Friday, September 10, 2010

အဲဒီ စနစ်အောက်မှာပေါ့ …..


အဲဒီ စနစ်အောက်မှာပေါ့ …..
ကျောင်းသားတွေရဲ့သွေးတွေ စတေးခဲ့ရတယ်…….
 အဖြူနဲ့အစိမ်းတွေ ယိမ်းခဲ့ရတယ်…..။
အဲဒီ စနစ်အောက်မှာပေါ့…….
အနာဂတ်မျိုးဆက်တွေ တောထွက်ခဲ့ရတယ်
တောကြို အုံကြားမှာ ဘ၀တွေခါးသက်ခဲ့ရတယ်….။
အဲဒီစနစ်အောက်မှာပေါ့………..
သံဃာတွေ အသတ်ခံခဲ့ရတယ်
လူမဆန်တဲ့ လူရမ်းကားတွေ အကျိုးအမြတ်ရခဲ့တယ်…..။
အဲဒီစနစ်အောက်မှာပေါ့…….
ပညာရေးတွေ လုံးပါးပါးခဲ့ရတယ်
လူငယ်တွေ အနာဂတ်ပျောက်ခဲ့တယ်
မနက်ဖြန်ဆိုတာတွေ အတွက်ဘ၀တွေ စတေးခဲ့ကြရတယ်……..။
အဲဒီစနစ်အောက်မှာပေါ့………
တစ်ဝမ်း၊တစ်ခါးအတွက် တိုင်းတစ်ပါးထွက်ခဲ့ရတယ်
လူလိုဆက်ဆံမခံရတဲ့ ဘ၀တွေအဖြစ်
ငါတို့တွေ ခေတ်သစ် ကျွန်ဖြစ်ခဲ့ရတယ်………။
အဲဒီစနစ်အောက်မှာပေါ့………….
ပြည်သူ့ဆန္ဒ ဆိုတာကို သေနတ်နဲ့ခြိမ်းခြောက်
ကိုယ့်အခွင့်အရေးဆိုတာ ဘာမှန်းမသိအောင်ကိုဆွံ့အ
ပြောသမျှ ခေါင်းငြိမ့်တတ်ရုံ ဘ၀တွေဖြစ်ခဲ့ရတယ်…….။
အဲဒီစနစ်အောက်မှာပေါ့…………..
မကြေနပ်ရင် အသေသတ်တတ်တဲ့ ဥပဒေတွေနဲ့
ကျီးလန့်မှ စာ စားရတဲ့ဘ၀တွေ အဖြစ်
အနာဂတ်တွေ သေဆုံး……
အတွေးအခေါ်တွေ သေဆုံး….
မျိုးဆက်တွေ သေဆုံး….
ငါတို့အားလုံးဟာ
အဲဒီစနစ်အောက်မှာ ပျောက်ဆုံးနေရတော့မှာလား……..။

(ပဲခူးမြို့မှအသတ်ခံခဲ့ရသောလူငယ်နှစ်ဦးမှသည်ခေတ်အဆက်ဆက်
အသက်ပေးခဲ့ကြသော သူရဲကောင်းအားလုံးသို့……..)
written by ခေတ်သစ်
10.9.2010

မြိတ်မြို့တွင် စက်တင်ဘာလ ၉ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ


Dawei
Dawei Flooting
Dawei
         မြိတ်မြို့တွင် စက်တင်ဘာ ၉ ရက်နေ့ ၊ တော်သလင်းလဆန်း ၁ ရက်နေ့က ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
         မြိတ်မြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သော မြို့သစ်၊ တောဆိပ်၊ အိုးလုပ်ပြင်ကမ်း၊ ထားဝယ်ကမ်း၊ တိုးချဲ့၊ဇေယျာသီရိ (၁)၊ ဇေယျသီရိ (၂)၊ မြိတ်ကမ်းနားဆိပ် စသော နေရာများတွင် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ တော်သလင်းလဆန်း (၁) ရက်နေ့ နံနက် ၁၀ နာရီခန့်က ရေကြီးမှုများ စတင်ဖြစ်ပေါ်ခဲ့ပြီး မြို့သစ်လမ်းမကြီး၊ ထားဝယ်ကမ်း လမ်းမကြီး၊ ပေါစိန်လမ်း၊ မြိတ်ကမ်းနားလမ်း စသော အထင်ကရ လမ်းမကြီးများတွင်ပါ ရေကြီးမှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။''ရေက ၀ါခေါင်လကွယ်ည ၁၀ နာရီကတည်းက စတက်နေလာတယ် ဒါပေမယ့် ဒီနေ့မှပိုပြီး ကြီးလာတယ် ခါတိုင်း ရေနည်းနည်းပါးပါး တက်ပေမယ့် ဒီလိုရေကြီးတာ တစ်ခါမှ မကြုံတွေ့ရသေးပါဘူး လမ်းတွေဆိုရင် ရေကြီးပြီး ဆိုင်ကယ်တွေလည်း ရေ၀င်ပြီး ထိုးရပ်ကုန်ကြတယ် ဒီပုံအတိုင်ဆိုရင် နောက်နှစ်တွေမှာ သတိထားရလိမ့်မယ်''လို့ တိုးချဲ့ရပ်ကွက်မှ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။ တနင်္သာရီမြစ်၊ အိုးလုပ်ပြင်ချောင်း၊ မြိတ်ဆိပ်ကမ်း စသော နေရာများမှ ဒီရေများ လျံတက်လာခြင်း ဖြစ်ကာ ထိုနေ့ နေ့လည်တစ်နာရီခန့်တွင် ရေပြန်ကျသွားကြောင်း သိရသည်။ရေလျံမှု ဖြစ်ပွားခဲ့သော ဒီရေများမှာ ရေငံများဖြစ်ကာ မြန်မာရက်အလိုက် နာရီအပိုင်းအခြား ကွာခြားကာ ရေတက်လာနိုင်သေးကြောင်း သိရသည်။ ဒီရေများမှာ အများအားဖြင့် နေ့ရေထက် ညရေ ပိုကြီးတတ်ကာ လဆန်း ၂ ရက်နေ့တွင်လည်း ထပ်မံ တက်လာနိုင်သောကြောင့် ဒေသခံများက သတိထားကာ ပစ္စည်းများကို ဘေးလွတ်ရာ အမြင့်ပိုင်းများသို့ပြောင်းရွေ့နေရကြောင်း သိရသည်။ ''ဒီရေက ချောင်းတွေ၊ မြောင်းတွေကနေ တဆင့် လမ်းတွေပေါ်ကို လျှံတက်လာတာ ဖြစ်တယ် အဓိက ကတော့ မြောင်းတွေပါပဲ မြောင်းမကောင်းတော့ ရေလမ်းကြောင်းက လမ်းတွေပေါ်ကို လျှံတက်လာတာပဲ ရေတက်တဲ့ အချိန်ကလည်း ကျောင်းလွတ်တဲ့ အချိန်မှာ ဒီရေအမြင့်ဆုံးကို ရောက်နေတော့ ကျောင်းသားကလေးတွေကိုလည်း စိတ်ပူရတယ် တစ်ကယ်တော့ ဒီရေတက်တတ်တဲ့ နေ့တွေဆိုရင် ဒီလိုရပ်ကွက်တွေမှာ ရှိတဲ့ ကျောင်းတွေကို ကြိုပြီး လွတ်လိုက်သင့်တယ် ဒါမှ ကလေးတွေလည်း ဒီရေတက်ချိန်မှာ အိမ်တွေကို ကြိုရောက်နှင့်နေပြီးသား ဖြစ်နေမယ်''လို့ ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်။ မြိတ်မြို့တွင် လပြည့်၊ လပြည့်ကျော်များတွင် ဒီရေတက်မှုများမှာ အနိမ့်ပိုင်း ရပ်ကွက်များသို့ အနည်းနှင့်အများ ၀င်ရောက်တတ်သော်လည်း ယခုကဲ့သို့ ရေကြီးမှုများကို မတွေ့ကြုံရသေးကြောင်း ဒေသခံများက ပြောကြားလျက်ရှိသည်။
 
ရင်းမြစ်။ ။www.first-11.com

အမတ်လောင်းတချို့ကို ကော်မရှင် ခေါ်ယူစစ်ဆေး

နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ စိစစ်နေရာမှာ အမတ်လောင်းတချို့ကို ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုတွေ ရှိနေပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အမတ်လောင်းတဦးဆိုရင် အပယ်ခံရတယ်လို့ သိရပါတယ်။ ဒါအပြင် ပါတီရဲ့အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု ဝင်ရောက် ယှဉ်ပြိုင်မှာကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၈ ရက် မနေ့က အတည်ပြုလိုက်ပေမဲ့ ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံစိစစ်ဦးမှာ ဖြစ်တယ်လို့ ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။

“ခရိုင်အဆင့် စစ်တာ မနေ့က ပြီးသွားတယ်။ မနေ့က ပြီးသွားတော့ သူတို့က ပြဿနာ မရှိဘူးလို့ ပြောပါတယ်။ အဲ ဒါပေမဲ့ အက်စ်ဘီ (ရဲသတင်းတပ်ဖွဲ့) ကနေပြီးတော့ သူက အိမ်လာပြီးတော့ စစ်တယ်။ အဲ အဲဒါ မနေ့ညနေက လာစစ်တာပေါ့။ စစ်တာကတော့ ပတ်စပို့တို့ ဘာတို့ လာစစ်တာပေါ့၊ ပြီးတော့ ဟိုမှာ အခွန်ဆောင်ထားတာ ဟုတ်လား၊ မဟုတ်ဖူးလား ဆိုတာ လာစစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က သူတို့ကို ပြောပြတယ်၊ အခွန်ဆောင်ထားတဲ့အတွက်ကြောင့် ဒီလူသည် ပတ်စပို့လည်း ကိုင်ထားတယ်၊ အဲဒါကြောင့် တရားဝင် ဖြစ်တယ်ဆိုပြီးတော့ သူတို့ကို ပြောတော့ သူတို့က တကယ် အခွန်ဆောင်ထားလား မဆောင်ထားလား ဆိုတာ လာစစ်တယ်။”

ဒေါ်သန်းသန်းနုဟာ မန္တလေးတိုင်း မဲဆန္ဒနယ်မြေတခုရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့အတူ ပြည်ပကို ထွက်ခွာပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

“ကျွန်မ ၆၉ ကတည်းက ကျွန်မ မိဘတွေနဲ့အတူတူ ထွက်သွားတာပါ။ ၆၉ ကတည်းက ထွက်သွားပြီးတော့ နောက်ပိုင်း ကျွန်မ ပြန်ရောက်လာတဲ့အချိန်က ဟိုဒင်းပေါ့ ၂၀၀၃ ခုပေါ့၊ ၂၀၀၃ ခုမှာ အပြီးပြန်လာတာ။ ကျွန်မ အဓိက နေတာကတော့ ပထမပိုင်းနေတာတော့ ထိုင်းနိုင်ငံပေါ့၊ အဲဒီမှာ ၆ နှစ်နေတယ်၊ အဲ နောက်ပိုင်းကတော့ တောက်လျှောက်က ပြန်လာတဲ့အထိ အိန္ဒိယမှာပဲ ကျွန်မတို့ အခြေချပါတယ်။”
ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒေါ်သန်းသန်းနုဟာ ပြည်တွင်းမှာ ၁၀ နှစ် အနည်းဆုံး နေထိုင်သူ ဖြစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ငြိစွန်းနေတယ်လို့ ဆိုပါတယ်။

ရင်းမြစ်။ ။RFA