Friday, August 27, 2010

ဒီမိုကရေစီ သင်ခန်းစာများ

Lessons in Democracy Burmese                                                                      

ပထမဆုံး နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ် စစ်အစိုးရ တည်ဆောက်

စစ်အစိုးရ၏ ပထမဆုံး နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ် (Web Portal) ကို ရွေးကောက်ပွဲ မတိုင်မီ ၂ လ အလို စက်တင်ဘာ လထဲတွင် အများပြည်သူများ သုံးစွဲနိုင်ရန် စတင်ဖွင့်လှစ် သွားမည်ဟု ရတနာပုံ တယ်လီပို့ (YTP) နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

Yatanarpon-Homepage“ရတနာပုံ သတင်း” ဟု အမည် ပေးထားသော ၀က်ဘ် ပေါ်တယ်၏ လိပ်စာမှာ www.yatanapon.com.mm ဖြစ်ပြီး ယခုအခါ တည်ဆောက်ပြီး၍ စမ်းသပ်ကာလ အဖြစ် သတ်မှတ်ထား သောကြောင့် အများပြည်သူများ ၀င်ရောက် ကြည့်ရှု၍ မရသေးကြောင်း သိရသည်။

အဆိုပါ ၀က်ဘ် ပေါ်တယ်လ်တွင် သတင်းအချက် အလက်များကို ရှာဖွေ၍ရသော Search Engine ပါဝင်ပြီး အသုံးပြုသူများ အနေဖြင့် သတင်း အချက်အလက် များကို ရတနာပုံ Data Base ဖြင့် လည်းကောင်း၊ တခြား အင်တာနက် Search Engine များတွင် လည်းကောင်း မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။

စစ်အစိုးရသည် ရတနာပုံ ၀က်ဘ်ပေါ်တယ်ကို အခြေခံပြီး ပြည်တွင်း ပြည်ပမှ အင်တာနက်အသုံးပြုသူ မြန်မာများ ခေတ်မီ၍ ပြီးပြည့်စုံသည့် Online ၀န်ဆောင်မှုများ ပေးနိုင်ရန်၊ စီပွားရေးလုပ်ငန်းရှင်များ အတွက်လည်း Online မှ တဆင့် ထုတ်ကုန်များ ဈေးကွက်အတွင်းသို့ လျင်မြန်စွာ ပျံနှံ့ ရောက်ရှိစေရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်နှင့် သတင်းကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဗဟုသုတကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ စသည့် ကဏ္ဍပေါင်းစုံမှ အသိပညာ ဗဟုသုတများ၊ သတင်း အချက်အလက်များ စုစည်းရာ နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ် အဖြစ်တည်ထောင်သွားရန် ဟူ၍ ရည်ရွယ်ချက် ၃ ချက် ချမှတ် တည်ဆောက်ခြင်း ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့မှ ဝန်ထမ်းတဦးက ပြောသည်။

“လောလောဆယ် အချက်အလက်တွေ ပံ့ပိုးပေးမယ့် ကမ္ဘာအရပ်ရပ်က တခြား Search Engine ၁၄ ခုလောက်က ရတနာပုံ တယ်လီပို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့် အဲဒီလူတွေက ဘယ်သူတွေလဲ ဆိုတာတော့ ကျနော်တို့ ထုတ်ပြောခွင့်မရှိပါဘူး” ဟု ရတနာပုံ ၀က်ဘ်ပေါ်တယ် စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသူ တဦးက ဆိုသည်။

ဧရာဝတီမှ နမူနာ လက်ခံရရှိခဲ့သော ရတနာပုံသတင်း ၀က်ဘ်ဆိုဒ်၏ အင်တာနက် စာမျက်နှာအရ အဓိကပါဝင်သော ကဏ္ဍများမှာ သတင်း၊ အားကစား၊ ဖျော်ဖြေရေး၊ နည်းပညာ၊ စီးပွားရေး၊ နေထိုင်လှုပ်ရှားမှုဘ၀ပုံစံ၊ နိုင်ငံရေး တို့ ပါဝင်ပါသည်။

ထို့အပြင် ရတနာပုံ သတင်း ၀က်ဘ်ပေါ်တယ်တွင် Yahooကဲ့သို့ အခမဲ့ အီးမေးလ်နှင့် မက်ဆင်ဂျာ ပါရှိပြီး ဘလော့ဂ်၊ ဖိုရမ် ကဲ့သို့သော လူမှုရေးကွန်ယက် ကဏ္ဍလည်း ထည့်သွင်းထားသည်။

အွန်လိုင်းမှ ဈေးဝယ်ခြင်း၊ ဘဏ်လုပ်ငန်းလုပ်ကိုင်ခြင်း စသည့် ၀န်ဆောင်မှုများလည်း ပေးသွားရန် စီစဉ်ထားကြောင်း ရတနာပုံ တယ်လီပို့ ၀န်ထမ်းက ဆိုသည်။

သို့ရာတွင် အီးမေးလ် လုံခြုံမှုနှင့်ပတ်သက်၍မူ ရတနာပုံဝက်ဘ်ပေါ်တယ် အနေနှင့် တာဝန်ယူမှု မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အီးမေးလ်လုံခြုံမှုနဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အခုထိ ကျနော်တို့မှာ ၀န်ထမ်းခန့်ထားတာ မရှိသေးပါဘူး။ ရှိတဲ့ဝန်ထမ်းတွေကိုလည်း သင်တန်းပေးထားတာမျိုး မရှိသေးပါဘူး။ အခမဲ့ အီးမေးလ်ကိုလည်း ဘယ်လောက် ဂစ်ဂါ ဘိုက် ပေးမယ်ဆိုတာ စဉ်းစားတုန်းပါပဲ” ဟု သူက ဆိုသည်။

စစ်အစိုးရ ကြောထောက်နောက်ခံ ပေးထားသော ၀က်ဘ်ပေါ်တယ် အနေနှင့် GoogleYahooMSN စသည်တို့က ပေးထားသော အခမဲ့ အီးမေးလ်များ၊ ဘလော့ဂ်များနှင့် ဖိုရမ်များကဲ့သို့သော ပြည်ပ အင်တာနက် ၀န်ဆောင်မှုများကို ပြည်သူလူထုက အားကိုးနေခြင်းကို လျှော့ချပြီး အစိုးရ၏ အင်ထရာနက် ကွန်ယက်ထဲတွင်သာ သုံးစွဲကြရန် ဆွဲဆောင်သွားခြင်း ဖြစ်နိုင်သည်ဟု ပြည်ပအခြေစိုက် ၀က်ဘ်မာစတာ တဦးက ထောက်ပြဝေဖန်သည်။

အဆိုပါ ၀က်ဘ်မာစတာက “အစိုးရရဲ့ အထောက်အပံ့ရတော့ ဒီဝက်ဘ်ပေါ်တယ်က မြန်မာပြည်မှာ အကြီးဆုံးဖြစ်လာနိုင် စရာရှိပါတယ်။ ဒါပေမယ့် လူသိများတဲ့ www.planet.com.mm တို့လို ဆိုက်မျိုးကို ကျော်တက်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့” ဟု ဆိုသည်။

စစ်အစိုးရသည် တခြားသော ကမ္ဘာ့သတင်း ၀က်ဘ်ဆိုက်များကို ပြည်သူလူထု မကြည့်ရှုနိုင်စေရန် ပိတ်ပင်ထားစဉ် ရတနာပုံ သတင်း ၀က်ဘ်ဆိုက်ကို လွှင့်တင်မည် ဖြစ်သည်။ လေ့လာသူများက ရတနာပုံ သတင်း ၀က်ဘ်ပေါ်တယ်ကို ဖွင့်လှစ်ပြီး နောက်ပိုင်းတွင် ပိတ်ထားသော တခြားဝက်ဘ်ဆိုက်များကို ပြန်လည်ဖွင့်ပေးရန် ဖြစ်နိုင်ခြေ အလွန်နည်းသည်ဟု သုံးသပ်ကြသည်။

YTP ၀န်ထမ်းက “YTP အပေါ် ယုံကြည်မှု မလျော့နည်းရအောင် ကျနော်တို့ လူကြီးတွေကို တင်ပြနေပါတယ်။ ဒီ  ၀က်ဘ်ပေါ်တယ်ရဲ့ အဓိက ရည်ရွယ်ချက်က အဲဒါတွေ လျော့နည်းသွားအောင်လို့ပါ။ ဥပမာ အင်တာနက် မြန်နှုန်းကိစ္စလည်း ပါပါတယ်” ဟု ပြောသည်။

ကမ္ဘာ့သတင်းဌာနကြီးများဖြစ်သည့် အေပီ၊ အေအက်ဖ်ပီနှင့် အေဘီစီ စသည့် သတင်းဌာနများမှ နိုင်ငံတကာသတင်းများကို ရတနာပုံ သတင်းစာမျက်နှာပေါ်တွင် တင်ရေးအတွက် ကမ္ဘာ့သတင်းဌာနများနှင့် သဘောတူညီမှုယူရန် အစီအစဉ်ရှိ မရှိ မေးမြန်းကြည့်ရာ “နိုင်ငံတကာသတင်းတွေ တင်ဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီလို သဘောတူညီမှုမျိုးတော့ စစချင်းမှာ ရှိဦးမှာ မဟုတ်ဘူး” ဟု YTP ဝန်ထမ်းက ဖြေပါသည်။

ရတနာပုံ သတင်း ၀က်ဘ်ပေါ်တယ်အကြောင်းကို ရန်ကုန်မြို့ တပ်မတော်ပြခန်းတွင် သြဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပသော “Lifestyle & Car Expo 2010” ပြပွဲတွင် အများပြည်သူကို စတင် မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ နိုင်ငံအဆင့် ၀က်ဘ်ပေါ်တယ်ကို ယခုလောလောဆယ်တွင် မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထိန်းချုပ်ထားပြီး နောက်ပိုင်းတွင် ရတနာပုံ တယ်လီပို့ကို လွဲပြောင်းပေးမည်ဟုလည်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌာနသည် ရတနာပုံ ဆိုက်ဒ်ဘာ စီးတီးရှိ လုပ်ငန်းအားလုံး၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကုမ္ပဏီများက ပိုင်ဆိုင်သည်။

အဓိကရင်းနှီးမြုပ်နှံထားသော ပုဂ္ဂလိကကုမ္ပဏီများထဲတွင် ထိပ်သီး စီးပွားရေးသမား ဦတေဇပိုင် E-lite Tech လည်း ပါဝင်သည်။

ရတနာပုံ တယ်လီပို့သည် ပြည်တွင်းရှိ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ကောလိပ်များမှ ကျောင်းဆင်းလာသူများကို ၀န်ထမ်းအဖြစ် စုဆောင်းခဲ့ပြီး ၎င်းတို့သည် တယ်လီပို့ရှိ အဆောက်အအုံ ၇ လုံးတွင် အလုပ်လုပ်ကိုင်နေကြပါသည်။

ရတနာပုံတယ်လီပို့ကို စစ်အစိုးရက မလေးရှားနိုင်ငံမှ နည်းပညာကုမ္ပဏီတခု၏ အကူအညီဖြင့် တည်ဆောက်ခဲ့သည်ဟု သိရသည်။

ရင်းမြစ်။ ။ဧရာဝတီ

ဂျီမေးလ်မှ ဖုန်းခေါ်နိုင်ပြီ၊ အမေရိကန်၊ ကနေဒါ အခမဲ့ဖြစ်၊ မြန်မာနိုင်ငံသို့ တစ်မိနစ် ၃၅ ဆင့်ကျမည်


အင်တာနက် Search engine (ရှာဖွေရေး အင်ဂျင်) ကုမ္ပဏီများအနက် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီနှင့် လူသုံးအများဆုံး အခမဲ့ ဂျီမေးလ်ဝန်ဆောင်မှု ပေးသည့် ဂူးဂဲလ် Google သည်လည်း VOIP စီးပွားရေးနယ်ပယ် သို့ယနေ့မှ စတင်ဝင်ရောက်ပြီ ဖြစ်သည်။
          ဂူဂဲလ် ကုမ္ပဏီသည် ယမန်နေ့မှ စတင်စမ်းသပ်သုံးစွဲနေပြီး ယနေ့ တရားဝင်ဖွင့်လှစ် ကြေညာလိုက်သည့် ဂူးဂဲလ်၏ ၀န်ဆောင်မှု အသစ်တွင် မိမိ၏ ဂျီမေးလ် အကောင့်မှ နိုင်ငံအသီးသီးရှိ ကြိုးဖုန်း (landline phone)၊ မိုဘိုင်းဖုန်းများသို့ ခေါ်ဆိုနိုင်မည်ဖြစ်သည်။ ယခုစတင်လိုက်သည့် ၀န်ဆောင်မှု အသစ်ဖြင့် အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ခေါ်ဆိုနိုင်မည် ဖြစ်ပြီး အခြားနိုင်ငံ အသီးသီးသို့ ခေါ်ဆိုမှုနှုန်းထားများကိုမူ ဂူးဂဲလ်ဝက်ဆိုက်  https://www.google.com/voice/rates   တွင်ကြည့်ရှုနိုင်သည်။
 မြန်မာနိုင်ငံရှိ ဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ် ၃၅ ဆင့်(ကျပ် ၃၅၀ ၀န်းကျင်) ကျသင့်မည်ဖြစ်သည်။ စင်္ကာပူသို့ခေါ်ဆိုလျင် ၂ဆင့်(၂၀ ကျပ်ဝန်းကျင်) သာကျသင့်မည်ဟု သိရသည်။
          ယခုဝန်ဆောင်မှုကို သုံးစွဲလိုပါက ရှေးဦးစွာ မိမိဂျီမေးလ် စဖွင့်သည့်အခါ  ၀န်ဆောင်မှု အသစ်ကို သုံးစွဲလိုခြင်းရှိမရှိ မေးမြန်းသည့် မေးခွန်းပေါ်လာမည်ဖြစ်သည်။ ထို မေးခွန်းမေးသည့် new! make phone call from Gmail အားကလစ်လုပ်ပြီးနောက် ဂျီမေးလ်၏  voice and video chat ဆော့ဝဲကိုအင်စတောလ် လုပ်ရမည် ဖြစ်သည်။ အင်စတောလ် လုပ်ပြီးနောက်တွင် အင်တာနက် ဘရောက်ဆာအား တကြိမ်ပိတ်ပြီး ပြန်ဖွင့်သည်မှ စတင်ကာ သုံးစွဲနိုင်ပြီဖြစ်သည်။
          ယခု ဂျီမေးလ် အင်တာနက်ဖုန်းမှ ရန်ကုန်ရှိဖုန်းသို့ ခေါ်ဆိုကြည့်သည့်အခါ +17607058888 အ၀င် နံပါတ်ဖြင့် ဖုန်းမြည်လာသည်ကို တွေ့ရသော်လည်း မိမိ၏ မေးလ်အကောင့်ထဲတွင် ငွေမဖြည့်ထားသည့် အတွက် ယခုလောလောဆယ် ပြောဆိုမရသေးဟု ရန်ကုန်မြို့မှ သုံးစွဲသူ တစ်ဦးကပြောသည်။
          အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး ကြိုးဖုန်း၊ မိုဘိုင်းဖုန်းများဆီသို့ ခေါ်ဆိုသည့် နည်းပညာကို voice over internet protocol VOIP ဟုခေါ်ဆိုပြီး လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုအတွင်း တရှိန်ထိုးကြီးထွားလာရာ ယခုအခါ ရန်ကုန်မြို့တွင် စင်္ကာပူ အခြေစိုက် Pfingo အင်တာနက်ဖုန်းဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ခေါ်ဆိုသည့် ၀န်ဆောင်မှုကို အင်တာနက်ဆိုင် အများစုက ၀န်ဆောင်မှုပေးလျက်ရှိကြသည်။
နိုင်ငံအပေါ်မူတည်ပြီး အနည်းဆုံး တစ်မိနစ်ကို ကျပ် ၅၀မှ အများဆုံးကျပ် ၅၀၀ အထိပေးရသော်လည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဖုန်းဖြင့် ပြည်ပသို့ခေါ်ဆိုလျင် တစ်မိနစ် အနည်းဆုံး ကျပ် ၉၀၀မှ အများဆုံးကျပ် ၄၅၀၀ အထိကျသင့်မည် ဖြစ်သည်။ VOIP စနစ်ဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှုများ ပေါ်လာပြီးနောက် ပြည်ပသို့ မြန်မာ့ဆက်သွယ်ရေး ဖုန်းဖြင့်ခေါ်ဆိုမှု မရှိသလောက် နည်းသွားသည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
Pfingo အင်တာနက် ဖုန်းစနစ်ကဒ်ဖြည့်သွင်းမှုကို ယခင်က စင်္ကာပူနိုင်ငံ သို့မဟုတ် အွန်လိုင်းမှ ငွေပေးချေနိုင်သော်လည်း ယခုအခါ ကြိုတင်ငွေပေးကဒ်များအား ရန်ကုန်မြို့ကွန်ပျူတာပစ္စည်း ရောင်းချသည့် ဆိုင်များတွင်လည်း ၀ယ်ယူရရှိနိုင်ပြီဖြစ်သည်။ စင်္ကာပူ ၁၂ ဒေါ်လာတန် Pfingo ကဒ်တစ်ကဒ်ကို ကျပ်ငွေ ၈၇၀၀ ဖြင့်ရောင်းချလျက်ရှိသည်ဟု သိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း အင်တာနက်သုံးစွဲမှု ပျံ့နှံ့လာခြင်းနှင့် အတူ VOIP စနစ် ပေါ်ပေါက်လာခြင်းကြောင့် ကမ္ဘာ့အနှံ့မှ တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီကြီးများ၏ ၀င်ငွေသိသာစွာ လျော့ကျသွားခဲ့ရပြီး အဆိုပါကုမ္ပဏီကြီးများ ရေရှည်ရပ်တည်ရေးအတွက် နည်းလမ်းရှာကြံလျက်ရှိကြသည်။   
ဘန်ကောက်မြို့တွင် နေထိုင်သည့် ဗြိတိန်နိုင်ငံသား ကုမ္ပဏီဝန်ထမ်းတစ်ဦးက  မိသားစုရှိရာ အင်္ဂလန်သို့ ဖုန်းဆက်သွယ်ရန် ယခင် တစ်လလျင် ဒေါ်လာ ၁၀၀မှ ၁၅၀ ထိသုံးစွဲခဲ့ရသော်လည်း အင်တာနက်နှင့် VOIP ပေါ်ထွက်လာပြီးနောက်တွင် အင်တာနက် ဆက်သွယ်မှု အဖိုးအခမှ လွဲ၍ ဖုန်းဆက်သွယ်မှု အတွက် တပြားတချပ်မျှ သုံးစွဲစရာ မလိုတော့ဟုပြောဆိုသည်။ 

ရင်းမြစ်။ ။မိုးမခ

အရပ်သားလွှတ်တော်၊ ဘောင်းဘီဝတ် ဥပဒေနှင့် ဒီမိုကရေစီ ဗလုံးဗထွေးဆီသို့

       “အာဏာပိုင်တွေဟာ မိမိတို့သဘောမကျတဲ့ ရွေးကောက်ပွဲရလဒ်ဆိုရင် လျစ်လျူရှုလိုက်၊ လိုချင်တဲ့ရလဒ် ဖြစ်လာနိုးနိုး၊ ရွေးကောက်ပွဲအသစ်တွေ ကျင်းပလိုက်တဲ့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ ကစားရာရောက်ပါလိမ့်မယ်” ဒေါ်အောင်ဆန်းစုကြည် (၁၉၉၈ ခုနှစ်၊ မေလ ၂၈ ရက်)

(က)
သြဂုတ်လ ၁၃ ရက်နေ့က ၂ဝ၁ဝ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာချက်အမှတ် ၈၉/၂ဝ၁ဝ နှင့် ကြေညာချက်ကို စစ်အုပ်စုမှ ထုတ်ပြန်လိုက်ပြီဖြစ်သည်။ ဆိုင်းမဆင့် ဗုံမဆင့်ပင်။ ၈၅ ရက်ခွာကာ ကြေညာလိုက်သော ရွေးကောက်ပွဲသည် မည်မျှတရားမျှတမှုရှိမည်၊ မည်မျှလွတ်လပ်မှုရှိမည်ကို မည်သူမျှ ကံသေကံမ,မတွက်ချက်နိုင်သေး။

သို့သော်လည်း တရားမျှတမှု အရှိဆုံးနှင့် အကြမ်းဖက်မှု အကင်းဆုံးဟုဆိုခဲ့သည့် ၁၉၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အား ယခု ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ချေဖျက်ကာ စစ်တပ်ကြီးစိုးသောလွှတ်တော်ကို နိုင်ငံတကာအသိအမှတ်ပြုစေရန် စစ်အုပ်စုက ကြံဆောင်နေခြင်းဖြစ်သည်ကိုမူ ငြင်း၍မရချေ။

နှစ်,နှစ်ဆယ်ကျော်ကြာ ပြတ်လပ်နေခဲ့ရသည့် ရွေးကောက်ပွဲအား ပြည်သူတို့လိုလားတောင့် တသော်လည်း စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအား အပြည့်အဝယုံကြည်၍မရနိုင်။ မြန်မာပြည်သူလူထုသည် တရားမျှတပြီး လွတ်လပ်သည့် ဒီမိုကရေစီအစိုးရကို လိုလားတောင့်တနေသည်မှာ အချိန်ကာလအားဖြင့် အတော်အတန် ကြာမြင့်ပြီ ဖြစ်သည်။

(ခ)
“ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအနေဖြင့် မိမိတို့ကိုအုပ်ချုပ်မည့်သူများကို ရွေးချယ်ပိုင်ခွင့် (သို့မဟုတ်) ငြင်းပယ်ပိုင်ခွင့်ဟူသည့် အခွင့်အလမ်းကို ရရှိစေခြင်းပင်ဖြစ်လေသည်” ဟူသည့် စကားတခွန်းရှိခဲ့သည်။ ဒီမိုကရေစီအတွက် ရွေးကောက်ပွဲသည် မရှိမဖြစ်။ သို့သော် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ရှိရန်သည် အလွန်အရေးကြီးသည်။

နှစ်,နှစ်ဆယ်ကျော်ကျော် နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား အသွယ်သွယ်ကို ဘိုးဘွားပိုင်အမွေသဖွယ်  ဖက်တွယ်ထားသည့် စစ်အုပ်စုသည် ဖြစ်နိုင်လျှင် အာဏာအား မည်သူ့မျှ မပေးလို။ တိုင်းပြည်အား “အဖေသေ၊ သားနန်းရ” စနစ်မျိုးအတိုင်း အမျိုးတော် အဆွေတော်တို့ဖြင့် စဉ်ဆက်မပြတ် လက်ဝါးကြီးအုပ်ထားလိုသည်မှာ ဆိုဖွယ်ရာပင်မရှိ။

အလုပ်လက်မဲ့ထူပြောလှသော တိုင်းပြည်တွင် ပြည်သူသည် စစ်အုပ်စု၏ ရွေးကောက်ပွဲအား စိတ်ဝင်စားဟန် မပြ။ တက်လာသည့်အစိုးရများအနေဖြင့် သူတို့၏လွတ်လပ်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး ပေးနိုင်ရန်သာ အရေးကြီးသည် ဟုဆိုသည်။ ထို့ကြောင့် မည်သည့်အစိုးရပင်ဖြစ်ဖြစ် သူတို့အတွက် အရေးမကြီး။ အရေးကြီးသည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ဆုံးရှုံးနေရသည့် သူတို့အခွင့်အရေးများကို ဖန်တီးပေးနိုင်မည့် အစိုးရတရပ်ဖြစ်ဖို့သာ အရေးကြီးသည်။

အများအစုအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် လွတ်လပ်မှုမရှိသော တိုင်းပြည်သည် အနှစ်၊ နှစ်ဆယ်ကျော်လုံးလုံး အာဏာရှင်တစု၏ ထင်သလို ခြယ်လှယ်မှု လက်အောက်တွင် စိစိညက်ညက် ကျေနေခဲ့ပြီမှာ ဆိုဖွယ်ရာပင်မရှိ။ အနှစ်,နှစ်ဆယ်ကျော်အတွင်း ပြည်သူလူထုကြီး၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးအတွက် ထိရောက်သည့် ဖွံ့ဖြိုးရေးလုပ်ဆောင်ချက်များကို တွန်းတွန်းတိုက်တိုက် လုပ်သည်ဟူ၍မတွေ့ရ။

ထိုနေရာများတွင်သုံးစွဲရမည့် စားရိတ်များအား စစ်တပ်အခိုင်အမာ တည်ဆောက်ရေးနှင့် စစ်လက်နက် ဝယ်ယူစုဆောင်းရေးဘက်တွင် အိတ်သွန်ဖာမှောက် အပြည့်အဝ အသုံးပြုခဲ့သည်။ ကိုယ်တိုင်ကိုယ်ကျ မလုပ်ဆောင်သော်လည်း  လုပ်ဆောင်နေသည့်သူများအား ဟန့်တား နှောင့်ယှက်ရန်အတွက်မူ စစ်အုပ်စုသည် ဝန်လေးခြင်းမရှိ။

ယခု စစ်အုပ်စု ကျင်းပပေးမည့်ရွေးကောက်ပွဲအား မည်သည့် “တရားမျှတမှုပေတံ”မျှနှင့်ပင် တိုင်းကြည့်ရန်မလို။ ထင်ထင်ရှင်းရှင်းပင် တွေ့နိုင်မြင်နိုင်သည်။ စစ်အုပ်စုပုံဖော်နေသည့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့် ပျက်ပြားဦးမည်ဆိုသည်မှာ၂ဝဝ၈ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့်ပင်သိမြင်ပြီး ဖြစ်သည်။

(ဂ)

မြန်မာနိုင်ငံတွင် လူဦးရေ ၅၉  သန်းရှိသည့်အနက် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲပေးနိုင်သည့်သူမှာ သန်း ၃ဝ ခန့် ရှိသည်ဟူသော ထုတ်ပြန်ချက်တွင် စစ်အုပ်စု၏ ထောက်တိုင် ပါတီကြီးဖြစ်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းမှ အမည်ပြောင်းထားသော ကြံဖွံ့ပါတီ၏ ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ စက်မှု ၁ ဝန်ကြီးက ရွေးကောက်ပွဲတွင် မဲတဝက်ကျော်ဖြင့် ကြံ့ဖွံ့ပါတီ အပြတ်အသတ်နိုင်မည်ဟု ကြွေးကြော်ထား၏။

တဘက်မှလည်း သူလိုကိုယ်လို ပါတီတခုက ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းသည်ကို ဝိုင်းဝန်း၍ ရိုက်နှက်လိုက်ကြပြန်သည်။ ပါတီအလံ၊ တံဆိပ်၊ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးပစ်ပြန်သည်။ ရွေးကောက်ပွဲတခုအတွက် အပြိုင်အဆိုင်စည်ရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည့် ပါတီအများသည်ပင် ကျောထောက်နောက်ခံ မတူညီသည့်အတွက် အခွင့်မတူ၊ အာဏာမတူ။

၂ဝဝ၃ ဒီပဲယင်းလုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခဲ့ပြီး နာမည်ဆိုးဖြင့်ကျော်ကြားလာသည့် ကြံ့ဖွံ့၏နာယက အကြီးအကဲသည်လည်း စစ်တပ်ထိပ်သီး အကြီး၊အကဲပင်။ အသင်းမှ ပါတီဖြစ်လာပြီးနောက်ပိုင်းတွင်လည်း ဦးစီးဦးဆောင်တို့သည် “ဗိုလ်” မှ “ဦး” သို့ ပြောင်းလဲ နာမည်ခံထားသူများသာဖြစ်သည်။

ပို၍ဆိုးသည်မှာ ကြံ့ဖွံ့ပါတီ နိုင်ငံတော်စရိတ်ဖြင့် စည်းရုံးရေးဆင်းနေသည်ကို ကျန်ပါတီများက မနှစ်မြို့နိုင်။ လက်မခံနိုင်။ ဖြစ်လည်း မဖြစ်သင့်သည့် အဖြစ်ပင်။ ကြံဖွံ့ပါတီမှ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနေချိန်တွင် တခြားသောပါတီ သုံးဆယ်ကျော်၊ လေးဆယ်ခန့်တို့မှာ ငွေကြေးအခက်အခဲနှင့် အချိန်အကန့်အသတ် များကြားတွင် စစ်အုပ်စု၏ နှောင့်ယှက်မှုများကိုပါ ခံနေရသည်။

ကိုယ်စားလှယ်တဦးလျှင် ၅ သိန်းဟူသော ငွေပမာဏသည် တိုင်းပြည်တွင်း ရှာဖွေရသည်မှာ ထင်သလောက် မလွယ်ကူ။ ပါတီ၏ အာဘော်၊ အမြင်နှင့် လေ့လာစရာသတင်း အချက်အလက်တို့ကိုပင် ကိုယ်စားလှယ်လောင်း ရွေးချယ်ဆန္ဒအတည်ပြုပေးမည့် ပြည်သူထံသို့ လွတ်လပ်စွာထုတ် ဖော်ပြသခွင့်မရ။ အားလုံးအကန့် အသတ်များဖြင့်သာ။

အတိုက်အခံတို့၏လှုပ်ရှားမှုကို သည်းခံလေ့မရှိသည့်နိုင်ငံတွင် တပါတီအာဏာရှင်စနစ် ထွန်းကားနေသည်မှာ မဆန်း။ သို့သော် ပြည်သူအား မမေ့သင့်။ အစိုးရမှနေ၍ ပြည်သူဟူ၍ ပေါ်ပေါက်လာသည်မဟုတ်။ ပြည်သူထံမှသာ အစိုးရဖြစ်ထွန်းလာခြင်းဖြစ်သည်။ ထိုအရာ အား အာဏာရှင်တို့ မမေ့သင့်။

(ဃ)

စစ်အုပ်စုပုံဖော်နေသော ကန့်သတ်ချက်များလွန်းလှသည့် အခြေခံဥပဒေသည် သူတို့အတွက်မူ ကန့်သတ်ချက်မရှိ။ အတားအဆီးမရှိ။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်တွင်လည်း အာဏာမရှိ။ အထက်က ညွှန်ကြားချက်ကို စောင့်ဆိုင်းရင်းဖြင့်သာ အလုပ်,လုပ်နေရသည်။ မည်သည့်နိုင်ငံ၊ မည်သည့်ဒီမိုကရေစီ အစိုးရတရပ်တွင်မှ တွေ့ရ၊ ကြားရခြင်းမရှိသည့် လုပ်ရပ်ဖြစ်သည်။  အမှန်တကယ်တွင် စစ်အုပ်စုသည် ပြည်သူ့သာယာဝပြောရေးကို လျစ်လျူရှု့ကာ ဒီမိုကရေစီအရေကို ခြုံလွှမ်းရန် ကြိုးစားနေခြင်းသာဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် နိုင်ငံတကာအသိအမှတ်ပြု မူတခုပြောင်းလဲလိုက်ခြင်း မျှသာဖြစ်ပြီး၊ လူကမူ ပြောင်းလဲခြင်းရှိမည်မဟုတ်သည်မှာ စစ်ဘက်မှအရပ်ဘက်သို့ ပြောင်းလဲလိုက်သည့် စစ်ဗိုလ်ချုပ်ကြီးများက သာဓကဖြစ်သည်။

အနှစ်,နှစ်ဆယ်ကျော် တရားမဝင်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည်၏သံယံဇာတတို့ ကွယ်ပျောက်ကုန်သလို၊ တတ်သိပညာရှင်များလည်း ယိုစိမ့်ခဲ့ရသည်။ ပြည်တွင်းစစ်မီး တောက်လောင်မှု အောက်တွင် ပြည်သူအပေါင်းတို့ ဒုက္ခပေါင်းစုံကို ခါးစည်းခံခဲ့ရသလို အလုပ်အခွင့်အလမ်း ဖန်တီး မပေးနိုင်မှုတွင် လုပ်အားရင်းမြစ်များ ဆုံးရှုံးခဲ့ရသည်။ နိုင်ငံရေးအကျဉ်းသားများပြဿနာ၊ တိုင်းရင်းသား ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ လူကုန်ကူးမှုပြဿနာတို့ဖြင့် စစ်အုပ်စု အုပ်စိုးသည့်တိုင်းပြည်သည် ပြဿနာတို့ဖြင့်သာ ပိုမိုကျဉ်းထဲကျပ်ထဲ ရောက်ခဲ့ရသည်။

စစ်အုပ်သည် ထိုအရာများကို မသိမဟုတ်။ သိပါသည်။ မသိကျိုးနွံကျွန် ပြုနေခြင်းသာဖြစ်သည်။ “ဘယ်သူ သေသေ၊ ငတေမာရင်ပြီးရော” ဟူသော စိတ်ဓာတ်ဖြင့် စစ်အုပ်စုသည် ကမ္ဘာမီးလောင် သားကောင်ချနင်းကာ နိုင်ငံတကာအလယ် မျက်နှာပြောင်တိုက်ဝံ့ခဲ့သည်။

နိုင်ငံသားတိုင်းနှင့် ဆက်စပ်နေသည့် နိုင်ငံ့အရေးသည် ပြည်သူတို့၏ နေ့စဉ်ဘဝများနှင့် တနည်းတဖုံ ဆက်စပ်လျှက်ရှိသည်။ ပြည်သူ့အရေးကို ပြည်သူသာလျှင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထိုသည်များကို စစ်အုပ်စုက ဆက်လက်လျစ်လျူရှုနေဦးမည်ဆိုလျှင်၊ စစ်ဗိုလ် တမတ်သားပါ အရပ်သား လွှတ်တော်အတွက် ဘောင်ဘီးဝတ်ရင်း ရေးဆွဲထားသည့်ဥပဒေသည် ပြည်သူလူထုအား ဒီမိုကရေစီကို ဗလုံးဗထွေး ရေရွတ်ပြမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။



ရင်းမြစ်။ ။ mazzimaburmese.com