Tuesday, March 16, 2010

ဘားတိုက်ကို ပြန်ပို့ရမယ့် စစ်အစိုးရ

စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုတာ ထွက်ပေါ်လာခဲ့ ပါပြီ။ ဒါဟာ စစ်အာဏာရှင်တွေအနေနဲ့ ရွေးကောက်ပွဲကို တကယ်လုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ပြောလိုက်တာလို့ ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲ လုပ်မယ် လုပ်မယ်နဲ့ မကြာခဏ ပြောလေ့ရှိပေမဲ့ သူပြောပြောနေတဲ့ ရွေးကောက်ပွဲဆိုတာကို ပြည်သူလူထုက စိတ်ဝင်တစားမရှိလှတာမို့ သိပ်တော့အရေးမပါလှပါဘူး။ အခုအခြေအနေမှာ ရွေးကောက်ပွဲဥပဒေတွေ၊ ကော်မရှင်တွေ ထွက်ပေါ်လာပေမဲ့လည်း လူထုကတော့ စစ်အစိုးရလုပ်သမျှ အယုံအကြည် ကင်းမဲ့နေတာကြောင့် စိတ်ဝင်တစား ပြောဆိုကြတာ မကြားရပါဘူး။

ပြည်သူလူထုအထဲက တချို့သောသူများကို စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်လိုမြင်လဲ မေးမြန်းကြည့်တဲ့ အခါတော့ "မမြင်ဘူး။ မမြင်ဘူးဆိုတာ ပြည်သူလူထုအကျိုးအတွက် ဘာကိုမှ မမြင်ဘူး" လို့ ဖြေသူလည်း ရှိပါတယ်။ တချို့သော သူများကတော့ "ဒီကောင်တွေ ထင်ရာလုပ်မှာဘဲ။ သူတို့လူနဲ့ သူတို့ လုပ်သွားမှာ။ ရွေးစရာမှမရှိတာ ဘာကိုသွားရွေးမလဲ" လို့ဆိုသူကလည်း ဆိုပါတယ်။ ဒီလို ပြည်သူတွေဘက်က စိတ်ဝင်စားမှု နဲပါးနေတာကလည်း 'တခါသေဖူး ပျဉ်ဘိုးနားလည်' ဆိုသလို စစ်အစိုးရလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲ ဆိုတာကို ကြုံဖူးတွေ့ဖူးပြီးသားဖြစ်တော့ မယုံကြည်နိုင်တော့တာက အဓိကပါ။

MMK_spdc
၁၉၉၀ ခုနှစ်က စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီကို အာဏာအပ်ပြီး စစ်တပ်က ဘားတိုက်ကိုပြန်မယ်လို့ ကတိပေးပြီး ရွေးကောက်ပွဲ လုပ်ခဲ့ဖူးပါပြီ။ အဲဒီတုန်းက ဒီမိုကရေစီစနစ် အပြောင်းအလဲဆီ မျှော်လင့်ရည်မှန်းချက်တွေ ကိုယ်စီနဲ့ ပြည်သူတွေ အားလုံးလိုလို ရွေးကောက်ပွဲဆိုတာကို စိတ်ဝင်တစားနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲအပြတ်အသတ် ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ အနိုင်ရပါတီကို အာဏာအပ်ပြီး ဘားတိုက်ကို ပြန်ဖို့ ငြင်းဆန်၊ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုခဲ့ပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းမရှိ အကြောင်းရှာ ဖမ်းဆီးထောင်ချခဲ့လို့ အမတ်တွေဟာ ထောင်ကျသူကျ၊ ပြည်ပထွက်ပြေးသူ ပြေးရနဲ့ ဖြစ်ပျက်ခဲ့တာ လူတိုင်းအသိပါ။ ဒီဖြစ်ရပ်ဟာ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်က ဖြစ်ပျက်ခဲ့တာ မဟုတ်ပါဘူး။ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို တိုင်းသူပြည်သားတိုင်းရဲ့ ရင်ထဲမှာ ရင်တနင့်နင့် ထိန်းသိမ်းထားဆဲ၊ ရှိနေဆဲ ပူပူနွေးနွေးဖြစ်ပျက်ခဲ့တာပါ။

အရှိကို အရှိအတိုင်းပြောရရင် ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရ ဖျက်လိုဖျက်ဆီးလုပ်ခဲ့ပုံက အင်မတန်မှ အကျည်းတန်အရုပ်ဆိုးခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကာလ ကလေးဘဝ ဇယ်တောက်တန်း ကျားထိုးတန်း ကစားကြတဲ့အခါ စိတ်ညစ်ပတ်တဲ့ ကလေးဆိုးတယောက်က တဖက်ကနိုင်ပြီး သူရှုံးတော့မယ်ဆိုတာနဲ့ ဇယ်စေ့တွေ၊ ကျားစေ့တွေကို ပြန့်ပြန့်ကျဲအောင် ဖျက်လိုဖျက်ဆီး လုပ်ပစ်ပြီး တစ်ကပြန်စ ကစားကြမယ်လို့ လုပ်တတ်ကြတာ အားလုံးကြုံဖူးကြမယ် ထင်ပါတယ်။

အခုလည်း အဲဒီလိုပါပဲ။ စစ်အစိုးရဟာ ၁၉၉၀ ရွေးကောက်ပွဲကို ဖျက်ဆီးပြီး သူနိုင်အောင် ညစ်ကစားမယ့် ရွေးကောက်ပွဲကို လုပ်ဖို့ ဟန်ပြင်နေတာပါ။ ကလေးဘဝ ကလေးဆိုးတွေ ကစားပွဲကို ပွဲဖျက်ကစားတာ ခဏခဏလုပ်ရင် ကြာလာတော့ ရိုးရိုးသားသား ကစားတဲ့ ကလေးတွေက ညစ်တတ်တဲ့ ကလေးပွဲဖျက်တတ်တဲ့ ကလေးကို ရှောင်လာကြပါတော့တယ်။ သူပါရင် မကစားချင်ကြတော့ပါဘူး။ အဲဒါ ကလေးမို့ ခွင့်လွှတ်နိုင်ပါလိမ့်ဦးမယ်။ အခု ရွေးကောက်ပွဲတခုကို ဖျက်ပြီး ရွေးကောက်ပွဲအသစ်တခု တစ်ကနေပြန်စ လုပ်ကိုင်နေတာက လူကြီးတွေပါ။ လူကြီးတွေမှ သေနတ်ကိုင်ထားတဲ့ လူကြီးတွေဆိုတော့ ခွင့်လွှတ်နားလည်ပေးဖို့ ခက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်က ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်ပြီး စစ်အစိုးရရဲ့ မရိုးသားတဲ့၊ လှည့်ဖျားထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံလာတဲ့ ၂၀၁၀ ခု အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ဆဲပါ။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေက ပါတီဝင်ထဲမှာ ထောင်ကျနေသူတွေ ပါဝင်နေရင်တောင် ပါတီရွေးကောက်ပွဲ ဝင်ခွင့်ရှိမှာမဟုတ်ဘူး ဆိုတဲ့ အချက်မျိုးပါဝင်နေပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်လို စစ်အစိုးရက အရေးယူမှုတွေပြုထားတဲ့ သူနဲ့ တခြားသော အကျဉ်းကျ ပါတီဝင်တွေ ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖို့ ရွေးကောက်ပွဲဝင်ဖို့ မဖြစ်နိုင်တော့သလို ဖြစ်နေပါပြီ။ တခြား မတရားတဲ့ အချက်တွေကလည်း အများကြီးပါ။ တကယ်တော့ ဒီရွေးကောက်ပွဲဥပဒေထုတ်ပြန်မှုဟာ အဖွဲ့ချုပ်က မူအားဖြင့် တောင်းဆိုထားတဲ့ ရွှေဂုံတိုင်ကြေငြာချက်ကိုရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ မေတ္တာရပ်ခံပေးစာပါ တွေ့ဆုံဆွေးနွေးရေးလမ်းကို စစ်အစိုးရက အပြတ်ငြင်းပယ်လိုက်တာသာ ဖြစ်ပါတယ်။

တကယ်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်အရ ပြောကြရင် ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတရပ်ပါ။ မြန်မာပြည်မှာ အစိုးရလုပ်ရမယ့် သူတွေက ထောင်ထဲရောက်နေပြီး အဂတိလိုက်စားမှုတွေ၊ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရာဇဝတ်ပြစ်မှုတွေနဲ့ ထောင်ထဲမှာနေရမယ့် သူတွေက အစိုးရလုပ်နေနိုင်တော့လည်း ထုတ်သမျှဥပဒေက တရားမျှတဖို့ ခက်နေဆဲပါ။

ဒါပေမယ့် ပြည်သူလူထုကတော့ စစ်အစိုးရလုပ်သမျှ ဘာကြားကြား၊ ဘာမြင်မြင်၊ ဘာသိသိ၊ ဘာဥပဒေထုတ်ထုတ် အမှန်တရားတွေလို့ ယောင်ယောင်မှားမှားတော့ ဖြစ်ကြမယ်မထင်ပါဘူး။ စစ်အစိုးရက သူတို့ကိုယ်သူတို့ ဗိုလ်တွေချည်းပဲ အထင်အတွေးနဲ့ ဗိုလ်ကျအနိုင်ကျင့်ပြီး မတရားတဲ့ ဥပဒေအမျိုးမျိုးတွေ ထုတ်နေပေမယ့် ပြည်သူတွေကလည်း ဆိုက္ကားဆရာကအစ တက္ကသိုလ်ပါမောက္ခဆရာကြီးတွေအဆုံး ဆရာ့ ဆရာတွေချည်းပဲ ဆိုတာကိုတော့ စစ်အစိုးရ သိသင့်ပါတယ်။ စစ်အစိုးရ ပတ်တိုင်းနှပ်တိုင်း အဟုတ်ထင်နေမယ်တော့ မထင်မမှတ် လိုက်ကြပါနဲ့။

စစ်အစိုးရရဲ့ ပေးစာကမ်းစာတပဲတပြား (ရဖူး၊ ရဆဲ၊ ရအံ့) သော သူများမှတပါး ပြည်သူ့အကျိုး အမှန်တကယ် လိုလားသူ၊ ပြည်သူအပေါ် သစ္စာစောင့်သိသူများကတော့ စစ်အစိုးရလုပ်သမျှ နားယောင် အကောင်းထင်ကြမယ် မဟုတ်ပါဘူး။ တချို့သောသူများက စစ်အစိုးရကို ခိုင်မယ် မြဲမယ်ထင်သူက ထင်ပြီး ခေါင်းဝင်လျှိုဖို့ ကြိုစားနေသူတွေလည်း ရှိနေနိုင်ပါတယ်။

သမိုင်းနဲ့ချီပြီး ပြောရရင် မြန်မာ့သမိုင်းထဲက သူရဲကောင်း စစ်ဘုရင်တွေဖြစ်ကြတဲ့ အနော်ရထာတို့၊ ဘုရင့်နောင်တို့၊ အလောင်းဘုရားတို့ကလည်း သူတို့ထူထောင်တဲ့ နိုင်ငံတော်ကို သူတို့ရဲ့သားစဉ်မြေးဆက် နှစ်အထောင်အသောင်း အုပ်ချုပ်ချင်ကြမှာပါပဲ။ အင်္ဂလိပ်လို နေမဝင် အင်ပါယာ ပိုင်ရှင်ကလည်း မြန်မာပြည်လို သယံဇာတပေါကြွယ်လှတဲ့ နိုင်ငံမျိုးကို ဘယ်တော့မှ လက်လွှတ်ချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အာဏာဆိုတာ မျိုးဆက်တခု လူတစုလက်ထဲ ခိုင်လာမြဲလာရင် အာဏာအလွဲသုံးစားမှုတွေ၊ မတရားမှုတွေ များလာတတ်တာမို့ တိုင်းသူပြည်သားတွေနဲ့ တဖြည်းဖြည်း ကင်းကွာသွားခြင်း၊ တိုင်းသူပြည်သားတွေကြား မကြေနပ်မှုတွေ များလာခြင်းတွေနဲ့ အာဏာဟာ ယုတ်လျော့ပျက်စီးကြစမြဲပါ။

အခုအချိန်မှာ စစ်အစိုးရရဲ့ အာဏာဟာ ငြိမ်းခါနီး မီးတောက်လို ဖြစ်နေပါပြီ။ သူတို့ရဲ့ တောက်ပတဲ့ မွန်းတည့်အချိန်တွေလည်း ကုန်ဆုံးတော့မှာပါ။ ၁၉၈၈ ခုနောက်ပိုင်း လူထုထောက်ခံမှု လုံးဝမရှိတော့တဲ့ စစ်အစိုးရအဖို့ ဒီအချိန်ဟာ နေဝင်ရီသရော ဆည်းဆာအချိန်လို့တောင် ပြောနိုင်ပါတယ်။

ဒီအခြေအနေ သူတို့ကိုယ်တိုင် သိရှိလို့လည်း ယှဉ်ပြိုင်လို့ ဘယ်နည်းနဲ့မှ မနိုင်နိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို ရွေးကောက်ပွဲက ဖယ်ရှားဖို့ ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးပြီး ကြိုးစားနေတာဖြစ်သလို အများယုံကြည်လေးစား တန်ဖိုးထားတဲ့ ကိုမင်းကိုနိုင်တို့လို ကျောင်းသားခေါင်းဆောင်တွေ အခြားသော နိုင်ငံရေး တက်ကြွသူတွေကို ထောင်နဲ့ချီပြီး ဖမ်းဆီးထောင်ချထားရတာ ဖြစ်ပါတယ်။ ဒါတင်မပါဘူး ၁၉၈၈ ခုနှစ်နောက်ပိုင်း ပြည်သူအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက များလွန်းနေပြီး ပြည်သူ့မျက်နှာ မကြည့်သာ၊ မကြည့်ရဲလို့ နိုင်ငံဝန်ထမ်းမှန်သမျှကို ပေါ်တာဆွဲသလို ဆွဲခေါ်သွားပြီး မြို့တော် မဟာရန်ကုန်ကနေ ပဲခူးရိုးမတောင်ကြားထဲက ကြပ်ပြေးနေပြည်တော်ကို တောခို တောပြောင်းသွားကြတာဖြစ်ပါတယ်။ မဟာရန်ကုန်လူထုကတော့ စစ်အာဏာရှင်အုပ်စုကြီး ရန်ကုန်မြို့တော်ကနေ ထွက်ခွာသွားတဲ့အတွက် မြို့တွေတခွင်က အမှိုက်ပုံ အမှိုက်ထုတ်ကြီး ရှင်းသွားသလို ကျေနပ်ဝမ်းမြောက်နေကြတာပါ။

ဒီနေရာမှာ ပြည်သူလူထုကို သတိပြုစေချင်တာက စစ်အာဏာရှင်လူတစုဟာ လူထဲသူထဲ ပြည်သူထဲမှာ မနေရဲလို့ တောပုန်းလုပ်နေကြပေမယ့် သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက် ဆိုတာကို ကိုင်ပြီး ကြပ်ပြေးအမှောင်ရိပ်ကနေ ပြည်သူကို လမ်းလွဲကြီးတွေ ပြနေဦးမယ်ဆိုတာ သိထားစေချင်ပါတယ်။

ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်တွေဟာ ဘယ်တော့မှ လမ်းမှန်ကို မပြဘူး၊ လမ်းမှားကိုသာ ပြလိမ့်မယ် ဆိုတာကို တော်လှန်ရေးအသိရှိရှိ နားလည်ပြီး ခိုင်မာတဲ့၊ အတိုက်အခံတွေပြတဲ့ လမ်းမှန်ကိုသာ ညီညီညွတ်ညွတ် ရွေးချယ်လျှောက်လှမ်းရပါလိမ့်မယ်။ ပြည်သူတွေလျှောက်လှမ်းရမယ့် နောက်ဆုံးပန်းတိုင်ကတော့ လူထုအခြေပြု နိုင်ငံရေးကို ကိုင်စွဲပြီး အကြမ်းမဖက် နည်းလမ်းများနဲ့ စစ်အစိုးရကို သူတို့ရဲ့ မူလနေရပ်ဌာနေ ဘားတိုက်အရောက် ပြန်ပို့ဖို့ တခုတည်းသော ပန်းတိုင်သာ ရှိကြောင်း အကြုံပြု တိုက်တွန်းလိုက်ပါတယ်။

ရင်းမြစ်။ ။ရိုးမ-၃

ပါတီမှတ်ပုံတင်မတင် NLD လူငယ်များ ဆွေးနွေးမည်

ချင်းမိုင်(မဇ္ဈိမ)။     ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီမှတ်ပုံပြန်တင်သင့်၊ မတင်သင့်ကို ဆွေးနွေးရန် ပြည်နယ်နှင့် တိုင်းများမှ အဖွဲ့ဝင် လူငယ်ခေါင်းဆောင်များကို ယခုလ ၂၆ ရက်နေ့၌ ရန်ကုန် ပါတီဌာနချုပ်သို့ ခေါ်ယူထားကြောင်း သိရသည်။

“တိုင်းနှင့်ပြည်နယ် လူငယ်အာလုံးကို ဖိတ်ထားပြီ။ ဆွေးနွေးမှာက (ဗဟိုဦးစီအဖွဲ့) CC ကိစ္စတွေ၊ ပါတီမှတ်ပုံတင် ကိစ္စတွေ ပါမယ်” ဟု ရန်ကုန်တိုင်း NLD ဗဟိုလူငယ်တာဝန်ခံ ၃ ကိုအေးထွန်းက မဇ္ဈိမကို ပြောသည်။

ပြည်နယ်နှင့် တိုင်း လူငယ်အကူအညီပေးရေးအဖွဲ့များမှ ကိုယ်စားလှယ် ၅ဝ ဦးခန့် တက်ရောက်နိုင်မည်ဟု ခန့်မှန်းထားပြီး၊ ဆုံးဖြတ်ချက်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ CEC သို့ တင်ပြကြမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ NLD လူငယ်များ တိုးချဲ့ဖွဲ့စည်းရာတွင် တနိုင်ငံလုံးရှိ ၃၂၅ မြို့နယ်တွင် မြို့နယ် ၈ဝ ၌ လူငယ်လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ပြီဟု ကိုအေးထွန်းက ပြောသည်။

NLD တိုင်းနှင့် ပြည်နယ်များမှ CC နှင့် CEC အဖွဲ့ဝင်များသည်လည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးကြမည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ခေါင်းဆောင်ကောင်းများ ပေါ်လာစေရန်ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရည်ရွယ်ချက်အတိုင်း လူငယ်များ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း လူငယ်အကြံပေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။

“ဒေါ်စုက လူငယ်တွေကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်က အင်အားပြဖို့ မဟုတ်ဘူး။ ခေါင်းဆောင်ပျိုးခင်းအဖြစ်နဲ့ ပျိုးထောင်ထားတာတဲ့။ ဘက်စုံတော်တဲ့ ခေါင်းဆောင်တွေ ဖြစ်လာအောင် စနစ်တကျ ပျိုးထောင်ထားတာပါ” ဟု သူက ပြောသည်။

ပါတီလူငယ်များသည် လူငယ်များ တိုးချဲ့ဖွဲ့စည်းခြင်း၊ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းကော်မတီကို ကူညီခြင်းနှင့် HIV/AIDS ဝေဒနာသည်များ ဆေးကုသခွင့်ရရေး၊ HIV/AIDS ပညာပေးခြင်းတို့ ဆောင်ရွက်နေသည်ဟု ဆိုသည်။

တိုင်းနှင့် ပြည်နယ် အသီးသီးမှ လူငယ်ဖော်ဆောင်ရေး အဖွဲ့ဝင်များကို ရန်ကုန် ဗဟိုရုံးချုပ်သို့ခေါ်၍ ဥပဒေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ ကွန်ပြူတာနှင့် အင်္ဂလိပ်စာ စသည့် ပညာရပ်များကိုလည်း အခါအားလျော်စွာ ပို့ချပေးနေကြောင်း သိရသည်။

နှစ်ပေါင်း ၂ဝ ကျော်ကြာ အာဏာရှင်စနစ်ကို အာခံတိုက်ပွဲဝင်နေသော်လည်း မအောင်မြင်သေးသည့် NLD သည် တရားဝင် ပါတီအဖြစ် ဆက်လက်ရပ်တည်လိုပါက ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရမည်ဟု ယခုလ ၈ ရက်နေ့ထုတ် “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
ဖနိဒါ 
Tuesday, 16 March 2010 18:17

ကရင်ပြည်နယ်တွင် အရာရှိဟောင်းများ စည်းရုံးရေးဆင်း

Tuesday, 16 March 2010 19:53 သန်းထိုက်ဦး
ကရင် ပြည်နယ်တွင် အစိုးရ အရာရှိ ဟောင်းများက ရွေးကောက်ပွဲ အတွက် စည်းရုံးရေး ဆင်းနေကြောင်း ဒေသခံများက ပြောသည်။

လှိုင်းဘွဲ့ မြို့နယ်တွင် ဗိုလ်မှူးကြီးဟောင်း စောခင်စိုး၊ ဘားအံ မြို့တွင် ဗိုလ်မှူးကြီးဟောင်း ဦးခင်ကြူး စသည့် ပုဂ္ဂိုလ်များက ဒေသခံများနှင့် လိုက်လံ တွေ့ဆုံလျက်ရှိသည်ဟု သိရသည်။ ၎င်းတို့ ၂ ဦးသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည့်အခါ ထိုဒေသများတွင် ၀င်ရောက် အရွေးခံဖွယ်ရှိသည်ဟု ဆိုသည်။

ထို့ပြင် ၎င်းတို့ ၂ ဦးသည် ကော့ကရိတ်၊ ကြာအင်း ဆိပ်ကြီး၊ သံတောင်၊ ဖာပွန် စသည့် မြို့နယ်များ သို့လည်း သွားရောက်ပြီး စည်းရုံးရေး ဆင်းနေသည်ဟု ဒေသခံများက ဧရာဝတီသို့ ပြောသည်။

ထို ၂ ဦးသည် ကရင် ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ          (ပအဖ) တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူများ ဖြစ်ကြသည်။
                                                                                       

ကရင် တိုင်းရင်းသား စောခင်စိုးသည် ဂျပန်နိုင်ငံတွင် စစ်သံမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသည်ဟု ဘားအံ မြို့သား တဦးက ရှင်းပြသည်။ ဒေသခံ ကရင် တိုင်းရင်း သားများက သူ့အား ချစ်ခင် လေးစား ကြသည်ဟု ဆိုသည်။

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ ပါတီကို အမည်ပြောင်းထားသော တစည ခေါ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီကလည်း ကရင်ပြည်နယ်တွင် စည်းရုံးရေး ဆင်းလျက်ရှိသည်ဟု သိရသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများ ရှိနေသော်လည်း ၁၉၉၀ ရွေးကောက်ပွဲအတွင်း ကရင်ပြည်နယ်တွင် ၇၁ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ ပါတီ ဆက်လက် ရပ်တည်ရေး၊ ၂၀၁၀ ရွေးကောက်ပွဲ တို့နှင့် ပတ်သက်ပြီး အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။

စစ်အစိုးရက ပြီးခဲ့သည့် အပတ်အတွင်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ထုတ်ပြန်ခဲ့ရာ ထိုဥပဒေအရ NLDသည် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ထပ်မံ၍ မှတ်ပုံတင်ရမည် ဖြစ်သည်။

အကျဉ်းကျနေသူများကို ပါတီတွင် ထည့်သွင်းခြင်း မပြုရန် ဥပဒေတွင် ပြဌာန်းထားသဖြင့် ထိုသို့ မှတ်ပုံတင်ပါက NLD သည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းကျနေသည့် အဖွဲ့ဝင် အများအပြားကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။

မှတ်ပုံတင်ခြင်း မပြုလျှင် အစိုးရက NLD ပါတီကို ဖျက်သိမ်းမည် ဖြစ်သည်။

ရင်ဆိုင်နေရသည့် အကျပ်အတည်းနှင့် ပတ်သက်ပြီး  NLDက ယခုလ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ချက် ချမည်ဟု သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

တဖက်သတ်ဆန်သော၊ ချုပ်ချယ်သော ဥပဒေ

နယူးဒေလီ (မဇ္ဈိမ) ။     ။ စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေအပေါ် အားရကျေနပ်မှု မရှိဘဲ တဖက်သတ်ဆန်သော၊ အချုပ်အချယ် များလွန်းကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးက ယနေ့ ပြောဆိုသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ထိုဥပဒေသည် တဖက်သတ်ဆန်ကြောင်းနှင့် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ရန် အကျဉ်းကျခံ ပါတီခေါင်းဆောင်နှစ်ဦး လွှတ်ပေးစေလိုကြောင်း ပြောသည်။

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းကလည်း ယခု ရွေးကောက်ပွဲ ဥပဒေတွင် အချုပ်အချယ် များလွန်းကြောင်း ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲ ဝင်မည်ဆိုပါက ပြည်ထောင်စု ဒီမိုကရေစီပါတီအမည်ဖြင့် ဝင်ရောက်မည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးထံမှ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအပေါ် အမြင်၊ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်နှင့် အလားအလာ အခြေအနေများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

(SNLD သည့် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၃ ရွေးချယ်ခံရပြီး စစ်အစိုးရက ဖျက်သိမ်းခဲ့သည့် ပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်ုအပါအဝင် CEC အဖွဲ့ဝင်များသည် အကျဉ်းထောင်များထဲတွင် နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရသည်။)


ဦးစိုင်းလိတ်
(ပြောခွင့်ရပုဂ္ဂိုလ်)
ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်မိပါသလဲခင်ဗျ။

''၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  အခြေခံပြီး ပေါ်ပေါက်လာမယ့်၊ ပြုလုပ်သွားမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲပေါ့နော်၊  အဲဒီဟာကို ကျနော်တို့က   ညီလာခံကို မတက်ခံဘူး။ ဆန္ဒခံယူပွဲတုန်းကလည်း ပြည်သူတွေရဲ့ ဆန္ဒကို တရားနည်းလမ်းတကျ ရယူထားတယ်လို့ မယုံကြည်တဲ့အတွက်မို့လို့ ၂ဝ၁ဝ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို တစုံတရာ ပါဝင်ပတ်သက်မှုကို မစဉ်းစားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့  ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုယ်တိုင်က အကျဉ်းထောင်ထဲမှာ ရောက်နေတယ်။ ကျနော်တို့ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို လွှတ်ပေးပြီးတော့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။ အဲဒီနောက်ပိုင်းကျမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့်၊ ပါတီမှတ်ပုံတင်သင့် မတင်သင့်ကို ဆက်ပြီးတော့ စဉ်းစားမှာ ဖြစ်ပါတယ်။ လောလောဆယ် အဲဒီကိစ္စတွေကို မစဉ်းစားသေးပါဘူး''

မေး။ ၂ဝ၁ဝ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ ဘယ်လို မြင်ပါသလဲ။

''အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီး တဖက်သတ်ဆန်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တရားနည်းလမ်း မကျဘူး။ မလွတ်လပ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ နိုင်ငံရေးမှတ်ပုံတင်ခြင်းမှာ နိုင်ငံရေးပါတီ ထူထောင်တယ်ဆိုတာက အဲဒီ ပါတီထူထောင်တဲ့ လူရဲ့ သဘောဆန္ဒနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်။ ဘယ်သူကို ပါတီဝင်အဖြစ် လက်ခံမယ်၊ ဘယ်သူကို ဥက္ကဋ္ဌအဖြစ် လက်ခံမယ်၊ တင်မြှောက်မယ် စသဖြင့် ဒီကိစ္စတွေက ပါတီထူထောင်မယ့် ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်။ တခြား အာဏာပိုင် အဖွဲ့အစည်းသော်လည်းကောင်း၊ တခြား ပုဂ္ဂိုလ်ကသော်လည်းကောင်း၊ အမိန့်ပေး စေခိုင်းသတ်မှတ်လို့ မရဘူး။ ဒါကြောင့်မို့ အဲဒီလိုမျိုး ကန့်သတ်ချက်ပါတဲ့ ဥပဒေမျိုးကို ကျနော်တို့က လက်မခံနိုင်ပါဘူး''

''ဒီဟာကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ၁၉၇၄ ဥပဒေပဲဖြစ်ဖြစ်၊ ၁၉၄၇ ဥပဒေပဲဖြစ်ဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိဘူးဆိုရင်တောင်မှပဲ၊ သူ့အနေနဲ့ မဲထည့်ခွင့်၊ ပါတီဝင်ခွင့် ရှိရမယ်။ အခုကျတော့ ပါတီဝင်ခွင့်လည်း မရှိဘူး၊ ရွေးကောက်ခံပိုင်ခွင့်လည်း မရှိဘူးဆိုတော့ ဒီဟာကို ကျနော်တို့ လက်မခံနိုင်ပါဘူး''


ဦးရွှေအုန်း
ပြည်ထောင်စု ဒီမိုကရေစီပါတီ

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့  ဘယ်လို ရပိုင်ခွင့်တွေ ရရှိလာမလဲ၊ ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်မလဲ။

''တိုင်းရင်းသားနဲ့ ပတ်သက်ရင် တော်တော်လေးကို နည်းတဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးကတော့ တိုင်းနဲ့ ပြည်နယ် ပါကတည်းက မကြိုက်တာ။ ပြည်ထောင်စုကို တိုင်းနဲ့ ပြည်နယ် လုပ်ထားတာ။ ပြည်နယ်လွှတ်တော်တွေမှာ ပေးထားတဲ့ အခွင့်အရေးတွေက သိပ်ပြီးတော့ ဘာမှ ရှိတာမှ မဟုတ်တာ။ အကျဉ်းအမြောင်းလေးတွေ၊ အရေးကြီးတဲ့ ဟာတွေက ပြည်ထောင်စု လွှတ်တော်က ကိုင်ထားတာ။ ပြည်ထောင်စု လွှတ်တော်မှာ ပြည်နယ်က ကိုယ်စားပြုတဲ့ လူတွေက ပါသင့်သလောက် ပါတာတော့ ရှိတယ်။ တပ်မတော်က ဘယ်လိုရွေးမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ရွေးထုတ်လိုက်တဲ့ အခါကျတော့ ပြည်နယ်ကို ကိုယ်စားပြုမယ့်သူ၊ တကယ့်ကို ဦးဆောင်နိုင်မယ့်သူက တကယ့်ကို နည်းနည်းလေးပဲ ရှိတော့တာ။ ဒီအခြေခံဥပဒေအရ ဆိုလို့ရှိရင် ပြည်နယ်က ကိုယ်စားလှယ်တွေက လုပ်ပိုင်ခွင့် မရှိသလောက်နည်းသွားပြီ''

မေး။ ၂ဝ၁ဝ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
''နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက အပေါက်ကလေး နည်းနည်းလေးပဲ ဖွင့်ပေးထားတယ်။ ဥပဒေတွေက အချုပ်အချယ် များလွန်းတယ်။ သူတို့ ထုတ်ထားတဲ့ ဥပဒေထဲမှာ အကျဉ်းကျနေတဲ့သူတွေ မပါရဘူးဆိုတာက အခုအဖမ်းခံနေရတဲ့ သူတွေထဲမှာ ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေ ရှိသလို နိုင်ငံရေးကြောင့် အဖမ်းခံရတဲ့သူတွေ ရှိတယ်။  နိုင်ငံရေးလှုပ်ရှားလို့  အဖမ်းခံရသူတွေဆိုရင်  ရွေးကောက်ပွဲမှာပါဝင်၊ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိရမယ်''

''အရင်တုန်းက ရွေးကောက်ပွဲတွေကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေချည်းပဲ။  ဒီမိုကရေစီ နည်းလမ်းကျတယ်။  လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ရှိပြီး မျှမျှတတဖြစ်သွားတဲ့ ရွေးကောက်ပွဲလို့ ယူဆလို့ရတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကျတော့ ဒါက ပိုပြီးတော့ လွတ်လပ်တယ်။ မြန်မာပြည်ထဲမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း ပြောလို့ရသလို၊ ကမ္ဘာကလည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ လက်ခံထားတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲက အကောင်အထည်မှ ပေါ်မလာဘူး။ ဟိုအရင်တုန်းက ရွေးကောက်ပွဲတွေက ချို့ယွင်းချက်တွေ နည်းနည်းပါးပါး ရှိခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲတွေတောင်မှ ရွေးကောက်ပွဲပြီးရင် ဆက်လက်သွားလို့ ရသေးတယ်။ ၉ဝ ခုနှစ်ကျတော့ ရွေးကောက်ပွဲရလဒ်က တခြား၊ ဖြစ်လာတာက တခြား။ အခုဟာကလည်း ကျနော်တို့ ဘာဖြစ်လာမယ်ဆိုတာ မသိသေးဘူး''

''အင်္ဂလိပ်ခေတ်တုန်းက ရှိတာက ဒီလိုလေ။ ရာဇဝတ်မှုနဲ့ အရေးယူခံထားရတဲ့သူ ဖြစ်ရင်တော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူး။ ဆိုလိုတာက ရာဇဝတ်မှုနဲ့ အရေးယူခံရတဲ့သူဖြစ်ရင် ရိုသေထိုက်သော ပုဂ္ဂိုလ်မဟုတ်ဘူး။ နိုင်ငံရေး သိက္ခာမရှိတဲ့ အတွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လို့ မရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ရှိတယ်။ နိုင်ငံရေးသမားဖြစ်လို့ ရွေးကောက်ပွဲ မဝင်ရဘူးဆိုတာ မရှိပါဘူး။ နိုင်ငံရေး ပုဒ်မအရ အထိန်းသိမ်းခံရတဲ့ ပုဂ္ဂိုလ်က အကျင့်စာရိတ္တပျက်လို့ အဖမ်းခံရတာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ခြင်းနဲ့ အစိုးရက မကြိုက်လို့ အဖမ်းခံရတဲ့ သူတွေကိုတော့ ရွေးကောက်ပွဲ ဝင်ခွင့်ရတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေမှာက ရွေးကောက်ပွဲဝင်ဖို့ မပြောနဲ့ ပါတီဝင်တောင် မဖြစ်ရဘူးဆိုတာတွေ ပါတယ်''

မေး။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

''ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ အရင်တုန်းက ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေတောင်မှ နည်းနည်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာတယ်။ သူတို့ ဥပဒေတွေက အချုပ်အချယ် များလွန်းတယ်။ ဒီအတိုင်းဆိုရင် ဆက်လုပ်လို့ မရဘူးဖို့ ပြောနေကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကျနော် မေးကြည့်တယ်။ ကိုယ်ယူတဲ့ မိန်းမက ကပ္ပလီ မိန်းမကို ယူထားတယ်၊ မွေးလာတော့ ဖြူဖြူချောချောတော့ ဖြစ်မလာနိုင်ဘူး။ ကပ္ပလီမနဲ့ မွေးလာတဲ့ ကလေးကလည်း မည်းမည်းလေးပဲ မွေးလာမယ်။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေဆိုတာလည်း ပြောရမယ်ဆိုရင်လည် ကမ္ဘာမှာ အလွန်ရှားတဲ့ ဥပဒေပါပဲ။ အဲဒီဥပဒေကို မှီပြီးတော့ ပေါ်လာတဲ့ နောက်ထပ် ရွေးကောက်ပွဲ ဥပဒေကလည်း အဲဒီအတိုင်းပဲ ဖြစ်လာမှာပါပဲ။ ကမ္ဘာက စံနမူနာထားထိုက်တဲ့ ဥပဒေ ဘယ်နည်းနဲ့မှ ဖြစ်မလာနိုင်ဘူး''

''၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထားမရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ကျနော်အမြင်ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊  မကောင်းသည်ဖြစ်စေ  အပေါက်ကလေး နည်းနည်းဖွင့်ရင် ဖွင့်သလောက် တိုးကြည့်ချင်တာပဲ။ မဝင်ဘဲနဲ့၊ မတိုးဘဲနဲ့ နေမယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်သလဲ။ ဒါကို မကြိုက်ဘူးဆိုပြီးတော့ တဖက်နိုင်ငံကို သွားနေနိုင်တဲ့ အနေအထားမရှိဘူး။ ပြည်တွင်မှာ နေပြီးတော့လည်း လက်နက်ကိုင်လမ်းစဉ် လုပ်ဖို့ဆိုတာလည်း အဲဒီလောက် သတ္တိမရှိဘူး။ ဘယ်လောက် ဖွင့်လာနိုင်မလဲ။ ဖွင့်လာသလောက် ကြိုးစားပြီး လုပ်ကြည့်မယ်။ လုပ်လို့ မရရင်လည်း ထိုင်နေရုံပဲ ရှိမယ်။ ကျနော့်အနေနဲ့  ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပြည်ထောင်စု ဒီမိုကရေစီပါတီအနေနဲ့ ဝင်မယ်''             

သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင်

နအဖစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ (၅) ခု ထုတ်ပြန်ပြီးသော်လည်း သတင်းရေးသားခွင့်ကို ဆက်လက် ပိတ်ပင်တားမြစ်နေသဖြင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြည်တွင်းသတင်းစာဆရာများက ပြောသည်။

အပတ်စဉ်ထုတ် ပုဂ္ဂလိကဂျာနယ် အယ်ဒီတာတဦးက “ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီဆိုတာနဲ့ ကျနော်တို့က နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ ထောင်မယ့်သူတွေ၊ ဝါရင့်သတင်းစာ ဆရာတွေ၊ အခြား ထင်ရှားသူတွေရဲ့ အမြင်တွေကို စုစည်းရေးသားပြီး စာပေစိစစ်ရေးကို တင်ပြလိုက်တယ်။ အားလုံးနီးပါးကို ပိတ်ပင်ပစ်တယ်။ ရွေးကောက်ပွဲဥပဒေ ထွက်လာတာ ကောင်းပါတယ်၊ ကြိုဆိုပါတယ် ဆိုတာမျိုး နည်းနည်းပါးပါးလောက်ပဲ ဖော်ပြခွင့်ရတယ်” ဟု ပြောသည်။

အခြားဂျာနယ်အယ်ဒီတာတဦးက အဆိုပါဥပဒေများနှင့် ပတ်သက်သည့် ဆောင်းပါးများနှင့် တွေ့ဆုံမေးမြန်းခန်းတို့ကို ဝေဝေဆာဆာ ရေးသားတင်ပြခဲ့သော်လည်း စိစစ်ရေးက ခွင့်မပြုကြောင်း၊ ယုတ်စွအဆုံး ဥပဒေတွင်ပါသည့် အချက်အချို့ ကောက်နုတ်ဖော်ပြခြင်းကိုပင် ပိတ်ပင်ခံရကြောင်း ပြောသည်။

ဝါရင့်သတင်းစာဆရာကြီးတဦးက “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဝေခွင့် ပေးရမယ်၊ လွတ်လပ်စွာ ရေးသားခွင့်ပေးရမယ်။ နိုင်ငံရေးပါတီတွေက လွတ်လပ်စွာ ရေးသားဖော်ပြပြီး ပြည်သူတွေကို စည်းရုံးမယ်၊ သတင်းစာဆရာတွေကလည်း ကော်မရှင်ကအစ၊ နိုင်ငံရေးပါတီတွေအဆုံး အားလုံးကို မှန်မှန်ကန်ကန် မျှမျှတတ ဝေဖန်သုံးသပ်နိုင်ရမယ်။ ဒီအခွင့်အရေးမရှိရင် နအဖစစ်အစိုးရက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး” ဟု ရှင်းပြသည်။

ယခု ရွေးကောက်ပွဲ ဥပဒေများ ထွက်လာပြီးချိန်အထိ စာပေစိစစ်ရေးဆိုင်ရာ မူဝါဒ လုပ်ထုံးလုပ်နည်းများ လုံးဝပြောင်းလဲခြင်း မရှိသည့်အပြင် ပိုမိုဆိုးရွားလာသည့်အတွက် စစ်အစိုးရက ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ လုံးဝမဖြစ်နိုင်ကြောင်း ဝေဖန်သုံးသပ်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရထုတ် သတင်းစာ (၃) စောင်သာရှိပြီး ပုဂ္ဂလိကများကို နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်မပေးဘဲ အပတ်စဉ်ထုတ် ဂျာနယ်များကိုလည်း အာဏာပိုင်တို့နှင့် နီးစပ်သူအချို့ကိုသာ ထုတ်ဝေခွင့်လိုင်စင် ပေးထားသည်။

လိုင်စင်ချထားပေးရာတွင် သတင်းစုံ၊ အနုပညာ၊ အားကစား၊ ကျန်းမာရေး၊ စသဖြင့် အမျိုးအစားခွဲခြားထားပြီး လိုင်စင်အမျိုးအစား ခေါင်းစဉ်အောက်၌ မပါသည့် သတင်း၊ သတင်းဆောင်းပါးများ ရေးသားဖော်ပြခွင့် မရှိပေ။

ဂျာနယ်ထုတ်ဝေမှုတွင်လည်း စာမူကို နှစ်ကြိမ်တင်ပြနိုင်ပြီး ဖြုတ်ပယ်ခိုင်းသမျှ ဖြုတ်ပယ်ရကာ ခွင့်ပြုချက် မပေးလိုသည်များကို သက်ဆိုင်ရာ ထောက်ခံချက် တောင်းဆိုသည့်အပြင် သတင်းအတော်များများကိုလည်း မျက်နှာဖုံးတွင် သုံးရန် ခွင့်မပြုဆိုသည့် မှတ်ချက်များ ပေးလေ့ရှိကြောင်း သိရသည်။

ဂျာနယ်တစောင်တွင် တပတ်လျှင် သတင်း၊ ဆောင်းပါးအပုဒ်ရေ (၁ဝ) မှ (၂ဝ) ကြား ပိတ်ပင်ခံရတတ်ပြီး ဂျာနယ်ပေါင်း ရာနှင့်ချီ ရှိသည့်အတွက် တပတ်ကို သတင်းအပုဒ်ပေါင်း ထောင်နှင့်ချီ ပိတ်ပင်ခံရကြောင်း၊ ဂျာနယ်မျက်နှာဖုံးကို သီးသန့် တင်ပြရပြီး စာပေစိစစ်ရေး အလိုကျ ဖြုတ်ပယ်၊ ပြင်ဆင် ပေးကြရကြောင်း သိရသည်။

ခွင့်ပြုချက်ရ၍ စက်တင်ပုံနှိပ်နေချိန်ကျမှ တခါတရံ အချို့သတင်းများကို ခွင့်မပြုနိုင်ကြောင်း တယ်လီဖုန်းဖြင့် အကြောင်းကြားခြင်းမျိုး ရှိသည့်အတွက် ဂျာနယ်ထုတ်ဝေသူများ သိန်းဆယ်နှင့်ချီ ငွေကြေး ဆုံးရှုံးရမှုများလည်း ရှိသည်။

မျိုးဝင်းဇော်/ ၁၆ မတ် ၂ဝ၁ဝ
ရင်းမြစ်။ ။ခေတ်ပြိုင်

ဘီးနံပါတ် OK 0122L

ကျမ တက္ကသိုလ်မှာ ပထမနှစ်စတက်တော့ အ.ထ.က ကျောင်းမှာ အတူတက်ခဲ့တာမဟုတ်တဲ့ သူငယ်ချင်း အသစ် တွေ ရပါတယ်။ အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ သူတွေပေါ့၊ အဲဒီအချိန်က ကျမကိုယ်တိုင်က ၁၇ - ၁၈ နှစ်တွေဆိုတော့ ဘာမှ လေးလေးနက်နက် မရှိပါဘူး၊ ဒါ ကြောင့် လေးလေးနက်နက် တွေးတတ်သူတွေဟာ ကျမတို့ အတွက် ထူးခြားနေတာပေါ့။ ကျမမှာ ထူးခြားတဲ့ သူငယ် ချင်းတယောက် ရှိခဲ့ဖူးပါတယ်၊ သူနာမည်က စိုင်းနေ၀င်းတဲ့၊ သူနဲ့ ကျမက ပရယ်တီကယ်လုပ်ရင် တဖွဲ့ထဲလုပ်ရတော့ ကျမတို့ ခင်နေပါတယ်။


သူက ကျမကို နောက်နောက်ပြောင်ပြောင် နာမည်တခု ပေး ထားပါတယ်၊ အဲဒါက ပိုးဟပ်ဖြူတဲ့၊ အကြောင်းကတော့ ကျမက ပရယ်တီကယ်လုပ်တိုင်း ချောင်တခုခုမှာ ခိုနေတတ်ပါတယ်။ သူတို့ အဖြေရမှ ကျမက လိုက်ကူးတတ်လို့ပါ၊ သူက ကျမတို့ထက် နည်းနည်းအသက် ပိုကြီးပါတယ်။ ဒါပေမဲ့ အသက်နဲ့မလိုက်အောင် အတွေးအခေါ် စာပေတွေကို ဖတ်တတ်ပါတယ်။ သူက ရှမ်းပြည်မှာနေပေမဲ့ ရန်ကုန်မှာပဲ ၁၀ တန်း ဖြေခဲ့တယ်။ ကျမတို့ အုပ်စုက ပရယ်တီကယ်ပြီးတာနဲ့ ကင်တင်းကို ပြေးတတ်ကြပါတယ်။ R.C (3) မှာ ကျောင်းထိပ်က ကင်တင်းက အမြဲ သီချင်းတွေ ဖွင့်တတ်တယ်၊ ဒါကြောင့် ကျမတို့က အမြဲတမ်း ကျောင်းထိပ်က ကင်တင်းမှာပဲ ထိုင်လေ့ရှိပါတယ်။

ကင်တင်းက သီချင်းအစုံဖွင့်ပေမဲ့ တခါတလေ စိုင်းထီးဆိုင် သီးချင်းကိုလဲ ဖွင့်ပါတယ်။ အောင်မြင်မှု သက်တမ်းအရှည်ဆုံး အဆိုတော် တွေထဲမှာ စိုင်းထီးဆိုင်လဲ ပါတယ်လေ၊ ဒါကြောင့် ကျမတို့ ငယ်ငယ်လေးထဲကစပေါ်ခဲ့တာဖြစ်ပေမဲ့ ကြီးတဲ့အထိလဲကြိုက်နေရသေး တာပေါ့ ကျမရဲ့ သူငယ်ချင်းစိုင်းနေ၀င်းက အမြဲလိုလို ထီးဆိုင်သီချင်းတွေကို တောင်းဆိုတတ်ပါတယ်။ ပြီးရင် သူဆက်ပြောနေကြ စ ကားက ထီးဆိုင်ရဲ့သီချင်းတွေက အဓိပ္ပါယ်တွေ အများကြီးရှိနေတဲ့အပြင် သူ့ရဲ့ နူးညံ့ချိုသာတဲ့အသံနဲ့ ခပ်ဝဲ၀ဲလေးဆိုဟန်က ဘယ် သူနဲ့မှမတူဘူးတဲ့ အဲဒါကို ကျမတို့လဲ ထောက်ခံကြပါတယ်။

အဲဒီဆိုင်မှာ စိုင်းထီးဆိုင် လက်ရွေးစင်သီချင်းခွေရှိတယ်၊ သူတို့စိတ်ကြိုက် ရွေးကူးထားတဲ့ သီချင်းခွေပေါ့၊ အဲဒီထဲမှာ ငွေတောင်တန်း အတွက် သီချင်းတပုဒ်ဆိုတာရှိတယ်။ “၁၀ နှစ် နီးပါး စောင့်ခဲ့ရပြီးမှ ဒီအချိန်မှာ တညဖြစ်ဖြစ် နှစ်သိမ့်ဆုလေးလောက်တော့ တသက် လုံးမခွဲကြခင် ကြင်နာခွင့် ရသင့်တယ်” ဒီစာသားရဲ့ အဓိပ္ပါယ်ကို နင်တို့သိလားလို့ စိုင်းနေ၀င်းက မေးခဲ့ဖူးပါတယ်။ ကျမတို့က မ သိဘူးလို့ဖြေတော့ သူပြောပြချင်တယ်တဲ့၊ နင်တို့က ပြည်မကလူတွေဆိုတော့ ပြည်နယ်ကလူတွေရဲ့ ခံစားချက်ကို အများကြီးမသိနိုင် ဘူးတဲ့၊ သူ ပြောပြတာက “တကယ်တော့ ဗမာပြည်ကြီးက အင်္ဂလိပ်တွေရဲ့ ကျွန်အဖြစ်နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ရတယ်။

ကိုယ်လိုနီဘ၀မှာ ပြည်နယ်၊ ပြည်မ သွေးခွဲ အုပ်ချုပ်တာကို ခံခဲ့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာလဲ အင်္ဂလိပ်ကျွန်အဖြစ် မနေ နိုင်တဲ့ လူတွေရှိတယ်။ ဒီတော့ အင်္ဂလိပ်ကို တော်လှန်ခဲ့တယ်။ ပထမတော့ သီးခြားစီပေါ့ဟာ၊ ငါတို့ ရှမ်းတွေမှာ သမိုင်းမတွင်ခဲ့ပေမဲ့ အင်္ဂလိပ်ကိုတော်လှန်လို့ အင်္ဂလိပ်က ခေါင်းဖြတ်သတ်တာကို ခံခဲ့ရတဲ့အာဇာနည်တွေ အတော်များများရှိခဲ့တယ်။ နောက်တော့ ငါတို့ တွေ တဖြည်းဖြည်း နားလည်လာတာက အားလုံးစုပေါင်းတော်လှန်မှ ဖြစ်မယ်ဆိုတာကိုပဲ။ ဒါကြောင့် အားလုံး တစုတစည်းတည်း တော်လှန် ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ လူတွေသိန်းပေါင်းများစွာ သေကုန်ကြတော့ ငါတို့တွေက စစ်ဖြစ်ရမှာကို ကြောက်လာတယ်။ အင်္ဂလိပ် တွေကလည်း နားလည်တယ်။ ပြည်နယ်နဲ့ ပြည်မပေါင်းရင် အင်အားကြီးလာမှာကြောက်တော့ ပြည်နယ်နဲ့ ပြည်မကိုခွဲဖို့ ကြိုးစားခဲ့ ကြတယ်။ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်းကြီးသိထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ညှိုနှိုင်းပြီး ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ချုပ်ခဲ့တယ်။

ဒါပေမဲ့ ဒို့တွေသင်ရတဲ့သမိုင်းစာအုပ်မှာ ပင်လုံစာချုပ်ရဲ့အကြောင်းကို စုံစုံလင်လင်မသင်ခဲ့ရဘူး၊ ဒီတော့ နင်တို့မသိတဲ့အကြောင်းတွေ ပါတယ်။ ငါကသိတယ်ဆိုတာက ငါ့အဖိုးအဖွါးတွေ ငါ့မိဘတွေက တော်လှန်ရေးအဆက်ဆက်မှာ ပါဝင်ခဲ့ဘူးတယ်တဲ့၊ သူဆက်ပြောပြ တာက “ပင်လုံစာချုပ်မှာ မြန်မာပြည်ကြီးကို ဖယ်ဒရယ်မူနဲ့ ၁၀ နှစ်အုပ်ချုပ်မယ်၊ ဒါကိုမှ မကြိုက်ဖူးဆိုရင် ၁၀ နှစ်စောင့်ကြပြီးရင် ကိုယ် ပိုင်အုပ်ချုပ်ခွင့် ပြုမယ်တဲ့။” အဲဒီအချိန်က ကျမတို့ကိုယ်တိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ခွဲထွက်ခွင့်ကိုသေချာနားမလည်ခဲ့ပါဘူး၊ သမိုင်း တွေမှာ သင်ရတာက တိုင်းရင်းသားတွေ ခွဲထွက်ခွင့်တောင်းလို့ စစ်တပ်က အာဏာသိမ်းခဲ့တယ်လို့ ဆိုတာကိုး။

ဒါကို စိုင်းနေ၀င်းက ကျမတို့ကို သေချာရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်ပိုင်းမှာတက်ခဲ့တဲ့ အစိုး ရတွေက ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကို မတည်ထောင်နိုင်ခဲ့ပါဘူး၊ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုတွေကများတော့ ဖယ်ဒရယ်မကျတကျ နိုင်ငံအဖြစ်နဲ့ပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တချို့တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းခဲ့ပေမဲ့၊ ရှမ်းအမျိုးသားတွေက ဦး ဆောင်ပြီး ဖယ်ဒရယ်နိုင်ငံစစ်စစ်ဖြစ်ရေးကို တောင်းဆိုကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၅၈ ခုနှစ်မှာ အချောင်သမား ဗိုလ်နေ၀င်းက အာဏာလွှဲ ပြောင်းယူခဲ့ပါတယ်။

ဗိုလ်နေ၀င်း အာဏာလွှဲပြောင်းယူပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားတွေက ခွဲထွက်ခွင့်တောင်းဆိုတယ်ဆိုပြီး အပြင်းအထန် နှိပ်ကွပ်ခဲ့ ပါတယ်။ အာဏာရဲ့အသုံးဝင်မှုကို ကောင်းကောင်းခံစားဖူးသွားတဲ့ ဗိုလ်နေ၀င်းက တိုးမဲ့စစ် နောက်တလှမ်းဆုတ်တဲ့သဘောနဲ့ ၁၉၆၀ ခုနှစ်မှာ အနိုင်ရပါတီကို အာဏာအပ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာ အာဏာရအစိုးရဟာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ထက်ကို တ နိုင်ငံလုံးမှာဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ကိုတောင် ရပ်တန့်အောင်မလုပ်နိုင်တော့ပါဘူး။ အဲဒီလိုဖြစ်ပျက်နေခဲ့တာဟာ အချောင်သမားအ တွက်တော့ အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့အခြေအနေကို လက်ညှိုးထိုးပြပြီး၊ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ဒီတော့ရှမ်းတိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက် နဲ့ကြိုးစားမှုဟာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းရဲ့နောက်ကွယ်မှာ လုံးဝပြိုကွဲပျက်စီးသွားခဲ့တယ်တဲ့။ အဲဒီသီချင်းနဲ့ ဆက်စပ်လို့ရခဲ့တဲ့ သီ ချင်းက “ဘီးနံပါတ် OK 0122L” ၊ စိုင်းနေ၀င်းကပြောခဲ့တာက အတည့်စီလိုက်ရင် LOOK 12.2 တဲ့လေ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ် ဆိုတဲ့နေ့ကို သတိရကြပါတဲ့။ သူပြောတော့မှ စိုင်းထီးဆိုင်ရဲ့ ရှမ်းသံဝဲ၀ဲနဲ့ဆိုထားတဲ့ သီချင်းဟာ ပိုနားထောင်လို့ ကောင်းလာပါတယ်။ ပြောပြခဲ့တဲ့ စိုင်းနေ၀င်းကိုလဲ ကျမတို့ ငေးမောနေခဲ့မိကြပါတယ်။

တိုင်းပြည်တပြည်မှာရှိနေတဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ အမှန်တကယ်လိုအပ်ပါလား ဆိုတာကို ပိုပြီးနားလည်လက်ခံမိပါ တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်ဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းလာပါတယ်။ တိုင်းရင်းသားတိုင်းလိုလိုမှာ အာ ဏာရှင်ကို ပုန်ကန်တဲ့အဖွဲ့တွေ ရှိနေခဲ့ပြီး၊ ပြည်မကြီးမှာလဲ စစ်အာဏာရှင်ကို လစ်ရင်လစ်သလိုဆန့်ကျင်ခဲ့တဲ့ လူတွေအတော်များများ ရှိနေခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့အလုပ်ကလည်း ဆန့်ကျင်သူတွေနဲ့ စေ့စပ်ညှိုနှိုင်းတာမျိုးမလုပ်ပဲနဲ့၊ တိုက်မယ် သတ်မယ်ဆိုတဲ့ ၀ါဒနဲ့ အုပ်ချုပ်လာခဲ့တာ မြန်မာပြည်လဲအတော်ကို မွဲတေ စုတ်ပြတ်နေခဲ့ပါတယ်။

စစ်တပ်ကလည်း တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အမြဲတစေ ပစ်ခတ်တိုကခိုက်နေခဲ့ကြပါတယ်။

တိုက်ပွဲတိုင်းမှာ ဟိုဘက်ဒီဘက် အကျအရှုံးရှိခဲ့ကြပါတယ်။ ဒီအချိန်မှာ စိုင်းခမ်းလိတ်က “အိပ်စက်အနားယူပြီိ” ဆိုတဲ့ သီချင်းကိုရေးဖွဲ့ ခဲ့ပါတယ်။

“ချယ်ရီပင်အောက် နောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ရယ်
မလာနိုင်တော့တယ် ကြင်သူသက်ထား သားသမီး ငယ်
ဘယ်လိုရှိမယ် မြင်ခြင်သေးလဲ အချစ်ရေးထက်
ပြည်ရေးရာက ပိုခက်တော့ကွယ် အိပ်စက်အနားယူပြီ”

စိုင်းနေ၀င်းပြောပြခဲ့တာကတော့ S.S.A တယောက်ဖြစ်ချင်လဲ ဖြစ်မယ်၊ အစိုးရစစ်တပ်မှာပါခဲ့တဲ့ ရဲဘော်တဦးလဲဖြစ်ချင်လဲဖြစ်မယ်။ သူ ဟာ သူ့မိသားစုကို နှုတ်ဆက်ဖို့ မဖြစ်နိုင်တော့ဘူး၊ လောကကြီးကို ထာဝရနှုတ်ဆက်သွားခဲ့ပြီ၊ ဇနီးလဲခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီ၊ သား သမီးတွေလဲ သူတို့အဖေကိုသေမင်းလက်ထဲအပ်လိုက်ရပြီ၊ ဒါပေမဲ့ နှုတ်တောင်မဆက်လိုက်ရဘူးတဲ့။ အဆိုတော်ရဲ့အသံသာသာလေး အောက်မှာ နင့်နင့်နဲနဲ ခံစားမိလိုက်ပါတယ်။

လူမလာ စာမပါး သတင်းမကြားတာ ရက်လများရယ်
မရေနိုင်တော့တယ် အိမ်ပြန်မယ့်လမ်း ငြိမ်းချမ်းရင်
ရွှေလက်တွဲမယ် ရည်ရွယ်ရင်းနဲ့ စောင့်မျှော်သူ
ဒီအဖြစ်မှန်ကို ဘယ်သိလိမ့်မလဲ အိပ်စက်အနားယူပြီတဲ့

အိမ်ပြန်ရမဲ့လမ်းမှာ ငြိမ်းချမ်းချင်နေကြတဲ့ စစ်ကို တကယ်ရင်ဆိုင်ခဲ့ရသူတွေရဲ့ ဆန္ဒပါ။ ဘယ်သူမှ စစ်ကိုမကြိုက်နိုင်ပါဘူး၊ အထူးသဖြင့် ကိုယ်တိုင်စစ်မြေပြင်ကို ရင်ဆိုင်နေရသူတွေပေါ့။ အားမငယ်ပါနဲ့တဲ့ စစ်ပွဲကိုဖန်တီးနေတဲ့ အာဏာရှင်က မသနားပေမဲ့ မြတ်စွာဘုရား ကတော့သူတို့ကိုသနားလို့ နောင်ဘ၀ကျရင်ပြန်ဆုံခိုင်းမတဲ့လေ။ နားထောင်နေရင်းနဲ့ ပြည်တွင်းစစ်ရဲ့ဆိုးဝါးမှုတွေကို ပိုမြင်လာရတယ် ကျမတို့လို မြို့ပေါ်နေသူတွေအဖို့ စစ်ဆိုတာကြားဖူးပေမဲ့ မမြင်ဖူးခဲ့ဘူးလေ၊ ဒီသီချင်းကို နားထောင်ရင်းနဲ့ စစ်ဆိုတာ ချစ်သူခင်သူတွေ ကိုကွဲကွာစေတယ်၊ စစ်ကြီးက ချစ်သူခင်သူတွေကို ခွဲခွါပစ်လိုက်တယ်ဆိုတဲ့ အသိကိုပေးခဲ့ပါတယ်။

အခုအချိန်မှာ ကျမ ပြန်စဉ်းစားမိပါတယ်။ ကျမတို့ တိုင်းပြည်ကြီးက မိုင်းဗုံးကြီးတလုံးနဲ့ တူနေတယ်၊ တိုင်းရင်းသားတွေရဲ့ သဘော တူညီမှုမပါပဲနဲ့ အာဏာတခုတည်းနဲ့ ညီညွတ်မှုကိုတည်ဆောက်နေတယ်၊ ပြည်တွင်းစစ်မီးဟာ အချိန်မရွေး တောက်လောင်နိုင်တယ်၊ ကျမတို့ တိုင်းပြည်အတွက် အရေးတကြီးလိုအပ်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းရင်းသား တွေအား လုံးကို စည်းရုံးနိုင်ခဲ့သလိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ စည်းရုံးနိုင်မယ်လို့ ကျမ ယုံပါတယ်၊ ဒါပေမဲ့ အခုထိတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ကြိုးစားခွင့်မပေးခဲ့ပါဘူး၊

ကျမရဲ့အတွေးကို ကျယ်ပြန့်စေခဲ့တဲ့ ကျမ သူငယ်ချင်းဟာ ၁၉၈၈ ခု အရေးအခင်းအပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ သူကျောင်းပြန်မ တက်တော့ပါဘူး၊ ပြန်မလာနိုင်သူတွေထဲမှာ သူပါနေပါတယ်၊ သူ ဘယ်ရောက်သွားလဲဆိုတာကို ကျမတို့ တိတိကျကျ မသိကြရပေမဲ့ သူပြောငါပြောနဲ့ S.S.A ထဲဝင်သွားသလိုလို၊ ဘာလိုလိုနဲ့ ရိုးတိုးရိပ်တိတ် ပြောနေကြပါတယ်။ တချို့ကတော့ သူကိုယ်တိုင် S.S.A ယူ ဂျီလိုလို ဘာလိုလိုနဲ့လဲပြောကြပါတယ်၊ ဘယ်လိုပဲဖြစ်နေနေ သူက ကျမကို အတွေးသစ်တွေတော့ ပေးသွားနိုင်ခဲ့ပါတယ်၊ တိုင်း ရင်းသားတွေ စည်းလုံးညီညွတ်စွာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ဖွဲ့စည်းတည်ထောင်တဲ့ ပြည်ထောင်စုကို ဗိုလ်ချုပ်က ပေး ချင်ခဲ့သလို ကျမတို့လဲ လိုချင်နေကြဆဲပါ။

ခင်ငြိမ်းသစ်

Photo by..http://fineartamerica.com/featured/cherry-blossom-tree--red-yellow-patricia-awapara.html
ရင်းမြစ်။ ။နေ့သစ်

ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး

ဦးဝင်တင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)
မတ် ၁၅၊ ၂၀၁၀
“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး”
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ စီအီးစီ အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ စီအီးစီ အဖွဲ့တင်မက တနိုင်ငံလုံးမှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင် စီစီတွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြခြင်းတွေလုပ်ပြီးမှ အားလုံး လျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းတင်က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။
          မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ်တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့်သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါတယ်။ ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက်ပေးလိုက်ပါတယ်။
ဗွီအိုအေ။  ။ လာမယ့်မတ်လ ၂၉ ရက်နေ့အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော်လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။ သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။ ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိလောက်အောင် လုပ်တာ။ ကျနော့်သဘောက ဘာလဲဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအသုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘောခံယူချက်။ အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော်ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်းမရှိတဲ့လူလိုပဲဖြစ်မှာပဲ လို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။
ဗွီအိုအေ။  ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။
ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီးတော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။
ဗွီအိုအေ။  ။ အဲတော့ ဆရာ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။
ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံမတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ်ပုံမတင်ချင်တဲ့သူက နည်းနည်းပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊ ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အကျင့်တွေကိုတော့ ထည့်မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။ အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံနိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။
ဗွီအိုအေ။  ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူးထားပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ်ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံနိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံနိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။ သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူးဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီး တက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သဘောထားတွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။ 
 
ရင်းမြစ်။ ။မိုးမခ

ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး NLD ဗဟိုကော်မတီ ဆွေးနွေးမည်

ချင်းမိုင် (မဇ္ဈိမ)။     ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေး၊ မတင်ရေး ဆုံးဖြတ်ရန် ယခုလ ၂၉ ရက်နေ့တွင် ဗဟိုဦးစီး (CC) အဖွဲ့ဝင်များကို ရန်ကုန်ဌာနချုပ်သို့ ခေါ်ယူထားသည်ဟု NLD က ပြောသည်။

ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင် CEC အဖွဲ့ဝင်များက အပတ်စဉ် ပါတီအစည်းအဝေး တရပ်ကို ဗဟန်းမြို့နယ်ရှိ ပါတီရုံးချုပ်၌ ယနေ့ ကျင်းပကာ ထိုသို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း CEC အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။

“မှတ်ပုံဆက်တင်မလား၊ ရွေးကောက်ပွဲ ဝင်မလား ဆွေးနွေးကြတယ်။ ဆုံးဖြတ်ချက်တော့ မချဘူး။ ကျနော်တို့ CC ကော်မတီဝင်တွေကို ခေါ်ထားပါတယ်။ အဲဒီကနေမှ ဆုံးဖြတ်ကြမယ်” ဟု  သူက မဇ္ဈိမကို ပြောသည်။

ကျန်းမာရေးကြောင့် NLD ရုံးသို့  အနည်းဆုံး ၆ လခန့် မလာနိုင်ခဲ့သော ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေသည်လည်း ယနေ့  နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ယခင်လအတွင်းက NLD တိုင်းနှင့် ပြည်နယ်အသီးသီးမှ တင်သွင်းလာသော CC လျာထားစာရင်းများမှ CC အဖွဲ့ဝင် ၁ဝ၈ ဦးကို ရွေးချယ်အတည်ပြုနိုင်ခဲ့သည်။ ယင်းစာရင်းတွင် လက်ရှိထောင်ကျနေသော နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်နေသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောင်ကျနေသည့် နိုင်ငံရေး အကျဉ်းသားများသည် မည်သည့်ပါတီဝင်မျှ မဖြစ်နိုင်တော့သဖြင့် NLD သည် “စိန်ခေါ်မှု” တခုနှင့် ရင်ဆိုင်နေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က ပြောဆိုခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်း နဝတ စစ်အစိုးရ လက်ထက်က ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခဲ့သည့် ပါတီများအနေဖြင့် ဆက်လက်ရှင်သန်လိုလျှင် နအဖ ၏ လတ်တလော ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသစ်အရ ရက်ပေါင်း ၆ဝ အတွင်း ပြန်လည်လျှောက်ထားရမည်။

သို့မဟုတ်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် “ပျက်ပြယ်” သွားမည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း ၅၊ ပုဒ်မ ၂၅ ၌ ဖော်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ဖနိဒါ