Wednesday, March 10, 2010

ပြန်လာမှာလား . . . ပီအာလား . . .


     ဆယ်စုနှစ်တစ်ခုကျော် လူငယ်များကြား၌ နိုင်ငံရပ်ခြားပညာသင်ယူခြင်းမှာ အတိုင်းအတာတစ်ခုထိ လွှမ်းမိုး နေခဲ့သလို လွှမ်းမိုးနေဆဲလည်း ဖြစ်သည်။ လူငယ်တိုင်းအိပ်မက်မှာ နိုင်ငံ ခြားသွားမည်၊ ကျောင်းတက်မည်၊ အလုပ်လုပ်မည်၊ ပြန်လာမည်၊ အချို့ မှာပြန်မလာဘဲ ယင်းနိုင်ငံများတွင်ပင် နိုင်ငံသားအဖြစ် ခံယူမည်ဆိုသည့် အနေအထားများမှာ နေ့စဉ်နှင့်အမျ ကြားနေရဆဲ..။
    ထောင်ပေါင်း၊ သောင်းပေါင်း များစွာသော မြန်မာများနိုင်ငံရပ်ခြားတွင် ပီအာများဖြစ်နေကြသည်။  မိမိနိုင်ငံသို့ ပြန်လာသူများလည်း ရှိနေကြသကဲ့သို့ အပြီးအပိုင်စွန့်ခွာသူများ၊ ထွက်ခွာရန် ကြိုးစားနေကြသူများမှာလည်း အပုံအပင်....။

    လွန်ခဲ့သည့် ငါးနှစ်တာခန့်က ပညာရေးဆွေးနွေးပွဲတစ်ခုတွင် ဆရာ တစ်ယောက်က အာဘောင်အာရင်း သန်သန်ဖြင့် ''ဟိုမှာ ပညာသင်စရိတ် လုံးဝကာမိစေရမယ်၊ အာမခံတယ်။ ဒါပေမယ့် ပညာကိုလည်းအာရုံစိုက်သင်၊ လုပ်တတ်ရင် ပိုက်ဆံတောင် ပို ရဦးမှာ...''ဆိုသည်က ဈေးကွက်ဆန်ဆန် ပြောခဲ့ခြင်းလား၊ လူငယ်များအား အမှန်တကယ်ပင် စိတ်ဓာတ်ပိုင်းနှင့် ပြည်ပနိုင်ငံများအား ထွက်ပေါက်တစ်ခုသဖွယ် မက်လုံးများပေးကာ ပြောခဲ့ ခြင်းလားဆိုသည်ကတော့ စဉ်းစား ချင့်ချိန်စရာများပင် ဖြစ်ခဲ့သည်။

    သို့သော် နိုင်ငံခြားသွားချင်၊ စွန့်စားချင်သောစိတ်တွေရှိနေခဲ့သည့် လူငယ်များအတွက်မှာမူယခု Seminar သည် ပုရွက်ဆိတ် သကြားအိုးထဲကျခဲ့ ရခြင်းအလား အားရ၀မ်းသာစွာ နား ထောင်ခဲ့ကြကာ ပီတိရိပ်တွေလွှမ်းမိုးမှု ကိုယ်စီဖြင့်ရှိခဲ့ကြသည်။ ကိုယ်ပိုင် အတွေးကိုယ်စီမှာလည်း''ငါသာဆိုရင်'' ဆိုသည့် မျော်လင့်ချက်များနှင့်။ Seminar မှအပြန် အိမ်ရောက်သည် နှင့် မိဘများအား ပူဆာကာ နိုင်ငံခြား တွင်ကျောင်းသွားတက်ရန်နှင့် အေဂျင့် များ၏ပြောစကားအရ စရိတ်ကာ မိရုံတင်မကဘဲ အပိုငွေစုမိနိုင်ခြင်းများ ကြောင့် လူငယ်များ၏အိပ်မက်မှာ ယင်းအချိန်ကပင် အစပြုဖြစ်တည်လာ ခဲ့ကြသည်။ ထို့ပြင် အခြေခံလူတန်းစား တစ်ရပ်အတွက်ဆိုလျင် ယင်းကဲ့သို့ နိုင်ငံခြားပညာသင်သွားခြင်းမှာ''အမှန် တကယ် ထွက်ပေါက်ပင်လား''ဟု ယူဆကာ စမ်းသပ်ချက်တစ်ခုကို အဖြေ ထုတ်ခဲ့ကြသည်။
လူငယ်များထွက် ပေါက်တစ်ခုဟု ယူဆမှုဖြစ်လာစေရန် ပြည်တွင်းရှိ နိုင်ငံတကာ ပညာရေး အေဂျင်စီများမှစခဲ့ရခြင်း ဖြစ်သကဲ့သို့ အမှန်တကယ်တွင် လူငယ်အများစု၏ အိပ်မက်မှာလက်တွေ့နှင့် မည်မျကိုက်ညီ၍ မည်မျကွာခြားနေခြင်းကို ဆယ်စုနှစ်တစ်ခုကျော်လွန်အပြီး ပြည်ပ ရောက်လူငယ်တစ်စု၏ ဖြစ်ရပ်များနှင့် ချိန်ထိုးယူဆကြည့်နိုင်ပေသည်။

    ''ဒီမှာ လစာ လေးငါးခြောက်သောင်းရမယ့်အစား ဟိုမှာကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်မယ်၊ ပြီးရင် အလုပ်တစ်ခုဝင်လုပ်မယ်''ဟုဆို ကာလူငယ်တစ်စုက ယခင်သုံးနှစ်ကျော် ကာလကပြောခဲ့ကြခြင်းပင် ဖြစ်သည်။

    သိန်းဆယ်ဂဏန်း ရင်းနှီးလိုက် ရုံဖြင့် တစ်ဘ၀အဆင်ပြေနိုင်တော့မည် ဟု ယူဆကာ လူငယ်များ နိုင်ငံခြား တက္ကသိုလ်များဆီသို့ မိမိငွေပမာဏနှင့် ချိန်ဆကာ ထွက်သွားခဲ့ကြပြီ..။
    လွန်ခဲ့သည့် ငါးနှစ်ခန့်က စင်ကာပူတွင်ရောက်ရှိနေခဲ့သော မြန်မာ အမျိုးသမီးငယ်တစ်ဦးက သူမ ပညာသင်ယူစဉ် ကိုယ်တွေ့ကြုံခဲ့ရမှု ဖြစ်စဉ် များအား ပြန်လည်ပြောပြရာတွင်... ''လုံးလည်ချာလည်နဲ့ ပညာသင်နှစ် တစ်ခုပြီးဖို့ မနည်းရုန်းကန်လိုက်ရ တယ်။ ကိုယ့်နိုင်ငံကနေ ဒီကဘွဲ့တွေယူပြီး ငွေလေးစုချင်ဆောင်းချင်လို့သာ လာခဲ့ရတယ်။ ပါးစပ်တစ်ပေါက် အတွက်နဲ့ ကျောင်းစရိတ်နဲ့တင် ရုန်း ကန်ရတာ မလွယ်လှဘူး။ အခုလည်း လကုန်ခါနီးပြီဆိုတော့ တိုက်ခန်းခ ပေးရတော့မယ်'' ဆိုသည်က ပြည်ပတွင် ရင်ဆိုင်နေကြရသည့်မြင်ကွင်းမှာ ထင်သာမြင်သာရှိလှပေသည်။

    စင်စစ်မိမိနိုင်ငံ၌  မိဘအရိပ်တွင် နေထိုင်ကာ မပူမပင်ထိုင်စားနေရသည်နှင့်တော့ မည်ကဲ့သို့မျနှိုင်းယှဉ်၍ မရနိုင်သော်လည်း ရုန်းကန်ရင်းပြည်ပ နိုင်ငံများမှ ဘွဲ့များရလာမည်ကိုတော့ မည်သူမဆိုအားကျစရာတစ်ခုဟုပင် ယူဆကြပေလိမ့်မည်။ ယင်းအချက် မှာလည်း လူငယ်များအတွက် အဆိုး ထဲက အကောင်းပင်..။

    ထို့ပြင် ယူကေတက္ကသိုလ်တစ်ခု တက်နေရာမှ ခဏပြန်ရောက်လာသည့် သူငယ်ချင်းတစ်ယောက်နှင့် ဆုံမိခဲ့ရာမှ သူမအနေဖြင့် ယူကေတက္ကသိုလ်တွင် အတိုင်းအတာတစ်ခုထိ အဆင်ပြေခဲ့ကြောင်း၊ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ကာလအတိုင်းအတာတွင် တွေ့ခဲ့ရသည့် သူမ၏နုပျိုမှုများကိုတော့ ရှာမတွေ့နိုင်တော့ပေ..။ ဤသို့ဖြင့် ''သူငယ်ချင်း ဟိုမှာ ဘယ်လိုလုပ်နေ ရလဲ နည်းနည်းရင့် သွားသလိုပဲနော်''ဟု မေးလိုက်ခြင်းကိုတော့ ''တို့တွေလိုမြန်မာ လူမျိုးတွေအတွက် ပညာလည်းသင်ရ၊ ငွေလည်းရှာရနဲ့ ဘယ်နိုင်ငံသွားသွား အရမ်းရုန်းကန်ကြရတယ်။ တစ်ခါတလေ စရိတ်မလောက်လို့ မိဘဆီက ပြန်မတောင်းချင်တော့ အလုပ်တွေပဲ ဖိလုပ်ရင်း ကျောင်းကိုတော့ ငတ်တစ်လှည့်ပြတ်တစ်လှည့် ဟန်မပျက်ရုံလေး တက်ရတယ်''ဟု ပြန်လည်ဖြေ ကြားခဲ့ပါသည်။

    မှန်ပါသည်။ အကယ်၍ မိမိနိုင်ငံ များ၌သာ ယခုကဲ့သို့ဘွဲ့များ ဈေးသက်သာစွာဖြင့် တက်ရပြီး အလုပ် အကိုင်များလည်း များစွာဖန်တီးလုပ်ကိုင်ခွင့်သာ ရလာမည်ဆိုပါက မိဘ အရိပ်အာဝါသမှထွက်၍ မည်သူမျ ထွက်ခွာသွားချင်ကြမည် မဟုတ်ပါ။ သို့သော်လည်း လိုသော်လည်းမပြည့် ဆိုသည့်အတိုင်း ငွေကြေး၊ အချိန်နှင့် ရုန်းကန်မှုများအားရင်းနှီးကာ ဤမျ ပင်ပန်းပြီးမှထိုက်တန်သည့်ရလဒ်များ နောင်တွင်ရလာရန်ဟူသော မျော်လင့် ချက်များကြောင့်သာ....။

    ပြည်ပနိုင်ငံများသို့ မိမိအနေအထားဖြင့် မိမိတတ်နိုင်သည့်ဘက်မှ သွားကြသကဲ့သို့ ရောက်ရှိသွားပြီးမှ  အဆင်ပြေခြင်း၊ မပြေခြင်းအား မိမိဘာသာ ဖန်တီးယူကြရမြဲပင်ဖြစ်သည်။
    အင်္ဂလန် တက္ကသိုလ်တက်နေသည့် လူငယ်တစ်ဦးကလည်း ၄င်းတို့ နယ်ပယ်တွင် ကြုံတွေ့ခဲ့ရပုံများအား မြန်မာလူငယ်များ သိထားစေရန်ပြောပြခဲ့သည်။

    ''နိုင်ငံခြားကို စရောက်ခဲ့တုန်းကတော့ အိပ်မက်ကိုယ်စီ၊ ရည်ရွယ်ချက်ကိုယ်စီတွေနဲ့ပါ။ အခြေခံလူတန်းစား တစ်ရပ်ကလာခဲ့ရတာကြောင့် မိဘတွေရဲ့တတ်နိုင်အားကလည်း ကျွန်တော်တို့ စထွက်လာပြီဆိုကတည်းက ကုန်သလောက်ဖြစ်နေပြီ။ ဒီတော့ ဟိုမှာ အဆင်ပြေ၊ မပြေကို ကိုယ့်ဘာသာဖန်တီးယူရတာပဲ..။ ပညာရေး၊ ကျန်းမာရေး၊ နေ၊ ထိုင်၊ စားသောက် စရိတ် ကာမိတာမကာမိတာ ကိုယ့်ဘာသာဆုံးဖြတ်။ လောက်ငှမှုမရှိလို့ ဘယ်သူကမှလည်းလာပြီး ကူညီမှာ မဟုတ်သလို ဘယ်သူကမှလည်း စာနာသနားပြီး ငဲ့ညှာနေမှာမဟုတ်ဘူး။ အခုခေတ်ကာလမှာ ဘယ်အရာကမှ အလကားမရသလို Give and Take  စကားအရ ကိုယ်ယူထားမိရင် ထိုက် တန်တဲ့ တန်ကြေးပြန်ပေးရတာ သဘာဝလို ဖြစ်နေခဲ့ပြီပဲလေ''ဟု ၄င်းလူငယ် ကပင်ပြောပြခဲ့သည်။

    ထို့ပြင် ယခင်က အဆင်ပြေခဲ့ဖူးသော သာဓကများကိုကြည့်ကာ ထွက်လာခဲ့ပြီးမှ အဆင်မပြေခြင်းများနှင့် ရင်ဆိုင်ခဲ့ရသည့် အမျိုးသမီးငယ်များ နှင့်ပတ်သက်၍လည်း ရင်ဆိုင်ကြုံတွေ့နေရသည်များအား ၄င်းကပင် ဆက်လက်ပြောပြခဲ့သည်။

    ''ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်တချို့ကတော့ အင်္ဂလန်မှာကိုယ့်ဘာသာ ရုန်းကန်နေကြရရင်း လမ်းလွဲသွား ရခဲ့ရတဲ့ မြန်မာအမျိုးသမီးငယ်တွေ အကြောင်းပါ..။ မရှိအတူ၊ ရှိအတူ မျဝေခံစားနားလည်နိုင်မယ့် မြန်မာမိန်းကလေးအချင်းချင်းတောင်မှ တစ်ယောက်အဆင်မပြေရင် တစ်ယောက် ကူညီနိုင်ဖို့ စရိတ်လောက်ငှမှုမရှိကြဘူး။ စရိတ်အရမ်းကြီးတဲ့ နိုင်ငံတစ်ခု မှာ အချိန်ပိုင်းအလုပ်လုပ်လို့ရတဲ့ ငွေက ဥပမာ ၁၀ ဆို အကြောင်းကြောင်းကြောင့် ပြန်ကုန်လိုက်ရတဲ့ငွေ က ၂၀ လောက်ဖြစ်နေတယ်။ အခြေခံ လူတန်းစားတွေဖြစ်တာကြောင့်ရော သွားကတည်းကိုက အေးဂျင့်ပြောသမျ အကုန်ယုံပြီးစရိတ် ကာမိမယ်ထင်ခဲ့ တာကြောင့်ပါ။ မိဘတွေဆီက ပြန်တောင်းဖို့ ကျပြန်တော့လည်း မိဘက ဟိုနိုင်ငံနဲ့ ဒီနိုင်ငံ ငွေပမာဏကွာဟ ချက်တွေကြောင့် ပြန်မပေးနိုင်တော့တဲ့ အခါမှာ နေဖို့စားဖို့တောင် အင်မတန် အခက်ကြုံရတယ်။ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် မှ အားကိုးထောက်ပံ့နိုင်တဲ့သူကို ရှာဖွေ လာကြရင်း နိုင်ငံသားအချင်းချင်းဆို တော်သေးရဲ့။ စာနာမှုနည်းနည်း ရှိနိုင်ပါသေးတယ်။ တခြားနိုင်ငံသား နဲ့သာ ဆိုရင်တော့ တစ်ခဏတာ အဆင်ပြေဖို့ကနေ တစ်ဘ၀တာရင်း လိုက်ရတဲ့ ဇာတ်နာတဲ့ဖြစ်ရပ်တွေရှိနေ ခဲ့ရခြင်းပါ''ဟု နောင်လာမည့်လူငယ်များအတွက် အရာရာ တွက်ချက်ပြီးမှ လာခဲ့သင့်သည်ကို ပြောပြသွားခဲ့သည်။

    ထို့ပြင် 'ထွက်လာခဲ့မိတာမှားပြီ ဆိုတဲ့ 'နောင်တတွေနှင့် 'သန်းခေါင်ထက်ညဥ့်မနက်ပါဘူး' ဆိုကာ  မထူးဇာတ်ခင်းခဲ့ကြရသည့် ဖြစ်ရပ်များမှာ လည်း မနည်းလှပါ..။

    ပြည်ပထွက်ကာ ပညာသင်ခြင်းသည် လက်တွေ့ဘ၀နှင့်အမှန်တကယ် ဖြစ်တည်မှုကွာဟခြင်း၊ ရရှိခဲ့ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုသည်မှာ လည်း ကမ္ဘာလုံးဆိုင်ရာနိုင်ငံများ ကြုံတွေ့နေကြရသည့် ဦးနှောက်ယိုစီးမှု ဖြစ်စဉ်များပင်။ သို့သော် နိုင်ငံတိုင်း ဖြစ်လေ့ရှိသည့် ဦးနှောက်ယိုစီးမှုသည် အချိန်တန်အိမ်ပြန်ကြသည်။ အိမ်ပြန်လျင် အလုပ်အကိုင်ဖန်တီးနိုင်သော ၀န်းကျင်ကောင်းများရှိကြသည်။ ယင်းနိုင်ငံများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ရောက်နေသည့်နိုင်ငံများတွင် နိုင်ငံသားခံယူကာ အမြဲတမ်းနေထိုင်ခွင့်အား စီးပွားရှာရင်းနှီးမြှုပ်နှံလိုမှုမှ တစ်ပါး ပီအာအဖြစ် လက်ခံလိုသူရှားပါးခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် အမြဲတမ်းနေထိုင်ခွင့်ခံယူပြီး နိုင်ငံသားခံယူလိုက်သူ အများစုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်နေ ခြင်းမှာလည်း သာဓကတစ်ခုမျပင်..။

    မည်သို့ပင်ဖြစ်စေ နိုင်ငံခြားသွား ပညာရှာ၊ ပြီးရင် ပြန်လာမှာလား... ပြီးရင်ပီအာလား... ဆိုခြင်းမှာလည်း ထွက်သွားခဲ့သူတစ်ဦးချင်းစီ၏ ခံယူချက်၊ ၄င်းတို့ရင်ဆိုင်ရုန်းကန်ခဲ့ရခြင်း များနှင့် မူတည်သက်ဆိုင်ပေမည်။

    သို့သော်လည်း ပင်ကိုယ်အရည်အသွေး ကိုယ်စီရှိထားပြီး နိုင်ငံသား ချင်းတူ၊ အသက်ရှုပုံချင်းတူညီသည့်တိုင် ပိုမိုပြီး Struggle လုပ်ခဲ့ရသော မြန်မာလူငယ်များအတွက် ရွေးချယ်နိုင်စရာ အခွင့်အလမ်းများ ပွင့်လင်းလာ ဦးမည်ဆိုပါကပြန်လာကြမှာလား...။ ဒါမှမဟုတ် ပီအာပဲလားဆိုတာကတော့ မဝေးတော့တဲ့ အနာဂတ်ရဲ့ အဖြေတစ်ခုပါ..။   

  Written by ယုလွင်စိုး   
ရင်းမြစ်။ ။www.first-11.com       

0 comments:

Post a Comment