Saturday, February 20, 2010

မစ္စတာ ကင်တားနားရဲ့  တတိယခရီး

စတုတ္ထမြောက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုးမတ်စ် အိုဟေးရား ကင်တားနာ (Tomas Ojea Qunitana) ရဲ့  တတိယအကြိမ် မြန်မာနိုင်ငံ (၅) ရက်ခရီးဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်မရဘဲ သောကြာနေ့က အဆုံးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ကလည်း ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့က (၁၉) ရက်နေ့အထိ မြန်မာပြည်မှာ (၆) ရက် လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ပထမခရီးကတော့ ၂၀၀၈ ခုနှစ် သြဂုတ်လ (၃) ရက်နေ့က (၇) ရက်နေ့အထိ ဖြစ်ပါတယ်။ ၂၀၀၈ ခု မေလ (၁) ရက်ကစပြီး တာဝန်ထမ်းဆောင်သူဖြစ်လို့ ကုလသမဂ္ဂ ကိုယ်စားလှယ်သက်တမ်း (၂၂) လအတွင်း မြန်မာပြည်မှာ (၁၆) ရက် လေ့လာခဲ့ဘူးသူပါ။

ပထမခရီးနဲ့ ဒုတိယခရီးမှာ ရည်ရွယ်ချက်အောင်မြင်တဲ့အတွက် အပြုသဘောဆောင်တယ်လို့ ကင်တားနား က ၂၀၀၉ ခုနှစ် မတ်လ (၁၁) ရက်နေ့က အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ ကို တင်သွင်းတဲ့ (၂၂) မျက်နှာ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ပထမခရီးရဲ့  ရည်ရွယ်ချက်က ဗမာအစိုးရရဲ့  ပူးပေါင်းဆောင်ရွက်မှု ရယူရေးဖြစ်ပါတယ်။ ဗမာအစိုးရကို ဝေဖန်ရှုတ်ချနေရင် ဘာမှလုပ်နိုင်မျာ မဟုတ်ဘဲ လက်တွဲလုပ်မှသာလျှင် လူ့အခွင့်အရေးအခြေအနေ ကောင်းမွန်လာမယ်လို့ မစ္စတာ ကင်တားနား က ယုံကြည်ပါတယ်။ ဒုတိယခရီးစဉ်အတွင်းမှာ ရွေးကောက်ပွဲ မတိုင်မီကစပြီး လူ့အခွင့်အရေး အခြေခံမူ (၄) ချက်ကို ကျင့်သုံးဖို့ တင်ပြနိုင်ခဲ့တယ်လို့ မစ္စတာ ကင်တားနား က ဆိုပါတယ်။

ပထမအချက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး စံသတ်မှတ်ချက်နဲ့အညီ ပြည်တွင်းဥပဒေကို ပြင်ဆင်ရေးဆွဲဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံဥပဒေပါ နိုင်ငံသူနိုင်ငံသားတို့ရဲ့  မူလအခွင့်အရေးနဲ့ ကိုက်ညီမညီ စီစစ်ဖို့ ပြည်တွင်းဥပဒေပေါင်း (၃၈၀) ကို သတ်ဆိုင်ရာဌာနတွေကို ပေးပို့ထားပြီလို့ အစိုးရရှေ့ နေချုပ်က မစ္စတာ ကင်တားနားကို အကြောင်းကြားတယ်လို့ ဖော်ပြပါတယ်။ ဒုတိယ တင်ပြချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား တဖြည်းဖြည်းလွှတ်ပေးရေးကိုတော့ စဉ်းစားနေတယ်လို့ စစ်အစိုးရက အကြောင်းပြန်ပါတယ်။ ရဲနဲ့ စစ်သားတွေကို လူ့အခွင့်အရေးသင်တန်းပေးဖို့ အကြံပြုတဲ့ တတိယတင်ပြချက်အတိုင်း လူ့အခွင့်အရေး သင်တန်းတွေပေးထားပြီမို့ သင်ရိုးညွန်းတမ်းကို မစ္စတာ ကင်တားနား ကို ပြမယ်လို့ စစ်အစိုးရက အကြောင်းပြန်ပါတယ်။ တရားဥပဒေ စိုးမိုးရေးအာမခံနိုင်ဖို့အတွက် တရားစီရင်ရေးဌာနကို လွတ်လပ်စွာ သီးခြားထားရှိရေးဆိုတဲ့ စတုတ္ထတင်ပြချက်ကိုတော့ မြန်မာ့တရားစီရင်ရေးဟာ လွတ်လပ်ပြီးသားဖြစ်ကြောင်း တရားသူကြီးချုပ်က အကြောင်းပြန်ပါတယ်။

မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတာကို မစ္စတာ ကင်တားနား သိပါတယ်။ ဒါပေမဲ့ ပထမခရီးအပြီး ၂၀၀၈ သြဂုတ်လမှာ လွှတ်ပေးတဲ့ အကျဉ်းသား (၉၀၀၀) ကျော်မှာ နိုင်ငံရေး အကျဉ်းသားက (၆) ဦးသာ ပါဝင်ပါတယ်။ (၆) ဦးကို လွှတ်ပေးပြီး (၄၀၀) ကျော်ကို ထောင်ဒဏ် (၄) နှစ်ကနေ (၁၀၀) အထိ ချမှတ်မှု၊ ရှေ့ နေကို မလေးစားဘဲ အပြစ်ရှာပြီး ထောင်ချမှု၊ ထောင်ပြောင်းမှု၊ ကျန်းမာရေးဆိုးဝါးမှု တို့ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ၂၀၀၉ ဖေဖေါ်ဝါရီလ ဒုတိယခရီးစဉ်ပြီးတော့ အကျဉ်းသား (၆၀၀၀) ကျော် လွှတ်ပေးပေမယ့် နိုင်ငံရေးအကျဉ်းသား (၂၉) ဦးသာပါတာကိုလည်း ဖော်ပြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့  အလွန်ဆိုးဝါးတဲ့အခြေအနေတွေကိုလည်း ဖော်ပြထားပါတယ်။

အတည်ပြုထားတဲ့ မြန်မာ့အခြေခံဥပဒေကိုသာ အကောင်အထည်ဖော်ဖို့ မစ္စတာ ကင်တားနား က တိုက်တွန်းထားပါတယ်။ အခြေခံဥပဒေပုဒ်မ (၃၅၄) မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့် စသည်တို့ကို ရေးသားထားပေမယ့် သတင်းသမား (၁၆) ဦးကို ထောင်ချထားတာကိုလည်း ထောက်ပြထားပါတယ်။ ပုဒ်မ (၄၀၆) မှာ ပြဌာန်းထားတဲ့အတိုင်း နိုင်ငံရေးပါတီတွေကို လွတ်လပ်စွာ စည်းရုံးရေး ဆင်းခွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ အကြံပေးတင်ပြချက် (၄) ချက်ကို အကောင်အထည်ဖော်ဖို့ ဗမာစစ်အစိုးရက သဘောတူထားပေမယ့် တကယ်တမ်း အကောင်အထည် ဖော်မဖော်ဆိုတာကို တတိယခရီးစဉ်မှာ မစ္စတာ ကင်တားနား သိနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မစ္စတာ ကင်တားနား က မကြာမီ အစီရင်ခံပါလိမ့်မယ်။ လူ့အခွင့်အရေးကောင်စီဟာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ အစိုးရတွေရဲ့  ပရိယာရ်မှာ တဝဲလည်လည် ဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က လွန်ခဲ့တဲ့ ဇန်နဝါရီလထုတ် နှစ်ပတ်လည် အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။ အစ္စရေး (Israel) နိုင်ငံရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုကို ထပ်ခါတလဲလဲ ဝေဖန်ရှုတ်ချနေတဲ့ လူ့အခွင့်အရေးကောင်စီဟာ သီရိလင်္ကာပြည်တွင်းစစ်မှာ တမီးလ် (Tamil) သူပုန်ကို ပစ်တင်ရှုတ်ချပြီး သီရိလင်္ကာ (Sri Lanka) အစိုးရကို ချီးကျူးထားပါတယ်။ ဒါကြောင့် အစိုးရတပ်က အရပ်သားတွေကို သတ်ဖြတ်တာနဲ့ ထိန်းသိမ်းတာကို စုံစမ်းနိုင်ခြင်း မရှိတာလို့ ဆိုပါတယ်။

အစိုးရတိုင်းရဲ့  လူ့အခွင့်အရေးမှတ်တမ်းကို လေးနှစ်တကြိမ် စီစစ်တဲ့ကိစ္စမှာလည်း အစိုးရ အချင်းချင်း စစ်ဆေးနေတဲ့အတွက် ထိထိရောက်ရောက် အရေးယူနိုင်အောင် လုပ်နည်းလုပ်ထုံး ပြင်ဆင်တာမျိုးနဲ့ အပေးအယူလုပ်တာမျိုး တွေ့ရှိနေပါတယ်။ လူ့အခွင့်အရေးကောင်စီက အရေးယူရမယ့် အစိုးရတွေကိ လူ့အခွင့်အရေးကောင်စီကို ကြီးစိုးနေလို့ လုပ်ရကိုင်ရခက်တာလို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။ ဒါကြောင့်မို့ ဗမာစစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖျက်မှုတွေ လျော့နည်းသွားအောင် ဗမာစစ်အစိုးရနဲ့ပဲ လက်တွဲလုပ်ကိုင်မယ့် မစ္စတာ ကင်တားနားရဲ့  အစီအစဉ် အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ မကြာခင်သိရလိမ့်မယ်လို့သာ မျှော်လင့်ရပါတယ်။
မူရင်း ။  ။ www.voanews.com

ပြာနှင့် မီးခိုးများ

လက်ဖက်ရည်ဆိုင်ထဲမှာ
ကိုလံဘတ်တွေထိုင်နေတယ်
သူတို့ကိုယ် သူတို့
မီးကိုစတင်တွေ့ရှိသူ
ဒါမှမဟုတ်
မြောက်အမေရိကတိုက်ကို
စတင်သိမ်းပိုက်သူတွေလို့
အထင်ရောက်နေတဲ့ဟန်။
ရိက္ခာဆိုလို့
ဖန်ချိုတစ်ခွက် ပေါင်မုန့်တစ်ယှက်နဲ့
စီးကရက်နှစ်လိပ်သာပါခဲ့ .   .   .  ။

သံလိုက်အိမ်မြှောင် မကြည့်တတ်
ပုလင်းဆိုး မျဉ်းမှတ် မဖတ်တတ်
နောက်ဆုံး
ရွက်တိုင်ကြိုးတောင် မချည်တတ်ဘဲ
ကမ္ဘာကြီးကို ပတ်တော့မတဲ့
(ဒါပေမဲ့)
ကမ်းစပ်ကတောင်မခွာရသေး။

လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက
သခင်အောင်ဆန်း နဲ့
ရဲဘော် သုံးဆယ်လောက်က ရှာတွေ့ခဲ့တဲ့လမ်းကို
အခုထိ ကောင်းကောင်းမလျှောက်တတ်ခဲ့
လူသုံးသောင်းကျော်မကတာတောင်
လမ်းသစ်ကို မတွေ့ နိုင်ခဲ့
2010 ရောက်နေတာတောင် ဘာမှန်းမသိဖြစ်နေတုန်း
သေရွာမသွားခင်
ခြေရာထားခဲ့ ရမယ်တဲ့
ကြည့်……
စားပွဲပေါ်မှာ
ဆေးလိပ်ပြာနဲ့ မီးခိုးတွေသာ
ကျန်ရစ်ခဲ့တာက လွဲလို့……။  ။
မှတ်ချက်။   ။1993 ခုနှစ်က ကဗျာဆရာ ချမ်းမင်းအိမ် ၏ ကဗျာ တစ်ပုဒ်အား မှီငြမ်းထားပါသည်။

ဒေါ်ဧကြင်နှင့် အက်ဂျူကေးရှင်း


  လွန်ခဲ့သော နှစ် ၅၀ တစ်ဝိုက်က မန္တလေးမြို့၊ နန်းတော်ရှေ့အရပ်၌ မတ္တရာတိုက် ဘုန်းတော်ကြီးကျောင်း ပရိဝုဏ်အတွင်း ဖွင့်လှစ်ထားသော အစိုးရမူလတန်းကျောင်းတစ်ကျောင်း ရှိခဲ့ဖူးလေသည်။ ထိုမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး အမည်မှာ ဒေါ်ဧကြင်ဖြစ်၏။ အသားညိုညို အရပ်ပျပ်ပျပ်၊ မျက်နှာပြားပြား အသွင်ရှိ၏။

ထိုကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ယူခဲ့သူတစ်ယောက်အနေဖြင့် ဤစာကိုရေးပါသည်။ ဤတွင် ခေါင်းစဉ်တပ်ထားသည့် “ဒေါ်ဧကြင်နှင့် အက်ဂျူကေးရှင်း” ဆိုသော စကားမှာ ဒေါ်ဧကြင်၏ ပညာရည်တတ်မြောက်မှု အဆင့်အတန်းကို ပြောခြင်းမဟုတ်ပါ။ ဒေါ်ဧကြင်ဟူသော ဆရာမကြီးတစ်ယောက်နှင့် ပညာရေးဟူသော အဓိပ္ပါယ်ကိုသာ ယူစေလိုပါသည်။

ဆရာမကြီးဒေါ်ဧကြင် အုပ်ချုပ်သော နန်းရှေ့မတ္တရာတိုက် မူလတန်းကျောင်းကလေး၏ တစ်နေ့တာ လှုပ်ရှားမှုမှာ ဤသို့ ဖြစ်ပါသည်။

နံနက်ကျောင်းတက်ခေါင်းလောင်းထိုးအပြီး

ဒေါ်ဧကြင်

သူငယ်တန်းက စပြီး စတုတ္ထတန်းအထိ ကိုယ့်နေရာမှာ ကိုယ်နေ၊ မတ်တပ်ရပ်၊ လက်ပိုက်၊ စကားမပြောနဲ့၊ ငြိမ် ....

(ကျောင်းသူကျောင်းသားများ ထိုအတိုင်း လိုက်နာကြပြီး ငြိမ်သက်သွားမှ)

စ...ဆို။

ကျောင်းသူ၊ ကျောင်းသားများ

လူမိုက်ဆိုလျှင် ရှောင်သွေလွှဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊ ပညာရှိကို....အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ....

ဤသို့ အစချီကာ ၃၈ ဖြာ မင်္ဂလာ သံပေါက်လင်္ကာကို သူငယ်များ အသံကုန်ဟစ်၍ ရွတ်ကြသည်။ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့ မင်္ဂလာတွေ အပိုဒ်မှာတော့ အကျယ်လောင်ဆုံး အညီညာဆုံး ဖြစ်လေသည်။ ဤနေရာတွေမှာ ခပ်ဝါးဝါး အထူးသဖြင့် သူငယ်တန်းတွေဘက်က မပီမသ အသံတိုးတိမ်၊ ဗလုံးဗထွေး။

ဆရာမကြီး ဒေါ်ဧကြင်က လင်္ကာမရသေးသည့် သူငယ်တန်းတွေနား သွားရပ်ပြီး ကိုယ်တိုင်ဟစ်၍ ရွတ်သည်။ ရွတ်ရင်းလည်း နှာခေါင်းနှိုက်နေသူ၊ ဘေးကကောင်ကို တံတောင်ဖြင့် တွတ်သူ၊ မန်ကျည်းပင်ပေါ်မှ စာကလေးတွေကို ငေးကြည့်နေသူ၊ လက်ကောက်ဝတ်မှ သားရေကွင်း ဆော့နေသူတို့အား ပေတံဖြင့် ဆော်လိုက်သေး၏။

တဖြည်းဖြည်းနှင့် ၃၈ ဖြာမင်္ဂလာ လင်္ကာကို သူငယ်တို့ ပိုင်ပိုင်နိုင်နိုင်ကြီး ရွတ်ဆိုလာနိုင်ကြသည်။ နှစ်လလောက် ကြာတော့ သူငယ်တို့ ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး နိုင်ကြပြီ။ ထို့နောက်တွင်ကား ကျောင်းတက်ခေါင်းလောင်း ထိုးပြီး သည်နှင့် သူငယ်တို့သည် ဆရာမကြီး၏ “ကိုယ့်နေရာကိုယ်နေ၊ မတ်တပ်ရပ် အမိန့်ကိုပင် စောင့်မနေကြတော့ဘဲ အလိုလို အသင့်အနေအထား ယူပြီး ဖြစ်နေကြ၏။

တူရိယာမပါ၊ စည်းဝါးမပါ၊ အားလုံးကီးကိုက်၊ နရီကိုက်။

“အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ” သည် ဟိန်းလျက်၊ စည်လျက်၊ ညီညီညာညာ ကြီးထွက်ပေါ်လာလေသတည်း။

နေ့လယ် ထမင်းစားဆင်း၊ ကျောင်းပြန်တက်၊ ခေါင်းလောင်းထိုးအပြီး

အတန်းအလိုက်၊ ဆိုင်ရာလက်ထောက်ဆရာ၊ ဆရာမများက သင်စရာ ရှိတာတွေ သင်ပြီးနောက် မွန်းလွဲ သုံးနာရီခန့်အချိန်။

ဒေါ်ဧကြင်က စားပွဲပေါ်မှ လက်ကိုင်ခေါင်းလောင်းကို လှုပ်ခါ၏။ ဂလောင်ဂလင်သံအစဲ၊ ဒေါ်ဧကြင်က ခေါင်းလောင်းကို စားပွဲပေါ်ပြန်မှောက်ချလိုက်ပြီး အားလုံးကြားအောင် အော်လိုက်၏။

“အားလုံး ..... အိပ်ချိန်”

တစ်မနက်လုံး စာသင်၊ စာအံ၊ စာရွတ်။ နေ့လယ်ထမင်းစားကျောင်းဆင်း၊ ထမင်းစား၊ မျောက်ရှုံးအောင်ဆော့၊ ကျောင်းပြန်တက်၊ နှစ်နာရီလောက် စာဆက်သင်ခဲ့ရသော သူငယ်များ အားလုံးလိုလို မျက်ခွံတွေ လေးနေကြပြီ ဖြစ်၏။ ဒါကို “အပုပ်ချိန်” ဟု ခေါ်သည်။ “ဒေါင်း” နေကြသော သူငယ်တို့အားလုံး အကြီးအကျယ် အိပ်ငိုက်ချင်ကြပြီ။ ထိုသို့သော အချိန် တွင် “အိပ်ချိန်” ဟူသော ဆရာမကြီး၏ ခွင့်ပြုမိန့်ကား သုဃိသာယာ ရှိလှပါဘိခြင်း။ သူငယ်များ ကိုယ်ရှေ့စားပွဲစောင်းပေါ် လက်တင်၍ မျက်နှာအပ်အိပ်ကြသည်။ သူငယ်တန်းတွေကတော့ ကြမ်းပြင်ဖျာပေါ် လှဲချလိုက်ရုံပင်။ ခြေပြန်၊ ခေါင်းပြန်၊ ဟိုကောင့်ရင်ဘတ်ပေါ် ဟိုကောင့် ခြေထောက်ရောက်၊ အဲဒီကောင်ခေါင်းစွန်းကို ဟိုအကောင့် ဖနောင့်နဲ့ထိကပ်။ စုပေါင်း အိပ်ပွဲကြီးကို နှစ်နှစ်ခြိုက်ခြိုက် ဆင်နွှဲကြသော ဟူ၏။

မိနစ်လေးဆယ်၊ လေးဆယ့်ငါးမိနစ်ခန့်အကြာတွင် ဂလောင်ဂလင် မြည်လာ၏။ အိပ်မက်တွေ ဘာတွေ မက်ကောင်း မက်နေမည်။ အစားပုပ်၊ အဆော့သန်ကောင်လေးအချို့ကိုတော့ နှိုးယူကြရသည်။ လွန်စွာ့ လွန်စွာ အအိပ်မက် အိပ်ပုပ်ကြီး သော သာဌေးဆိုသည့် ကောင်လေးကိုကား အမြဲလိုလိုပင် မျက်နှာကို ရေဆွတ်လက်ဝါးဖြင့် တဖတ်ဖတ် ရိုက်နှိုးရလေသည်။ တစ်ရေး၊ တစ်မှေးအိပ်လိုက်ရသဖြင့် အားပြည့်စွာနိုးထလာရင်း ဗိုက်ဟာနေကြပြီဖြစ်သော ကလေးတို့အတွက် အသင့်စောင့် နေသည်ကား နို့မှုန့်ရည်ပူပူနွေးနွေးဖြစ်၏။ ကလေးတို့အိပ်နေချိန်မှာ ဆရာမကြီးနှင့် လက်ထောက်ဆရာ၊ ဆရာမများက ပညာမင်းကြီးရုံးမှ လက်ဆောင် ခွဲတမ်းချပေးထားသော နို့မှုန့်ထုပ်များကိုဖောက်ကာ နို့ဖျော်ထားနှင့်ပြီးပေပြီ။

“သူငယ်တန်းကလေးတွေ ထိပ်ဆုံးက စ စီ၊ ငယ်စဉ်ကြီးလိုက် တစ်တန်းချင်းတန်းစီ။ ဟိုဘက်မှာ ခွက်ယူပြီးရင် ဒီဘက်ကိုလား၊ နို့မှုန့်ယူ”

ပုံစံသံဖြူခွက်မပြည့်တစ်ပြည့် နို့မှုန့်ရည်ကို သူငယ်တို့ မြိန်ယှက်စွာ၊ ပျော်ရွှင်စွာမှီဝဲကြသည်။ ပြီးတော့ တစ်ယောက် ကို တစ်ယောက်ကြည့်ကာ ရယ်ပွဲဖွဲ့ကြသည်။ ဒါ . . ရယ်ချိန်ပေါ့။ ဘာဖြစ်လို့ပါလဲ။ ဆာဆာနှင့် စွတ်တွယ်ကြ လေတော့ နို့မှုန့်ရည်အစအနတွေက မေးစေ့ပေါ်စွန်းလိုစွန်း၊ နှုတ်ခမ်းထောင့်မှာ အစွယ်ဖြူဖြူ ပေါက်သလိုလိုပေလိုပေ၊ အချို့ အပေါ် နှုတ်ခမ်းထက်မှာ(ကုန်ခါနီးခွက်ကိုစောင်းရင်း လျှာနဲ့လျက်လေတော့) ဖြူဖြူအတန်းကြီးက နှုတ်ခမ်းမွှေးဖြစ်လိုဖြစ်။

လေးနာရီ မထိုးမီ

ဆရာမကြီး၏ဟစ်သံ ပေါ်လာပြန်၏။ “အားလုံးဘောလုံးကွင်းထဲဆင်းကြ။ သူငယ်တန်းကစထွက်။ တန်းစီ လက်ပိုက်ထွက်။ ဘောလုံးကွင်းထဲရောက်မှ လက်ပိုက်ဖြုတ်။ စကားမများနဲ့။ ဘောလုံးကွင်းထဲရောက်ရင် သူငယ်တန်းက စနေထောင့်မန်ကျဉ်းပင်အောက် နေရာယူ၊ ပထမတန်းက တနင်္ဂနွေထောင့်၊ ဒုတိယတန်းက . .” ဤအချိန်ကား ကလေးများအမျှော်လင့် အတောင့်တဆုံးအချိန်ဖြစ်၏။

ဆရာမကြီးပြောသော ဘောလုံးကွင်းဆိုတာက တကယ့် ဘောလုံးကွင်းအစစ်မဟုတ်။ မတ္တရာကျောင်းပရိဝုဏ်ထဲ ၀င်ပြီး ကိုက်၂၀၀လောက်အရောက်မှာ လက်ျာဘက်တွင်ရှိနေသော မန်ကျဉ်းပင်၊ သီးပင်ကြီးတွေ ၀ိုင်းအုံပတ်လည် ပေါက်နေသည့် ကွင်းပြင်တလင်းတစ်ခုသာဖြစ်သည်။ စည်းရိုး၊ မျဉ်းကြောင်း၊ ဂိုးတိုင် ဘာတစ်ခုမှမရှိ။ သို့သော် အနှီနေရာကား မတ္တရာကျောင်းတိုက်၏ “ဘက်စုံအားကစားကွင်း”ဖြစ်လေသည်။ ဘာကြောင့်နည်း။

ကလေးများ အတန်းလိုက်နေရာယူပြီးနောက် ဆရာမကြီးက“ခရာတွတ်”လိုက်သည်နှင့် စနေထောင့်မှာ သူငယ်တန်း၏ လိုက်တမ်းပြေးတမ်း၊ တနင်္ဂနွေထောင့်မှာ ကောင်လေးများ၏ ကျောကုန်းပိုး ဘောလုံးပစ်၊ အင်္ဂါထောင့်မှာ မိန်းကလေးများ၏ဖန်ခုန်၊ ရှပ်ဒိုးပစ်၊ ကွင်းလယ်မှာဇယ်တောက်၊ ဇယ်ခတ်၊ ကြက်ဖခွပ်၊ ထုပ်စီးတိုးအစရှိကုန်သော ကစားနည်း ပေါင်းစုံတို့ဖြင့် ကျွတ်ကျွတ်ညံသွားသောကြောင့်ဖြစ်လေသည်။

အငြင်း အခုန်၊ အတိုင်အတော၊ လဲကွဲ၊ ဒူးပြဲ၊ ငိုယို တိုင်တန်းတာတွေလည်း ပေါ်ပေါက်၏။ ဆရာမကြီးနှင့် ဆရာ၊ ဆရာမ များက အမှုကြီးငယ် ကြားနာစစ်ဆေးကာ ဖြေရှင်းပေးကြရသည်။ လက်ဝါးဖြန့် ပေတံဖြင့် မစပ်တစပ်ဆော်၊ ဒူးပြဲ ဆေးထည့်၊ ငိုသူကို ချော့၊ တစ်ခါတစ်ရံ စရိုက်ကြမ်း ကြမ်း တစ်ကောင်တလေက “ငါ” ကိုင်တုပ်ဆဲသည့် အမှုမျိုး ရောက်လာ လျှင်တော့ တရားခံအား..“သွား... မင်းကိုယ်တိုင် အဝေရာပင်ချိုးခဲ့” ဟု စီရင်ချက်ချရ၏။ နီတွတ်အမည်ရှိသော ဇာတ်လိုက်ကျော်ကား သူ့ကိုရိုက်မည့် အဝေရာပင်ကို ချိုးယူရာမှာ အဝေရာတောထဲက သေးပေ့ မျှင်ပေ့ ဆိုသော လက်တောက်လောက် အပင်လေးကို ချိုးလာသည်။ ဆရာမကြီး ဒေါ်ဧကြင်မှာ ရယ်ချင်နေသော မျက်နှာကို အပိုးသတ်ပြီး -

“အဝေရာနဲ့ဆို နာနေပါဦးမယ်။ ဒီနားလာ” ဟု ခေါ်ကာ ဗိုက်ကြော၊ ပေါင်တွင်းကြောကို ဆွဲလိမ်ရတော့သည်။

“ နောက် ... ဆဲဦးမလားဟဲ့”

“မဆဲတော့ပါဘူး ခင်ဗျ... နာတယ်ဗျ”

“နောက်ဆဲရင် ဘာလုပ်ရမလဲ”

“အဝေရာ ကြိမ်ကြီးကြီးနဲ့ ရိုက်ပါ ဆရာမကြီးရဲ့”

“ ငါမရိုက်ဘူး။ တာရိုးအရှေ့ဘက်က ညောင်ပင်မှာ ကြိုးနဲ့တုပ်ထားမယ်”

“အောင်မလေး.... ကြောက်ပါပြီဗျ နောက် မဆဲတော့ပါဘူး ခင်ဗျ”

တာရိုးအရှေ့ဘက်က ညောင်ပင်ကြီးမှာ လူနီသရဲ ရှိသည်ဟု သတင်းကြီးနေသောကြောင့် ဖြစ်လေသည်။

တချို့ရက်တွေမှာတော့ ဘောလုံးကွင်းထဲမှာ ခဲလုံးကောက်၊ ဆီးစေ့ကောက် သန့်ရှင်းရေးလုပ်ခိုင်း၏။ အတန်းလိုက်၊ ယောက်ျားလေး တစ်ဖက်၊ မိန်းကလေးတစ်ဖက်၊ ကောက်ကြ။ ပြီးတော့ ကောက်ယူရရှိထားသော ဆီးစေ့၊ ခဲလုံးများကို စုပုံထား။ သူငယ်တန်းကြီး ကလေးများကို ရေတွက်ခိုင်း၏။ များသောအားဖြင့် မိန်းကလေးတွေက နိုင်တတ်သည်။ ဆီးစေ့ ခဲလုံး ပိုများများရသည်။ ကောင်လေးတွေကတော့ ရှုံးလည်း စပ်ဖြီးဖြီးပါပဲ။ အမြတ်တကယ်ရလိုက်သူကတော့ သူငယ်တန်း ကလေးတွေ ဖြစ်သည်။

ဆီးစေ့ ခဲလုံးတွေကို ရေတွက်သည့် အလုပ်၊ သူတို့ လုပ်ကြရ၏။

တစ်ဆယ်၊ နှစ်ဆယ်၊ တစ်ရာ၊ တစ်ရာ့ငါးဆယ်၊ နှစ်ရာလေးဆယ့်ရှစ်၊ နှစ်ရာလေးဆယ့်ကိုး၊ သုံးရာတစ်ဆယ့်တစ်၊ သုံးရာခြောက်ဆယ့်သုံး။ ခု၊ ဆယ်၊ ရာ ဂဏန်း သင်္ချာ ရေတွက်မှုကို သူတို့က ကစားရင်း ကျွမ်းကျင်သွားကြလေသည်။

ညနေ လေးနာရီ

ကျောင်းဆင်းခေါင်းလောင်း မခေါက်သေးပါ။

ဒေါ်ဧကြင်က ခေါ်လိုက်၏။

“ဆရာ ဦးထွန်းခင် ကြွပါ။”

တစ်ကျောင်းလုံးရှိ သူငယ်များရှေ့မှောက်၌ ဆရာဦးထွန်းခင် နေရာယူသည်။ မျက်ခုံးမွေးထူထူ၊ လည်ဇလုတ်နှင့် နားရွက်ပေါက်ထဲမှပင် အမွေးတွေ ထွက်နေသော ဆရာကား သည်အတိုင်းကြည့်လျှင် ကြောက်စရာကြီး ဖြစ်၏။ သို့သော် သူစကားပြောတိုင်း သူ့ဇလုတ်ပေါ်က အမွေးတွေ တလှုပ်လှုပ်ဖြစ်နေတာ ကြည့်ရင်း သူပြောတာ နားထောင်ရင်းဖြင့် ဆရာသည် ချစ်စရာကြီး ဖြစ်လာလေသည်။

“မောင်တို့ ... မယ်တို့ ... ငါတို့ရဲ့ မြန်မာနိုင်ငံတော်ကြီးဟာ ..” ဟု အာလုတ်သံကြီးဖြင့် အစချီပြီး အနော်ရထာအကြောင်း၊ ကျန်စစ်သားအကြောင်း၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး အကြောင်း၊ စောလူး ငရမန်အကြောင်း၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ၊ ငခင်ညို၊ ရာဇ သင်္ကြန်၊ အနန္တသူရိယ၊ အဲမွန်ဒယာ၊ လဂွန်းအိမ်၊ သမိန်ဗရမ်း။

အာဇာနည်မယ်လေး ဂျုံး၊ အက်စကီမိုးတို့၏ ရေခဲအိမ်၊ လေးသည်တော်ကြီး ၀ီလျှံတဲ၊ စစ်သူကြီး ဟန်နီဘော၊ သောမတ်အက်ဒီဆင်၊ မျက်မမြင် ဟယ်လင်ကဲလား .... တောတွင်းသားလေး မောဂ္ဂလိ။

“အဲဒီလို ကျားကြီး ရှိရာခန်က ပြောတော့ မောဂ္ဂလိလေးက ၀င်ချမယ် အလုပ်၊ ၀က်ဝံကြီး ဘာလူးက မောဂ္ဂလိ .. နေဦးကွ ..ခဏနေဦး ဆိုပြီး...”

“ကျော်ထင်နော်ရထာက အမောင်တို့.... ဖောင်ပန်းများကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြပြီ မဟုတ်လား။ ငါတို့မှာ ဖောင်ပန်းမရှိတော့ဘူး။ စစ်ကို အနိုင်တိုက်ဖို့က လွဲပြီး တခြားနည်းလမ်း မရှိတော့ဘူး။ စစ်ဆိုသည်မှာ အင်အားကြီးခြင်း၊ နည်းခြင်းသည် ပဓာန မဟုတ်၊ သတ္တိ ဗျတ္တိနှင့် လုပ်ရည် ကိုင်ရည်သာ ပဓာန ဖြစ်သည် ဆိုပြီးတော့ ”

“ ငချစ်ညိုကလည်း မြင်းကို ဆွဲလှည့် ဓားကိုဝင့်ပြီး ဟဲ့ ...နင်လည်း မုဆိုးဗိုလ်က အောင်ဇေယျ၊ ငါလည်း ခင်ဦးက ငချစ်ညို.. လာစမ်းဟဲ့ပေါ့”

“ ဟဲ့ ...၀ီလျှံတဲ၊ နောက်ထပ်မြားတစင်းက ဘာလုပ်ဖို့တုန်းလို့ ဘုရင်က မေးလိုက်သတဲ့။ ၀ီလျှံတဲက ငါ့သားခေါင်းပေါ်က ပန်းသီးကို မထိဘဲ လွဲချော်သွားခဲ့လို့ မြားက ငါ့သားမှန်ခဲ့ရင် ဟောဒီမြား တစ်စင်းနဲ့ နင့်ကို ပစ်ဖို့ပေါ့လို့ ” သူငယ်တို့မှာ ရင်တမမ၊ သည်းတဖိုဖို။ မတ္တရာတိုက်တည်းဟူသော ကျောင်းဝင်းထဲမှ နေ၍ ပုဂံနန်းတော်ကြီးထဲ ရောက်သွား၊ အင်းဝ စစ်မြေပြင်ရောက်သွား၊ ရွှေမော်ဓော ဘုရားရင်ပြင် သူရဲကောင်းရွေးပွဲထဲ ရောက်သွား၊ တောဟေ၀န်ကြီးထဲ ရောက်သွား။ သက်ပြင်းတွေ ရှိုက်လိုက်၊ မွေးညှင်းတွေတဖျဉ်းဖျဉ်း ထလိုက်၊ တ၀ါးဝါး ရယ်လိုက်၊ မျက်ရည်လေးတွေ စမ်းစမ်း စမ်းစမ်း ဖြစ်လိုက် ..။

ထို “ပုံနားထောင်ချိန်” အပြီး အထူးထူးသော အရသာတို့ကို မြိန်ယှက်စွာ စားသုံးရခြင်း၏ အကျိုးဆက်ကား ကျောင်းဘီရိုကြီး သုံးလုံးထဲတွင် ထည့်ထားသော ရာဇ၀င်စာအုပ်များ၊ ရှာဖွေ စွန့်စား ဇာနည်ဘွား၊ ကလေးဂျာနယ်၊ စာပေဗိမာန်မဂ္ဂဇင်း၊ လောကီထုပ္ပတ် လူတို့ဇာတ် ... အစရှိသော စာအုပ်များကို ကလေးတို့ အလုအယက် ငှားကြ။ ဥာဏ်ရည်မြင့်သော ကလေးများက သူတို့ဖတ်ထားသည်များကို ပြောပြကြသေးသည်။

“ဆရာဦးထွန်းခင် ပြောပြတာတွေ အားလုံး ဟောဒီ ဘီရိုကြီးတွေထဲမှာ ရှိသကွဲ့” ဟု ဆရာမကြီး ဒေါ်ဧကြင်က နိဂုံးချုပ်စကားဖြင့် ပိတ်လိုက်ခဲ့သည်ကိုး။

တစ်ခါသားမှာတော့ “ဆရာဦးထွန်းခင်က ဒီနေ့မောလို့ နားချင်တယ်တဲ့။ မင်းတို့ထဲက ပြောချင်တဲ့သူ ရှိရင်” ဆွပေးလိုက်ရာ ...

“ ကျွန်မပြောမယ်ရှင့် ” ဟု လက်ညှိုးတထောင်ထောင်ဖြင့် ကောင်မလေးတစ်ယောက် ပေါ်လာ၏။ ပေါက်ပေါက်။ စွာတိစွာတာ ကောင်မလေး၊ အားကြီး ဆရာလုပ်ချင်တဲ့ ကောင်မလေး။

“ကိုင်း .. လုပ်စမ်းဟေ့ ပေါက်ပေါက် ဘာပြောမလဲ”

“သာလွန်မင်းတရားကြီး ထမင်းရည်ငှဲ့တဲ့ အကြောင်း”

“ဘယ်လိုကွဲ့”

“အဟင်း ... မှားလို့၊ ထမင်းရည်ငှဲ့တဲ့ မိန်းမနဲ့ သာလွန်မင်း အကြောင်း”

“ကိုင်း ... လုပ်စမ်း”

“ ဟိုတုန်းက ...တဲ့ ... ပေါက္ကံရာမ မင်းနေပြည် ... ဟုတ်ပေါင် ... အင်းဝ နေပြည်တော်ကြီးဆိုလား ... အဲဒီမှာတဲ့ သာလွန်မင်းကြီးက ဘုရင်လုပ်တော့ တဲ့၊ တစ်နေ့ကျတော့တဲ့ ဆင်ကြီး စီးပြီးတော့ တဲ့ တိုင်းခန်းလှည့်လည်တော့တဲ့။ တစ်နေရာ အရောက်မှာတဲ့။ မိန်းမကြီး တစ်ယောက်က ထမင်းရည်ငှဲ့နေတယ်တဲ့၊ သူ့သားလေးက ဗိုက်ဆာလို့ ...ဟီး ....အ ဟီး နဲ့ ... ငိုနေတာတဲ့။ ဘုရင်ကြီးက ဟဲ့ ...နင့်ကလေး ဗိုက်ဆာလို့ အသံပြဲကြီးနဲ့ငိုနေတာ .... နင်က ထမင်းရည်တွေ အလကားငှဲ့ ပစ်ရသလား ... ထမင်းရည်တွေ ခံပြီးတိုက်ပါလား ....တဲ့။ အဲဒီလို ပြောပြီး မိုက်လှတဲ့ မိဖုရား  အဲ... ဟုတ်ဘူး ...မိန်းမ ...လာလေ့ကွာ ဆိုပြီးတဲ့ ... အဝေရာကြိမ်နဲ့ သုံးချက်ရိုက်တယ်တဲ့။ ပြီးတော့မှ ဟဲ့ ... ရော့ ..နင့်ကလေးကို မုန့်ပျစ်သလက် ၀ယ်ကျွေး ဆိုပြီး ဆုတော်ငွေ တစ်ကျပ်ပေးလိုက်သတဲ့။ သာလွန်မင်းကြီးဟာ အဲဒီလို မင်းကောင်း မင်းမြတ်ကြီး ဖြစ်ပါတယ် တဲ့ ... ပြီးပါပြီရှင် တဲ့”

ဘာရယ် ညာရယ်မသိ၊ လက်ခုပ်တွေ ဖြောင်းဖြောင်း တီးကြလေသည်။ ဒီလို ထွက်ပြောရဲတာကိုက ပေါက်ပေါက် တော်လှပြီလေ။

ညနေ ကျောင်းဆင်း ခေါင်းလောင်း တီးကာနီးမှာတော့ ဦးထွန်းခင်၏ “ပုံ” တွေဖြင့် နိုးနိုးကြားကြား၊ တန်ခိုးတွေ ဖွားဖွား ထွက်လျှံ နေသော ကလေးတို့သည် “ကမ္ဘာမကြေ” ကို အားပါးတရကြီး သံကုန်တင်ဟစ်ကြလေသတည်း။

ကြားဖြတ်အထူးအစီအစဉ် ဒေါ်ဧကြင်

“နက်ဖြန် အဖိတ်နေ့၊ ဒါပေမဲ့ ကျောင်းမပိတ်ဘူး”။ (ဟင် ... ဟာ အသံတွေ ထွက်လာသည်)

“ထမင်းချိုင့်ယူလာခဲ့ကြ၊ ကုသိုလ်တော် ဘုရား သွားမယ်၊ မြက်နုတ်မယ်”။ (ဟေး ကနဲ အူမြူးသံများ)

မတ္တရာတိုက်နှင့် ဘာမှ မဝေးသော မန္တလေး တောင်ခြေ၊ ကုသိုလ်တော်ဘုရားကြီး ပရိဝုဏ်အတွင်း ခရေပင်ကြီးများ အောက်မှာ နေရာယူ၊ အတန်းလိုက် မြက်နုတ် သန့်ရှင်းရေးဖြင့် ဘုရားကို ပူဇော်ကြသည်။

အပိုင်းလိုက်၊ အကွက်လိုက် နေရာချပေးထားပြီး မြက်အပြောင်ဆုံးနုတ်နိုင်သော အဖွဲ့၊ အမှိုကို စနစ်တကျ ဆုံး ပုံနိုင်သော အဖွဲ့ ... စသည်ဖြင့် အမှတ်များ ချပေးကာ နန်းရှေ့ဈေးမှ လက်ကားဝယ် ထားသော ထန်းလျက်ချောင်းများ၊ မင်္ဂလာဥယျဉ် အရပ်ထဲမှ ဒေါ်သွယ်ထံ အော်ဒါမှာထားသော ကြံရည်ညောင်စီးများ၊ မုန့်ဦးနှောက်များ၊ ဒေါ်ဧကြင်ကိုယ်တိုင် စီမံသော သီးသီးသုပ်များ၊ ဆရာ ဦးထွန်းခင် ဒါနပြုသည့် မုန့်ခေါင်းအုံးများ ကို ဆုကြေးအဖြစ် ချီးမြှင့်၏။

ထမင်းစား နားကြပြီးနောက် ဆရာမကြီး ဒေါ်ဧကြင်က ကလေးများ အားလုံးကိုခေါ်ကာ ဘုရားတန်ဆောင်း၊ နံရံ၊ မျက်နှာကြက်များ ဆီသို့ လှည့်သည်။ ထိုနေရာတွေမှာ ဗုဒ္ဓ၀င် မဟာဝင် ထူပ၀င် စသော ပန်းချီကား များ ရှိ၏။ ပန်းချီကားများ အောက်မှာ စာတွေ ရေးထားသည်။ တတိယတန်း၊ စတုတ္ထတန်း ကလေးများက စာဖတ်ကြရသည်။ ပါဠိ၊ ပါဌ်အဆင့်တွေ ပါလာ၍ မဖတ်တတ်လျှင် ဆရာမကြီးက ပြင်ပေး၏။

“ဇူဇကာ ပုဏ္ဏားကြီး စားပိုးနင့်၍ သေဆုံးခန်း”

“မင်းလေးပါးတို့ တွေ့ဆုံခန်း”

“ဘူးတောင်းနစ်၍ ဇောင်းမြင်းပေါ်သော အိပ်မက်ကို ကောသလမင်းကြီး မြင်မက်ခန်း”

“သိဉ္ဇိုင်း ငရဲ၌ လူမိုက်တို့ ငရဲခံရခန်း”

“၀ိဓုရ အမတ်အား ပုဏ္ဏက နတ်ဘီလူး မြင်းဖြင့် ဆောင်ယူခန်း”

“ဒုဋ္ဌဂါမဏိ မင်းကြီး ကျေးကုလားမိစ္ဆာများ ကို သုတ်သင်ခန်း”

ဆရာမကြီး ဒေါ်ဧကြင်က ရုပ်ပုံပန်းချီကား တစ်ကွက်ချင်း တစ်ကွက်ချင်းကို ရှင်းပြသည်။ ရှင်းပြရင်း အကွက်ဆိုက်လာသော အခါမျိုး၌ -

“ကိုင်း ... လေးတန်းတွေ ရှေ့ထွက်၊ ဆိုကြစမ်း ဟေ့ ” ဟု အမိန့်ပေးကာ

“သုံးလူရှင်ပင်၊ ကျွန်းထိပ်တင် သောင်းခွင် စကြ၀ဠာ”

“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း။ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား”

“ဘုရား တရား၊ မြတ်ဖျားသံဃာ၊ အရိယာကို မကွာနေ့ည၊ ဟတ္တအဉ္ဇလီ၊ မြှောက်ပင့်ချီသည်၊ ကိုယ်စီနေ့ည၊ ကိုးကွယ်ကြ”

“သူ၏ ဥစ္စာ၊ သူ့ဘဏ္ဍာကို၊ မေတ္တာမရှေး၊ သူမပေးက၊ ဆေးတစ်အိုးမျှ မယူကြနှင့်၊ ရှောင်ကြပါလေ”

စသော ... စသော ... သံပေါက်လင်္ကာများ၊ ဆုံးမစာများကို ရှေ့ကတိုင်ပေး၊ နောက်ကလိုက်ထောက်ပေးရင်း ကလေးတို့အား ရွတ်စေသည်။ ဘုရားဖူးဧည့်သည်များပင် ၀င်ရောက် “နာ”ကာ သာဓု ခေါ်၍ ကလေးများအား မုန့်ဝယ်ကျွေး သွားတတ်ကြ သည်။

နောက်တော့ ကလေးများကပင် တောင်းဆိုကြတော့သည်။

“ဆရာမကြီး လာမယ့်အဖိတ်နေ့ကျရင် ကျောက်တော်ကြီးဘုရား လိုက်ပို့ပါ။ စန္ဒမုနိဘုရားပို့ပေးပါ။ မန္တလေးတောင်လိုက်ပို့ပါ။

ထို “အိတ်စ်ကျူကတ်ရှင်း” အောင်မြင်လိုက်ပုံများ ကလေးမိဘ သားချင်းတွေပါ ကလေးတွေနှင့် ရောပြီး လိုက်ပါလာကြသည် အထိ။

မတ္တရာတိုက် ဆရာတော် ဦးနန္ဒိယ ကပင် -

“ဒေါ်ဧကြင် နောက်အဖိတ်ကျရင် မတ္တရာတိုက် ပစ်ကနစ် ဘယ်သွားဖို့ရှိလဲ” ဟုမေးတော်မူကာ ငှက်ပျောသီးတွေ စွန့်လိုက်လေသည်။

ခြုံငုံသုံးသပ်ချက်

မန္တလေးမြို့၊ နန်းတော်ရှေ့၊ မတ္တရာတိုက်မှ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဧကြင်၏ “အက်ဂျူကေးရှင်းနယ်စစ္စတမ်” တစ်စိတ်တစ်ပိုင်းကို ထိုကျောင်း၌ လေးတန်းအထိ နေခဲ့ဖူးသူက မှတ်မိသမျှ ပြန်လည်ဖောက်သည်ချခြင်း ဖြစ်ပါသည်။

တစိမ့်စိမ့် ပြန်ပြောင်း အောက်မေ့ရင်းဖြင့် ဒေါ်ဧကြင် ကျင့်သုံးခဲ့သော “ပညာသင်ကြားရေး စနစ်” ၏ လေးနက်ကြီးကျယ်မှုကို “အလန့်တကြား” သဘောပေါက်ရပါ၏။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု၊ ပြည်သူ့နီတိ၊ မြန်မာစာရာဇ၀င်၊ သင်္ချာ၊ ကဗျာချစ်ခင်မှု၊ ၀န်းကျင်လေ့လာမှု၊ အားကစား၊ ချိုင်းဆိုက်ကိုလိုဂျီ ... အကန့်လိုက် အကန့်လိုက် ပါဝင်နေကြပါလား။

ဆရာမကြီး ဒေါ်ဧကြင်သည် ဘီအေ ဘီအီးဒီ မဟုတ်ပါ။ “ဟိုင်းယားဂရိတ်” သာ အောင်ခဲ့သော ရှေးကျကျ မူလတန်းကျောင်းအုပ်ဆရာမကြီး တစ်ယောက်သာ ဖြစ်၏။ ပညာရေးဆိုင်ရာ၊ ဘယ်ကွန်ဖရင့်၊ ဘယ်ဆယ်မီနာ၊ ဘယ်ဝပ်ရှော့ကမှလည်း တက်ရောက်ဖူးခြင်း မရှိ။ ဘာစာတမ်းမှလည်း မပြုစုဖူးခဲ့။ ဆဋ္ဌသံဃာယနာတင်ပွဲ၊ ရန်ကုန်သို့ ရောက်ဖူးသည်မှ အပ “ ဖောရိန်း” ဆိုတာ ဝေးရော ပြည်တွင်းမှာပင် နယ်စုံမရောက်ခဲ့။

ဂလိုဘယ်အိုင်ဒီယာ၊ ဟိုင်းတက်ကနော်လော်ဂျီ အဝေးကြီး။

အင်တာနက်၊ ၀က်ဆိုက်၊ အီးမေးလ်၊ ဖက်စ် ဝေးစွ၊ ဓာတ်ခဲသုံး ထရန်စစ္စတာ ရေဒီယိုပင် အိမ်တိုင်းစေ့ မသုံးနိုင်သေးသည့် ကာလ။ အီလက်စရောနစ်ထားလို့ အောက်လင်းဓာတ်မီးတောင်မှ ရေနံဆီပြတ်သည့်အခါ အသုံးမတည့်၊ နံပြားတစ်ချပ်ဆယ်ပြား၊ လက်ဖက်ရည်တစ်ခွက်တစ်မတ်။ ဆရာမကြီးလစာမှ တစ်ရာကျော်လေး။ ကုသိုလ်တော်၊ ကျောက်တော်ကြီးဘုရားသို့ သွားသော ဖုထစ်ချိုင့်ဝှမ်း၊ ကျောက်ခဲမြှုပ် မြေလမ်းကြမ်းကြမ်းမှာ နွားလှည်းတွေ မောင်းနေသော ကာလ။ “ရာလေး” စက်ဘီး စီးနိုင်လျှင်ပင် ကြေးရေတတ်စာရင်းဝင်။

သို့သော် ....

ဒေါ်ဧကြင်၏ အက်ဂျူကေးရှင်းနယ် စစ္စတမ် သည် ယနေ့ “အင်တာနေရှင်နယ် စကူး” များတွင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေသော စနစ် ဖြစ်နေပါရောလား။

သြော် .... မတ္တရာတိုက်ကို လွမ်းလိုက်ပါဘိခြင်း။

ချစ်ဦးညို
x x x x x

ဤစာငယ်ဖြင့် မတ္တရာတိုက်မူလတန်းကျောင်းမှ၊ လေးတန်း စကောလားရှစ် ရခဲ့သူ၊ မန္တလေး နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ မင်္ဂလာတရားတော် နှုတ်ဖြေစာမေးပွဲတွင် ဒုတိယ ရခဲ့သူ၊ ဤစာရေးသူ မြေးဖြစ်သူသည် အငြိမ်းစား ယူပြီးနောက် မိုးကုတ်ယောဂီဘ၀ဖြင့် ကွယ်လွန်ခဲ့သော အဘွားဒေါ်ဧကြင်နှင့်တကွ၊ ကြား မြင် သင် ငယ်ဆရာများ၏ ကျေးဇူးဂုဏ်ကို ရှိခိုးပူဇော်ပါသည်။

(၂၀၀၉ ခု သြဂုတ်လထုတ် Health for All အလှအပနှင့် ကျန်းမာရေး မဂ္ဂဇင်းအမှတ် ၃၁ တွင်ဖော်ပြထားပါသည်။)

မလေးရှားကြောင်နဲ့ မြန်မာကြွက်


ချုံထူတဲ့ တောတန်းထဲကို လွှားခနဲ မ၀င်ခင် တောစပ်မှာ ရပ်ရင်း ဘယ်သူကမှ စောင့်ကြည့်မနေဘူး ဆိုတာကို သေချာအောင် ကျနော့် အဖော်တွေက နောက်ဆုံး တချက် ဝေ့ကြည့် လိုက်ကြတယ်။ ခရီးစတင်ပြီး တောထူထူကို တဖြည်းဖြည်း တိုးရင်းနဲ့ နောက်ဆုံးမှာ ကျနော်တို့ လေးယောက်သား တောင်ကုန်းပေါ်ကို ရောက်သွားတယ်။ ကျနော့် အဖော်တွေက အ၀တ်စိုတွေကို သစ်ပင်မှာ ဖြန့်လှန်းကြပြီး အိပ်စရာ အတွက် အုန်းလက်တွေကို မြေကြီးပေါ် ခင်းကြပါတယ်။

တောတွင်း တနေရာမှ ပြင်ပကို ငေးမောနေသည့် မြန်မာ အလုပ်သမား တဦး၊ လိုက်လံ ဖမ်းဆီးသည့် မလေးရှား အာဏာပိုင်တို့နှင့် ပြေးလွှား နေရသည့် အလုပ်သမားတို့၏ အနေအထားသည် ကာတွန်း ကားထဲမှ ကြောင်နှင့် ကြွက်ကဲ့သို့ ဖြစ်နေသည်ဟု အလုပ်သမား တဦးက ဆိုသည် (ဓာတ်ပုံ - အဲလက်စ်အဲလ်ဂီး)
“ဒါ ကျနော်တို့ စခန်းလေ၊ ကျနော်တို့ ဒီမှာပဲ လာပုန်း ကြတာပေါ့” လို့ တယောက်က ပြောပြပါတယ်။

ဒီလူတွေ အားလုံးဟာ သူပုန် တပ်ကလည်း မဟုတ်သလို ဓားပြ တွေလည်း မဟုတ်ကြပါဘူး။ သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှု ကတော့ ဒုက္ခသည်တွေ အပေါ်မှာ စာနာစိတ်နဲ့ မဆက်ဆံ တတ်တဲ့ နိုင်ငံတခုမှာ တရားမ၀င် အလုပ် လုပ်မိခြင်းပါပဲ။

ခိုလှုံခွင့် တောင်းထားတဲ့ ထောင်နဲ့ချီတဲ့ တခြားသူ တွေလိုပဲ မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေဟာ လူဝင်မှု ကြီးကြပ်ရေးဌာန (လ၀က) အာဏာပိုင် တွေရဲ့ ဘေးရန်နဲ့ ဝေးရာ တောခေါင်ခေါင်ထဲ ခြေဦးလှည့် ကြရပါတယ်။ မလေးရှား နိုင်ငံ တောနက်တွေထဲ ပျံ့နှံ့နေကြတဲ့ မြန်မာ ဒုက္ခသည်တွေ ဘ၀က ဆင်ဆင်ပါပဲ၊ အားလုံး ခနော်ခနဲ့ ၀ါးတဲလေးတွေနဲ့ နေကြရတာပါ။ အဖမ်းအဆီး အကြီးအကျယ် လုပ်တဲ့ အချိန်ဆိုရင် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေက မြို့ပြကို စွန့်ခွာပြီး ရဲတွေ ရှာမတွေ့နိုင်တဲ့ နေရာတွေဆီ သွားကြပါတယ်။

“ကာတွန်း ကားထဲက ကြောင်နဲ့ ကြွက်လိုပေါ့ဗျာ” လို့ ကျနော့်ကို လိုက်ပို့တဲ့ တယောက်က ရယ်မောရင်း ပြောပါတယ်။ “ရဲတွေ လာရင် ကျနော်တို့ ပြေးတယ်၊ အခုလည်း အဖမ်းအဆီး နောက်တခေါက် လုပ်ဦးမှာမို့ တောထဲကို ပြေးမယ့် “ကြွက်ကလေးတွေ” အများကြီး ထပ်တိုးလာတော့မှာပေါ့ဗျာ” လို့ သူက ဆက်ပြောပါသေးတယ်။

တရားမ၀င် အလုပ်သမားတွေကို ငှားရမ်းတဲ့ အလုပ်ရှင်တွေကို ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ မလေးရှား အစိုးရက မကြာသေးခင်ကပဲ ကြေညာခဲ့ပါတယ်။ လ၀က ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုအဒူရာမန်အိုဟမ် က တရားမ၀င် ၀င်ရောက်လာသူတွေကို လက်ခံထားတာ ဒါမှမဟုတ် အလုပ်လုပ်ဖို့ ငှားထားတာဟာ လူကုန်ကူးမှု ဆန့်ကျင်ရေး ဥပဒေ (Anti-trafficking Persons Act) နဲ့ တရားစွဲခံရနိုင်တယ်လို့ ဆိုပါတယ်။

“သတ်မှတ် ကာလထက် ပိုပြီး နိုင်ငံထဲ နေနေကြတဲ့သူတွေကို ထိန်းချုပ်နိုင်ဖို့ ဒီလို ပြင်းထန် ထိရောက်တဲ့ အရေးယူမှုတွေ လိုအပ်တယ်” လို့ ဒတုအဒူရာမန်အိုဟမ် က ပြောပါတယ်။

တရားမ၀င် ၀င်ရောက်လာသူတွေ နိုင်ငံထဲမှာ အလုပ် လုပ်နေကြတယ် ဆိုတာကို သူတို့အနေနဲ့ ယုံကြည်တယ်လို့ မလေးရှား အစိုးရက ဆိုပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ အဲ့ဒီလူတွေကို နှိမ်နင်းဖို့ အစိုးရက မူဝါဒ ချမှတ်မှု အပိုင်းမှာ ရှင်းရှင်း လင်းလင်း မရှိဘူးလို့ ထင်ကြပါတယ်။ တချို့အဖွဲ့တွေ ဆိုရင် အလုပ်သမားတွေရဲ့ ကောင်းကျိုးချမ်းသာဟာ မလေးရှားရဲ့ အာဏာနိုင်ငံရေး လက်ထဲ ကျရောက်သွားပြီ လို့တောင် စိုရိမ်တကြီး ပြောဆိုကြတာ ရှိပါတယ်။

အစိုးရက တရားမ၀င် ၀င်ရောက်လာသူတွေကို နှိမ်နင်းမယ်လို့ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကြေညာတာမို့ တက်ကြွလှုပ်ရှားသူ တချို့က ဒါဟာ တရုတ်လူမျိုးတွေ အာဏာရပါတီကို ထောက်ခံဖို့ အတွက် တိုက်ရိုက် ခြိမ်းခြောက်တာပဲလို့ ယူဆကြပါတယ်။ အာဏာရပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက တရုတ်တွေရဲ့ထောက်ခံမှုကို နည်းနည်းပဲ ရခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးသမားလည်းဖြစ် တီနာဂါနိသ (Tenaganita) လို့ ခေါ်တဲ့ NGO အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ အိုင်ရင်းဖာနန်ဒက် ကတော့ ကြေညာချက်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ ပါနေတယ်လို့ ယူဆပါတယ်။

“နိုင်ငံခြားအလုပ်သမားတွေ အပေါ် မှီခိုနေမှုကို လျှော့ချ ဖို့လိုတယ်လို့ အစိုးရက ဆိုတယ်၊ အဲ့ဒါ တကယ် မဟုတ်ဘူး၊ ပြီးခဲ့တဲ့ အပတ်ကတောင် ရွှေ့ပြောင်း အလုပ်သမား အသစ် တသိန်း အလုပ် လုပ်ခွင့်ကို ၀န်ကြီးက အတည်ပြုပေးခဲ့သေးတယ်လေ” လို့ အိုင်ရင်းဖာနန်ဒက်က ဆိုပါတယ်။

“လူတွေက အဲ့ဒီအလုပ်သမားတွေကြောင့် ပိုက်ဆံ ဖောချင်းသောချင်း ရကြတာ ရှင့်၊ အစိုးရလည်း အတူတူပဲ။ အလုပ်သမား ရှာဖွေရေး အေဂျင်စီတွေကလည်း အစိုးရနဲ့ ထဲထဲဝင်ဝင် ပတ်သက်သူတွေနဲ့ သူတို့ မိသားစုတွေချည်းပဲ။ ရွှေ့ပြောင်း အလုပ်
သမားတွေ ပိုပြီး တရားဝင် ဖြစ်လေလေ သူတို့ ပိုက်ဆံ ပိုရလေလေပဲပေါ့” လို့ သူက ဆက်ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ဘယ်လို တဟုန်ထိုး အကျိုးအမြတ်တွေ ရတယ် ဆိုတာကိုလည်း သူက ရှင်းပြပါသေး တယ်။ အလုပ်သမားတွေဟာ အခွန်ဆောင်ရတဲ့ အပြင် ဗီဇာသက်တမ်းတိုးတာ နဲ့ အခြား ၀န်ဆောင်မှုမျိုးစုံ အတွက် ကိုယ့်ဘာသာကိုယ် ပေးရတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ “မလေးရှားအစိုးရက အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ထက် ရေတို နိုင်ငံရေး အကျိုး အမြတ်ရဖို့ ပိုစိတ်ဝင်စားတာကို တွေ့ရပါတယ်။ အာဏာ တည်မြဲရေးဆိုတဲ့  မျှော်လင့်ချက်တွေအောက်မှာ လူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ သူတို့ ပေးထားတဲ့ ကတိတွေကို အစိုးရက ကျောခိုင်း သွားပါပြီ” လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ (Human Rights Watch - HRW) ရဲ့ အာရှဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး ဖေးရော်ဘာစတင်က မှတ်ချက်ပေးပါတယ်။

အခုလို နှိမ်နင်းမှု ဖြစ်လုဆဲဆဲ အခြေအနေက သူတို့အိမ်တွေကို မလေးရှား အာဏာပိုင်တွေက ၀င်စီးလေမလားလို့ စိုးရိမ်နေကြ တဲ့ ဒုက္ခသည်တွေ အားလုံးကို တုန်လှုပ် ချောက်ချား ဖြစ်စေပါတယ်။ မလေးရှားမှာ အဖမ်းခံရတာဟာ တခြားနိုင်ငံတွေမှာ အဖမ်းခံရတာနဲ့ မတူပါဘူး၊ တခြားနိုင်ငံတွေမှာ ဆိုရင် အဖမ်းခံရသူကို ဆုံးမလိုက်တာမျိုးနဲ့ ဒဏ်ငွေ နည်းနည်း ရိုက်လိုက်တာမျိုးပဲ လုပ်ပါတယ်။ မလေးရှားမှာကတော့ အဖမ်းခံရတဲ့သူကို နိုင်ငံထဲက ထိန်းသိမ်းရေးစခန်း တခုခုဆီ ပို့လိုက်တာ ဖြစ်ပါတယ်။

ကွာလာလမ်ပူနဲ့ အနီးတ၀ိုက်မှာ နေထိုင်ကြတဲ့ ဒုက္ခသည်အားလုံး နီးပါးဟာ မလေးရှားမှာ နေထိုင်တဲ့ကာလအတွင်း  တကြိမ် မဟုတ် တကြိမ် အထိန်းသိမ်း ခံရဖူးတယ်လို့ သိရပါတယ်။ ကျနော်နဲ့ စကားပြောဖြစ်တဲ့ သူတိုင်းက ဆိုးရွားလှတဲ့ ထောင်တွင်း အခြေ အနေတွေနဲ့ နှိပ်စက် ညှဉ်းပန်းခံရမှုတွေကို ပြောပြကြပါတယ်။

“ရောက်တာနဲ့ ကျနော့်ကို ကျာပွတ်နဲ့ အသားကုန် ရိုက်တာ ကျနော် ရက်တော်တော်ကြာတဲ့အထိ လမ်းမလျှောက်နိုင်ဘူး” လို့ အဖမ်းခံရဖူးသူ တယောက်က ပြောပြပါတယ်။ “ထောင်ထဲမှာနေရတဲ့ ၆ လ လုံးလုံး ကျနော် တောက်လျှောက် အရိုက်ခံရတယ်။ ကျနော့်ဘ၀ရဲ့ တကယ့် အဆိုးရွားဆုံး အချိန်တွေပေါ့ဗျာ။ နေထိုင် စားသောက်ရတဲ့ အခြေအနေကလည်း သိပ် ဆိုးတယ်။ အဆိုးဆုံးကတော့ အမျိုးသမီးတွေကို အစောင့်တွေက မုဒိန်းကျင့်တယ် ဆိုတာကို သိနေရတာပဲ” လို့ သူက ဆက်ပြောပါတယ်။

ဒုက္ခသည်တွေ အတွက် လှုပ်ရှားနေကြတဲ့ NGO အတော်များများက ထိန်းသိမ်းရေးစခန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ စိုးရိမ် ပူပန်မိတယ်လို့ ပြောပါတယ်။ NGO ၀န်ထမ်း တယောက်ကတော့ လူတွေ တရားရုံးဝင်းထဲက မြက်တွေ စားနေကြတာကို တွေ့တဲ့သူက သူတို့ကို ပြန်ပြောပြတယ်လို့ ဆိုပါတယ်။ အဲဒီလိုစားတာဟာ ကိုယ့်ကိုယ်ကိုယ် ၀မ်းချုပ်အောင် လုပ်တာဖြစ်ပြီး ဗိုက်ဆာနေတာကြောင့်လည်း စားကြတယ်လို့ ဆိုပါတယ်။ သူ့အပြောအရ ထိန်းသိမ်းရေး စခန်းတွေထဲမှာ သေဆုံးသူ တော်တော်များတဲ့ အပြင်၊ မကြာသေးခင်ကလည်း ကြွက်ရဲ့ ကျင်ငယ်ရည်က တဆင့် ပြန့်ပွားတဲ့ leptospirosis ရောဂါပိုး ကူးစက်နေသူဦးရေ တရိပ်ရိပ် တက်နေတယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံက ထောင် ၈ ခုထဲမှာ လူဝင်မှုကြီးကြပ်ရေးအမှု နဲ့ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားသား စုစုပေါင်း ၅၄၀၀ ရှိတယ်လို့ အကျဉ်းထောင် ဌာန ညွှန်ကြားရေးမှူးချုပ် ဒတုဇူကီဖီလီအိုမာ က မကြားသေးခင်ကပဲ ကြေညာသွားခဲ့ပါတယ်။

အခြား ဒုက္ခသည် တယောက်ကတော့ သူ့ အတွေ့အကြုံက ဆိုးလွန်းတာမို့ ထိန်းသိမ်းရေး စခန်းကို ရောက်ပါစေလို့တောင် ဆုတောင်းမိတယ်လို့ ကျနော့်ကို ပြောပြပါတယ်။ သူဟာ အာဏာပိုင်တွေက ကွာလာလမ်ပူမြို့တော်က သူ့အိမ်ကို ညသန်းခေါင် ၀င်စီးတဲ့အချိန် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပထမဆုံး သူ့ကို အချုပ်ဆီ ခေါ်သွားတယ်၊ အစောင့်တွေက သူ့ကို ပစ္စည်းခိုးတယ် လို့ စွပ်စွဲပြီး ရိုက်နှက်ကြတယ် လို့ ဆိုပါတယ်။

တရားမ၀င် နေထိုင်သူ နိုင်ငံခြားသား အလုပ်သမားများကို ချုပ်နှောင်ထားသည့် ကွာလာလမ်ပူမြို့တော် အပြင်ဘက်ရှိ ထိန်းသိမ်းရေး စခန်းတခု မြင်ကွင်း (ဓာတ်ပုံ - AP)
အဲ့ဒီနောက် တခြား အဖမ်းခံရ သူတွေနဲ့ ပြည့်နေတဲ့ ကားထဲကို အတင်း ထည့်ပြီး မလေးရှား - ထိုင်း နယ်စပ်ကို ညတွင်းချင်း မောင်းသွား တယ်လို့ ပြောပါတယ်။ နယ်စပ် ရောက်လို့ ငွေရှာနိုင်ရင် ပြန်လွှတ် ပေးမယ်၊ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဘယ်သူမှ မသိလိုက်ဘဲနဲ့ အသတ်ခံရ နိုင်တယ်ဆိုပြီး အာဏာပိုင်တွေက ပြောတယ် လို့လည်း ဆိုပါတယ်။ နယ်စပ်မှာ အဆက် အသွယ် လုပ်ဖို့ မိသားစု မရှိ ဘယ်သူ မှလည်း မရှိတာမို့ သူ ငွေမရှာ နိုင်ခဲ့ပါဘူး၊ ဒါကြောင့် အာဏာပိုင် တွေက သူ့ကို ငါးဖမ်းလှေမှာ အလုပ်လုပ်ဖို့ ရောင်းစား လိုက်ပါတော့တယ်။

“ငါးဖမ်း လှေပေါ်မှာ တနှစ် ကြာတယ်၊ အရိုက်လည်း ခံရတယ်။ နေ့ရော ညရော အလုပ် လုပ်ပေမယ့် လုပ်အားခ တပြားမှ မရဘူး။ ငါ ကျွန်ဖြစ်နေ ပါလားလို့ ခံစားရတာကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး” လို့ သူက ကျနော့်ကို ပြောပြရှာပါတယ်။

သူ့အဖြစ်အပျက်က မလေးရှား အာဏာပိုင်တွေရဲ့ အသိအမှတ် ပြုတာကို မခံရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတာ တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ သူ အသက် ၂၀ အရွယ်တုန်းက စစ်သားတွေက သူ့အမေအိမ်ကို ရောက်လာပြီး သူတို့ကို နှင်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန် အဝေးပြေးလမ်းမ တည်ဆောက်ဖို့ အတွက် သူတို့မြေကို သိမ်းမှာမို့ အခုလို နှင်ထုတ်ခံရတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက စိတ်လိုက် မာန်ပါ ခုခံ ပြောဆိုတာမို့ ထောင်ချခံရပါတယ်။ နောက်ဆုံး ထောင်က လွတ်တဲ့ အချိန်မှာတော့ မြို့မှာ ဆက်နေဖို့ ဘယ်လိုမှ မလုံခြုံတော့ဘူး လို့ ခံစားရတာမို့ ထိုင်းနိုင်ငံကို ထွက်ခွာခဲ့ပြီး အဲ့ဒီကနေ တဆင့် မလေးရှားကို ရောက်လာခဲ့ပါတယ်။ မလေးရှားမှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က သူ့ကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြုပြီး အထောက် အထား လက်မှတ် ထုတ်ပေးထားပေမယ့် ထိုင်းနယ်စပ်မှာ ရောင်းစားခံလိုက်ရပြီးကတည်းက လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူးလို့ သူက ပြောပြပါတယ်။

မလေးရှားမှာ ရလာ (Rala)  လို့ လူသိများတဲ့ လူထု စေတနာ့ ၀န်ထမ်းဌာန (Ikatan Relawan Rakyat) အဖွဲ့ဝင်တွေ နဲ့ လ၀က ရဲတွေဟာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူတွေကို ဒုက္ခသည်တွေ အဖြစ် သဘော မထားပါဘူး။ ဒါ့အပြင် UNHCR နဲ့ မလေးရှား အစိုးရကြားမှာ ဘာ သဘောတူညီချက်မှ မရှိတာမို့ အဲ့ဒီ လက်မှတ်တွေဟာ သူတို့အတွက် ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုပြီး ပြောတယ်လို့ လက်မှတ်ကိုင်ထားသူ တော်တော်များများက ပြန်ပြောပြကြပါတယ်။ မလေးရှားနိုင်ငံဟာ ဒုက္ခသည်တွေ ခိုလှုံ နေထိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်မှာ လက်မှတ် မထိုးထားပါဘူး။

ဒုက္ခသည်တွေ အဖမ်းမခံရအောင် လက်မှတ် တမျိုး ထုတ်ပေးမယ်လို့ မလေးရှားအစိုးရက မကြာသေးခင်ကပဲ ကြေညာပါတယ်၊ ဒါပေမယ့် ဒုက္ခသည်တွေကတော့ အဲဒီ လက်မှတ်တွေဟာ အလုပ် ဖြစ်လိမ့်မယ်လို့ မယုံကြပါဘူး။ ဒုက္ခသည် လက်မှတ် ကိုင်ဆောင်ထားသူတွေကို ရလာတွေက ဘယ်လို ဆက်ဆံတယ် ဆိုတာနဲ့ ပတ်သက်ပြီး အတွေ့ အကြုံရှိပြီး ဖြစ်တာမို့ အခု မလေးအစိုးရက ထုတ်ပေးမယ့် လက်မှတ် ဆိုတာလည်း ရလာတွေအတွက် နောက်ထပ် နည်းလမ်းတခု ဖန်တီးပေးတာလို့ သူတို့ ယူဆကြပါတယ်။ ရလာတွေ အနေနဲ့ အဲ့ဒီကတ်ကို သိမ်းပြီး သူတို့ကို ငွေနဲ့ ပြန်ရွေးခိုင်းနိုင်တယ်၊ ဒါမှမဟုတ်လည်း ကတ်ကို ဆွဲဖြဲပြီး သူတို့ကို ထိန်းသိမ်းရေး စခန်းတွေဆီ ပို့နိုင်တယ်လို့ သူတို့က နားလည်ကြပါတယ်။

ရလာဝန်ထမ်းတွေဟာ အာဏာကို အလွဲသုံးစား လုပ်တယ်လို့ မကြာခဏ စွပ်စွဲ ခံရသူတွေပါ။ ရလာတွေကို ပညာအရည် အချင်း မဆိုစလောက်ပဲ ရှိပြီး တခြားမှာ အလုပ် မရနိုင်တဲ့ လူ ၃သိန်းလောက်နဲ့ ဖွဲ့ထားတာပါ၊ သူတို့မှာ မလေးရှားနိုင်ငံထဲ တရားမ၀င် ရောက်နေတဲ့  နိုင်ငံခြားသားတွေကို စုပေးဖို့ အဓိက တာဝန်ရှိပါတယ်။ သူတို့ကို ရက် အနည်းငယ်လောက်ပဲ သင်တန်းပေးပြီး လမ်းမတွေပေါ် လွှတ်ထားတာ ဖြစ်ပါတယ်၊ သူတို့ အလုပ်ကတော့ တရားမ၀င် ၀င်ရောက်လာသူတွေကို မတွေ့ တွေ့အောင် ရှာပြီး ထိန်းသိမ်းရေး စခန်းတွေဆီ ပို့ပေးရတာပါပဲ။

UNHCR အသိအမှတ်ပြုတာကို ခံထားရတဲ့ ဒုက္ခသည်တွေမှာ အဖမ်းအဆီးနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ စိုးရိမ်မှုက  ဒုက္ခသည်အဖြစ် လျှောက်ထားသူတွေရဲ့ စိုးရိမ်မှုလောက်တော့ မများပါဘူး။ လက်မှတ် ဒါမှမဟုတ် အထောက် အထား စာရွက်စာတမ်း မရှိတဲ့သူတွေက အဖမ်းခံရနိုင်တဲ့ အန္တရာယ်နဲ့ အဆိုးဆုံး ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ရလာတွေ ၀င်ရောက်ဖမ်းဆီးတဲ့အခါမျိုးမှာ ဘယ်လို ရက်စက် ကြမ်းကြုတ်တယ်၊ UNHCR လက်မှတ်တွေကို ဘယ်လို ဆုတ်ဖြဲပစ်တယ် ဆိုတာတွေကို ဒုက္ခသည် တော်တော် များများက ကျနော့်ကို ပြောပြပါတယ်။  ရလာတွေက သူတို့ ဘယ်လောက် တာဝန်ကျေတယ် ဆိုတာ အစိုးရသိအောင် လုပ်ပြတာဖြစ်တယ် လို့ ဒုက္ခသည်တွေက ယူဆကြပါတယ်။

အရင်ကဆိုရင် ရလာတွေအတွက် မက်လုံး တခုကတော့ အလုပ်သမားတယောက်ကို ဖမ်းမိတိုင်း မလေးရှား ရင်းဂစ် ၈၀ (၂၅ ဒေါ်လာ) ရတဲ့ အချက်ပဲလို့ ဆိုပါတယ်။ အခု အဲ့ဒီ စနစ် ဖျက်လိုက်ပြီမို့ အရင်လို ဆုကြေး မရကြတော့ပါဘူး၊ ဒါပေမယ့် အဲ့ဒီ မက်လုံးလိုမျိုး ခပ်ဆင်ဆင် ဆုကြေးတွေ ရှိနေသေးတယ်လို့ ကြားသိရပါတယ်။

HRW အဖွဲ့ မလေးရှားဌာနခွဲက “ရလာတွေဆိုတာ ရှာဖွေ ဖမ်းဆီးတဲ့ဝရမ်း မပါဘဲ အာဏာသုံးပြီး ရပ်ကွက်တွေထဲ ၀င်၊ လူတွေကို ဖမ်းနေတဲ့၊ စနစ်တကျ လေ့ကျင့်မထားတဲ့ အရိုင်းအစိုင်း အရပ်သား တပ်ဖွဲ့” လို့ သရုပ်ခွဲပြပါတယ်။

ရာလာတွေကို အစိုးရက အသုံးပြုရတဲ့ အကြောင်းရင်း ၂ ခု ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့ တော်တော်များများက ယူဆကြပါတယ်။ ဖမ်းဆီးမှုတွေမှာ ရဲတပ်ဖွဲ့ကို မသုံးတဲ့အတွက် ကုန်ကျစရိတ် ချွေတာနိုင်တယ်၊ ရလာတွေအတွက် ပင်စင်နဲ့ ရေရှည် အလုပ်အကိုင် စာချုပ်စာတမ်း ကိစ္စတွေလည်း မလိုဘူး ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ပြောကြပါတယ်။

အခုလို နှိမ်နင်းမှုတွေကြောင့် ရလာတွေ၊ လ၀က အရာရှိတွေနဲ့ ထိပ်တိုက်မတွေ့ချင်တဲ့ မလေးရှား အလုပ်ရှင်တွေလည်း သောက ရောက်နေပါတယ်။

ဒါကြောင့် အလုပ်ရှင် အတော်များများက ဒဏ်ငွေ အများကြီး ဆောင်ဖို့ မတတ်နိုင်ဘူး ဆိုပြီး တရားမ၀င် အလုပ်သမားတွေကို အလုပ် ထုတ်ပစ်လိုက်ကြပါတယ်။ အကျိုးဆက်ကတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ပြီး ရပ်တည်ရေးအတွက် အသည်း အသန် ရုန်းကန်နေကြရတော့တာပါပဲ။

တိုင်းရင်းသား ဒုက္ခသည် အဖွဲ့ တဖွဲ့ နေထိုင်ရာ နေရာလေးတခုကို ရောက်သွားချိန်မှာတော့ အဲ့ဒီနေရာရဲ့ တာဝန်ခံက “ဒီမှာ နေစရာက ပြည့်ကျပ်နေပြီ။ မကြာသေးခင်ကပဲ အလုပ်ပြုတ်လာတဲ့ ဒုက္ခသည် ၂၀၀ လည်း ရှိသေးတယ်။ အခြေအနေက အရမ်း စိုးရိမ်စရာ ကောင်းတယ်။ လာမယ့်လတွေမှာ အလုပ် ပြုတ်မယ့်သူတွေ ပိုပို များလာဦးမယ် ဆိုတော့ သူတို့ ဘယ်လို ရပ်တည်ကြမလဲ မသိဘူး” လို့ ကျနော့်ကို ပြောပါတယ်။

အဲလက်စ်အဲလ်ဂီး ရေးသားသည့် Playing Tom and Jerry in Malaysia ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်။
Friday, 19 February 2010 16:43 အဲလက်စ်အဲလ်ဂီး 
ဧရာဝတီ

အမှတ်ရတဲ့ စာမျက်နှာ

ငြိမ်းလူကဗျာ


အကွေ့
အပျော်စီးသင်္ဘောပေါ်က
လူတွေကို သရော်တာလား

နေ့
ထားလိုက်စမ်းပါ
ရေတက် ရေကျက
သဘာဝတရားကို
တိုက်စား

တသက်လုံး
လောက်စာလုံးမမြင်ဖူးတော့
ပြောရခက်သား
ဒါနဲ့  ပြန်လေတဲ့ ငှက်ခါး
နားခါမှ  သိမယ်ဆိုပဲ။

မုန်တိုင်းက
အရင်လာတာလား
လေပြေ

အလင်းနှစ်နဲ့ချီ
သယ်ဆောင်လာတာ
လွတ်မြောက်ခြင်း

ထွင်းလှေနဲ့လား
စပ်လှေလား
သွားမယ်
ရှေးရေစက်ကံမကုန်တာ
သူပုန်ထခြင်း။

တက်ခုတ်ရင်း
သွားကြားထိုးတံဖြစ်သွားတဲ့
သမိုင်းတွေကို
နိဂုံးမချုပ်ပါရစေနဲ့

ဘုရားဖူးသွားရင်
ကလေးတွေခြောက်ဖို့
စက္ကူကျားတွေ
အကောင်ပေါက်ကစလို့ရှိတယ်လို့--- ပြောလိုက်ရုံ

အချိုးအကွေ့တိုင်းမှာ
လှိုင်းဒဏ်နဲ့ရင်ဆိုင်

ဝိုင်တခွက်-- မယိမ်းမယိုင်
သင်္ဘောပေါ်
ထိုင်လိုက်သွားပါစေ

သူ့မှာ
အကွေ့နဲ့ နေ့လည်းရှိ
ညတော့ရှိတယ်
လ မရှိပြန်ဘူး

တို့အတွက်တော့ --
တက်ကျိုးးရင်
လှော်ဖို့
လက်ထိုးဖော်သာအရေးကြီးတယ်။    ။
Monday, 15 February 2010 12:43 ငြိမ်းလူ  
yoma3

ဘ၀အတွက် စိတ်ဓာတ်အင်အား


*ဘ၀ဆိုတာ...*
Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး... အကျိုးရှိအောင်လုပ်ပါ...
Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား... လေးစားပါ...
Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်.... လက်တွေ့အကောင်အထည်ဖေါ်ပါ..
Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ... ရင်ဆိုင်ပါ...
Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်... ပြီးမြောက်အောင်လုပ်ပါ...
Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ... ကစားပါ...
Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ... ဖြည့်ဆည်းပါ...
Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု... ကျော်လွှားပါ...
Life is a song, sing it.
ဘ၀ဆိုတာ သီချင်း... သီဆိုလိုက်ပါ....
Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု... လက်ခံပါ....
Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း... ရင်ဆိုင်လိုက်ပါ...
Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း... ရဲရင့်လိုက်ပါ...
Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ... ဖြစ်အောင်လုပ်ပါ...
Life is life, fight for it."
ဘ၀ဆိုတာ ဘ၀... ယှဉ်ပြိုင်တိုက်ခိုက်ပါ...


သင်မြတ်နိုးတဲ့ အိမ်ဂေဟာနဲ့ မိုင်ပေါင်းများစွာ ဝေးကွာတဲ့နေရာမှာ သင်ရောက်နေတဲ့ အခါ..
သင့်ခြေဖ၀ါးအောက်မှာ သင်နဲ့ မရင်းနှီးတဲ့မြေ၊ သင့်ဦးခေါင်းထက်မှာက သူစိမ်းဆန်တဲ့ မိုးကောင်းကင်၊
သင့်ပတ်ဝန်းကျင်က သူစိမ်းတရံဆန်တွေ နဲ့ မနက်ကနေ ညနေထိ တစ်နေကုန်ပြောဆိုဆက်ဆံနေရငြား ..
သင့်အား သတိရနေတဲ့ တစ်စုံတစ်ယောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
ဘေးအန္တရာယ်နဲ့ရင်ဆိုင်ရတဲ့အခါ၊ စိတ်ရောကိုယ်ပါနွမ်းနယ်တဲ့အခါ၊
ကိုယ့်ရဲ့ယုံကြည်ချက်ဟာ အဟောသိကံပဲလို့သံသယ၀င်လာတဲ့အခါ ..
တစ်စုံတစ်ယောက်ကသင့်ကို သတိရနေတယ်ဆိုတာ သတိရပါ ..
တစ်စုံတစ်ဦးက သတိတရရှိနေတယ်.. တစ်စုံတစ်ယောက်က ဂရုစိုက်ကြင်နာတယ်..
တစ်စုံတစ်ယောက်သောသူရဲ့ ဆုတောင်းစကားသံထဲမှာ သင့်ရဲ့အမည်နာမကို တီးတိုးရေရွတ်နေတာ ..
သင်ဘယ်နေရာ ရောက်ရောက်.. ဘာတွေဖြစ်နေဖြစ်နေ သင့်ကို သတိရနေသူ တစ်စုံတစ်ယောက်ရှိနေတာမို့
သင် အားတင်းထားပါ. သင့်အနာဂတ်ထွန်းတောက်လာဖို့ ကြိုးစားရမှာ အမှတ်ရပါ ...

လူမိုက် ၊ လူတော် ၊ ပညာရှိ အယူအဆများ

GREATNESS
The foolish assume themselves to be great,
Not realizing that they are the dust of unbounded nature.
Little and temporary creatures are they.

The clever recognize nature's greatness,
And sacrifice to her;
They leave the inexplicable event in His hands.

The wise recognize purity as the greatest state,
Knowing that all of mankind and all creatures are heading toward The real Purity.


ကြီးကျယ်မြင့်မြတ်ခြင်း

လူမိုက်တို့သည် မိမိကိုယ်မိမိ ကြီးကျယ်မြင့်မြတ်သည်ဟု ယူဆကြ၏။
မိမိတို့မှာ အတိုင်းအဆမရှိသည့် သဘာဝတရား၏ ဖုန်မှုန့်မျှသာ ဖြစ်ကြောင်း သဘော မပေါက်ကြသောကြောင့် သူတို့သည် သေးငယ်၍ တဒင်္ဂ သတ္တ၀ါများသာ ဖြစ်ကြ၏။

လူတော်များသည် သဘာဝတရား၏ ကြီးကျယ် မြင့်မြတ်မှုကို သဘောပေါက်ကြသည့်အလျောက် မိမိကိုယ်မိမိလည်း ထိုသဘာဝတရားထံ ပုံအပ် ပူဇော်ရင်း ဖွင့်ဆို ရှင်းပြခြင်းငှာ မစွမ်းသာသော အဖြစ်အပျက်ကိုကား ဘုရားသခင်လက်ဝယ် ချန်ခဲ့ကြလေ၏။

ပညာရှိများမှာမှု လူသားအားလုံးနှင့် သတ္တ၀ါအပေါင်းတို့သည် စစ်မှန်သော သန့်ရှင်းစင်ကြယ်မှုသို့ ဦးတည်နေကြသည်ကို နားလည် သဘောပေါက်ခြင်းကြောင့် သန့်ရှင်း စင်ကြယ်မှုကိုသာ အကြီအကျယ် အမြင့်မြတ်ဆုံးဟု အသိအမှတ်ပြုကြ၏။



COMMITMENT


The foolish dare not make any commitments
And try to avoid all responsibilities;
They are unreliable even to themselves.

The clever make many commitments,
Some achievable and some not,
Making the clever sometimes trustworthy and sometimes not.

The wise make group commitments.
They synergise the team to achieve a common goal.
Usually getting the greater good as result.


ကတိက၀တ်

လူမိုက်တို့သည် ကတိက၀တ် တစ်စုံတစ်ရာကိုမျှ မပြုရဲကြ။
တာဝန်ရှိမှုဟူသမျှကို ရှောင်လွှဲရန်သာ ကြိုးစားကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကို အတွက်ပင် ယုံကြည်စိတ်ချရဖွယ် မရှိ။

လူတော်များသည် မြောက်မြားစွာသော ကတိက၀တ်များကို ပြုကြ၏။
အချို့မှာ ပြီးမြောက် အောင်မြင်ဖွယ်ရှိ၍ အချို့မှာ ထိုသို့မဟုတ်ကြ။
သို့ဖြစ်၍ သူတို့သည် အခါခပ်သိမ်း ယုံကြည်စိတ်ချရသူများ မဖြစ်နိုင်ကြချေ။

ပညာရှိများမှာမူ အစုအဖွဲ့အလိုက် ကတိက၀တ် ပြုကြ၏။
ထိုအစုအဖွဲ့၏ ဘုံပန်းတိုင်သို့ ရောက်ရှိအောင် စုပေါင်းအားကို ရယူကြ၏။
ယင်းအတွက် သူတို့သည် ပိုမို ကြီးကျယ် ကောင်းမွန်သော ရလဒ်ကို ရလေ့ရှိကြ၏။



CHARACTER DEVELOPMENT

The foolish are so overbearing,
They leave no space for any improvement.

The clever are willing to learn and practice everything,
But can never learn all.

The wise never consider themselves the best,
But always perform to their best naturally.

စာရိတ္တပျိုးထောင်မှု

လူမိုက်တို့သည် အရာရာတွင် သူတစ်ပါးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလွန်းအားကြီးသောကြောင့် ၄င်းတို့၌ တိုးတက်ရန် နေရာလပ် မကျန်တော့ပေ။

လူတော်များသည် အရာရာကို မိမိကိုယ်တိုင် လေ့လာ ကျင့်သုံးကြရန် ဆန္ဒရှိ၏။ သို့ဖြစ်၍ သူတို့သည် အလုံးစုံကို အပြည့်အ၀ လေ့လာနိုင်စွမ်း မရှိ။

ပညာရှိများမှာမူ မိမိကိုယ်ကို အကောင်းဆုံးဟု ဘယ်သောအခါမှ မယူဆကြဘဲ မိမိတို့ စွမ်းသလောက် အကောင်းဆုံးဖြစ်ရန်သာ သဘာဝကျကျ ပြုမူ ဆောင်ရွက်ကြ၏။



LOVE AND LOVER

The foolish long for love.
They have no self satisfaction
And seek around for companions.

The clever deny love.
They are satisfied with isolation
And suffer when they must rely on others.

The wise do not long for love,
Nor do they refuse to love and be loved.
They live happily either alone or with a soulmate.

အချစ်နှင့်ချစ်သူ

လူမိုက်တို့သည် အချစ်ကို တမ်းတ၏။
ထို့ကြောင့် သူတို့တွင် မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်မှု ဟူ၍ မရှိဘဲ ချစ်သူများ ရှာ၍သာ နေရ၏။

လူတော်များသည် အချစ်ကို ငြင်းပယ်ကြ၏။ အထီးတည်းနေခြင်းဖြင့်သာ ကျေနပ်ကြ၏။
သို့ဖြစ်၍ သူတစ်ပါးအား မှီခိုအားကိုးရမည့်အချိန်သို့ ရောက်သောအခါတွင်မူ ဒုက္ခကို ခံစားရလေ၏။

ပညာရှိများမှာမူ အချစ်ကို မတမ်းတ။ ချစ်ရန်သော်လည်းကောင်း၊ အချစ်ခံရရန်သော်လည်းကောင်း ငြင်းဆိုခြင်းမရှိ။ ယင်းအတွက် သူတို့သည် အထီးတည်းလည်း ပျော်၏၊ ချစ်သူနှင့်လည်း ပျော်ရွှင်သည်သာဖြစ်၏။



LOVING

The foolish succumb to passion and love,
And are often in grief.

The clever try to be free from love,
But struggle with self-love.

The wise develop their love,
From common love to real love,
From real love to universal love,
From universal love to pure love,
And find happiness.

ချစ်ခြင်း

လူမိုက်တို့သည် ရမက်နှင့် ချစ်ခြင်း၌သာ အညံ့ခံကြ၏။
ထို့ကြောင့် မကြာခဏ ပူဆွေးသောက ရောက်ရ၏။

လူတော်များသည် ချစ်ခြင်းနှင့် ကင်းလွတ်အောင် ကြိုးစားကြ၏။
သို့သော် မိမိကိုယ်ကို ချစ်ခြင်းနှင့်မူ လုံးထွေးရုန်းကန်နေရ၏။

ပညာရှိများမှာမူ မိမိ၏ ချစ်ခြင်းကို ဖွံ့ဖြိုးစေ၏။
ဖြစ်ရိုးဖြစ်စဉ် အချစ်မှ အချစ်စစ်သို့ လည်းကောင်း၊
အချစ်စစ်မှ လွှမ်းခြုံဖြန့်ကြက်သော အချစ်သို့ လည်းကောင်း၊
လွှမ်းခြုံဖြန့်ကြက်သော အချစ်မှ ပကတိ သန့်စင်သော အချစ်သို့ လည်းကောင်း
ဖွံ့ဖြိုးစေ၏။
ဤနည်းဖြင့် ပျော်ရွှင် ချမ်းမြေ့မှုကို ရှာတွေ့ကြ၏။



MAKING FRIENDS

The foolish make friends at a party,
Ususally finding the insincere ones.
Who lead their lives to disaster.

The clever make friends in the work place,
Usually merging with beneficial partners
Who help further their success.
They are friends for as long as the partnership lasts.
When business fails, so does their friendship.

The wise make friends based on spiritual awareness,
Usually finding great and true friends.
Their relationships grow beyond all worldly consitions.

မိတ်ဆွေဖွဲ့ခြင်း

လူမိုက်တို့သည် ပျော်ပွဲရွှင်ပွဲများ၌ မိတ်ဆွေရှာကြ၏။
ထို့ကြောင့် ၄င်းတို့၏ဘ၀ကို ပျက်စီးစေသော မရိုးသာသူများနှင့်သာ မိတ်ဆွေ ဖွဲ့ကြရ၏။

လူတော်များသည် အလုပ်ခွင်ထဲ၌ မိတ်ဆွေဖွဲ့ကြ၏။
ထို့ကြောင့် မိမိကို အောင်မြင်မှုများ နောက်ထပ် ပေးစွမ်းနိုင်သော အကျိုးကျေးဇူးပြုမည့် မိတ်ဆွေကို ရ၏။
သူတို့သည် အလုပ် စပ်တူလုပ်နေသမျှ ကာလပတ်လုံး မိတ်ဆွေဖြစ်ကြ၏။
အလုပ် မအောင်မမြင်ဖြစ်သွားသောအခါတွင်မူ မိတ်ဆွေဖြစ်ခြင်းသည်လည်း ကွယ်ပျောက်ရ၏။

ပညာရှိများမှာမူ မိတ်ဆွေဖွဲ့ခြင်းကို ဘာသာရေးအသိအမြင်ပေါ်တွင် အခြေခံ၏။
ထို့ကြောင့် လောကီအခြေအနေများကို ကျော်လွန်သော စစ်မှန်သည့် မဟာမိတ်ဆွေကြီးများကို ရ၏။



OUTLOOKS ATTITUDES

The foolish are pessimistic.
They share their dark side with others,
And are rewarded with grief and disaster.

The clever are optimistic.
They share their bright side with others and are
Rewarded with goodness but exhausted by pretense.

They wise are realistic.
They share the awareness of good and bad with others,
And strengthen their lives as they grow.

လောကအမြင်

လူမိုက်တို့သည် အဆိုးမြင်တတ်ကြ၏။
ယင်းတို့၏ အဆိုးဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
ထို့ကြောင့် ၄င်းတို့သည် ပူဆွေးခြင်းနှင့် ဘေးဒုက္ခများကို ဆုလာဘ်အဖြစ် ရကြ၏။

လူတော်များသည် အကောင်းမြင်တတ်၏။
ယင်းတို့၏ အကောင်းဖြစ်ရပ်များကိုသာ သူတစ်ပါးအား မျှဝေခံစားစေ၏။
သို့ဖြစ်၍ သူတို့သည် ကောင်းခြင်းများကို ဆုလာဘ် ရကြ၏။
သို့သော် သူတို့သည် ဟန်ဆောင်ရခြင်းဖြင့် နွမ်းနယ်ကြ၏။

ပညာရှိများမှာမူ အမှန်ကို အမှန်အတိုင်း ရှုမြင်ကြ၏။
အကောင်း-အဆိုး နှစ်မျိုးစလုံးနှင့် ပတ်သက်၍ သိမြင်နားလည်ခြင်းကို သူတစ်ပါးအား မျှဝေ၏။
ယင်းအတွက် သူတို့သည် အသက်ကြီးလာသည်နှင့်အမျှ ဘ၀လည်း ပိုမိုကြံ့ခိုင် သန်စွမ်းလာ၏။



STRENGTHENING RELATIONSHIPS

The foolish take advantage of others,
Gaining short term relationships.

The clever are willing to be taken advantage of,
Gaining affection but feeling bitter about their relationships.

The wise tend of to share advantages with others,
Gaining love, respect and enduring relationships.

ဆက်ဆံရေးကိုခိုင်မာစေခြင်း

လူမိုက်တို့သည် သူတစ်ပါးအပေါ် အခွင့်ကောင်းယူတတ်သဖြင့် ရေတို ဆက်ဆံရေးကိုသာ ရ၏။

လူတော်များသည် မိမိအပေါ် အခွင့်အရေးယူခြင်းကို နှစ်သက်၏။
သို့ဖြစ်၍ သူတစ်ပါး၏ ချစ်ခင်ခြင်းကို ရသော်လည်း ယင်းတို့၏ ဆက်ဆံရေးကို အမြဲ မကျေမချမ်း ဖြစ်နေရ၏။

ပညာရှိများမှာမူ အခွင့်အရေးယူခြင်းကို အများနှင့် မျှဝေခံစား၏။
ယင်းအတွက် သူတို့သည် မေတ္တာနှင့် အကြည်ညိုကို ရရုံသာမက ရေရှည်တည်တံ့သော ဆက်ဆံရေးကိုလည်း ရ၏။



BENEFACTORS

The foolish betray even their benefactors,
No one dares to deal with them.
As a result, they have to pay for more than what they get.

The clever are greatful to their benefactors;
Everyone wants to be nice to them.
As a result, they feel endless obligation.

The wise uplift the souls of their benefactors
Because it is the only true way of repayment.
As a result, they inspire the benefactors for greater giving,
Benefiting all mankind.

ကျေးဇူးရှင်

လူမိုက်တို့သည် ကျေးဇူးရှင်ကိုပင်လျှင် သစ္စာဖောက်၏။
မည်သူကမျှ ယင်းတို့ကို ဆက်ဆံရန် မ၀ံ့ကြ။
ထို့ကြောင့် သူတို့သည် ရထားသည်ထက် ပို၍ ပေးဆပ်ရ၏။

လူတော်များသည် ကျေးဇူးရှင်မပေါ် ကျေးဇူးသိတတ်သဖြင့် လူတိုင်းက သူတို့ကို နှစ်သက်ကြ၏။
သို့ဖြစ်၍ သူတို့သည် ၀တ္တရားများကို တစ်သက်လုံး ထမ်းဆောင်ရမည်ဟု ခံစားနေရလေ၏။

ပညာရှိများမှာမူ ကျေးဇူးရှင်တို့အား စိတ်၏ချမ်းသာမှုကို ရရှိစေ၏။
အကြောင်းမှာ ဤသည်ပင်လျှင် တစ်ခုတည်းသော မှန်ကန်သည့် ကျေးဇူးဆပ်နည်းဖြစ်၏။
ရလာဒ်အဖြစ် ကျေးဇူးရှင်များအား ပို၍ ကြီးစွာသော ပေးကမ်းခြင်းကို လှုံ့ဆော်ပေး၏။
ဤနည်းအားဖြင့် သူတို့သည် လူ့ဘောင်တစ်ခုလုံးကို အကျိုးကျေးဇူး ရရှိစေ၏။



TRUTHFULNESS

The foolish cannot keep their word.
No one believes them.
They lose even their self-respect.

The clever are obsessed with truth
But cannot distinguish advantages from the disadvantagesin truthfulness,
And often trap themselves in the truth.

The wise mold truth and wisdom into oneness.
The truth protects them,
And their words become true.

အမှန်တရား

လူမိုက်တို့သည် ကတိစကားကို မတည်နိုင်ကြ၍ မည်သူကမျှ သူတို့ကို မယုံကြည်ကြပေ။
ထို့ကြောင့် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မှုကိုပင် ပျောက်ဆုံးကြရ၏။

လူတော်များသည် အမှန်တရား၏ စီးနင်းလွှမ်းမိုးထားခြင်းကို ခံနေကြရ၍ အမှန်တရား၏ အားသာချက်နှင့် အားနည်းချက်တို့ကို ခွဲခြားနိုင်စွမ်း မရှိကြပေ။
သို့ဖြစ်၍ သူတို့သည် အမှန်တရားထဲတွင် မကြခဏ ချုပ်မိနေတတ်ကြ၏။

ပညာရှိများမှာမူ အမှန်တရားနှင့် ဉာဏ်ပညာတို့ကို တစ်သားတည်း ဖြစ်သွားအောင် သွန်းလောင်းယူကြ၍ အမှန်တရား၏ အကာအကွယ်ကို ရကြ၏။
ယင်းအတွက် သူတို့၏ စကားများသည်လည်း အမှန်တရားချည်းသာ ဖြစ်ကြရ၏။

(The Foolish, The Clever, The Wise by Charles Akara)
ကို တူဒေးအယ်ဒီတာအဖွဲ့ ဘာသာပြန်သည်။