ပြည့်တန်ဆာခေါင်းတဦး၊ လူမိုက်ခေါင်းဆောင်တဦးတို့နှင့် တွေ့ဆုံခြင်း
ရန်ကုန်မြို့တော်မှ ပြည့်တန်ဆာခေါင်းများ၊ ဟန်ပြအနှိပ်ခန်းတို့၏ ပိုင်ရှင်များ၊ ခါးပိုက်နှိုက်များ ယခုတလော ဂဏှာမငြိမ်၊ မူမမှန် ဖြစ်နေကြသည်ဟု မိတ်ဆွေ သတင်းထောက်များက ပြောသဖြင့် သတင်းထောက် ရန်လိုကျွဲ ကျွန်ုပ်မှာ ညာဘက် နားရွက် နှင့် ဘယ်ဘက်နားရွက်တို့ ထောင်မတ်ပြီး မျက်လုံးနှစ်ဘက် ပြူးထွက်သွားသည်။
ရန်လိုကျွဲ@gmail.com – “မိုင်ဒီးယား အယ်ဒီတာ့စ်၊ ကျွန်ုပ် သတင်းအနံ့တခု ရတယ်”
အယ်ဒီတာ့စ်@gmail.com – “good, very good!”
ရန်လိုကျွဲ@gmail.com – “မတ်လ ၈ ရက်နေ့က စပြီး ပြည့်တန်ဆာခေါင်းတွေ၊ အနှိပ်ခန်း ပိုင်ရှင်တွေ၊ အချိန်ပိုင်း ခါးပိုက်နှိုက်သူတွေ၊ အချိန်ပြည့် သူခိုးကြီး၊ သူခိုးလတ်၊ သူခိုးလေး၊ သူခိုးပိစိကွေးတွေက ရန်ကုန် မြို့ပြင်ကို အလုံးအရင်း ထွက်နေကြတယ်”
အယ်ဒီတာ့စ်@gmail.com – “ဟိုက် – ရှာလဘတ်ရည်၊ ဒီလူကြီးလူကောင်းတွေ ဘာလုပ်ကြမလို့လဲ၊ ပျော်ပွဲစား ထွက်မှာလား၊ သူတို့လုပ်ငန်းတွေကို ဦးပိုင်က လိုက်သိမ်းနေလို့လား၊ ဟိုနေ့က ထုတ်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေတွေကို ထောက်ခံကြိုဆိုတာတွေများ လုပ်ကြမယ့်ပုံရော ရှိသလား”
ရန်လိုကျွဲ@gmail.com – “မိုင်ဒီးယား အယ်ဒီတာ့စ်၊ ဘာလုပ်ကြမလဲတော့ ကျွန်ုပ်မသိဘူး၊ သတင်းကတော့ အကြီးကြီး ဖြစ်သွားနိုင်တယ်။ ထင်သလောက် မကြီးရင်လည်း ပုံကြီးချဲ့ရေးပြီး ပို့လိုက်မယ်။ ဂွတ်ဘိုင်”
အယ်ဒီတာ့စ်@gmail.com – “နေပါဦး၊ နေပါဦး၊ ဒီလူတွေ အင်အားက ဘယ်လောက် များသလဲ”
ရန်လိုကျွဲ@gmail.com – “ဘယ်လောက် များသလဲ ဆိုတာကို ရေတွက် ခန့်မှန်းလို့ မရဘူး။ မြင်ကွင်းကတော့ ချင်းပြည်နယ်က ပြောင်းဖူးခင်းထဲ ကြွက်တွေ ဆင်းသွားသလို ဆိုပါတော့၊ အုံခဲနေတာပဲ”
အယ်ဒီတာ့စ်@gmail.com – “ok, good luck!”
အတွေ့အကြုံအရ ကျွန်ုပ် ရန်လိုကျွဲ သိလိုက်သည်၊ ဒါမျိုးမှ သတင်း၊ တကယ့်သတင်း၊ အဟုတ် စိတ်လှုပ်ရှားဖွယ် သတင်း၊ အမှန်အကန် သတင်း၊ ထူးခြားသည့်သတင်း၊ သိပ်လန်း သိပ်မိုက်မည့် သတင်း။ ဟုတ်သည်၊ သတင်းပီသတဲ့ ဒီသတင်းနောက်ကို အမြန်လိုက်ပြီ။
အနှီ သူခိုး၊ ဂျပိုး၊ ပြည့်တန်ဆာခေါင်း ကဲ့သို့သော လူကြီးလူကောင်းများကို ရန်ကုန်မြို့ပြင်သို့ ထွက်သည့် လမ်းမပေါ်တွင် ကားကြီးကားငယ် အသွယ်သွယ်ဖြင့် တွေ့နေရသည်။ ကျွန်ုပ်လည်း ၎င်းတို့နှင့် ရောနှော လိုက်ပါသွားသည်။
ရန်ကုန်မှ ထွက်လာပြီး လှည်းကူးမြို့သို့ မရောက်မီ ထူးဆန်းသည့် အကြောင်းအရာ တခုကို သတိထားမိသည်။ ခရီးသည်များအတွင်း မတူ ခြားနားသော လူကြီးလူကောင်းများစွာ ပါဝင်နေခြင်းပင်။ ထိုပုဂ္ဂိုလ်များမှာ အခြားမဟုတ်၊ ချစ်ခင်နှစ်သက် လေးစားဖွယ် ကောင်းသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များ ဖြစ်တော့သည်။ သတင်းကြီးတပုဒ်တော့ ရပဟေ့ ဟူသော ကျွန်ုပ်၏ ယူဆချက် ပိုမို ခိုင်မာလာချေပြီ။
ကားကြီးကားငယ်များ ပြွတ်ခဲနေသဖြင့် ခရီးက မတွင်လှ။ လမ်း မကြာခဏ ပိတ်ဆို့သဖြင့် ကား မကြားခဏ ရပ်ရသည်။ ကားရပ်ပြီး လမ်းဘေးပေါက်တောသို့ အသီးသီး ၀င်ရောက်စဉ် ဦးအိုကေ၊ ဦးကျက်သရေ ဆိုသူ ၂ ဦးနှင့် အချက်အလက်အလို့ငှာ မိတ်ဖွဲ့လိုက်သည်။
ဦးအိုကေသည် ကာရာအိုကေ သီချင်းဆိုခန်းလုပ်ငန်းရှင် နာမည်ကျော် ပြည့်တန်ဆာခေါင်းဖြစ်သည်။
လူမိုက်ခေါင်းဆောင်တဦး ဖြစ်သူ ဦးကျက်သရေသည်လည်း ခေသူမဟုတ်ချေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း မြို့နယ်အဆင့် ရာထူး ရှိသူ ဖြစ်လေသည်။
ကားကြီးကားငယ်များက လှည်းကူးမြို့နယ် မင်းတုန်းရွာဘက်သို့ ဦးတည်သွားကြသည်။ တနေရာ အရောက်တွင် ကားက နေရာ မရွေ့တော့ပေ။ တမျှော်တခေါ် ယာဉ်တန်းကြီး၏ ရှေ့ဆုံးသို့ ကျွန်ုပ် သွားပြီး စနည်းနာလိုက်သည်။ ကားများ ဦးတည်ရာမှာ မင်းတုန်းရှိ စစ်သား လေ့ကျင့်ရေးတပ်စခန်းကြီး ဖြစ်လေသည်။
လေ့ကျင့်ရေးကျောင်းအတွင်းတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ရန်ကုန်သား လူငယ်များ၊ ရန်ကုန်မှ ကလေးငယ်များကို ဆံပင်ငုတ်တိုဖြင့် တွေ့ရသည်။
လူငယ်လေးများမှာ ရန်ကုန်မြို့ပေါ်ရှိ ပန်းခြံတို့တွင် ရည်းစားနှင့် ချိန်းတွေ့ရာမှ အဖမ်းခံကြရပြီး စစ်သား စုဆောင်းရေး တပ်သို့ ရောက်သွားခြင်း ဖြစ်ကြောင်း၊ ကလေးများမှာ နွေရာသီ ကျောင်းပိတ်ရက် ကာလတွင် လမ်းကျော်၊ ရပ်ကွက်ကျော်ပြီး အဆော့လွန် အလည်လွန်ရာမှ နည်းမျိုးစုံဖြင့် စစ်သား စုဆောင်းရေးတပ်သို့ ရောက်သွားခြင်း ဖြစ်ကြောင်း ကျွန်ုပ်ကို တိုးတိုးတိတ်တိတ် ပြောပြကြသည်။ သတင်းဌာနများသို့ ဆက်သွယ်ပြီး ၎င်းတို့၏ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပေးရန် ကျွန်ုပ်အား အကူအညီ တောင်းကြလေပြီ။ ကျွန်ုပ် မည်သို့လုပ်ရအံ့နည်း။
ခက်ချေပြီ။ တကယ် ခက်ချေပြီ။ ကျွန်ုပ်သည် ဤသို့သော အကြောင်းအရာများကို သတင်းလုပ်ပြီး ရေးတတ်သူ အပေါစား၊ ခပ်ညံ့ညံ့ သတင်းထောက် မဟုတ်ပေ။ ကျွန်ုပ်သည် ၀ါရင့်သတင်းထောက်၊ အကြီးတန်းသတင်းထောက်၊ စီနီယာသတင်းထောက် ဖြစ်တော့သည် ဆိုသည်ကို ၎င်းတို့ မသိရှာပေ။ မသိလည်း မတတ်နိုင်။ ဒါမျိုးသတင်းတွေ မရေးနိုင်။
စစ်သင်တန်းကျောင်း အပြင်ဘက်ရှိ ကားကြီးကားငယ်များထဲတွင် စောင့်ဆိုင်းနေသူ လူကြီးလူကောင်းများမှာ ဤလူငယ်၊ ဤကလေးများ၏ မိဘတို့ ဖြစ်ဟန်တူသည်။ မိဘများက စိတ်ပူနေရှာတော့မည်။ လိမ်ညာ ဖြားယောင်း ခြိမ်းခြောက် ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးတပ်သို့ အပို့ခံရသည့် ၎င်းတို့၏ ကလေးများ၊ လူငယ်များကို လာရောက် ထုတ်ယူကြဟန်တူသည်ဟု တွေးနေချိန်တွင် ကျွန်ုပ်အနီးသို့ ဦးအိုကေ နှင့် ဦးကျက်သရေတို့ ရောက်ချလာကြသည်။
ခက်ပြီ၊ ထိုလူကြီးလူကောင်းတို့နှင့် ကျွန်ုပ် အတိုက်အခံလုပ်ရချေတော့မည်။
ကျွန်ုပ် – ကလေးတွေက ငယ်တော့ ငယ်သေးတယ်။ ဒါပေမယ့် စစ်ထဲဝင်တာ ကောင်းပါတယ်။
ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - ဟုတ်တယ်၊ ဟုတ်ပါတယ်။
ကျွန်ုပ် – သူငယ်ချင်းတယောက် ပြောသလို ပြောရရင် ကလေးတွေက စစ်တိုက်တမ်း ကစားရတာ ပျော်တယ်၊ စစ်ထဲဝင်တော့ တကယ့်သေနတ်တွေနဲ့ တကယ် စစ်တိုက်ရတော့ သူတို့ စိတ်ချမ်းသာမှာပေါ့ တဲ့။ ကောင်းပါတယ်။ မိဘတွေ စိတ်ပူစရာ မလိုပါဘူး။ ကလေးတွေက စစ်သားအလုပ် လုပ်ရတာ ပျော်မှာပါ။
ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - ဟုတ်တယ်၊ ဟုတ်ပါတယ်။
ကျွန်ုပ် – ဦးတို့က ဦးတို့ရဲ့ ကလေးတွေကို အိမ်ပြန်ခေါ်ဖို့ ဒီကို ရောက်လာကြတာ မဟုတ်ဘူးလား။
ဦးအိုကေ+ဦးကျက်သရေ – သြော် - - - အင်း - - - မဟုတ်ဘူး၊ မဟုတ်ပါဘူး။
ကျွန်ုပ် – ဟိုက် - - - ဒါဆို ဒီကို ဘာလာလုပ်ကြတာလဲ။
ဦးအိုကေ – ငါက ကာရာအိုကေရုံ မလုပ်တော့ဘူး။ စစ်ထဲ ၀င်တော့မယ်။
ဦးကျက်သရေ – ငါလည်း ကြံ့ခိုင်ရေးအသင်းမှာ မလုပ်တော့ဘူး။ စစ်ထဲဝင်တော့မယ်။
ကျွန်ုပ် – ဘာဖြစ်လို့ စစ်ထဲဝင်ကြမှာလဲ။
ဦးအိုကေ – ရွေးကောက်ပွဲဥပဒေတွေ ထွက်ပြီလေ၊ မင်းမသိဘူးလား။
ကျွန်ုပ် – ဟုတ်ပါတယ်၊ သိပါတယ်၊ အဲဒီတော့ ဘာဖြစ်လဲ။ ဦးတို့ရဲ့ ပြည့်တန်ဆာလုပ်ငန်း - အဲ - ကာရာအိုကေလုပ်ငန်းက ဆက်လုပ်လို့ ရနေတာပဲ မဟုတ်လား။
ဦးအိုကေ – ဆက်လုပ်လို့ ရပါတယ်ကွ။ အဆင်ပြေပါတယ်။ ဒါပေမယ့် လူဆိုတာ ပို၍ပို၍ ကြီးပွားရာ ကြီးပွားကြောင်းကို ရှာရမယ် မဟုတ်လား။
ကျွန်ုပ် – ဒီအရွယ်ကြီးတွေကျမှ စစ်ထဲဝင်လို့ ဘယ်လိုနည်းနဲ့ ကြီးပွားနိုင်မှာတုန်း။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ပြိုင်လို့ အရွေးခံရရင် ပို၍ပို၍ ကြီးပွားစရာတွေ တွေ့ရဦးမယ်။
ဦးအိုကေ – အေး - အဲဒါကြောင့် စစ်ထဲဝင်မှာကွ။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ရင် ငါ့လို ပြည့်တန်ဆာခေါင်းကို ဘယ်သူက မဲထည့်မှာလဲ ငတုံးရဲ့။ ငါ့မှာ လွှတ်တော်တက်နိုင်စရာလမ်းကို မမြင်ဘူး။ အခုလို စစ်ထဲဝင်တာကမှ လွှတ်တော်တက်ဖို့ လမ်းကြောင်း ရှိသေးတယ်။
ကျွန်ုပ် – ဗျာ - လွှတ်တော်တက်ဖို့ လမ်းကြောင်း ဟုတ်လား။
ဦးကျက်သရေ – သိပ်သေချာတာပေါ့ကွာ။ လွှတ်တော်ထဲ ၀င်ထိုင်မယ့်သူတွေထဲက ၂၅ ရာခိုင်နှုန်းဟာ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆိုတာ မင်း မသိဘူးလား။ ရွေးကောက်ပွဲကို ၀င်ပြိုင်စရာ မလိုဘဲ လွှတ်တော်ထဲ တန်းပြီး ရောက်သွားမှာကွ။
ကျွန်ုပ် – သြော် - ဒါကြောင့် ဦးတို့က စစ်ထဲဝင်ချင်နေတာကိုး ဟိုးဟိုး။ သို့ပေမယ့် ကျနော် နားလည်ထားတာက ဦးကျက်သရေတို့ ကြံ့ဖွံ့အသင်းက ပါတီအဖြစ် အရောင်ပြောင်းပြီး ရွေးကောက်ပွဲ ၀င်မယ်၊ မဲလိမ် မဲခိုးမယ် တဲ့။ ဒီနည်းနဲ့လည်း လွှတ်တော်ထဲ ရောက်နိုင်တာပဲ မဟုတ်လား၊ စစ်ထဲ ၀င်စရာ လိုသေးလို့လား။
ဦးကျက်သရေ – ငါတို့ကို ပေါတာကြီးတို့က ပါတီဖွဲ့ဖို့ အတိအကျ ပြောမထားဘူး၊ ပြီးတော့ ငါတို့ အသင်းဝင် အင်အားက သန်းချီပြီး ရှိတာ၊ လွှတ်တော်ထဲ ၀င်ထိုင်ကြမှာက ရာဂဏန်းပဲ။ ဒီအသင်းထဲ ဆက်နေလို့ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်စရာ အကြောင်း မမြင်ဘူး။
ကျွန်ုပ် – ဦးက မြို့နယ်အဆင့်ခေါင်းဆောင်ပဲ။ အလားအလာ ကောင်းပါတယ်ဗျ။
ထိုအချိန်တွင် ဦးအိုကေက ကြားဖြတ်ပြီး ၀င်ရောက်ပြောဆိုပြီး စကားဝိုင်းကို သိမ်းလိုက်လေသည်။
ဦးအိုကေ – ဒီကောင်က ငါ့ထက် ပိုပြီး အကြံကြီးတယ်ကွ။ ကြံ့ဖွံ့အသင်းမှာ အချင်းချင်း ခွက်စောင်းခုတ် ခြေထိုးပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်၊ ရွေးကောက်ပွဲမှာ မဲဖိုးတွမ်တီး လုပ်ပြီး လွှတ်တော်ထဲ ရောက်သွားပြီ ထားပါတော့၊ သာမန် ကိုယ်စားလှယ်ပဲ ဖြစ်နေမှာပေါ့။ အခုလို စစ်ထဲဝင်တော့ လွှတ်တော်ကိုယ်စားလှယ်တင် မကဘူး နိုင်ငံ့ခေါင်းဆောင်တောင် ဖြစ်နိုင်ပြီလေ။ နိုင်ငံတော် သမ္မတသည် စစ်ရေးအတွေ့အကြုံ ရှိရမည် လို့ အခြေခံဥပဒေမှာ ပြဌာန်းထားတာ ၀ါရင့်သတင်းထောက်ကြီး မေ့နေပြီထင်တယ်၊ ဟဲဟဲဟဲ။
စကားဝိုင်းက ဤနေရာတွင် အဆုံးသတ်သွားသည်။ ကျွန်ုပ်လည်း moemaka.com မှ ဆရာသမားတို့ထံ သတင်းပို့ရန် အင်တာနက်ကဖေးဆိုင်သို့ ပြေးရလေသည်။ ။
ရန်လိုကျွဲ
မတ် ၁၀၊ ၂၀၁၀
ရင်းမြစ်။ ။မိုးမခ
0 comments:
Post a Comment