Friday, February 19, 2010

ရန်ကုန်ကျောင်းတချို့ ဦးတေဇတို့ ရမည်


မကြာမီ ခွင့်ပြုတော့မည့် ပုဂ္ဂလိကကျောင်း တည်ထောင်ရေး လုပ်ငန်းများတွင် စစ်အစိုးရနှင့် နီးစပ်သည့်  ဦးတေဇ၊ ဦးဇော်ဇော် စသည့် လုပ်ငန်း ရှင်ကြီးများ အခွင့်အရေး ရကြမည် ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်မည်ဟု သတင်းထွက်နေသည့် ရန်ကုန်မြို့မှ ဒဂုံမြို့နယ် အမှတ် - ၁ အထက ကျောင်း (ဓာတ်ပုံ - yelwinoo.com)
ရန်ကုန်မှ နာမည်ကြီး ကျောင်းများ ဖြစ်ကြသည့်  ဒဂုံ ၁၊ လသာ ၁၊ အင်းစိန် ၂ စသည့် အခြေခံပညာ အထက်တန်းကျောင်း (အထက) များကို ပုဂ္ဂလိကပိုင် ပြုလုပ်ပြီး ထိုလုပ်ငန်း ရှင်များက လုပ်ကိုင် ကြမည်ဟု ပညာရေး အသိုင်း အ၀န်း သတင်း ရပ်ကွက်မှ ကြားသိရသည်။

ကျောင်းသား ရာပေါင်းများစွာ တပြိုင်နက် ပညာသင် ယူနိုင်သည့်  ထိုကျောင်းများကို ရရှိမည့် လုပ်ငန်းရှင်သည် ကျောင်းနေရာ ရှာဖွေခြင်း၊ ကျောင်း အဆောက် အအုံ တည်ဆောက် ခြင်းတို့ကို လုပ်ဆောင်ရန် မလိုတော့ပေ။

နာမည်ကျော် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ နှင့် လုပ်ငန်းရှင်ကြီးများ လုပ်ပိုင်ခွင့် ရကြမည့် ထိုကျောင်းများမှာ ကိုလိုနီခေတ် သာသနာပြု ကျောင်းများကို နိုင်ငံပိုင် ကျောင်းများအဖြစ် အသွင် ပြောင်းထားခြင်း ဖြစ်သည်။

စစ်အစိုးရက နိုင်ငံပိုင် အဆောက်အဦးများအား ပုဂ္ဂလိကသို့ ရောင်းချမည်ဟု ကြေညာပြီး နောက်ပိုင်း စာသင်ကျောင်းတချို့ ပုဂ္ဂလိက လက်သို့ ရောက်ရှိမည့် သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ပုဂ္ဂလိက ကျောင်းများ ဖွင့်ခွင့်ပေးမည် ဆိုပါက  မြန်မာပြည် ပညာရေးသည် တနေရာတည်းမှ  ချုပ်ကိုင်ထားသည့် ပညာရေး မဟုတ်တော့ဘဲ လွတ်လပ်ခွင့်ရှိသည့် ပညာရေးဖြစ်လာနိုင်သည် ဟု ပညာရေး သုတေသီတဦးဖြစ်သူ ဒေါက်တာသိန်းလွင်က ပြောသည်။

“စီးပွားရေး လုပ်ငန်းရှင်တွေက အမြတ်ရှာဖို့ မဟုတ်ဘဲ လူငယ်တွေ အားလုံး ပါဝင်နိုင်တဲ့ ပညာရေးမျိုး ဖြစ်ဖို့ စဉ်းစားသင့်တယ်။ တာဝန်ရှိသူတွေကလည်း ကျောင်းသားတွေ အားလုံး အတွက် ပါဝင်နိုင်မယ့် ပညာရေးမျိုး ဖြစ်ဖို့ အဓိကထား လုပ်ပေးသင့်တယ်” ဟု  ချင်းမိုင်မြို့တွင် ပညာရေးလုပ်ငန်းများ လုပ်ကိုင်သူ ဒေါက်တာသိန်းလွင်က ရှင်းပြသည်။

ပုဂ္ဂလိကကျောင်း ပညာရေးတွင် ၀င်ရောက်လုပ်ကိုင်ရန် ကျူရှင်နှင့် ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်တချို့ကလည်း ပြင်ဆင်နေကြသည်။

ပုဂ္ဂလိက ကျောင်းများတွင် အစိုးရက ပြဌာန်းလာမည့် စံနှုန်းအတိုင်း သင်ကြားနိုင်ရန် ဆရာများကို သင်တန်းများ စီစဉ်နေပြီဟု ရန်ကုန်မြို့တွင် ပညာရေး ၀န်ဆောင်မှု ပေးနေသူတဦးက ဧရာဝတီကို ပြောသည်။

“ဆရာဆရာမတွေကို PhD ၊ MA ဘွဲ့ရတွေ ခေါ်တဲ့အတွက် လစာပေးရတာ  ပုံမှန်ထက် ပိုများသွားတယ်။ ဒီတော့ ကျနော်တို့ ဘက်ကလည်း ကျောင်းလခတွေ တိုးသတ်မှတ်တယ်။ စစ်အစိုးရ အနေနဲ့ ကလည်း ဒါကို ဘက်ညီဖို့ ဆိုပြီး  အစိုးရပိုင်ကျောင်းက ဆရာ၊ ဆရာမတွေကိုပါ လစာတွေ တိုးပေးတော့ မယ်ဆိုပြီး ပြောနေတယ်” ဟု ၎င်းက  ဆက်လက် ပြောပြသည်။

ပုဂ္ဂလိက ကျောင်းများတွင် သင်ရိုးညွှန်းတမ်း၊ ကျောင်းဝတ်စုံတို့မှာ အစိုးရကျောင်းများနည်းတူ ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

စာမေးပွဲ စစ်ဆေးရာတွင် ဒသမတန်း တခုတည်းသာ အစိုးရကျောင်းများ နည်းတူ စစ်ဆေးသွားမည်ဟု သိရသည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့်က စတင်ပြီး အခြေခံပညာ အထက်တန်း ကျောင်းသားများသည် ကျူရှင်များကို ပိုမို အားကိုးလာကြသည်။ ၂၀၀၇ နောက်ပိုင်းတွင် ငွေကြေး တတ်နိုင်သူတို့က ၎င်းတို့၏ သားသမီးများကို  ဘော်ဒါဆောင်၊ အထူးစာသင်ဝိုင်း များသို့ အပ်နှံသင်ယူစေသည့် စနစ်  ရန်ကုန်မြို့တွင် သာမက နယ်မြို့များတွင်လည်း  ကျယ်ပြန့်လာသည်။

မြန်မာပြည် ပညာရေးအခြေအနေသည် တနှစ်ထက် တနှစ် ပိုမို နိမ့်ကျလာသည်ဟု မန္တလေးတက္ကသိုလ်မှ PH.D ဘွဲ့ရ ဆရာတဦးက ပြောသည်။

“စစ်အာဏာပိုင် အဆက်ဆက်က ပညာရေးကို လျစ်လျူရှုထားတာတွေ၊ အခြေခံ လူတန်းစားတွေ ပညာ သင်ကြားခွင့် မရတာတွေမှာ ကိုလိုနီခေတ်က ပညာရေးကို လက်တဆုပ်စာ လူတွေပဲ ဆည်းပူး လေ့လာခွင့် ရခဲ့သလို အဖြစ်နဲ့ ဆင်တူနေ ပါတယ်” ဟု ၎င်းက သုံးသပ်ပြသည်။
မူရင်း ။  ။  http://www.irrawaddy.org/bur/index.php/news/1-news/2637-2010-02-19-07-45-22

လေအိုး နဲ့ ရွှေဂျိုး ဆွေးနွေးခန်း



၁၉/ ဖေဖော်ဝါရီ ၂၀၁၀
နံနက်ခင်းကလေးက ခြောက်ခြောက်သွေ့သွေ့။ ရွှေဂျိုးတယောက် ဂျောက်ဂျက်သံစုံ ထွက်နေသည့် စက်ဘီးစုတ်ကလေးကို နင်းလာရင်း ‘လေပုပ်ထုတ်ကုန်း’ လက်ဖက်ရည်ဆိုင် ရောက်ခါနီးတွင် မျက်လုံးကို ထိုင်နေကျစားပွဲဆီသို့ ပို့နှင့်လိုက်သည်။ တွေ့နေမြင်နေကျ လေအိုးကို မတွေ့ရ။ မျက်စိကို ပြန်ပွတ်ကြည့်လိုက်သည်။ မတွေ့။ ဟုတ်သည်၊ ဒီကနေ့ ထူးခြားသည်။ အခါတိုင်း ပြုံးဖြီးဖြီး တွေ့နေကျ လေအိုးတယောက်ကို လုံးဝမတွေ့။ လောင်းကြေးရှုံးပြီး လက်ဖက်ရည်တိုက်ရမှာစိုး၍ ရှောင်နေတာများလားဟု တွေးတောကာ စက်ဘီးဒေါက်ထောက်ရင်း အဖျော်ဆရာလေး ပိုက်ထွေးကို ရွှေဂျိုး လှမ်းမေးလိုက်သည်။

ရွှေဂျိုး ။ ။ ဟေ့ … ပိုက်ထွေးရေ၊ ဒီနေ့ တယ်ထူးခြားပါလားကွ။ ကိုလေအိုးတယောက် ပျောက်ခြင်းမလှ ပျောက်နေပါလား။ ဧကန္တ လောင်းကြေးရှုံးပြီး ငါ့ကို လက်ဖက်ရည်တိုက်ရမှာစိုးလို့ ရူးချင်ယောင်ဆောင်နေပြီ ထင်တယ်ဟေ့။

ပိုက်ထွေး ။ ။ မဟုတ်ဘူး အစ်ကိုရွှေဂျိုးရေ၊ အစ်ကိုရွှေဂျိုးလာရင် ခဏစောင့်ခိုင်းပါတဲ့။ မှာသွားတယ်။ ဘဲဥ ၀ယ်ခိုင်းတာ ကြက်ဥ မှားဝယ်လာလို့ဆိုလား၊ သူ့မိန်းမ ဖုန်းဆက်ခေါ်လို့ အိမ်အမြန်ပြန်ပြေးသွားတာ။ ဟော … ပြောရင်းဆိုရင်း ဟိုမှာ ဟိုမှာ အစ်ကိုလေအိုး လာနေပြီ။

ပိုက်ထွေး မေးငေါ့ရာဆီ ရွှေဂျိုး လည်ပြန်လှည့်ကြည့်လိုက်တော့ ဟုတ်သည်၊ လေအိုး စက်ဘီးကို ခပ်သွက်သွက် နင်းလာသည်။ ဆိုင်ရှေ့ရောက်သည်နှင့် စက်ဘီးပေါ်မှ မဆင်းသေးဘဲ တဟားဟားနှင့် ပါးစပ်သေနတ် စပစ်တော့သည်။

လေအိုး ။ ။ ဟား ဟား ဟား ဟား ကိုရွှေဂျိုးတို့များ လက်ဖက်ရည်သောက်ရမယ်ဆိုတော့ တယ်တက်ကြွနေတယ်ပေါ့လေ။ သောက်ရမှာပါဗျာ။ မပူပါနဲ့။ အိမ်က မိန်းမ အမိန့်တော်ဆင့်လို့ ခဏပြန်ပြေးရတာပါ။ ဟေ့ ညီလေး ပိုက်ထွေးရေ လက်ဖက်ရည်နှစ်ခွက်လုပ်စမ်းပါကွာ။ ကိုရွှေဂျိုးခွက်ကိုတော့ သကြားနည်းနည်း နို့ဆီနည်းနည်း လျှော့ထည့်ဟေ့။ သိပ်စေတနာမရှိလို့ကွာ ဟား ဟား ဟား ဟား။

ထို့နောက် လေအိုး စက်ဘီးပေါ်မှ ဆင်းကာ ရွှေဂျိုးနှင့်အတူ ထိုင်နေကျစားပွဲတွင် နှစ်ယောက်သား ၀င်ထိုင်လိုက်ကြသည်။

ရွှေဂျိုး ။ ။ တွေ့တယ်မဟုတ်လား ကိုလေအိုး၊ ရွှေဂျိုးတို့ မှန်းလိုက်ရင် လွဲခဲပါတယ်ဗျ။ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးကို လွှတ်လိမ့်မယ်ဆို လွှတ်တာပဲ မဟုတ်လားဗျ။

လေအိုး ။ ။ တော်စမ်းပါဗျာ၊ ကိုရွှေဂျိုး ခန့်မှန်းတာ တော်လို့ မဟုတ်ပါဘူး။ အရူးတွေ စိတ်ကောင်းဝင်တဲ့အချိန်နဲ့ သွားတိုးလို့ပါ။ ဖြစ်တတ်ပါတယ်၊ အရူးဆိုတာ တခါတလေ ဒီလိုပဲ စိတ်ကောင်းဝင်တတ်ပါတယ်။ သတ္တိရှိရင် ၂၀၁၀ ရွေးကောက်ပွဲကို သန်းရွှေတို့ လုပ်မယ် မလုပ်ဘူးဆိုတာတောင် လေအိုးတို့က ထပ်လောင်းလိုက်ချင်သေး ဟေး ဟေး၊ ဟေး ဟေး။

လေအိုး တဟေးဟေး အော်လိုက်သံကို ဘေးဝိုင်းမှ စားနေသူများပင် ကျီးကြည့်ကြောင်ကြည့် လှည့်ကြည့်ကြ၏။

ရွှေဂျိုး ။ ။ တိုးတိုးလုပ်စမ်းပါ ကိုလေအိုးရဲ့၊ ဘေးဝိုင်းတွေ အားနာစရာ၊ ကဲ ပြောပါဦး တလောင်းထဲ လောင်းချင်နေရအောင် ကိုလေအိုးက သန်းရွှေတို့ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မှာမဟုတ်ဘူးလို့ ထင်နေလို့လားဗျ။ တော်ကြာ ထပ်ရှုံးနေရင် မိန်းမကလည်း ကြောက်ရနဲ့တော့ ခက်နေမယ်နော ဟဲ ဟဲ။

လေအိုး ။ ။ တော်စမ်းပါ ကိုရွှေဂျိုးရာ။ လေအိုးတို့က မိန်းမဆို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် သဘောထားတာ မဟုတ်ဘူး။ လုံးဝ အေးဆေး အေးဆေးပဲ။

ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေးက လက်ဖက်ရည်ဖျော်နေရာမှ ထအော်လိုက်သည်။

ပိုက်ထွေး ။ ။ အစ်မရေ ဒီမှာ အစ်မကို အစ်ကိုလေအိုးက ဖုတ်လေတဲ့ ငါးပိ …

ပိုက်ထွေးပြောလို့ မဆုံးသေးခင်မှာပင် လေအိုး ထအော်သည်။

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး တိတ်စမ်း၊ ငါ မိန်းမသိပ်ချစ်တတ်တာ မင်းလဲသိသားနဲ့၊ ဒါကြောင့် ခုနက သူ့အသံကြားတာနဲ့ အိမ်အမြန်ပြန်ပြေးတာ မင်းအမြင်ပဲ မဟုတ်လား (ပြောရင်းဆိုရင်း လေအိုး ပါးစပ်ကို လက်နှင့်အုပ်ပြီး တဟားဟားရယ်)

ပိုက်ထွေး ။ ။ ဟား ဟား ဟား ဟား ယုံလိုက်ပြီ အစ်ကိုလေအိုး ယုံလိုက်ပါပြီ။

လေအိုးနှင့် ပိုက်ထွေးတို့ အပြန်အလှန် ရယ်ပွဲဖွဲ့နေသည်ကို စိတ်မရှည်တော့သည့် ရွှေဂျိုးက လေအိုးကို လက်ကုတ်ကာ …

ရွှေဂျိုး ။ ။ တော်ကြစမ်းဦးဗျာ။ ခင်ဗျားတို့ အသံကြီးတွေက ဘေးက စားနေတဲ့သူတွေ မြိုမကျချင်စရာ။ ပြီးတော့ ပြောနေတဲ့ စကားတွေပါ ဘေးချော်ကုန်ပြီ။

လေအိုး ။ ။ ခင်ဗျားပဲ မိန်းမကြောက်ရဆိုဗျ၊ ဒါမျိုးဘယ်ရမလဲ လေအိုးတဲ့နော် ဟင်း။

ရွှေဂျိုး ။ ။ တော်ပါတော့ဆိုဗျာ ခုနကစကား ပြန်ဆက်ရအောင်။ ဒီလိုဗျ။ ကိုလေအိုးက ဘာဖြစ်လို့ သန်းရွှေတို့ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးလို့ ထင်ရသတုန်းဗျ။ လင်းစမ်းပါဦး။

လေအိုး ။ ။ ဟာ … ကိုရွှေဂျိုးကလည်း ရှင်းနေတာကို ရှုပ်အောင်လာမေးနေပြန်ပြီ။ သန်းရွှေတို့ ရွေးကောက်ပွဲ လုပ်မှာမဟုတ်ဘူးလို့ထင်တာ သူတို့မှာ လုပ်ချင်တဲ့စိတ်ရှိတာ မတွေ့လို့ပေါ့ဗျ။ ကဲ ရှင်းပြီလား။

ရွှေဂျိုး ။ ။ ဟ ဟုတ်ပါ့မလား ကိုလေအိုးရာ၊ သန်းရွှေကိုယ်တိုင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကြီးကို ၂၀၁၀ မှာ ကျင်းပပေးဦးမှာဆိုပြီး ကတိတွေပေး၊ လေလုံးတွေထွားထားတာ သုံးလေးခါရှိပြီမဟုတ်လားဗျ။ တကမ္ဘာလုံးသိအောင် ပြောထားတဲ့ကိစ္စကို သန်းရွှေက ကတိဖျက်ရဲပါ့မလားဗျ။ ကြည့်လည်း ပြောစမ်းပါဦး။

လေအိုး ။ ။ အင်း ကြည့်ပြီးမပြောတာက ကိုရွှေဂျိုးဗျ။ လေအိုးက ကြည့်ပြီးမှကို ပြောတာ။ ကဲ အခုပဲ ၂၀၁၀ လည်ပင်းကျိုး တော့မယ် ဘယ်မလဲ ပါတီထောင်ခွင့်၊ ဘယ်မလဲ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်၊ ဘယ်မလဲ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးဖို့ နေနေသာသာ၊ မတွေ့ဘူးလား ဟိုတလောလေးတုန်းကပဲ အေးလွင်တို့ လူလိမ်အဖွဲ့ကို ကြံ့ဖွံ့တွေ ၀ိုင်းရိုက်လွှတ်လိုက်တာ။ ဒါတောင်နော် ဒီကောင်တွေက နအဖကို ဖားယားနေတဲ့ကောင်တွေ၊ ကဲ နအဖကို မဖားမယားတဲ့ နိုင်ငံရေးသမားတွေဆို ဘယ်လိုနေမလဲ။ အလောင်းတောင် ရှာတွေ့ပါ့မလား။ ဘယ်မလဲ လွတ်လပ်စွာ လေလည်ခွင့် (အဲ …) စည်းရုံးခွင့် ဟား ဟား ဟား ဟား သန်းရွှေ အားအားယားယား လျှောက်ပြောနေတာပါဗျာ။ ခင်ဗျားတို့မို့ သန်းရွှေပြောတာကို အဟုတ်မှတ်နေတယ်။ ကြည့်နေ ခံရလိမ့်ဦးမယ်။ တတုံးစားပြီးလည်း မမှတ်ကြ၊ နှစ်တုံးစားပြီးလည်း မမှတ်ကြတဲ့သူတွေ။

ရွှေဂျိုး ။ ။ ဘာတွေလဲ ကိုလေအိုး၊ ဘယ်သူက ဘာတွေ စားနေလို့လဲ။ အရင်းမရှိ အဖျားမရှိ ဘာတွေ လျှောက်ပြောနေပြန်ပြီလဲ ကိုလေအိုးရာ။

လေအိုး ။ ။ ဘယ်သူတွေ ရှိရမလဲ၊ သခင်တင်မြတို့၊ မောင်စူးစမ်းတို့၊ ကျော်ဝင်းတို့လို လူတွေနဲ့ ပြည်ပက အကဲဒမစ်ဆိုသူတွေ ပေါ့ဗျ။ အခြေခံဥပေဒမရှိတာနဲ့စာရင် ရှိတာက ပိုကောင်းတယ်တို့၊ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ချေကို စဉ်းစားရတာတို့၊ ရသလောက် အရင်ယူရမယ်တို့၊ ပူးသတ်ရမယ်တို့ သူတို့ပြောနေတာတွေ ကိုရွှေဂျိုး မကြားဘူးလားဗျ။ ဒီလူတွေ ဦးနေ၀င်းကျွေးတဲ့ တတုံး စားခဲ့ပြီးတာလည်း မမှတ်ကြဘူး။ ၉၀ ရွေးကောက်ပွဲရလဒ် ဗြောင်လိမ်ခံရတာလည်း မမှတ်ကြဘူး။ ကြည့်ရတာ ဒီတခါ ကျွေးမယ့်အတုံးကို သန်းရွှေက ရေမွှေးဖျန်းပြီးမှ ကျွေးမှာနဲ့တူတယ်ဗျ။ ဒါကြောင့် နံရကောင်းမှန်းမသိဘဲ ရွေးကောက်ပွဲ ဘယ်ဆီနေမှန်းမသိခင် ပြည်တွင်းပြည်ပက ဖားတွေ အသံမျိုးစုံ အော်နေကြတာဖြစ်မယ် ဟား ဟား ဟား ဟား။

ရွှေဂျိုး ။ ။ ကိုလေအိုး ပြောတော့လည်း ဟုတ်သလိုလိုပါပဲ။ ကဲ ဒါဆိုရင် ရွှေဂျိုးတို့ပြည်သူတွေ သန်းရွှေတို့လက်အောက်က လွတ်မြောက်အောင် ဘယ်လိုလုပ်ရတော့မှာလဲ။ ဒီအတိုင်းပဲ လက်ပိုက်ပြီး ငုံ့ခံနေကြရတော့မှာလား။ အဖြေလေးတော့ ပေးခဲ့ဦးမှပေါ့ ကိုလေအိုးရယ်။

လေအိုး ။ ။ ဟာ … လက်ပိုက်ကြည့်နေလို့ရမလား ကိုရွှေဂျိုးရ၊ တိုက်ဖို့ပဲရှိတာပေါ့ဗျ။ တိုက်ဖို့ပဲရှိတာပေါ့။ ကဲ ကဲ ... ပြောနေကြာတယ်။ လေအိုးတို့လည်း အိမ်ပြန်ပြီး တိုက်လိုက်ဦးမယ်။ လျှော်ပြီးလှန်းထားတဲ့ အ၀တ်တွေ ပုံနေပြီ။ တော်ကြာ မိန်းမဆီက အချစ်တွေလျော့ကုန်မှာစိုးတယ်။ ဟဲ ဟဲ မီးပူပြန်တိုက်လိုက်ဦးမယ်။ နောက်နေ့မှ ဆက်ဆွေးနွေးမယ်။ သွားတော့မယ်ဗျို့။

ပြောပြောဆိုဆို ကိုလေအိုးတယောက် ပါးစပ်ကို လက်နှင့်အုပ်ကာ စက်ဘီးဆီ ထပြေးလေသကဲ့သို့ ရွှေဂျိုးတယောက်လည်း အောက်ရေသွန်ရန် ဆိုင်နောက်ဖေးသို့ ခပ်ဖော့ဖော့လေး ပြေးဝင်သွားတော့လေသည်တကား။ ။
မူရင်း ။  ။ ခေတ်ပြိုင်

နေပြည်တော်သို့ မေးလ်ဖွင့်ပေးစာ





ငါတို့က အမှောင်ထဲ နေထိုင်ရချိန်
နေပြည်တော်မှာ မီးတွေထိန်လို့ ။

ဘ၀အသစ်တွေ တည်ပေးပါ
မြို့သစ်တွေ မလိုပါဘူး ။

သေရွာမပါတဲ့ အာဏာနဲ့
မာယာတွေ မလိုပါဘူး ။

ဆက်ဒမ်ဟူစိန်၊ ဟစ်တလာ
နပိုလီယမ်လည်း မလိုပါဘူး ။

ရွှေကိုမလို၊ ရေကိုသာ လို၏
နာမည် "အေး" မလို၊ နောင်ရေးအေးဖို့သာ လို၏
စိန်ကိုမလို၊ လိမ္မာရစ်ကြဖို့သာ လို၏ ။ **

တို့ဗမာပြည်ကောင်းစားဖို့ အရေး...
ဒေါင်းများသွေးနဲ့ စု-တည်
အခုညီရင် အခုရလိမ့် ။

ယုတ်မာပက်စက်လှသူတွေ
ကျလူတွေ ဖြစ်ရဦးလိမ့် ။

တစ်ပတ်လည် ကံကြမ္မာ
၂၀၁၀ မှာ မြင်ကြရလိမ့် ။ ။

ညိုကြီး
(၂၀၁၀၊ ဇန်န၀ါရီ)

(** ဆရာတော်ဦးဝိစာရပျံလွန်တော်မူခါနီး ဆုံးမစကား = လိမ္မာရစ်ကြပါ)

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း


၁၉၁၅-ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် - ၁၉၄၇ခုနှစ် ဇူလိုင်‌ ၁၉ ရက်သည် မြန်မာနိုင်ငံ၏ အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂ္ဂိုလ်၊ တပ်မတော်၏ ဖခင်ကြီး၊ဗိုလ်ချုပ်နှင့် နိုင်ငံရေးသမား ဖြစ်သည်။ သူ၏ ဖခင်မှာ ရှေ့နေဦးဖာနှင့် မိခင်မှာ ဒေါ်ခင်စု ဖြစ်ကြပြီး ထိုစဉ်အခါ ဗြိတိသျှအိန္ဒိယနိုင်ငံတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံ အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် မွေးဖွားခဲ့သည်။ သူ၏ မိဘမျိုးရိုးတွင် အဖိုးဖြစ်သူမှာ ဗိုလ်မင်းရောင် ဖြစ်ပြီး ၁၈၈၆-ခုနှစ် နယ်ချဲ့ ဗြိတိသျှတို့အား တော်လှန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ မွေးချင်း ၉ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

ဇာတာတွင် ပါရှိသည့် အမည်မှာ မောင်ထိန်လင်း ဖြစ်သည်။ သို့ရာတွင် သူ့အား မည်သည့်အခါ ကမျှ ထိန်လင်းဟုမခေါ်ဟု အစ်ကိုဦးအောင်သန်းက ပြောဆိုခဲ့ဖူးသည်။ နောင်အခါ၌ အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် မောင်အောင်ဆန်း ဟု ခေါ်တွင်လေသည်။
ဒို့ဗမာအစည်းအရုံး ဝင်ရောက်သောအခါ သခင်အောင်ဆန်း ဖြစ်လာခဲ့သည်။ သခင်အောင်ဆန်း၏ ဂျပန်အမည်မှာ အိုမိုဒါမွန်ဂျိ ဖြစ်သည်။ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ရဲဘော်သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာတွင် ဗိုလ်တေဇ ဖြစ်လာခဲ့သည်။ တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေး ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း အမည် ဖြင့်ထင်ရှားသည်။
ဗိုလ်ချုပ်၏ မွေးချင်းများမှာ-
  • 1. မခင်ညွန့် (လယ်ဝန်ကတော်) ကွယ်လွန်၊
  • 2. မ၀က် (အိမ်ထောင်မပြု) ကွယ်လွန်၊
  • 3. မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်တို့နှင့်အတူ လုပ်ကြံခံရ)၊
  • 4. မရွှေမှန် (ငယ်စဉ်က ကွယ်လွန်)၊
  • 5. မောင်နေအောင် (အမိန့်တော်ရရှေ့နေ ကွယ်လွန်)၊
  • 6. ခုနစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်းကွယ်လွန်)၊
  • 7. ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ် ကွယ်လွန်)၊
  • 8. ဗိုလ်ချုပ်အောင်ဆန်းတို့ ဖြစ်ကြသည်။
ငယ်ဘဝ

ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ်က အနာအဖျား ထူသည်။ အသားစား ကြူးသည်။ အမဲ သားငါး အလွန်ကြိုက်သည်။ အတီးအမှုတ် ၊ အကအခုန် အလွန် ဝါသနာ ပါသည်။
အထူးသဖြင့် ဆိုင်းတီး ဝါသနာ ပါသည်။ စားပွဲ ဖြစ်စေ ၊ ခေါက်စရာတွေ့လျှင် ဖြစ်စေ အမြဲ ခေါက်နေလေ့ ရှိသည်။ ချောင်တစ်ချောင်တွင် ကပ်၍ မှိုင်တွေကာ စဉ်းစား၍လည်း နေတတ်သည်။
အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုန်စားကို များစွာ မလေ့ကျင့်သော်လည်း ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းကိုမှ နှစ်သက်သည်။ မျက်နှာလို မျက်နှာရဖြင့် အထက်လူကြီးအား တိုင်တောခြင်းကို ငယ်စဉ်ကတည်းက အထူးစက်ဆုပ်သည်။
လူငယ်‌ဘဝ


သူ၏ ပညာရေးကို နတ်မောက်နှင့် ရေနံချောင်း တို့တွင် သင်ကြားပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ဘီအေဘွဲ့ကို အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ရယူခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၏ ကျောင်းသားသမဂ္ဂတွင် အမှုဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသောအိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖြစ် ပါဝင်ခဲ့သည်။
၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် ငရဲ‌ခွေးကြီး လွတ်နေသည် ဟူသည့် တက္ကသိုလ် အုပ်ချုပ်ရေးအရာရှိကြီးတစ်ဦးကို ရည်ညွှန်းထားသည့် ဆောင်းပါး၏ ဆောင်းပါးရှင်အား မဖော်ပြမှုဖြင့် ကိုနု(နောင် သခင်နု) နှင့် အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်း ခံရသည်။ ထို့ကြောင့်သမိုင်းတွင် ကျောင်းသားသပိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းထုတ်သည့် အမိန့်ကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။
၁၉၃၈ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီး နောက်ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံး၌ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံရသည်။ ထိုနှစ်မှာပင် အစိုးရသည် သူ့အား ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် ရွေးချယ်ခဲ့သည်။
၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားနိုင်ငံရေးသို့ ကူးပြောင်းခဲ့သည်။ ဤအချိန်မှစ၍ သူသည် ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့သည်။ သူသည် ဒို့ဗမာအစည်းအရုံးဝင်တစ်ဦး ဖြစ်လာသောအခါတွင် သခင် (အရှင်သခင်/ဆရာ-မြန်မာလူမျိုးများသည် ဗမာပြည်၏ အရှင်သခင်/ဆရာစစ်များ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့များက သူတို့သာလျှင် အသုံးပြုရန် မတရား သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။) တစ်ဦးပါဖြစ်လာသည်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည်။ ဤတာဝန်ကို ထမ်းဆောင်စဉ် ၁၃၀၀ ပြည့် အရေးတော်ပုံဟု လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့သည်။
ထိုစဉ်ကပင် ဗမာ့ထွက်ရပ်ဂိုဏ်းကြီးအား ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး ၎င်းးအဖွဲ့ကြီးမှာ ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်း ဖြစ်ပြီး သူသည် ယင်းမဟာမိတ်အဖွဲ့၏ အတွင်းရေးမှုး ဖြစ်လာခဲ့သည်။
သူ၏ သမိုင်းတွင် လူအများကောင်းစွာ မရှင်းလင်းသောအချက်မှာ ၁၉၃၉-ခုနှစ် ဩဂုတ်လတွင် ဗမာပြည် ကွန်မြူနစ် ပါတီ ကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးနှင့် ပထမဆုံး အထွေထွေအတွင်းရေးမှုး ဖြစ်ခဲ့ကြောင်းပင် ဖြစ်သည်။
များမကြာမီတွင် သူသည် ပြည်သူ့ တော်လှန်ရေးပါတီကို ထူထောင်ရာတွင် ပါဝင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းတွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လတွင် အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် အစိုးရသည် ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အောင်ဆန်းအား ဖမ်းဝရမ်း ထုတ်ပြန်ခဲ့ရာ သူသည် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ပြီးနောက်ဆုံးတွင် နိုင်ငံရပ်ခြားသို့ ပြေးခဲ့ရသည်။
ပထမတွင် သူသည် တရုတ်ပြည်သို့သွား၍ ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့အား အမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာ သွားရန် တိုက်တွန်းခဲ့လေသည်။
ဒုတိယကမ္ဘာစစ်‌ကာလ


၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း မြန်မာနိုင်ငံသို့ ပြန်လာသည်။ ဖူမီမာရိုကိုနိုး အစိုးရထံမှ လက်နက်နှင့် ငွေကြေးထောက်ပံ့မှု ကတိကဝတ်များရလာသည်။
ထိုနောက် ရဲဘော်သုံးကျိတ်အဖွဲ့ဝင်များနှင့် အတူ စစ်သင်တန်းတက်ရောက်ရန် ဂျပန်ပြည်သို့ ခေတ္တပြန်လည် ထွက်ခွာသွားခဲ့သည်။ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ မီနာမီကီးကန်း၏ အကူအညီဖြင့် မြန်မာလမ်းမကြီး(စစ်အတွင်း တရုတ်နိုင်ငံအား ကုန်းကြောင်းမှ စစ်လက်နက်ပစ္စည်းများထောက်ပံ့ရန် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဖောက်ထားသောလမ်း၊ယနေ့ ရှမ်းပြည်နယ် နှင့် တရုတ်နိုင်ငံအားဆက်သွယ်ထားသည့် လမ်းမကြီး)အား ပိတ်ဆို့ရန်နှင့် ပြည်တွင်းရှိ အမျိုးသားပုန်ကန်ထကြွမှုအား ထောက်ပံကူညီရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း သည် ဗိုလ်မှုးကြီး ဆူဇူကီး၏ ဦးဆောင်မှုဖြင့် ဗမာ့လွတ်မြောက်ရေးတပ်မတော်ကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့(ထိုအချိန်တွင် ထိုင်းနိုင်ငံမှာ ဂျပန်သိမ်းပိုက်မှု အောက်တွင် ရှိသည်) တွင် ထူထောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်ရာထူးကို ရယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်သည် ဂျပန်တို့လက်အောက်သို့ ၁၉၄၂ ခုနှစ် မတ်လတွင် ကျရောက်သွားပြီး (ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံ စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသ အဖြစ်) ဂျပန်စစ်ဘက် အုပ်ချုပ်ရေးအဖွဲ့က တိုင်းပြည်ကို သိမ်းပိုက်လိုက်သည်။
ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်တို့၏ဖိအားပေးမှုအရ ဗမာ့လွတ်မြောက်ရေးတပ်မတော် (ဘီအိုင်အေ)အား ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ) အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဆက်လက်ရပ်တည်ခဲ့သော်လည်း ဤအကြိမ်တွင် ဗိုလ်မှုးကြီးအောင်ဆန်း အဖြစ်သာနေခဲ့သည်။
၁၉၄၄ ခုနှစ် မတ်လတွင် သူ့အား ဗိုလ်ချုပ်ရာထူးသို့ ပြန်လည်ခန့်အပ်ခဲ့သည်။ များမကြာမီတွင် ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်ခြင်းခံရပြီး ဂျပန်ဧကရာဇ်မှ တက်နေဝန်းဂုဏ်ထူးဆောင် ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေး ကိုကြေညာပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ၄င်း၏ တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။
သူ၏ ဂျပန်တို့နှင့် ပူးပေါင်းမှုမှာကြာကြာမခံပေ။ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များပြောသည့် လွတ်လပ်ရေးဆိုသည်ကို သံသယဝင်လာသည်။ ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေးကိုလည်း မနှစ်မြို့ပေ။
ဂျပန်တပ်များမဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင်သတိပေးခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင်များဖြစ်သော သခင်သန်းထွန်း နှင့် သခင်စိုးတို့၏ အကူအညီဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့သည်။
၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် သူသည် ဘီအင်အေတပ်ကို ဦးဆောင်၍ ဂျပန်ကျူးကျော်သူများအား မဟာမိတ်တို့နှင့် ပူးပေါင်းကာ တိုက်ထုတ်ခဲ့လေသည်။ ထို့ကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောင်တွင် စစ်အစိုးရမှ တပ်မတော်နေ့ဟု ပြောင်းလဲခေါ်တွင်ခဲ့လေသည်။

ဒုတိယကမ္ဘာစစ်ပြီးခေတ်


‌ဗြိတိသျှများ ပြန်လည်ဝင်ရောက်လာ၍ စစ်အုပ်ချုပ်ရေးတစ်ခုကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး နောက် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ကို ညီညွတ်သောတပ်ပေါင်းစုအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ရာတွင် ဘီအင်အေ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်များ ပါဝင်ကြပြီး ၁၉၄၄ ခုနှစ် ဩဂုတ်လတွင် ‘ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကြီး’ (ဖဆပလ) အဖြစ် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။
ဗမာ့အမျိုးသားတပ်မတော်ကိုလည်း မျိုးချစ်ဗမာ့တပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့၍ ဂျပန်များကို တိုက်ထုတ်ပြီးနောက် တဖြည်းဖြည်းဖျက်သိမ်းခဲ့သည်။
၁၉၄၅ ခုနှစ် စက်တင်ဘာလက သီရိလင်္ကာတွင် ပြုလုပ်ခဲ့သော ကန္ဒီအစည်းအဝေးမှ သဘောတူညီချက်များအရ မျိုးချစ်ဗမာ့တပ်မတော်သားများအား ဗြိတိသျှတပ်မတော်အောက်ရှိ ဗမာ့တပ်မတော်အောက်သို့ သွတ်သွင်းယူခဲ့သည်။ စစ်ပြန်ရဲဘော်အချို့ကို ပြည်သူ့ရဲဘော်တပ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ အုပ်ချုပ်မှုအောက်တွင် အရန်အင်အားဖြင့် ဖွဲ့ထားပြီး လူမြင်ကွင်းတွင် ဗြောင်ကျကျ စစ်ရေးလေ့ကျင့်ခဲ့ကြရာ ဗြိတိသျှအာဏာပိုင်များ၏ အစပိုင်းက မလိုက်လျောလိုမှုများကို ပြယ်စေခဲ့ဟန်တူ၏။

ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့တပ်မတော်၏ ဒုတိယစစ်ဆေးရေးမှုးရာထူးကို ကမ်းလှမ်းခဲ့သော်လည်း အရပ်သားနိုင်ငံရေးသမား ဘဝကို သာ ရွှေးချယ်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့၏ ဥက္ကဌ အဖြစ် လွန်ခဲ့သော အောက်တိုဘာက မြန်မာပြည် အရပ်ဘက် အုပ်ချုပ်ရေးပြန်လည် ထူထောင်ပြီးနောက် ခန့်အပ်ခြင်းခံရသည်။
စက်တင်ဘာလတွင် မြန်မာနိုင်ငံ အမှုဆောင်ကောင်စီ၏ ဒုတိယ ဥက္ကဌ အဖြစ် ဗြိတိသျှဘုရင်ခံအသစ် ဆာဟူးဘတ်ရန့်မှ ခန့်ထားခြင်းခံရပြီးနောက် ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာတို့ကို တာဝန်ပေးအပ်ခဲ့သည်။ ရန့် နှင့် မောင်ဘတ်တန်တို့သည် ယခင်ဘုရင်ခံချုပ်ဟောင်း ဆာဒေါ်မန်စမစ်နှင့် ဝင်စတန်ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းအား ‘သစ္စာဖောက် သူပုန်ခေါင်းဆောင်’ ဟု သမုတ်ခဲ့သည်ကို လက်မခံခဲ့ပေ။
ဖဆပလ အဖွဲ့တွင်လည်း ကွန်မြူနစ်များနှင့် အမျိုးသားရေးနှင့် ဆိုရှယ်လစ်ကို ဦးဆောင်သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ အကြားကွဲကြရာမှ အမှုဆောင်ကောင်စီတွင် ဗိုလ်ချုပ်အောင်ဆန်း နေရာယူသည်ကို အကြောင်းပြုပြီး ဖဆပလ အဖွဲ့မှ သခင်သန်းထွန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ တို့ကို ထုတ်ပစ်ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဝန်ကြီးချုပ် လုံးလုံးလျားလျားဖြစ်နေပြီ ဖြစ်သော်လည်း ငြင်းပယ်နိုင်သည့် ဗီတိုအာဏာမှာ ဗြိတိသျှ၏လက်တွင်ရှိနေသေးသည်။ ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ ဝန်ကြီးချုပ် ကလီမင့်အက်တလီ တို့သည် လန်ဒန်မြို့တွင် တစ်နှစ်အတွင်း မြန်မာ့လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြင့် သူသည် မြန်မာ့လွတ်လပ်ရေးကို တာဝန်ခံ ရယူပေးခဲ့သူ ဖြစ်လာတော့သည်။
နယူးဒေလီမြို့၌ တစ်ထောက်ရပ်နားစဉ် သတင်းစာရှင်းလင်းပွဲတွင် သူက မြန်မာတို့သည် အကြွင်းမဲ့လွတ်လပ်ရေးကို လိုလားကြောင်း ဓနသဟာယ အဆင့်ကို မလိုလားကြောင်း ဤအခြေအနေကို ရရှိရန် အကြမ်းဖက်သည့်နည်း သို့မဟုတ် မဖက်သည့်နည်း သို့မဟုတ် နှစ်နည်းစလုံးကို အသုံးပြုရန်တွန့်ဆုတ်နေမည် မဟုတ်ကြောင်းနှင့် အဆုံးသတ်တွင် သူသည် အကောင်းဆုံးဖြစ်လာရန် မျှော်လင့်ထားသော်လည်း အဆိုးဆုံးကိုလည်း ရင်ဆိုင်ရန်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အချို့က သူ့အား ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင်သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြု နှိပ်ကွပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ တာဝန်ရှိသည်ဟု ယူဆကြသည်။ ဒေါ်မန်စမစ်သည် ဖဆပလ ကိုယ်စားလှယ်အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ကိစ္စကို ငြင်းပယ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းအား စစ်အတွင်းက သူကြီးတစ်ဦးကိုကွက်မျက်မှုနှင့် အရေးယူရန် ကြိုးစားအားထုတ်ခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံတွင် စည်းလုံးညီညွတ်ရေးဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ဧပြီတွင် ဖဆပလသည် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့သည်။ ဇူလိုင်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်ရှိ `ဆိုရန်တာဗီလာ´တွင် ကျင်းပခဲ့သည်။

လွတ်လပ်ရေး မရမီ လအနည်းငယ်အလို ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူ၏ အစ်ကို ဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ် ခံခဲ့ကြရသည်။
လုပ်ကြံမှုမှာ သူ၏ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစော ၏ လက်ချက်ဟု ယူဆရသော်လည်း ဦးစော၏ တရားခွင်စစ်ဆေးချက်များမှာ သံသယ ဖြစ်စရာများ တွေ့ရှိခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသော်လည်း ထိုစဉ်က လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင် နေသော ဦးနုက တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုများကို အရှိန်မပျက်ဆက်လက်ထမ်းဆောင်ခဲ့သဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရ ရှိခဲ့သည်။
မိသားစု


၁၉၄၂ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းသည် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ်တွင် ဒေါ်ခင်ကြည်နှင့် ထိမ်းမြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ဒေါ်ခင်ကြည်၏ ညီမဖြစ်သူမှာ သခင်သန်းထွန်း ကွန်မြူနစ် ခေါင်းဆောင်နှင့် အကြောင်းပါခဲ့လေသည်။
အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စသည့် သား(၂)ယောက်၊ သမီး(၁)ယောက် ထွန်းကားခဲ့သည်။သူ၏ ဒုတိယမြောက် သားဖြစ်သူ အောင်ဆန်းလင်းမှာ ၈ နှစ်သား အရွယ်တွင် နေအိမ်ခြံဝန်း အတွင်းရှိ ရေကန်၌ ရေနစ်သေဆုံးခဲ့သည်။ သားအကြီးဆုံး ဖြစ်သူ ဦးအောင်ဆန်းဦးအောင်ဆန်းဦးမှာ အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကွယ်လွန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗုဒ္ဓဘာသာ

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်သည့် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ဓလောက မဂ္ဂဇင်းတွင် Burma and Buddhism ဟူသော ခေါင်းစဉ်နှင့် ဆောင်းပါးတပုဒ် ရေးသားခဲ့လေသည်။
အသက် (၂၀)အရွယ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည့် ထိုဆောင်းပါးထဲတွင် ဗိုလ်ချုပ်က ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။
ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမမြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်၊ ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (၀ိဘဇ္စ၀ါဒ)ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်။
ဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်သော အထက်ဖော်ပြပါ ၀ိဘဇ္စ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသားအားလုံး၏ အဓိကတာဝန် ဖြစ်သည်’ ဟူ၍ ဗုဒ္ဓဘာသာအပေါ် သူ၏ အမြင်နှင့် တိုင်းပြည်လွတ်လပ် ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဓမ္မဓိဌာန်ကျကျ ဆွေးနွေးတင်ပြထားသည်ကို တွေ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ

စာရေးဆရာကြီး ဒဂုန်တာရာက သူ၏ ‘ရုပ်ပုံလွှာ’ အဖွဲ့အနွဲ့တွင် ဗိုလ်ချုပ်အောင်ဆန်းအား ‘အောင်ဆန်း (သို့မဟုတ်) အရိုင်း’ ဟူသော ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည်ကို ဖတ်ရဖူးသည်။
ဆရာဒဂုန်တာရာက သူ၏ ရုပ်ပုံလွှာအဖွဲ့တွင် ဗိုလ်ချုပ်သည် မြန်မာပြည်လွတ်လပ်ရေး အကြောင်းကိုသာ အစဉ်အမြဲ တွေးတောနေပြီး ကျန်သည့်အရာများကို ဂရုမစိုက်ဘဲ နေတတ်ပုံ၊ လူရိုင်းတဦးနှင့် ပုံပန်းသဏ္ဍာန်တူကာ ဆက်ဆံရခက်ပြီး ဂွတီးဂွကျ နိုင်လှပုံ၊ သူ ယုံကြည်ရာကို စိုက်လိုက်မတ်တတ်နှင့် တဇွတ်ထိုး လုပ်တတ်ပုံ၊ သို့သော် သူ့တွင် အနုပညာဓာတ်ခံရှိပုံ စသည်တို့ကို ရသဟန်နှင့် လှလှပပ ခြယ်မှုန်းခဲ့လေသည်။
ထိုရုပ်ပုံလွှာ အဖွဲ့အနွဲ့ကိုဖတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ‘ကိုဌေးမြိုင် ပြောသလောက်လည်း ငါမရိုင်းသေးပါဘူးကွာ’ ဟု သူ၏ ကိုယ်ရံတော် ဗိုလ်ထွန်းလှကို ရယ်မောကာ ပြောခဲ့ဖူးကြောင်း ဆောင်းပါးတပုဒ်တွင် ဖတ်ရဖူးသည်။
ထို့အပြင် အလင်္ကာကျော်စွာ မြို့မငြိမ်း၏ ‘သက်ဝေ’၊ ‘ကဉ္စန’ သီ ချင်းများကို ဗိုလ်ချုပ်အောင်ဆန်း နှစ်သက်ပုံ၊ ပင်လုံစာချုပ်အတွက် ရှမ်းပြည်သို့အသွား အင်းလေးကန်ထဲ လှေစီးနေစဉ် ‘လှေကလေးကို လှော်မည် … ဘေးမသမ်းဘဲ အေးချမ်းတော့မည် …’ ဆိုသည့် အဆိုတော် ဒိုရာသန်းအေး၏ သီချင်းအား ဗိုလ်ချုပ်ညည်းတွားပုံတို့ကို ဖတ်ရသည့်အခါ ဗိုလ်ချုပ်သည် တိုင်းပြည်လွတ်လပ်ရေးအတွက် မအားလပ်အောင် အလုပ်များနေလင့်ကစား သူ၏ ရင်ထဲ၌မူ အနုပညာဓာတ်အပြည့် ကိန်းအောင်နေကြောင်း အထင်အရှား တွေ့ရလေသည်။
‘ဗမာအက၊ ဗမာဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့တဦး ဘယ်လို ဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်၊ ကျွန်တော်လည်း အနုပညာသမားပါဗျာ’ ဟူ၍လည်း ဗိုလ်ချုပ် ပြောကြားခဲ့ဖူးသည်။ ထိုစကားကို ထောက်ရှုခြင်းဖြင့် ဗိုလ်ချုပ်၏ အနုပညာအပေါ် စိတ်ဝင်တစားရှိပုံနှင့် အနုပညာသမားအဖြစ် ဂုဏ်ယူဝင့်ကြွားချင်ပုံကို ရိပ်စားမိပြီး လူသားတိုင်းအပေါ် အနုပညာ၏ ညှို့ငင်ဖမ်းစားမှုအား ကြီးမားပုံကို ဆက်စပ် တွေးတောနေမိပါသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ပညာရေး

ဗိုလ်ချုပ်အောင်ဆန်းသည် ပညာနှင့် ပတ်သက်၍ သူမြင်သည့် အဓိပ္ပာယ်ကိုလည်း သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွင် ရှင်းပြခဲ့ရာ အလွန်ပင် မှတ်သားဖွယ် ကောင်းသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်က ‘ပညာသည် စာအုပ်များထဲ၌သာ ရှိသည်မဟုတ်။
စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ရာဇ၀င်ကိုသာ ပြုပြင်တိုးချဲ့ရုံသည်မဟုတ်။ လူ၏ စိတ်နေစိတ်ထား၊ အယူအဆများကိုလည်း တိုးတက်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်၊ ရာဇ၀င်ကို ဖန်တီးနိုင်စေရမည်။
လောကဓာတ်ပညာကို သိရုံသာမဟုတ်၊ လောကဓာတ်ပညာကို တိုးချဲ့ နိုင်စေရမည်။ လောကအကြောင်းကို နားလည်စေသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင် စေရမည်။ လှေနံဓားထစ်ဆိုသော အလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏ အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း’ ဟု အမြင်ကျယ်စွာ ရှင်းပြခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ

ဗိုလ်ချုပ်အောင်ဆန်းသည် သူရိယ မဂ္ဂဇင်းတွင် အညာသားလေး ကလောင်နာမည်နှင့် စာရေးသားသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်၏ ဦးစားပေး လိုအပ်ချက်အရ နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရသော်လည်း သူအမှန်တကယ် ဖြစ်ချင်သည့် အာသီသမှာ စာရေးဆရာဘ၀ ဖြစ်သည်။
၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဟူ၍ သူ၏ ချင်ခြင်းကို ဖွင့်ဟပြောကြားခဲ့သည်။
ဗိုလ်ချုပ်၏ ထိုပြောစကားသည် ၀မ်းသာစရာ ကောင်းသလို ၀မ်းနည်းဖွယ်လည်း ကောင်းလှသည်။ ၀မ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန်ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ၀မ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ်လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။ ဗိုလ်ချုပ်သည် မကွယ်လွန်မီ အချိန်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနှင့် ပတ်သက်သည့် ဆောင်းပါးများစွာကို ရေးသားခဲ့သည်။
ဗိုလ်ချုပ်ရေးသားခဲ့သည့် စာများတွင် သူ၏ တိကျရှင်းလင်း အားကောင်းသော စကားပြေ အရေးအသားနှင့် ဦးတည်ချက်ရောက်အောင် ထိထိမိမိ ကွင်းကွင်းကွက်ကွက် ရေးသားတတ်ပုံကို အားကျအတုယူဖွယ် တွေ့ရသည်။ ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှား တွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံရေး

တိုင်းပြည်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ တွေးတတ်ခေါ်တတ် စဉ်းစားတတ်သည့် နိုင်ငံရေးသမားတွေ မရှိမှ သူတို့ အာဏာတည်မြဲအောင် လုပ်ဆောင်နိုင်မည်ဟု စစ်အာဏာရှင်တွေ တွေးပုံပေါ်သည်။ ထို့အတွက်ကြောင့် အာဏာရှင် ဗိုလ်နေ၀င်း လက်ထက်မှ ယနေ့အာဏာရှင် ဗိုလ်သန်းရွှေ လက်ထက်အထိ မြန်မာပြည်တွင် နိုင်ငံရေးသမား မျိုးဆက်ပြတ်အောင် စနစ်တကျ လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေခြင်း ဖြစ်သည်။
အာဏာရှင်တို့က နိုင်ငံရေးသမား ဆိုသည်ကို ခွေးလှေးကြမ်းပိုးဟု လူပြိန်းတွေက မြင်လာအောင်၊ နိုင်ငံရေး လုပ်ဆောင်ခြင်းကို လူညစ်ပတ်တွေ အလုပ်ဟု ထင်မြင်အောင် ၀ါဒဖြန့်ချိသည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ တိုင်းပြည် တိုးတက်ထွန်းကားရေးအတွက် နိုင်ငံရေးသမားကောင်းတွေ များများရှိဖို့ လိုအပ်ပုံ၊ နိုင်ငံရေး လုပ်ဆောင်ခြင်း၏ မွန်မြတ်ပုံတို့ကို ၁၉၄၀ခုနှစ် ဖေဖော်ဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း၌ ဖော်ပြခဲ့သည့် ‘နိုင်ငံရေးအမျိုးမျိုး’ ဟူသည့် ဆောင်းပါးတွင် အရိပ်အမြွက် ထည့်သွင်း ရေးသားခဲ့သည်။
ထိုဆောင်းပါးတွင် ဗိုလ်ချုပ်က ‘အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေ တရားမစောင့်နိုင်၍ ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရ ရှိတော့မည်မဟုတ်။ ဤကား ဗမာ့ကျမ်းဂန်တွေ၌ပင် ရှိ၏။ လူတွေတရား မစောင့်နိုင်သည့် အကြောင်းမှာလည်း လောဘတရားကြောင့် ဖြစ်၏။ လောဘတရား ဖြစ်ခြင်းမှာလည်း ပုဂ္ဂလိက ပစ္စည်းပေါ်လာသဖြင့် ငါ့ဟာ၊ ငါ့အိမ်၊ ငါ့ခြံ စသဖြင့် ငါတည်းဟူသော သက္ကာယဒိဌိ အရင်းခံသည့် လောဘ၊ ထိုလောဘကြောင့်ဖြစ်သော ဒေါသ၊ ထိုလောဘ ဒေါသမီးတို့ကြောင့် မောဟတည်းဟူသော မသိမလိမ္မာ မိုက်မဲမှုဖြစ်လာ၏။’

‘ဦးဘဘေကြီး ပြောသလို ညစ်ပတ်တဲ့ အလုပ်လား ဆိုသည့် မေးခွန်းကိုလည်း ဖြေလို၏။ ဦးသိန်းမောင်ကြီးကတော့ ၀န်ခံသွားရှာပြီ။ ညစ်ပတ်တယ်တဲ့ သူတော့ မလုပ်ချင်ဟု ဖြေခဲ့ပြီ။ တေမိမင်း အားကျလို့ ထင်၏။ ယခုတော့ ဆွဲချခေါ်တဲ့ ရှေ့နေချုပ်ကြီး ဖြစ်နေတယ်။ အမှန်မှာ နိုင်ငံရေးသည် လောကီရေးပင်ဖြစ်၏။ နိုင်ငံရေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်။ သို့သော်လည်း လောကီရှိမှလည်း လောကုတ်ရှိနိုင်၏။ လောကုတ်ရှိမှလည်း လောကီ တည်နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

လူတွေသည် ပြုပြင်လို့ရ၏။ ပြုပြင်လို၏။ တိုးတက်လို၏။ ဤအချက်မှာ ထင်ရှားနေပေပြီ။ စင်စစ်နိုင်ငံရေးမှာ ထိုပြုပြင် တိုးတက်လိုသည့် ပင်မတရားကြီးတရပ်ပင် ဖြစ်၏။ ထိုတရားကား လောကီနိဗ္ဗာန်ကို နောက်ဆုံးရည်မှန်းပေ၏။ ထို၌ကြောင့် အဘယ်မှာလျှင် ညစ်ပတ်ရပေမည်နည်း’ ဟု ပြတ်ပြတ်သားသား ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် နိုင်ငံရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ‘မိမိကိုယ်ကို နာမည်ကြီးအောင်၊ ကြွယ်ဝအောင် လုပ်တတ်သည်မှာ နိုင်ငံရေးမဟုတ်။ တိုင်းပြည်ကောင်း အောင်လုပ်တတ်မှ နိုင်ငံရေးဖြစ်၏’ ဟု ဗိုလ်ချုပ် က သတိပေး ရေးသားခဲ့သေး၏။

ထို့အပြင် နိုင်ငံရေး လုပ်ဆောင်ရာ၌ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်စေတနာ သန့်စင်ပုံကို ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည့် အထိမ်းအမှတ် ညစာစားပွဲတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ ရင်တွင်းလာ စကားကို ထောက်ရှုပြီး သိမြင်နိုင်သည်။ ထိုညစာစားပွဲတွင် ဗိုလ်ချုပ်က ‘ကျွန်တော် ဒီကို ရောက်လာတဲ့ကိစ္စ နားလည်တာ တခုရှိပါတယ်။ ဘာလဲဆိုရင် ဗမာပြည်ကြီး လွတ်လပ်စေချင်တယ်၊ ညီညွတ်စေချင်တယ်၊ ကြီးပွားစေချင်တယ် သည်ဟာပါဘဲ။ တိုင်းပြည် လွတ်လပ်အောင်၊ ညီညွတ်အောင်၊ ကြီးပွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို လွန်ခဲ့တဲ့ (၁၀)နှစ်လောက်ကစပြီး ကြိုးစားလာပါတယ်။ နောင်လဲ ကြိုးစားပါဦးမယ်။ လုံးလုံးလွတ်လပ်တဲ့ကိစ္စ ပြီးပြတ်သည်အထိ ကြိုးစားပါမယ်’ ဟု ရင်ထဲတွင်ရှိသည့်အတိုင်း အရိုးသားဆုံး ပြောကြားခဲ့လေသည်။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းသည် လူဘ၀တွင် နေထိုင်သွားသည့် အခိုက်အတန့်လေး အတွင်း၌ မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သည်ကို တွေ့ရပေသည်။ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ယုံကြည်သည့်အတိုင်း ပြောဆိုလုပ်ဆောင်မှု၊ ကိုယ်ကျင့်သီလ ကောင်းမွန်မှု၊ ရပ်တည်ချက် ခိုင်မာမှု၊ ဆုံးဖြတ်ချရာတွင် ပြတ်သားမှု၊ မှန်ကန်သည့် ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို မကြောက်မရွံ့ နောက်မတွန့်ဘဲ တစိုက်မတ်မတ် လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နှင့် လူမျိုးအပေါ် စိတ်စေတနာ ကြီးမားမှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံလိုစိတ် အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ် လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကို ကြိုမြင်တတ်ပြီး အရှည်သဖြင့် တွေးခေါ်လမ်းပြပေးနိုင်မှု … စသည့် အရည်အချင်းပေါင်း မြောက်မြားစွာနှင့် လူဘ၀ကို ဖြတ်သန်းသွားခဲ့သည်။ ။
ဘ၀နိဂုံး

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး များ ရဲဘော်ကိုထွေး (အာဇာနည် ကိုးဦး)တို့နှင့်အတူ လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးခဲ့သည်။

ဗိုလ်ချုပ်၏ စကားများ

* ဗမာက တစ်မျိုး ၊ ကရင်က တစ်ဖုံ ၊ ရှမ်း ၊ ကချင် ၊ ချင်းတို့က တစ်ခြား အကွဲကွဲ အပြားပြား လုပ်နေကြရင် အကျိုးရှိမှာ မဟုတ်ဘူး ။ စုပေါင်း လုပ်မှသာ အကျိုး ရှိနိုင်မယ်။

(၁၉၄၇ ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊ ပင်လုံမိန့်ခွန်း)
  • လူကြီးဆိုတာ အသက်ကြီးတာကို ဆိုလိုတာလား ။ မဟုတ်ဘူး ။ အသက်မကြီးပေးမယ့် လုပ်တဲ့ အလုပ်ကြီးရင် လူကြီးပဲ။
(၁၉၄၄ ၊ မတ် ၁၄ ၊ ဗိုလ်သင်တန်း ကျောင်းဆင်းမိန့်ခွန်း)
  • ဟေ့ ... သေလဲ ဗမာပီပီ ဇာတိမာန်နှင့် သေကြပါ .. ရန်သူကို မိမိလက်အားနေရင် လက်နှင့်ထိုး၊ ခြေအားနေရင် ခြေနဲ့ကန်ပါ ..။ နောက်ဆုံး ပါးစပ်အားနေလျှင် ပါးစပ်နှင့် ကိုက်ပြီးမှ ရဲရဲသေပြလိုက်ကြတာပေါ့ ...။
(ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ ဟေနန်ကျွန်းတွင် ဂျပန်များက စစ်ပညာသင်ပေးနေကြစဉ် ဂျပန်တို့က ၄င်းတို့အား အားလုံးဖျောက်ဖျက်မည့် အခြေအနေမျိုးကို ကြုံတွေ့နေကြရစဉ်)
  • ရဲဘောသုံးကျိပ်ဟာ နိုင်ငံရေးအဖွဲ့ တဖွဲ့တည်း မဟုတ်ပဲ သခင်ဂိုဏ်းကြီးနှစ်ခုဖြစ်တယ်၊ အနာဂါတ် လွတ်လပ်ရေးတိုက်ပွဲမှာ ဒီသုံးကျိပ် ညီညွတ်ဖို့ လိုတယ်။ ဒါမှ လူငယ်များဖြစ်တဲ့ သခင်ဂိုဏ်း နှစ်ဂိုဏ်းလုံး ညီညွတ်မယ်။ ဒါမှ လူများစုကို ကိုယ်စားပြုမဲ့လူတွေ တကယ်လဲ အလုပ်လုပ်ကြမဲ့ လူငယ်တွေ ညီညွတ်မယ်။ ဒါမှ လွတ်လပ်ရေးတိုက်ပွဲဟာ ခိုင်မာတောင့်တင်းမယ်။
စစ်ထွက်ကြတာပေါ့၊ ရှေးရှေးတုန်းက ဗမာ့တပ်တွေ စစ်ထွက်ကြတာ တနသာင်္ရီကို လှေကြီးတွေနဲ့ ရေကြောင်းလွှင့်ကြတော့ တချို့က ရေကြောင်းမှားပြီး ရခိုင်ပြည်ဘက် ရောက်လိုရောက်ဖြစ်ကြတာပဲ၊ ဒါပေမဲ့ ရောက်တဲ့နေရာက ဆက်ပြီး ဖြစ်သလို လုပ်ကြတာပေါ့ ... ။

(ဗိုလ်ချုပ်အောင်ဆန်းတို့ ယိုးဒယားတွင် တပ်များစုကြပြီး တပ်စစ်ကြောင်း အသီးသီးထွက်ရန် စီစဉ်ကြစဉ် ဖာပွန်စစ်ကြောင်း ချီတက်ရန် တာဝန်ကျသူ ဗိုလ်ကျော်ဇောက ဗိုလ်ချုပ်အောင်ဆန်းအား ကန်တော့သောအခါ)
  • ခင်ဗျားတို့ရွှာကို ရှေးယခင်တုန်းက ယုံမိတယ်၊ ဘာ့ကြောင့်လဲဆိုတော့ ဆရာစံထတုန်းကလဲ ထထကြွကြွရှိတဲ့ ရွာတရွာလို့ အသိအမှတ်ပြုခဲ့တယ်၊ မှင်နီ အ၀ိုင်းခံခဲ့ရတယ်၊ ခုတော့ ကျုပ်အထင်ကြီးသလောက် မဟုတ်တာ တွေ့ရတယ် ...။
(ပဲခူးခရိုင် ဝေါအပိုင် အညာစုရွာ ဗိုလ်ချုပ်အောင်ဆန်း ရောက်၍၊ ရဲဘော် ၃၇ ယောက်စုရန်ပြောရာ ရပ်ရွာထဲက တုတ်တုတ်မလှုပ်ကြ၍ ဗိုလ်ချုပ်အောင်ဆန်းက)

Tom Brown က အီးမေး မှတဆင့်ပေးပို့ခဲ့သည်။
မှတ်ချက် ။   ။  http://khansarrhmuhmattine.blogspot.com/2010/02/blog-post_16.html မှ ကူးယူပါသည် ။

ရွှေခမောက်စာစောင် အတွဲ (၁၁၀)

Shwekhamauk 110                                                                

သူငယ်ချင်းတို့အတွက် (၃)

အိမ် အလုပ်ကို တစ်မိသားစုလုံး ၀ိုင်းလုပ်မှ ပျော်ရွှင်မည်။

တိုင်းပြည်အလုပ်ကို ပြည်သူတစ်ရပ်လုံးလုပ်မှ ၀ိုင်းလုပ်မှ တိုးတက်ဖွံ့ဖြိုးမည်။



စေတနာစကားသည် သိက္ခာ၏ အခြေခံဥပဒေတည်း။

မိဘ၏ စကားသည် မိသားစု၏ အခြေခံဥပဒေတည်း။

ပြည်သူ၏ စကားသည် တိုင်းပြည်၏ အခြေခံဥပဒေတည်း။



စည်းမျဉ်းသည် ဥစ္စာဓနကို ကာကွယ်မှုပေး၏

ဆေးဝါးသည် ခန္ဓာကိုယ်ကို ကျမ်းမာအောင် ကုသ၏

အင်အားသည် အသက်ဇီဝိန်ကို ကာကွယ်စောင့်ရှောက်၏



ကလေးဘ၀တွင် မိဘစကားကို လိုက်နာ၏

ကျောင်းသားဘ၀တွင် ဆရာ့စကားကို လိုက်နာ၏

ရည်းစားဘ၀တွင် ချစ်သူ့စကားကို လိုက်နာ၏



ကိုယ်တိုင်ကိုယ်ကြပ် ထိတွေ့ခံစားခြင်းဖြင့် ဆင်းရဲဒုက္ခကို သိနိုင်၏

ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာခြင်းဖြင့် အဆိုးအကောင်း ခွဲခြားနိုင်၏



ခင်တွယ်မှု ရှိသည်နှင့် အရာကိစ္စအားလုံး ပြေလည်သွားတော့၏

ဘာသာစကား ပြောနိုင်သည်နှင့် အတွေးအခေါ်ချင်း ဖလှယ်နိုင်၏



လူသည် အသက်အရွယ်ကြီးလေ ချည့်နဲ့လေ။

နာမည် နောရာတကာ ပျံ့နှံ့လေ ကြီးကျယ်လေ။



ယဉ်ကျေးခြင်းကို ဦးနှောက်မှစ၍ ကြည့်ရ၏

အိုမင်းခြင်းကို ခြေထောက်က စတင်သိရှိ၏



စာပေအနုပညာသည် လူ့စိတ်ကို ရွှင်လန်းထက်သန်စေ၏

လက်ရုံးရည်အတတ်သည် ခန္ဓာကိုယ်ကို ကျန်းမာပေါ့ပါးစေ၏



တရားသည် အနှစ်တစ်ထောင်ကြာလည်း မပြောင်းလဲ။

နည်းလမ်းသော်ကား အချိန်မရွေး ပြောင်းလဲတတ်၏



စစ်ပွဲသည် အမှားထင်ခြင်းမှ စတင်၏

အောင်ပွဲသည် အမှားလျှော့ခြင်းမှ ရယူ၏



စစ်မြေပြင်တွင် ဓားသေနတ်တို့ဖြင့် အနိုင်အရှုံးယှဉ်ပြိုင်၏

စေ့စပ်ဆွေးနွေးလျှင် အမှားအမှန်ကို နှုတ်လျှာဖြင့် ယှဉ်ပြိုင်၏



အချိန်ကာလကသာလျှင် အဆိုးအကောင်းကို ခွဲခြားသိမြင်နိုင်၏

အကွားအဝေးသာလျှင် ရုပ်ဆိုးရုပ်လှကို ခွဲခြားသိမြင်နိုင်၏



ပျော့ညံ့မှုကြောင့် အလိမ်ခံရမည်။

တွန့်ဆုတ်မှုကြောင့် မုချ ကျဆုံးမည်။



မှန်ကန်ခြင်းသည် အဘယ်နည်း။ အမှားကင်းခြင်းတည်း

ကောင်းမွန်ခြင်းသည် အဘယ်နည်း အကျိုးရှိခြင်းတည်။



ငွေကြေးပြုလုပ်သော ကျေးကျွန်သည် ဆင်းရဲပင်ပန်း၏

ငွေကြေးပြုလုပ်သော သခင်သည် ချမ်းသာပျော်ရွှင်၏



တရားသေနိုင်မှုသည် လူကို အယူသည်းစေ၏

ဆိုးဝါးသော စကားသည် လူကို ဆိုးသွမ်းလွယ်စေ၏

ငွေကြေးနှင့် အာဏာသည် လူကို ပျက်စီးလွယ်စေ၏

ပညာသင်ခြင်းသည် လူကို တိုးတက်စေ၏

ဘာသာတရားသည် လူကို သန့်စင်စေ၏

လှူဒါန်းပေးကမ်းခြင်းသည် လူကို သိက္ခာတက်စေ၏

အနုပညာသည် လူကို လှအောင် မွမ်းမံနိုင်၏

စဉ်းစားပြီးပြောပါ။ လုပြီးမပြောပါနဲ့။ လွဲမှားမှုကင်းသည်။

ကြည့်ပြီးလျှောက်ပါ။ နမော်နမဲ့ မလျှောက်ပါနဲ့။ ချော်လဲကျတတ်သည်။



လူချင်းသင့်မြတ်လျှင် အရာကိစ္စတိုင်း အဆင်ပြေ၏

အိမ်တွင်းသင့်မြတ်လျှင် အိမ်သားအားလုံး ကျန်းမာ၏



တွေးတ၍ မရသော ကိစ္စများကို စဉ်းစားလျှင် စိတ်ကူးယဉ်သည်မည်၏

လုပ်၍ မရသော အလပ်ကို ဇွတ်လုပ်လျှင် ထုံသည်မည်၏



သိက္ခာမဲ့သော အထက်လူနောက် လိုက်ခြင်းထက် မကျွမ်းကျင်သော လူနောက်လိုက်ခြင်းက ပိုကောင်းသေး၏

မရိုးဖြောင့်သော ၀မ်းကျောင်းမှုပြုခြင်းထက် ဆင်းရဲစွာ ဘ၀ကို ကျောင်းရခြင်းက စိတ်ချမ်းသား၏



သူများကို မှီခိုရခြင်းသည် စွမ်းရည် အညံ့ဖျင်းဆုံး။

သားကွဲ မယားကွဲနေရခြင်းသည် စိတ်အဆင်းရဲဆုံး။

သိက္ခာကို ရောင်းစားလိုက်ရခြင်းသည် ရှက်စရာအကောင်းဆုံး။

သေသည်အထိ ယောင်နနဖြစ်နေရခြင်းသည် ၀မ်းနည်းစရာအကောင်းဆုံး။



လေပေးဖြောင့်လျှင် အခွန်းတစ်ထောင်ပြောသော်လည်း မများပါ။

အမြင် မတူသော် တစ်ခွန်းပြောသော် များသည်ထင်။

orkut scraps

Send a Thinking of You Scrap Today


စကား အပြောမှားလျှင် စိတ်မချမ်းသာဖြစ်ရ။

အမှားလုပ်မိလျှင် အချိန်ကြာကြာ ၀မ်းနည်းရ။

ကူညီမှားလျှင် ပတ်ဝန်းကျင်မှာ မျက်နှာပြလို့မရ။

လူကို မှားယုံမိပြီး ကူညီဖို့ ပြောမိလျှင် တစ်သက်လုံးနောင်တရ။

စာရေးဆရာမောင်မောင်လှိုင်ရဲ့စာတွေပါ
အရမ်းကြိုက်လွန်းလို့ပြန်လည်မျှဝေလိုက်တာပါ။

စစ်တွေတွင် အင်တာနက်ဆိုင်များကို ကန့်သတ်မူ ပိုများလာ

စစ်တွေရှိ အင်တာနက်ဆိုင်များကို အာဏာပိုင်များက ယခင်ကထက် ယခုအခါ ကန့်သတ်မူများ ပိုမို များပြားလာသည်ဟု အင်တာနက်ဆိုင်နှင့် ရင်းနှီးသူ လူငယ် တဦးက ပြောသည်။

"စစ်တွေမှာရှိတဲ့ အင်တာနက်ဆိုင်တိုင်းမှာ သီးသန့် အခန်းတခုကို ရဲက ဖွင့်ခိုင်းပီး ကွန်ပျူတာ တလုံးကို ထိုင်ထားခိုင်းပါတယ်။ အဲဒီကွန်ပျူတာကို ဆိုင်ထဲက အင်တာနက်လုပ်တဲ့ တခြား ကွန်ပျူတာတွေနဲ့ ဆက်သွယ်ထားခိုင်းပါတယ်။ အင်တာနက်လာလုပ်တဲ့ လူတိုင်းရဲ့ အီးမေးလ် အကောင့်နဲ့သူဆက်သွယ်သူရဲ့ အီးမေးလ် အကောင့်၊ ရေးသားတဲ့ အကြောင်းအရာတွေ အားလုံး ဆိုင်ခန်းထဲက ကွန်ပျူတာမှာ ပေါ်လာပါတယ်။ အဲဒါကို အင်တာနက်ဆိုင်မှာထိုင်တဲ့ အော်ပရေတာက လိုက်မှတ်ထားရပါတယ်။ ညနေပိုင်း ရဲက လာစစ်တဲ့အခါ သူမှတ်ထားတဲ့မှတ်တမ်းကို ရဲကို ပေးရပါတယ်" ဟု သူက ပြောသည်။

ယခုကဲ့သို့ ကန့်သတ်ချက်များမှာ စစ်တွေမြို့ အင်တာနက်ဆိုင်များမှ တဆင့် အရေးကြီးသော သတင်းအချက်အလက်များနှင့် ဓါတ်ပုံများ ပြည်ပသို့ နေ့စဉ် ပေါက်ကြားနေသဖြင့် ဖြစ်သည်ဟု သူက ပြောသည်။

စစ်တွေမှ အင်တာနက်ဆိုင်ရှင်တဦးမှလည်း ယခုကဲ့သို့ ကန့်သတ်မူများကို တိုးပွားလာခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားသည်။

သူက " ကျွန်တော်တို့ သူတို့ ပြောတဲ့အတိုင်း လိုက်မလုပ်လို့ မရဘူး။ သူပြောတာကို မလိုက်နာရင် ဆိုင်ကို ပိတ်ခိုင်းနိုင်တဲ့အတွက် လိုက်လုပ်ပေးနေရပါတယ်။ ဒီမှာ အသုံးပြုနေတာကတော့
VNC ဆိုတဲ့ Software တခုကို အသုံးပြုပြီး Remote PC control နဲ့ တခြားကွန်ပျူတာက အချက်အလက်တွေကို ယူနေကြတာပါ။ အဓိကတော့ အင်တာနက် ချက်တဲ့ လူတိုင်းရဲ့ သူတို့ဆီက အချက်အလက်တွေကို ရယူထားလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

အဆိုပါ အင်တာနက်သုံးသူများ၏ အချက်အလက်များကို ညနေပိုင်း စသုံးလုံးမှ ရဲအဖွဲ့ဝင်များ ရောက်လာသောအခါ ပေးအပ်ရသည်ဟု သိရသည်။

"ခုလို လုပ်ထားတာကို တချို့လည်း သိတဲ့အတွက် အီးမေးလ် အင်တာနက်တွေ လုပ်တဲအခါ မဆိုင်တဲ့ စာရေးသားပေးပို့တာတွေကို ရှောင်ရှားကြပါတယ်။ ပီးတော့ ခုလို လုပ်ထားတဲ့အတွက် လူတွေကတော့ အရေးကြီးတဲ့ အကြောင်းအရာတွေထက် သာမန်ကိစ္စတွေကိုဘဲ အင်တာနက်ထဲက ရေးသားပေးပို့နေတာကို တွေ့ရပါတယ်" ဟု သူက ပြောသည်။

၎င်းပြင် စစ်တွေရှိ အင်တာနက်ဆိုင်တချို့တွင် မလိုအပ်သော ပြည်ပမှ ၀ိုက်ဆိုက်များကိုလည်း မဖွင့်ရန် စာရေးကပ်ထားကာ တားမြစ် ပိတ်ပင်ထားသည်ဟု သိရသည်။

စစ်တွေတွင်
Kiss, winer, informatics, Rota, Information center, wisdom city စသည့် ဆိုင်များ အပါအ၀င် အင်တာနက်ဆိုင် ၁၀ ဆိုင်ခန့်ရှိပြီး လာရောက်လည်ပတ်သူ အများစုမှာ ကျောင်းသား ကျောင်းသူများ ဖြစ်ကြသည်ဟု သိရသည်။ တနာရီ အီးမေးလ် ချက်ခမှာ ကျပ် ၅၀၀ ဖြစ်သည်ဟု သိရသည်။
မူရင်း ။ ။http://www.narinjara.com/detailsbur.asp?id=2334

ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မရှိခြင်းအပေါ် Google တောင်းပန်


ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။

လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)

Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။

ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။

ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။

နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။
မူရင်း ။ ။ ဧရာဝတီ

မိုဟာမက်နဲ့ ရိကုန်း ဘယ်လမ်းကို ရွေးမှာတုန်း


၂၀၁၀ မှာ ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်လို့ ကြေညာထားတဲ့ နအဖအနေနဲ့ အခုအချိန်အထိ ရွေးကောက်ပွဲ ဥပဒေအပါအ၀င် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဘာအခင်းအကျင်း တစုံတရာကိုမှ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပေမယ့် မြန်မာပြည် နိုင်ငံရေးလောကမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အသံတွေတော့ တစထက်တစ ကျယ်လောင်လာနေတယ်။ တချိန်တည်းမှာ နိုင်ငံရေးအရ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွကိုလည်း ရောက်လို့လာနေပါပြီ။ အဲဒါကတော့ နအဖအနေနဲ့ ရွှေဂုံတိုင်ကြေညာချက်ကို လိုက်လျောမယ်၊ မလိုက်လျောဘူး။ အကယ်၍ မလိုက်လျောဘူးဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်မယ်မ၀င်ဘူးဆိုတာ အဆုံးအဖြတ်ပေးရမယ့် လမ်းဆုံလမ်းခွပါပဲ။

ဒီအခြေအနေမှာ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ဟိုဖားဒီဖား နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများ၊ နိုင်ငံရေးသမားပျက်များ ပြောကြရေးကြတဲ့ အသံတွေကိုလည်း အမျိုးမျိုး ကြားနေရပါတယ်။ ဒီအသံတွေ အမျိုးမျိုးကြားထဲမှာ နိုင်ငံရေးသမားပျက်များရဲ့ အသံတွေကို ပိုမိုကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။

ဒီနေရာမှာ နိုင်ငံရေးသမားပျက်ဆိုသူများနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် ရှေးလူကြီးသူမများရဲ့ ဆိုရိုးစကားတခုရှိပါတယ်။ သုံးလင်ပြောင်းတဲ့ မိန်းမများကို မိန်းမပျက်များအဖြစ် ပြောလေ့ဆိုထ ရှိကြပါတယ်။ နိုင်ငံရေးနယ်ပယ်မှာလည်း ခေတ်အဆက်ဆက် နိုင်ငံရေးပါတီများကို ထည်လဲပြောင်းပြီး အသွင်ပြောင်းခဲ့ကြတဲ့ နိုင်ငံရေးသမားများကို နိုင်ငံရေးအသိုင်းအ၀ိုင်းက နိုင်ငံရေးသမားပျက်လို့ ခေါ်ဆိုသမုတ်လေ့ရှိပါတယ်။

အဲဒီနိုင်ငံရေးသမားပျက်တွေဟာ အတွေ့အကြုံကလည်းများ၊ မလိမ့်တပတ် ဉာဏ်နီဉာဏ်နက် ပရိယာယ်တွေကလည်း ကြွယ်ကြွယ်ဆိုတော့ သူတို့ရဲ့ရေးသား ပြောဆိုချက်တွေဟာ အတိုင်းအတာတခုအထိ လူငယ်တွေရဲ့စိတ်ကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ရွေးကောက်ပွဲနိုင်ငံရေး၊ ရွေးကောက်ပွဲသည်သာ တခုတည်းသော နိုင်ငံရေးလမ်းကြောင်း၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာထက်စာရင် ရှိတာကောင်းတယ်၊ တွေ့ဆုံဆွေးနွေးရေးဆိုတာ အဆင်တန်ဆာပဲဖြစ်တယ်။ တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတာဟာ မိုက်မဲရာကျတယ် … စတာတွေအပြင် ဟိုစာအုပ် ဒီစာအုပ်က စကားလုံး အသစ်အဆန်းတွေကိုယူပြီး ကျမ်းကိုးကျမ်းကားလိုလိုနဲ့ သုံးနှုန်းရေးသားပြီး နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို တနည်းအားဖြင့် နအဖရဲ့ ရာသက်ပန် စိုးမိုးခြယ်လှယ်မယ့် စစ်အုပ်ချုပ်ရေးကို ရှေ့နေလိုက်သူကလိုက်၊ သိဒ္ဓိတင်သူကတင်၊ အမွှမ်းတင်ခြယ်မှုန်းသူက ခြယ်မှုန်းပြီး ရေးသားပြောဆို နေကြတာဟာ သာမန်ပြည်သူတွေအဖို့ နိုင်ငံရေးပိဋိကတ်အိုးကွဲတွေ မဟုတ်ကြတဲ့အပြင် နအဖခေတ်ရဲ့ အလွန်ကြီးမားတဲ့ ကုန်ဈေးနှုန်းရဲ့ဖိစီးမှုကို အလူးအလဲ ခံနေကြရတာမို့ အများစုက စိတ်မ၀င်စားကြပေမယ့် တချို့လူတွေမှာတော့ မျက်စိလည် နားရှုပ်ထွေးစရာ ဖြစ်ကြရပါတယ်။ အထူးသဖြင့် လူငယ်တွေရဲ့စိတ်ကို အဆိပ်အတောက် ဖြစ်စေတာတော့ အမှန်ပါပဲ။

ဒါပေမယ့် နိုင်ငံရေးဖော်လံဖားများ၊ နိုင်ငံရေးစားဖားများနဲ့ နိုင်ငံရေးသမားပျက်များက ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုပဲ အမွှမ်းတင်တင် ဘယ်လိုပဲ ရှေ့နေလိုက်လိုက် အဓိက အရေးကြီးတာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်သာလျှင် မြန်မာပြည်သူများအတွက် အဓိကကျပါတယ်။ ဒီနေ့အချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲကို ၀င်မယ် မ၀င်ဘူးရယ်လို့ ယတိပြတ် မဆုံးဖြတ်ရသေးပါဘူး။ ဒီလိုဆုံးဖြတ်ဖို့ အချိန်စောလွန်းသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဉာဏ်ဝင်းကတဆင့် ပြောကြားခဲ့တာကိုလည်း ကြားသိရပါတယ်။

ဒါပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွှေဂုံတိုင်ကြေညာချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပါတယ်။ ဒီကြေညာချက်အပေါ်မှာ တစုံတရာ လိုက်လျောမှုမရှိဘူး၊ တွေ့ဆုံဆွေးနွေးမှုလည်း မလုပ်ဘူးဆိုရင် ရွေးကောက်ပွဲကို စဉ်းစားမှာမဟုတ်ဘူး။ ဒီရွှေဂုံတိုင်ကြေညာချက်ပါ အချက်အလက်တွေဟာလည်း ပါတီရဲ့ မူလဘူတ မူဝါဒများ ဖြစ်ကြတယ်။ ဒါကြောင့် ဒီမူဝါဒတွေကို မလိုအပ်ဘဲနဲ့ စွန့်လွှတ်မှာမဟုတ်ဘူး” ဆိုတာကို ထပ်ခါတလဲလဲ ပြောနေတာတွေကိုလည်း ကြားရပါတယ်။

ဒါဟာ ပါတီဝင်အများစုနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးရဲ့ ဆန္ဒသဘောထားတွေကို ထင်ဟပ်ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးဆက်လုပ်မလဲ၊ ရွှေဂုံတိုင်ကြေညာချက်ဆိုတာဟာလည်း အလျော့အတင်းလုပ်လို့ ရတယ်ဆိုတဲ့ ပြောသံဆိုသံတွေကိုလည်း ကြားနေရပါတယ်။ ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲ၊ ပါတီမရှိရင် ဘယ်လိုနိုင်ငံရေးလုပ်မလဲဆိုတာနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးလိုပါတယ်။

တပါတီအာဏာရှင်စနစ်အောက်မှာ ကျောင်းသားတွေနဲ့ ရဟန်းရှင်လူပြည်သူတွေဟာ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတိုက်ပွဲတွေကို ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားဆောင်ရွက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဥပမာ - ကျွန်းဆွယ်တိုက်ပွဲ၊ အလုပ်သမားတိုက်ပွဲ၊ ကျောင်းသားတိုက်ပွဲများနဲ့ နောက်ဆုံးမှာ ၈၈ ပြည်သူ့အရေးတော်ပုံအထိ ပုံသဏ္ဌာန်အမျိုးမျိုးနှင့် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ဒီလိုတိုက်ပွဲဝင်ကြရာမှာ ဘယ်ပါတီရဲ့ ဦးဆောင်မှုမှမရှိသလို ဒီတိုက်ပွဲဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေဟာလည်း တပါတီအာဏာရှင်စနစ်က ကျင်းပပေးခဲ့တဲ့ မည်သည့်ရွေးကောက်ပွဲကိုမှလည်း မ၀င်ခဲ့ကြပါဘူး။

အလားတူ ဒီဘက်ခေတ်မှာလည်း ၀ါရင့်နိုင်ငံရေးသမားကြီးများအပါအ၀င် တိုင်းရင်းသားပါတီအချို့နဲ့ အခြားနိုင်ငံရေးအင်အားစုအသီးသီးဟာ တရားဝင် နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံထားရပေမယ့် ယနေ့ဗမာပြည် နိုင်ငံရေးလောကမှာ ဆက်လက်ရှင်သန်လှုပ်ရှားနေဆဲပါပဲ။ ဒါတွေကို သုံးသပ်ခြင်းအားဖြင့် နိုင်ငံရေးပါတီ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရွေးကောက်ပွဲကို ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ နိုင်ငံရေးကို လုပ်လိုတဲ့ဆန္ဒသာ ပဓာနကျပါတယ်။

ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ရင်လည်း နိုင်ငံရေးလုပ်ချင်တဲ့ ဆန္ဒသာရှိမယ်ဆိုရင် တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်၊ ဒီမိုကရေစီရေးအတွက် နိုင်ငံရေးကို ဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေဟာ နအဖခိုင်းသမျှ လုပ်တာထက် မိမိပါတီရဲ့မူဝါဒပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်ပြီး ဒီမူဝါဒတွေကို အကောင်အထည်ပေါ်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ ပါတီရဲ့မူဝါဒဆိုတာဟာ ပြုလွယ်၊ ပြင်လွယ်၊ ပြောင်းလွယ်ဖြစ်ရမယ်ဆိုပေမယ့် မလိုအပ်ဘဲနဲ့ မူတွေကို စွန့်တာမျိုး မဖြစ်သင့်ပါဘူး။ အကယ်၍ နအဖနဲ့ တွေ့ဆုံဆွေးနွေးလို့ ညှိနှိုင်းရရှိလာတဲ့အပေါ်မှာ မူဝါဒတချို့ကို ပြင်သင့်ရင် ပြင်ရပြောင်းရမှာဖြစ်ပါတယ်။ ဒါပေမယ့် မလိုအပ်ဘဲနဲ့ အခြေအနေမဲ့၊ မူမဲ့ ပြောင်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

အခုတလော အချို့က ရွှေဂုံတိုင်ကြေညာချက်က ဘယ်လိုပဲဆိုဆို၊ ဘယ်လိုပဲရှိရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားသာ အဓိကဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကသာ ပြင်မယ်ဆိုရင် ရွှေဂုံတိုင်ကြေညာချက်ကို ပြင်လို့ရပါတယ်လို့ ပြောသံတွေလည်း ကြားနေရပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့အားလုံး ပစ်ပယ်လို့မရတဲ့ ပါတီရဲ့ အဓိကခေါင်းဆောင်တယောက်ဖြစ်ပေမယ့် ပါတီမှာ အများက ဆုံးဖြတ်ထားတဲ့ မူဝါဒတွေကို မိမိတဦးတည်းသဘောနဲ့ ပြောင်းဖို့ဆိုတာ မဖြစ်နိုင်သလို ဖြစ်လည်းမဖြစ်သင့်ပါဘူး။ အကယ်၍ လူတချို့က မလိုအပ်ဘဲ မူဝါဒတွေကို ပြောင်းဖို့ကြိုးစားခဲ့ရင်လည်း ဒီကြိုးပမ်းအားထုတ်မှုအပေါ်မှာ သူကိုယ်တိုင် ထောက်ခံလိမ့်မယ်လို့ မထင်ပါဘူး။

ဒီနေရာမှာ အနှစ်နှစ်ဆယ်ကျော် ဖြတ်သန်းခဲ့တဲ့ န၀တ၊ နအဖခေတ်ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေကို သင်ခန်းစာအနေနဲ့ ယူသင့်ပါတယ်။ ၈၈ ပြည်သူ့အရေးတော်ပုံကြီး ရက်ရက်စက်စက် ဖြိုခွဲခံရပြီးနောက်ပိုင်းမှာ န၀တ၊ နအဖအာဏာပိုင်တွေက နိုင်ငံရေးပါတီတွေ ထောင်ကြပါ၊ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်ဆိုတဲ့ မြူဆွယ်မှုတွေနဲ့ နိုင်ငံရေးသမားတွေကို ဆွဲဆောင်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ အောင်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရမယ့်အစား နိုင်ငံရေးသမားတွေက အပြေးအလွှား နိုင်ငံရေးပါတီတွေ ထောင်ခဲ့ကြပါတယ်။ ဒီအချိန်ကာလဟာ ကျဆုံးသွားတဲ့ တိုက်ပွဲဝင်ပြည်သူတွေရဲ့ သွေးတွေတောင် မခြောက်သေးပါဘူး။ ဒီကြားထဲက ရွေးကောက်ပွဲဝင်ဖို့ ပြင်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲဥပဒေမှာ အာဏာလွှဲပြောင်းဖို့ တိတိကျကျ ဖော်ပြထားတာ မပါရှိတာကို သိကြပေမယ့် ရွေးကောက်ပွဲကို ၀င်ခဲ့ကြပါတယ်။

ရွေးကောက်ပွဲဝင်ပြီးလို့ အနိုင်ရပြန်တော့လည်း အာဏာလွှဲပြောင်းဖို့ဆိုတာကို န၀တက တခွန်းတပါဒမှမပြောဘဲ ၁/၉၀ ကို လက်မှတ်ထိုးခိုင်းခဲ့ပါတယ်။ ဒီနေရာမှာ နိုင်ငံရေးပါတီတွေဟာ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ်၊ ကိုယ်အတွေးစိတ်ကူးနဲ့ကိုယ် ၁/၉၀ အပေါ်မှာ မျှော်လင့်ချက် ထားခဲ့ကြပါတယ်။ န၀တကတော့ ဒီ ၁/၉၀ ကိုလည်းပဲ စက္ကူစုတ်လို သဘောထားပြီး အမျိုးသားညီလာခံကို ကျင်းပခဲ့ပါတယ်။ ဒီလို န၀တက အမျိုးသားညီလာခံ ကျင်းပပြန်တော့လည်း န၀တရဲ့ခိုင်းစေချက်နဲ့အညီ နိုင်ငံရေးပါတီတွေက အမျိုးသားညီလာခံကို တက်ခဲ့ကြပါတယ်။ အမျိုးသားညီလာခံမှာ မိမိတို့မျှော်လင့်သလို ဖြစ်မလာတော့မှ ဒီညီလာခံကို စွန့်ခွာထွက်ခဲ့ကြပါတယ်။

အခုလည်းပဲ နအဖက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲကို ဆင်ခြေဆင်လက်ပေးပြီးတော့ ရွေးကောက်ပွဲကို ၀င်ကြဦးမှာလား။ အကယ်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ မူတွေကိုစွန့်ပြီး ရွေးကောက်ပွဲကို ၀င်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးဟာ နအဖရဲ့ စစ်အုပ်ချုပ်ရေးနွံထဲက ဘယ်တော့များ ရုန်းထွက်နိုင်မလဲဆိုတာကို မခန့်မှန်းတတ် လောက်အောင်၊ မတွေးဝံ့လောက်အောင်ပါပဲ။

ဒီနေရာမှာ နိုင်ငံရေးပါတီတွေ နိုင်ငံရေးသမားတွေဟာ မိုဟာမက်နဲ့ တောင်ကြီးဆိုတဲ့ အာရပ်ပုံပြင်တပုဒ်ထဲက မိုဟာမက်လို ဖြစ်နေပါတယ်။ မိုဟာမက်ဟာ တောင်ကြီး သူ့ဆီကိုလာဖို့ ဂါထာမန္တာန်တွေနဲ့ မန်းမှုတ်ခဲ့ပေမယ့် တောင်ကြီးက သူ့ဆီကို မလာပါဘူး။ တောင်ကြီးက သူ့ဆီကိုမလာတော့ တောင်ကြီးဆီကို မိုဟာမက်က သွားခဲ့ရပါတယ်။ နိုင်ငံရေးသမားတွေဟာလည်း အမျိုးမျိုးသော ကြေညာချက်တွေနဲ့ တောင်းဆိုခဲ့ကြပေမယ့် န၀တ/ နအဖက မလိုက်လျောတဲ့အခါ န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ကြပါတယ်။

န၀တ/နအဖ ခိုင်းသမျှ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် ပြည်သူတွေ မျှော်မှန်းတဲ့အရာဆိုလို့ ဘာတခုများ ရခဲ့ပါသလဲ။ ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ဖို့ လမ်းကြောင်းအစကိုများ ရောက်နိုင်ဖို့ ပိုးစုန်းကြူးလို အလင်းရောင်ကလေးများ မြင်ရပါသလား။ ခုထိ ဘာတခုမှ ရခဲ့တာကိုတော့ မတွေ့ရပါဘူး။ အခု ၂၀၁၀ ရွေးကောက်ပွဲကရော ပြည်သူ့အကျိုးအတွက်၊ ဒီမိုကရေစီရေးအတွက် ဘာမှ မျှော်လင့်စရာမရှိဘူးဆိုရင် ကိုယ့်ရဲ့ပါတီမူဝါဒပေါ်မှာ စွဲစွဲမြဲမြဲရပ်ပြီး ဒီမိုကရေစီရေးတိုက်ပွဲကို ဦးစီးဦးဆောင်ပြုရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးလို့ ထင်ပါတယ်။

ဒီနေရာမှာ ရွေးကောက်ပွဲမ၀င်ရင် ဘာလုပ်မလဲဆိုတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ ပြောစကားနဲ့ ပတ်သက်လို့ ပုံပြင်လေးတပုဒ်နဲ့ပဲ လက်ဆောင်ပါးလိုက်ပါရစေ။ တခါက တရုတ်ပြည်မှာ ရိကုန်းဆိုတဲ့ လယ်သမားကြီးတယောက်ရှိပါတယ်။ သူ့မှာ သားနှစ်ယောက်လည်း ရှိပါတယ်။ ရိကုန်းဟာ သားနှစ်ယောက်နဲ့အတူ ရွာနဲ့ မနီးမဝေးမှာရှိတဲ့ သူပိုင်လယ်ထဲကို နေ့စဉ်အလုပ်သွားလုပ်ရပါတယ်။ ဒီလို လယ်ထဲကို အလုပ်ဆင်းရာမှာ ရွာနဲ့ လယ်တောရဲ့အကြားမှာ အလွန်ကြီးမားတဲ့ တောင်ကြီးတတောင် ရှိပါတယ်။ လယ်သွားလုပ်ရာမှာ ဒီတောင်ကြီးကို အသွားတခေါက် အပြန်တခေါက် ကျော်ဖြတ်ရပါတယ်။ ဒီတောင်ကို ကျော်ဖြတ်ရတာဟာ လယ်လုပ်ရတာထက် ပင်ပန်းပါတယ်။

တနေ့မှာ ရိကုန်းက ဒီတောင်ကို ဖြိုဖို့စဉ်းစားပြီးတော့ သားနှစ်ယောက်နဲ့အတူ ပေါက်တူး၊ ပေါက်ချွန်း၊ ပေါက်ပြားတွေနဲ့ ဒီတောင်ကြီးကို စတင်ဖြိုပါတယ်။ ဒီအချိန်မှာ ရွာအနီးအနားက လူတွေက “ရိကုန်း နင် ရူးနေပြီလား၊ ဒီလောက်ကြီးတဲ့ တောင်ကြီး ဘယ်တော့ပြိုမှာလဲ” ရယ်လို့ မေးပါတယ်။ ရိကုန်းကလည်း “ငါ မရူးဘူး။ ဒီတောင်ကြီးဟာ ခင်ဗျားတို့ ပြောသလို ကြီးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒီ့ထက် ထပ်မကြီးနိုင်တော့ပါဘူး။ ငါသေသွားရင် ငါ့သားတွေရှိတယ်၊ ငါ့သားတွေ သေသွားရင် ငါ့မြေးငါ့မြစ်တွေ ရှိတယ်။ ဒီတောင်ကြီး ဘယ်လောက်ပဲကြီးကြီး တနေ့မှာ ပြိုကိုပြိုရမယ်” ဆိုပြီး ဇွဲနပဲနဲ့ တောင်ကြီးကို ဖြိုနေလိုက်တာ တနေ့သောအခါမှာ မိုးနတ်မင်းကြီးက မနေနိုင်လို့ တောင်ကြီးကို ဖယ်ပေးရပါတယ်။ ဒီပုံပြင်လေးနဲ့ပဲ အဆုံးသတ်ပါရစေ။ ။
အောင်ဇံ
၁၈/ ဖေဖော်ဝါရီ ၂၀၁၀
မူရင်း ။ ။ ခေတ်ပြိုင်

ဒေါ်စုလွတ်ရေးကိစ္စ အန်အယ်ဒီက ကုလသံကို တင်ပြ



ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်း ကုလသံတမန် မစ္စတာ ကွင်တားနားကို အန်အယ်ဒီ ဗဟို အလုပ်အမှုဆောင် CEC က ယနေ့ ပြောဆိုလိုက်သည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် မဖြစ်မနေ ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း အန်အယ်ဒီ CEC အဖွဲ့ဝင် ၅ ဦးက ကုလသံတမန်ကို ရန်ကုန် မြရိပ်ညို ရွိုင်ရယ်ဟိုတယ်၌ ယနေ့ ညနေပိုင်းတွင် တနာရီကြာ တွေ့ဆုံခွင့် ရရှိခဲ့စဉ် ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။

''ဒေါ်အောင်ဆန်းစုကြည် လွတ်ရေးကို ကျနော်တို့ ပြောတယ်၊ တောင်းဆိုပါတယ်။ လွတ်ရေးအတွက် တောင်းဆိုသွားဖို့ လိုအပ်ပါတယ်လို့ ကျနော်တို့ ပြောလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ရာအတွက် တိုက်တွန်းပါတယ်ဆိုတဲ့အခါ သူ့အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်ပါတယ်လို့ ပြောပါတယ်'' ဟု ယနေ့ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် အန်အယ်ဒီ CEC အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

တွေ့ဆုံပွဲတွင် ယခုလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်ဒီ ဒုဥက္ကဋ္ဌ ဦးတင်ဦး ဦးဆောင်ခဲ့ပြီး၊ CEC အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွန့်ဝေနှင့် ဦးသန်းထွန်းတို့ တက်ရောက်ခဲ့သည်။

ဦးခင်မောင်ဆွေက “မစ္စတာ ကွင်တားနား ပြောတာက အန်အယ်ဒီ CEC တွေနဲ့ စုံစုံညီညီ တွေ့ရတာ သိပ်ပြီး ဝမ်းသာတဲ့အကြောင်း၊ ဒါမျိုး တွေ့ရတဲ့အတွက် သူ့မှာ အားရှိကြောင်း၊ ဆွေးနွေးတဲ့ ကိစ္စတွေကိုလည်း မှတ်သားပြီး ပြန်တင်ပြမယ့်အကြောင်းတွေ ပြောပါတယ်” ဟု မဇ္ဈိမကို ပြန်ပြောပြသည်။

အန်အယ်ဒီက စစ်အစိုးရသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုထားပုံ၊ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရန်နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြန်လည်၍ ပြင်ဆင်ပေးရန် လိုအပ်ပုံများကို တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် ဧပြီလအတွင်းက ကျင်းပခဲ့သည့် ပြည်နယ်/တိုင်း ပါတီကိုယ်စားလှယ်များ၊ လွှတ်တော်အမတ်များ၊ ဗဟိုခေါင်းဆောင်များ မျက်နှာစုံညီ အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းအတိုင်း ရပ်တည်သွားမည်ဖြစ်သဖြင့် လက်ရှိတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရေး၊ မယှဉ်ပြိုင်ရေးကိစ္စ မစဉ်းစားသေးကြောင်းလည်း တင်ပြခဲ့ကြသည်။

ဦးဝင်းတင်က ''လူ့အခွင့်အရေးက အရေးကြီးပါတယ်။ အရေးကြီးပေမယ့် နိုင်ငံရေး အခြေခံတွေ ကင်းလွတ်လို့ မရဘူး။ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စဉ်းစားချက် မရှိဘူး၊ ရွှေဂုံတိုင်အပေါ် ရပ်တည်မယ်။ ရွှေဂုံတိုင် ပြဿနာဟာ နိုင်ငံရေး ပြဿနာပဲ။ လူ့အခွင့်အရေး ပြဿနာတခုထဲဆိုရင် လာမယ့် ရွေးကောက်ပွဲလိုဟာမျိုးပေါ့၊ လွတ်လပ်စွာ ရွေးချယ်ခွင့်၊ မဲပေးခွင့် ဆိုတာမျိုးပေါ့။ သို့သော် နိုင်ငံရေးပြဿနာတွေကို စဉ်းစားရလိမ့်မယ်။ နိုင်ငံရေးပြဿနာတွေနဲ့ ပတ်သက်လို့ အားလုံး ပါဝင်ပတ်သက်ရေး၊ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ဘေးမရောက်ရေး၊ အန်အယ်ဒီပါတီမျိုး ပါဝင်လှုပ်ရှားနိုင်ဖို့၊ နိုင်ငံရေး ဖြစ်စဉ်တခုလုံးထဲမှာ ပါဝင်လှုပ်ရှားနိုင်တဲ့ အနေအထားတွေ မရှိဘူးဆိုရင် ဘာမှ လုပ်လို့ မရဘူး'' ဟု ပြောသည်။

ရွှေဂုံတိုင် ကြေညာစာတမ်းတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေ ပြန်လည်ပြင်ရေး၊ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးနှင့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တစုံတရာ အသိအမှတ်ပြုရေးတို့ လိုအပ်ကြောင်း ပါရှိသည်။

ယနေ့ တွေ့ဆုံပွဲတွင် ပါတီအောက်ခြေ အဖွဲ့များ လွတ်လပ်စွာ ဖွဲ့ခွင့်မရကြောင်းနှင့် ပါတီရုံးများ ချိတ်ပိတ်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ခြင်း ပြုလုပ်ခံထားရကြောင်း မစ္စတာကွင်ကို အန်အယ်ဒီ ခေါင်းဆောင်များက ပြောဆိုခဲ့သည်။

ကုလသံတမန်ကလည်း မနက်ဖြန်တွင် စစ်အစိုးရ နေပြည်တော်သို့ သွားရောက်ပြီးနောက် ပြန်လာမည်ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေး မျှော်လင့်ထားကြောင်း တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။ မစ္စတာကွင်၏ မြန်မာပြည်ခရီးစဉ်နှင့် ပတ်သက်၍မူ ကျေနပ်မှုရှိကြောင်း အန်အယ်ဒီက ပြောသည်။

ဦးဝင်းတင်က ''ခရီးစဉ်အပေါ် ကျနော်တို့ ကျေနပ်ပါတယ်။ လူ့အခွင့်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာကို တင်ပြမယ့် အနေအထားတွေ ရှိတဲ့အတွက် ကျေနပ်ပါတယ်။ သို့သော် မြန်မာပြည် ကိစ္စတွေမှာ တကယ်ပြောလို့ ရှိရင် လူ့အခွင့်အရေး ပြဿနာတွေတင် မဟုတ်ဘူး၊ နိုင်ငံရေးပြဿနာတွေလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး အခြေအနေတွေကိုလည်း သဘောပေါက်စေချင်တယ်။ ကုလသမဂ္ဂမှာ ပြန်ပြီးတော့ တင်ပြစေချင်ပါတယ်'' ဟု ပြောသည်။

ယခုလ ၁၅ ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများကို လာရောက်လေ့လာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဂျေး ကွင်တားနား၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း ယခုလ ၁၆-၁၇ ရက်နေ့များတွင် ရခိုင်ပြည်နယ် စစ်တွေနှင့် ဘူးသီးတောင်ထောင်သို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်၌ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ဌာနေကိုယ်စားလှယ် မစ္စတာ စတိဗ် မာရှဲလ် (Mr. Steve Marshall) လည်း သူနှင့်အတူ လိုက်ပါသွားခဲ့သည်။

အစိုးရမဟုတ်သော အဖွဲ့ NGO ၂၀ ကျော်နှင့်လည်း အစည်းအဝေး ပြုလုပ်ခဲ့ပြီးဖြစ်ကာ၊ မစ္စလာမ် ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။

ဘူးသီးတောင်ထောင်တွင် နိုင်ငံရေး အကျဉ်းသားများဖြစ်သော ကိုဋ္ဌေးကြွယ်၊ ကိုထွန်းညို၊ ကိုမြတ်ထွန်း၊ ဦးအာမက်၊ ဦးကျော်မင်း၊ စစ်ထွေအကျဉ်းထောင်တွင် ကိုသန်းတင်၊ ကိုပြည့်ဖြိုးလှိုင်၊ ကိုအောင်ထွန်းမြင့်နှင့် ဦးစန္ဒာသီရိတို့နှင့် တွေ့ဆုံခဲ့သည်ဟု ကုလသမဂ္ဂမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းထံမှ သိရသည်။

ယနေ့တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး နေ့လည် ၁၂ နာရီခန့်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် အင်းစိန်ထောင်သို့ သွားရောက်ကာ နိုင်ငံရေး အကျဉ်းသား အချို့နှင့် တွေ့ဆုံခဲ့သေးသည်။ ၎င်းတို့မှာ ဒေါ်နော်အုန်းလှ၊ မသန်းသန်းဋ္ဌေး၊ ဦးကျော်ဆန်း၊ ကိုကြည်သန်း၊ ကိုမျိုးဝင်း၊ ကိုခိုင်ကျော်မိုးတို့ ဖြစ်သည်။

ရန်ကုန်ရှိ ကုလသမဂ္ဂရုံး ပြန်ကြားရေးဌာနက အင်းစိန်ထောင်အပြီး တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် တွေ့ဆုံမည်ဟု ပြောဆိုခဲ့သော်လည်း အတိုက်အခံ ပါတီတခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့သို့ မည်သည့် အကြောင်းကြားမှုမျိုး မရှိခဲ့ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးပူကျင့်ရှင်းထန်က မဇ္ဈိမကို ပြောသည်။

သူက ''တိုင်းရင်းသား ခေါင်းဆောင်ဆိုတာက နအဖအစိုးရနဲ့ အဆင်ပြေတဲ့၊ အတိုက်အခံပါတီပုံစံ မဟုတ်တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့သာ တွေ့ခိုင်းမယ်လို့ ယူဆရပါတယ်။ အခုချိန်ထိ ကျနော်တို့ကို ဘာမှ အကြောင်းမကြားဘူးဆိုတော့ တွေ့ရဖို့ဆိုတာက မျှော်လင့်ချက် သိပ်မရှိတော့ဘူးပေါ့'' ဟု ပြောသည်။

မနက်ဖြန် ညနေပိုင်းတွင် စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သောကြောင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရေး စစ်အစိုးရထံ တောင်းဆိုထားသည်မှာ အဖြေထွက်လာမည် ဖြစ်သည်။
စိုင်းဇွမ်ဆိုင်း၊ မြင့်မောင် | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၂ နာရီ ၃၁ မိနစ်
(ရဲရင့်အောင် တည်းဖြတ်သည်။)