Friday, March 26, 2010

လွဲနေပြီ...လွဲနေုပြီ


ရွှေဂျိုး၏ ဂျောက်ဂျက်သံစုံမြည် စက်ဘီးစုတ်ကလေး အရှိန်ပင် မသေသေး၊ ငှက်ဆိုးထိုးသံနှင့် အလားသဏ္ဌာန်တူသော လေအိုး၏ ၀က်ဆိုးအော်သံကို ခပ်လှမ်းလှမ်းမှ စပြီး ကြားရသည်။

လေအိုး ။ ။ ကဲ … ကဲ … ၀င်မလား မ၀င်ဘူးလား၊ ၀င်မလား မ၀င်ဘူးလား ဒါပဲပြော … ဒါပဲပြော။ ဟေ့ … ပိုက်ထွေးရေ ရေနွေးအိုး (အဲ …) လက်ဖက်ရည်နှစ်ခွက် လုပ်စမ်းကွာ။ ဟိုမှာ အသေဆိုးမယ့် ကိုရွှေဂျိုးလည်း လာနေပြီဟေ့။

လေအိုး၏ ၀က်ဆိုးအော်သံကို ရွှေဂျိုးတယောက် ပြန်မပြောအားသေးဘဲ ခနော်နီခနော်နဲ့ စက်ဘီးစုတ်ကလေးအတွက် ဦးစွာနေရာရှာပြီး ဒေါက်ထောက်ရပ်နားလိုက်သည်။ ပြီးမှ …

ရွှေဂျိုး ။ ။ ဘာလဲ ကိုလေအိုး အောင်ပွဲဆင်ဖို့ ထောင်ထဲဝင်ခိုင်းနေတာလားဗျ။ မနက်စောစောစီးစီး ဘာတွေ အော်ဟစ်နေတာလဲဗျာ၊ ကျက်သရေမင်္ဂလာ မရှိလိုက်တာ။

လေအိုး ။ ။ ဘယ့်နဲ့ ကျက်သရေမင်္ဂလာမရှိရမှာလဲ ကိုရွှေဂျိုးရဲ့။ လေအိုးအသံလောက် သာယာနာပျော်ဖွယ်ကောင်းတာ လေအိုးအသံပဲရှိတယ်။ မြန်မာပြည်သိန်းတန်ကတောင် ပြောတယ်။ သူ့အသံ ကောင်းလှပြီထင်နေတာ ကိုလေးအိုးနဲ့ တွေ့မှပဲ စိတ်ဓာတ်အကြီးအကျယ် ပိန်ရတော့တယ်တဲ့။ နောက်ပြီး ဒီဗွီဘီက သီတာတို့ တော်လှန်ရေးပေါ်လစီသီချင်းဆိုဖို့ လေအိုးကို ပရိုပို့စ်လာလုပ်တာလည်း ခင်ဗျား မသိလိုက်ဘူးမဟုတ်လား။ ကျုပ်က မအားမလပ်ဖြစ်လွန်းလှတဲ့ တော်လှန်ရေး ဗာဟီရကိစ္စ၀ိစ္စတွေကြောင့်သာ သီတာလေး ပရိုပို့စ်လုပ်တာကို ငြင်းဆန်လိုက်ရတာဗျ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုးရယ်)

ရွှေဂျိုး ။ ။ အင်းပါဗျာ။ ကိုလေအိုး ငြင်းပယ်လိုက်တာပဲ ကျေးဇူးအထူးတင်ရပါတယ်။ နို့မဟုတ်ရင် ပြည်တွင်းထဲက လူတွေခမျာ သန်းရွှေတို့တီဗွီက နှိပ်စက်လို့ အိပ်ပျက်တာကတမျိုး၊ ဒီဗွီဘီက ကိုလေအိုးရဲ့ ၀က်ဆိုးအော်သံကြောင့် နားမချမ်းသာတာက တမျိုးနဲ့ ဒုက္ခအဖုံဖုံ တွေ့ကြုံနေကြရတဲ့ ပြည်သူတွေခမျာ နူရာဝဲစွဲ လဲရာသူခိုး (အဲ …) လေအိုးထောင်းဘ၀ ရောက်ကြရမှာ။ အခုတော့ ဒုက္ခတဖုံ အေးသွားတာပေါ့ဗျာ ဟား ဟား ဟား။

လေအိုး ။ ။ တော်ပါပြီဗျာ အနုပညာနဲ့ မိုင်ပေါင်းကုဋေ ဝေးကွာနေတဲ့ ကိုရွှေဂျိုးတို့လို လူတွေနဲ့ စကားပြောရတာ လေကုန်ပါတယ်။ ကဲ … ကဲ ၀င်မလား မ၀င်ဘူးလား ဒါပဲပြောတော့။

ရွှေဂျိုး ။ ။ ဟာဗျာ … အရင်းမပါ အဖျားမပါနဲ့ ဘာတွေ အတင်းကြီး ၀င်ခိုင်းနေတာလဲဗျ ကိုလေအိုးရ။ ၀င်တယ်ဆိုတာ အမျိုးမျိုးရှိတဲ့ဥစ္စာ။ ထောင်ထဲဝင်ရမှာလား၊ မီးသင်္ဂြိုဟ်စက်ထဲ ၀င်ရမှာလား၊ ဘယ်အပေါက်ထဲ ၀င်ရမှာလဲ၊ ရှင်းအောင်ပြောမှပေါ့ဗျ။

လေအိုး ။ ။ ကိုရွှေဂျိုးတို့နဲ့လည်း ခက်ပါတယ်ဗျာ၊ သတင်းခေတ်ကြီးမှာ နိစ္စဓူဝ ဟော့ဖြစ်နေတဲ့ အစ်ရှူးတွေနဲ့ ကိုရွှေဂျိုး မျက်ခြည်ပြတ်နေတာကိုးဗျ။ အခု သန်းရွှေတို့လုပ်မယ့် မျက်လှည့်ပွဲ (အဲ …) ရွေးကောက်ပွဲကြီးကို ၀င်မလား မ၀င်ဘူးလားဆိုတဲ့ အစ်ရှူးက အရမ်းကို ဟော့ဖြစ်နေတယ်ဗျ။ အဲဒါ ခင်ဗျား မသိဘူးလား။ သတင်းဆရာတွေ အရမ်းဖွနေကြတဲ့ဥစ္စာဗျာ။

ရွှေဂျိုး ။ ။ ဒါတော့ မသိဘဲ နေမလားဗျာ။ ရွှေဂျိုးလည်း ကိုယ့်တိုင်းပြည်အရေးဆို လက်နှေးတဲ့ကောင် မဟုတ်ဘူးဆိုတာ ကိုလေအိုး အသိပဲ မဟုတ်လားဗျ။ ဟဲ … ဟဲ အဲဒီတော့ ကိုယ့်တိုင်းပြည် ဘာဖြစ်လို့ ဘယ်အခြေစိုက်နေပြီလဲဆိုတာတော့ အမြဲနားစွင့်တာပေါ့ဗျ။ ကဲ … ဒါနဲ့ ပြောပါဦး ဘယ်သူတွေက အမြီးနှန့် (အဲ …) ၀င်ချင်နေပြီး ဘယ်သူတွေက မ၀င်ဘူးတဲ့လဲဗျ။

ထိုစဉ် လက်ဖက်ရည်နှစ်ခွက် လာချပေးသည့် အဖျော်ဆရာလေး ပိုက်ထွေးထံမှ သီချင်းသံက လေအိုးနှင့် ရွှေဂျိုး၏ နားတွေထဲသို့ ကန့်လန့်ဖြတ် ၀င်ရောက်လာသည်။

“ပေါက်နေပြီ ပေါက်နေပြီ xxx ဟေ့ ပေါက်နေပြီ ပေါက်နေပြီ”

လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ဘာတွေ ပေါက်နေတာလဲကွာ၊ လေလည်တာဆိုရင်တော့ ဟိုဝေးဝေးမှာ သွားလည်ကွာ။ ငါတို့ နှာခေါင်းက နုနယ်လွန်းတယ်၊ အဲဒီအနံ့ကို ခံနိုင်ရည်မရှိဘူးကွ။ အဲ … ထီပေါက်တာဆိုရင်တော့ မင့်အစ်ကိုကြီးနှစ်ယောက်ကို ပိုက်ဆံချေးဖို့ မမေ့နဲ့ပေါ့ကွာ ဟုတ်လား ပိုက်ထွေး။

ပိုက်ထွေး ။ ။ ဟား ဟား ဟား အစ်ကိုလေအိုး ပြောလိုက်ရင် အလွဲတွေချည်းပဲ။ ပေါက်နေပြီဆိုတာ အလကားရတဲ့ ဆိုင်နောက်ဖေးချောင်ကလောင်မှာ အစ်ကိုရွှေဂျိုး အမြဲဝင်လုပ်နေကျအလုပ်ကို ပြောတာဗျ ဟား ဟား ဟား။

ရွှေဂျိုး ပါးစပ်မဟမီ ပိုက်ထွေးတယောက် အဖျော်ကောင်တာဆီသို့ သုတ်ခနဲ ပြန်ပြေးသွားသည်။

ရွှေဂျိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ ဒါနောက်စရာကိစ္စ မဟုတ်ဘူး။ ကျန်းမာရေးကွ၊ ကျန်းမာရေး မင်းနားလည်ရဲ့လား။ ရွှေပြွန်က ရေမသွန်လို့ ပိုက်တပ်ပြီးတောင် ကဲ့ထုတ်ရတဲ့သူတွေ ဆေးရုံမှာ မင်းမတွေ့ဖူးဘူးလား။ မင်းကိုယ်တိုင်ဖြစ်မှ အမေလေး အဘလေး တနေရမယ် ပိုက်ထွေး။ လူကြီးကို မနောက်စမ်းနဲ့။ ၀ဋ်လည်မယ်။

ရွှေဂျိုး ပိုက်ထွေးဘက်သို့လှည့်ကာ အတည်ပေါက် ပြောဆိုပြီးနောက် လေအိုးဘက်သို့ ပြန်လှည့်ကာ စကားစကို ပြန်ဆက်လိုက်သည်။

ရွှေဂျိုး ။ ။ ဟိုကောင် ပိုက်ထွေးလုပ်တာနဲ့ ပြောလက်စတွေ မြောင်းထဲကျ (အဲ …) ဘေးရောက်ကုန်ပြီ။ ပြန်ကောက်ချေဦးမှ။ ပြောပါဦးဗျ ကိုလေအိုး၊ ဘယ်သူတွေက ရွေးကောက်ပွဲ ၀င်ချင်နေပြီး ဘယ်သူတွေက မ၀င်ဘူးတဲ့လဲ။

လေအိုး ။ ။ အေးဗျ။ ဘယ်သူတွေ ၀င်ချင်သလဲဆိုတော့ အနှစ် (၂၀) လုံးလုံး အိပ်ရာထဲ အိပ်ချင်ယောင်ဆောင် (အဲ …) ကျန်းမာရေးမကောင်းဘူးဆိုတဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေက ရွေးကောက်ပွဲဥပဒေဆိုတာလည်း ထွက်ရော ပါတီရုံးချုပ်ကို ငေါက်ခနဲ ပေါက်ချလာပြီး မှတ်ပုံတင်ဖို့ ပြောတယ်တဲ့ဗျ။ ဦးအောင်ရွှေ မှတ်ပုံတင်ချင်တာကို ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့က ထောက်ခံတဲ့ အာပုပ်နံ့ (အဲ …) လေသံတွေလည်း လေလှိုင်းတွေမှာ ဆူညံနေတယ်လေဗျာ။ ဒါ သူတို့ ရွေးကောက်ပွဲဝင်ချင်လို့ မဟုတ်လားဗျ။

ရွှေဂျိုး ။ ။ သူတို့ပြောတာက ပါတီရပ်တည်ရေးအတွက် မှတ်ပုံတင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား ကိုလေအိုးရ။

လေအိုး ။ ။ ပါတီရပ်တည်ရေးဆိုရအောင် အနှစ် (၂၀) လုံးလုံး လူထုအတွက် ဘာမှမလုပ်တဲ့ ပါတီကြီး နောက် အနှစ် (၁၀၀) ဆက်ရှိနေတော့ကော ဘာလုပ်ရမှာလဲဗျ။ ဟိုတလောကလည်း ဆရာလူထုစိန်ဝင်း ပြောသွားပြီးပြီ။ တော်တော်ဆိုးတဲ့ လူတွေပါဗျာ။ ‘လုပ်ရမယ့် အလုပ်ကို မလုပ်၊ မလုပ်ရမယ့် အလုပ်ကို လုပ်’ ဆိုတာ သူတို့ပဲ။ ၉၀ တုန်းက မဲပေးထားတဲ့ ပြည်သူတွေရဲ့ မျက်နှာတွေကိုမှမထောက် … တောက် (တောက်တချက်ခေါက်ရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုး ပြုံး)

ရွှေဂျိုး ။ ။ ဒါပေမယ့် ဒေါ်စုနဲ့ ဆရာဦးဝင်းတင်တို့ရဲ့ သဘောထားကတော့ မှတ်ပုံမတင်ရေး မဟုတ်လားဗျ။

လေအိုး ။ ။ အေးပေါ့ဗျာ၊ ပြည်သူကော နိုင်ငံတကာကရော လေးစားအားထားတဲ့ ဒေါ်စုနဲ့ ဦးဝင်းတင်တို့ သဘောထားက ပြတ်သားပေလို့ပေါ့ဗျာ။ နို့မဟုတ်ရင် အန်အယ်လ်ဒီတော့ သန်းရွှေခိုင်းတဲ့အတိုင်း ဆက်လုပ် (အဲ …) ဦးအောင်ရွှေ မိန့်သမျှနဲ့ ဒုက္ခတွေ့နေရတဲ့ အောက်ခြေအဖွဲ့ဝင်တွေ တွေဝေကုန်ကြမှာ။ အခုတော့ ဒေါ်စုနဲ့ ဆရာဦးဝင်းတင် ပြတ်ပြတ်သားသား ပြောချလိုက်တော့ အတွေးအခေါ် မရှုပ်တော့ဘူးဗျာ။

ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး … မတ်လ (၂၉) ရက်နေ့မှာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့် မတင်သင့် မဲခွဲဆုံးဖြတ်ဖို့ စုံညီအစည်းအဝေး ခေါ်ထားတယ်မဟုတ်လားဗျ။

လေအိုး ။ ။ အင်း … ဟုတ်တယ်။ အလွဲတွေပါဗျာ။ မှတ်ပုံတင်သင့် မတင်သင့်ဆိုတဲ့ ကိစ္စကို လူထုကို သြဇာညောင်းတဲ့ ဒေါ်စုနဲ့ ဆရာဦးဝင်းတင်တို့ ကိုယ်တိုင်က မလုပ်သင့်ဘူးလို့ ပြောထားပြီးပြီပဲဗျာ။ ဒါကိုမှ မဲခွဲတဲ့အခါ တင်သင့်တယ်ဆိုတဲ့ဘက်က နိုင်သွားရင်တော့ အန်အယ်လ်ဒီ မြောင်းထဲရောက်ပြီပေါ့။ ပြည်သူ့တံတွေးခွက် ပက်လက်မျောပြီပေါ့။ ဘယ်တတ်နိုင်မလဲဗျာ ၀က်ဆိုရင်တော့ မစင်ကြိုက်မှာပေါ့ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်ဖြင့်အုပ်ကာ လေအိုး ရယ်လေပြန်)

ရွှေဂျိုး ။ ။ ဒါနဲ့ ခုဏက ‘လုပ်ရမယ့် အလုပ်ကို မလုပ်၊ မလုပ်ရမယ့် အလုပ်ကို လုပ်’ ဆိုတာ သူတို့ပဲ … လို့ ကိုလေအိုး ပြောသွားတာ ဘာဆိုလိုတာလဲဗျ။ မရှင်းမရှင်း မလုပ်စမ်းပါနဲ့ဗျာ။ တည့်တည့်ပြောစမ်းပါဗျ။ အခုအချိန်က တကယ့်ကို သေရေးရှင်းရေး ဖြစ်နေပြီ။ လူလည်ကြီး သားသမီးလုပ်ပြီး ဝေ့လည်ကြောင်ပတ် ပြောဆိုနေရမယ့် အချိန်မဟုတ်တော့ဘူးဗျ။ တည့်တည့် ကစ်စမ်းပါ ကိုလေအိုး။

လေအိုး ။ ။ ကဲ … ကိုရွှေဂျိုးက တည့်တည့်ကစ်ဆိုတော့လည်း ကစ်ရတော့မှာပေါ့ဗျာ။ လေအိုးက ဂိုးသွင်းကောင်းတဲ့ ကိုကိုနော့ သိတယ်မဟုတ်လား၊ အဟဲ ဂိုးဝင်သွားရင်တော့ မတတ်နိုင်ဘူးဗျို့။ ဒီလိုပါဗျာ။ ကျုပ်အထင်တော့ အန်အယ်လ်ဒီ အခုအချိန်မှာ လုပ်ရမှာက ပါတီမှတ်ပုံတင်သင့် မတင်သင့် ဆွေးနွေးရမှာ မဟုတ်ဘူးဗျ။ သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်မှာ ၉၀ မန်းဒိတ်နဲ့ အစိုးရအဖွဲ့ ကြေညာမလား မကြေညာဘူးလား တိုက်ပွဲခေါ်ဖို့ အကြိတ်အနယ် ဆွေးနွေးရမယ့် အချိန်ဗျ။ အခုက ဘာတွေ လျှောက်လုပ်နေမှန်းမသိပါဘူးဗျာ။ တော်တော့်ကို လွဲပါတယ်။ အားကိုးတကြီး မဲပေးခဲ့တဲ့ ပြည်သူတွေကတော့ ဒေါကန်လိုက်ကြမယ့်ဖြစ်ခြင်း … ဟင်း ဟင်း ဟင်း။

ရွှေဂျိုး ။ ။ အင်း … ကိုရွှေဂျိုး ပြောမှ တခုသွားသတိရတယ်။ ဟိုဟာဗျာ ဒီမှာ ဖုန်းမော်နေ့အခမ်းအနား လုပ်တုန်းက တက်ရောက်လာတဲ့ အဖွဲ့အစည်းပေါင်းစုံက ဂီးဇောင်ဂျောင်းတွေ၊ တသီးပုဂ္ဂလတွေ အကြိတ်အနယ် ဆွေးနွေးပြီးတော့ အန်အယ်လ်ဒီကို ၉၀ မန်းဒိတ်အရ ပြည်သူ့အစိုးရ အမြန်ဆုံးဖွဲ့စည်းဖို့ တိုက်တွန်းတဲ့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်ဗျ။ အဲဒါကို နောက်တနေ့ ကျင်းပတဲ့ အမ်ပီယူ ရှင်းလင်းပွဲမှာလည်း အမ်ပီယူက ထောက်ခံတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တယ်ဗျ။

လေအိုး ။ ။ အဲဒါ ဘာဖြစ်လဲ ကိုရွှေဂျိုး။ ကောင်းတဲ့ကိစ္စ တိုက်တွန်းတာပဲဟာ။ နောက်ပြီး အခုအချိန်မှာ ဒါပဲလုပ်စရာရှိတော့တာ မဟုတ်လားဗျ။ အနှစ် (၂၀) လုံးလုံး ဘာမှမလုပ်ခဲ့တဲ့ဟာ ဒါလေးတခုတော့ စွန့်လွှတ်အနစ်နာခံပြီး လုပ်ဦးမှပေါ့ဗျာ။ ဒါမှလည်း ပွဲက ပြီးတော့မှာပေါ့ဗျ။ အင်း ဒါပေမယ့် ပွဲမပြီးချင်တဲ့ နိုင်ငံရေးလုပ်စားတချို့ကတော့ ပြောတယ်ဗျ။ အန်အယ်လ်ဒီကို အကျပ်အတည်းဖြစ်အောင် မလုပ်ကြပါနဲ့ အရပ်ကတို့တဲ့။ အော် … အကျပ်အတည်းကို မဖြတ်သန်းချင်ဘဲ အောင်ပွဲဘယ်လိုရအောင် လုပ်မှာလဲလို့ပဲ ဒီမောင် လုပ်စားတွေကို လေအိုး မေးလိုက်ချင်တော့တယ်။ လေအိုးသဘောကတော့ အစိုးရဖွဲ့ဖို့ တိုက်တွန်းပါစေဗျာ ကောင်းတယ်။ တပြည်လုံး တကမ္ဘာလုံး တိုက်တွန်းလေ ကောင်းလေပဲဗျ။

ရွှေဂျိုး ။ ။ ဟာ … ကျုပ်ကြားတာတော့ ဟိုတလောက လုပ်တဲ့ အက်စ်စီအမ် ဆိုတဲ့ ဂီးဇောင်ဂျောင်း တော်တော်များများပါတဲ့ မဟာဗျူဟာညှိနှိုင်းတာဆိုလား ဘာလားဗျာ အဲဒီအစည်းအဝေးမှာ ကိုယ့်ကိုယ်ကိုယ် ဂီးဇောင်ဂျောင်းလို့ တံဆိပ်ကပ်ထားတဲ့ လူတချို့နဲ့ နောက်မြီးဆွဲတချို့က ပြည်သူ့အစိုးရဖွဲ့ဖို့ အမ်ပီယူထောက်ခံတဲ့ ကြေညာချက်ကို ပြန်ရုပ်သိမ်းဖို့ တောင်းဆိုတယ်ဆိုလားဗျ။

လေအိုး ။ ။ အေးပေါ့ဗျာ အန်အယ်လ်ဒီ အစိုးရဖွဲ့လိုက်ရင် တော်လှန်ရေးကြီး ဆုံးခန်းတိုင် အမြစ်ပြတ်သွားမှာ မဟုတ်လားဗျ၊ ကိုရွှေဂျိုးက ဒါကို သဘောမပေါက်ဘဲကိုး ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်အုပ်ပြီး လေအိုး ရယ်နေပြန်၊ ပြီးမှ …) ဒါတွေ ထားလိုက်ပါဗျာ။ သူတို့က စာရင်းထဲရှိတာမှ မဟုတ်တာ။ ဒီအချိန်မှာ အစိုးရဖွဲ့သင့်လို့၊ ဖွဲ့ဖို့ အကောင်းဆုံးအချိန်မို့ ‘ဖွဲ့ပါ ဖွဲ့ပါ ဖွဲ့ကြပါ’ လို့ တိုက်တွန်းရမှာက မဲပေးထားတဲ့ ကျုပ်တို့ပြည်သူတွေရဲ့ သမိုင်းဗျ။ သူတို့ လုပ်စရာရှိတာ၊ လုပ်ရမှာကို မလုပ်တာက စီအာပီပီတို့ အန်အယ်လ်ဒီတို့ရဲ့ သမိုင်းဗျ။ အားလုံး ကိုယ့်သမိုင်း ကိုယ်ရေးကြမှာပေါ့ဗျာ။ အခုအချိန်အထိတော့ လွဲနေကြတုန်းပဲဗျို့၊ ဘယ်တော့များမှ တည့်ကြမလဲမသိ။ အချိန်က သိပ်မရှိ၊ ကဲ … သွားပြီဗျို့။ ပြောရတာ လေကုန်ပါတယ်။ အိမ်ကျမှပဲ မိန်းမနဲ့ ဆက်လွဲ (အဲ …) နှီးနှောဖလှယ်တော့မယ် ဟဲ ဟဲ။

ပြောရင်းဆိုရင်း လေအိုးတယောက် ပိုက်ထွေးဘက်သို့ လှည့်ကာ “ဟေ့ … ပိုက်ထွေး မင်းသီချင်းကို ဒီလိုပြင်ဆို … လွဲနေပြီ လွဲနေပြီ xxx ဟေ့ လွဲနေပြီ လွဲနေပြီ” ဟု အော်ဟစ်ပြီးသကာလ စက်ဘီးနင်းထွက်သွားသကဲ့သို့ ရွှေဂျိုးတယောက်လည်း ပိုက်ထွေးဆီသို့ တချက်လှည့်ကြည့်ကာ အောက်ရေသွန်ရန် ဆိုင်နောက်ဖေးသို့ လှစ်ခနဲ ပြေးဝင်သွားတော့လေသည်တကား။

ရင်းမြစ်။ ။ခေတ်ပြိုင်

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့ ဘန်ကီမွန်း တိုက်တွန်း



မြန်မာစစ်အစိုးရက ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်သူတွေ အားလုံးကို ပါဝင်ခွင့်ပေးဖို့နဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အဖွဲ့ အစည်းအဝေးကို နယူးယောက်မြို့၊ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပပြီးတဲ့နောက် အတွင်းရေးမှူးချုပ်က အဲဒီလို တိုက်တွန်းလိုက်တာပါ။ မြန်မာလူထု တရပ်လုံးအတွက် တည်ငြိမ်မှု၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေ ဖြစ်ပေါ်လာစေဖို့ရာ ရွေးကောက်ပွဲတွေမှာ အားလုံး ပါဝင်နိုင်ဖို့နဲ့ ပွင့်လင်း မြင်သာမှုရှိဖို့ လိုအပ်တယ်ဆိုတာ မြန်မာ့အရေး မိတ်ဆွေနိုင်ငံများ အဖွဲ့က အလေးအနက် ပြောဆိုခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ အမျိုးသား အကျိုးစီးပွားကို ရှေးရှု လုပ်ဆောင်ကြဖို့ သက်ဆိုင်သူ အားလုံးကို ဒီအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
“ရွေးကောက်ပွဲတွေမှာ သက်ဆိုင်သူတွေ အားလုံး လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ရမယ့် အခြေအနေတွေကို အစိုးရက ဖန်တီးပေးရပါမယ်။ ဒီအခြေအနေတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့ ဆိုတာတွေ ပါဝင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောအရ ဆိုရင်တော့ သူ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စကို စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ တနည်းအားဖြင့် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောထားတာပါ။ ဒါပေမယ့်လည်း ပါတီက ဆုံးဖြတ်ချက်ချတဲ့အတိုင်း လိုက်နာမယ်လို့လည်း ဆိုထားပါတယ်။
လက်ရှိ အခြေအနေတွေပေါ်မှာ အခြေခံပြီး၊ သူ့ရဲ့ စစ်မှန်တဲ့ ယုံကြည်မှုပေါ်မှာ အခြေခံပြီး ပြောတာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ လေးစားပါမယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့်မရဘူး ဆိုရင်တော့ ရွေးကောက်ပွဲတွေဟာ လက်ခံနိုင်စရာရှိမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်ပြောသွားခဲ့ပါတယ်။
“နိုင်ငံရေး အကျဉ်းသားတွေ၊ အထူးသဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အပြည့်အ၀ ပါဝင်ခွင့်မရဘူး ဆိုရင် ရွေးကောက်ပွဲတွေဟာ ယုံကြည် လက်ခံနိုင်လောက်တဲ့၊ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲတွေအဖြစ် ယူဆနိုင်မှာ မဟုတ်ဘူးဆိုတာ မြန်မာခေါင်းဆောင်တွေကို ကျနော် ပြောခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်းစဉ်အားလုံး၊ ဖြစ်ပေါ်တိုးတက်မှု အားလုံးကို ကျနော်တို့ ဂရုတစိုက် စောင့်ကြည့်သွားရပါလိမ့်မယ်။”
မြန်မာစစ်အစိုးရက ထုတ်ပြန်ကြေညာထားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ၀န်းကျင် အခြေအနေ တခုလုံးဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် တခုအတွက် လိုအပ်တဲ့ အခြေအနေကို အခုချိန်ထိ အပြည့်အ၀ မရောက်သေးဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
မြန်မာလူထုအတွက် ပိုပြီး ကောင်းမွန်တဲ့ လူနေမှု အဆင့်အတန်း ရလာရေး လုပ်ဆောင်သွားဖို့ လိုအပ်တယ် ဆိုတာကိုလည်း အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့က အလေးအနက် ပြောဆိုခဲ့ကြတယ်လို့ မစ္စတာဘန်က ပြောပါတယ်။ မြန်မာ့မိတ်ဆွေနိုင်ငံများ အဖွဲ့ကို ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလက စတင်ဖွဲ့စည်းခဲ့တာပါ။ ဒီအဖွဲ့ထဲမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ဝင် ASEAN နိုင်ငံတွေလည်း ပါဝင်ပါတယ်။
ဒီအဖွဲ့ရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ အစည်းအဝေး မတိုင်ခင် ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ လက်ရှိ အခြေအနေ အရပ်ရပ်ကို အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး ယာယီ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယာ (Vijay Nambiar) က တင်ပြခဲ့ပါသေးတယ်။
ဧပြီလကျရင် ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပဖို့ရှိတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်းမှာလည်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စဟာ အဓိက ဆွေးနွေးမယ့် အကြောင်းအရာတခု ဖြစ်လိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံထုတ်၊ ဂျကာတာပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။ အာဆီယံ ထိပ်သီး အစည်းအဝေးကို ဧပြီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဂျကာတာပို့စ် သတင်းအရ ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက မြန်မာစစ်အစိုးရကို စည်းရုံး နားချကြဖို့ ရှိပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင် တန် ဒန်း (Nguyen Tan Dung) ဟာ ဧပြီလအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးမယ်လို့ ခန့်မှန်းရကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလ်ဂါဝါ (Marty Natalegawa) ဟာလည်း မတ်လ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပြီး ရွေးကောက်ပွဲ ဥပဒေတွေနဲ့ သက်ရောက်မှုတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-26-voa1.cfm?rss=topstories