Monday, April 12, 2010

သင်္ကြန်အထူးဟောစာတမ်း

ကျွန်ုပ် ဝေဒကဝိ အကျော်အမော် ပညာရှင် ဆြာတေသည် ဝါသနာ အလျှောက် ဗေဒင်ပညာကို လေ့လာ လိုက်စားထားသော် ငြားလည်း ကံမလိုက်သေး သဖြင့် ဟောတိုင်း မှားနေလေရာ ထိုပညာဖြင့် ဝမ်းမဝ နိုင်သောကြောင့် တနေ့တနေ့ မဒမ်တေ၏ ဆူပူမှုကို နားညည်းသည်ထိ သည်းခံနေရလေသည်။

ထိုရောအခါဝယ် တတ်သည့်ပညာ မနေသာ ဆိုသည့်အတိုင်း တတ်ထားပြီးသော တခြားပညာရပ် တခု ဖြစ်သည့် ဆိုက်ကားနင်းသော အလုပ်ဖြင့် မဒမ်တေနှင့် ဂျူနီယာတေ ၁၊ ဂျူနီယာ တေ ၂ စသည်ဖြင့် ကြီးစဉ်ငယ်လိုက် ရှိကြကုန်သော တေ ၅ ကောင် .. ပေါင်း.. ပါးစပ် ၇ ပေါက်စာကို ဖြည့်တင်း ပေးနေရ လေ၏။

နေနှင့်ဦးဟုဆိုကာ ကြောင်လက်သည်းဝှက်ထားသကဲ့သို့ သိမ်းဆည်းထားသော ကျွန်ုပ်၏ ပညာခန်းများသည် ယခုကဲ့သို့သော သင်္ကြန်အခါသမယအချိန်တွင် “တူးပို့” တေးသံနှင့် အတူ မနေနိုင်မထိုင်နိုင် ရွစိတက်လေ့ရှိလေသည်။

ထို့ကြောင့် ကျွန်ုပ်သည်ဆိုက်ကားခေတ္တနားခိုက် အစိုးရထုတ် သင်္ကြန်စာ တစောင်ကို ကျပ် ၅၀၀ ဖြင့် မဒမ်တေမသိအောင် မနှမျောဘဲ ဝယ်ယူဖတ်မိခိုက် “ဟိုက်” ခနဲ အသံထွက်မိအောင် အံ့သြ မင်တက် ဆွံ့အသွားလေတော့၏။

အဘယ်ကြောင့်ဟူမူကား ၎င်းတို့ထုတ်ဝေသော သင်္ကြန်စာမှာ အစိုးရမင်းများ၏ ဆင်ဆာရုံးကို ဖြတ်ပြီးမှ ထွက်ရရှာသောကြောင့်တကြောင်း ..၊ အစိုးရအကြိုက်လိုက်ကာ ဟောကိန်းထုတ် ပေးထားရသောကြောင့် တကြောင်း တို့ကြောင့် ဖြစ်ချင်တိုင်းဖြစ်နေလေ၏။ မဒမ်တေသာ သိလျှင် ဆူလို့ပွမ်လို့ ဆုံးတော့မှာမဟုတ်။ ကံဆိုးလျှင် နားဝင်ပီယံသူ့လက်သံ အစီအစဉ်ပင် နောက်က လိုက်လာနိုင်သေး၏။

“ဟမ် .. တော့်ကိုယ်တော်ဗိုလ်ချုပ်မှူးကြီးမြေး ဖိုးလောက်လန်းလို သူဌေးမှတ်လို့ သင်္ကြန်စာကို ၅၀၀ ပေး ဝယ်ဖတ် တာလား။ အဲဒါတွေက အမှားတွေချည်းပဲ ဆိုတာ မသိဘူးလား။ တော်ဟောတာထက် ၁၀ ဆမှားတယ် သိလား။ ငွေ ၅၀၀ ဆိုတာ ဆန်တပြည်နီးပါးရှိတယ်တော့ ..။ သွား အဲဒီ ၅၀၀ ပြန်ရှာခဲ့။ မရရင် ပြန်မလာနဲ့” ဆိုသည့် ချိုမြိန်လှသော အိုးကွဲသံကြီးကိုပင် ကြားယောင်ကာ တွန့်ခနဲ ဖြစ်မိသေး၏။

ယခု ကာလကတော့ ဆြာတေ ဆိုသည့်အမည်ကို အဖတ်ဆယ်ရန် အချိန်ကောင်းဖြစ်ပေသည်။ အနည်းဆုံး ကျွန်ုပ်၏ ဆိုက်ကားစီး ဖောက်သည်များ သိလျှင် သူတို့ကတဆင့် တခြားသူများဆီ ပြန့်ပွားသွားနိုင်သည် မဟုတ်လော။ တော်လိုက်သည့် ကျွန်ုပ်ပါတကား။ ပထဦးဆုံးသော ကျွန်ုပ်၏ သားကောင်မှာ တခြား သူမဟုတ် သူ့ကိုယ်သူ ဒေဝါလီမဂ္ဂဇင်းအယ်ဒီတာဟု မိတ်ဆက်ကာ ဆိုက်ကားကို အမြဲအကြွေး စီးလေ့ရှိသော ကိုဂေါ်ကြီးပင်ဖြစ်တော့သည်။

သူ့ကို ကျွန်ုပ်၏ ဟောစာတမ်းအသစ်များ ပြောပြလိုက်လျှင် ကံကောင်းပါက သူ့မဂ္ဂဇင်းကတဆင့် နိုင်ငံကျော်သွားနိုင်သည်။ အနည်းဆုံးတော့ ကျွန်ုပ်၏ ပညာခန်းကိုရှိန်ကာ ဆိုက်ကားအကြွေး စီးတာ တန့်သွားနိုင်သည် (တခြားဆိုက်ကား ပြောင်းစီးချင် စီးပေါ့လေ) အဲသလို နိုင်ငံကျော် သွားရင်တော့ မဒမ်တေကလည်း ဆူပူတော့မှာမဟုတ်။ မျှော်တုန်းမျှော်ခိုက် သူလည်း ရောက်လာ ဆိုသလို ကိုဂေါ်ကြီး တယောက် ငိုက်ဆိုက်၊ ငိုက်ဆိုက်နှင့် ဆိုက်ကားဂိတ်ကို ရောက်လာချေပြီတကား။ ကိုင်း လာလေရော့ ကိုဂေါ်ကြီးရေ … ။

“ကိုတာတေ ဘယ်လိုလဲဗျ။ ဒီနေ့ နင်းကောင်းရဲ့လား”
“ဘယ်ကောင်းမလဲဗျာ။ ကမ္ဘာ့စီးပွားပျက်ကပ်က ကျုပ်တို့ ဆိုက်ကားသမားတွေ ကိုပါ လာထိတာ။ ခုကျုပ် ကိုဂေါ်ကြီးကို စောင့်နေတာဗျ”
“ဟုတ်လား .. အကြွေးတောင်းဖို့လားဗျ။ အဲဒါဆိုရင်တော့ နေဦးဗျာ။ ကမ္ဘာ့စီးပွား ပျက်ကပ်က ကျုပ်အိတ်ကပ်ကိုပါ လာရိုက်နေသေးတယ်။ ဒီနေ့တော့ အကြွေးပဲ စီးပါရစေဦး”
“ဟဲဟဲ ခင်ဗျားကလည်း အကြွေးမတောင်းသေးပါဘူးဗျာ။ ခင်ဗျားကို သင်္ကြန်စာ အသစ်တခု ပြောပြမလို့။ ခင်ဗျားတော့ ကျုပ်နဲ့တွေ့တာ ကံကောင်းပြီသာမှတ်”
“ဘာ သင်္ကြန်စာအသစ် ဟုတ်လား”

သင်္ကြန်စာအသစ်ဟူသော ကျွန်ုပ်အသံကို ကြားလိုက်သည်နှင့် တပြိုင်နက်တည်း.. ကိုဂေါ်ကြီး၏ မျက်နှာကြီးမှာ မဟူရာတုံးကြီးကို ဆီသုတ်ထားသည့်အလား ဝင်းခနဲ လက် .. ပြိုးကနဲ ပြက် သွားလေတော့၏။

“သင်္ကြန်စာထဲမှာ ထိန်ချန်ထားတာတွေ .. ဆင်ဆာ ထိထားတာတွေကို ပြောပြချင်လို့ပါ၊ နောက်ပြီး ကျုပ်ရဲ့ သင်္ကြန်စာက တားဂက်တက် (Targeted) သင်္ကြန်စာ”
“ဗျာ၊ တားရော့ ဗေဒင် ကိုပြောတာလား .. ကျုပ်တော့ တားဂက်တက် ဆန်ရှင်ဆိုတာပဲ ကြားဖူးပါတယ်ဗျာ”
“ခု ကြားဖူးမယ်ဗျာ၊ ခင်ဗျားပြောတဲ့ တားဂက်တက်ဆန်ရှင်လိုပဲ .. ခုဟာက တားဂက်တက် သင်္ကြန်စာ လို့ခေါ်တယ်.. ကျုပ်ထွင်ထားတာပေါ့ဗျာ”

ထို့နောက်တွင်ကား ကျွန်ုပ်က ဆိုက်ကားကို မိန့်မိန့်ကြီးနင်းလျှက် ပြောပြသမျှကို .. ကိုဂေါ်ကြီးက ဘေးခုံတွင် ကုတ်ကုတ်ကလေး ထိုင်စီးရင်း တအံ့တသြ မိန်းမောတွေဝေကာ လိုက်ပါလာ လေတော့သည် …။

“ကိုဂေါ်ကြီးရေ ဒီနှစ် သိကြားမင်းဘာကြောင့် မဆင်းဘူးလဲ သိလား”
“ဘယ်သိမလဲဗျာ။ ခင်ဗျားက ပြောပြမှပေါ့”
“သိကြားမင်းမှာ အလုပ်မရှိလို့ဗျ”
“ဟာ သိကြားမင်းလည်း အလုပ်လက်မဲ့ဖြစ်သွားပလား။ ကမ္ဘာ့စီးပွားပျက်ကပ်က နတ်ပြည် ၆ ထပ်ထိ ရောက်တယ် ထင်တယ်”
“ဟာ အဲလိုမဟုတ်ဘူးလေ။ သူလုပ်စရာမရှိတာကို ပြောတာ။ သူ့ရဲ့ ခွေးရေ ပုရပိုဒ်မှာ မှတ်ရမယ့် လူဆိုးစာရင်းက မနှစ်ကအတိုင်း တပ်ချုပ်ကြီးတို့ အုပ်စုပဲ .. တခြားဘာမှ သိပ်ပြီး အပ်ဒိတ်လုပ်စရာ မလိုဘူးဆိုတော့ သူ့ရဲ့ မဒမ်သိကြားတွေက လူ့ပြည်ကို မလွှတ်တော့ဘူး”
“သိကြားမင်းလည်း မိန်းမကြောက်ရတာပဲလား”
“ဒါပေါ့ဗျာ။ ကမ္ဘာပေါ်မှာ မိန်းမကြောက်တဲ့သူတွေသာ နာမည်ကြီးရိုးထုံးစံရှိတာလေ။ ကျုပ်တို့ တပ်ချုပ်ကြီး ကြည့်ပါလား။ ရွှေရေ ငါးပိ ဆိုတာနဲ့ ဖုတ်ပြီးဆီပါဆမ်းပြီးသားပါကြိုင် ဆိုတာမျိုး ဆိုတော့ နာမည်လွှတ်ကြီး တော့တာကိုး”
“ကဲကဲ ခင်ဗျားက သင်္ကြန်စာအသစ်တွေ ပြောမယ်လည်း ဆိုသေးတယ် စကားက ချော်တောငေါ့ပြီး ခင်ဗျားဘကြီး မိန်းမကြောက်တဲ့ အကြောင်းတွေလာပြောနေတယ်။ လုပ်ဦး”

ကိုဂေါ်ကြီးမှာ ကျွန်ုပ်ဆြာတေ၏ လေကျောတွင် မိနေလေပြီ။ ယခုအချိန်မှစတင်၍ ကျွန်ုပ်၏ တွေ့ရှိချက် အသစ်များကို မချွင်းမချန်ဘဲ ကိုဂေါ်ကြီးကို ပြောပြခဲ့သည့်အတိုင်း စာစကားဖြင့် အတိအကျ ဖော်ပြပါမည်။

၁၃၇၀ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၀၉ ခု၊ ဧပြီလ ၁၄ ရက်၊ အင်္ဂါနေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆ စက္ကန့် …..။

“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည် အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီးထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည် ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက် နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံ ဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ် ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေး နှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့် အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစောအိပ်ရာဝင်ရ လတ္တံ့၊ ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့် ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။

သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့် တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။

သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့ သင်္ကြန်နေ့၌ အင်းလျားလမ်းတွင် မဏ္ဍပ်ဝင်က၊ ကညာနှမ မြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ် ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း .. ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်း မျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကို လူ့ပြည်လူ့ခွင် လူကိုစင်ထား မြင့်မိုရ်ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ .. သို့သော်မြန်ပြေ (ပြည်) ဆန်းသည့်မြေ၌ အရက်စတုဒီသာ ပေးနေပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။ စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍ သောက်ပါလေ။

တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီး ကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏ အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ .. ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)

တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သော အရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့် ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကို အခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။

အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်း ခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင်လည်း ပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှ အကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ “လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲ ငုတ်တုတ်ထိုင်စောင့်ပါလေ။

ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏ ဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင် ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏ မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင် လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟု လိပ်ခေါင်း မထွက်မချင်း အော်ပါ။

ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှ မကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကို မျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။

သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှ ဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြား မဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေး အထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာ တနင်္လာသမီး၏ ထဘီစကိုဆွဲ၍  ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက် မြိုပါ။

စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့် ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ (ဥပမာ - ဖားခြင်း) အထူးကျွမ်းကျင်ပြီး အင်္ဂါနာမ် (ဆန်ရှင်) ကြောင့် လတ်တလော ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ - ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှ ထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်က ဆန်ရှင်ရင် အောက်က သစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်း လည်ချောင်းကွဲသည်ထိ အော်ပါ။

သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊ အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။

အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း .. နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမားစောင့်၏၊ လ ကို မီးပျက်သည့် ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကို မြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံး ရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကား လင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။

နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးက မနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါ အစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့် ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများ ဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့် မြန်မာပြည်တွင်လူဖြစ်အံ့။

ဤသို့ဤသို့ တောက်လျှောက်ရွတ်သွားသူ ကျွန်ုပ်ကို ငေးမောကာ နားထောင်နေသော ကိုဂေါ်ကြီး မှာ အထူးပင် အထင်ကြီးလေးစားနေပုံရသည်။ ယခုနှစ်အတွက် မော်ဒန်သင်္ကြန်စာကို သူကလွဲ၍ မည်သူ တဦးယောက်မျှ မကြားဖူးသေးသည့်အတွက် သူ့ကိုယ်သူ အလွန်ကုသိုလ်ထူးသူ တဦး အဖြစ် ဘဝင်လေဟပ်နေပုံလည်းရသည်။

ကျွန်ုပ်၏ ဆင်ဆာမဖြတ်ရသေးသော မှန်ကန်လှသည့် ဤသင်္ကြန်စာတော်ကြီးကို လိုချင်လှချည့်ဟု ပူဆာသောကြောင့် ကျွန်ုပ်က နဝင်းကျေ ငွေကျပ် ၉ ထောင်ဖြင့် အကြွေးရောင်းလိုက်ပြီဖြစ်သည် (ပိုက်ဆံ ရ၊ မရ မသေချာ)

ကျွန်ုပ်၏ ချင်ခြင်းက ပြေလေပြီ။ ပြောချင်ရာပြောကာ ဟောချင်ရာ ဟောလိုက်ရသောကြောင့် ကုန်းတက်ပင် ဖြင့်လင့်ကစား ဆိုက်ကားကို လွင့်ခနဲ လွင့်ခနဲနေအောင် နင်းနိုင်နေလေသည်။ ကိုဂေါ်ကြီးဆီက အကြွေး မရလည်း ပြဿနာမရှိတော့။ မဒမ်တေ ဆူတာကိုလည်း ခံလိုက် တော့မည်။ အဓိကက ကျလိကျလိ ဖြစ်နေသည့် စိတ်အဆာပြေဖို့သာ လိုရင်းမဟုတ်လော။ သို့သော် ဤမျှနှင့် ကိစ္စမပြီး ကိုဂေါ်ကြီးကား ကျွန်ုပ်၏ တားဂက်တက် သင်္ကြန်စာကို ခပ်တည်တည်နှင့် ဖြန့်ချိ လေတော့သည်။

နောက်ပိုင်းသတင်းကိုကား အထူးပြောစရာမလိုလှချေ …။ သက်ဆိုင်ရာက ကျွန်ုပ်ကို ခဏဟုဆိုကာ လာရောက်ခေါ်ဆောင်လေတော့၏။ ကျွန်ုပ် ဆြာတေသည် ငြိမ်ငြိမ်မနေနိုင်သောအမှုမှ ပွားအပ်သော စစ်အစိုးရ ခေါင်းစဉ်တပ်သည့် တရားမဝင်စာရွက်စာတမ်းများ ပုံနှိပ်ဖြန့်ချိမှုဖြင့် နှစ် ၂၀၊ အစိုးရက ထုတ်ဝေ ခွင့်ပိတ်ပင်ထားသော ဒေဝါလီမဂ္ဂဇင်းအယ်ဒီတာ ကိုဂေါ်ကြီးနှင့် ဆက်သွယ်မှုက နှစ် ၂၀၊ ပါးစပ်မငြိမ်မနေနိုင် သောကြောင့် အာချောင်မှုက ၁၀ နှစ်၊ ကျွန်ုပ်၏ ဆိုက်ကားတွင် ညမီးလင်းရန်တပ်ထားသည့် ဒိုင်နမိုကို တွေ့သွားသဖြင့် အီလက်ထရောနစ်ပုဒ်မ ၁၅ နှစ်ဟူ၍ ဖောခြင်း သောခြင်း ထောင်ဒဏ် နှစ် ၆၅ နှစ် နှင့် ဆိုက်ကားသမားဘဝမှ အနားရသွားလေတော့သည်။

ဤမှတ်တမ်းမှတဆင့် ကျွန်ုပ်၏ အစွမ်းကို ဂျူနီယာ တေ တို့အပါအဝင် နောင်လာနောက်သားများ သိရှိရန်အလို့ငှာ ရေးသား ဝေမျှလိုက်ရပါသည်။

မင်္ဂလာနှစ်သစ်မှာ လန်းကြပါစေ …
ပုံ - ဆြာတေ (ခေတ္တ အင်းစိန်ထောင်၊ အမြဲတမ်းအတွက် ထောင်မသိရသေး)



မှတ်ချက်။ ။ဧရာဝတီမှကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဆေးရုံကြီးတွင် ဆေးစစ်


 မကြာသေးခင်က ရန်ကုန်မြို့ NLD ရုံးတွင် တွေ့ရသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ-AP)
အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့က ဆေးရုံသို့ ခေတ္တသွားရောက်ပြီး နှလုံး စစ်ဆေးမှု ခံယူခဲ့သည်ဟု မြန်မာအစိုးရ အရာရှိတဦးက ပြောသည်။ "ဒေါ်စုကို ရန်ကုန်ဆေးရုံကြီး ခေါ်သွားပါတယ်။ နှလုံး အခြေအနေ စစ်ဆေးဖို့ပါ။ ၄၅ မိနစ် ကြာပါတယ်" ဟု အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
တနင်္ဂနွေညတွင်ပင် နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည်ဟု သူက ဆိုသည်။ တခြား အရာရှိတဦးကလည်း ဒေါ်စု ဆေးရုံမှ ပြန်ရောက်လာပြီ ဖြစ်ကြောင်း အတည်ပြုသည်။ အရာရှိ နှစ်ဦးစလုံးက အသေးစိတ် ပြောကြားခြင်း မရှိပေ။
 
ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဒေါ်စု ဆေးရုံကြီးသို့ သွားရောက်ခြင်း မသိရှိပါဟု ဆိုသည်။
 
ဆေးရုံသို့ ယခုကဲ့သို့ သွားရောက်ခြင်းသည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ဖွယ် ရှိသည်။
 
အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဒေါ်စုကို ဆရာဝန်တဦးက လစဉ် သွားရောက် စစ်ဆေးလေ့ ရှိသည်။
 
ပြီးခဲ့သည့် မေလက အင်းစိန်ထောင်တွင် ဒေါ်စု ချုပ်နှောင်ခံနေရစဉ် သူ၏ ကျန်းမာရေးအတွက် "အလွန်အမင်း စိုးရိမ်မိကြောင်း" သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ခဲ့သည်။ ဒေါ်စုသည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ထိန်းသိမ်းခံနေရသည့် အချိန်ပေါင်း ၁၄ နှစ် ရှိသည်။ ပြီးခဲ့သည့် လများအတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွားခဲ့သည်။
 
NLD ၏ ဆုံးဖြတ်ချက် ဖြစ်သော ရွေးကောက်ပွဲကို သပိတ်မှောက်ရေး အစီအစဉ်ကိုး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့သည်ဟု ဦးဉာဏ်ဝင်း၏ အဆိုအရ သိရသည်။

AFP သတင်းဌာန

ကြံ့ဖွံ့ထံမှ ငွေမယူဟု ခေတ်သစ် ပြည်သူ့ပါတီ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။     ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခေတ်သစ် ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထံမှ ငွေကြေး အထောက်အပံ့ ရယူခြင်း မရှိကြောင်း ပါတီ ခေါင်းဆောင်များက ငြင်းဆိုလိုက်ကြသည်။

ကြံ့ဖွံ့နှင့် ခေတ်သစ်ပြည်သူ့ပါတီ အလွန်သင့်မြတ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ပါဝင်နေသဖြင့် ကြံ့ဖွံ့ထံမှ ငွေကြေးအကူ ရနေသည်ဟု ပြောဆိုချက်များအပေါ် ငြင်းဆိုခြင်း ဖြစ်သည်။

"ကျနော်တို့က ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) နဲ့ လူမှုရေးတွေကို ပူးပေါင်းပြီး ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘယ်လို အထောက်အပံ့ကိုမှ မယူပါဘူး'' ဟု ခေတ်သစ်ပြည်သူ့ပါတီ၏ ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။

၎င်းတို့အနေဖြင့် ပါတီစီးပွားရေးအဖြစ် အစိုးရထံမှ လေလံဆွဲလုပ်ငန်းမျိုး အပါအဝင် လုပ်ပိုင်ခွင့်ရ လုပ်ငန်းများမှနေ၍ ပါတီအတွက် ရန်ပုံငွေရှာမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

''ခေတ်သစ် ပြည်သူ့ပါတီ အနေနဲ့ အသင်းသားတွေဆီက အသင်းဝင်ကြေးကိုပဲ အဓိကထားပါတယ်။ စေတနာနဲ့ ပုဂ္ဂလိကတွေဆီက အလှူခံပါမယ်။ အခု ပါတီအတွက် ငွေကြေး လုံလောက်မယ်လို့ ထင်ပါတယ်'' ဟု ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောသည်။

သို့သော် မြို့တော်ဝန်သည် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း၏ တာဝန်ခံဖြစ်ကာ ခေတ်သစ်ပြည်သူ့ပါတီ (ယခင် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု) မှ ခေါင်းဆောင်များနှင့် ကြံ့ဖွံ့ လူထုစည်းရုံးရေးဖြစ်သော လမ်းခင်းခြင်း၊ အခမဲ့ ပညာဒါနကျောင်းများ ဖွင့်ခြင်း၊ အခမဲ့ဆေးပေးခန်းများ ဖွင့်ခြင်းတွင် ပါဝင်လုပ်ကိုင်ခဲ့သည်မှာ ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကပင်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြ့ဖွံ့အသင်း၏ အဖွဲ့ဝင်များက ပြောသည်။

ရန်ကုန်စည်ပင် ဝန်ထမ်းတဦးက ''အဲဒီထဲမှာပါတဲ့ သူတွေကို သိတယ်။ သူတို့တွေက မြို့တော်ဝန်ပါတဲ့ ကြံ့ဖွံ့နဲ့ လိုက်နေတာ တွေ့တယ်။ ကြည့်ရတာ ပတ်သက်မှုတော့ ရှိနိုင်ပါတယ်။ အခု ပါတီတွေ လျှောက်လွှာတင်ကြရပြီ။ တနေ့က သတင်းစာမှာ ပါလာတဲ့ ခေတ်သစ်ပြည်သူ့ပါတီဆိုတာ ကြံ့ဖွံ့နဲ့ အတူသွားလာနေကျ တပေါင်းထဲ နေကြတဲ့ ပါတီလို့ အဲဒီနေ့က သိရတယ်'' ဟု ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ၁၉၈ဝ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သော ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုမှ အမည်ပြောင်း ဖွဲ့စည်းသော ပါတီဖြစ်ပြီး၊ ယခုလ ၆ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဖွဲ့ခွင့် လျှောက်တင်ခဲ့ပြီးဖြစ်သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြံ့ဖွံ့အသင်းကို လူမှုရေး လုပ်ဆောင်မည့် အသင်းတခုအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ရာ အသင်းနာယကမှာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်သည်။

ပြည်ခိုင်ဖြိုး အဖွဲ့ဝင်များသည် ဒီပဲယင်း အရေးအခင်းနှင့် ၂၀၀၇ ဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့သည်။