Monday, February 15, 2010

ဗိုလ်ချုပ်ကို သတိရပါ

(၁)

“ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ် မွေးနေ့ပါ” ဆိုသည့် ဘယ်သူရေးမှန်း မသိသော ကဗျာကို တတိယတန်းတွင် ကျက်ခဲ့ရ သော်လည်း ထိုနေ့သည် ကလေးများနေ့ဟု ထူးတထွေ ကျင်းပသည်ကို ငယ်စဉ် တောင်ကျေးက ဘာမှ မတွေ့ခဲ့ဘူး၊ မကြားဘူးခဲ့ရိုး အမှန်ပါ။

အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို ဤသို့တွေ့ရသည်

အရာရာတွင် အကြီးအမှူးကို ဦးညွှတ်ရသည့် လူကြီးဝါဒ တိုင်းပြည်တွင် ကလေးများ၊ မိန်းမများ၊ တိုင်းရင်းသားများ နိုင်ငံခြားသား စသည့် ဝေါဟာရများမှာ အလုပ်သမား၊ လယ်သမားနှင့် တပ်မတော် စသည့် ဆိုရှယ်လစ် ဒီမိုကရေစီ၏ အဓိက မဏ္ဍိုင် များလောက် ဂုဏ်မမြောက် သလို အောက်မေ့ ခဲ့မိသည်။

ကလေးတွေကို ဗိုလ်ချုပ်လို အာဇာနည် သူရဲကောင်းတွေကို အားကျ တတ်စေရန် ထိုနေ့ကို ကလေးများနေ့ဟု ရွေးချယ် ခဲ့သော်လည်း အာဇာနည် ဆိုလျှင် ဒုက္ခနိဂုံးနှင့်သာ အဆုံးသတ်သည့် တိုင်းပြည် ကြမ္မာက ကလေးတွေကို အကြောက်တရား ရိုက်သွင်းပေးနေ သလို ရှိလှသည်။

သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးအောင်ဆန်း သုံးမည်ရ ပုဂ္ဂိုလ်ကြီးကို မျိုးဆက်သစ်တွေ မေ့ကုန်ပြီဟု နိုင်ငံရေး စိတ်သန်သူများက မချင့်မရဲ ဖြစ်တတ်ကြသည်။ အမှန်တော့ ဗိုလ်ချုပ်ကို မေ့ကြသည်မှာ ယခုကာလမှ မဟုတ်၊ လွတ်လပ်ရေးရစ နိုင်ငံရေးခေတ် ကတည်းကဟု ဆိုရလိမ့်မည်။

ဗိုလ်ချုပ် … ဗိုလ်ချုပ် … ဒေါ်စု … ဒေါ်စု ... ဆိုသည့် အသံတွေကို ကြားရတိုင်း ၁၉၆၀ ကျော် ရှုမဝ မဂ္ဂဇင်းဟောင်း တအုပ်ထဲက သခင်ဘသောင်း လက်ရာ ပြဇာတ်တိုကလေးတပုဒ်ကို သတိရမိပြီး ပြုံးရတတ်သည်။ စားပွဲပေါ်တွင် “ဗိုလ်ချုပ်ကို သတိရပါ” ဆိုသည့် စာကိုတွေ့ပြီး လုပ်ကြံခံရမှာစိုး၍ အကြောက်လွန်သွားသည့် ဝန်ကြီးတယောက် အကြောင်း ဖြစ်ပါသည်။

တို့ဗမာအစည်းအရုံးကို တည်ထောင်ခဲ့သဖြင့် သခင်တို့ကို ဖန်ဆင်းသည့် ဘုရားသခင်ဟု ဆရာကြီးမှိုင်းက ကျီစယ်ခဲ့သည့် သခင်ဘသောင်းမှာ လက်ယာအစွန်းရောက် အမျိုးသားရေးဝါဒီပီပီ နု၊ အောင်ဆန်း၊ စိုး၊ သန်းထွန်းစသည့် နဂါးနီ စာပေကလပ်၏ ပင်မ ဝိုင်းတော်သားများနှင့် တယ်ပြီး အလွမ်းမသင့်လှပါ။ ထို့ကြောင့် တိုင်းပြည်ဖခင် အာဇာနည် အဖြစ် ဖဆပလ၊ ပထစ စသည့် နိုင်ငံရေး သမားများနှင့် စစ်တပ်ကပါ ပလ္လင်ဆောက်ကာ ဂုဏ်မြောက်ပြီး နိုင်ငံရေး အမြတ်ထုတ်ကြသည်ကို သရော်လိုဟန် ရှိပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်က တိုင်းပြည်အတွက် ဘာတွေ ချန်ခဲ့ပြီး မြန်မာပြည်သူတွေက သူ့ကို ဘယ်လိုအမှတ်ရကြသလဲ ဆိုသည်ကို သူ အနှစ်တရာ မပြည့်ခင် ခုကတည်းက ဝေဖန်သော စိတ်ဖြင့် ကြိုစဉ်းစားသင့်လှသည်။ သို့မဟုတ်ပါက မြန်မာထုံးစံ ချစ်လျှင် အကျိုး မြတ်နိုးသဒ္ဓါဆိုသလို အလွန်အကျွံ ချစ်ပြနေကြသဖြင့် နတ်ကိုးကွယ်သည့်နှယ် မျက်စိမှိတ်ယုံကြည်မှုမျိုး ပေါ်လာသလို တဘက်တွင်လည်း စတာလင်ပုံစံ ယုတ္တိမဲ့ဝါဒဖြန့်မှုမျိုးကို အယုံအကြည်မဲ့ပြီး စိတ်ဝင်စားမှု ကုန်ခမ်းသွားသည့် အစွန်းက ရှိနေသည်။

(၂)

ဗိုလ်ချုပ်ထားခဲ့သည့် အမွေထဲတွင် အခိုင်မာဆုံး သက်သေက ပြည်ထောင်စုမြန်မာနိုင်ငံ (ဝါ) ဘားမား ဆိုသည့် တိုင်းပြည် ဖြစ်ပါသည်။ ထို့ပြင် ကျောင်းသားနှင့် စစ်ဗိုလ်ဆိုသည့် ကမ္ဘာမကြေ၊ ငါမကြေ နိုင်ငံရေးသမား နှစ်မျိုးကိုလည်း ထားရစ်ခဲ့ ပါသေးသည်။ ဗိုလ်ချုပ်သမီး စုစုခေါ် ဒေါ်အောင်ဆန်းစုကြည်မှာ တွမ်နှင့် ဂျယ်ရီရန်ပွဲကို ဝင်ဖျဉ်ရင်း (ဝါ) လှေကွဲကြီးကို ဆယ်ရင်းနစ်သည့် မေခလာ ဖြစ်နေတော့သည်။

မဏ္ဍလအုပ်ချုပ်ရေးခေါ် မင်းနေပြည်မှ ဝေးရာတွင် အာဏာစက် လျော့သွားတတ်သည့် ပဒေသရာဇ် တိုင်းပြည်တခုနှင့် နီးပါး ဝန်းကျင်က တောင်ပေါ် လူမျိုးစုတို့ကို စီးပွားရေးအမြတ်အတွက် အကြောင်းရှာ ကျွန်ပြုရာတွင် ဘားမားခေါ် အိန္ဒိယနှင့် ဗြိတိသျှ အင်ပါယာဝင် ဆန်နှင့်သစ် တင်ပို့ရာ ကိုလိုနီတခုပေါ်လာပါသည်။ ၎င်းကိုလည်း တိုက်ရိုက်အုပ်ချုပ်ရေး ကျင့်သုံးရာ ပြည်မနှင့် စော်ဘွားဒူးဝါး၊ တောင်အုပ်တို့မှတဆင့် အခွန်ကောက်စရာ နယ်ခြားဒေသဟု ခွဲခြားထားလိုက်ရာ နှစ် ၆၀ ကျော် ထိုအကွဲကြီးကို လပိုင်းအတွင်း ရအောင်စေ့စပ်ပြီး ပြည်ထောင်စု အုပ်ချုပ်ရေးကို ထူထောင်ရန် ငန်းသတ်ပေးခဲ့သူကို ပြည်ထောင်စု ဗိသုကာ ခေါ်သည်ထက် ပန္နက်ချသူဟုသာ သုံးစွဲသင့်ပါသည်။

အကြောင်းမတော့ ထိုဘလူးပရင့်ကောင်းသည့် ပြည်ထောင်စု တိုက်အိမ်ကြီးမှာ မဆောက်တတ်သည့် တောပန်းရံတို့ လက်ထဲဝယ် စစ်ဘားတိုက်ကြီး ဖြစ်သွားခဲ့ပါ၏။ သို့တစေ၊ အမျိုးသားရေး မာန်တက်နေကြသည့် စစ်ပြီးစ လက်နက်အလျှံအပယ်နှင့် လူမျိုး အစုံကို သူ့သြဇာ၊ စေတနာနှင့် စကားနည်း၊ ရန်စဲ လွတ်လပ်ရေးမြန်မြန်နှင့် အတူတူရကြအောင် စည်းရုံးသွားခဲ့သည့် ကျေးဇူးကား ကြီးပါသည်။

ဦးအောင်ဆန်း၏ နိုင်ငံရေးကဏ္ဍတွင် ၁၉၃၆ သပိတ်မှောက်ခေါင်းဆောင်၊ ကောလိပ်ကျောင်းထွက် ဒို့ဗမာ အစည်းအရုံး ခေါင်းဆောင် ဆိုသည့် ဂုဏ်ပုဒ်နှင့် ရဲဘော်သုံးကျိပ် ခေါင်းဆောင် တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဆိုသည့် ဝိသေသနှစ်ခုက လက်လက်ပနေ၏။

ဥပဒေတွင်း တိုက်ပွဲနှင့် လက်နက်ကို အချိန်အခါအလိုက် အသုံးချခဲ့သော်လည်း သူ့ကို ဆက်ခံသည့် နိုင်ငံရေး မျိုးဆက်များ လက်ထက်တွင် ဤအင်အားစု နှစ်ခုမှာ ပတ်တုပ်မရအောင် အကွဲကြီးကွဲပြီး လွဲချက်ကနာလှပေသည်။ ပြည်တွင်းစစ်ဖြစ်စ တပ်မတော်မချဲ့ထွင် ရသေးခင်က စစ်ဘက်နှင့် အာဏာရနိုင်ငံရေးလောကမှာ တပူးတွဲတွဲ ရှိလှသော်လည်း နောက် ဆယ်နှစ် အတွင်းမှာပင် ထိုနိုင်ငံရေးသမား အများစု ထောင်ထဲရောက်သွားခဲ့သည်။

ဆဲဗင်းဂျူလိုင်ခေတ်မှစ၍ အဆက်ဆက်သော ကျောင်းသား မျိုးဆက်များမှာ တပ်မတော်၏ တိုင်းပြည်သစ်ကို အဖျက်အမှောင့် လုပ်မည့် နိုင်ငံရေး အလှေးအမွှားများအဖြစ် အငြိုးကြီးနှင့် ချေမှုန်းခံရလေသည်။ ကွန်မြူနစ်တစ္ဆေနှင့် တရုတ်နီခြောက်အိပ်မက်၊ ပြီးတော့ နယ်ချဲ့လက်သစ် အန္တရာယ်စသဖြင့် ခေါင်းတပ်စရာ အကြောင်းပြများက ကောင်းလှသည် မဟုတ်ပါလား။

ဖိနှိပ်သူရော အဖိနှိပ်ခံကပါ ဗိုလ်ချုပ်အမွေခံ မြန်မာပြည်ကို ကယ်တင်မည့် မျိုးချစ်များအဖြစ် ကိုယ့်ကိုယ်ကိုယ် ရှုမြင် သိဒ္ဓိတင်ကာ အပြန်အလှန် အခဲမကျေဘဲ လောင်စာရန်ငြိုး မီးဆက်ကာ ပျိုးကြတော့သည်။ တဖန် ၁၉၈၈ အရေးအခင်းတွင် တပ်မတော် ဖခင်ကြီး၏သား ဗိုလ်ချုပ်ကြီးများ၏ အဓမ္မ အင်အားသုံးဖိနှိပ်မှုကို ဖခင်ကြီးသမီးက ဝေဖန်ရှုတ်ချကာ လက်နက်မဲ့ ကျောင်းသား ပြည်သူများဘက်က ရပ်တည်သည့်အခါ အနှစ် လေးဆယ်ကြာ ဖန်တီးထားရသည့် “ဆိုရှယ်လစ် မုခ်ဦးဆီသို့ ချီနေသော အောင်ဆန်း တိုင်းပြည်” ဆိုသည့် ဝါဒဖြန့် ပူစီပေါင်းများ တဖောင်းဖောင်း ပေါက်ကွဲပြီး လူမျိုးရေးမုန်းတီးမှုပေါ် အခြေပြုသည့် စစ်ဝါဒီနိုင်ငံတော်ပုံရိပ်က မလှမပပေါ်လာခဲ့သည်။

စင်စစ် ဗိုလ်ချုပ်၏ ဆိုရှယ်လစ်လမ်းစဉ်ကို ချီတက်မည်ဟု ဖဆပလရော မဆလပါ ကြွေးကြော်ခဲ့သော်ငြား တဖွဲ့မှ အပြောနှင့်အလုပ် မညီလှပါ။ တတိယကမ္ဘာထုံးစံ မြန်မာအစိုးရအဆက်ဆက်မှာ ဒိုင်အာခီမှသည် နေပြည်တော်ခေတ်အထိ အကျင့်ပျက်ခြစား၊ ကိုယ်ကျိုးငဲ့ လူယုံမွေးသည့် ပဒေသရာဇ်ပုံစံမှ မထွက်နိုင်သေး။

ပြည်တွင်းစစ် အပြုတ်တိုက်ရေးဘက် မဲနေရသဖြင့် တိုင်းပြည် မဖွံ့ဖြိုးနိုင်ခြင်းအတွက် လူထုထောက်ခံမှု မလျော့စေရေးအလို့ငှာ ဗိုလ်ချုပ်လမ်းစဉ်ကို လိုက်နာနေပါသည်ဟု တွင်တွင်ကြီးပြောပေး၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း ပျဉ်းမနား လမ်း တနေရာတွင် ရိုက်ထားသောပုံကို ထုတ်ထုတ်ပြပေး ရသည်ကို မဆလခေတ်မီသူများ မှတ်မိပါလိမ့်မည်။

တခါတခါလည်း အနှစ် ၆၀ ကျော် နိုင်ငံရေးမတည်ငြိမ်မှုနှင့် နောက်ဆက်တွဲ လူမှုစီးပွား နိမ့်ကျမှုအစ ပယောဂအဖြစ် ဘယ်အခါမှ မညီခဲ့သော လက်ဝဲအုပ်စုများနှင့်တကွ တိုင်းပြည်ပြုလွှတ်တော်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အတည်ပြုဖို့ လက်ညှိုး ထောင်တတ်သူပဲ လိုချင်တယ်ဆိုပြီး အသက် ၂၀ ကျော် စစ်ပြန် ရဲဘော် အမတ်ကလေးများ (အများစု တောခိုသွား) ကို ဆွဲသွင်းခဲ့သော ဗိုလ်ချုပ်ဟောင်း ဦးအောင်ဆန်းကိုပဲ အပြစ်ဆိုရမလား၊ သူနှင့်လက်တွဲလုပ်ဖို့ ဆန္ဒမရှိကြသည့် ကိုလိုနီ သခင်ကြီးများကို သံယောဇဉ်မပြတ်နိုင်သော စစ်မတိုင်ခင်က အာဏာရ ဘိလပ်ပြန် လက်ယာ ပညာတတ်နိုင်ငံရေးသမားများကိုပဲ လက်ညှိုးထိုးရမည်လား မသိတော့ပါ။

အနိုင်နိုင်ငံမှ သူနှင့်ခေတ်ပြိုင် ဆိုရှယ်လစ် ခေါင်းဆောင်ဗိုလ်ချုပ်များနှင့် နှိုင်းယှဉ်ကြည့်ပြီး သူသာမကျဆုံးခဲ့ပါက ယခုလောက် ဂန္ထဝင် တွင်ပါ့မလားဟု သံသယ ပွားမိပြန်သေးသည်။ ဦးနုနှင့် ဗိုလ်ချုပ်ကြီးနေဝင်းမှာ သူ့လောက် အရည်အချင်းမရှိ ပေါ်ပြူလာ မဖြစ်ခဲ့သော်ငြား ဗိုလ်ချုပ်အောင်ဆန်း ဆိုလျှင်ကော စစ်အေးအရှိန်တက်ချိန် ဝဲ၊ ယာအင်အားကြီးများ ဝိုင်းဘေးတီးပေးကြသော ကွန်မြူနစ်နှင့် လူမျိုးစုလက်နက်ကိုင် လှုပ်ရှားမှုတွေ ပေါ်မလာအောင် နိုင်ငံရေးနည်းနှင့် တားဆီးနိုင်ပါမည်လား။

သူ့လိုပင် အမျိုးသားခေါင်းဆောင်ဖြစ်သော အင်ဒိုနီးရှားဖခင် ဆူကာနိုမှာ ကွန်မြူနစ်နှင့် စစ်တပ်ဆိုသည့် ဗာလီနှင့် သုကျိပ် တို့အကြား (တရုတ်နီနှင့် အမေရိကန်သြဇာခံ အင်အားစုများအလယ်) ဟန်ချက်ပျက်ပြီး နန်းကျခဲ့ရသည်။ စစ်ကြီးအတွင်းက နာမည်ကျော် ပြောက်ကျားခေါင်းဆောင် မာရှယ်တီးတိုး မရှိသည့်နောက် မြန်မာစစ်တပ်၏ စံနမူ ယူဂိုတို့ပြည် မည်သို့ ပြိုလဲ ခဲ့သည်ကို ဋီကာချဲ့စရာမလိုတော့။

အာရပ် ဆိုရှယ်လစ်ဝါဒီ နာဆာ၏ အီဂျစ်ပြည်တွင်လည်း ၁၉၆၇ က ထုတ်ထားသည့် အရေးပေါ်ဥပဒေကို ဆက်ကာ ဆက်ကာ သက်တမ်းတိုး နေဆဲ၊ သက်တော်ရှည် မူဘာရက်၏ ရွေးကောက်ခံ အာဏာရှင်စနစ်က သူ့သားလက် အာဏာလွှဲမသွားအောင် တိုက်ပွဲဝင်နေရဆဲ။

ဘက်မလိုက် ဆိုရှယ်လစ် ဗိုလ်ချုပ်ကြီးများသည် ရင့်ကျက်သော နိုင်ငံရေး ယဉ်ကျေးမှုဖော်ဆောင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးတို့တွင် အမေရိကန်ဒေါ်လာတွေ ဖောဖောသုံးနိုင်သော ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့က အာဏာရှင်များလောက် အစွမ်းအစမရှိဟု ပြောလျှင် ခံရမည်မှာ မလွဲ။

(၃)

မြန်မာတို့၏ တော်လှန်ရေး အသွင်ဆောင်သည့် အမျိုးသားလှုပ်ရှားမှု လက္ခဏာမှာ ကိုလိုနီခေတ်မှ ယနေ့တိုင်အောင် အဓွန့်ရှည်ခဲ့ပြီး အုပ်ချုပ်သူလူတန်းစားနှင့် ပြည်သူလူထုမှာ ဘယ်အခါမှ စေ့စပ်ပြေငြိမ်းမှုကို မရခဲ့သေးပါ။ အမှန်တော့ စစ်ဖြစ်စကနေ လွတ်လပ်ရေးရခါနီး ၆ နှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ အောင်မြင်သော နိုင်ငံရေးဦးဆောင်မှု ကဏ္ဍကို လွတ်လပ်ရေးအလွန် ပြိုကွဲကျဆုံးမှုများ၏ လက်သည် အစိုးရအဆက်ဆက်နှင့် ယှဉ်ပြီး လူထုက လွမ်းမပြေဖြစ်ကြသည်။

ထို့နောက် အနှစ် ၂၀ ကြန့်ကြာနေသော ဗိုလ်ချုပ်သမီး၏ နိုင်ငံရေး စီမံပိုင်ခွင့်ကို မင်းလောင်းမျှော် မျှော်ကြသည်ဟု အောက်မေ့ပါသည်။ ဤအညှာကို နောကျေသည့် အတိုက်အခံ ရေနည်းငါးများက ဗိုလ်ချုပ်နှင့်ဒေါ်စု အရေးတော်ပုံနိပါတ်စုံကို အခါခါကျော့ပြရုံသာပြပြီး လူထုနှင့် တိုက်ရိုက်သက်ဆိုင်သော နိုင်ငံရေး လမ်းကြောင်းကို ချမပြနိုင်သည့်အခါမှ စ၍ “ဗိုလ်ချုပ်ကိုတော့ မေ့ပါပြီ” ဆိုသော အမြင်များ ပေါ်လာသည်ဟု မြင်ပါ၏။

တကယ်တမ်းသာဖြင့် ဘားမားရွှေပြည်တွင် လူမွဲတွေ ထမင်းငတ်နေသေးသရွေ့ ညီမျှလွတ်လပ်သော နိုင်ငံရေး၊ စီးပွားရေး စပေ့စ် ဆိုသည်များ လူတိုင်းအတွက် ပေါ်မလာသေးသရွေ့၊ နယ်ပယ်စုံတွင် ဗိုလ်ချုပ်လို လူမျိုးတွေ များများကြီး ထပ်ထွက်လာဖို့ ပြည်သူတွေက ဆုတောင်းနေကြရပါဦးမည်။

ဗိုလ်ချုပ်၏ သားဦး တပ်မတော်ကလည်း တပ်နှင့်နိုင်ငံရေးခွဲခြားခဲ့သည့် ဗိုလ်ချုပ်စံနမူကို လိုက်နာနိုင်ပြီး ဗိုလ်ချုပ်ကိုယ်ပွား လူငယ်မျိုးဆက်များကလည်း နိုင်ငံ့အရေး ကိုယ့်အရေးမှတ်သည့် ပညာတတ် လူ့အဖိုးတန်များအဖြစ် တိုင်းပြည်ကို လမ်းကြောင်း မှန်ပေါ် ပြန်တည့်မတ်ပေးခြင်းဖြင့် ဗိုလ်ချုပ်ကို တကယ်ချစ်ကြောင်း ပြနိုင်ကြပါစေ။

စာရေးသူသည် ဧရာဝတီတွင် ပုံမှန်ရေးသားနေသော ပြင်ပဆောင်းပါးရှင် တဦးဖြစ်သည်။
Monday, 15 February 2010 19:31 ဘိုဘိုလန်းစင်
မူရင်း ။ ။ ဧရာဝတီ

ဦးတင်ဦး ပြန်လည်လှုပ်ရှားပြီ

စနေနေ့က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦးသည် မူလလုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် အဖွဲ့ချုပ်ရုံးသို့ ယနေ့ ရောက်ရှိလာသည်။

NLD ရုံးသို့ ယနေ့ ရောက်လာသော ဦးတင်ဦး (ဓာတ်ပုံ - AP)

နံနက် ၁၁ နာရီတွင် ဗဟန်း မြို့နယ်ရှိ NLD ရုံးသို့ ရောက်လာသော ဦးတင်ဦးကို အဖွဲ့ဝင် ၁၀၀ ကျော်က “ဘဘ ဦးတင်ဦး ကျန်းမာပါစေ” ဟု ကြွေးကြော်ကာ ပန်းကုံးစွပ်ပြီး ကြိုဆိုကြသည်။

ဦးတင်ဦး ရုံးတက်မည် ဆိုသော သတင်း ရသဖြင့် NLD ရုံးသို့ သံတမန်များ၊ သတင်းထောက်များ ရောက်လာ သည်ကို တွေ့ရသည်။ ကျန်းမာရေး ချွတ်ယွင်းနေသော ဦးလွန်းတင်လည်း ရောက်ရှိလာသည်။

ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက် လာသော ဦးတင်ဦးကို လွန်ခဲ့သည့် ၇ နှစ်ခန့်က ကဲ့သို့ပင် အားမာန် အပြည့်ဖြင့် NLD ရုံးတွင် ပြန်လည် တွေ့မြင်ရခြင်း ဖြစ်သည်။

“ရှေ့ကို အောင်မြင်အောင် ဆောင်ရွက်ပါမယ့်၊ ဒီမိုကရေစီ အင်အားစုများကလည်း ၀ိုင်းဝန်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောဆိုချင်ပါတယ်” ဟု ဦးတင်ဦးက ဆိုသည်။

ဦးတင်ဦးသည် သူ၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် မကြာခဏ ထိန်းသိမ်းခံရသူ ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် သူနှင့်အတူ တရက်တည်း ထိန်းသိမ်းခံခဲ့ရသည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည် လွတ်မြောက်လာတော့မည်ဟု ယူဆကြောင်း သူက ပြောသည်။

“အစဉ်အလာ အားဖြင့်တော့ ကျနော် လွတ်ပြီးပြီဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်း ဆက်လွတ်လာတာပါပဲ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကလည်း ကောင်းမွန်စွာ နေထိုင်ရင် လွတ်ပေးမယ်ဆိုတဲ့ ကတိ ရှိတာပါပဲ” ဟု ဦးတင်ဦးက ပြောသည်။

ထိန်းသိမ်းခံနေရသည့် ကာလတလျှောက်လုံး ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င် အားလုံးကို ထိန်းသိမ်းထားရာမှ လွတ်မြောက်စေရန် ဘုရားရှိခိုးပြီးတိုင်း အာရုံပြု ဆုတောင်းပေးသည်ဟု ဆိုသည်။ အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်တနေ့တွင် ဦးတင်ဦးသည် ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့သည်။

“ရုံးကို ရောက်တဲ့ အခါမှာ အခက်အခဲ အတိုက်အခိုက်တွေကြားထဲက သက်စွန့် ဆံဖျား ဆောင်ရွက်နေရတာကို ကြားရ၊ သိရတဲ့ အတွက်၊ ၈၈ ကျောင်းသား ခေါင်းဆောင်တွေနဲ့ အခြား နိုင်ငံရေး လုပ်ဆောင်သူတွေကို ထောင်ဒဏ် နှစ်ရှည်လများ ချထားတာ ကြားရ သိရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရတယ်” ဟု ဦးတင်ဦးက ပြောသည်။

NLD ပြန်ကြားရေး အဖွဲဝင် ဦးအုန်းကြိုင်က “ဦးတင်ဦးဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မလာခင် အဖွဲ့ချုပ်ကို ထိထိရောက်ရောက် ဦးဆောင်မှု ပေးမယ့် သူတယောက်ပဲ၊ ပြန်လည်ထမ်းဆောင်တဲ့ အတွက် ပါတီဝင်တွေကရော ပြည်သူလူထုကရော အရမ်း အားတက်ကြမှာပါ” ဟု ဆိုသည်။

NLDလူငယ်တဦးဖြစ်သူ ကိုရာဇာက “ပျော်တာပေါ့၊ အားကိုးပြန်ရလာတာပေါ့၊ ပိုပြီးတော့ အားရှိလာတာပေါ့၊ လုပ်ချင် ကိုင်ချင်စိတ်လည်း ရှိလာတာပေါ့၊ လူငယ်တွေ အတွက်လည်း သူ အမြဲတမ်း စဉ်းစားလေ့ရှိတယ်” ဟု ပြောသည်။

ဦးတင်ဦးသည် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ဆွေးနွေးပြီး ညနေ ၃နာရီတွင် ပြန်လည် ထွက်ခွာသွားသည်။

ဦးတင်ဦးသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့်နေ့မှာပင် စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်း ပြောကြားခဲ့သည်။

ဦးတင်ဦးသည် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်တွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း လူသတ်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထိန်းသိမ်းခံရခြင်းဖြစ်သည်။

စစ်အစိုးရက ဦးတင်ဦးကို စတင် ဖမ်းဆီးစဉ်က ပုဒ်မ ၁၀ (က) ဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ် အကျဉ်းထောင်တွင် ချုပ်နှောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပုဒ်မ ၁၀ (ခ) ဖြင့် နေအိမ် အကျယ်ချုပ်သို့ ပြောင်းလဲ၍ နှစ်စဉ် သက်တမ်းတိုးပြီး ဆက်လက် ထိန်းသိမ်းခဲ့သည်။

ဤသတင်းကို ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များနှင့် ကိုထွေး ပူးတွဲ ရေးသားသည်။
Monday, 15 February 2010 19:54 ဧရာဝတီ

ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကိုဂရုပြုရမည့် ကာလဖြစ်သော်လည်း ငှက်ရိုင်းများအား ထိတွေ့ကိုင်တွယ်ခြင်းများရှိနေ

ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကို ဂရုပြုနေရ သော ကာလအတွင်း ငှက်ရိုင်းများအား ထိတွေ့ခြင်း၊ ကိုင် တွယ်ခြင်း၊ အခြားသော အသားများနှင့် ဈေးများ၌ ရောနှောရောင်းချနေခြင်း၊ ၀ယ်ယူစားသောက်ခြင်းများရှိနေသေး ၍ရှောင်ရှားသင့်ကြောင်း မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌဦးစိုးညွန့်က အကြံပြုပြောကြားခဲ့သည်။
ရန်ကုန်တိုင်း မရမ်းကုန်းမြို့ နယ်အတွင်းရှိ ကြက်ခြံတစ်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေခြင်းကို မကြာသေးမီ က တွေ့ရှိခဲ့သည်ဟု သိရှိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါ နှင့်ပတ်သက်ပြီး သတိပြုရသော ကာလသို့ ရောက်ရှိနေသော်လည်း ယင်းရောဂါပိုးကို ဖိတ်ခေါ်ရာရောက်သော အပြုအမူများကိုမူ ကျန်းမာရေးအသိဖြင့် ရှောင်ရှားသူနည်းပါးသေး သည်ဟု သိရှိရသည်။
မြန်မာနိုင်ငံသို့ နှစ်စဉ်ရောက်ရှိ ကျက်စားနေကျ ဆောင်းခိုငှက်များ သည် H5N1 ဗိုင်းရပ်စ်ကို သယ် ဆောင်ကောင်း သယ်ဆောင်လာနိုင်သည့်အတွက် လူတို့မွေးမြူထားသော တိရစ္ဆာန်များနှင့် ငှက်ရိုင်းများထိတွေ့ ခြင်းမရှိစေရန်၊ ငှက်ရိုင်းများ ကျက်စားလေ့ရှိသည့်နေရာများတွင် မွေးမြူ ထားသည့် တိရစ္ဆာန်များလွှတ်ကျောင်း ခြင်း၊ မွေးမြူရေးခြံများ ထားရှိခြင်း မရှိစေရန်စသည်တို့ကို ဆင်ခြင်သင့်သည်ဟု ဆိုပါသည်။
ဆောင်းခိုငှက်များသည် မြန်မာနိုင်ငံသို့ နှစ်စဉ်အောက်တိုဘာလခန့်မှ မိုးရာသီကာလအထိ ပြောင်းရွှေ့နေထိုင်လေ့ရှိကြပြီး အင်းအိုင်၊ ချောင်း၊ ကန်၊ မြစ်ဝှမ်း၊ မြစ်ရိုးတစ်လျောက် စသည့်နေရာများတွင် နေထိုင်ကျက်စားလေ့ရှိကာ အဓိကနေ ထိုင်ကျက်စားသည့်ဒေသများမှာ အင်းတော်ကြီးအိုင်၊ အင်းလေးကန်၊ မိုးယွန်းကြီးအင်းနှင့် ဧရာဝတီမြစ်ရိုး တစ်လျောက်တို့ ဖြစ်သည်ဟုသိရသည်။
ငှက်ရိုင်းများသည် ၄င်းတို့ ကျက်စားနေထိုင်ရာတွင်သာ ကျက် စားလေ့ရှိသော်လည်း လူများ၏ နေ ရာချဲ့ထွင်မှု၊ ငှက်ရိုင်းများ နေရာအ ထိ မွေးမြူရေးလုပ်ငန်းများ ချဲ့ထွင် မှုစသည်တို့က ရောဂါပိုးကို ဖိတ်ခေါ်ရာရောက်စေခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံတွင် ယခင် ကလည်း H5N1 ဗိုင်းရပ်စ်ကို တွေ့ရှိ ခဲ့ဖူးသော်လည်း လူသို့ကူးစက်မှုကိုမူ တွေ့ခဲ့ရခြင်းမရှိသေးဟုသိရသည်။
မူရင်း ။ ။ www.first-11.com

ကမ္ဘာ့လူသားမျိုးနွယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မရှိပါလား

ကျားနဲ့ရင်ဆိုင်တွေ့ရင် မေတ္တာပို့မနေနိုင်ဘူး။ ဓားဆွဲတန်ဆွဲ၊ တုတ်ဆွဲတန်ဆွဲလုပ်ရမှာပဲလို့ ရေးလိုက်တာနဲ့ ပတ်သက်ပြီး လူငယ်တစ်စုလာပြီး စကားနိုင်လုကြပါတယ်။ သ ဘောမတူဘူးရယ်တော့ မဟုတ် ပါဘူး။ ဒီလိုလှည့်ပြီး စဉ်းစားရင် ဘယ်လိုလဲ၊ ဒီနည်းနဲ့ ဖြေရှင်းလို့မရဘူးလားစသဖြင့် လူငယ်သဘာဝ လှည့်ပတ်စဉ်းစားကြည့်ကြတာပါ။

အာတွေ့တဲ့မြန်မာစကား

လူငယ်တွေက ဒီလိုစကားနိုင် လုပြောရတာကို တော်တော်ပျော်ကြတယ်။ခုခေတ် 'အီလစ်' တွေ သည်းခြေခိုက်စကားနဲ့ ပြောရင်တော့ 'ဦးနှောက်မုန်တိုင်းဆင်ခြင်း'ပေါ့။ ကမ္ဘာအဆင့်မီ အရည်အချင်းမရှိဘူးပဲ ပြောပြော။ စကားနိုင်လုတယ်လို့ ပြောရတာကိုပဲ အာတွေ့ပါတယ်။ လူငယ်တစ်ယောက်က သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးတို့ ဂေဟစနစ် ထိန်းသိမ်းရေးတို့ ရှုထောင့်က သူ မြင်သလိုပြောပါတယ်။ ဟူးကောင်း တောင်ကြားမှာ ကျားဦးရေ တစ်နေ့တခြား လျော့ပါးလာနေတဲ့အတွက် မကြာခင်နှစ်များအတွင်းကျားတွေမျိုး ပြုန်းပျောက်ကွယ်မယ့် အန္တရာယ်ရှိ နေတယ်။ ဒါကြောင့်ကျားကို မသတ်သင့်ဘူးလို့ ပြောပါတယ်။ အဲဒီစကား နားထောင်ပြီးတော့ မိန်းကလေးတစ် ယောက်ကကျားကိုမသတ်ရင်ကျား က လူကိုသတ်မှာပေါ့၊ဒီလိုတော့အဖြစ် မခံနိုင်ပါဘူးလို့ ၀င်ပြောပါတယ်။

ကြွက်နှိမ်နင်းဖို့မြွေတွေလွှတ်ရမလား

ပထမလူငယ်က လူ့ရပ်၊ လူ့ ရွာထဲကျားက အတင့်ရဲပြီးဝင်ဆွဲတာ မဟုတ်ဘူး။ ကျားတွေ၊ ဆင်တွေနေ တဲ့တောတွေ၊ တောင်တွေထဲကို လူတွေကကျူးကျော် ၀င်ရောက်နေထိုင် ကြတာဖြစ်တယ်။ လူတွေကတရား ပျက်ပြီး ကျူးကျော်တာလို့ ချေပပါ တယ်။ အဲဒီအချိန်မှာပဲ နောက်လူငယ်တစ်ယောက်က အိမ်နီးချင်းနိုင်ငံတစ်ခုမှာ စပါးခင်းတွေကိုကြွက်အုပ် ကြီးတွေ ၀င်ရောက်ဖျက်ဆီးတဲ့အ တွက် မြွေတွေကိုလယ်ကွင်းတွေထဲ ပြန်လွှတ်ပေးနေတဲ့ သတင်းကိုပြောပြပါတယ်။ မြန်မာပြည်က နာဂစ်ဒဏ်ခံဒေသတွေက လယ်ကွင်းတွေ၊ ကြွက်ဝင်ဖျက်နေတာကိုလည်း မြွေ တွေလွှတ်ပေးလိုက်ရင် ဘယ်လိုနေမလဲလို့ မေးလိုက်ပါတယ်။ အဲဒီမှာလည်း တစ်ယောက်တစ်မျိုးနဲ့ စကားနိုင်လုပြီး ပြောကြတာ ဆူညံနေတာပါပဲ။ ပျော်စရာအတော်ကောင်းပါတယ်။

လူတွေက ကျူးကျော်ဖျက်ဆီးတာ

လူငယ်တွေအားလုံးဟာ ပညာတတ်တွေဖြစ်ကြတော့ သူတို့ပြောကြ ဆိုကြတာတွေကို ခပ်ပေါ့ပေါ့သဘောထားလို့ မရပါဘူး။ ကျားမျိုးပြုန်းမှာ စိုးရိမ်တဲ့လူငယ်ရဲ့ ပြောကြားချက် တွေကလည်းမှန်ပါတယ်။ လူတွေက တိရစ္ဆာန်များ ကျက်စားနေထိုင်ရာ ဒေသတွေကို ၀င်ရောက်ကျူးကျော် ဖျက်ဆီးကြတော့ သားရဲတိရစ္ဆာန် တွေမှာနေစရာရော၊ စားစရာပါရှား ပါးလာကြပါတယ်။ တောတောင် ရေမြေသဘာဝတွေနဲ့ ဂေဟစနစ်ကြီး တစ်ခုလုံးကို လူသားတွေက ဖျက်ဆီးပစ်ခဲ့တာဖြစ်တယ်။ အဲဒီအကျိုးဆက်ကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာရာသီဥတုတွေ ဘယ်လောက်ဖောက်ပြန်နေတယ်ဆိုတာ ကျွန်တော် တို့ ကိုယ်တွေ့ပဲ။ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့ မြစ်ကြီးတွေမှာလည်း နွေမပေါက်ခင် ကပဲ သောင်ခုံကြီးတွေ ထွန်းနေတဲ့ အတွက် သင်္ဘောတွေ၊ မော်တော် တွေ ခက်ခက်ခဲခဲသွားလာနေကြရတယ်ဆိုတဲ့ သတင်းတွေ နေ့စဉ်ဖတ်နေကြရတယ် မဟုတ်လား။ နောက်ငါးနှစ်က ၁၀ နှစ်အတွင်း ၀င်ရိုးစွန်းဒေသက ရေခဲတောင်ကြီးတွေ ပျောက်ကွယ်သွားတော့မယ်ဆိုတဲ့ သတိပေးချက်တွေကလည်း ကြားနေရလေတော့ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ဧရာဝတီဘယ်လိုဖြစ် လေမလဲလို့လည်း ပူလိုက်ရတာ။

ကိုယ်မသတ်ရင် သူကသတ်မှာ

သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်အတွက် စိတ်ပူတာမှန်ပေမယ့် လယ်ကွင်းတွေထဲ မြွေဖမ်းပြီးလွှတ်တာမျိုးတော့လည်း သဘောတူရမှာ ခပ်ခက်ခက်ပဲ။ သူများနိုင်ငံတွေမှာ က လယ်ထွန်စက်တွေ၊ 'Combined harvester'လို့ ခေါ်တဲ့ စပါးရိတ်သိမ်း ရင်းနဲ့ တစ်ခါတည်း ဆန်ကြိတ်ပြီး သားထွက်လာတဲ့ စက်ကြီးတွေနဲ့ လယ်ထဲဆင်းကြတာဆိုတော့ မြွေကိုက်ခံရစရာအကြောင်းမရှိလှဘူး။ မြန်မာလယ်သမားတွေက ခြေဗလာ လက်ဗလာနဲ့ လယ်ထဲဆင်းရတာ။ မြွေဆိုတာက ဆင်လို၊ ကျားလိုမြင်ရ တဲ့ သတ္တ၀ါမဟုတ်ဘူး။ ကျေးလက် ဒေသတွေမှာ တစ်နှစ်၊ တစ်နှစ်ပိုးထိ လို့ အသက်ဆုံးရှုံးကြရတာတွေ ရာနဲ့ချီရှိနေတာမဟုတ်လား။ အဲဒီတော့ ဘယ်နှယ့်လုပ်မလဲ။ ကျားတွေ့ရင် သတ်ရမှာပဲ၊ မြွေတွေ့လည်း သတ်ရ မှာပဲ။ ဂေဟစနစ် ထိန်းသိမ်းရေး အသိဉာဏ်ခေါင်းပါးတယ်ပြောလည်း မတတ်နိုင်ဘူး။ မြွေဆိုးနဲ့ ရင်ဆိုင်တွေ့ နေတာကိုယ်က သူ့ကိုမသတ်ရင် သူက ကိုယ့်ကိုသတ်သွားမှာ သေချာတယ်။

ဘယ်လောက်ပြောပြောမောရုံပဲ

တစ်ခါက မီးသွေးအကြီးအကျယ်ရောင်းတဲ့ ကျောင်းသားဟောင်း တစ်ယောက်အတန်းထဲမှာ စကားနိုင်လုပြောကြရင်း ပြောခဲ့တဲ့စကားကို ပြန်အမှတ်ရမိတယ်။ မီးသွေးမရှိရင် ခင်ဗျားတို့အိမ်တွေမှာ ဘာနဲ့ထမင်း ချက်စားကြမလဲ၊ တောကလူတွေ ကောမီးသွေးမဖုတ်ရရင် ဘာလုပ်စား ကြမလဲလို့ သူကပြောသွားတယ်။ စဉ်းစားကြည့်တော့ သူပြောတာမှန်တယ်။ လျပ်စစ်တို့၊ ဓာတ်ငွေ့တို့နဲ့ ချက်ဖို့ဆိုတာ နေရာတိုင်းမှာဖြစ်နိုင် တာမဟုတ်ဘူး။ လူတိုင်းမတတ်နိုင်ဘူး။ ဆင်းရဲသားဆိုတာ ညနေအလုပ် ပြန်နေ့တွက်ခလေးရလာမှ မီးသွေးလေးအစိတ်သား၊ ငါးဆယ်သားဝယ်ပြီး ချက်ကြ၊ ပြုတ်ကြရတာလေ။ ရေနံဆီမီးဖိုတွေ ပေါပေါလောလော သုံးနိုင်တဲ့အချိန်တုန်းကမြို့ကြီးပြကြီး တွေမှာ ဘယ်သူမှ မီးသွေးမီးဖိုမသုံး ဘူး။ မီးမွှေးရတာ လက်ဝင်ရုံတင် မက အိုးတိုက်ရတာအလုပ်ရှုပ်လို့။ အစားထိုးစရာဘာမှလုပ်မပေးနိုင်ရင် တော့တောပြုန်းလို့ မီးသွေးမဖုတ်ကြ ပါနဲ့လို့ ဘယ်လောက်ပြောပြောမောရုံ ပဲရှိမယ်။ သုံးသူက သုံးနေသရွေ့ ဖုတ်ပြီးရောင်းသူကရောင်းနေကြမှာပဲ။

လူသားမျိုးနွယ် မပြုန်းရေးအဖွဲ့မရှိ

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ ဂေဟစနစ်ကာကွယ် စောင့်ရှောက်ရေးတို့၊ ရှားပါးတိရစ္ဆာန်များ မျိုးပြုန်းပျောက်ကွယ်မသွားရေး တို့ဆိုတဲ့အသိရှိကြတာ အင်မတန် ကောင်းတယ်။ ကျားတွေမသတ်ဖို့၊ မိကျောင်းတွေမသတ်ဖို့ ပြောဟော နေကြတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီး ဆိုတာရှိသလိုလူသားမျိုးနွယ်စောင့် ရှောက်ရေးအဖွဲ့ဆိုတာမျိုး မရှိတာက တော့အတော်အံ့သြစရာကောင်းတယ်။ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို နေရာတကာလိုက်ပါပြီး အဖွဲ့ပေါင်းစုံ လျောက်ဖွဲ့နေတဲ့ကုလသမဂ္ဂအဖွဲ့ကြီး တောင် ဒီကိစ္စတော့မေ့နေတာလား၊ တမင်မေ့ချင် ယောင်ဆောင်နေတာ လားမသိဘူး။ ဘာမှလုပ်တာ မတွေ့ ရဘူး။ ကမ္ဘာပေါ်မှာ တစ်နှစ် တစ်နှစ် ကိုကျားတွေ၊မိကျောင်းတွေ၊ ဝေလ ငါးတွေအသတ်ခံရတဲ့ အရေအတွက် ဟာ အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ လူသားတွေအသတ်ခံရတဲ့အရေ အတွက်ရဲ့ တစ်ဝက်တောင် ရှိမယ် မထင်ပါဘူး။

အာရုံလွှဲဖို့ မီးမောင်းထိုးကာ

အာဖဂန်နစ္စတန်မှာ၊ အီရတ်မှာ ဆူဒန်မှာ နေ့စဉ်အသတ်ခံရလို့ သေ ဆုံးသွားကြရတဲ့ တိုက်ခိုက်ရေးသမားမဟုတ်သူ သာမန်အရပ်သား ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်တွေရဲ့ အရေအတွက်ဟာ ထောင် ဂဏန်းအထိရှိပါတယ်။ ဒါတွေကို တော့ဘာမှမပြောဘဲ၊ ဘာမှမလုပ်ဘဲ ကျားမျိုးမပြုန်းရေးတို့ မိကျောင်း ကာကွယ်စောင့်ရှောက်ရေးတို့လောက် ပဲ မီးမောင်းထိုးပြနေကြတာဟာ ဘာသဘောလဲလို့ စဉ်းစားဖို့တော့ လိုပါလိမ့်မယ်။
Written by လူထုစိန်ဝင်း

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ကင်တားနား တွေ့ဆုံ

ဝီရ/ ၁၅ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံသို့ ယနေ့ရောက်ရှိလာသော ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနားသည် ၎င်း၏ ပထမနေ့ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် ယနေ့ညနေပိုင်းတွင် (၁) နာရီကြာ တွေ့ဆုံခဲ့ကြသည်။

အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက “အဓိက အချက်အနေနဲ့ ကျနော်တို့တင်ပြခဲ့တာကတော့ အခု ကျင့်သုံးနေတဲ့ တရားစီရင်ရေးစနစ်မှာ open court (အများကြားနားနိုင်တဲ့တရားစီရင်ရေး) မဖြစ်တဲ့အကြောင်းရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအခြေအနေတွေရယ်၊ နောက် တရားစီရင်ရေးလွတ်လပ်မှု မျှတမှုတွေ ဒီထက်ပိုရှိဖို့ လိုတယ်၊ ဒါမှသာ တရားဥပဒေရဲ့ ခံစားခွင့်တွေ ရမယ်ဆိုပြီးတော့ ကျနော်တို့ ရှင်းပြခဲ့ပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ရန်ကုန်မြို့ မြရိပ်ညိုရွိုင်ရယ်ဟိုတယ်၌ မစ္စတာ ကင်တားနားနှင့် ယနေ့ ညနေ (၃) နာရီတွင် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများမှာ ရှေ့နေကြီး ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်နှင့် ဒေါ်ခင်ဌေးကြွယ်တို့ (၄) ဦး ဖြစ်သည်။

ဦးဉာဏ်ဝင်းက “မစ္စတာ ကင်တားနားက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ တောင်းဆိုထားတယ်။ ခွင့်ပြုချက်ရရင် တွေ့မယ်လို့ ပြောပါတယ်” ဟု ဆက်လက် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့်ပတ်သက်၍ တရားစီရင်ရာတွင် နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေသည့် အကြောင်းကိုလည်း မစ္စတာ ကင်တာနားက ၎င်း၏ အစီရင်ခံစာတွင် ဖော်ပြသွားမည်ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

၎င်းက “မစ္စတာ ကင်တားနားက ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု ဖြစ်တဲ့ ၁၉၇၄ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ဥပဒေဟာ တရားရုံးရဲ့ စီရင်မှု မပါဘဲနဲ့ ချုပ်နှောင်ထားခြင်း၊ ချုပ်နှောင်နိုင်တယ်ဆိုတဲ့ဟာက နိုင်ငံတကာ ဥပဒေနဲ့ မကိုက်ညီဘူး၊ ဆန့်ကျင်တယ်၊ ဒီကိစ္စတွေကို အစီရင်ခံစာထဲမှာ သူ ထည့်သွင်းဖော်ပြဖို့ ရည်ရွယ်ထားတယ်လို့ ပြောသွားပါတယ်” ဟု ပြောကြားသည်။

ကုလအထူးကိုယ်စားလှယ်သည် ယနေ့ နံနက် (၉) နာရီခန့်တွင် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ် (ရန်ကုန်) သို့ ဆိုက်ရောက်ခဲ့ပြီး နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ UNDP ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူအချို့တို့နှင့် သံတမန်တို့အား တွေ့ဆုံခဲ့သည်။

မစ္စတာ ကင်တားနားသည် နိုင်ငံတကာ စံညွှန်းနှင့် ဆန့်ကျင်နေသည့် ဥပဒေများကို ပြင်ဆင်ပေးရေး၊ စစ်တပ်အတွင်း လူ့အခွင့်အရေး အသိပညာပေး၍ ပြုပြင်ပြောင်းလဲသင့်သည်များကို လုပ်ဆောင်ရေး၊ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရေး၊ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မျှတမှု ရှိရေး စသည့် အချက် (၄) ချက်ကို လုပ်ဆောင်ပေးရန် မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။

၂၀၁၀ ခုနှစ်အတွင်း ကျင်းပမည့် မြန်မာစစ်အစိုးရ၏ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ “ယခုနှစ်ဟာ မြန်မာပြည်သူတို့ အတွက် အရေးကြီးတဲ့နှစ် (၁) နှစ် ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မစ္စတာ ကင်တာနား၏ ခရီးစဉ်အတွင်း လာမည့်ကြာသပတေးနေ့တွင် အင်းစိန်ထောင်အတွင်းသို့ သွားရောက်နိုင်ရန်နှင့် တိုင်းရင်းသားခေါင်းဆောင်အချို့နှင့် တွေ့ဆုံနိုင်ရန် စစ်အစိုးရအား တောင်းဆိုထားသည်။ ၎င်း၏ ခရီးစဉ် နောက်ဆုံးရက် သောကြာနေ့တွင် နေပြည်တော်သို့သွားရောက်ကာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းအပါအဝင် ဝန်ကြီးအချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ရန်ကုန်အခြေစိုက် UNDP ရုံးမှ ဝန်ထမ်းတဦးက ပြောကြားသည်။

ယခုခရီးစဉ်သည် ကင်တားနားအနေဖြင့် လာမည့် မတ်လ ကုလသမဂ္ဂ အစည်းအဝေးတွင် အပြုသဘောဆောင်မည့် အချက်အလက်များ တင်ပြနိုင်ရေးအတွက် မြန်မာစစ်အစိုးရကလည်း လိုက်လျောမှုအချို့ လုပ်ဆောင်လာလိမ့်မည်ဟု နိုင်ငံရေး အကဲခတ်တို့က မျှော်လင့်နေကြသည်။
မူရင်း ။ ။ ခေတ်ပြိုင်