Friday, April 9, 2010

ဆိုက်ဘာမှုခင်း သတင်းဖလှယ်ရေး တိုးမြှင့်စီစဉ်


ပြည်ပရောက် မြန်မာနိုင်ငံ သားများနှင့် ပတ်သက်သည့် သတင်းအချက် အလက်များ ရယူရန် (Cyber Crime ) ဆိုက်ဘာ မူခင်းများဌာန ဖွဲ့စည်းကာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများနှင့် ဆက်သွယ်၍ သတင်းဖလှယ်မှု အစီအစဉ် တိုးမြှင့် ဆောင်ရွက် နေကြောင်း တာဝန်ရှိသူများက ပြောသည်။

အိမ်နီးချင်း ထိုင်း နိုင်ငံ အပါအ၀င် မလေးရှား၊ စင်ကာပူနိုင်ငံများနှင့်မူ အစောပိုင်းကတည်းက သတင်းဖလှယ်မှုများ ဆောင်ရွက် နေကြောင်းသိရသည်။

နိုင်ငံဖြတ်ကျော်မှုခင်းများဌာနမှ ရဲအရာရှိကြီးတဦးက“စင်ကာပူမှာ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ မှုခင်းတခုပေါ်တယ် ဆိုရင် ချက်ချင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သတင်းအချက်အလက် ပို့ပေးတာမျိုး၊ ဒီအတိုင်းပဲ မြန်မာနိုင်ငံမှာ စင်ကာပူနိုင်ငံသားနဲ့ ပတ်သက်တဲ့ ပြဿနာပေါ်ရင် သတင်းပို့ပေးတာမျိုးတွေ လုပ်တာမျိုး”ဟု ပြောသည်။

၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် Cyber Crime  (ဆိုက်ဘာမှုခင်း)ဌာနကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ၀န်ကြီး ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ကြောင်း ၎င်းကဆိုသည်။

“၁၉၈၀ ပြည့်နှစ်နောက်ပိုင်းကစပြီး အိုင်တီ နည်းပညာတွေ တရှိန်ထိုး ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာတယ်၊ ဒါနဲ့ ဆက်နွယ်လို့   ဘလော့ဂ်တွေမှာ၊ ၀က်ဘ်ဆိုက်တွေမှာ လူတဦး၊ အဖွဲ့အစည်း တခုအပေါ် ဂုဏ် သိက္ခာ ထိခိုက်အောင် မမှန်မကန် ရေး သားမယ် ဆိုရင် တည်ဆဲ ဥပဒေများနဲ့အညီ အရေးယူခံရမှာဖြစ်တယ်”လို့ ဆိုက်ဘာမှုခင်း အဖွဲ့မှ ဒု ရဲအုပ်တဦးက ဆိုသည်။

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍သတင်းအချက်အလက်ပေးပို့ခြင်း၊ လက်ခံရယူခြင်း၊ သိုမှီးထိန်းသိမ်းခြင်းများအား ဆိုက်ဘာခရိုင်းအဖွဲ့မှ အဓိက စိစစ်နေကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနရှိ တာဝန်ရှိသူ တဦးက ပြောသည်။

မှုခင်းဌာနမှ အရာရှိကြီးတဦးကလည်း“နိုင်ငံတော်ရဲ့လုံခြုံရေး၊ ဆက်သွယ်ရေးကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ပိုပြီးပြင်းပြင်း ထန်ထန်အရေးယူသွားမှာ၊ နိုင်ငံရေးနဲ့ ပတ်သက်တယ်ဆိုရင် အရေးယူမှုမှာလည်း ပြင်းထန်လိမ့်မယ်”ဟု ဆိုသည်။  

၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်တွင် ပြဌာန်းခဲ့သည့် ကွန်ပျူတာ ဖွံ့ ဖြိုးရေးနှင့်သက်ဆိုင်သည့် ဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်ဟု ၎င်းကပြောသည်။

ဆိုက်ဘာမှုခင်းဆိုင်ရာ ပြဿနာများအား ဖြေရှင်းမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ရုံးနှင့် မှုခင်းတပ်ဖွဲ့(CID) တို့ ပူးတွဲ ဆောင်ရွက်နေသည်။

“အရှိန်အဟုန်မြှင့်ဆောင်ရွက်ဖို့ အတွက် ပြည်ပသင်တန်းတွေအပြင် ပြည်တွင်းမှာလည်း ဆင့်ပွား သင်တန်းတွေ ပြန် ဖွင့်လှစ် သင်ကြားပေးနေတယ်”ဟု နိုင်ငံဖြတ်ကျော် မှုခင်းများဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာန၏ သတင်းထောက် ကိုငွေစိုးလင်းနှင့် မလှလှဝင်း တို့ကို အာဏာပိုင်များက အီလက်ထရွန်နစ် ဥပဒေ များနှင့် ဆိုစွဲ၍ ထောင်ဒဏ်များချမှတ်ခဲ့သည်။

“မြန်မာပြည်က ဆိုက်ဘာခရိုင်းကတော့ အင်တာနက်ကနေ ဘာအချက်အလက်တွေပို့တယ်၊ ဘယ်သူနဲ့ ဆက်သွယ်တယ် ဆိုတာပဲ အဓိကထား စောင့်ကြည့်နေတာ”ဟု ဥပဒေ ပညာရှင်တဦးက ပြောသည်။

ဆိုက်ဘာမှုခင်းနှင့် ပတ်သက်သည့် ပြစ်မှုများတွင် ထောင်ဒဏ်များ ချမှတ်ခဲ့သော်လည်း ပုဒ်မ အတိအကျ တပ်ရန်မရှိသည့် အချိန်မျိုး၊ တိကျသည့် ပြစ်ဒဏ်သတ်မှတ်ချက်ရှိသော်လည်း နိုင်ငံတော်နှင့် ပတ်သက်သည့် အချိန်မျိုးတွင် ပြစ်ဒဏ် ပိုမို ချမှတ်ခြင်းမျိုး စသည့် ဥပဒေကြောင်းအရ ပုံသေ သတ်မှတ်ချက်များ မရှိကြောင်း ၎င်းက ဆိုသည်။

ဆိုက်ဘာမှုခင်း ဌာနလက်အောက်၌ ရုရှား ၊ အိန္ဒိယ နှင့်စင်ကာပူ နိုင်ငံများတွင် သင်တန်း တက်ရောက်ထားကြသည့် အင်အား ၁၅၀ ခန့်ဖြင့် ဖွဲ့စည်းထားကြောင်း၊ ယင်း ဌာန၏ အကြီးအကဲမှာ နိုင်ငံဖြတ်ကျော်မှုခင်းများဌာန အကြီးအကဲ ရဲမှူးကြီး စစ်အေး ဖြစ်ကြောင်းသိရသည်။

နိုင်ငံတကာတွင် Cyber Crime ဟု ခေါ်သော အဖွဲ့အစည်းများ ဖွဲ့စည်းထားပြီး ထိုအဖွဲ့အစည်းများသည် အင်တာနက် အသုံးပြု ၍ ငွေကြေးလိမ်လည်မှု၊ ရာဇ၀တ်မှု၊ အချက်အလက်များ ခိုးယူရောင်းချမှု၊ အရေးကြီး စာချုပ်စာတမ်းများအား အတုပြုလုပ်မှု၊ သူတပါးကို ဂုဏ်သိက္ခာချခြင်း စသည့် ရာဇ၀တ်မှုများအား ဖော်ထုတ်အရေးယူခြင်းတို့ကို ဆောင်ရွက် ကြောင်း သိရသည်။

နရီလင်းလက်  
ရင်းမြစ်။ ။ဧရာဝတီ 

ရွေးကောက်ပွဲရက် စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး မပြောနိုင်



Foreign Ministers and diplomats of ASEAN member states pose for the
 Coordinating Council group photograph during the 16th ASEAN Summit in 
Hanoi, Vietnam, Thursday, April. 8, 2010-AP
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်း ဓာတ်ပုံရိုက်နေကြစဉ်။ ဧပြီ ၈၊ ၂၀၁၀။
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ဧပြီလ ၈ ရက် ကြာသပတေးနေ့က စတင်ကျင်းပတဲ့ နှစ်ရက်ကြာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) ထိပ်သီး အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေ ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ထူးထူးခြားခြား ဝေဖန်ပြောဆိုတာတွေ၊ ဆုံးဖြတ်ချက် ချမှတ်တာတွေတော့ မတွေ့ရသေးပါဘူး။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။
အာဆီယံအဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံရေးနဲ့ စီးပွားရေး အသိုက်အ၀န်း ဆိုတာကို တည်ထောင်ဖို့ ရည်မှန်းချက် ချမှတ်ထားပြီး အခု ထိပ်သီး အစည်းအဝေးမှာ ဒီရည်မှန်းချက်ကို လက်တွေ့ အကောင်အထည် ဖော်နိုင်မယ့် လုပ်ငန်း ဖြစ်လာဖို့ ရည်ရွယ်ထားကြပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုပြီး မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်ခွင့်ကို ပိတ်ပင် ကန့်သတ်ထားတာမျိုးတွေ ပါနေတဲ့အတွက် အာဆီယံရဲ့ အဲဒီရည်မှန်းချက်ကို ဘယ်လောက် လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မှာလဲ ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိပ်သီး အစည်းအဝေး မတိုင်ခင်တုန်းက သံသယစွက်တဲ့ လေသံနဲ့ ခပ်ထန်ထန် ဝေဖန်ပြောဆိုခဲ့ဖူးတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ အစည်းအဝေးအတွင်းမှာ တကယ်တမ်း ပြောဆိုကြပြီးတဲ့ အခါမှာတော့ အရင်က လေသံတွေတောင်မှ ပြောင်းသွားတာကို တွေ့ရပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတင် မဟုတ်ဘဲ အာဆီယံ ဒေသတခုလုံးက လူ့အခွင့်အရေး အခြေအနေတွေကိုလည်း မေးခွန်းထုတ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေသက်သက် မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ အာဆီယံ ၁၀ နိုင်ငံစလုံးက လူ့အခွင့်အရေး အခြေအနေ အားလုံးကိုက မေးခွန်းထုတ်စရာ ဖြစ်နေတာပါ။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့ အားလုံးဟာ ပြည့်ဝတဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတွေ မဟုတ်ကြသေးပါဘူး။ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။”
ထိပ်သီး အစည်းအဝေး မစခင်လေးတင် မြန်မာနိုင်ငံကို သွားခဲ့၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပြောဆိုတာတွေ လုပ်ခဲ့ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဟာ အချိန်ယူရနိုင်တယ်လို့ ပြောဆိုခဲ့ဖူးတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာရ်တီ နာတာလ်ဂါဝါ (Marty Natalegawa) ကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရဘက်က ပြောတာကို နားထောင်ခဲ့ရပါတယ်လို့ ဆိုပါတယ်။
“လွတ်လပ်ပြီး တရားမျှတတဲ့၊ ဒီမိုကရေစီနည်းလမ်း တကျနဲ့ လက်ခံ ယုံကြည်နိုင်လောက်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်ရပါမယ်လို့ မြန်မာစစ်အစိုးရက ပြောတာကို ကျနော်တို့ ကြားခဲ့ရပြီးပါပြီ။ ဒါကြောင့် အဲဒီအတိုင်း ဖြစ်တာကို ကျနော်တို့ မြင်ချင်ပါတယ်။”
အစည်းအဝေးထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဘာမှ ပြောဆိုခဲ့ကြပုံတော့ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ တကယ့်ကို ရှင်းလင်းပြီး သူ့ကို လွှတ်ပေးသင့်တယ်ဆိုတာ သိသာပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်ကြေညာထားပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ရမယ့် ကာလ ကန့်သတ်ချက်ကို တိတိကျကျ ပြောထားပေမဲ့ ရွေးကောက်ပွဲကို ဘယ်တော့ ကျင်းပမယ် ဆိုတာတော့ ခုချိန်ထိ တိတိကျကျ မကြေညာသေးပါဘူး။ ဒါ့ကြောင့်လဲ ဒီကိစ္စဟာ အများက စိတ်ဝင်တစား ရှိနေကြတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းကို မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ရှောင်လွှဲပြီး ဖြေသွားခဲ့ပါတယ်။
“ဒီကိစ္စက ရွေးကောက်ပွဲ ကော်မရှင်ပေါ်မှာ မူတည်ပါတယ်။ ကျနော်က နိုင်ငံခြားရေးဝန်ကြီး သက်သက်ပါ။ ရွေးကောက်ပွဲရက်ကို ကျနော်ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကော်မရှင်က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။”
အာဆီယံ အစည်းအဝေးတွေ ကျင်းပတိုင်းမှာ မြန်မာနိုင်ငံ အရေးကိစ္စဟာ အမြဲတမ်း အသံ ကျယ်ကျယ်လောင်လောင် ကြားရလေ့ရှိတဲ့ ကိစ္စ ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ကနေ မကြာခဏ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ဖူးတာလည်း ရှိပါတယ်။
ကုလသမဂ္ဂနဲ့ တခြား အနောက်နိုင်ငံတွေကလည်း မြန်မာနိုင်ငံက ပြဿနာတွေ ဖြေရှင်းရေးမှာ အာဆီယံအဖွဲ့ အနေနဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်း ပြောဆိုခဲ့ဖူးတာတွေ ရှိပါတယ်။ ဒါပေမဲ့လည်း အာဆီယံအဖွဲ့ ကိုယ်နှိုက်ကတော့ သူတို့ဟာ မြန်မာ့ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ တရားဝင်ရော၊ အလွတ်သဘောပါ အကြိမ်ကြိမ် ပြောထားဖူးပါတယ်။
မိမိတို့ဟာ မြန်မာနိုင်ငံကို အပြစ်ပေး ဒဏ်ခတ်နိုင်တဲ့ အနေအထားမှာ မရှိကြောင်း၊ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံနေတယ်ဆိုရင် မိမိတို့လည်း ဆက်ဆံရမှာပဲ ဖြစ်ကြောင်း အစည်းအဝေး ပထမနေ့ အပြီးမှာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဂျော့ဂ်ျ ယို (George Yeo) က ပြောခဲ့ပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-04-09-voa1.cfm

ညီညွတ်ရေးလက်နက်ကို ဘက်ပေါင်းစုံက ကိုင်စွဲကြပါစို့

အာဏာရှင်ဆိုတာ-
အာဏာရှင်ဆိုတာ သူတို့အာဏာတည်မြဲရေးကိုသာ ကြည့်တယ်။ ဘယ်မိဘဆွေမျိုး၊ ဘယ်ကျေးဇူးရှင်၊ ဘယ်မျက်နှာကိုမှ မထောက်၊ ဘယ်သူတားလို့မှ မရ၊ အာဏာမြဲဖို့ ထောက်ခံသူ၊ အထောက်အပံ့ပြုသူကို မဟာမိတ်လို သဘောထားတယ်။ ဆန့်ကျင်ဘက်မှန်သမျှကို ရန်သူလို သဘောထားပြီး မညှာမတာ သုတ်သင်ရှင်းလင်းပြစ်တယ်။ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို သိရှိနိုင်ပါတယ်။
          အာဏာရှင်တွေထဲမှာ စစ်အာဏာရှင်တွေက ပိုဆိုးပါတယ်။ ပြည်ပရန်ကို ကာကွယ်ဖို့၊ ပြည်သူတို့ရဲ့ အသက်အိုးအိမ် စည်းစိမ် ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်ဟာ စစ်အာဏာရှင်တွေရဲ့ သူတို့လက်ခုပ်ထဲကရေလို ဖြစ်နေတာကိုး။ ဒါကြောင့် စစ်အာဏာရှင်တွေဟာ အခြားအာဏာရှင်တွေထက် ဆိုးတာပါ။
          အလားတူ မြန်မာနိုင်ငံမှ စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေးနဲ့ ချမ်းသာကြွယ်ဝရေးကိုသာ အဓိကထား လုပ်ကြပါတယ်။ ဒါကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲဒုက္ခရောက်နေကြရတာ ဖြစ်တယ်။
          မြန်မာနိုင်တငံလုံးရှိ နိုင်ငံရေး စီးပွားရေး တခုလုံးကို စစ်တပ်က ထိန်းချုပ်ထားလို့ တပ်မတော် အသိုင်းအ၀ိုင်းကလွဲရင် ကျန်လူတန်းစားအားလုံးဟာ ဘ၀ပျက်နေကြရတယ်။ ခုဆိုရင် ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး၊ အကျင့်စာရိတ္တ—တွေအားလုံးကို စစ်တပ်က ဖျက်ဆီးလို့ ပျက်စီးကုန်ပြီ။ နအဖ ဥက္ကဋ္ဌကြီးကိုယ်တိုင် အပါအ၀င် အဖွဲ့ဝင်အားလုံးနဲ့ ဌာနှဆိုင်ရာ အာဏာပိုင်တွေကအစ ကြံ့ဖွတ်စွမ်းအားရှင်အဆုံးတို့ဟာ ဖြတ်စား၊ လာဘ်စား၊ ခြောက်လှန့်စားလွန်းလို့ သာမန်ပြည်သူတွေ မွဲပြာကျရကုန်ပြီ။ ဒီစစ်အာဏာရှင်တွေ ရှိနေသမျှကာလပတ်လုံး ပြည်သူအားလုံးဟာ ဒီလိုဒုက္ခအပေါင်းနဲ့ ရင်ဆိုင်နေကြရမှာ ဖြစ်တယ်။ ဒါကြောင့် ဒီစစ်အာဏာရှင်တွေကို အမြစ်ပါမကျန် ဖြုတ်ပြစ်ဖို့ လိုနေပါပြီ။

စည်းလုံးဖို့ လိုပြီ။
သူတို့ကိုဖြုတ်ချဖို့အတွက် လက်နက်မဲ့၊ လက်နက်ကိုင် အပါအ၀င် ဒီမိုကရေစီ ဘက်တော်သားအားလုံး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ မထားကြပဲ စည်းလုံးညီညွတ်စွာ လက်တွဲပြီး ကျရာနေရာ ရရာလက်နက်နဲ့ ချိန်ကိုက်ပြီး ဆန့်ကျင် တိုက်ခိုက် ခြေမှုန်းသွားကြရမှာ ဖြစ်တယ်။ ဒါမှသာ စစ်အာဏာရှင်တွေရဲ့ မတရားကြီးစိုးမှုအောက်က လွတ်မြောက်မှာ ဖြစ်တယ်။

ပထမအချီ မပီပြင်
ပထမ ၈၈ လူထုအုံကြွမှုကြီးမှာ ဒီမိုကရေစီအင်အားစု အချင်းချင်း စည်းလုံးမှု မရှိလို့ ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ ၃၀၀၀-ကျော် အသက်သွေးမြေ ကျခဲ့ရတယ်။ ဒါပေမယ့် စစ်ဖိနပ်အောက်က မလွတ်မြောက်သလို ဒီမိုကရေစီအတွက် အသက်စွန့်ရကျိုး မနပ် ဖြစ်သွားရပါတယ်။ ဒီပထမအကြိမ် လူထုအုံကြွမှုကြီး ကျဆုံးရတဲ့အကြောင်းကို ပြန်သုံးသပ်တဲ့အခါ ဒီမိုကရေစီ အင်အားစုချင်း မစည်းလုံး မညီညွတ်၊ လက်နက်ကိုင် အင်အားစုတွေ ပါဝင်ပူးပေါင်းမှု မရှိတာရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီတုန်းက ရဟန်း ရှင် လူ ကျောင်းသား ပြည်သူ စက်ရုံ အလုပ်ရုံ ၀န်ထမ်း၊ ရုံးဝန်ထမ်းများနဲ့ န၀တ လက်အောက်ခံ စစ်မှုထမ်း တချို့ ပါဝင်လာပေမယ့် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြည်သူတွေနဲ့ ပါဝင်ပူးပေါင်းလာခြင်းမရှိတာဟာ ကျဆုံးခြင်းရဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။

ဒုတိယအချီ မပီပြင်
တဖန် ၂၀၀၇-ခုမှာ သံဃာ့အုံကြွမှုကြီး တပြည်လုံးအတိုင်းအတာနဲ့ ဖြစ်ပေါ်လာပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ သံဃာများကို စစ်တပ်က ကိုယ်ထိလက်ရောက် နှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် ပြည်သူအများက မခံမရပ်နိုင် ဖြစ်ကာ သံဃာတော်များဘက်က ပါဝင်လာခြင်း ဖြစ်ပါတယ်။ သံဃာတော်များဘက်က အင်အားပိုမိုကြီးမားလာတာနဲ့အမျှ စစ်အာဏာရှင်တွေ ပို၍ စိုးရိမ်လာတယ်။ ဒါကြောင့် ဒေါ်ကြိုင်ကြိုင် အပါအ၀င် ဗိုလ်သန်းရွှေရဲ့ မိသားစုဝင်များ မြန်မာနိုင်ငံမှာ မနေရဲတော့ပဲ ဒူဘိုင်း စော်ဘွားနိုင်ငံဆီကို ထွက်ပြေးတိမ်းရှောင်သွားကြတယ်။
          အဲဒီချိန်မှာ အစိုးရ၀န်ထမ်းတွေ နအဖလက်အောက်ခံ စစ်တပ်တွေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေက သံဃာများဘက်က စည်းလုံးညီညွတ်စွာ ပူးပေါင်းလိုက်ပါက တိုတောင်းတဲ့ကာလအတွင်းမှာ စစ်အာဏာရှင်စနစ် ကျဆုံးသွားမှာ ဖြစ်တယ်။ ဒါပေမယ့် ၄င်းတို့က ပါဝင်ပူးပေါင်းလာခြင်းမရှိ  ၄င်းတို့နဲ့ မဆိုင်သလို ငြိမ်နေလိုက်တော့ စစ်တပ်ရဲ့ အလွယ်တကူ  ခြေမှုန်းခြင်းခံလိုက်ရပါတယ်။ သံဃာများနဲ့ ပြည်သူများစွာ အသက်သွေးမြေကျခဲ့ရပေမယ့် ပြည်သူတရပ်လုံး မျှော်မှန်းထားတဲ့ ဒီမိုကရေစီ ပန်းတိုင်နဲ့  လွဲချော်သွားခဲ့ရပြန်ပါတယ်။
ဒါဟာ လက်နက်မဲ့ လက်နက်ကိုင် ဒီမိုကရေစီ အင်အားစုများရဲ့ မညီညွတ် မပီပြင်မှုကြောင့် ဒုတိယအကြိမ် ထပ်မံ ပြိုကွဲခဲ့ရပါတယ်။

သင်ခန်းစာယူ ဒို့အားလုံး ညီတူ
          ပထမနဲ့ ဒုတိယအကြိမ် အုံကြွမှု ပြိုကွဲရခြင်းအကြောင်းမှာ အထက်ပါ ဖော်ပြထားတဲ့အတိုင်း ဒီမိုကေရစီ အင်အားစုများဘက်က အချင်းချင်း စည်းလုံးမှု၊ ညီညွတ်မှု၊ ညှိနှိုင်းမှု၊ နားလည်မှု ---စသည်တို့မရှိခြင်းကြောင့် ဖြစ်တယ်။ ဒါကို သင်ခန်းစာယူကြပါ။ ပြန်သုံးသပ်ကြပါ။ အချင်းချင်း နားလည်မှု ယူကြပါ။ ဆက်သွယ်ကြပါ။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ----တွေ ဖျောက်ကြပါ။ မကြာမီကာလအတွင်းမှာ တတိယအရေးအခင်းကြီး ဖြစ်ပေါ်လာပါတော့မယ်။ အဲဒါကလဲ စစ်အာဏာရှင်တွေ ရာသက်ပန်အာဏာတည်မြဲရေးအတွက် ဖုတ်ပူမီးတိုက်လုပ်နေတဲ့ ၂၀၁၀-ရွေးကောက်ပွဲ ဖြစ်ပါတယ်။ ခုထဲက ကြိုတင်ပြင်ဆင်ထားဖို့လိုနေပါပြီ။

စစ်အာဏာရှင်တွေရဲ့ လောက်စာလုံး တလုံးနဲ့ ငှက်သုံးကောင် ပစ်ချနည်း
          စစ်အာဏာရှင်တွေဟာ ရာသက်ပန် အာဏာတည်မြဲရေးအတွက် လောက်စာလုံးတလုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချ-တဲ့ နောက်ဆုံးပေါ်နည်းကို ကျင့်သုံးလာတာ တွေ့ရပါတယ်။ ဥပမာ-၂၀၁၀-ရွေးကောက်ပွဲ အကြောင်းပြပြီး
(၁) ဒီမိုကရေစီ အင်အားစုတွေကို အမြစ်ပါမကျန် ဖြိုခွဲဖို့။
(၂) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အပြီးအပြတ် ခြေမှုန်းပြစ်ဖို့။
(၃) အဲဒီကမှ အတုအယောင် ရွေးကောက်ပွဲနဲ့ အောင်ပွဲခံဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် လောက်စာလုံး တလုံးတည်းနဲ့ ငှက်သုံးကောင် ပစ်ချနိုင်တဲ့ အစဉ်အလာ မရှိပါဖူး။
အလားတူပဲ အတုအယောင် ရွေးကောက်ပွဲကို ဗန်းပြပြီး တချိန်တည်းမှာ နိုင်ငံရေး ပါတီတွေကို ဖြိုဖျက်ဖို့၊ နအဖနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဖြိုခွဲဖို့ မဖြစ်နိုင်ပါဖူး။
          ခုဆိုရင် ၁၉၉၀-ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈-ဥပဒေကို လက်မခံသလို ၂၀၁၀-ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်နေကြပါတယ်။ ငြိမ်းအဖွဲ့တွေထဲက အများစုကလည်း ၂၀၀၈-ခုဥပဒေကို လက်မခံ၊ ပါတီမထောင် ရွေးကောက်ပွဲ မ၀င်၊ နယ်ခြားစောင့် တပ်ပြောင်းရေးကိုပါ ငြင်းဆန်နေကြတယ်
          ပြည်တွင်းရှိ သာမန်ပြည်သူတွေကို လက်နက်၊ အာဏာ၊ အသပြာနဲ့ ခြိမ်းခြောက် အကျပ်ကိုင်လို့ ရနိုင်ပေမယ့် နိုင်ငံရေးပါတီတွေ ငြိမ်းအဖွဲ့တွေကို အကျပ်ကိုင်လို့မရပါ။ ဒါကြောင့် ငြိမ်းအဖွဲ့တွေ အသွင်ပြောင်းရမယ့်ရက်ကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတယ်။ ခြိမ်းခြောက်လိုက် တရုတ်အစိုးရကို ချဉ်းကပ်လိုက် စစ်အင်အား တိုးချဲ့ပြလိုက်နဲ့ ဟန်ရေးပြနေပေမယ့် ၀-ကချင် စတဲ့ အင်အားကောင်းတဲ့ ငြိမ်းအဖွဲ့တွေက သူတို့ရဲ့ ရပ်တည်ချက်ကို မပြောင်း။
          နအဖ-က အဲလိုလုပ်တာဟာ ဘို့တဘို့ထဲသာရှိတဲ့ စစ်အာဏာရှင်တွေအတွက်သာဖြစ်တယ်။ ခုနောက်ဆုံး နှစ်ပေါင်း ၂၀-လောက်ကတည်းက မြန်မာအစိုးရက ပို့ထားတဲ့ ၀-နယ်ဖွံ့ဖြိုးရေး ၀န်ထမ်း ၈၀-ခန့် ပြန်ခေါ်ယူသွားပါတယ်။( ဒီဗွီဘီ ၂၃-၃-၂၀၁၀)။ ဒါတင်မက တရုတ်နိုင်ငံသားများကို ၀-ဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသများမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမလုပ်ဖို့ နအဖက တရုတ်အစိးရကို တားမြစ်ပေးဖို့လည်း တောင်းဆိုထားတယ်။ (ခေတ်ပြိုင် ၂၆-၃-၂၀၁၀) ဒါပေမယ့် ငြိမ်းအဖွဲ့တွေက သူတို့ပြောထားတဲ့စကားကို မဖျက်ပါ။
          ဒီလောက်ဆို စစ်အာဏာရှင်တွေဟာ ဘယ်လောက်ယုတ်မာတယ်ဆိုတာ သိလောက်ပါပြီ။ နအဖ-က ငြိမ်းအဖွဲ့တွေကို အနှေးနဲ့အမြန် တိုက်တော့မယ်ဆိုတာ မှန်းလို့ရပါတယ်။

စည်းလုံးခြင်းသည် အင်အား
          ခုလိုချိန်ခါမျိုးမှာ ပြည်တွင်း ပြည်ပရှိ ဒီမိုကရေစီ အင်အားစုတွေ စည်းလုံးညီညွတ်ဖို့လိုပြီ။ အကြောင်းမှာ စစ်အာဏာရှင်တွေ မတရား ကြီးစိုးမှုကြောင့် တတိုင်းပြည်လုံး ဆင်းရဲဒုက္ခတွင်း တနေ့ထက်တနေ့ နစ်မွန်းနေပြီ၊ မကြာမီကာလအတွင်းမှာ တသက်လုံး တဘ၀လုံး နစ်မြှုတ်ကြတော့မှာ ဖြစ်တယ်။ ဒါကြောင့် ဒီအချိန်ကစပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ မထားပဲ အားလုံးလက်တွဲပြီး တက်ညီလက်ညီနဲ့ ဘုံရန်သူ နအဖ စစ်အာဏာရှင်တွေကို အပြုတ်တိုက်ဖို့ တိုက်တွန်းပါတယ်။ ညီညွတ်သော ပြည်သူ့အင်အားနဲ့ စုပေါင်းတိုက်ရင် ဒီစစ်အာဏာရှင်တွေဟာ ဘယ်လိုမှ ခံနိုင်မှာမဟုတ်ပါ။ ဒါကြောင့် စည်းလုံးမှုရှိကြဖို့ သတိပေးရခြင်း ဖြစ်ပါတယ်။

ပြည်ပ ဒီမိုကရေစီ အင်အားစု
ပြည်ပရောက် မြန်မာဒီမိုကရေစီ အင်အားစုများက စစ်အာဏာရှင်တွေ အမြစ်ပြုတ်ခြေဖျက်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီဖို့၊ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ သင့်တော်မဲ့အချိန်ကိုသာ စောင့်နေကြတာ ဖြစ်တယ်။ နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုများကလည်း မြန်မာ့ဒီမိုကရေစီရေးကို ကူညီပန့်ပိုးဖို့ လက်မနှေးကြပါ။ အချိန်ကိုသာ ကြည့်နေကြတာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်စွာ တက်ညီလက်ညီနဲ့ စ-ဖို့သာ လိုပါတော့တယ်။

ဒီတချီ အပီလုပ်ဖို့ လိုပြီ
          ဒီတချီဟာ နောက်ဆုံးအချိန်ဖြစ်လို့ နအဖ-က တိုက်လာမှ ကာကွယ်တဲ့အနေနဲ့ ပြန်တိုက်မယ်ဆိုတဲ့မူကို ပုံသေကိုင်မထားသင့်ပါ။ အကယ်၍ နအဖ-က တသက်လုံး လာမတိုက်ဖူးဆိုရင် ဒီအတိုင်းပဲ နေကြတော့မှာလား။ လက်နက်ရှိသူများအနေနဲ့ အကြောင်းမဟုတ်ပေမဲ့ လက်နက်မဲ့ ပြည်သူတရပ်လုံးဟာ နအဖတွေရဲ့ မတရား အနိုင်ကျင့်စော်ကားမှုကို တသက်လုံး နေ့စဉ်နဲ့အမျှ ခံစားနေကြရတော့မှာ ဖြစ်တယ်။ ဒီလိုမခံစားရလေအောင် ဆုံးရှုံးနေတဲ့ လွတ်လပ်ရေး၊ ဆုံးရှုံးနေတဲ့ ဒီမိုကရေစီ၊ ဆုံးရှုံးနေတဲ့ လူ့အခွင့်အရေးတွေ ပြန်လည်ရရှိအောင် ဘုံရန်သူ နအဖ စစ်အားဏာရှုင်တွေကို စည်းလုံးညီညွတ်သော ပြည်သူ့အင်အားဖြင့် တွန်းလှန်ဖို့ တိုက်တွန်းပါတယ်။
ဒီတချီ ဆင်နွှဲရမယ့် တွန်းလှန်တိုက်ပွဲဟာ မီးကုန်ယမ်းကုန် တိုက်ရမယ့် နောက်ဆုံးတိုက်ပွဲအဖြစ် သတ်မှတ်ရပါလိမ့်မယ်။ ဒါကြောင့် ဒီတချီဟာ နအဖ စစ်အာဏာရှင်တွေကို အပီအပြင် တွန်းလှန် တိုက်ထုတ်ပြစ်ရမယ့်အချီဖြစ်လို့ ကျား-မ မရွေး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ မထားကြပဲ အချင်းချင်း ညှိနှိုင်းပြီး စည်းလုံးညီညာစွာဖြင့် လက်တွဲကာ တိုက်ပွဲဝင်ကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။

လေးစားစွာဖြင့်
ရွှေပြည်စိုး
 
ရင်းမြစ်။ ။မိုးမခ