
အထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့က ဆေးရုံသို့ ခေတ္တသွားရောက်ပြီး နှလုံး စစ်ဆေးမှု ခံယူခဲ့သည်ဟု မြန်မာအစိုးရ အရာရှိတဦးက ပြောသည်။ "ဒေါ်စုကို ရန်ကုန်ဆေးရုံကြီး ခေါ်သွားပါတယ်။ နှလုံး အခြေအနေ စစ်ဆေးဖို့ပါ။ ၄၅ မိနစ် ကြာပါတယ်" ဟု အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည်။
တနင်္ဂနွေညတွင်ပင် နေအိမ်သို့ ပြန်လည် ရောက်ရှိလာသည်ဟု သူက ဆိုသည်။ တခြား အရာရှိတဦးကလည်း ဒေါ်စု ဆေးရုံမှ ပြန်ရောက်လာပြီ ဖြစ်ကြောင်း အတည်ပြုသည်။ အရာရှိ နှစ်ဦးစလုံးက အသေးစိတ် ပြောကြားခြင်း မရှိပေ။
ဒေါ်စု၏ ရှေ့နေ ဦးဉာဏ်ဝင်းက ဒေါ်စု ဆေးရုံကြီးသို့ သွားရောက်ခြင်း မသိရှိပါဟု ဆိုသည်။
ဆေးရုံသို့ ယခုကဲ့သို့ သွားရောက်ခြင်းသည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ဖွယ် ရှိသည်။
အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဒေါ်စုကို ဆရာဝန်တဦးက လစဉ် သွားရောက် စစ်ဆေးလေ့ ရှိသည်။
ပြီးခဲ့သည့် မေလက အင်းစိန်ထောင်တွင် ဒေါ်စု ချုပ်နှောင်ခံနေရစဉ် သူ၏ ကျန်းမာရေးအတွက် "အလွန်အမင်း စိုးရိမ်မိကြောင်း" သူ၏ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြေညာချက် ထုတ်ခဲ့သည်။ ဒေါ်စုသည် ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ထိန်းသိမ်းခံနေရသည့် အချိန်ပေါင်း ၁၄ နှစ် ရှိသည်။ ပြီးခဲ့သည့် လများအတွင်း ကျန်းမာရေး အခြေအနေ ဆိုးရွားခဲ့သည်။
AFP သတင်းဌာန
0 comments:
Post a Comment