Wednesday, March 10, 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စိန်ခေါ်ခြင်း

   

၂၀၁၀ ရွေးကောက်ပွဲကို အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါဝင် ယှဉ်ပြိုင်သင့်၊ မပြိုင်သင့် အချေအတင် အငြင်းပွားမှု မီးစာကို စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဖြင့် လောင်စာဆီ လောင်းပေးလိုက်သည်။

ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုသော စကားရပ်အရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိမှာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မဖိတ်ခေါ်ခဲ့သည့် အမေရိကန် နိုင်ငံသားကို ခိုလှုံနားခွင့် ပေးမှုဖြင့် အပြစ်ဒဏ်ခံနေရသူ ဖြစ်သည်။

တရားမျှတသော ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေး မျှော်လင့်ထားသူများအတွက် အကြီးအကျယ် စိတ်ပျက်စရာပင်ဖြစ်မည့် ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ပါပြီ။ ဥပဒေ ၅ ခုကို တရက်ချင်းစီ ထုတ်ပြန်နေသည်။

ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကော်မရှင်ကို စစ်အစိုးရက စိတ်ကြိုက်ရွေးချယ်မှာ ဖြစ်သည်။ ထို့အပြင် အဆီအငေါ် မတည့်လှသော လုပ်ရပ်တခုက မဖွဲ့ရသေးသော ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီများက ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ရမှာ ဖြစ်သည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ရှိနေသော နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ တို့ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မရအောင် တားမြစ်ထားသော ဥပဒေက မြန်မာနိုင်ငံရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထီမဲ့မြင်ပြုနေသည်။

မတရားအသင်းဟု သတ်မှတ်ထားသော အသင်းအဖွဲ့များနှင့် ဆက်သွယ်သူများကိုလည်း ပါတီဝင်မဖြစ်ရဟူသော စကားရပ်က ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် သူတို့ကို ဆက်သွယ်သူများကို တားမြစ်ထားခြင်း ဖြစ်သည်။

နိုင်ငံတဝှန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ၁၀၀၀၊ ဒေသဆိုင်ရာ ပါတီကို ပါတီဝင် ၅၀၀ စာရင်းကို ဘယ်ဆီမှန်းမသိသော ကော်မရှင်တွင် တင်သွင်းရန် ပြဋ္ဌာန်းထားပြန်သည်။ ဥပဒေ၏ အခြားသော ကန့်သတ်ချက်များမှာ သာသနာ့ဝန်ထမ်း မဖြစ်ရခြင်း၊ အစိုးရဝန်ထမ်း မဖြစ်ရခြင်းတို့ ဖြစ်သည်။

ယခုရွေးကောက်ပွဲဥပဒေက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရပြီး၊ အာဏာလွှဲပေးခြင်း မခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထိပ်တိုက်စိန်ခေါ်မှု ဖြစ်သည်။ အန်အယ်ဒီက နိင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးတို့ နေပြည်တော်သို့ တင်ပြထားသည်။

ယခုတော့ အန်အယ်ဒီအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်သလို၊ အမတ်နေရာ အနိမ့်ဆုံး ၃ နေရာ ဝင်မပြိုင်လျှင် ပါတီဖျက်သိမ်းခံရမှာဖြစ်သည်။ အန်အယ်ဒီက ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ဦးတော့ ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် မပါစေရ သဘောပင်ဖြစ်သည်။

မဇ္ဈိမသတင်းဌာန 
Wednesday, 10 March 2010 15:18

0 comments:

Post a Comment