ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၀
ထိုင်း-မြန်မာနယ်စပ် စံခရဘူရီ-ဘုရားသုံးဆူဒေသဟာ ဒေသခံ ထိုင်းလူမျိုးတွေနဲ့ မြန်မာနိုင်ငံ သား မွန်၊ ကရင်၊ ထားဝယ်၊ မြန်မာတို့ ရောနှောယှက်တင် နေထိုင်ကြတဲ့ ဒေသတခုပါ။
နှစ်နိုင်ငံပြည်သူတွေဟာ စားဝတ်နေရေးအရ တဖက်နဲ့တဖက် အပြန်အလှန် အမှီသဟဲပြုနေရ၊ နေ့စဉ် ကူးလူး ဆက်ဆံ၊ သွားလာနေကြရတဲ့ ဒေသတခုဖြစ်ပြီး မြန်မာဘက်ခြမ်း ဘုရားသုံးဆူကနေ ထိုင်းဘက်ခြမ်း စံခရဘူရီကို နေ့စဉ် နေ့တိုင်း ဝင်ထွက်သွားလာနေရတာက ထိုင်းလုပ်ငန်းရှင်တွေပိုင်တဲ့ အထည်ချုပ်စက်ရုံနဲ့ ဖိနပ်ချုပ်စက်ရုံတွေမှာ အလုပ်လုပ် ကြတဲ့ မြန်မာအလုပ်သမားတွေဖြစ်ပါတယ်။
တနေ့တနေ့ မြန်မာဘက်ခြမ်းကနေ ထိုင်းဘက်ခြမ်းကိုသွားပြီး အလုပ်လုပ်တဲ့ နေ့စား၊ လစား အလုပ်သမား ၃ဝဝဝ ကျော်လောက်ရှိပါတယ်။ မြန်မာအလုပ်သမားတွေဟာ အချိန်မှီ လုပ်ငန်းဂွင်တွေထဲ ဝင်ရောက်နိုင်ဖို့အတွက် နံနက်မိုးသောက်တာနဲ့ ချက်ပြုတ်ပြင်ဆင်ကြရပြီး ထမင်းဗူးကိုယ်စီနဲ့ အကြိုအပို့လုပ်တဲ့ ကားတွေရှိရာကို အပြေးအလွှား သွားကြရပါတယ်။
မြန်မာဘက်ခြမ်းနဲ့ ထိုင်းဘက်ခြမ်းကို မနက်သွားညပြန် လုပ်နေကြတဲ့ မြန်မာအလုပ်သမား အများစုဟာ လူငယ် လူရွယ်နဲ့ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တွေများပါတယ်။ လူငယ်အများစုဟာ သူတို့ရဲ့ တဝမ်းစားတခါးဝတ် အတွက်၊ မိသားစုတွေရဲ့ ဝမ်းရေးပြဿနာကို တဖက်တလမ်းက ဖြေရှင်းနိုင်ဖို့အတွက် စက်ရုံအလုပ်တွေကို ရောက်ရှိလာကြ တာဖြစ်ပြီး တချို့ကတော့ စစ်တပ်က လုပ်အားပေးခေါ်မှာ၊ ပေါ်တာဖမ်းမှာကို ကြောက်တဲ့အတွက် သူတို့ရဲ့ ဇာတိရပ်ရွာတွေ ကို စွန့်ခွာလာကြတာ ဖြစ်ပါတယ်။
စစ်တပ်က ပေါ်တာဖမ်းတာကိုကြောက်လို့ ဘုရားသုံးဆူနယ်စပ်နယ်ကို ရောက်လာတဲ့ အလုပ်သမားတွေထဲမှာ မောင်နိုင်ထွန်းလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။ အထည်ချုပ်စက်ရုံ လုပ်သားတဦးဖြစ်တဲ့ မောင်နိုင်ထွန်းရဲ့ အသက် ဟာ (၁၈)ပြည့်ရုံလေးပဲ ရှိပါသေးတယ်။
“ကျနော် ဒီနယ်စပ်ကိုရောက်တာ (၁)နှစ်တောင် မပြည့်သေးဘူး။ ရွာမှာ မနေရဲလို့ ဒီကိုရောက်လာတာ။ ရွာမှာ စစ်တပ်က လုပ်အားပေး အမြဲခေါ်တယ်။ ပေါ်တာလည်း ဖမ်းတော့ လူငယ်တွေ ရွာမှာ မနေရဲကြဘူး။ အများစုကတော့ နယ်စပ်ကို တက်ပြီး အလုပ်လုပ်ကြတာများတယ်”
လို့ မောင်နိုင်ထွန်းက ပြောပါတယ်။
ကျိုက်မရောမြို့မှာ (၁ဝ)တန်းအထိ ကျောင်းနေဖူးတဲ့ မောင်နိုင်ထွန်းဟာ ကွန်ပြူတာပညာရှင် တယောက်ဖြစ်ရမယ် ဆိုတဲ့ စိတ်ကူးမျှော်လင့်ချက်တွေ ပြင်းပြခဲ့ဖူးပါတယ်။ ဒါပေမယ့် (၁ဝ)တန်းဖြေပြီးလို့ ရွာအပြန် ပေါ်တာအဖမ်းခံရပြီးတဲ့ နောက် မှာတော့ မောင်နိုင်ထွန်းရဲ့ စိတ်ကူးမျှော်လင့်ချက်တွေ စိုးရိမ်ထိတ်လန့်မှုတွေနဲ့အတူ ပျောက်ဆုံးပျက်စီး သွားခဲ့ရပါတယ်။
အခုတော့ မောင်နိုင်ထွန်းတယောက် ဘုရားသုံးဆူဘက်ကမ်းမှာ သူငယ်ချင်းတွေနဲ့အတူနေပြီး အထည်ချုပ်စက်ရုံ တခုမှာ အထည်ချုပ် လုပ်သားဘဝနဲ့ ဝမ်းကြောင်းနေပါတယ်။
“ကျနော့်အလုပ်က မနက် ၈ နာရီကနေ ညနေ ၆နာရီ နေ့တိုင်း ပုံမှန်လုပ်တယ်ဆိုရင်တော့ တလကို ဘတ် ၁၈ဝဝ၊ ၂ဝဝဝ လောက်ရတယ်။ အချိန်ပို ဆင်းရတဲ့လတွေဆိုရင် ၂၃ဝဝ၊ ၂၄ဝဝ လောက်တော့ရတယ်။ ဒါပေမယ့် တစ်လတစ်လ လုပ် လိုက်စားလိုက်နဲ့ လက်ထဲမှာ တပြားမှ မကျန်ဘူး”
လို့ မောင်နိုင်ထွန်းက ပြောပါတယ်။
မောင်နိုင်ထွန်းလို တစ်လတစ်လ လက်ထဲမှာ ပိုက်ဆံတပြားမှ မကပ်တဲ့ တကိုယ်ရေ တကာယသမား၊ ရရစားစား စက်ရုံအလုပ်သမားတွေ ဘုရားသုံးဆူနယ်စပ်မှာ အများကြီးပါ။ တစ်လတစ်လ နေစရိတ်၊ စားစရိတ်၊ သွားခလာခ၊ အလုပ် သမားလက်မှတ်ခနဲ့ ဝင်ငွေနဲ့ထွက်ငွေမမျှလို့ တစ်လပြီးတစ်လ အကြွေးတွေထပ်ပြီး အကြွေးသံသရာထဲမှာ တဝဲဝဲတလည် လည် ဖြစ်နေကြတဲ့ အလုပ်သမားတွေလည်း အများကြီးရှိပါတယ်။
“စက်ရုံအလုပ်က နေရာတကာ ချွေတာနိုင်မှ တော်ရုံကျတာ။ စိတ်ထဲရှိတဲ့အတိုင်း ဝတ်မယ်၊ စားမယ်ဆိုရင်တော့ ဘယ်လိုမှ ငွေပြန်ပို့လို့ရမှာ မဟုတ်ဘူး။ ကျမတို့ ညီမ(၂)ယောက်ဆိုရင် တယောက်လုပ်စာ နှစ်ယောက်မျှစားပြီး မိဘတွေကို လတိုင်း ငွေပို့ပေးနေရတာ။ မြန်မာပြည်ကလည်း ဘယ်လောက်ပို့ပို့ အဆင်ပြေတယ်။ လုံလောက်တယ်ဆိုတဲ့ အသံမကြား ရဘူး။ ကျမတို့ကလည်း ဒီမှာ အခက်အခဲအမျိုးမျိုးကြားမှာ အလုပ်လုပ်ပြီး မစားရက်၊ မသုံးရက်နဲ့ အစစအရာရာ ချိုးခြံချွေ တာနေရတာ”`
လို့ ဖိနပ်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မိနန်းသူက ပြောပါတယ်။
မိနန်းသူပြောတဲ့ အခက်အခဲအမျိုးမျိုးဆိုတာက လုပ်ခလစာ မှန်မှန်မပေးတာ။ အလုပ်ချိန်တွေပိုခိုင်းပြီး လုပ်အားခကို လျော့ပေးတာ။ အလုပ်ရှင်နဲ့အလုပ်သမားပြဿနာဖြစ်တိုင်း ထိုင်းရဲတွေက အလုပ်သမားတွေကို ဝင်ဖမ်းတာ။ အလုပ်သမား တွေကိုဖမ်းပြီး မြန်မာဘက်ကမ်းကိုပြန်ပို့တာ။ အလုပ်သမားလက်မှတ်ခကို လုပ်ခထဲက ပိုပြီးဖြတ်ယူတာ။ လက်မှတ် အစစ် ကိုင်ခွင့်မရလို့ အဖမ်းခံရ၊ ငွေကုန်ကြေးကျပိုဖြစ်ရတာ။ အလုပ်သမား အခွင့်အရေးတောင်းရင် အလုပ်သမားခေါင်းတွေ လူမိုက် တွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်တာ စတဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားတွေ ကြုံတွေ့ကြရတဲ့ တစ်ထောင့်တည မြန်မာ့အလုပ် သမားတွေရဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။
မိနန်းသူတို့မှာ အခြားနယ်စပ်ဒေသတွေနဲ့ မတူတဲ့ အခက်အခဲတခုလည်း ရှိပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ်စည်းမရှိ၊ ခြံစည်းရိုး အကာအရံမရှိ၊ မြစ်ချောင်းမရှိတဲ့ စံခရဘူရီိ-ဘုရားသုံးဆူဒေမှာ နှစ်ဖက်အာဏာပိုင်တွေ နားလည်မှုနဲ့ ဖွင့်ထားတဲ့ နယ်စပ်ဂိတ်တွေရှိပါတယ်။
ဒီဂိတ်တွေဟာ တဖက်နဲ့တဖက် စိတ်နဲ့မတွေ့ရင် မတွေ့သလို အကန့်အသတ်မရှိ အပိတ်၊ အဖွင့်လုပ်လေ့ရှိတာမို့ ထိုင်းဘက်ခြမ်းနဲ့ မြန်မာဘက်ခြမ်းကို နေ့စဉ်ကူးခြည်သန်းချည်နဲ့ လုပ်ကိုင်စားသောက်နေကြရတဲ့ မိနန်းသူတို့လို စက်ရုံအလုပ် သမားတွေရဲ့ စားဝတ်နေရေး အဆင်ပြေမှု မပြေမှုကလည်း နယ်စပ်ဂိတ်တွေ အဖွင့်အပိတ်အပေါ်မှာ အများကြီးတည်မှီ ပြောင်း လဲ နေတာပါ။
ဘုရားသုံးဆူ နယ်စပ်မှာ ဂိတ်တွေ ဘယ်လိုပဲ အပိတ်ပိတ်၊ အခက်အခဲတွေ ဘယ်လိုပဲ ကြုံကြုံ မြန်မာ အလုပ်သမား တွေကတော့ သမုဒ္ဒရာ ဝမ်းတထွာအတွက် အခက်အခဲ အတားအဆီးများစွာကို ရုန်း၍ကန်၍ ရင်ဆိုင်ကျော်ဖြတ်၍ နေကြ ဆဲပါပဲ။
(ဓာတ်ပုံ - ပန်းချီ မောင်မောင်တင်ရဲ့ ပန်းချီကား၊ ကိုဦးမသန္တာ ဘလောဂ့်၊ ခွင့်မတောင်းနိုင်ခဲ့ပါ)
မူရင်း ။ ။ မိုးမခ
0 comments:
Post a Comment