Saturday, June 4, 2011

နောက်ဆုံးတော့လဲ သူကပိုဆိုးသေး(အင်တာနက် ဆိုင် အချို့ ပိတ်သိမ်းရန် စဉ်းစား)

news
ရန်ကုန်မြို့တော် အခြေစိုက် အင်တာနက် ကဖေး အချို့ ပိတ်သိမ်းရန် စဉ်းစား လာရကြောင်း ရန်ကုန် မြို့လယ်ရှိ အင်တာနက် ကဖေး လုပ်ငန်းအချို့ထံမှ စုံစမ်း သိရှိရသည်။
“ဂိမ်းဆိုင်သက်သက် ပြောင်းဖွင့်မယ်"ဟု ကျောက်တံတား မြို့နယ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာ ဂိမ်းဆိုင် တွဲဖက် ဖွင့်လှစ်ထားသည် အသက် ၄၀ ဝန်းကျင် အမျိုးသား တစ်ဦးက ဆိုသည်။
အဆိုပါ စည်းကမ်းချက်များကို မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင် ထုတ်ပြန် ခဲ့ဖူးသော အချက်များကို စုပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (ဆညန) နှင့် အင်တာနက် ဆိုင်များထံမှ စုံစမ်း သိရှိရ သည်။
မေလ ဒုတိယပတ် အတွင်း ဆညန ရုံး၌ PAC သက်တမ်းတိုး လာရောက် လျှောက်ထားသည့် အလုံ မြို့နယ်ရှိ အင်တာနက်ဆိုင်ရှင် အမျိုးသား တစ်ဦးက "သက်တမ်းတိုးဖို့ လာတာပါ။ PAC လိုင်စင် အ တွက်ပါ။ စည်းကမ်းချက် ၁၂ ချက်က ဒီစာရွက်နောက်မှာ ပါပါတယ်။ ဘာမှတော့ မပြောသေးပါဘူး" ဟု ပြောဆိုသည်။
အင်တာနက်ဆိုင်များသို့ လာရောက် သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင် နံပါတ်၊ နိုင်ငံခြားသား ဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ရယူထားရန် အချက် အပါအဝင် အင်တာနက်ကဖေး (PAC) များ လိုက်နာရန် စည်းကမ်းချက် ၁၂ ချက် ထပ်မံ ထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည် ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက PAC များကို အသိပေး ကြေညာသွားသည်။ ယင်းမှတ်တမ်းကို တစ်လတစ်ကြိမ် ပေးပို့ရမည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးမှ တရားဝင် ခွင့်ပြုထားခြင်း မရှိသော ဆော့ဖ်ဝဲများ၊ ပရိုဂရမ်များ မသုံးစွဲရန်လည်း ညွှန်ကြားထားပြီး ကွန်ပျူတာများတွင် Drive များနှင့် USB Port များ မတပ်ရန်လည်း ညွှန်ကြားထားကြောင်း PAC များသို့ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခွင့် ရှိကြောင်းလည်း အသိပေး ဖော်ပြထားသည်။
Drive များကို မူလကတည်းကပင် တပ်ဆင်ထားခြင်း မရှိဘဲ စီဒီခုတ်ချင်ပါက Server Computer ဖြင့်ပင် ခုတ်ပေးကြောင်း၊ သို့သော် မှတ်ပုံတင် နံပါတ်နှင့် လူနာမည် ရယူထားရန် အခက်အခဲ ရှိကြောင်း ယုဇနဥယျာဉ် မြို့တော်တွင် ဖွင့်လှစ်ထားသည့် အင်တာနက်ကဖေး လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “ဒီအတိုင်းဆို လူ ဘယ် ဝင်ပါတော့မလဲ”ဟု ၎င်းက ဆိုသည်။ IT ကုမ္ပဏီ တစ်ခု၏ အသက် ၃၀ ကျော် အမျိုးသား ဒါရိုက်တာ တစ်ဦးကလည်း “တချို့က အွန်လိုင်းကနေ လူကုန်ကူးတာ မျိုးတွေရှိလို့ ပိတ်ချင် တာ ဖြစ်မှာပါ” ဟု သုံးသပ်၍ ပြောကြား သည်။
ရန်ကုန် ဆညနရုံးမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးကမူ “ဥပဒေက ထုတ်ပြီးသားပဲ၊ လိုက်နာရမှာပေါ့” ဟု ဆိုသည်။ အချို့ စည်းကမ်းချက်များမှာ ခေတ်စနစ်၏ လိုအပ်ချက်နှင့် မကိုက်ညီ ပါက ပြောင်းရန် လိုအပ်ကြောင်းနှင့် အဆိုပါ PAX ဆိုင်များ ဖွင့်လှစ်ခွင့် ချပေးရသည့် ရည်ရွယ်ချက်မှာ ကွန်ပျူတာ နည်းပညာ ဖွံ့ဖြိုးရေး ဥပဒေပုဒ်မ ၃၀ ကြောင့် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုကြသည်။ အဆိုပါ စည်းကမ်းချက်များအား PAC လုပ်ငန်း လုပ်ကိုင်ခွင့် ရှိသူများကို မြန်မာအင်ဖိုတက်ခ် (MIT) တွင် လျှောက်ထားရာမှ ယခုနှစ် သင်္ကြန်အပြီးတွင် ဆညနသို့ လွှဲပြောင်းလိုက်ပြီးနောက် ထုတ်ပြန်လာခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော်ရှိ ဆညန ရုံးထံမှ စုံစမ်း သိရှိရသည်။
ယင်းသို့ စည်းကမ်းချက် အသစ်များ ထုတ်ပြန်လိုက်ခြင်းကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ကန့်ကွက် ထားကြောင်းလည်း Online သတင်းများအရ သိရှိရသည်။ အဆိုပါ စည်းကမ်းချက် အသစ်များ မထုတ်ပြန်မီကလည်း CCTV များ တပ်ဆင်ရန်နှင့် အင်တာနက်ဖုန်းများ မသုံးရန် ညွှန်ကြားချက်များလည်း ထုတ်ပြန်ခဲ့ သည်။ ရန်ကုန်မြို့ တော် တွင် PAC ပေါင်း ၅၀၀ ကျော် ရှိကြောင်း Myanmar Info-Tech ကော်ပိုရေးရှင်းမှ စုံစမ်း သိရှိရသည်။
sources: :http://www.yoyarlay.com/localnews/local-news/lower-myanmar/7791-2011-06-03-08-58-49