Wednesday, March 10, 2010

မှတ်ပုံတင် ဥပဒေက ဒေါ်စုနှင့် CC ၁၁ ဦးကို ပါတီမှ ခွဲထုတ်

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပူပူနွေးနွေး ဗဟိုဦးစည်းအဖွဲ့ CC အဖွဲ့ဝင် ၁၁ ဦးသည် စစ်အစိုးရက ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် ထုတ်ပယ်ပြီးသား ဖြစ်သွားသည်။

ယခုလ ၃ ရက်နေ့က အတိုက်အခံပါတီကြီး၏ ဗဟိုဦးစီးအဖွဲ့ကို အဖွဲ့ဝင် ဦးရေ ၁၀၀၊ အရန် ၈ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ထောင်ကျနေသော လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင် ၁၁ ဦးကိုပါ ထဲ့သွင်းထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေက ထောင်ကျနေသူများကို ပါတီဝင်အဖြစ် သတ်မှတ်ခြင်း မပြုရန် ကန့်သတ်ထားသဖြင့် ကော်မရှင်အသစ်တွင် နိုင်ငံရေးပါတီအဖြစ် ရက် ၆၀ အတွင်း ပြန်လည် လျှောက်ထားရမည့် ပါတီအတွက် အခက်အခဲ ဖြစ်နေတော့သည်။

မန္တလေးတိုင်း စည်းရုံးရေး ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ အပါအဝင် မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ပါတီဝင်များကို CC အဖွဲ့သစ်တွင် ”ပါတီအပေါ် သစ္စာရှိစွာဖြင့် အနစ်နာခံ လုပ်ဆောင်မှုကြောင့်” ဟု ပါတီဗဟိုက ထဲ့သွင်းအတည်ပြုပေးခဲ့သည်။

၂၀၀၇ ခု သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုနောက်ပိုင်း အဖမ်းခံရသော သူတို့အနက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ခိုင်မှအပ ၁၀ နှစ်အထက် နှစ်ရှည်ထောင်ဒဏ်များ ကျခံနေရသည်။ တောင်ကုတ်မြို့မှ အသက် ၈၇ နှစ်ရှိ ဦးကျော်ခိုင်မှာ ၂၀၀၉ ခုနှစ် မေလတွင် အဖမ်းခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ် ကျခံနေရသည်။

“ကျနော်တို့ NLD ပါတီကို ရည်ရွယ်ပြီး ပြောနေသလို ခံစားနေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ မနေ့က တနေ့ကပဲ ဗဟိုဦးစီးအဖွဲ့ဝင်တွေကို ထုတ်ပြန်လိုက်တယ်။ တကယ်လို့ ပါတီက ဆက်လက် မှတ်ပုံတင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်တွေကို ကျနော်တို့က ထုတ်ပယ်ဖြစ်ရမလို ဖြစ်နေပါတယ်” ဟု NLD ပြန်ကြားရေးဌာနမှ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်၍ မရအောင် ဥပဒေက ကန့်သတ်လိုက်သည်။ လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ၁၄ နှစ်ကျော် အချုပ်အနှောင်ခံနေခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်မှာ ဖိတ်ခေါ်ခဲ့ခြင်း မရှိသော အမေရိကန် နိုင်ငံသားက ရေကူး၍ ခြံထဲ ဝင်ရောက်ခြင်းကို ခေတ္တနားခိုခွင့် ပေးသဖြင့် တရားရုံးက ပြစ်ဒဏ်ချခံထားရသည်။

”ဒီဥပဒေအရဆိုရင် ဒေါ်အောင်ဆန်းစုကြည်က ထုတ်ပစ်ရမယ်လို့ ပြောထားတယ်။ မထုတ်ဘူးဆိုရင် ဒီပါတီက ပျက်မှာပဲ ဒီလိုပြောထားတာကိုး။ ရွေးကောက်ပွဲဝင်လို့ မရပါဘူး။ သူက တရားရုံးရဲ့ အမိန့်နဲ့ အကျဉ်းကျနေတဲ့ လူတွေက ရွေးကောက်ပွဲကို ဝင်ခွင့်မရှိဘူး” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ်ခဲ့သဖြင့် အစိုးရရာထူး ရယူပိုင်ခွင့် မရှိ ဖြစ်နေပြန်သည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ပါရန် အကြိမ်ကြိမ် တောင်းဆိုထားသော NLD က ယခုအခြေအနေသည် ဆန့်ကျင်ဘက် ဖြစ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ရှိနေပြီး၊ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲများ စတင်ဖြစ်ပေါ်စေသော လောင်စာဆီဈေးနှုန်း ချပေးရေး လမ်းလျှောက်ဆန္ဒပြမှုများကို ဦးဆောင်ခဲ့ကာ၊ လူငယ်ထုအကြား သြဇာရှိသည့် နှစ်ရှည်ထောင်ဒဏ်ကျခံ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ၄၀ ကျော်လည်း ပါဝင်သည်။

ဖနိဒါ 
Wednesday, 10 March 2010 16:52

ပြည့်တန်ဆာခေါင်းတဦး၊ လူမိုက်ခေါင်းဆောင်တဦးတို့နှင့် တွေ့ဆုံခြင်း


ပြည့်တန်ဆာခေါင်းတဦး၊ လူမိုက်ခေါင်းဆောင်တဦးတို့နှင့် တွေ့ဆုံခြင်း

ရန်ကုန်မြို့တော်မှ ပြည့်တန်ဆာခေါင်းများ၊ ဟန်ပြအနှိပ်ခန်းတို့၏ ပိုင်ရှင်များ၊ ခါးပိုက်နှိုက်များ ယခုတလော ဂဏှာမငြိမ်၊ မူမမှန် ဖြစ်နေကြသည်ဟု မိတ်ဆွေ သတင်းထောက်များက ပြောသဖြင့် သတင်းထောက် ရန်လိုကျွဲ ကျွန်ုပ်မှာ ညာဘက် နားရွက် နှင့် ဘယ်ဘက်နားရွက်တို့ ထောင်မတ်ပြီး မျက်လုံးနှစ်ဘက် ပြူးထွက်သွားသည်။
အနှီသတင်းနောက် လိုက်လိုသဖြင့် မြူးမြူးသွက်သွက် ဖြစ်သွားသည်။ အနှီသတင်း၏ ထူးချက်ကြောင့် အင်တာနက်ဆိုင်သို့ သုတ်ချေတင်ကာ moemaka.com အယ်ဒီတာမင်းတို့ကို အင်တာနက် Gtalk မှ တဆင့် အချက်အလက် ပို့လိုက်သည်။

ရန်လိုကျွဲ@gmail.com –  “မိုင်ဒီးယား အယ်ဒီတာ့စ်၊ ကျွန်ုပ် သတင်းအနံ့တခု ရတယ်”

အယ်ဒီတာ့စ်@gmail.com – “good, very good!”

ရန်လိုကျွဲ@gmail.com – “မတ်လ ၈ ရက်နေ့က စပြီး ပြည့်တန်ဆာခေါင်းတွေ၊ အနှိပ်ခန်း ပိုင်ရှင်တွေ၊ အချိန်ပိုင်း ခါးပိုက်နှိုက်သူတွေ၊ အချိန်ပြည့် သူခိုးကြီး၊ သူခိုးလတ်၊ သူခိုးလေး၊ သူခိုးပိစိကွေးတွေက ရန်ကုန် မြို့ပြင်ကို အလုံးအရင်း ထွက်နေကြတယ်”

အယ်ဒီတာ့စ်@gmail.com – “ဟိုက် – ရှာလဘတ်ရည်၊ ဒီလူကြီးလူကောင်းတွေ ဘာလုပ်ကြမလို့လဲ၊ ပျော်ပွဲစား ထွက်မှာလား၊ သူတို့လုပ်ငန်းတွေကို ဦးပိုင်က လိုက်သိမ်းနေလို့လား၊ ဟိုနေ့က ထုတ်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေကို ထောက်ခံကြိုဆိုတာတွေများ လုပ်ကြမယ့်ပုံရော ရှိသလား” 

ရန်လိုကျွဲ@gmail.com – “မိုင်ဒီးယား အယ်ဒီတာ့စ်၊ ဘာလုပ်ကြမလဲတော့ ကျွန်ုပ်မသိဘူး၊ သတင်းကတော့ အကြီးကြီး ဖြစ်သွားနိုင်တယ်။ ထင်သလောက် မကြီးရင်လည်း ပုံကြီးချဲ့ရေးပြီး ပို့လိုက်မယ်။ ဂွတ်ဘိုင်”

အယ်ဒီတာ့စ်@gmail.com – “နေပါဦး၊ နေပါဦး၊ ဒီလူတွေ အင်အားက ဘယ်လောက် များသလဲ”

ရန်လိုကျွဲ@gmail.com – “ဘယ်လောက် များသလဲ ဆိုတာကို ရေတွက် ခန့်မှန်းလို့ မရဘူး။ မြင်ကွင်းကတော့ ချင်းပြည်နယ်က ပြောင်းဖူးခင်းထဲ ကြွက်တွေ ဆင်းသွားသလို ဆိုပါတော့၊ အုံခဲနေတာပဲ”

အယ်ဒီတာ့စ်@gmail.com – “ok, good luck!”

အတွေ့အကြုံအရ ကျွန်ုပ် ရန်လိုကျွဲ သိလိုက်သည်၊ ဒါမျိုးမှ သတင်း၊ တကယ့်သတင်း၊ အဟုတ် စိတ်လှုပ်ရှားဖွယ် သတင်း၊ အမှန်အကန် သတင်း၊ ထူးခြားသည့်သတင်း၊ သိပ်လန်း သိပ်မိုက်မည့် သတင်း။ ဟုတ်သည်၊ သတင်းပီသတဲ့ ဒီသတင်းနောက်ကို အမြန်လိုက်ပြီ။

အနှီ သူခိုး၊ ဂျပိုး၊ ပြည့်တန်ဆာခေါင်း ကဲ့သို့သော လူကြီးလူကောင်းများကို ရန်ကုန်မြို့ပြင်သို့ ထွက်သည့် လမ်းမပေါ်တွင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် တွေ့နေရသည်။ ကျွန်ုပ်လည်း ၎င်းတို့နှင့် ရောနှော လိုက်ပါသွားသည်။

ရန်ကုန်မှ ထွက်လာပြီး လှည်းကူးမြို့သို့ မရောက်မီ ထူးဆန်းသည့် အကြောင်းအရာ တခုကို သတိထားမိသည်။ ခရီးသည်များအတွင်း မတူ ခြားနားသော လူကြီးလူကောင်းများစွာ ပါဝင်နေခြင်းပင်။ ထိုပုဂ္ဂိုလ်များမှာ အခြားမဟုတ်၊ ချစ်ခင်နှစ်သက် လေးစားဖွယ် ကောင်းသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ ဖြစ်တော့သည်။ သတင်းကြီးတပုဒ်တော့ ရပဟေ့ ဟူသော ကျွန်ုပ်၏ ယူဆချက် ပိုမို ခိုင်မာလာချေပြီ။

ကားကြီးကားငယ်များ ပြွတ်ခဲနေသဖြင့် ခရီးက မတွင်လှ။ လမ်း မကြာခဏ ပိတ်ဆို့သဖြင့် ကား မကြားခဏ ရပ်ရသည်။ ကားရပ်ပြီး လမ်းဘေးပေါက်တောသို့ အသီးသီး ၀င်ရောက်စဉ် ဦးအိုကေ၊ ဦးကျက်သရေ ဆိုသူ ၂ ဦးနှင့် အချက်အလက်အလို့ငှာ မိတ်ဖွဲ့လိုက်သည်။

ဦးအိုကေသည် ကာရာအိုကေ သီချင်းဆိုခန်းလုပ်ငန်းရှင် နာမည်ကျော် ပြည့်တန်ဆာခေါင်းဖြစ်သည်။

လူမိုက်ခေါင်းဆောင်တဦး ဖြစ်သူ ဦးကျက်သရေသည်လည်း ခေသူမဟုတ်ချေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း မြို့နယ်အဆင့် ရာထူး ရှိသူ ဖြစ်လေသည်။

ကားကြီးကားငယ်များက လှည်းကူးမြို့နယ် မင်းတုန်းရွာဘက်သို့ ဦးတည်သွားကြသည်။ တနေရာ အရောက်တွင် ကားက နေရာ မရွေ့တော့ပေ။ တမျှော်တခေါ် ယာဉ်တန်းကြီး၏ ရှေ့ဆုံးသို့ ကျွန်ုပ် သွားပြီး စနည်းနာလိုက်သည်။ ကားများ ဦးတည်ရာမှာ မင်းတုန်းရှိ စစ်သား လေ့ကျင့်ရေးတပ်စခန်းကြီး ဖြစ်လေသည်။

လေ့ကျင့်ရေးကျောင်းအတွင်းတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ရန်ကုန်သား လူငယ်များ၊ ရန်ကုန်မှ ကလေးငယ်များကို ဆံပင်ငုတ်တိုဖြင့် တွေ့ရသည်။

လူငယ်လေးများမှာ ရန်ကုန်မြို့ပေါ်ရှိ ပန်းခြံတို့တွင် ရည်းစားနှင့် ချိန်းတွေ့ရာမှ အဖမ်းခံကြရပြီး စစ်သား စုဆောင်းရေး တပ်သို့ ရောက်သွားခြင်း ဖြစ်ကြောင်း၊ ကလေးများမှာ နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် လမ်းကျော်၊ ရပ်ကွက်ကျော်ပြီး အဆော့လွန် အလည်လွန်ရာမှ နည်းမျိုးစုံဖြင့် စစ်သား စုဆောင်းရေးတပ်သို့ ရောက်သွားခြင်း  ဖြစ်ကြောင်း ကျွန်ုပ်ကို တိုးတိုးတိတ်တိတ် ပြောပြကြသည်။ သတင်းဌာနများသို့ ဆက်သွယ်ပြီး ၎င်းတို့၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပေးရန် ကျွန်ုပ်အား အကူအညီ တောင်းကြလေပြီ။ ကျွန်ုပ် မည်သို့လုပ်ရအံ့နည်း။

ခက်ချေပြီ။ တကယ် ခက်ချေပြီ။ ကျွန်ုပ်သည် ဤသို့သော အကြောင်းအရာများကို သတင်းလုပ်ပြီး ရေးတတ်သူ အပေါစား၊ ခပ်ညံ့ညံ့ သတင်းထောက် မဟုတ်ပေ။ ကျွန်ုပ်သည် ၀ါရင့်သတင်းထောက်၊ အကြီးတန်းသတင်းထောက်၊ စီနီယာသတင်းထောက် ဖြစ်တော့သည် ဆိုသည်ကို ၎င်းတို့ မသိရှာပေ။ မသိလည်း မတတ်နိုင်။ ဒါမျိုးသတင်းတွေ မရေးနိုင်။

စစ်သင်တန်းကျောင်း အပြင်ဘက်ရှိ ကားကြီးကားငယ်များထဲတွင် စောင့်ဆိုင်းနေသူ လူကြီးလူကောင်းများမှာ ဤလူငယ်၊ ဤကလေးများ၏ မိဘတို့ ဖြစ်ဟန်တူသည်။ မိဘများက စိတ်ပူနေရှာတော့မည်။ လိမ်ညာ ဖြားယောင်း ခြိမ်းခြောက် ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးတပ်သို့ အပို့ခံရသည့် ၎င်းတို့၏ ကလေးများ၊ လူငယ်များကို လာရောက် ထုတ်ယူကြဟန်တူသည်ဟု တွေးနေချိန်တွင် ကျွန်ုပ်အနီးသို့ ဦးအိုကေ နှင့် ဦးကျက်သရေတို့ ရောက်ချလာကြသည်။

ခက်ပြီ၊ ထိုလူကြီးလူကောင်းတို့နှင့် ကျွန်ုပ် အတိုက်အခံလုပ်ရချေတော့မည်။

ကျွန်ုပ် – ကလေးတွေက ငယ်တော့ ငယ်သေးတယ်။ ဒါပေမယ့် စစ်ထဲဝင်တာ ကောင်းပါတယ်။

ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - ဟုတ်တယ်၊ ဟုတ်ပါတယ်။

ကျွန်ုပ် – သူငယ်ချင်းတယောက် ပြောသလို ပြောရရင် ကလေးတွေက စစ်တိုက်တမ်း ကစားရတာ ပျော်တယ်၊ စစ်ထဲဝင်တော့ တကယ့်သေနတ်တွေနဲ့ တကယ် စစ်တိုက်ရတော့ သူတို့ စိတ်ချမ်းသာမှာပေါ့ တဲ့။ ကောင်းပါတယ်။ မိဘတွေ စိတ်ပူစရာ မလိုပါဘူး။ ကလေးတွေက စစ်သားအလုပ် လုပ်ရတာ ပျော်မှာပါ။

ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - ဟုတ်တယ်၊ ဟုတ်ပါတယ်။

ကျွန်ုပ် – ဦးတို့က ဦးတို့ရဲ့ ကလေးတွေကို အိမ်ပြန်ခေါ်ဖို့ ဒီကို ရောက်လာကြတာ မဟုတ်ဘူးလား။

ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - မဟုတ်ဘူး၊ မဟုတ်ပါဘူး။

ကျွန်ုပ် – ဟိုက် - - - ဒါဆို ဒီကို ဘာလာလုပ်ကြတာလဲ။

ဦးအိုကေ – ငါက ကာရာအိုကေရုံ မလုပ်တော့ဘူး။ စစ်ထဲ ၀င်တော့မယ်။

ဦးကျက်သရေ – ငါလည်း ကြံ့ခိုင်ရေးအသင်းမှာ မလုပ်တော့ဘူး။ စစ်ထဲဝင်တော့မယ်။

ကျွန်ုပ် – ဘာဖြစ်လို့ စစ်ထဲဝင်ကြမှာလဲ။

ဦးအိုကေ – ရွေးကောက်ပွဲဥပဒေတွေ ထွက်ပြီလေ၊ မင်းမသိဘူးလား။

ကျွန်ုပ် – ဟုတ်ပါတယ်၊ သိပါတယ်၊ အဲဒီတော့ ဘာဖြစ်လဲ။ ဦးတို့ရဲ့ ပြည့်တန်ဆာလုပ်ငန်း - အဲ - ကာရာအိုကေလုပ်ငန်းက ဆက်လုပ်လို့ ရနေတာပဲ မဟုတ်လား။

ဦးအိုကေ – ဆက်လုပ်လို့ ရပါတယ်ကွ။ အဆင်ပြေပါတယ်။ ဒါပေမယ့် လူဆိုတာ ပို၍ပို၍ ကြီးပွားရာ ကြီးပွားကြောင်းကို ရှာရမယ် မဟုတ်လား။

ကျွန်ုပ် – ဒီအရွယ်ကြီးတွေကျမှ စစ်ထဲဝင်လို့ ဘယ်လိုနည်းနဲ့ ကြီးပွားနိုင်မှာတုန်း။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်လို့ အရွေးခံရရင် ပို၍ပို၍ ကြီးပွားစရာတွေ တွေ့ရဦးမယ်။

ဦးအိုကေ – အေး - အဲဒါကြောင့် စစ်ထဲဝင်မှာကွ။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ရင် ငါ့လို ပြည့်တန်ဆာခေါင်းကို ဘယ်သူက မဲထည့်မှာလဲ ငတုံးရဲ့။ ငါ့မှာ လွှတ်တော်တက်နိုင်စရာလမ်းကို မမြင်ဘူး။ အခုလို စစ်ထဲဝင်တာကမှ လွှတ်တော်တက်ဖို့ လမ်းကြောင်း ရှိသေးတယ်။

ကျွန်ုပ် – ဗျာ - လွှတ်တော်တက်ဖို့ လမ်းကြောင်း ဟုတ်လား။

ဦးကျက်သရေ – သိပ်သေချာတာပေါ့ကွာ။ လွှတ်တော်ထဲ ၀င်ထိုင်မယ့်သူတွေထဲက ၂၅ ရာခိုင်နှုန်းဟာ  တပ်မတော်သား ကိုယ်စားလှယ်တွေ ဆိုတာ မင်း မသိဘူးလား။ ရွေးကောက်ပွဲကို ၀င်ပြိုင်စရာ မလိုဘဲ လွှတ်တော်ထဲ တန်းပြီး ရောက်သွားမှာကွ။

ကျွန်ုပ် – သြော် - ဒါကြောင့် ဦးတို့က စစ်ထဲဝင်ချင်နေတာကိုး ဟိုးဟိုး။ သို့ပေမယ့် ကျနော် နားလည်ထားတာက ဦးကျက်သရေတို့ ကြံ့ဖွံ့အသင်းက ပါတီအဖြစ် အရောင်ပြောင်းပြီး ရွေးကောက်ပွဲ ၀င်မယ်၊ မဲလိမ် မဲခိုးမယ် တဲ့။ ဒီနည်းနဲ့လည်း လွှတ်တော်ထဲ ရောက်နိုင်တာပဲ မဟုတ်လား၊ စစ်ထဲ ၀င်စရာ လိုသေးလို့လား။

ဦးကျက်သရေ – ငါတို့ကို ပေါတာကြီးတို့က ပါတီဖွဲ့ဖို့ အတိအကျ ပြောမထားဘူး၊ ပြီးတော့ ငါတို့ အသင်းဝင် အင်အားက သန်းချီပြီး ရှိတာ၊ လွှတ်တော်ထဲ ၀င်ထိုင်ကြမှာက ရာဂဏန်းပဲ။ ဒီအသင်းထဲ ဆက်နေလို့ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာ အကြောင်း မမြင်ဘူး။

ကျွန်ုပ် – ဦးက မြို့နယ်အဆင့်ခေါင်းဆောင်ပဲ။ အလားအလာ ကောင်းပါတယ်ဗျ။

ထိုအချိန်တွင် ဦးအိုကေက ကြားဖြတ်ပြီး ၀င်ရောက်ပြောဆိုပြီး စကားဝိုင်းကို သိမ်းလိုက်လေသည်။

ဦးအိုကေ – ဒီကောင်က ငါ့ထက် ပိုပြီး အကြံကြီးတယ်ကွ။ ကြံ့ဖွံ့အသင်းမှာ အချင်းချင်း ခွက်စောင်းခုတ် ခြေထိုးပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်၊ ရွေးကောက်ပွဲမှာ မဲဖိုးတွမ်တီး လုပ်ပြီး လွှတ်တော်ထဲ ရောက်သွားပြီ ထားပါတော့၊ သာမန် ကိုယ်စားလှယ်ပဲ ဖြစ်နေမှာပေါ့။ အခုလို စစ်ထဲဝင်တော့ လွှတ်တော်ကိုယ်စားလှယ်တင် မကဘူး နိုင်ငံ့ခေါင်းဆောင်တောင် ဖြစ်နိုင်ပြီလေ။ နိုင်ငံတော် သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည် လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတာ ၀ါရင့်သတင်းထောက်ကြီး မေ့နေပြီထင်တယ်၊ ဟဲဟဲဟဲ။

စကားဝိုင်းက ဤနေရာတွင် အဆုံးသတ်သွားသည်။ ကျွန်ုပ်လည်း moemaka.com မှ ဆရာသမားတို့ထံ သတင်းပို့ရန် အင်တာနက်ကဖေးဆိုင်သို့ ပြေးရလေသည်။     ။
ရန်လိုကျွဲ
မတ် ၁၀၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စိန်ခေါ်ခြင်း

   

၂၀၁၀ ရွေးကောက်ပွဲကို အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါဝင် ယှဉ်ပြိုင်သင့်၊ မပြိုင်သင့် အချေအတင် အငြင်းပွားမှု မီးစာကို စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဖြင့် လောင်စာဆီ လောင်းပေးလိုက်သည်။

ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုသော စကားရပ်အရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိမှာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မဖိတ်ခေါ်ခဲ့သည့် အမေရိကန် နိုင်ငံသားကို ခိုလှုံနားခွင့် ပေးမှုဖြင့် အပြစ်ဒဏ်ခံနေရသူ ဖြစ်သည်။

တရားမျှတသော ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေး မျှော်လင့်ထားသူများအတွက် အကြီးအကျယ် စိတ်ပျက်စရာပင်ဖြစ်မည့် ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ပါပြီ။ ဥပဒေ ၅ ခုကို တရက်ချင်းစီ ထုတ်ပြန်နေသည်။

ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကော်မရှင်ကို စစ်အစိုးရက စိတ်ကြိုက်ရွေးချယ်မှာ ဖြစ်သည်။ ထို့အပြင် အဆီအငေါ် မတည့်လှသော လုပ်ရပ်တခုက မဖွဲ့ရသေးသော ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီများက ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ရမှာ ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ရှိနေသော နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ တို့ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မရအောင် တားမြစ်ထားသော ဥပဒေက မြန်မာနိုင်ငံရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထီမဲ့မြင်ပြုနေသည်။

မတရားအသင်းဟု သတ်မှတ်ထားသော အသင်းအဖွဲ့များနှင့် ဆက်သွယ်သူများကိုလည်း ပါတီဝင်မဖြစ်ရဟူသော စကားရပ်က ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် သူတို့ကို ဆက်သွယ်သူများကို တားမြစ်ထားခြင်း ဖြစ်သည်။

နိုင်ငံတဝှန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ၁၀၀၀၊ ဒေသဆိုင်ရာ ပါတီကို ပါတီဝင် ၅၀၀ စာရင်းကို ဘယ်ဆီမှန်းမသိသော ကော်မရှင်တွင် တင်သွင်းရန် ပြဋ္ဌာန်းထားပြန်သည်။ ဥပဒေ၏ အခြားသော ကန့်သတ်ချက်များမှာ သာသနာ့ဝန်ထမ်း မဖြစ်ရခြင်း၊ အစိုးရဝန်ထမ်း မဖြစ်ရခြင်းတို့ ဖြစ်သည်။

ယခုရွေးကောက်ပွဲဥပဒေက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရပြီး၊ အာဏာလွှဲပေးခြင်း မခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထိပ်တိုက်စိန်ခေါ်မှု ဖြစ်သည်။ အန်အယ်ဒီက နိင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးတို့ နေပြည်တော်သို့ တင်ပြထားသည်။

ယခုတော့ အန်အယ်ဒီအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်သလို၊ အမတ်နေရာ အနိမ့်ဆုံး ၃ နေရာ ဝင်မပြိုင်လျှင် ပါတီဖျက်သိမ်းခံရမှာဖြစ်သည်။ အန်အယ်ဒီက ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ဦးတော့ ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် မပါစေရ သဘောပင်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန 
Wednesday, 10 March 2010 15:18

ရွေးကောက်ပွဲဥပဒေ အမေရိကန်ဝေဖန်



အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ P. J Crowley
အမေရိကန် နိုင်ငံခြားရေး ဌာန ပြောရေး ဆိုခွင့်ရှိသူ P. J Crowley က သတင်း ထောက်များကို ယင်းသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

“ဒီနှစ် အတွင်းမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ကျနော်တို့ သံသယ ရှိပါတယ်၊ မြန်မာ အစိုးရကို ပထမ အဆင့် အနေနဲ့ နိုင်ငံရေး လောကက သက်ဆိုင်တဲ့သူ အားလုံးနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေး ပွဲတွေ လုပ်ဖို့ ကျနော်တို့ တိုက်တွန်း လိုပါတယ်”ဟု Crowleyက ဆိုသည်။

၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်နိုင်ရေးကို စစ်အစိုးရက ယနေ့ထုတ်ပြန် လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဖြင့် တားမြစ်လိုက်သည်။

အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီ တည်ထောင် သူများနှင့် ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေသူမဟုတ်ခြင်း ဟူသော အချက်ကို ဥပဒေတွင် ထည့်သွင်း ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် မေလ၊ နေအိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသားတဦးကြောင့် တရားစွဲ ခံရပြီး အာဏာပိုင်တို့က နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။

ထို ထောင်ဒဏ်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့ပြီး အဆိုပါ ပြစ်ဒဏ်သည် နိုဝင်ဘာလတွင် ပြည့်မည်ဖြစ်သည်။

ထောင်ဒဏ်ကျခံနေရသူနှင့်ပတ်သက်၍ တရားရုံးတခုမှ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုလိုပြီး ထောင်ဒဏ် စီရင် ချက်ကို မကျေနပ်၍ အယူခံမှု (သို့) ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲဖြစ်သူလည်း ပါဝင်ကြောင်း အဆိုပါ ဥပဒတွင် ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက လက်ခံခဲ့သော်လည်း ၂၀၀၉ ခုနှစ် အောက်တိုဘာ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင်  ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို ဆက်လက် တင်သွင်းခဲ့သည်။

သို့သော်လည်း ဗဟိုတရားရုံးချုပ်က ထပ်မံ ငြင်းပယ်လိုက်သဖြင့် အထူးအယူခံတင်ရန် သူမ၏ ရှေ့နေများက ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

ထောင်ဒဏ်ကျခံနေသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ ထိမ်ချန်ထားပါက ပါတီအနေဖြင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိခြင်းဟူသော အချက်ကလည်း  ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက် ရည်ညွှန်းခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ် သည်။

ယခု ထုတ်ပြန်သည့် ဥပဒေတွင် ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လျှောက်ထားရန် ပျက်ကွက်ပါက နိုင်ငံရေး ပါတီအဖြစ်မှ အလို အလျောက်ပြက်ပျယ်မည်ဟူသော အချက်ကလည်း ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိသေးသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အတွက် အကျဉ်းအကျပ်ဖြစ်စေကြောင်း နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ဥပဒေများကို နိုင်ငံပိုင်သတင်းစာများမှ ယမန်နေ့က စတင်၍ နေ့စဉ် ထုတ်ပြန်ကြေညာလျက်ရှိရာ ယခုအခါ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

Wednesday, 10 March 2010 14:22 ကိုထွေး 
ရင်းမြစ်။ ။ဧရာဝတီ

ပါတီများ မှတ်ပုံတင်ရန် ပြင်ဆင်

  နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို စစ်အစိုးရက ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် နိုင်ငံရေး ပါတီတချို့ မှတ်ပုံ တင်ရန် အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေသည်။

ဥပဒေတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အရ တည်ရှိနေသာ ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု ပါရှိသည်။

နိုင်ငံရေးပါတီအသစ်များ မှတ်ပုံတင်ရမည့် နေ့ရက်နှင့် ပတ်သက်ပြီး ယင်း ဥပဒေက ဖော်ပြထားခြင်းမရှိသေးသော်လည်း အသစ်ဖွဲ့စည်းမည့် နိုင်ငံရေး ပါတီများအနေဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ရန် ပြင်ဆင်လျက်ရှိသည်။

ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက“အစိုးရက ဘာမှ မကြေညာခင်ကတည်းက ကျမတို့အဖွဲ့က အမြဲတမ်း တိုင်ပင် ပါတယ်၊ ဒီအချိန်မှာရွေးကောက်ပွဲလုပ်မယ်လို့ ပြောတော့ ကျမတို့က ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်တာပေါ့၊ ပြင်ဆင် ထားတာ ကတော့ ရှိပါတယ်၊ တကယ်တမ်းတော့ မပီပြင်သေးပါဘူး၊ မှတ်ပုံတင်မှာကတော့ အမှန်ပဲ၊ သဘောတူတဲ့ သူတွေ စကား ပြောပြီးတော့ အစည်းအဝေးလုပ်ရဦးမယ်” ဟုပြောသည်။

ယင်း ဒီမိုကရက်တစ် ပါတီကို ၀ါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်း၌ ယခင် ပါလီမန် ဒီမိုကရေစီခေတ် ၀န်ကြီးချုပ်များ ဖြစ်ခဲ့သည့် ဦးနု ၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့၏ သားသမီးများဖြစ်သော ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်း နှင့် ဒေါ်နေရီဗဆွေ တို့ ဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌ အဖြစ်တာဝန်ယူ ဆောင်ရွက်သည်။

ရှမ်းပြည်နယ်မှ ၀ါရင့် ရှမ်းနိုင်ငံရေး သမားကြီး ဦးရွှေအုန်းကလည်း နိုင်ငံရေး ပါတီများ မှတ်ပုံတင် ဥပဒေထုတ်ပြန်ပြီး ဖြစ်သည့် အတွက် ဆက်လက်လှုပ်ရှားမည်ဖြစ်ပြီး အဆင်သင့်ဖြစ်လျှင် ပါတီ မှတ်ပုံတင်ရန်အတွက်လျှောက်ထားမည်ဖြစ်ကြောင်း ဆိုသည်။

ဦးရွှေအုန်းသည် ၎င်း ဦးဆောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရန်အတွက် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ပဒမဖ) ပါတီကို ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းမှာ ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရ၏ အမျိုးသားညီလာခံကို ဝေဖန်ခဲ့သည့် အတွက်ထောင်ဒဏ် တနှစ်ကျခံခဲ့ဖူးသည်။ အသက် ၈၀ ကျော်ရှိ ဦးရွှေအုန်းသည် ၁၉၈၈ လူထုအုံကြွမှုများ အပြီး Shan State People’s Freedom League for Democracy ပါတီကို ထူထောင်ခဲ့သူလည်းဖြစ်သည်။

ပါတီ မှတ်ပုံတင်ရန် ဗဟိုဦးစီး အဖွဲ့ဝင်များနှင့် ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များကို အစည်းအဝေး ခေါ်ထားကြောင်း  ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ကိုအေးလွင်က ဆိုသည်။

ကိုအေးလွင်က“ကျနော်တို့ကတော့  အားလုံးပါဝင်နိုင်ပြီး စစ်မှန် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တာပေါ့ဗျာ၊ကျနော်တို့ဆီမှာ အဲဒီ စိတ်ဓာတ်တော့ ရှိပါတယ်။ အဓိကကတော့ သုံးချက်ပေါ့ဗျာ၊ ပြည်သူကလည်း လွတ်လပ်ပြီး တရားမျှတ ဖြစ်ဖို့ လိုလားတယ်၊ အစိုးရကလည်း သိဖို့လိုတယ်၊ နိုင်ငံရေးသမားကလည်း သိဖို့လိုတယ်၊ ဒါတင်မကဘူး ကျင့်ဖို့လိုတယ်”ဟု ပြောသည်။

နိုင်ငံရေးကို တပ်မတော် အစိုးရက ဆုံးဖြတ်နေခြင်းမှ ရပ်ဆိုင်းသွားပြီဖြစ်ကာ ပြည်သူလူထုက ဆုံးဖြတ်ရမည်ဖြစ်ကြောင်း၊ ယင်း အပြင် ဥရောပ သံတမန်အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားကို ယနေ့တွင် လာရောက်မေးမြန်းကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထိုသို့ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူများရှိနေသော်လည်း အဓိက နိုင်ငံရေး ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှာအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသားပါတီတချို့က ရွေးကောက်ပွဲဝင်ရန် ဆန္ဒမရှိဖြစ်နေကြောင်းလည်း သိရသည်။

ယခု  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် NLDအတွက် အရေးကြီးသည့် အချိန်သို့ ရောက်လာပြီဖြစ်ပြီး ပါတီသက်တမ်းသည် ရက်ပေါင်း ၆၀ သာရှိတော့မည်ဖြစ်ကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ဆိုသည်။

“NLD ရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားတဲ့ အခြေအနေဖြစ်သွားတယ်၊ အနှစ် ၂၀ လုံးလုံး အကျဉ်းအကျပ်တွေကြားထဲမှာ နေ လာတာ၊ မြန်မာပြည်ရဲ့နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယူဆတယ်၊ အခု သူတို့က မြန်မာ ပြည်ရဲ့ နိုင်ငံရေးပြဿနာတွေကို ဥပဒေနဲ့ ချည်ဖို့ လုပ်နေတဲ့အခါကျတော့ ကျနော်တို့ ပါတီအနေနဲ့ အခက်အခဲတွေ တွေ့နေတဲ့ အနေအထားမှာ ရောက်နေတယ်၊ နိုင်ငံရေးပါတီတရပ်ဟာ နိုင်ငံရေးလှုပ်ရှားမှု ရှိဖို့လိုတယ်။ နိုင်ငံရေးလှုပ်ရှားမှု မရှိဘဲနဲ့ ပါတီ မရှိနိုင်ဘူး၊ ပါတီပဲရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း အဲဒီပါတီဟာ လူရာလည်းဝင်မှာမဟုတ်ဘူး၊ ဘာမှလည်း လုပ်လို့ရမှာ မဟုတ် ဘူး၊ အရာလည်း ရောက်မှာ မဟုတ်ဘူး”ဟု ဦးဝင်းတင်က ပြောသည်။

ဥပဒေတွင် အကျဉ်းကျနေသူများကို ထည့်သွင်းပါက ပါတီကို ဖျက်သိမ်းနိုင်သည့် အချက်သည် NLD၏ ပေါ်လစီတရပ်ကို ပြန်ရုပ်သိမ်းရမည့် အခြေအနေဖြစ်နေကြောင်း၊ ထောင်ဒဏ်ကျခံနေရသူများကို ပါတီဝင်ခွင့် မပေးခြင်းဟူသော စကားရပ်တွင် အယူခံဟူသော စကားရပ်ကို ထည့်သွင်းထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်သည်မှာ သိသာ ထင်ရှားကြောင်း၊ ယင်းအချက်သည် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရမည်လားဟူသော ပြဿနာဖြစ်လာကြောင်း၊ ပါတီအနေဖြင့် မည်သို့ ဆောင်ရွက်မည်ဆိုသည်မှာ ပြဿနာဖြစ်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ မှတ်ပုံတင် ဥပဒေတွင် ထောင်ဒဏ်ကျနေသူများသည် ပါတီခေါင်းဆောင်၊ ပါတီဝင် ဖြစ်ခွင့်မရှိဆိုသော အချက်နှင့် ငြိစွန်းသူများကို ပါတီမှ မထုတ်ပယ်ပါက ပါတီ ဖျက်သိမ်းခံရနိုင်သည်ဆိုသော အချက်များသည် NLDကို  တိုက်ရိုက် ရည်ညွှန်း ရေးဆွဲထားသည်ဟု ရခိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က ဆိုသည်။

“၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဘူးဆိုရင် ဒီရွေးကောက်ပွဲကို စဉ်းစားလို့ မရဘူး၊ ဒီဖွဲ့စည်းပုံအရဆိုရင် ပြည်နယ်တွေ တိုင်းရင်းသား အခွင့်အရေးတွေ ဘာမှ မရှိဘူး၊ ဒါကြောင့် ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲကို စဉ်းစားလို့မရဘူး”ဟု ဦးအေးသာအောင်က ပြောသည်။

ရွေးကောက်ပွဲမကျင်းပမီ အတိုက်အခံများ၊ တိုင်းရင်းသားလူနည်းစုများနှင့် တွေ့ဆုံ ဆွေးနွေး ခြင်း၊ အပေးအယူလုပ်ခြင်းများ လုပ်ရန်လိုကြောင်း၊ ယင်းသို့ လုပ်ဆောင်မှသာလျှင် ဒီမိုကရေစီ နိုင်ငံသို့ ပြောင်းလဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

Wednesday, 10 March 2010 18:28 ကိုထွေး
ရင်းမြစ်။ ။ဧရာဝတီ

အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား


  နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီပါတီကို ရပ်တည်ခွင့်မပေးသည့် သဘောဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။

“အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ထောင်ကျနေတဲ့သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟိုကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်းဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်းသတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ်ဆိုရင်တောင်မှ ကျနော်တို့ရဲ့ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံတင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့်မရှိသူ တဦးအဖြစ် အဓိပ္ပာယ်သက်ရောက်နေသည်။

ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။

ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားပါက ယင်းအချက်တရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။

အထက်ဖော်ပြပါ အခန်း (၃) ပုဒ်မ (၁၂) အရဆိုလျှင် အန်အယ်လ်ဒီပါတီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် အကျဉ်းကျနေသူများကို ပါတီမှ ထုတ်ပယ်ခြင်းမပြုပါက ပါတီအနေဖြင့် တရားဝင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းရမည့်သဘောဖြစ်သည်။

လျှောက်ထားမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟု ဖော်ပြထားပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီအနေဖြင့် ဥပဒေ ပုဒ်မ (၆) ပါ အချက်တချက်ဖြစ်သည့် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကိုလည်း လျှောက်လွှာတွင် ဖော်ပြရမည်ဟု ရေးသားထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ယခုလောလောဆယ်တွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆိုသည်ထက် ပါတီရပ်တည်ရေးကို ဦးစားပေး ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

“နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် မရအောင် လုပ်ထားတယ်။ အယူခံထားတယ်ဆိုတဲ့လူလည်း မလိုချင်ဘူးပေါ့။ ဆိုလိုတာကတော့ သူတို့က ကျနော်တို့ပါတီကို မှတ်ပုံတင်လို့မရအောင်ပေါ့။ နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့က ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်အလက်ပေါင်းများစွာ ပါဝင်နေတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြင်ဆင်ပေးဖို့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ တောင်းဆိုထားတယ်။ အခုတခါ ပါတီမှတ်ပုံတင်မယ်ဆိုရင် ကျနော်တို့က ဒီအခြေခံဥပဒေတခုလုံးကို ကာကွယ်စောင့်ရှောက် ပါမယ်လို့ ပြောရတဲ့အခါ ကျနော်တို့မယုံကြည်တဲ့ ဒီဥပဒေကို ဘယ်လိုမှ ကာကွယ်စောင့်ရှောက်နိုင်စရာ အကြောင်းမရှိဘူး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

အန်အယ်လ်ဒီသည် ပါတီတခုအနေဖြင့် ရပ်တည်ရန် မှတ်ပုံတင်ခြင်းကိစ္စတွင် ယခုထုတ်ပြန်သည့် ဥပဒေကြောင့် အဟန့်အတား အများကြီးဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ယူဆသည်။

ယခုကဲ့သို့ နအဖထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က တောင်းဆိုထားသည့် အားလုံးပါဝင်ပတ်သက်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးဆိုသည်မှာ အဓိပ္ပာယ်ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။

သို့သော် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ ယခု နအဖထုတ်ပြန်လိုက်သည့် ဥပဒေပေါ်တည်၍ ဆုံးဖြတ်၍မရကြောင်းလည်း ၎င်းက ပြောသည်။

“ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက်တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုတာကတော့ နိုင်ငံရေးလိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

NEJ/ ၁၀ မတ် ၂ဝ၁ဝ

သူခိုးလက်က သူဝှက်ဆီရောက်



စစ်တပ်က အစိုးရလုပ်တဲ့ ၁၉၆၂ ကစပြီး နိုင်ငံပိုင်ပစ္စည်းကို ကိုယ်ပိုင်ပစ္စည်းအဖြစ် စစ်မှုထမ်းက အလွဲသုံးစားလုပ်ကြတယ်။ ဗိုလ်နေ၀င်းစစ်အုပ်စု အာဏာသိမ်းတော့ ဆိုရှယ်လစ်နိုင်ငံ ထူထောင်မယ်ဆိုပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို နိုင်ငံပိုင် လုပ်လိုက်တယ်။ အဲဒီနိုင်ငံပိုင်လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်က ဦးဆောင်တာများတယ်။ နိုင်ငံပိုင်ပြည်သူပိုင်လို့ အမည်ပေးထားပေမယ့် တကယ်ပိုင်တာက စစ်သူခိုးနဲ့ အပေါင်းပါတွေပဲ။ ဒါကြောင့် မဆလဆိုရှယ်လစ်ခေတ်မှာ နိုင်ငံတော်အလံကအစ ပြောင်းလဲလိုက်ပေမယ့် အမျိုးသားသီးချင်းကိုတော့ မပြောင်းဘူး။ ‘တို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးပေ’ ဆိုတာလေးကို သဘောကျတယ်ထင်ပါရဲ့။ နိုင်ငံပိုင်ပစ္စည်းကို မိမိရဲ့ ဘိုးဘွားပိုင်ပစ္စည်းလို အသုံးပြုနေတာ စစ်တပ်ပဲ။

အခုတော့ မဆလခေတ်က နိုင်ငံပိုင်လုပ်ထားတဲ့ လုပ်ငန်းတွေကို စစ်ဗိုလ်လူထွက်နဲ့ အသိုင်းအ၀ိုင်းကို လက်သိပ်ထိုးဖြန့်ဝေ ပေးနေတယ်။ ကြပ်ပြေးသန်းရွှေရဲ့ လက်စွဲတော်ကြီး တေဇနဲ့ ငါရရွှေမန်းရဲ့သား အောင်သက်မန်းတို့က ဦးဆောင်ပြီး အစိုးရပိုင် ဓာတ်ဆီ (၂၅၆) ဆိုင်ကို မတ်လကုန်မှာ အားလုံးပုဂ္ဂလိက လက်ထဲရောက်အောင် လုပ်နေကြတယ်။ တေဇက ဥက္ကဋ္ဌလုပ်ပြီး အောင်သက်မန်း အတွင်းရေးမှူးလုပ်တဲ့ လောင်စာဆီတင်သွင်းသူနဲ့ ဖြန့်ဝေသူများအသင်းမှာ အသင်းသား (၁၀၀) ကျော် ရှိတယ်ဆိုပဲ။ စစ်ဗိုလ်အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်တွေဖြစ်ဖို့များတယ်။ ဓာတ်ဆီဓာတ်ငွေ့ကလည်း ဒိုးဘိုးဘွားအမွေအနှစ်ပဲလေ။

ရန်ကုန်ဆိပ်ကမ်းအာဏာပိုင်က ဆိပ်ကမ်း (၃) ခု တည်ဆောက်ခွင့် နီးစပ်သူတွေကို ပေးဖို့စီစဉ်တယ်။ အလုံဆိပ်ကမ်းနဲ့ ကျောက်တန်းမြို့နယ်က သီလ၀ါဆိပ်ကမ်းကို ဘိန်းမှောင်ခိုလော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီက တည်ဆောက်ပြီး ပိုင်ဆိုင်ထားတယ်။ ရန်ကုန် ကမ်းနားလမ်းက ဘတ်စ်ကားဂိတ်၊ ကုန်လှောင်ရုံ၊ ဈေး၊ အစိုးရရုံးနဲ့ ဟိုတယ်တွေကို ဖယ်ရှားပြီး ဆိပ်ကမ်းဆောက်မှာကို စိုးရိမ်မကင်း ဖြစ်နေကြတယ်။ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီကပဲ ဆိပ်ကမ်းသစ်တွေဆောက်ဖို့ ကန်ထရိုက်ရထားကြောင်း သိရတယ်။ ကြယ်ငါးပွင့်သင်္ဘောလိုင်းကိုလည်း စစ်တပ်ကုမ္ပဏီ ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလက်ထဲ လွှဲပြောင်းပေးမယ်လို့လည်း သတင်းထွက်နေတယ်။

CDMA တယ်လီဖုန်းကတ် (၅) သိန်း ရောင်းပိုင်ခွင့်ကို ထူးကုမ္ပဏီခွဲတခုဖြစ်တဲ့ အီလိုက်ကုမ္ပဏီက ရရှိသွားတာဟာ ကျပ်ငွေကုဋေ (၃,၀၀၀) ပိုပြီး ချမ်းသာသွားတာပဲ။ ရေအားလျှပ်စစ်စက်ရုံ (၂) ခု တည်ဆောက်ဖို့ ထူးကုမ္ပဏီက ကန်ထရိုက်ရထားတယ်။ လုပ်ငန်းကြီးတွေဟာ တာဝန်ယူတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ပစ္စည်း ဖြစ်သွားပြီး နောင်အခါမှ အစိုးရလက်ထဲ လွှဲပြောင်းပေးမယ်ဆိုတဲ့သဘောပဲ။ ဒါမျိုးကို BOOT-Build-Operate-Own-Transfer စနစ်လို့ ခေါ်တယ်။ ဒီလိုစီမံကိန်းတွေမှာ အရင်းပြန်ရဖို့ အချိန်ကြာတတ်တာမို့ နှစ်ပေါင်းများစွာ ပုဂ္ဂလိကပိုင်ဖြစ်နေတတ်တယ်။ BOOT စနစ်ကို အခြားနိုင်ငံတွေမှာလည်း သုံးပါတယ်။ ကွာခြားတာကတော့ မြန်မာပြည်မှာ ဒီစနစ်ကို စတင်ကျင့်သုံးသူဟာ ဘိန်းမှောင်ခိုတဖြစ်လဲ လော်စစ်ဟန်ရဲ့ အေးရှားဝေါလ်ကုမ္ပဏီဖြစ်နေတာပါပဲ။

နအဖခေတ်က မွေးထုတ်လိုက်တဲ့ ကုဋေကြွယ်သူဌေးအနည်းငယ်ထဲမှာ ဗိုလ်ချုပ်မောင်အေးနဲ့ ရင်းနှီးတဲ့ အောင်ကိုဝင်း (ခေါ်) ဆရာကျောင်းဆိုသူလည်း ပါဝင်တယ်။ အောင်ကိုဝင်းဟာ ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အနောက်တိုင်းက ဒဏ်ခတ်အရေးယူ ခံရသူဖြစ်တယ်။ နိုင်ငံပိုင် MAI အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းကို ကမ္ဘောဇဘဏ်က (၈၀) ရာခိုင်နှုန်း ၀ယ်ယူတဲ့သတင်း မကြာမီက ထွက်လာတယ်။ MAI ဟာ နိုင်ငံပိုင် မြန်မာ့လေကြောင်းနဲ့ စင်ကာပူကုမ္ပဏီတို့ ၁၉၉၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဖက်စပ်လုပ်ငန်းဖြစ်တယ်။ အခုတော့ နိုင်ငံပိုင်အစုရှယ်ယာကို ကမ္ဘောဇဘဏ်က ယူလိုက်သလို ဖြစ်သွားတယ်။

ပုဂ္ဂလိကပိုင်လုပ်တဲ့နည်းစနစ် (၃) မျိုးရှိတယ်။ ပထမနည်းက လုပ်ငန်းရဲ့ အစုရှယ်ယာကို ၀ယ်ယူတဲ့နည်းဖြစ်တယ်။
SIP---Share Issues Privatization ဖြစ်တယ်။ စတော့ဈေးကွက်မှာ အစုရှယ်ယာတွေကို ချရောင်းပြီး ပုဂ္ဂလိကပိုင်ဖြစ်အောင် လုပ်တာပဲ။ နအဖကတော့ သူပိုင်တဲ့ အစုရှယ်ယာကို မောင်အေးရဲ့ ဘော်ဒါ အောင်ကိုဝင်းလက်ထဲ ထိုးထည့်လိုက်တာပါပဲ။ ဘယ်လောက်လာဘ်ထိုးရတယ်ဆိုတာကိုတော့ အောင်ကိုဝင်းပဲ သိနိုင်တယ်။ ဒုတိယနည်းကတော့ လုပ်ငန်းတခုလုံးကို ရောင်းပစ်လိုက်တာဖြစ်လို့ Asset Sale Privatization လို့ခေါ်တယ်။ အများပြည်သူသိရအောင် လေလံတင်ပြီး ရောင်းချတာဖြစ်တယ်။

တတိယနည်းက ပုဂ္ဂလိကပိုင်လုပ်မယ့်လုပ်ငန်းရဲ့ အစုရှယ်ယာတွေအားလုံးကို နိုင်ငံသူနိုင်ငံသားတွေကို အခမဲ့ (သို့မဟုတ်) ငွေအနည်းငယ်ယူပြီး ဖြန့်ဝေလိုက်တာဖြစ်တယ်။ ဒီနည်းကို ဗောက်ချာစနစ် Voucher Privatization လို့ခေါ်တယ်။ ရုရှအစိုးရပိုင်လုပ်ငန်းတွေကို ၁၉၉၂ နဲ့ ၁၉၉၄ အတွင်း ပုဂ္ဂလိကပိုင်လုပ်ရာမှာ ဗောက်ချာစနစ်ကိုသုံးတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေရဲ့ ပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားတွေကို ပိုင်ဆိုင်ခွင့်ရှိကြောင်း သက်သေပြတဲ့ ဘောက်ချာလက်မှတ် ထုတ်ပေးမယ်။ နိုင်ငံပိုင်ပစ္စည်းမှာ တိုင်းသူပြည်သားတိုင်း အစုရှယ်ယာလေးတွေ ပိုင်ဆိုင်ကြောင်းဖော်ပြတဲ့ လက်မှတ်ဖြစ်တယ်။ ဒါပေမယ့် ဆင်းရဲတဲ့ပြည်သူလူထုဟာ သူတို့ပိုင်တဲ့ ဘောက်ချာလက်မှတ်တွေကို ချက်ချင်းရောင်းစားတဲ့အတွက် အုပ်ချုပ်ရေးဌာနက လူတစုလက်ထဲပဲ ပြန်ရောက်သွားတယ်။ ဒီလိုနဲ့ပဲ ကုဋေကြွယ်သူဌေးတစုကို ရုရှအစိုးရက မွေးထုတ်ပေးလိုက်သလိုဖြစ်သွားတယ်။

မြန်မာပြည်မှာတော့ ပြည်သူပိုင်/နိုင်ငံပိုင်လို့ ပြောနေပေမယ့် တကယ်ပိုင်သူက စစ်တပ်ပဲ။ ဒါကြောင့် စစ်တပ်ကို လာဘ်ထိုးနိုင်သူတွေပဲ စစ်တပ်ဆိုရှယ်လစ်ခေတ်မှာ သူဌေးဖြစ်ကြတယ်။ အဲဒီအထဲမှာ ထူးကုမ္ပဏီနဲ့ ဘိန်းမှောင်ခို လောစစ်ဟန်တို့ပါဝင်တယ်။ စစ်တပ်ရဲ့ ဈေးကွက်စနစ်မှာလည်း သူတို့ဟာ အရေးကြီးတဲ့ အခန်းက ပါဝင်လာတယ်။ စစ်ခေါင်းဆောင်တွေလိုချင်တာကို သူတို့က ပေးနိုင်သလို သူတို့အတွက် စစ်ခေါင်းဆောင်က စားပေါက်ထွင်ပေးတယ်။ ကြပ်ပြေးနေပြည်တော် ဇဗ္ဗူသီရိမြို့နယ် ရာဇသင်္ဂဟလမ်းအရှေ့ဘက်မှာ မဏိရတနာလို့ အမည်ပေးထားတဲ့ ကျောက်စိမ်းရောင်းဝယ်ရေးခန်းမကို ထူးထရေးဒင်း ကုမ္ပဏီက တည်ဆောက်နေတာ တမင်စားပေါက်ထွင်ပေးတာပဲ။

စီးပွားရေးတိုးတက်ဖွံ့ဖြိုးလာရင် ဆင်းရဲနွမ်းပါးမှု လျော့နည်းလာမယ်လို့ ဆိုပေမယ့် မြန်မာပြည်မှာတော့ ဆင်းရဲသားလူတန်းစားရဲ့ အခြေအနေဟာ ပိုဆိုးလာတာတွေ့ရတယ်။ လူချမ်းသာတွေ ခံစားရတဲ့ အကျိုးအမြတ်ဟာ အနည်းအကျဉ်းတောင် ဆင်းရဲသားဆီကို ရောက်မသွားတဲ့အတွက် ဆင်းရဲသားတွေ သက်သာချောင်ချိအောင် အစိုးရက ၀င်ရောက်ဆောင်ရွက်ပေးဖို့ လိုတယ်။ အများအားဖြင့် ပုဂ္ဂလိကပိုင်လုပ်လို့ဖြစ်ပေါ်လာတဲ့ လူမှုရေးအကျိုးဆက်တွေကို လျစ်လျူရှုကြတယ်။

နိုင်ငံပိုင်လုပ်ငန်းကို ပုဂ္ဂလိကပိုင်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖွံ့ဖြိုးစနိုင်ငံတွေအနေနဲ့ သင်ခန်းစာယူနိုင်အောင် အာရှဖွံ့ဖြိုးရေးဘဏ်က ၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ (၅၉) မျက်နှာ အစီရင်ခံစာတစောင် ထုတ်ဝေလိုက်တယ်။ နိုင်ငံပိုင် (သို့မဟုတ်) အစိုးရပိုင်လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီလက်ထဲ လွှဲပြောင်းရာမှာ လိုက်နာရမယ့် မူဝါဒတွေကို ဖော်ပြထားတယ်။ ပုဂ္ဂလိကပိုင်လုပ်တဲ့ စီမံကိန်းဟာ တိုင်းပြည်စီးပွားရေးလမ်းစဉ်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်ရပါလိမ့်မယ်တဲ့။ ဒါဟာ မကြာမီ သက်တမ်းကုန်တော့မယ့် နအဖ အစိုးရအတွက် မဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ ပုဂ္ဂလိကပိုင်လုပ်ရာမှာ ပြိုင်ဆိုင်မှု၊ စည်းကမ်းရှိမှု၊ သိသာမြင်သာမှု ရှိရပါလိမ့်မယ်။ နအဖကတော့ သူနဲ့နီးစပ်သူတွေကိုသာ လက်သိပ်ထိုးပေးတယ်။ ပုဂ္ဂလိကပိုင်လုပ်မယ့် အစီအစဉ်ကို တပြည်လုံးသိရအောင် လူထုပညာပေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဆိုတယ်။ ဒီလိုအပ်ချက်ဟာ မြန်မာပြည်မှာ လုံးဝကင်းမဲ့နေတယ်။ ပုဂ္ဂလိကပိုင်လုပ်ရေး အစီအစဉ်နဲ့အတူ လူမှုဖူလုံရေးအစီအစဉ်ကိုပါ အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။ ပုဂ္ဂလိကပိုင်လုပ်လိုက်လို့ ဒုက္ခဖြစ်သွားမယ့် အလုပ်သမားတွေကို ကူညီတဲ့ အစီအစဉ်ပါပဲ။ ဒါမျိုးကို နအဖစစ်အစိုးရက စိတ်ကူးထဲထောင် ထည့်တာမဟုတ်ဘူး။ အကြောင်းကတော့ နိုင်ငံပိုင်ပစ္စည်းတွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့ နအဖစစ်အစိုးရဲ့ အစီအစဉ်ဟာ သူခိုးလက်က သူဝှက်လက်ထဲ လွှဲပြောင်းလိုက်တဲ့ အစီအစဉ်ဖြစ်နေလို့ပါပဲ။

 ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
၁၀/ မတ် ၂၀၁၀
ရင်းမြစ်။ ။ခေတ်ပြိုင်

၂၀၁၀ ရွေးကောက်ပွဲ - ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ (၂/၂၀၁၀) အရ အင်န်အယ်ဒီပါတီ ဆက်လက်ရပ်တည်ခွင့်ကို ခြိန်းခြောက်

ယနေ့ မတ်လ ၁၀ ရက် ထုတ်ပြန်သော ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂/၂၀၁၀) ကို အသေးစိတ် ဖြန့်ချိထားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများဖြင့် အတူတကွ ဖွဲ့စည်းထားသော အင်န်အယ်ဒီပါတီအနေနှင့် မှတ်ပုံတင်ခွင့် မရှိစေရအောင် တားမြစ်ထားပြီး ၎င်းတို့မပါဝင်ဘဲ ပါတီကို မှတ်ပုံတင်လိုပါက စဉ်းစားခွင့် ၆ လ ပေးထားသည်ဟု အကဲခတ်များက ဆိုသည်။
ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုပြီး ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ သဘောထားသတ်မှတ်ခြင်းများ မပါဝင်သော်လည်း၊ ၉၀ ရွေးကောက်ပွဲမတိုင်ခင် ၄/၈၈ အရ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများကို အသိအမှတ်ဆက်ပြုထားသည်။ သို့ဖြစ်သဖြင့် ၉၀ ရွေးကောက်ပွဲ မတိုင်ခင်က ပါတီများအားလုံးသည် ယခုနိုင်ငံရေးပါတီဥပဒေအရ သက်ဝင်ဆဲဖြစ်သည်ဟု ယူဆရန် ရှိသည်ဟု အကဲခတ်တို့က မေးခွန်းထုတ်သည်။ သို့သော် ၎င်းတို့ဆက်လက်ရပ်တည်ရန်အတွက် ခံဝန်ချက်ထိုးရမည်ဟူသော သတ်မှတ်ချက်အရ - ပါတီဟောင်း ပါတီသစ်တို့သည် ယခု ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်ပြုကြောင်း ၀န်ခံသဘောတူရမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ (ထောင်ဒဏ်ကျခံနေရသူများ)၊ မူးယစ်ဆေး ရာဇ၀တ်သင့်နေသူများ၊ နိုင်ငံခြားသားများနှင့် အကြမ်းဖက်နှင့် မတရားအသင်းများနှင့် ပတ်သက်သူများကို နိုင်ငံရေးပါတီများ ထူထောင်ရာတွင် ပါဝင်ခွင့် မပေးထားသဖြင့် အင်န်အယ်ဒီပါတီ၏ လက်ရှိ ဗဟိုဦးစီးအဖွဲ့ဝင်များစာရင်းနှင့် ထိုအချက်ထဲမှာ တခုနှင့် တိုက်ရိုက်ငြိစွန်းနေသည်။ အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အကျဉ်းသား ၁၀ ဦးကျော်မှာ အင်န်အယ်ဒီ၏ ဦးဆောင်သူများအဖြစ် စာရင်းပေါက်နေပြီး ဖြစ်သည်။
၎င်းတို့မပါဝင်သော နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် အချိန် ၆ လ ပေးထားသည်ဟု ဆိုသည်။ သို့သော် မှတ်ပုံတင်ပြီးနောက် ၎င်းတို့သတ်မှတ်သော ပါတီတခု အဖြစ် အရည်အချင်းပြည့်မီအောင် ဆောင်ရွက်ရန် ရက်ပေါင်း ၉၀ ( ၃ လ) အတွင်း ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားရာ ထိုကာလ ၂ ခု ပေါင်း အင်န်အယ်ဒီ ကဲ့သို့ ပါတီတခုအတွက် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ချိန်မှာ ၉ လ ရှိသည်ဟု အကြမ်းသတ်မှတ်နိုင်သည်။ ထိုသို့ မတ်လမှ ရေတွက်ပါက ၂၀၁၀ ဒီဇင်ဘာရောက်မှ ရွေးကောက်ပွဲ စတင်ကျင်းပရန် အချိန်ဘောင်ကို ထားရမည့်သဘောဟု အကဲခတ်တို့က သုံးသပ်သည်။
          အေအေပီပီက တဆင့်ရရှိသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ပါတီမှတ်ပုံတင်ဥပဒေကို ဒီနေရာကနေ ဒေါင်းလုပ်ရယူနိုင်ပါသည်။  http://www.scribd.com/doc/28124548/2010-Election-Political-Party-Law

မိုးမခအထောက်တော် ၀၀၂
မတ် ၁၀၊ ၂၀၁၀

လွဲနေသော ဆုံမှတ် (သို့မဟုတ်) ၂၀၁၀ ရွေးကောက်ပွဲ

    (၁)

၂၀၁၀ ခုနှစ်…။

နှစ်သစ်… တနှစ်ဆီသို့ ခြေချမိလေသည်မှာ ရက်ပေါင်း ၆၇ ရက်ရှိပြီ။

စစ်အစိုးရက သူ၏ နိုင်ငံရေးလမ်းပြမြေပုံအဆင့် ၆ အရ .. ၂၀၁၀ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတရပ် ကျင်းပမည်ဟု ဆိုသည်။  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပမည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဖြစ်သည်။ ၂၀၁၀ ခုနှစ် မတ်လ ၈ ရက်နေ့ ရက်စွဲနှင့် စစ်အုပ်စုက…

ဥပဒေအမှတ် ၁/၂၀၁၀ ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ ဥပဒေအမှတ် ၂/၂၀၁၀ ဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ဥပဒေအမှတ် ၃/၂၀၁၀ ဖြင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ ဥပဒေအမှတ် ၄/၂၀၁၀ ဖြင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ ဥပဒေအမှတ် ၅/၂၀၁၀ ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ တန်းစီ၍ ထုတ်ပြန်လိုက်လေ၏။

ရွေးကောက်ပွဲဟူသည်က …. နိုင်ငံသားတိုင်း လွတ်လပ်၍ တရားမျှတစွာနှင့် ဆန္ဒမဲပြုခွင့်ရလျှင်… ပြီးမြောက်၏။ မခက်ခဲ….။ ရင်ခုန်စရာမရှိ….။ သို့သော်…. ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲဟူသည်ကား…. မည်သည့် ‘မိုပုံစံ’ အတွက် ဦးတည်၍ ပြုလုပ်ကျင်းပသည့် ရွေးကောက်ပွဲနည်း…။ ဤသည်က ….အဓိကဖြစ်သည်။ လူထု၏ နှလုံးသွေးများ ဆူပွက်ဖွယ်ရာ အရေးဖြစ်၏။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက…. မည်သည့် ‘မိုပုံစံ’ နည်း….။ စစ်အာဏာရှင် ကြီးစိုးမည့် မြန်မာ့လူဘောင်လား….။ သို့တည်းမဟုတ် ဒီမိုကရက်တစ် မြန်မာ့လူ့အဖွဲ့အစည်းလား….။

ဤအတွက်ကား… ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ကြည့်ရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက … ၂၀၁၀ ရွေးကောက်ပွဲ၏ ‘မို’….။

ပြီးလျှင် ….ဒုတိယတချက်က၊ ရွေးကောက်ပွဲဟူသည်တွင် ပုံမှန်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများနှင့် အသွင်ကူးပြောင်းခြင်းဆိုင်ရာ ရွေးကောက်ပွဲဟူ၍ ၂ မျိုး ရှိ၏။ အသွင်ကူးပြောင်းခြင်းဆိုင်ရာ ရွေးကောက်ပွဲက …. စနစ်ဟောင်းမှ စနစ်သစ်တခုသို့ ကူးပြောင်းမည့် ရွေးကောက်ပွဲများ ဖြစ်၏။ ဥပမာ…. ကိုလိုနီဘဝမှ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံသစ်သို့ ကူးပြောင်းသည့် ရွေးကောက်ပွဲမျိုး….။ ဤတွင်….. ကျင်းပသည့် ရွေးကောက်ပွဲတွင် ကိုလိုနီစနစ်၏ အရိပ်အငွေ့များ ကင်းစင်နေရမည်။ နိုင်ငံရေးဝန်းကျင်သဘာဝက လွတ်လပ်သည့် နိုင်ငံရေးရာသီရပ်ဝန်းအတွင်း ရှိနေရမည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက …. အသွင်ကူးပြောင်းခြင်းဆိုင်ရာ ရွေးကောက်ပွဲဟု ဆိုရမည်။ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမည့် ရွေးကောက်ပွဲ….။ ဤအတွက် …. ၂၀၁၀ ခုနှစ်၏ နိုင်ငံရေးရာသီရပ်ဝန်းသည် ဒီမိုကရက်တစ် နိုင်ငံရေးရာသီဥတု ရှိနေရမည်ဖြစ်၏။

ဤ ၂ ချက်နှင့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဟူသည်ကား အကဲဖြတ် တိုင်းသွားရမည်ပင်…။ ထို ၂ ချက်က …. ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ၏ ‘လစ်တစ်မတ်’ စက္ကူများ…။

(၂)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည်ကား ဘာလဲ…။ ဤသို့ပင် စ၍မေးခွန်းထုတ်ရမည်။ တကြောင်းတည်းနှင့် ဖြေရပါမူ …. ‘မြန်မာနိုင်ငံတော်ကြီး၏ အနာဂတ်နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ တပ်မတော် ပါဝင်ရေး’ ဖြစ်၏။ ဤအဖြေအတွက် သက်သေပြချက်များကမူ …. ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပုဒ်ထီး၊ ပုဒ်မများနှင့် ပြည့်ပြည့်သိပ်သိပ်ပင် ပါရှိ၏။ ပြပါမည်….။

နိုင်ငံတော်သမ္မတ…။

တိုင်းပြည်အုပ်ချုပ်ရေး အကြီးအကဲများဖြစ်သည့် နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတများ၏ အဓိက အရည်အချင်းက … ‘စစ်ရေးအမြင်’ ရှိရမည်ဟူ၍ ဖွဲ့စည်းပုံတွင် ပြဋ္ဌာန်း၏။ သဘောကမူ…. တပ်မတော်သား လတ်လတ်ဆတ်ဆတ် တဦးသော်လည်းကောင်း၊ သို့တည်းမဟုတ် စစ်မှုထမ်းဟောင်းတဦးသော်လည်းကောင်း ဖြစ်ရမည်ဟု ဆိုခြင်း ဖြစ်၏။

အခြားသော… အသိပညာရှင်၊ အတတ်ပညာရှင်၊ အတွေးအခေါ်ပညာရှင်များက… တိုင်းပြည်အား အုပ်ချုပ်ခွင့် မရှိဟု ကန့်သတ်လိုက်ခြင်း ဖြစ်၏။ နိုင်ငံသားတဦးအနေဖြင့် အရည်အချင်းကလည်း ပြည့်စုံ၊ လူထုကလည်း ထောက်ခံပါသည်ဆိုရုံမျှနှင့် နိုင်ငံတော်သမ္မတ၊ ဒု-သမ္မတတာဝန်များအား ထမ်းဆောင်ခွင့် မရှိ…။ စစ်သားဖြစ်မှ ရမည်။ စစ်သားဖြစ်ရန် လိုသည်ဟု သတ်မှတ်လိုက်ခြင်း ဖြစ်၏။ ပြီးလျှင် …. သမ္မတ ၃ ဦးတွင် တဦးသည် စစ်သားထဲမှ ဖြစ်ရမည်။ ထိုစစ်သားသမ္မတတဦးက သမ္မတကြီးလည်း ဖြစ်နိုင်၏။ အနည်းဆုံးမှာမူ …. သမ္မတ ၃ ဦးအတွင်း ဒု-သမ္မတဟူ၍ တနေရာတော့ ရယူထား၏။

လွှတ်တော်…။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတွင် ….ပြည်ထောင်စုလွှတ်တော်၊ တိုင်း-ဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် ဟူ၍ ရှိ၏။ ပြည်ထောင်စုလွှတ်တော်တွင် …ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်အား ပေါင်းထား၏။

ထိုထိုသော …လွှတ်တော်တိုင်းတွင် ‘တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ အမည်စာရင်းပေးပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်စေသည့် တပ်မတော်သားများက … ၂၅ % ပါဝင်’ ၏။

ကျန်သည့် ၇၅ % သော ပြည်သူ့ကိုယ်စားလှယ်များကိုသာလျှင် နိုင်ငံသားများက ဆန္ဒမဲပေး၍ ရွေးချယ်ကြရမည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သည့် အချုပ်အခြာအာဏာက… ပြည်သူလူထုထံမှ ၇၅ % သာ စီးဆင်းခွင့် ရှိနေသည်။ ထိုအထဲ၌ တပ်မတော်သား စစ်သည်တော်များကလည်း နိုင်ငံသားအခွင့်အရေးအရ မဲပေးခွင့်ကိုမူ ယူထားကြသေး၏။ ပြီးလျှင် …. လူထုမှ ရွေးချယ်တင်မြှောက်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များမှ ဝန်ကြီး၊ ဒု-ဝန်ကြီးတာဝန်များအား တာဝန်ပေးအပ်ခြင်း ခံရပါက ….ထိုလူထုကိုယ်စားလှယ် ဝန်ကြီးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရမည်။ တပ်မတော်သား ကိုယ်စားလှယ်များမှာမူ …. နုတ်ထွက်ရန်မလို….။ ဝန်ကြီးလည်း လုပ်၊ လွှတ်တော်လည်း တက်ခွင့် ရှိ၏။

အစိုးရအဖွဲ့….။

ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ ဌာန၏ ဝန်ကြီး၊ ဒု-ဝန်ကြီး နေရာများကိုမူ … တပ်မတော်မှသာ ယူမည်။ တပ်မတော်မှ ယူမည်ဟူသည်က …. တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မှ အမည်ပေး၍ ခန့်အပ်ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ…. ‘အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ’ ဟူ၍လည်း ရှိ၏။ ကောင်စီဝင် ၁၁ ဦးနှင့် ဖွဲ့သည်။ ကောင်စီဝင် ၁၁ ဦးတွင် စစ်တပ်မှလာသည့် ဒုသမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒု-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တပ်မှ ဝန်ကြီးအဖြစ် ခန့်အပ်ထားသည့် စစ်သားဝန်ကြီး ၃ ဦး ဖြစ်သည့် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး ၃ ဦးတို့ ပါဝင်ကြ၏။ ကောင်စီအဖွဲ့ဝင် ၁၁ ဦးတွင် စစ်တပ်မှ ၆ ဦး ပါဝင်ထား၏။ ‘အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ’ အတွင်း စစ်တပ်မှ Majority vote အား ရယူထားခြင်း ဖြစ်၏။

ပြီးလျှင် …‘အရေးပေါ်’ အခြေအနေ ပေါ်ပေါက်လျှင်လည်း စစ်တပ်မှ အာဏာသိမ်းပိုက်နိုင်ခွင့်အား ၂၀၀၈ ဖွဲ့စည်းပုံတွင် ဥပဒေအဖြစ် ထည့်သွင်းထား၏။ နောင်…. စစ်တပ်က အာဏာသိမ်းလျှင်က .. ဥပဒေအရ အာဏာသိမ်းခြင်းဟူ၍ ဖြစ်ရန် စီမံထား၏။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက …. နိုင်ငံတော် သမ္မတ ၃ ဦးတွင် စစ်တပ်မှ တဦး၊ လွှတ်တော်အဆင့်ဆင့်တွင် စစ်တပ်က ၂၅ %၊ အဓိကျသည့် ဝန်ကြီးနေရာ ၃ နေရာတွင် စစ်တပ်မှ…။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် စစ်တပ်မှပင် Majority vote အား ရယူ၏။ အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင်လည်း ဥပဒေအရ စစ်တပ်မှ အာဏာသိမ်းပိုင်ခွင့်အား ပြဋ္ဌာန်းသည်။ မလွတ်…။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ…. ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာ့လူ့အဖွဲ့အစည်းကား မည်သည့်ပုံ ပေါ်လေမည်နည်း….။ အဝေးကပင် မြင်နိုင်ပါသည်ဟု ဆိုရမည့်ဟန်…။

အစ္စရေးမှ ခေါင်းဆောင်တဦးဖြစ်သည့် ရှီမွန်ပဲရစ်၏ စကားကို အမှတ်ရမိ၏။

“၂၁ ရာစု အဝင်ဝမှာ လေး၊ မြားလက်နက် မလိုပါ”…. ဟူ၍ သူက ပြောသည်။

အစ္စရေးနိုင်ငံဟူသည်က …. အရှေ့အလယ်ပိုင်းတွင် သေနတ်ကိုင်ပြီး ခံတုန်ကျင်းအတွင်း အမြဲနေကြရသည့် နိုင်ငံ….။ သွေးသံရဲရဲနှင့် သွေးမတိတ်သည့် နိုင်ငံ…။ ဤနိုင်ငံမှ ခေါင်းဆောင်တဦးက ၂၁ ရာစုကမ္ဘာသစ်ကို ဤသို့ မှတ်ချက်ပြု၏။ လေးနက်စွာနှင့် ဆင်ခြင်စရာပင်….။

၂၁ ရာစုအတွင်းသို့ ဝင်ရောက်ခြေချမိသည်မှာ ဆယ်စုနှစ်တခုပင် ရှိပြီ။ နအဖ စစ်အုပ်စုကမူ …. လေး၊ မြားလက်နက် တပြင်ပြင်နှင့် လုံ့လထုတ်နေကြဆဲ….။

မင်းဟန် 
Tuesday, 09 March 2010 14:52

ရင်းမြစ်။ ။ http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4885:2010-03-09-09-27-31&catid=3&Itemid=4

ဖိုက်ဘာကေဘယ် လိုင်းစနစ် နေပြည်တော်တွင် အသုံးပြုခွင့် ရတော့မည်



နေပြည်တော် ဒေသ အတွင်း ဖိုက်ဘာ ကေဘယ်ကြိုး လိုင်းများ တပ်ဆင်မှု ပြီးစီး နေပြီ ဖြစ်ကာ မကြာမီ ကာလတွင် သင့်တော်သော အဖိုးနှုန်းထားဖြင့် သတ်မှတ် ငှားရမ်း သုံးစွဲခွင့် ရရှိတော့မည် ဖြစ်ကြောင်း ဆက်သွယ်ရေး အသိုင်း အ၀ိုင်း ကြားမှ သိရသည်။ ဖိုက်ဘာ ကေဘယ် လိုင်းကြိုး တစ်ချောင်း မိမိ အိမ်၌ ချိတ်ဆက် ထားရုံဖြင့် တီဗွီ၊ ဖုန်းနှင့် အင်တာနက် စသည် တို့အား ကြည့်ရှု အသုံး ပြုနိုင်ကြောင်း ပြင်ဦးလွင် ရတနာပုံ မြို့သစ်တွင် ၄င်းဖိုက်ဘာ ကေဘယ်ကြိုး စနစ်အား အိမ်ခြေ ၅၀၀ခ န့် အသုံးပြု နေပြီဟု သိရသည်။ နေပြည်တော် ဒေသတွင်း၌ အစိုးရ ၀န်ကြီး ဌာန ရုံးများ၊ ၀န်ထမ်း အိမ်ရာ တချို့ နှင့် ကျောင်းများ၊ ဟိုတယ်များ၌ FOC စနစ်ဖြင့် စတင် အသုံး ပြုခွင့် ရရှိနေပြီ ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

၂၀၁၀ ရွေးကောက်ပွဲ စစ်တပ်က ဒိုင်လူကြီး မဖြစ်နိုင်

မြန်မာစစ်အစိုးရက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုတခါ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ လက်ရှိ စစ်အစိုးရအတွင်း ပါဝင်နေတဲ့ တာဝန်ရှိသူတွေလည်း ရွေးကောက်ပွဲဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့်  ၁၉၉၀ ရွေးကောက်ပွဲနဲ့ မတူကွဲပြားတာတွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် တဦးက သုံးသပ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက ၂၀၁၀ ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အားလုံး ပါဝင်နိုင်ရေးအတွက် တောင်းဆိုနေတဲ့ တချိန်တည်းမှာပဲ မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာကို ထုတ်ပြန်ပြောဆို မသွားခဲ့ပါဘူး။ အခု ကျင်းပမယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးကတည်းက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။

အခုတကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲနဲ့  ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ကွခြားချက်နဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခုလို သုံးသပ်ပါတယ်။

“၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက တပ်မတော် အစိုးရကနေပြီးတော့ တရားမျှတ လွတ်လပ်အောင် ကျင်းပပေးမယ် ဆိုပြီးတော့ ကြေညာပြီးမှ လုပ်တာပါ။ အဲဒီ အချိန်အခါတုန်းက တပ်မတော်ဟာ သူတို့ ကြေညာထားတဲ့အတိုင်း ဒိုင်လူကြီးအဖြစ် ရပ်ပြီး ရွေးကောက်ပွဲတခုကို ကျင်းပပေးခဲ့တယ်။ ကျင်းပပေးခဲ့တဲ့ အတိုင်းလည်း တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲကြီးတခု ဖြစ်လာခဲ့တာ အားလုံးအသိပါပဲ။

“ဒါပေမဲ့ ၂၀၁၀ နဲ့ သွားနှိုင်းယှဉ်မယ် ဆိုရင်တော့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲလောက်တော့ သိပ်မျှော်မှန်းချက် ထားလို့ရမယ် မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ၀န်ကြီးတွေက အရပ်ဝတ် လဲပြီးသော်လည်းကောင်း၊ လက်ရှိရာထူးနဲ့သော်လည်းကောင်း ရွေးကောက်ပွဲ ၀င်ပြိုင်မယ်ဆိုတဲ့ အသံတွေကလည်း တိုင်းသိပြည်သိ ကြားနေရတော့ တပ်မတော်ရဲ့ ပါနေတဲ့ အပိုင်းအစတွေဟာ ဒိုင်လူကြီး မဟုတ်တော့ဘဲ သူတို့ပါ ပါဝင် ရွေးကောက်မယ် ဆိုတော့ ဘက်လိုက်မှု ကင်းဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။”

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပဖို့ကို အတည်ပြုပေးခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဆန္ဒခံယူပွဲကို နိုင်ငံတကာက စောင့်ကြည့်သူတွေကို ထားရှိဖို့အတွက် တောင်းဆိုခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ၀င်ခွင့်မပေးခဲ့ပါဘူး။ အခုတခါ ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံတကာ အပါအ၀င် အများက လက်ခံပြီး လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ သူတွေကို ခွင့်ပြုသင့်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတဲ့ အဖြစ်ကို ရောက်အောင် မှန်ကန်တဲ့ ရွေးကောက်ပွဲ စနစ်တခုကို တကယ်ပဲ ကျင်းပတယ်ဆိုတာ နိုင်ငံတကာကို ပြဖို့နဲ့ ပြည်သူလူထုကြီးကိုလည်း လိမ်လည်လှည့်ဖျားခြင်း မရှိဘဲနဲ့ ကျင်းပနိုင်အောင် နိုင်ငံတကာ ကျွမ်းကျင်အဆင့် ရှိတဲ့ ရွေးကောက်ပွဲ စောင့်ကြပ် ကြည့်ရှုတဲ့ အဖွဲ့တွေကိုတော့ ၀င်ခွင့်ပေးဖို့ အင်မတန် လိုအပ်ပါတယ်။

“အဲဒီလို နိုင်ငံတကာက တောင်းဆိုထားတဲ့ စေတနာ့ဝန်ထမ်း အဖွဲ့တွေက လာပြီးတော့ စောင့်ကြပ် ကြည့်ရှုပေးမယ့်ဟာကိုမှ ငြင်းပယ်မယ် ဆိုရင်တော့ ရွေးကောက်ပွဲ တရားမျှတမှုကို အင်မတန်မှ သွားပြီးတော့ ထိခိုက်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတ လွတ်လပ်စေချင်တယ်ဆိုရင် နိုင်ငံတကာက စောင့်ကြပ် လေ့လာတဲ့ ပုဂ္ဂိုလ်တွေကို ၀င်ခွင့်ပေးဖို့ လိုအပ်တယ်လို့ ဒီနေရာမှာ ကျနော် ပြတ်ပြတ်သားသားပဲ ပြောချင်ပါတယ်။”

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ်နေရာ ၈၀% ကျော်နဲ့ မဲအပြတ်အသတ် အနိုင်ရခဲ့ပြီးတော့ မြန်မာစစ်အစိုးရကလည်း ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း၊ အနိုင်ရတဲ့ ပါတီကိုလည်း တိုင်းပြည်ရဲ့ အာဏာကို လွှဲပြောင်းပေးသွားမှာ ဖြစ်တယ်လို့ အဲဒီအချိန်တုန်းက မြန်မာစစ်အစိုးရရဲ့ အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ပြည်သူလူထုရဲ့ တခဲနက် ထောက်ခံမှုနဲ့ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့သလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူတွေကို မတရား ဖမ်းဆီး ဖိနှိပ်တာတွေကို လုပ်ခဲ့ပါတယ်။

အခုလို ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်လိုက်ပေမဲ့လည်း လက်ရှိ အတိုက်အခံတွေအပေါ် ဖမ်းဆီးဖိနှိပ်နေတဲ့ အခြေအနေတွေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ အတွက်ကတော့ မေးခွန်းထုတ်စရာ ဖြစ်နေတုန်းပဲလို့ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

“ကျနော်တို့လို တရားဝင်ပါတီဟာ ရွေးကောက်ပွဲ မပြောနဲ့ စည်းရုံးရေးဆင်းဖို့တောင် အခက်အခဲ ရှိနေပြီးတော့ မြို့နယ်အဖွဲ့တွေ၊ တိုင်းအဖွဲ့တွေကို ဖွင့်ပေးဖို့ တောင်းဆိုတာလည်း ကြိမ်ဖန်များစွာ ရှိနေပြီ။ ဒါ့အပြင် ရန်ကုန်တိုင်းကို ဖွင့်ပေးဖို့ တောင်းဆိုတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်တွေက ခေါ်ယူတွေ့ဆုံပြီး ဖွင့်ပေးတော့မလိုအထိ ဖြစ်သွားပြီးမှ အခုထိ ဘာမှ အကြောင်းမကြားတာ ဖြစ်နေပါတယ်။

“သို့သော်လည်း နယ်တွေမှာ တရားဝင် ဖွဲ့ထားတဲ့ နိုင်ငံရေးပါတီတွေ ပါသလို တရားဝင် မဖွဲ့သေးတဲ့၊ ပါတီအဖြစ် မရောက်သေးတဲ့ နိုင်ငံရေးအုပ်စုတွေက ရွေးကောက်ပွဲအတွက် ဆိုပြီးတော့ နယ်လှည့် စည်းရုံးရေး ဆင်းနေတာတွေကို ကြားသိနေရပါတယ်။ ဒါတွေဟာ Free and Fair Election ကို ဖြစ်မယ်ဆိုရင် လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ တရားမျှတမှုကို မတိုင်ခင်ကတည်းက ထိခိုက်နေပြီလို့ ပြောရမှာ ဖြစ်ပါတယ်။”

အခုလို မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပေမဲ့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူး ဆိုတာကို အခုချိန်ထိ မဆုံးဖြတ်သေးဘဲ ရွှေဂုံတိုင် ကြေညာချက် မူအတိုင်း ဆက်လက်ရပ်တည်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။ http://www.voanews.com/burmese/2010-03-09-voa3.cfm

ပြန်လာမှာလား . . . ပီအာလား . . .


     ဆယ်စုနှစ်တစ်ခုကျော် လူငယ်များကြား၌ နိုင်ငံရပ်ခြားပညာသင်ယူခြင်းမှာ အတိုင်းအတာတစ်ခုထိ လွှမ်းမိုး နေခဲ့သလို လွှမ်းမိုးနေဆဲလည်း ဖြစ်သည်။ လူငယ်တိုင်းအိပ်မက်မှာ နိုင်ငံ ခြားသွားမည်၊ ကျောင်းတက်မည်၊ အလုပ်လုပ်မည်၊ ပြန်လာမည်၊ အချို့ မှာပြန်မလာဘဲ ယင်းနိုင်ငံများတွင်ပင် နိုင်ငံသားအဖြစ် ခံယူမည်ဆိုသည့် အနေအထားများမှာ နေ့စဉ်နှင့်အမျ ကြားနေရဆဲ..။
    ထောင်ပေါင်း၊ သောင်းပေါင်း များစွာသော မြန်မာများနိုင်ငံရပ်ခြားတွင် ပီအာများဖြစ်နေကြသည်။  မိမိနိုင်ငံသို့ ပြန်လာသူများလည်း ရှိနေကြသကဲ့သို့ အပြီးအပိုင်စွန့်ခွာသူများ၊ ထွက်ခွာရန် ကြိုးစားနေကြသူများမှာလည်း အပုံအပင်....။

    လွန်ခဲ့သည့် ငါးနှစ်တာခန့်က ပညာရေးဆွေးနွေးပွဲတစ်ခုတွင် ဆရာ တစ်ယောက်က အာဘောင်အာရင်း သန်သန်ဖြင့် ''ဟိုမှာ ပညာသင်စရိတ် လုံးဝကာမိစေရမယ်၊ အာမခံတယ်။ ဒါပေမယ့် ပညာကိုလည်းအာရုံစိုက်သင်၊ လုပ်တတ်ရင် ပိုက်ဆံတောင် ပို ရဦးမှာ...''ဆိုသည်က ဈေးကွက်ဆန်ဆန် ပြောခဲ့ခြင်းလား၊ လူငယ်များအား အမှန်တကယ်ပင် စိတ်ဓာတ်ပိုင်းနှင့် ပြည်ပနိုင်ငံများအား ထွက်ပေါက်တစ်ခုသဖွယ် မက်လုံးများပေးကာ ပြောခဲ့ ခြင်းလားဆိုသည်ကတော့ စဉ်းစား ချင့်ချိန်စရာများပင် ဖြစ်ခဲ့သည်။

    သို့သော် နိုင်ငံခြားသွားချင်၊ စွန့်စားချင်သောစိတ်တွေရှိနေခဲ့သည့် လူငယ်များအတွက်မှာမူယခု Seminar သည် ပုရွက်ဆိတ် သကြားအိုးထဲကျခဲ့ ရခြင်းအလား အားရ၀မ်းသာစွာ နား ထောင်ခဲ့ကြကာ ပီတိရိပ်တွေလွှမ်းမိုးမှု ကိုယ်စီဖြင့်ရှိခဲ့ကြသည်။ ကိုယ်ပိုင် အတွေးကိုယ်စီမှာလည်း''ငါသာဆိုရင်'' ဆိုသည့် မျော်လင့်ချက်များနှင့်။ Seminar မှအပြန် အိမ်ရောက်သည် နှင့် မိဘများအား ပူဆာကာ နိုင်ငံခြား တွင်ကျောင်းသွားတက်ရန်နှင့် အေဂျင့် များ၏ပြောစကားအရ စရိတ်ကာ မိရုံတင်မကဘဲ အပိုငွေစုမိနိုင်ခြင်းများ ကြောင့် လူငယ်များ၏အိပ်မက်မှာ ယင်းအချိန်ကပင် အစပြုဖြစ်တည်လာ ခဲ့ကြသည်။ ထို့ပြင် အခြေခံလူတန်းစား တစ်ရပ်အတွက်ဆိုလျင် ယင်းကဲ့သို့ နိုင်ငံခြားပညာသင်သွားခြင်းမှာ''အမှန် တကယ် ထွက်ပေါက်ပင်လား''ဟု ယူဆကာ စမ်းသပ်ချက်တစ်ခုကို အဖြေ ထုတ်ခဲ့ကြသည်။
လူငယ်များထွက် ပေါက်တစ်ခုဟု ယူဆမှုဖြစ်လာစေရန် ပြည်တွင်းရှိ နိုင်ငံတကာ ပညာရေး အေဂျင်စီများမှစခဲ့ရခြင်း ဖြစ်သကဲ့သို့ အမှန်တကယ်တွင် လူငယ်အများစု၏ အိပ်မက်မှာလက်တွေ့နှင့် မည်မျကိုက်ညီ၍ မည်မျကွာခြားနေခြင်းကို ဆယ်စုနှစ်တစ်ခုကျော်လွန်အပြီး ပြည်ပ ရောက်လူငယ်တစ်စု၏ ဖြစ်ရပ်များနှင့် ချိန်ထိုးယူဆကြည့်နိုင်ပေသည်။

    ''ဒီမှာ လစာ လေးငါးခြောက်သောင်းရမယ့်အစား ဟိုမှာကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်မယ်၊ ပြီးရင် အလုပ်တစ်ခုဝင်လုပ်မယ်''ဟုဆို ကာလူငယ်တစ်စုက ယခင်သုံးနှစ်ကျော် ကာလကပြောခဲ့ကြခြင်းပင် ဖြစ်သည်။

    သိန်းဆယ်ဂဏန်း ရင်းနှီးလိုက် ရုံဖြင့် တစ်ဘ၀အဆင်ပြေနိုင်တော့မည် ဟု ယူဆကာ လူငယ်များ နိုင်ငံခြား တက္ကသိုလ်များဆီသို့ မိမိငွေပမာဏနှင့် ချိန်ဆကာ ထွက်သွားခဲ့ကြပြီ..။
    လွန်ခဲ့သည့် ငါးနှစ်ခန့်က စင်ကာပူတွင်ရောက်ရှိနေခဲ့သော မြန်မာ အမျိုးသမီးငယ်တစ်ဦးက သူမ ပညာသင်ယူစဉ် ကိုယ်တွေ့ကြုံခဲ့ရမှု ဖြစ်စဉ် များအား ပြန်လည်ပြောပြရာတွင်... ''လုံးလည်ချာလည်နဲ့ ပညာသင်နှစ် တစ်ခုပြီးဖို့ မနည်းရုန်းကန်လိုက်ရ တယ်။ ကိုယ့်နိုင်ငံကနေ ဒီကဘွဲ့တွေယူပြီး ငွေလေးစုချင်ဆောင်းချင်လို့သာ လာခဲ့ရတယ်။ ပါးစပ်တစ်ပေါက် အတွက်နဲ့ ကျောင်းစရိတ်နဲ့တင် ရုန်း ကန်ရတာ မလွယ်လှဘူး။ အခုလည်း လကုန်ခါနီးပြီဆိုတော့ တိုက်ခန်းခ ပေးရတော့မယ်'' ဆိုသည်က ပြည်ပတွင် ရင်ဆိုင်နေကြရသည့်မြင်ကွင်းမှာ ထင်သာမြင်သာရှိလှပေသည်။

    စင်စစ်မိမိနိုင်ငံ၌  မိဘအရိပ်တွင် နေထိုင်ကာ မပူမပင်ထိုင်စားနေရသည်နှင့်တော့ မည်ကဲ့သို့မျနှိုင်းယှဉ်၍ မရနိုင်သော်လည်း ရုန်းကန်ရင်းပြည်ပ နိုင်ငံများမှ ဘွဲ့များရလာမည်ကိုတော့ မည်သူမဆိုအားကျစရာတစ်ခုဟုပင် ယူဆကြပေလိမ့်မည်။ ယင်းအချက် မှာလည်း လူငယ်များအတွက် အဆိုး ထဲက အကောင်းပင်..။

    ထို့ပြင် ယူကေတက္ကသိုလ်တစ်ခု တက်နေရာမှ ခဏပြန်ရောက်လာသည့် သူငယ်ချင်းတစ်ယောက်နှင့် ဆုံမိခဲ့ရာမှ သူမအနေဖြင့် ယူကေတက္ကသိုလ်တွင် အတိုင်းအတာတစ်ခုထိ အဆင်ပြေခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ကာလအတိုင်းအတာတွင် တွေ့ခဲ့ရသည့် သူမ၏နုပျိုမှုများကိုတော့ ရှာမတွေ့နိုင်တော့ပေ..။ ဤသို့ဖြင့် ''သူငယ်ချင်း ဟိုမှာ ဘယ်လိုလုပ်နေ ရလဲ နည်းနည်းရင့် သွားသလိုပဲနော်''ဟု မေးလိုက်ခြင်းကိုတော့ ''တို့တွေလိုမြန်မာ လူမျိုးတွေအတွက် ပညာလည်းသင်ရ၊ ငွေလည်းရှာရနဲ့ ဘယ်နိုင်ငံသွားသွား အရမ်းရုန်းကန်ကြရတယ်။ တစ်ခါတလေ စရိတ်မလောက်လို့ မိဘဆီက ပြန်မတောင်းချင်တော့ အလုပ်တွေပဲ ဖိလုပ်ရင်း ကျောင်းကိုတော့ ငတ်တစ်လှည့်ပြတ်တစ်လှည့် ဟန်မပျက်ရုံလေး တက်ရတယ်''ဟု ပြန်လည်ဖြေ ကြားခဲ့ပါသည်။

    မှန်ပါသည်။ အကယ်၍ မိမိနိုင်ငံ များ၌သာ ယခုကဲ့သို့ဘွဲ့များ ဈေးသက်သာစွာဖြင့် တက်ရပြီး အလုပ် အကိုင်များလည်း များစွာဖန်တီးလုပ်ကိုင်ခွင့်သာ ရလာမည်ဆိုပါက မိဘ အရိပ်အာဝါသမှထွက်၍ မည်သူမျ ထွက်ခွာသွားချင်ကြမည် မဟုတ်ပါ။ သို့သော်လည်း လိုသော်လည်းမပြည့် ဆိုသည့်အတိုင်း ငွေကြေး၊ အချိန်နှင့် ရုန်းကန်မှုများအားရင်းနှီးကာ ဤမျ ပင်ပန်းပြီးမှထိုက်တန်သည့်ရလဒ်များ နောင်တွင်ရလာရန်ဟူသော မျော်လင့် ချက်များကြောင့်သာ....။

    ပြည်ပနိုင်ငံများသို့ မိမိအနေအထားဖြင့် မိမိတတ်နိုင်သည့်ဘက်မှ သွားကြသကဲ့သို့ ရောက်ရှိသွားပြီးမှ  အဆင်ပြေခြင်း၊ မပြေခြင်းအား မိမိဘာသာ ဖန်တီးယူကြရမြဲပင်ဖြစ်သည်။
    အင်္ဂလန် တက္ကသိုလ်တက်နေသည့် လူငယ်တစ်ဦးကလည်း ၄င်းတို့ နယ်ပယ်တွင် ကြုံတွေ့ခဲ့ရပုံများအား မြန်မာလူငယ်များ သိထားစေရန်ပြောပြခဲ့သည်။

    ''နိုင်ငံခြားကို စရောက်ခဲ့တုန်းကတော့ အိပ်မက်ကိုယ်စီ၊ ရည်ရွယ်ချက်ကိုယ်စီတွေနဲ့ပါ။ အခြေခံလူတန်းစား တစ်ရပ်ကလာခဲ့ရတာကြောင့် မိဘတွေရဲ့တတ်နိုင်အားကလည်း ကျွန်တော်တို့ စထွက်လာပြီဆိုကတည်းက ကုန်သလောက်ဖြစ်နေပြီ။ ဒီတော့ ဟိုမှာ အဆင်ပြေ၊ မပြေကို ကိုယ့်ဘာသာဖန်တီးယူရတာပဲ..။ ပညာရေး၊ ကျန်းမာရေး၊ နေ၊ ထိုင်၊ စားသောက် စရိတ် ကာမိတာမကာမိတာ ကိုယ့်ဘာသာဆုံးဖြတ်။ လောက်ငှမှုမရှိလို့ ဘယ်သူကမှလည်းလာပြီး ကူညီမှာ မဟုတ်သလို ဘယ်သူကမှလည်း စာနာသနားပြီး ငဲ့ညှာနေမှာမဟုတ်ဘူး။ အခုခေတ်ကာလမှာ ဘယ်အရာကမှ အလကားမရသလို Give and Take  စကားအရ ကိုယ်ယူထားမိရင် ထိုက် တန်တဲ့ တန်ကြေးပြန်ပေးရတာ သဘာဝလို ဖြစ်နေခဲ့ပြီပဲလေ''ဟု ၄င်းလူငယ် ကပင်ပြောပြခဲ့သည်။

    ထို့ပြင် ယခင်က အဆင်ပြေခဲ့ဖူးသော သာဓကများကိုကြည့်ကာ ထွက်လာခဲ့ပြီးမှ အဆင်မပြေခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးငယ်များ နှင့်ပတ်သက်၍လည်း ရင်ဆိုင်ကြုံတွေ့နေရသည်များအား ၄င်းကပင် ဆက်လက်ပြောပြခဲ့သည်။

    ''ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်တချို့ကတော့ အင်္ဂလန်မှာကိုယ့်ဘာသာ ရုန်းကန်နေကြရရင်း လမ်းလွဲသွား ရခဲ့ရတဲ့ မြန်မာအမျိုးသမီးငယ်တွေ အကြောင်းပါ..။ မရှိအတူ၊ ရှိအတူ မျဝေခံစားနားလည်နိုင်မယ့် မြန်မာမိန်းကလေးအချင်းချင်းတောင်မှ တစ်ယောက်အဆင်မပြေရင် တစ်ယောက် ကူညီနိုင်ဖို့ စရိတ်လောက်ငှမှုမရှိကြဘူး။ စရိတ်အရမ်းကြီးတဲ့ နိုင်ငံတစ်ခု မှာ အချိန်ပိုင်းအလုပ်လုပ်လို့ရတဲ့ ငွေက ဥပမာ ၁၀ ဆို အကြောင်းကြောင်းကြောင့် ပြန်ကုန်လိုက်ရတဲ့ငွေ က ၂၀ လောက်ဖြစ်နေတယ်။ အခြေခံ လူတန်းစားတွေဖြစ်တာကြောင့်ရော သွားကတည်းကိုက အေးဂျင့်ပြောသမျ အကုန်ယုံပြီးစရိတ် ကာမိမယ်ထင်ခဲ့ တာကြောင့်ပါ။ မိဘတွေဆီက ပြန်တောင်းဖို့ ကျပြန်တော့လည်း မိဘက ဟိုနိုင်ငံနဲ့ ဒီနိုင်ငံ ငွေပမာဏကွာဟ ချက်တွေကြောင့် ပြန်မပေးနိုင်တော့တဲ့ အခါမှာ နေဖို့စားဖို့တောင် အင်မတန် အခက်ကြုံရတယ်။ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် မှ အားကိုးထောက်ပံ့နိုင်တဲ့သူကို ရှာဖွေ လာကြရင်း နိုင်ငံသားအချင်းချင်းဆို တော်သေးရဲ့။ စာနာမှုနည်းနည်း ရှိနိုင်ပါသေးတယ်။ တခြားနိုင်ငံသား နဲ့သာ ဆိုရင်တော့ တစ်ခဏတာ အဆင်ပြေဖို့ကနေ တစ်ဘ၀တာရင်း လိုက်ရတဲ့ ဇာတ်နာတဲ့ဖြစ်ရပ်တွေရှိနေ ခဲ့ရခြင်းပါ''ဟု နောင်လာမည့်လူငယ်များအတွက် အရာရာ တွက်ချက်ပြီးမှ လာခဲ့သင့်သည်ကို ပြောပြသွားခဲ့သည်။

    ထို့ပြင် 'ထွက်လာခဲ့မိတာမှားပြီ ဆိုတဲ့ 'နောင်တတွေနှင့် 'သန်းခေါင်ထက်ညဥ့်မနက်ပါဘူး' ဆိုကာ  မထူးဇာတ်ခင်းခဲ့ကြရသည့် ဖြစ်ရပ်များမှာ လည်း မနည်းလှပါ..။

    ပြည်ပထွက်ကာ ပညာသင်ခြင်းသည် လက်တွေ့ဘ၀နှင့်အမှန်တကယ် ဖြစ်တည်မှုကွာဟခြင်း၊ ရရှိခဲ့ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုသည်မှာ လည်း ကမ္ဘာလုံးဆိုင်ရာနိုင်ငံများ ကြုံတွေ့နေကြရသည့် ဦးနှောက်ယိုစီးမှု ဖြစ်စဉ်များပင်။ သို့သော် နိုင်ငံတိုင်း ဖြစ်လေ့ရှိသည့် ဦးနှောက်ယိုစီးမှုသည် အချိန်တန်အိမ်ပြန်ကြသည်။ အိမ်ပြန်လျင် အလုပ်အကိုင်ဖန်တီးနိုင်သော ၀န်းကျင်ကောင်းများရှိကြသည်။ ယင်းနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ရောက်နေသည့်နိုင်ငံများတွင် နိုင်ငံသားခံယူကာ အမြဲတမ်းနေထိုင်ခွင့်အား စီးပွားရှာရင်းနှီးမြှုပ်နှံလိုမှုမှ တစ်ပါး ပီအာအဖြစ် လက်ခံလိုသူရှားပါးခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် အမြဲတမ်းနေထိုင်ခွင့်ခံယူပြီး နိုင်ငံသားခံယူလိုက်သူ အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်နေ ခြင်းမှာလည်း သာဓကတစ်ခုမျပင်..။

    မည်သို့ပင်ဖြစ်စေ နိုင်ငံခြားသွား ပညာရှာ၊ ပြီးရင် ပြန်လာမှာလား... ပြီးရင်ပီအာလား... ဆိုခြင်းမှာလည်း ထွက်သွားခဲ့သူတစ်ဦးချင်းစီ၏ ခံယူချက်၊ ၄င်းတို့ရင်ဆိုင်ရုန်းကန်ခဲ့ရခြင်း များနှင့် မူတည်သက်ဆိုင်ပေမည်။

    သို့သော်လည်း ပင်ကိုယ်အရည်အသွေး ကိုယ်စီရှိထားပြီး နိုင်ငံသား ချင်းတူ၊ အသက်ရှုပုံချင်းတူညီသည့်တိုင် ပိုမိုပြီး Struggle လုပ်ခဲ့ရသော မြန်မာလူငယ်များအတွက် ရွေးချယ်နိုင်စရာ အခွင့်အလမ်းများ ပွင့်လင်းလာ ဦးမည်ဆိုပါကပြန်လာကြမှာလား...။ ဒါမှမဟုတ် ပီအာပဲလားဆိုတာကတော့ မဝေးတော့တဲ့ အနာဂတ်ရဲ့ အဖြေတစ်ခုပါ..။   

  Written by ယုလွင်စိုး   
ရင်းမြစ်။ ။www.first-11.com       

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့် ရက် ၆၀ ရမည်

ရွေးကောက်ပွဲ ကော်မရှင်သို့ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင် လျှောက်ထားရန်  ပျက်ကွက်ပါက နိုင်ငံရေး ပါတီအဖြစ်မှ အလို အလျောက်ပြက်ပျယ်မည်ဟု နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေက ဆိုသည်။

စစ်အစိုးရက မကြာမီ ရက်များတွင် ဆက်လက်ထုတ်ပြန်မည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဧရာဝတီက လက်ခံရရှိထားပြီး အသေးစိတ်ကို ဤနေရာတွင် ကလစ်လုပ်၍  ဖတ်ရှု လေ့လာနိုင်သည်။

ယင်းဥပဒေအရ တရားဝင်မှတ်ပုံတင်၍ ရပ်တည်လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် အခြားသော နိုင်ငံရေး ပါတီများသည် ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့ လျှောက်ထားရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဟု သုံးသပ်သူများကဆိုသည်။

NLD သည် ယခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ခြင်း မရှိသေး သကဲ့သို့ ၂၀၀၉ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ မူများအတိုင်း ရပ်တည်လျက် ရှိသည်။

ထို ကြေညာစာတမ်းတွင် နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်၊ ၂ဝဝ၈ အခြေခံ ဥပဒေကို သုံးသပ် ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် ဟူသော အချက်များအား စစ်အစိုးရက လိုက်လျောလျှင် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၌ နိုင်ငံရေးပါတီဟူသော ဖွင့်ဆိုချက်တွင် စစ်မှန်၍ စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ကို ယုံကြည်လက်ခံ၍ နိုင်ငံရေး ၀ါဒသဘောတရား တရပ်အပေါ်တွင် အခြေခံပြီး မိမိတို့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤဥပဒေအရ တည်ထောင်ခွင့်ပြုထားသော အဖွဲ့အစည်း အဖြစ် ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ထားသည်။

ပါတီတည်ထောင်သူများနှင့် ပါတီဝင်များသည် ထောင်ဒဏ် ကျခံနေသူမဟုတ်ခြင်း ဟူသော အချက်ကိုလည်း ယင်းဥပဒေတွင် ထည့်သွင်းထားသည်။

ထောင်ဒဏ်ကျခံနေရသူနှင့်ပတ်သက်၍ တရားရုံးတခုမှ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေသူကို ဆိုလိုပြီး ထောင်ဒဏ် စီရင် ချက်ကို မကျေနပ်၍ အယူခံမှု (သို့) ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲဖြစ်သူလည်း ပါဝင်ကြောင်း ဆိုသည်။

စစ်အစိုးရက ယမန်နေ့ ညနေ ၄ နာရီ မြန်မာ့ ရုပ်မြင်သံကြား သတင်းတွင်စတင်၍ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ကြောင်း ထုတ်လွှင့်ခဲ့သည်။

ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဥက္ကဋ္ဌ အပါအ၀င် အနည်းဆုံး အဖွဲ့ဝင် ၅ ဦးပါရှိမည့် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းနိုင်မည့် ဥပဒေကို  စတင်ထည့်သွင်း ဖော်ပြလိုက်သည်။

ရွေးကောက်ပွဲ ကော်မရှင်တွင် စစ်အစိုးရ သဘောကျသည့်ပုဂ္ဂိုလ်များကို ရွေးချယ်သွားမည်ဖြစ်သည့် အတွက် စိတ်ချယုံကြည်၍ မဖြစ်နိုင်ကြောင်း ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးအေးသာအောင်က ဆိုသည်။

“၁၉၉၀ ရွေးကောက်ပွဲ ကော်မရှင်တုန်းကလည်း စစ်အစိုးရ ခိုင်းတာလုပ်တယ်၊ အခုလည်း ဒီလိုပဲလုပ်မှာပဲ"ဟု ဦးအေးသာအောင်က ဆိုသည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ထုတ်ပြန်သည့် ဥပဒေတွင် အခန်း (၄) ခန်းပါရှိပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၃နှင့် အညီ ပြဌာန်းလိုက်ကြောင်း ပါရှိသည်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ပုဒ်မ ၄၄၃က ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)အနေဖြင့် ရွေးကောက်ပွဲ ၀င်ရောက်ရေး၊ မ၀င်ရေးမှာ ယခုထုတ်ပြန်သည့် ဥပဒေများနှင့် ဆက်စပ်ခြင်းမရှိကြောင်း၊ ဥပဒေကြောင့် မူလတောင်းဆိုချက်များ ပြောင်းလဲမည် မဟုတ်ကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ကျနော်တို့တောင်းဆိုချက်က နိုင်ငံရေးတောင်းဆိုချက်တွေ တောင်းဆိုထားတာ၊ ရွှေဂုံတိုင်မှာရှိတဲ့ တောင်းဆိုချက်တွေပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲ ၀င်မယ်၊ မ၀င်ဘူးဆိုတာကို ဆုံးဖြတ်မှာဖြစ်တယ်”ဟု ဦးဝင်းတင်က ဆိုသည်။

တချိန်တည်းတွင်ပင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း  ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ လွန်ခဲ့သည့် ၁၀ရက်က စာတစောင်ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ စာတွင် ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်နိုင်ပြီး ထင်သာမြင်သာရှိမည့် ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်ရန် လိုကြောင်း၊ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး နှောင့်နှေးနေသည့်အတွက် စိုးရိမ်ပူပန်ကြောင်း၊ ဖမ်း ဆီးထားသည့် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် လိုကြောင်း၊ စစ်အစိုးရ ပြဌာန်းလိုက်သည့် ရွေးကောက်ပွဲနှင့် ပတ် သက်သော ဥပဒေကိုလည်း သတိထားမိကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။

“မြန်မာအစိုးရ တာဝန်ရှိသူတွေကို တတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်ဖို့ ကျနော်တိုက်တွန်းနေတာကြာပြီ၊ ဒီကိစ္စကို ကျနော်လည်း စောင့်ကြည့်နေမှာပါ”ဟုလည်း မစ္စတာ ဘန်ကီမွန်းက ပြောဆိုသည်။

ရွေးကောက်ပွဲများကို အောက်တိုဘာလတွင် ကျင်းပပေးမည်ဟု မျှော်မှန်းထားသဖြင့်  နိုင်ငံရေးပါတီများက စည်းရုံးခွင့် ၅ လခန့်သာ အချိန်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကျင်းပချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြည်တွင်း ပြည်ပအဖျက်သမားများ အန္တရာယ်ကို ကာကွယ်နိုင်ရန် မြို့ခံများ ပါဝင်သည့် ရွေးကောက်ပွဲ လုံခြုံမှုအဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များကို မိုင်းရှင်း သင်တန်း၊ အဓိကရုဏ်း နှိမ်နှင်းရေး သင်တန်းများ ပေးသွားမည်ဖြစ်သည်ဟု  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော် လယ်ဝေးမြို့တွင် မြို့မိမြို့ဖများကို ပြောဆိုကြောင်း အတည် မပြုနိုင်သေးသော သတင်းများအရ သိရသည်။

Tuesday, 09 March 2010 19:14 ကိုထွေး 
ရင်းမြစ်။ ။ဧရာဝတီ