြောင့် ‘၈၈ မျိုးဆက်’ ကျောင်းသားများအပေါ် အားကိုးမျှော်လင့်ပြီး လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ရပါသည်။
ဘဘဦးဝင်းတင် လွတ်လာချိန်တွင်တော့ ၂ဝဝ၈ အခြေခံဥပဒေဆိုတာကို အတင်းပြဋ္ဌာန်းပြီးနေပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတာကိုလည်း ကြေညာပြီးနေပြီ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ပြင်းပြင်းထန်ထန် ကန့်ကွက်နေဆဲဖြစ်သဖြင့်၊ စစ်အစိုးရ၏ ခြေလှမ်းတွေကို ဟန့်တားရန် အချိန်တွေ ရှိသေးသည်ဟု ထင်ကြပြီး၊ ဘာတွေများ ဖြစ်လာမလဲဟု စိတ်ဝင်စားခဲ့ကြပါသည်။ ဘဘဦးဝင်းတင်ကလည်း၊ လွတ်လာကတည်းက ယနေ့အထိ အရှိန်အဟုန်မပျက်ဘဲ ရုန်းကန်လှုပ်ရှားရင်း၊ ပြောသင့်သည် ထင်သမျှကို ဘာမှ မငဲ့ကွက်ဘဲ ပြောဆိုနေဆဲဖြစ်ပါသည်။ စစ်အစိုးရကလည်း သူတို့စိုးရိမ်သလို ဆူပူအုံကြွမှုတွေ ဖြစ်မလာလေတော့ ပြောပစေဟုများ ပစ်ထားသလား မသိပါ။
ဘဘဦးတင်ဦးသည်လည်း၊ ဘဘဦးဝင်းတင်လိုပင် ခံယူချက်ကို မြဲမြံစွာ ကိုင်ထားပြီး မိမိအယူအဆကို ရိုးရိုးရှင်းရှင်းနှင့် ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေ့ရှိသူ ဖြစ်ပါသည်။ ၈၈ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တတန်းတည်း ခေါင်းဆောင်ခဲ့သူ၊ ၁၉၉၅ မှ ၂ဝဝ၃ ခုနှစ်အထိ ၈ နှစ်တိုင်တိုင် အဖွဲ့ချုပ်လူထုနှင့် လက်ပွန်းတတီး တသားတည်းနေခဲ့ပြီး လူငယ်ထု၏ ချစ်ခင်ကြည်ညို ခံရသူဖြစ်ပါသည်။ သို့သော် ယနေ့ မျက်မှောက်နိုင်ငံရေးဖြစ်စဉ်ကို ပြောင်းပစ်နိုင်လိမ့်မည်ဟု မျှော်လင့်၍တော့ မဖြစ်နိုင်ပါ။ မည်သို့ဆိုစေ ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင်၊ အဖွဲ့ချုပ်အပေါ်တွင် သြဇာအရှိဆုံး၊ အဖွဲ့ဝင်ထု၏ ယုံကြည်အားထား အကြည်ညိုဆုံး ခေါင်းဆောင်တဦးဖြစ်သော၊ ဘဘဦးတင်ဦး၏ တိုက်ရိုက်ခေါင်းဆောင်မှုကို ပြန်လည်ရရှိခြင်းသည်၊ အဖွဲ့ချုပ်အတွက် တအားပင် ဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ညက လွတ်လာပြီး၊ ၁၅ ရက်နေ့ ရုံးစတက်သည်နှင့် ဘဘဦးတင်ဦး အရင်ဆုံး စတင်ကိုင်တွယ်ရသည့် ပြဿနာမှာ၊ ဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရန် လူစာရင်း လျာထားခြင်း ကိစ္စပင်။ ထိုနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးတွင်ရော၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့၌ တိုင်း/ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင်ပါ၊ ဘဘဦးတင်ဦး၏ ဆွေးနွေးချင့်ချိန် ဆုံးဖြတ်ချက်ချမှုများသည်၊ အကျဉ်းကျရာမှ လွတ်လာသည်နှင့်မတူဘဲ၊ အဖွဲ့ချုပ်၏ ဖြစ်စဉ်ဖြစ်ရပ်များနှင့်၊ အဆက်မပြတ် တထပ်တည်း ရှိနေသည်ဟု ကြားသိရသဖြင့် အားရှိစရာပင် ဖြစ်ပါသည်။ သို့သော် ဗဟိုကော်မတီအတွက် လူရွေးခြင်း ဆိုသည်မှာ အရေးတကြီးကိစ္စ ဖြစ်သော်လည်း၊ အရေးကြီးဆုံး ကိစ္စတရပ်တော့ မဟုတ်ပါချေ။
ရွှေဂုံတိုင် ကြေညာစာတမ်းကို ကိုင်ဆွဲလျက်၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို စဉ်းစားရန် အချိန်မကျသေးပါဟု ဆိုနေသော်လည်း၊ အဆုံးအဖြတ်ပေးရမည့် အချိန်က မဝေးတော့ပါ။ ထို့ကြောင့် အဖွဲ့ချုပ် အဖွဲ့ဝင်ထုထဲတွင် ဤရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်သုံးသပ်လျက်၊ အမြင်အမျိုးမျိုး ရှိနေကြသည်မှာ၊ ပိတ်ပင်တားစီး၍ မရနိုင်သလို၊ ဆန်းသည့်ကိစ္စလည်း မဟုတ်ပါ။ အခုတလောတွင် ကျယ်နေသည့် ဝေါဟာရကိုသုံး၍ ပြောရလျှင် ရီရယ်လစ် (Realist) များနှင့် အိုင်ဒီယယ်လစ် (Idealist) များ သဘောထားကွဲနေကြသည် ဆိုပါစို့။ မြန်မာလို ရိုးရိုးပဲ ဆိုရလျှင် လက်တွေ့ကျကျ စဉ်းစားသူများနှင့် မူဝါဒကို အထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသူများဟု ကွဲပြားနေပါသည်။ ကဗျာဆန်ဆန် ပြောရလျှင်တော့ ဦးနှောက်နှင့် နှလုံးသား လွန်ဆွဲနေခြင်းပါ။
ဤသို့သော ဒိုင်ယာလက်တစ်သည်၊ သဘာဝလောကကြီးနှင့် လူ့လောကတခုလုံးတွင် ရှိနေသည်သာ ဖြစ်၍၊ အဖွဲ့ချုပ်အထဲတွင် ၎င်းအဖွဲ့ဝင်တဦးချင်း၏ အကြံအစည် စိတ်ကူးထဲတွင် ပါရှိနေပါသည်။ လူတယောက်ထဲတွင်ပင် ဒီနေ့၊ ဒီအခြေအနေ၌ လက်တွေ့ကျကျ စဉ်းစားသော Realist ဖြစ်နေသော်လည်း နောက်တနေ့ နောက်အခြေအနေတွင် ခံယူချက်ကို တစက်မှအထိမခံဟူသော ခံစားချက်နှင့် စဉ်းစားသော Idealist ဖြစ်သွားနိုင်ပါသည်။ ထို့ကြောင့် အဖွဲ့ချုပ်အတွင်း ဖြစ်ပေါ်နေသော ဝိရောဓိများသည်၊ ချေဖျက်၍မရသော၊ သို့မဟုတ် ပျက်စီးမှုကို ဦးတည်သော ကွဲပြားချက်များ မဟုတ်ပါ။ ပြေလည်အောင်ညှိနိုင်သော ဝိရောဓိများသာ ဖြစ်ပါသည်။
သို့သော် ဘဘဦးတင်ဦးကပင်၊ ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိတခုသည် ရှိနေကြောင်းကို ယခုလ ၂ဝ ရက်နေ့တွင် ဖော်ထုတ်သွားခဲ့ပါသည်။ ဝါရင့်နိုင်ငံရေးသမားကြီးများနှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင်၊ ပြန်လည်ကျေးဇူးတင်စကား ပြောရာ၌် ဒီပဲယင်းကိစ္စအပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင်အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်၊ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်က ဒီဲပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဖက်သဘောတူပြီးပြီ၊ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး အပါအဝင် တဖက်ကိုယ်စားလှယ်များ၏ အဆိုအရ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တရက်အလိုကျမှ တပ်ချုပ်က အားလုံးကို ဖျက်ပစ်လိုက်သည်ဟူ၍ ဖြစ်ပါသည်။
ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေညာစာတမ်းအထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ်ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံဆွေးနွေးရန် စိတ်မဝင်စားရုံမျှမက၊ တွေ့ဆုံဆွေးနွေးရေးရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခကို မည်သို့ ဖြေရှင်းမည်နည်း။
ဘဘဦးဝင်းတင် ထောင်ထဲက ထွက်လာကတည်းက ပြောနေခဲ့သလိုပင်၊ ဤကိစ္စကို ပြေလည်ရန်မှာ၊ လက်တွေ့ကျကျ လက်နက်ချအရှုံးပေး ဒူးထောက်ခြင်းနှင့် အဖွဲ့ချုပ်အပျက်ခံပြီး မူဝါဒကို စွဲကိုင်ထားခြင်း နှစ်ခုကိုသာ ရွေးရန်ရှိသည်။ ဤကိစ္စသည် နှလုံးသားနှင့် ဦးနှောက် ဝိရောဓိထက်မြင့်သော အဖွဲ့ချုပ်၏ ဖြစ်တည်မှု ပြဿနာပင် ဖြစ်နေပါသည်။
ဘဘဦးတင်ဦးသည် တပ်ချုပ်ဘဝမှ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီးသော ဥပဒေပညာရှင် နိုင်ငံရေးသမား ဘဝသို့ ရောက်လာခဲ့သူ ဖြစ်ပါသည်။ သူ့ဘဝတလျှောက်တွင် လက်တွေ့ကျကျ၊ ဆင်ခြင်တုံတရားကို ရှေ့တန်းတင်၍ စဉ်းစားဝေဖန်ဆုံးဖြတ်ခဲ့သည်မှာလည်း များလှပါပြီ။ ထို့အတူ ခံယူချက်ကို ကိုင်ဆွဲ၍ နိုင်ငံနှင့် ပြည်သူတို့အတွက် ခံစားကာ၊ ရုန်းကန်လှုပ်ရှားခဲ့၍ အကျဉ်းကျခံရသော ကာလများမှာလည်း စုစုပေါင်း ဆယ်စုနှစ် နှစ်စုနီးပါး ရှိနေပါပြီ။
မကြာမီတွင် မလွဲမသွေ လုပ်ကြရတော့မည်ဖြစ်သော၊ အဖွဲ့ချုပ်၏ လက်တွေ့လမ်းစဉ် ချမှတ်ခြင်း လုပ်ငန်းစဉ်တွင် ဘဘ၏ ကျယ်ပြန့်သော အတွေ့အကြုံများ၊ ခိုင်မြဲသော ခံယူချက်၊ သန့်ရှင်းသော သီလ၊ မြင့်မြတ်သော ကိုယ့်ကျင့်သိက္ခာတို့အပြင် အစဉ်အလာကြီးသော ခေါင်းဆောင်မှု စွမ်းရည်တို့က ကြီးမားသော အထောက်အပံ့ ဖြစ်ပါစေဟု ရိုးသားစွာ ဆုတောင်းလိုက်ပါသည်။
http://www.mizzimaburmese.com/edop/songpa/4897-2010-02-24-06-14-24.html
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment