Monday, April 19, 2010

၉၀ အနိုင်ရ ပါတီအများစု ရွေးကောက်ပွဲ မဝင်

 
ယနေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်သော ပါတီ ၁၉ ခု ရှိပြီ ဖြစ်သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် အများဆုံး အနိုင်ရခဲ့သည့် ပါတီအများစု ရွေးကောက်ပွဲဝင်ရန် မှတ်ပုံ မတင်ကြကြောင်း သိရသည်။

၁၉၉၀ တွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့က ပါတီမှတ်ပုံ မတင်သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကမူ မှတ်ပုံတင်ကြောင်း သိရသည်။

၁၉၉၀ တွင် အမတ်နေရာ ၁၁ နေရာ ရရှိခဲ့သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ၅ နေရာ ရရှိခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့၊ ၄ နေရာရရှိခဲ့သည့် အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ်ပါတီ၊ ၃ နေရာစီရရှိသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီပါတီ၊ ၂ နေရာစီ ရရှိသည့် ဇိုမီး အမျိုးသား ကွန်ဂရက်နှင့် တအောင်း (ပလောင်) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့သည် ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း သိရသည်။ ထိုပါတီများသည် ၁၉၉၂ တွင် ဖျက်သိမ်းခံခဲ့ရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသည့် တည်ဆဲ ပါတီ ၁၀ ခုအနက် ဆက်လက် မှတ်ပုံတင်သော ပါတီ သုံးခုမှာ တ.စ.ည အပါအဝင် ပြည်ထောင်စု ကရင် အမျိုးသားများ အဖွဲ့ချုပ်နှင့်  မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့ (မ.ခ.မ.ည.ဖ) တို့ ဖြစ်သည်။

မှတ်ပုံဆက်တင်သည့် ပါတီဟောင်းများဖြစ်သည့် ပြည်ထောင်စု ကရင် အမျိုးသား အဖွဲ့ချုပ်သည် ၁၉၉၀ တွင် လွှတ်တော် အမတ် တနေရာမျှ မရရှိဘဲ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့က အမတ် တနေရာ ရရှိခဲ့သည်။

မှတ်ပုံတင်ရန် လျှောက်ထားခြင်း မရှိသော ပါတီများတွင် အမတ် ၂၃ နေရာရခဲ့သည့် SNLD အပါအဝင်၊ ၃ နေရာ ရခဲ့သည့် ပြည်ထောင်စု ပအိုဝ်း အမျိုးသားများ အဖွဲ့ချုပ်၊ ၁ နေရာစီ ရခဲ့သည့် ရှမ်းပြည်-ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့်  'ဝ' အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ စသည့်တိုင်းရင်းသား ပါတီများ ပါဝင်သည်။

တည်ဆဲပါတီများ မှတ်ပုံတင်ရန် သတ်မှတ်ထားသည့် ရက် ၆၀ သည် မေလ ၆ ရက်နေ့တွင် ပြည့်မည်ဖြစ်ပြီး လျှောက်ထားခြင်း မရှိသော ပါတီမျာသည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီ အလိုအလျောက် ပျက်ပြယ်မည်ဟု ဧပြီလ ၁၀ ရက်နေ့ထုတ် အစိုးပိုင် ကြေမုံ သတင်းစာက ကြေညာသည်။

နိုင်ငံရေး ပါတီဟောင်းများ မှတ်ပုံ မတင်ခြင်းမှာ ပါတီများသည် NLD နှင့် ချိတ်ဆက် ထားခြင်း၊ ပါတီခေါင်းဆောင်များ အကျဉ်းကျနေခြင်းနှင့် ရွေးကောက်ပွဲသည် လွတ်လပ်၍ မျှတမည် မဟုတ်ဟု ယူဆခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

“မှတ်ပုံတင်တဲ့ ပါတီဟောင်းတွေက NLD နဲ့ မပတ်သက်တဲ့ ပါတီတွေပါ။ အစိုးရနဲ့ နီးစပ်တယ်လို့ ယူဆကြတဲ့ ပါတီတွေလေ။ ပါတီ မျက်နှာသစ်တွေ ပါလာလိမ့်မယ်လို့လည်း မျှော်လင့်ထားပြီးသားပါ” ဟု သူက ဆိုသည်။

NLD ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်ကမူ ပါတီအချို့သည် ရွေးကောက်ပွဲ မဝင်ကြရန် NLD ထက်စော၍ ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

“ပါတီ အသီးသီးရဲ့ အကြောင်းပြချက်က ကွဲပြားပေမယ့် အဓိက အချက်ကတော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ပေးဖို့ပါပဲ” ဟု ဦးဝင်းတင်က ဆိုသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ ၈၇.၆၉ ရာခိုင်နှုန်း ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အများစု ဆန္ဒဖြင့် ပါတီ မှတ်ပုံမတင်ရန် ဆုံးဖြတ်ပြီး ဖြစ်သည်။  ထိုစဉ်က မဲဆန္ဒနယ် ၄၄၇ ခု တွင် ဝင်ပြိုင်ပြီး ကိုယ်စားလှယ် အရေအတွက် ၃၉၂ ရရှိခဲ့သည်။

တစည ပါတီသည် ကွယ်လွန်သူ ဦးနေဝင်း တည်ထောင်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ၁၉၈၈ ခုနှစ်တွင် အမည်ပြောင်း၍ ပြန်လည် ဖွဲ့စည်း ထားခြင်းဖြစ်ပြီး ဒုကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ဟောင်း ဦးထွန်းရီ ခေါင်းဆောင်သည်။ ၁၉၉၀ တွင် မဲဆန္ဒနယ် ၄၃၁ ခု၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ် အရေအတွက် ၁၀ နေရာရပြီး ၂.၄၂ ရာခိုင်နှုန်းသာ အနိုင်ရခဲ့သည်။

၂၀၁၀ အတွက် မှတ်ပုံတင်ကြသည့် ပါတီများ အနက် ဦးအေးလွင် (ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်)၊ သူ၏ ညီဖြစ်သူ ဦးရဲထွန်း (၈၈ မျိုးဆက် ကျောင်းသားလူငယ်များ - ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ဦးထွန်းအောင်ကျော် (ခေတ်သစ်ပြည်သူ့ပါတီ) တို့သည် စစ်အစိုးရ၏ မူဝါဒများကို ထောက်ခံသူများ ဖြစ်သည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက ဆိုသည်။

ဦးအေးလွင်နှင့် ဦးရဲထွန်းတို့သည် ပါတီတရားဝင် မထောင်ခင်ကတည်းကပင် စစ်အစိုးရ၏ အထောက်အပံ့များကို ယူခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့မှုကိုလည်း တက်တက်ကြွကြွ ဆန့်ကျင်ကြသူများ ဖြစ်သည်။

ဦးထွန်းအောင်ကျော်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ညီညွှတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသည် လွှတ်တော် အမတ် တနေရာမျှ မရရှိခဲ့ဘဲ ၁၉၉၂ တွင် ဖျက်သိမ်းခံရသည်။

ဦးထွန်းအောင်ကျော်သည် အလံနီ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၏ ကိုယ်ရေးအရာရှိ အဖြစ် ကိုးနှစ်ကြာ တာဝန်ယူခဲ့ဖူးသည်။ နအဖခေတ်တွင် အောင်မိုးစံ၊ ထွန်းအောင်ကျော် (မာန်အောင်) စသည့် ကလောင်များဖြင့် အစိုးရအာဘော် သတင်းစာများတွင် ဆောင်းပါးများ ရေးသူဖြစ်သည်။

ဦးသုဝေသည် ၁၉၉၀ တွင် ဒီမိုကရေစီ ပါတီအမည်ဖြင့် ဝင်ရောက် အရွေးခံခဲ့ပြီး လွှတ်တော် အမတ် တနေရာ ရဖူးသည်။ ယင်းပါတီသည်လည်း ၁၉၉၂ တွင် ဖျက်သိမ်းခံရသည်။

၂၀၁၀ အတွက် တိုင်းရင်းသား ကိုယ်စားပြု အဖြစ် ကရင်က ၂ ပါတီနှင့် ပအိုဝ်း၊ ကချင်၊ ချင်း၊ ရှမ်းနှင့် ပလောင် တို့က တပါတီစီ မှတ်ပုံတင်ကြသည်။

ကရင်ပြည်သူ့ပါတီ ခေါင်းဆောင် ဒေါက်တာစောဆိုင်မွန်သာသည် ကရင်လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာစစ်အစိုးရ အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် (UKL) နှင့် ကရင် အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) စသည်ဖြင့် ကရင် ပါတီ ၃ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခုတွင် အနိုင်ရဖူးသည်။

ဦးအောင်ခမ်းထီက သူ၏ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ကို ပါတီ မှတ်ပုံတင်သည်။ ဦးအောင်ခမ်းထီ၏ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်သည် ၁၉၉၁ ခုနှစ် ဧပြီလတွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ၁၉၉၃ တွင် အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့သည်။

၁၉၉၀ တွင် ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် အမည်ရှိ ပါတီတခုသည် ဆီဆိုင်၊ ဟိုပုံးနှင့် ပင်လောင်းမြို့နယ် မဲဆန္ဒနယ် ၃ ခုတွင် နိုင်ခဲ့ဖူးသည်။

ကချင်ပြည်နယ် တိုးတက်ရေး ပါတီခေါင်းဆောင်မှာ ဒေါက်တာ မနန်တူးဂျာဖြစ်သည်။ ဒေါက်တာတူးဂျာသည် အပစ်ရပ် အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဌဟောင်း ဖြစ်သည်။

တည်ဆဲ ပါတီ ၁၀ ခုတွင် ၈ ပါတီသည် တိုင်းရင်းသားပါတီများ ဖြစ်ကြောင်း၊ SNLD ကမူ ခေါင်းဆောင်ဖြစ်သော ဦးခွန်ထွန်းဦးကို အကျဉ်းချထားသောကြောင့် မှတ်ပုံတင်ရန် မစဉ်းစားခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။

တည်ဆဲ ပါတီ ၁၀ ခုတွင် အနည်းဆုံး လွှတ်တော် ကိုယ်စားလှယ် တဦးနှင့်အထက် ရွေးချယ်တင်မြှောက်ခံရသည့် အဖွဲ့ ၇ ဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် တဦးမျှ တင်မြှောက်ခြင်း မခံရသည့် အဖွဲ့ ၃ ဖွဲ့ရှိသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုအပ်ပြီး ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိကြောင်း ပြောကြားသည်။

“တရားဝင် ၁၀ ပါတီအနက် အများစု တိုင်းရင်းသား ပါတီတွေက မှတ်ပုံ မတင်ကြဘူး၊ အဓိကကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်ပဲလေ၊ ရွေးကောက်ပွဲတော့ ဖြစ်မယ်၊ ပြည်သူနဲ့ နိုင်ငံတကာက လက်ခံနိုင်မယ့် ရွေးကောက်ပွဲ ဖြစ်လာလိမ့်မယ်တော့ မထင်ဘူး” ဟု ဦးအေးသာအောင်က ဧရာဝတီသို့ ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၃ ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၂၀၉ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈၇ ဦး၊ စုစုပေါင်း ၂၂၉၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်ပေါင်း ၄၈၅ ခု ရှိခဲ့သည်။ ယင်းတို့အနက် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၇၉ ဦးနှင့် တသီးပုဂ္ဂလ ၆ ဦး ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

ရင်းမြစ်။ ။http://www.irrawaddy.org/bur/index.php/news/1-news/3007-2010-04-19-11-56-22

ခွက်စောင်းခုတ်နိုင်ငံရေးနဲ့ ဂိုဏ်းဂဏဓလေ့

ခွက်စောင်းခုတ်တယ်ဆိုတာဟာ ဘ၀တူအချင်းချင်း ရန်လုပ်တာဖြစ်တယ်လို့ ၁၉၇၈ ခုနှစ်ထုတ် မြန်မာစာအဖွဲ့ရဲ့ မြန်မာအဘိဓာန် အကျဉ်းချုပ်မှာ အဓိပ္ပာယ်ဖွင့်ထားတယ်။ စစ်ဗိုလ်အချင်းချင်း၊ နိုင်ငံသားအချင်းချင်း၊ ပါတီဝင်အချင်းချင်း ရန်လုပ်ပြီး အာဏာလုကြတာဟာ ခွက်စောင်းခုတ်နိုင်ငံရေးဖြစ်တယ်။ ရွေးကောက်ပွဲဥပဒေနဲ့ ၂၀၀၈ အခြေခံဥပဒေမှာ ခွက်စောင်းခုတ် နိုင်ငံရေးနဲ့ ဂိုဏ်းဂဏစိတ်ဓာတ်ကို အထင်အရှား တွေ့မြင်နိုင်တယ်။

ဂိုဏ်းဂဏစိတ်ဓာတ် အစွန်းရောက်သွားပုံကို ဗိုလ်သန်းရွှေရဲ့ မတ်လ (၂၇) ရက်နေ့ မိန့်ခွန်းမှာ တွေ့နိုင်တယ်။ “ဒို့တပ်မတော်ဟာ အင်အားတောင့်တင်းရမယ်၊ စွမ်းရည်ထက်မြက်ရမယ်၊ ခေတ်မီရမယ်၊ မျိုးချစ်စိတ်ဓာတ်ထက်သန်ရမယ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်ဆိုတာဟာ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကတည်းက ခံယူထားတဲ့ သဘောထားဖြစ်တယ်” လို့ ဗိုလ်သန်းရွှေ ပြောသွားတယ်။ ဗိုလ်သန်းရွှေအုပ်စုဟာ မျိုးချစ်စိတ်ဓာတ် အထက်သန်ဆုံး ဖြစ်နေတယ်။ သူတို့ရဲ့ ဆွေမျိုးသားချင်း ရောင်းရင်းမိတ်ဆွေတွေ ကြီးပွားချမ်းသားနေတာဟာ ဗိုလ်သန်းရွှေဂိုဏ်းရဲ့ အမျိုးချစ်စိတ်ကို သက်သေပြနေတယ်။

တိုင်းပြည်အင်အားရှိမှသာ တိုင်းပြည်ထဲက အဖွဲ့အစည်းတွေလည်း အင်အားရှိနိုင်မယ်ဆိုတာကို စဉ်းစားဉာဏ်ရှိသူတိုင်း သိနိုင်တယ်။ ဒါပေမယ့် ဂိုဏ်းဂဏစိတ် ပြင်းထန်နေတဲ့ ဗိုလ်သန်းရွှေဟာ အများမြင်သလို မမြင်နိုင်ဘူး။ ဒါကြောင့်မို့ လူဦးရေ (၄) သိန်းရှိသောစစ်တပ် အင်အားရှိမှသာ လူဦးရေ သန်း (၅၀) ရှိတဲ့ တိုင်းပြည်အင်အားရှိမယ်လို့ ပြောတာပဲ။ ဒီလိုစိတ်ဓာတ်နဲ့ တိုင်းပြည်ရဲ့ သဘာဝသယံဇာတကို နိုင်ငံခြားရောင်းပြီး ပျဉ်းမနားကြပ်ပြေးမှာ နေပြည်တော် တည်ဆောက်တာဖြစ်တယ်။

နိုင်ငံရေးမှာ စစ်ဗိုလ်ဝင်ရှုပ်လို့ တိုင်းပြည်ပျက်စီးတာကို ပြောရဲတဲ့ စစ်ဗိုလ်ဟောင်းဆိုလို့ အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌလုပ်တဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးတင်ဦးတယောက်ပဲ ရှိတယ်။ စစ်ဗိုလ်ဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေကို နားမလည်ဘူးလို့ ဦးတင်ဦးက ရိုးရိုးသားသားဝန်ခံတယ်။ စစ်ခေါင်းဆောင် ဗိုလ်နေ၀င်းက ဂေါက်သီး ကစားတာ ၀ါသနာပါတော့ စစ်ဗိုလ်တွေအားလုံး ဂေါက်သီးရောဂါစွဲကပ်ကုန်တယ်။ ဒီအထဲမှာ ဦးတင်ဦး မပါဘူး။ သူက ခြင်းခတ် ၀ါသနာပါတဲ့ စစ်ဗိုလ်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံထဲ ဦးတင်ဦး ပါလာတော့ သူ့ကိုထောက်ခံသူတွေ ထပ်ထဲမှာ (၆၅) ရာခိုင်နှုန်းရှိတယ်လို့ ပြောတာကို ဗွီဒီယိုသတင်းမှာ မြင်ဖူးတယ်။ ဒါပေမယ့် လက်ရှိ စစ်မှုထမ်းဟာ အတိအလင်းထောက်ခံရဲတာ မဟုတ်ပါဘူး။ လျှို့ဝှက်မဲပေးစနစ်ကျင့်သုံးရင်တော့ ထောက်ခံနိုင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်ရပ်ကွက်က ထောက်ခံတာဟာ သာဓကပါပဲ။ ဒါပေမယ့် အတိအလင်း အတိုက်အခံဘက်ပါသွားတဲ့ စစ်ဗိုလ်ဟောင်းကို အာဏာရစစ်ဗိုလ်က အငြိုးတကြီးနဲ့ ခွက်စောင်းခုတ်တတ်တာကို စစ်ဗိုလ်ဟောင်းတွေ သိကြတယ်။

ဦးတင်ဦးခေါ်လို့ အဖွဲ့ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်အဖြစ် ၀င်ကူတဲ့ ဗိုလ်ကြီးဟောင်း ၀င်းထိန်ကိစ္စဟာ လူသိများတယ်။ လွတ်ရက်စေ့တာတောင် လွှတ်မပေးဘူး။ ဦးဝင်းထိန်ကို ၁၉၈၉ ဇူလိုင်လမှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး တလလောက် နှိပ်စက်ညှဉ်းပန်းတယ်။ ပြီးတော့ အင်းစိန်ထောင်မှာ (၃) နှစ်နီးပါး တိုက်ပိတ်ထားတယ်။ နောက်တော့ စစ်ခုံရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်လိုက်တယ်။ (၆) နှစ်အကျဉ်းကျပြီး ၁၉၉၅ မှာ လွတ်ငြိမ်းချမ်းသာခွင့်ရပြီး လွတ်လာတယ်။ သွေးတိုးရောဂါ၊ ကျောရိုးဆစ်ရောင်တဲ့ရောဂါ၊ ခေါင်းကိုက်ဝေဒနာ စတာတွေ ရလာတယ်။ ဦးဝင်းထိန်ကို ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူအဖြစ် Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက မှတ်တမ်းတင်ထားတယ်။ ဦးဝင်းထိန်ရဲ့ အဖြစ်ကိုကြည့်ပြီး အန်အယ်လ်ဒီလုပ်တဲ့ စစ်ဗိုလ်ဟောင်းတွေဟာ အာဏာရစစ်ဗိုလ် ငြိုငြင်မှာကို အလွန်ကြောက်ကြတယ်။

ဒါပေမယ့် လွတ်လာပြီးမကြာမီ ၁၉၉၆ မေလမှာ အဖမ်းခံရပြန်ပြီး ထောင် (၁၄) နှစ်ကျသွားတာဟာ နှစ်စေ့ပေမယ့် လွှတ်မပေးသေးဘူး။ ဦးဝင်းထိန်ဟာ စစ်တက္ကသိုလ်မှာ ထိပ်ဆုံးကအောင်တဲ့ စံပြစစ်သည်ပါ။ ဗိုလ်ချုပ်ကြီးတင်ဦးကို ဗိုလ်ချုပ်ကြီးနေ၀င်းက ခွက်စောင်းခုတ်ပြီး ထောင် (၇) နှစ်ချတော့ ဗိုလ်ကြီးဖြစ်နေတဲ့ ဦးဝင်းထိန်ပါ အဖျားခတ်ပြီး အလုပ်ပြုတ်သွားတယ်။ ၁၉၈၈ အရေးတော်ပုံကာလမှာ စစ်တပ်နဲ့ ဆက်သွယ်ဖို့အတွက် စစ်ဗိုလ်အကြောင်း နားလည်သူလိုတယ်ဆိုပြီး ဦးတင်ဦးက ခေါ်ပြန်လို့ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဖြစ်သွားတယ်။ ဒေါ်စုဘက်ပါတဲ့ စစ်ဗိုလ်ဟောင်းတွေ မလှုပ်ရဲအောင် ဦးဝင်းထိန်ကို ခွက်စောင်းခုတ်ပြတာပဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ စစ်ဗိုလ်ဟောင်းတွေ အများအပြားပါဝင်ပေမယ့် စစ်တပ်ကို သူတို့ဘက်ပါအောင် ဘာဖြစ်လို့ မဆွဲဆောင်နိုင်တာလဲလို့ အပြင်လူ အရပ်သားက စဉ်းစားမိတယ်။ စစ်ဗိုလ်ဟောင်းကတောင် စစ်တပ်ကို သူတို့ဘက်ပါအောင် မဆွဲဆာင်နိုင်ရင် အရပ်သားအနေနဲ့ ပိုဝေးတော့မှာပေါ့။ မြန်မာစစ်တပ်မှာ တပည့်မွေး/ဆရာမွေးတဲ့စနစ် ရင့်သန်တယ်။ ဒါကြောင့် ဆရာကို ခွက်စောင်းခုတ်ရင် တပည့်ကိုပါခုတ်ရတယ်။ ကျူပင်ခုတ်ကျူငုတ်မကျန် ဆရာရောတပည့်ပါ ခွက်စောင်းခုတ်ပစ်တာဟာ တပ်တွင်းနိုင်ငံရေးပဲ။

သက်ကြီးရွယ်အိုဖြစ်နေတဲ့ ဗိုလ်နေ၀င်း အကျယ်ချုပ်ဘ၀မှာ သေသွားအောင် ဗိုလ်သန်းရွှေက စီစဉ်နိုင်ပေမယ့် ဗိုလ်နေ၀င်းတပည့် ဗိုလ်ခင်ညွန့်ကိုတော့ မရှင်းပစ်နိုင်ဘဲ ဗိုလ်ချုပ်ကြီးနဲ့ ၀န်ကြီးချုပ်ရာထူးအထိ တိုးပေးခဲ့ရတာ ဗိုလ်သန်းရွှေရဲ့ အားနည်းချက်လို ဖြစ်နေတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ ဗိုလ်ခင်ညွန့်နဲ့အပေါင်းပါတွေကို ခွက်စောင်းခုတ်ပစ်တာပဲ။ ဗိုလ်ခင်ညွန့်ဂိုဏ်းဝင် အင်္ဂလန်သံအမတ်ဟောင်း နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝင်းအောင် ၂၀၀၉ မှာ အင်းစိန်ထောင်မှာ သေသွားတယ်။ အဖွဲ့ချုပ်မှာ ပါဝင်တဲ့ စစ်ဗိုလ်ဟောင်းတွေဟာ ထောင်ကျမှာ သိပ်ကြောက်တယ်။ စစ်ဗိုလ်ဆိုတာ အခိုင်းအစေ အဆောင်အယောင်နဲ့ တသက်လုံးနေလာတော့ ထောင်ကျမခံနိုင်ဘူးပေါ့။

အခုတော့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ဂိုဏ်းနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဂိုဏ်းဆိုပြီး ဂိုဏ်း (၂) ဂိုဏ်းပဲ ကြပ်ပြေးနေပြည်တော်မှာ ရှိတော့တယ်ဆိုပဲ။ မောင်အေးက စစ်သားဆန်ပြီး သန်းရွှေက နိုင်ငံရေးအလွဲသုံးစားလုပ်တဲ့ဘက်က အားသန်တယ်လို့ ပြောကြတယ်။ ကြံ့ဖွံ့တည်ထောင်သူဟာ သန်းရွှေပဲ။ ငါရရွှေမန်းကတော့ သစ္စာရှိကရင် အမျိုးသားအဖြစ် နာမည်ရထားသူဖြစ်တယ်။ မောင်အေးနဲ့သန်းရွှေဟာ အမြဲတမ်းစိတ်တူ သဘောတူ ဖြစ်နေတာမဟုတ်ဘူး။ သူတို့နှစ်ယောက် ဘယ်လိုခွက်စောင်းခုတ်ပြီး ဘယ်လိုဇာတ်သိမ်းမယ်ဆိုတာ သိနိုင်ဖို့ သိပ်မဝေးတော့ဘူးထင်တယ်။

ဗိုလ်နေ၀င်းရဲ့ ခွက်စောင်းခုတ်ဂိုဏ်းဂဏလမ်းစဉ် ဗိုလ်သန်းရွှေက ဆက်လက်ကျင့်သုံးပြီး အာဏာရှင်စနစ် တည်ဆောက်နေတာကြောင့် တပ်ထဲမှာ ယိုယွင်ပျက်စီးပြီး တပ်ပြေးတွေ များပြားလာတယ်။ ၂၀၀၇ ဆန္ဒပြပွဲမှာ အရပ်သားကို ပစ်မသတ်ဖို့ မောင်အေးကလိုလားပြီး သန်းရွှေကတော့ ဘုန်းကြီးပါမကျန်ပစ်သတ်ဖို့ အမိန့်ပေးတယ်လို့ သတင်းထွက်ခဲ့တယ်။ အဲဒီတုန်းက သန်းရွှေရဲ့ မိသားစုဟာ နိုင်ငံခြားထွက်ပြေးပြီး စင်ကာပူနဲ့ ဒူဘိုင်းမှာ ပုန်းနေတယ်ဆိုတဲ့ သတင်းထွက်ခဲ့တယ်။ ဒါကိုကြည့်ရင် သန်းရွှေဂိုဏ်းက မဟုတ်တာအလုပ်ဆုံးဆိုတာ ထင်ရှားတယ်။ မတရားအလုပ်ဆုံးလူဟာ အကြောက်ဆုံးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်မှာကို သေမလောက်အောင်ကြောက်သူဟာ သန်းရွှေပဲ။

ဂိုဏ်းဂဏစိတ်ဓာတ်ပြင်းထန်သူဟာ ကျောသားရင်သားခွဲခြားပြီး ခွက်စောင်းခုတ်တော့တာပဲ။ တပ်ထဲမှာ ငါ့လူနဲ့သူ့လူ၊ စစ်ဗိုလ်နဲ့ ဗိုလ်ဟောင်း၊ စစ်သားနဲ့အရပ်သား စသဖြင့် အမြဲတမ်းခွဲခြားပြီး အခွင့်အရေးပေးတယ်။ ဒါကြောင့် စစ်တပ်အင်ဂျင်နီယာကျောင်း၊ စစ်တပ်ဆေးကျောင်း စတာတွေကို ဖွင့်ထားတာပဲ။ ‘ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုတဲ့ လမ်းစဉ်ဖြစ်တယ်။ ဒီလိုဂိုဏ်းဂဏစိတ်ဓာတ်အပြည့်နဲ့ ခွက်စောင်းခုတ်နေတဲ့ သူခိုးဓားပြက ဒီမိုကရေစီ ထူထောင်တယ်ဆိုတာ ယုံတမ်းစကားပါ။

အောင်ကျော်ခင် (သုံးသပ်ချက်)
ရင်းမြစ်။ ။ခေတ်ပြိုင်