Tuesday, March 16, 2010

တဖက်သတ်ဆန်သော၊ ချုပ်ချယ်သော ဥပဒေ

နယူးဒေလီ (မဇ္ဈိမ) ။     ။ စစ်အစိုးရ ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေအပေါ် အားရကျေနပ်မှု မရှိဘဲ တဖက်သတ်ဆန်သော၊ အချုပ်အချယ် များလွန်းကြောင်း ရှမ်းတိုင်းရင်းသား ခေါင်းဆောင်နှစ်ဦးက ယနေ့ ပြောဆိုသည်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ထိုဥပဒေသည် တဖက်သတ်ဆန်ကြောင်းနှင့် ပါတီမှတ်ပုံတင်ရေး မတင်ရေး ဆုံးဖြတ်ရန် အကျဉ်းကျခံ ပါတီခေါင်းဆောင်နှစ်ဦး လွှတ်ပေးစေလိုကြောင်း ပြောသည်။

ဝါရင့် ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်းကလည်း ယခု ရွေးကောက်ပွဲ ဥပဒေတွင် အချုပ်အချယ် များလွန်းကြောင်း ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲ ဝင်မည်ဆိုပါက ပြည်ထောင်စု ဒီမိုကရေစီပါတီအမည်ဖြင့် ဝင်ရောက်မည်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးထံမှ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေအပေါ် အမြင်၊ တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်နှင့် အလားအလာ အခြေအနေများကို သိရှိနိုင်ရန် မဇ္ဈိမသတင်းထောက် မြင့်မောင်က ဆက်သွယ်မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

(SNLD သည့် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရပါတီဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၂၃ ရွေးချယ်ခံရပြီး စစ်အစိုးရက ဖျက်သိမ်းခဲ့သည့် ပါတီဖြစ်သည်။ ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် အတွင်းရေးမှူး စိုင်းညွန့်လွင်ုအပါအဝင် CEC အဖွဲ့ဝင်များသည် အကျဉ်းထောင်များထဲတွင် နှစ်ရှည် ထောင်ဒဏ်များ ကျခံနေရသည်။)


ဦးစိုင်းလိတ်
(ပြောခွင့်ရပုဂ္ဂိုလ်)
ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် - SNLD

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေအပေါ်မှာ ဘယ်လိုမျိုး သုံးသပ်မိပါသလဲခင်ဗျ။

''၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို  အခြေခံပြီး ပေါ်ပေါက်လာမယ့်၊ ပြုလုပ်သွားမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲပေါ့နော်၊  အဲဒီဟာကို ကျနော်တို့က   ညီလာခံကို မတက်ခံဘူး။ ဆန္ဒခံယူပွဲတုန်းကလည်း ပြည်သူတွေရဲ့ ဆန္ဒကို တရားနည်းလမ်းတကျ ရယူထားတယ်လို့ မယုံကြည်တဲ့အတွက်မို့လို့ ၂ဝ၁ဝ ခုနှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို တစုံတရာ ပါဝင်ပတ်သက်မှုကို မစဉ်းစားသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့  ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးကိုယ်တိုင်က အကျဉ်းထောင်ထဲမှာ ရောက်နေတယ်။ ကျနော်တို့ခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို လွှတ်ပေးပြီးတော့ တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်။ အဲဒီနောက်ပိုင်းကျမှာ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်သင့် မဝင်သင့်၊ ပါတီမှတ်ပုံတင်သင့် မတင်သင့်ကို ဆက်ပြီးတော့ စဉ်းစားမှာ ဖြစ်ပါတယ်။ လောလောဆယ် အဲဒီကိစ္စတွေကို မစဉ်းစားသေးပါဘူး''

မေး။ ၂ဝ၁ဝ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေထဲမှာပါတဲ့ ပုဒ်မတွေထဲက ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ ပါတီအနေနဲ့ ဘယ်လို မြင်ပါသလဲ။

''အဲဒီ ဥပဒေတွေနဲ့ ပတ်သက်ပြီး တဖက်သတ်ဆန်တဲ့ ဥပဒေပြဋ္ဌာန်းချက်တွေဖြစ်တဲ့ အတွက်ကြောင့်မိုလို့ တရားနည်းလမ်း မကျဘူး။ မလွတ်လပ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။ နိုင်ငံရေးမှတ်ပုံတင်ခြင်းမှာ နိုင်ငံရေးပါတီ ထူထောင်တယ်ဆိုတာက အဲဒီ ပါတီထူထောင်တဲ့ လူရဲ့ သဘောဆန္ဒနဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိရမယ်။ ဘယ်သူကို ပါတီဝင်အဖြစ် လက်ခံမယ်၊ ဘယ်သူကို ဥက္ကဋ္ဌအဖြစ် လက်ခံမယ်၊ တင်မြှောက်မယ် စသဖြင့် ဒီကိစ္စတွေက ပါတီထူထောင်မယ့် ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်။ တခြား အာဏာပိုင် အဖွဲ့အစည်းသော်လည်းကောင်း၊ တခြား ပုဂ္ဂိုလ်ကသော်လည်းကောင်း၊ အမိန့်ပေး စေခိုင်းသတ်မှတ်လို့ မရဘူး။ ဒါကြောင့်မို့ အဲဒီလိုမျိုး ကန့်သတ်ချက်ပါတဲ့ ဥပဒေမျိုးကို ကျနော်တို့က လက်မခံနိုင်ပါဘူး''

''ဒီဟာကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ၁၉၇၄ ဥပဒေပဲဖြစ်ဖြစ်၊ ၁၉၄၇ ဥပဒေပဲဖြစ်ဖြစ် ရွေးကောက်ခံပိုင်ခွင့် မရှိဘူးဆိုရင်တောင်မှပဲ၊ သူ့အနေနဲ့ မဲထည့်ခွင့်၊ ပါတီဝင်ခွင့် ရှိရမယ်။ အခုကျတော့ ပါတီဝင်ခွင့်လည်း မရှိဘူး၊ ရွေးကောက်ခံပိုင်ခွင့်လည်း မရှိဘူးဆိုတော့ ဒီဟာကို ကျနော်တို့ လက်မခံနိုင်ပါဘူး''


ဦးရွှေအုန်း
ပြည်ထောင်စု ဒီမိုကရေစီပါတီ

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေမှာ တိုင်းရင်းသားလူမျိုးတွေအနေနဲ့  ဘယ်လို ရပိုင်ခွင့်တွေ ရရှိလာမလဲ၊ ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်မလဲ။

''တိုင်းရင်းသားနဲ့ ပတ်သက်ရင် တော်တော်လေးကို နည်းတဲ့ သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံးကတော့ တိုင်းနဲ့ ပြည်နယ် ပါကတည်းက မကြိုက်တာ။ ပြည်ထောင်စုကို တိုင်းနဲ့ ပြည်နယ် လုပ်ထားတာ။ ပြည်နယ်လွှတ်တော်တွေမှာ ပေးထားတဲ့ အခွင့်အရေးတွေက သိပ်ပြီးတော့ ဘာမှ ရှိတာမှ မဟုတ်တာ။ အကျဉ်းအမြောင်းလေးတွေ၊ အရေးကြီးတဲ့ ဟာတွေက ပြည်ထောင်စု လွှတ်တော်က ကိုင်ထားတာ။ ပြည်ထောင်စု လွှတ်တော်မှာ ပြည်နယ်က ကိုယ်စားပြုတဲ့ လူတွေက ပါသင့်သလောက် ပါတာတော့ ရှိတယ်။ တပ်မတော်က ဘယ်လိုရွေးမယ်၊ ဘယ်လိုလုပ်မယ်ဆိုတာကို ရွေးထုတ်လိုက်တဲ့ အခါကျတော့ ပြည်နယ်ကို ကိုယ်စားပြုမယ့်သူ၊ တကယ့်ကို ဦးဆောင်နိုင်မယ့်သူက တကယ့်ကို နည်းနည်းလေးပဲ ရှိတော့တာ။ ဒီအခြေခံဥပဒေအရ ဆိုလို့ရှိရင် ပြည်နယ်က ကိုယ်စားလှယ်တွေက လုပ်ပိုင်ခွင့် မရှိသလောက်နည်းသွားပြီ''

မေး။ ၂ဝ၁ဝ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ နဲ့ ပုဒ်မ ၁ဝ မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။
''နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေက အပေါက်ကလေး နည်းနည်းလေးပဲ ဖွင့်ပေးထားတယ်။ ဥပဒေတွေက အချုပ်အချယ် များလွန်းတယ်။ သူတို့ ထုတ်ထားတဲ့ ဥပဒေထဲမှာ အကျဉ်းကျနေတဲ့သူတွေ မပါရဘူးဆိုတာက အခုအဖမ်းခံနေရတဲ့ သူတွေထဲမှာ ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေ ရှိသလို နိုင်ငံရေးကြောင့် အဖမ်းခံရတဲ့သူတွေ ရှိတယ်။  နိုင်ငံရေးလှုပ်ရှားလို့  အဖမ်းခံရသူတွေဆိုရင်  ရွေးကောက်ပွဲမှာပါဝင်၊ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိရမယ်''

''အရင်တုန်းက ရွေးကောက်ပွဲတွေကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေချည်းပဲ။  ဒီမိုကရေစီ နည်းလမ်းကျတယ်။  လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ရှိပြီး မျှမျှတတဖြစ်သွားတဲ့ ရွေးကောက်ပွဲလို့ ယူဆလို့ရတယ်။ ၁၉၉ဝ ရွေးကောက်ပွဲကျတော့ ဒါက ပိုပြီးတော့ လွတ်လပ်တယ်။ မြန်မာပြည်ထဲမှာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့လည်း ပြောလို့ရသလို၊ ကမ္ဘာကလည်း လွတ်လပ်တဲ့ ရွေးကောက်ပွဲလို့ လက်ခံထားတယ်။ ဒါပေမဲ့ အဲဒီရွေးကောက်ပွဲက အကောင်အထည်မှ ပေါ်မလာဘူး။ ဟိုအရင်တုန်းက ရွေးကောက်ပွဲတွေက ချို့ယွင်းချက်တွေ နည်းနည်းပါးပါး ရှိခဲ့တယ်။ အဲဒီ ရွေးကောက်ပွဲတွေတောင်မှ ရွေးကောက်ပွဲပြီးရင် ဆက်လက်သွားလို့ ရသေးတယ်။ ၉ဝ ခုနှစ်ကျတော့ ရွေးကောက်ပွဲရလဒ်က တခြား၊ ဖြစ်လာတာက တခြား။ အခုဟာကလည်း ကျနော်တို့ ဘာဖြစ်လာမယ်ဆိုတာ မသိသေးဘူး''

''အင်္ဂလိပ်ခေတ်တုန်းက ရှိတာက ဒီလိုလေ။ ရာဇဝတ်မှုနဲ့ အရေးယူခံထားရတဲ့သူ ဖြစ်ရင်တော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိဘူး။ ဆိုလိုတာက ရာဇဝတ်မှုနဲ့ အရေးယူခံရတဲ့သူဖြစ်ရင် ရိုသေထိုက်သော ပုဂ္ဂိုလ်မဟုတ်ဘူး။ နိုင်ငံရေး သိက္ခာမရှိတဲ့ အတွက်ဆိုပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လို့ မရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ရှိတယ်။ နိုင်ငံရေးသမားဖြစ်လို့ ရွေးကောက်ပွဲ မဝင်ရဘူးဆိုတာ မရှိပါဘူး။ နိုင်ငံရေး ပုဒ်မအရ အထိန်းသိမ်းခံရတဲ့ ပုဂ္ဂိုလ်က အကျင့်စာရိတ္တပျက်လို့ အဖမ်းခံရတာ မဟုတ်ဘူး။ နိုင်ငံရေးလုပ်ခြင်းနဲ့ အစိုးရက မကြိုက်လို့ အဖမ်းခံရတဲ့ သူတွေကိုတော့ ရွေးကောက်ပွဲ ဝင်ခွင့်ရတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေမှာက ရွေးကောက်ပွဲဝင်ဖို့ မပြောနဲ့ ပါတီဝင်တောင် မဖြစ်ရဘူးဆိုတာတွေ ပါတယ်''

မေး။ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ။

''ရွေးကောက်ပွဲ ဥပဒေ ထွက်လာတော့ အရင်တုန်းက ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေတောင်မှ နည်းနည်း တုံ့ဆိုင်းတုံ့ဆိုင်း ဖြစ်လာတယ်။ သူတို့ ဥပဒေတွေက အချုပ်အချယ် များလွန်းတယ်။ ဒီအတိုင်းဆိုရင် ဆက်လုပ်လို့ မရဘူးဖို့ ပြောနေကြတယ်။ အဲဒီပုဂ္ဂိုလ်တွေကို ကျနော် မေးကြည့်တယ်။ ကိုယ်ယူတဲ့ မိန်းမက ကပ္ပလီ မိန်းမကို ယူထားတယ်၊ မွေးလာတော့ ဖြူဖြူချောချောတော့ ဖြစ်မလာနိုင်ဘူး။ ကပ္ပလီမနဲ့ မွေးလာတဲ့ ကလေးကလည်း မည်းမည်းလေးပဲ မွေးလာမယ်။ ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေဆိုတာလည်း ပြောရမယ်ဆိုရင်လည် ကမ္ဘာမှာ အလွန်ရှားတဲ့ ဥပဒေပါပဲ။ အဲဒီဥပဒေကို မှီပြီးတော့ ပေါ်လာတဲ့ နောက်ထပ် ရွေးကောက်ပွဲ ဥပဒေကလည်း အဲဒီအတိုင်းပဲ ဖြစ်လာမှာပါပဲ။ ကမ္ဘာက စံနမူနာထားထိုက်တဲ့ ဥပဒေ ဘယ်နည်းနဲ့မှ ဖြစ်မလာနိုင်ဘူး''

''၂ဝဝ၈ ခုနှစ် ဥပဒေက မကောင်းတဲ့ ဥပဒေဆိုရင် နောင်မှာလည်း ကောင်းလာနိုင်မယ့် အနေအထားမရှိဘူး။ မကောင်းလားဆိုပြီးတော့ မလုပ်ဘဲ နေလို့ရှိရင် ဘာမှမလုပ်ဘဲ နေရတော့မှာပဲ။ ကျနော်အမြင်ကတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊  မကောင်းသည်ဖြစ်စေ  အပေါက်ကလေး နည်းနည်းဖွင့်ရင် ဖွင့်သလောက် တိုးကြည့်ချင်တာပဲ။ မဝင်ဘဲနဲ့၊ မတိုးဘဲနဲ့ နေမယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်သလဲ။ ဒါကို မကြိုက်ဘူးဆိုပြီးတော့ တဖက်နိုင်ငံကို သွားနေနိုင်တဲ့ အနေအထားမရှိဘူး။ ပြည်တွင်မှာ နေပြီးတော့လည်း လက်နက်ကိုင်လမ်းစဉ် လုပ်ဖို့ဆိုတာလည်း အဲဒီလောက် သတ္တိမရှိဘူး။ ဘယ်လောက် ဖွင့်လာနိုင်မလဲ။ ဖွင့်လာသလောက် ကြိုးစားပြီး လုပ်ကြည့်မယ်။ လုပ်လို့ မရရင်လည်း ထိုင်နေရုံပဲ ရှိမယ်။ ကျနော့်အနေနဲ့  ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပြည်ထောင်စု ဒီမိုကရေစီပါတီအနေနဲ့ ဝင်မယ်''             

0 comments:

Post a Comment