Monday, April 12, 2010

ကြံ့ဖွံ့ထံမှ ငွေမယူဟု ခေတ်သစ် ပြည်သူ့ပါတီ ငြင်းဆို

ရန်ကုန် (မဇ္ဈိမ)။     ။ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခေတ်သစ် ပြည်သူ့ပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းထံမှ ငွေကြေး အထောက်အပံ့ ရယူခြင်း မရှိကြောင်း ပါတီ ခေါင်းဆောင်များက ငြင်းဆိုလိုက်ကြသည်။

ကြံ့ဖွံ့နှင့် ခေတ်သစ်ပြည်သူ့ပါတီ အလွန်သင့်မြတ်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဖြစ်သူ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းနှင့်အတူ လူမှုရေးလုပ်ငန်းများတွင် ပါဝင်နေသဖြင့် ကြံ့ဖွံ့ထံမှ ငွေကြေးအကူ ရနေသည်ဟု ပြောဆိုချက်များအပေါ် ငြင်းဆိုခြင်း ဖြစ်သည်။

"ကျနော်တို့က ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) နဲ့ လူမှုရေးတွေကို ပူးပေါင်းပြီး ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ဘယ်လို အထောက်အပံ့ကိုမှ မယူပါဘူး'' ဟု ခေတ်သစ်ပြည်သူ့ပါတီ၏ ဗဟိုဦးစီးအဖွဲ့ဝင် ဦးအောင်မြင့်က ပြောသည်။

၎င်းတို့အနေဖြင့် ပါတီစီးပွားရေးအဖြစ် အစိုးရထံမှ လေလံဆွဲလုပ်ငန်းမျိုး အပါအဝင် လုပ်ပိုင်ခွင့်ရ လုပ်ငန်းများမှနေ၍ ပါတီအတွက် ရန်ပုံငွေရှာမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

''ခေတ်သစ် ပြည်သူ့ပါတီ အနေနဲ့ အသင်းသားတွေဆီက အသင်းဝင်ကြေးကိုပဲ အဓိကထားပါတယ်။ စေတနာနဲ့ ပုဂ္ဂလိကတွေဆီက အလှူခံပါမယ်။ အခု ပါတီအတွက် ငွေကြေး လုံလောက်မယ်လို့ ထင်ပါတယ်'' ဟု ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်က ပြောသည်။

သို့သော် မြို့တော်ဝန်သည် ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်း၏ တာဝန်ခံဖြစ်ကာ ခေတ်သစ်ပြည်သူ့ပါတီ (ယခင် ခေတ်သစ်သိပ္ပံ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစု) မှ ခေါင်းဆောင်များနှင့် ကြံ့ဖွံ့ လူထုစည်းရုံးရေးဖြစ်သော လမ်းခင်းခြင်း၊ အခမဲ့ ပညာဒါနကျောင်းများ ဖွင့်ခြင်း၊ အခမဲ့ဆေးပေးခန်းများ ဖွင့်ခြင်းတွင် ပါဝင်လုပ်ကိုင်ခဲ့သည်မှာ ပြီးခဲ့သည့် ၂ဝဝ၈ ခုနှစ် မေလ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ မတိုင်ခင်ကပင်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကြ့ဖွံ့အသင်း၏ အဖွဲ့ဝင်များက ပြောသည်။

ရန်ကုန်စည်ပင် ဝန်ထမ်းတဦးက ''အဲဒီထဲမှာပါတဲ့ သူတွေကို သိတယ်။ သူတို့တွေက မြို့တော်ဝန်ပါတဲ့ ကြံ့ဖွံ့နဲ့ လိုက်နေတာ တွေ့တယ်။ ကြည့်ရတာ ပတ်သက်မှုတော့ ရှိနိုင်ပါတယ်။ အခု ပါတီတွေ လျှောက်လွှာတင်ကြရပြီ။ တနေ့က သတင်းစာမှာ ပါလာတဲ့ ခေတ်သစ်ပြည်သူ့ပါတီဆိုတာ ကြံ့ဖွံ့နဲ့ အတူသွားလာနေကျ တပေါင်းထဲ နေကြတဲ့ ပါတီလို့ အဲဒီနေ့က သိရတယ်'' ဟု ပြောသည်။

ခေတ်သစ်ပြည်သူ့ပါတီသည် ၁၉၈ဝ ခုနှစ် အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့သော ခေတ်သစ်သိပ္ပံ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး ကျောင်းတော်သားစုမှ အမည်ပြောင်း ဖွဲ့စည်းသော ပါတီဖြစ်ပြီး၊ ယခုလ ၆ ရက်နေ့က နေပြည်တော်ရှိ ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဖွဲ့ခွင့် လျှောက်တင်ခဲ့ပြီးဖြစ်သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကြံ့ဖွံ့အသင်းကို လူမှုရေး လုပ်ဆောင်မည့် အသင်းတခုအဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ရာ အသင်းနာယကမှာ နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်သည်။

ပြည်ခိုင်ဖြိုး အဖွဲ့ဝင်များသည် ဒီပဲယင်း အရေးအခင်းနှင့် ၂၀၀၇ ဆန္ဒပြပွဲများကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့သည်။

0 comments:

Post a Comment