Wednesday, March 24, 2010

ဖက်ဆစ်တော်လှန်ရေး၊ Force - ၁၃၆ … ဗိုလ်ချုပ်အောင်ဆန်းနှင့် ကြေးနန်းနှစ်စောင်


(၂ဝ၁ဝ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သို့…..)

(က)
ပထမတွင် ….ဖက်ဆစ်တော်လှန်ရေးကြီးအား မတ်လ ၂၅ ရက်နေ့တွင် စတင်ရန် ဗိုလ်ချုပ်အောင်ဆန်းက သတ်မှတ်ထား၏။

သို့သော်…. အင်္ဂလိပ်စစ်တပ်များအား ခုခံတိုက်ခိုက်ရန်၊ ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်ကို၊ ‘စစ်အမိန့်’ ထုတ်ပြန်ပေးခဲ့သည့်အတွက် …ပထမ သတ်မှတ်ထားခဲ့သောရက်အား ပြင်ဆင်ခဲ့ကြရသည်။ မတ်လ ၂၅ ရက်မှ…. ဧပြီလ ၂ ရက်နေ့သို့ ပြောင်းလဲလိုက်၏။

တော်လှန်မည့်နေ့ ‘ဒီ ဒေး’ အပြောင်းအလဲရှိသကဲ့သို့ …စစ်တိုင်း ၁ ၏ စစ်ရေးခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင် အပြောင်းအလဲများလည်း ရှိ၏။

မတ်လ ၂၅ ရက်နေ့တွင်မူ ….. တပ်မတော်နှင့် တော်လှန်ရေးအား ဆန့်ကျင်ပြီး ဂျပန်တို့နှင့် ပူးပေါင်းလိုသည့် ဗိုလ်မှူးရန်နိုင် (ရဲဘော်သုံးကျိပ်ဝင်၊ ဒေါက်တာ ဘမော်၏ သားမက်) ၏ သတင်းပေးမှုကြောင့် ဂျပန်စစ်ဘက်ဌာနက သိရှိသွားပြီး တပ်မတော်၏ လှုပ်ရှားမှုများအား အရေးယူစုံစမ်းလာ၏။ ပဲခူးရှိ တိုင်း ၄ တွင် လက်နက်များသိမ်းယူမည်အထိ အခြေစိုက်လာ၏။ ဤတွင် ….. တပ်မတော်အနေနှင့် ဖက်ဆစ်တော်လှန်ရေးအား လက်ဦးမှုရယူနိုင်ရန်အတွက် …. တော်လှန်ရေးစတင်မည့် ရက်နှင့် အချိန်အား အရေးပေါ်ပြောင်းလဲသတ်မှတ်လိုက်ရ၏။ ဖက်ဆစ်တော်လှန်ရေးကြီး စတင်မည့် နေ့ရက်…

‘ဒီ-ဒေး’ ကား …၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်….။ စတင်မည့်အချိန် ‘န-နာရီ’ က … ၁၉းဝဝ နာရီ…။

(ခ)
၁၉၄၅ ခုနှစ် ၊ မတ်လ ၃၁ ရက်…။
မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာ…လယ်တဲ…။

ဗိုလ်ချုပ်အောင်ဆန်း၏ ဗဟိုစစ်ဦးစီးဌာနချုပ်အား ကံမမြို့နယ် ပုဏ္ဍားရွာတွင် အခြေစိုက်ထားပြီး၊ ဗိုလ်မှူးအောင်၏ တိုင်း ၇ တိုင်းစစ်ဌာနချုပ်က …. မင်းတုန်းမြို့နယ် ကစွန်းမြောင်ရွာအနီးရှိ လယ်တဲငယ်တခုတွင် ယာယီအခြေပြုထားသည်။ ပုဏ္ဍားရွာနှင့် ကစွန်းမြောင်ရွာများက ခြေလျင်ခရီးနှင့် ၄ မိုင် ခရီးမျှသာဝေး၏။

ဖက်ဆစ်တော်လှန်ရေး မစတင်မီကတည်းမှပင် ဆင်းမလားရောက် ဗြိတိသျှများနှင့် ဖဆပလ သည် အဆက်အသွယ် ရရှိထားခဲ့၏။ ဖက်ဆစ်တော်လှန်ရေးအတွက် အိန္ဒိယရှိ သခင်သိန်းဖေ (စာရေးဆရာ သိန်းဖေမြင့်) ၏ အဆက်အသွယ်ဖြင့် ဖဆပလ နှင့်  Force - ၁၃၆ အကြား စစ်ရေးအရ အပြန်အလှန် ဆက်သွယ်မှု ရှိနေ၏။ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး တပ်သားများအား Force - ၁၃၆ မှ လေထီးနှင့် ဖက်ဆက်တော်လှန်ရေး စစ်တိုင်းကြီးများတွင် ချပေး၏။ စစ်တိုင်းများအားလုံးတွင်မူ မဟုတ်…။ ဗိုလ်မှူးအောင်၏ တိုင်း ၇ တွင် ရှိ၏။ သခင်သန်းထွန်း၊ ကိုဗဟိန်းတို့ အခြေပြုထားသည့် ပဲခူးရိုးမအရှေ့ခြမ်းတွင် ရှိ၏။ မြစ်ဝကျွန်းပေါ်ရှိ တိုင်း ၂ တွင် ရှိ၏။ တိုင်း ၂ တွင်က …. သခင်စိုးနှင့် ဗိုလ်မှူးကြီးနေဝင်းတို့ တာဝန်ယူကြ၏။ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် ဗဟိုစစ်ဦးစီးဌာနချုပ်တွင်က မရှိ….။ တိုင်း ၇ နှင့်တွဲ၍ သုံးရသည်။

မတ်လ ၃၁ ရက်နေ့၊ နံနက်မှာပင် ဗိုလ်ချုပ်တို့ တိုင်း ၇ စစ်ဌာနချုပ်ရှိရာ မင်းတုန်းမြို့နယ်၊ ကစွန်းမြောင်ရွာအနီးရှိ လယ်တဲတခုသို့ ရောက်ရှိလာကြ၏။ ဗိုလ်ချုပ်နှင့်အတူ…. ဗိုလ်မှူးမင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်) ဗိုလ်မှူးထွန်းအုံ (မြူနီစပယ်မင်းကြီး၊ အငြိမ်းစား)၊ ဗိုလ်မှူးစမိုက် (ဗိုလ်မှူးကြီး လှအောင်) ၊ ဗိုလ်မှူးဖိုးကွန်း (ပြည်သူ့ရဲဘော်၊ အငြိမ်းစား၊ ဆိုဗီယက်သံအမတ်ကြီး) တို့လည်း လိုက်ပါလာကြသည်။

တပေါင်းနွေ၏ မွန်းတည့်နေက ပူပြင်းလွန်းလှ၏။ အပူရှိန်ကြောင့် သက်ကယ်မိုးသည် တဖျစ်ဖျစ်နှင့် မြည်နေ၏။ ညိုခြောက်နေသည့် ရိုးပြတ်တောအား ဖြတ်၍တိုက်ခတ်လာည့်လေကား…. လေပူ….။ တဲအရှေ့ရှိ လက်ပံပင်အိုညီနောင်က တပင်လုံး အပွင့်နီနီရဲရဲများနှင့် အနီရောင် ချယ်ထား၏။ လေပူအဝှေ့ကြောင့် လက်ပံပွင့်တို့က လေဟုန်စီး၍ မြေသို့ ဝဲ၍ …ဝိုက်၍ သက်ဆင်းနေကြ၏။ မြေပြင်ပင်ရင်းတွင်လည်း ရဲရဲ…။

တဲအတွင်း၌က …. ဗိုလ်ချုပ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးထွန်းအုံ၊ ဗိုလ်မှူးမင်းခေါင်နှင့် သခင်တင်မြတို့ ထိုင်နေကြ၏။ ဗိုလ်ချုပ်သည် Force - ၁၃၆ ၏ တပ်ဖွဲ့မှူးမှ သူ့ထံသို့ ပေးပို့လိုက်သည့် ကြေးနန်စာအား ဖတ်နေသည်။ ကြေးနန်စာအား ဖတ်ရင်း ဗိုလ်ချုပ်သည် ‘ဟန်းကော’ အတွင်းမှ ရေနွေးကြမ်းပူပူအား တခွက်ပြီး တခွက် သောက်၍နေ၏။ ကြေးနန်စာအား ဖတ်နေသည့် ဗိုလ်ချုပ်၏ မျက်နှာသည် …. တင်းမာမှုများနှင့် …။ တင်းမာနေသော ဗိုလ်ချုပ်၏မျက်နှာက …. တည်တည်ငြိမ်ငြိမ်ပင် …ဒေါသမထွက်…။

(ဂ)
Force - ၁၃၆ က (ဖဆပလ) အား ဖက်ဆစ်တော်လှန်ရေးတွင် သူတို့၏ ပြောက်ကျားတပ်၊ သတင်းပေးအဆင့်နှင့်သာ ဆက်ဆံချင်၏။ ဖက်ဆစ်ဝင်ရိုးတန်း အင်အားစုအား စစ်ရေးအရ မဟာမိတ်ပြု၍၊ တော်လှန်တိုက်ပွဲဝင်နေသည့် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့တပ်မတော်အဖြစ် (ဖဆပလ) အပေါ် သဘောမထားလို..။ ပြီးလျှင် … လေထီးနှင့် ချပေးထားသည့်၊ ကြိုးမဲ့ကြေးနန်းဆက်သွယ်ရေး စက်များကိုလည်း Force - ၁၃၆ နှင့်သာ ဆက်သွယ်ရမည်။ အခြားစစ်တိုင်းများနှင့် အချင်းချင်း မဆက်သွယ်ရဟူ၍ ကန့်သတ်ထား၏။ လက်နက်နှင့် ခဲယမ်းမီးကျောက်များအား ဖက်ဆစ်တော်လှန်ရေးအတွက် လေထီးနှင့် ချပေးမည့် အစီအစဉ်ကိုလည်း ဖက်ဆစ်တော်လှန်ရေးကြီး စတင်သည့် အချိန်အထိ မချသေး…။ ဤတွင် … တိုင်း ၇ ၏ ဒုတိယစစ်ရေးခေါင်းဆောင် ဗိုလ်မှူးစိန်မှန် ပေါက်ကွဲလေ၏။ မဟာမိတ်တပ်မျာအား ‘ငါ ’ နှင့် ကိုင်တုတ်ဖူး၏။

“ဒီမအေပေးတွေဆီက လက်နက်မရရော ဂျပန်ကို မတိုက်နိုင်တော့ဘူးလား။ ရှိတဲ့လက်နက်နဲ့ ဂျပန်တွေ ဖင်သနီလန်ကုန်အောင် တိုက်ပြမယ်။ ဂျပန်တင်မကဘူး ဒင်းတို့ကိုပါ တိုက်ပြမယ်။ … နယ်ချဲ့သမားတွေ”

ဗိုလ်ချုပ်သည် ကြေးနန်းစာအား အပြန်ပြန်အလှန်လှန် ဖတ်၏။ ပြီးလျှင် …. အနီးတွင် ထိုင်နေသည့် ဗိုလ်မှူးစိန်မှန်အား…။
“ကဲ… အားလုံးကြားရအောင် ဒီကြေးနန်းကို ဗိုလ်စိန်မှန်က ဖတ်ပြလိုက်စမ်းပါ”…ဟု ဗိုလ်ချုပ်က လက်အတွင်းမှ ကြေးနန်းစာအား ဗိုလ်မှူးစိန်မှန်သို့ လှမ်း၍ပေး၏။

ကြေးနန်စာက ….မတ်လ ၃၁ ရက်နေ့တွင် တိုင်း ၇ စစ်ဒေသသို့ ဗိုလ်ချုပ်တို့ ရောက်ရှိနေသည့် အကြောင်းအား Force - ၁၃၆ သို့ ဗိုလ်ချုပ်ကိုယ်တိုင် အကြောင်းကြားခဲ့သည့် ကြေးနန်းစာအပေါ် Force - ၁၃၆တပ်ဖွဲ့မှူးမှ ဗိုလ်ချုပ်ထံသို့ အကြောင်းပြန်လာသည့် ကြေးနန်းစာ ဖြစ်သည်။ ဗိုလ်မှူးစိန်မှန်က ….ဗိုလ်ချုပ်လှမ်းပေးသည့် ကြေးနန်အား အသံမြှင့်၍ ဖတ်ပြ၏။

“Major General Aung San (Self Styled)”…
“မေဂျာဂျင်နရယ်ဟု မိမိကိုယ်မိမိ ဘွဲ့ပေးထားသူ အောင်ဆန်း…”

ဗိုလ်မှူးစိန်မှန်သည် ကြေးနန်းစာ၏ ပထမတကြောင်းအား ဖတ်ပြီး… ဆက်၍ မဖတ်။ ရပ်လိုက်၏။ ပြီးလျှင် …. ဒေါသနှင့် …။

“ဒါဟာ ကျနော်တို့ကို စော်ကားတာပဲ ဗိုလ်ချုပ်။ ဒီကောင်တွေ လူပါးကို ဝတယ်။ ကျနော်တို့ကို သူတို့ရဲ့ ကျွန်တွေပဲလို့ ထင်နေတုန်းပဲနဲ့ တူတယ်”

အားလုံးက … Force - ၁၃၆ ၏ ကြေးနန်းတွင် ရေးထားသည့် ပထမဆုံးစာကြောင်းကြောင့်၊ မခံမရပ်နိုင်ဖြစ်၍ နေကြ၏။ မကျေနပ်ကြ…။

“ဗိုလ်ချုပ်ကို ဒီလို အမည်တပ်ရေးတာဟာ ဗိုလ်ချုပ်ကို ပုဂ္ဂိုလ်ရေးအရ စော်ကားကာတာတင် မဟုတ်ဘူး။ ကျနော်တို့ရဲ့ တော်လှန်ရေးကိုရော…။ တမျိုးသားလုံးကိုပါ စော်ကားရာကြတာပဲ”။ သခင်တင်မြက ဝင်ပြော၏။

“ ကဲပါလေ ဆုံးအောင်ဖတ်ပြီးမှ ထင်မြင်ချက် ပြောကြတာပေါ့။ ဆက်ဖတ်စမ်းပါ”

ဗိုလ်ချုပ်က …စကားစအား ဖြတ်၍ ဆက်ဖတ်ရန် အမိန့်ပေး၏။ ဗိုလ်မှူးစိန်မှန်သည် အံတတြိတ်ကြိတ်နှင့် ကြေးနန်းအား ဆက်၍ဖတ်၏။

“သင့်ထံမှ ကြေးနန်းကို လက်ခံရရှိသည်။ လက်ဖတင်နယ်ကာနယ် ကရူးအား ဖြူးအနောက်တွင် လေထီးနှင့် ချပေးပြီး ယခု သခင်သန်းထွန်းနှင့် အတူရှိနေသည်။ A.F.O နှင့် ပူးတွဲဆောင်ရွက်မည့် တပ်ဖွဲ့ Force - ၁၃၆ မှ အရာရှိအားလုံးကို ကာနယ်ကရူးက အုပ်ချုပ်လိမ့်မည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် A.F.O လက်အောက်ရှိ သင်အုပ်ချုပ်နေသော လက်နက်ကိုင်တပ် အားလုံးသည် မဟာမိတ်စစ်ဌာနချုပ်၏ စစ်အမိန့် ညွှန်ကြးချက်များကို လိုက်နာဆောင်ရွက်သင့်သည်။ သင်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော မင်းဘူး၊ မကွေး၊ သရက်ဒေသများရှိ သင်တို့၏ လက်နက်ကိုင်တပ်များသည် ဂျပန်များကို ထိရောက်စွာ တိုက်နိုင်မည်မဟုတ်။ သို့ကြောင့် ဤဒေသရှိ သင်၏ တပ်များကို ပြည်၊ သာယာဝတီ၊ အင်းစိန် မီးရထားလမ်းတလျှောက်သို့ အမြန်ဆုံး ပြောင်းရွှေ့၍ မဟာမိတ်စစ်ဌာနချုပ်၏ ညွှန်ကြားမှုအောက်တွင် ဂျပန်ကို စစ်ဆင်ရန် ဖြစ်သည်။ သင်၏ တပ်များအားလုံး ထိုဒေသသို့ ရောက်ပါက ကျွန်ုပ်တို့ထံမှ ဆက်သွယ်ရေးအရာရှိများနှင့် လိုအပ်သော ဆက်သွယ်ရေး ကိရိယာများကို လေထီးဖြင့် ချပေးမည်။ သင်တို့ လိုအပ်သော လက်နက်ခဲယမ်း၊ ဆေးဝါးနှင့် စစ်ပစ္စည်းများ ထောက်ပံ့ရေးကို ဆက်သွယ်ရေးအရာရှိများက ဆောင်ရွက်ပေးလိမ့်မည်။ သင်၏ သဘောထား အကြောင်းပြန်ပါ”

ကြေးနန်းက ဤတွင် ဆုံးပြီ….၊  အားလုံး၏ ရင်အတွင်းမှ ဒေါသမီးအပူက … တပေါင်းနွေနှင့် အပြိုင်…။ ဗိုလ်ချုပ်သည် သူ၏ တပ်မှူးများအား ဝေ့၍ကြည့်ပြီး…. တည်တည်ငြိမ်ငြိမ်နှင့်ပင် စကားအား ဆို၏။

“ဒီမှာ ကိုယ်တို့ ဂျပန်ကို ထချတာဟာ သူတို့အလိုကို လိုက်လျောဖို့၊ သူတို့က အသိအမှတ်ပြုတာကို ရချင်လို့ မဟုတ်ဘူး။ တိုင်းပြည်လွတ်လပ်ရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်အဖြစ် ကိုယ်တို့ ဆန္ဒအလျောက် ဂျပန်ကို ထတော်လှန်ကြတာပဲ။ အဲဒီတော့ သူတို့က ကိုယ်တို့ကို အသိအမှတ်မပြုချင်၊ လေးလေးစားစား မဆက်ဆံချင်လည်း ပြဿနာမဟုတ်ပါဘူး။ ကိုယ်တို့အဖို့ ပြည်သူလူထုကို စည်းရုံးနိုင်သလောက် ပြည်သူလူထုနဲ့အတူ ဂျပန်ကို ချနိုင်သလောက် ကမ္ဘာက ကိုယ်တို့ရဲ့ ကြိုးပမ်းမှုကို အသိအမှတ် ပြုလာမှာပဲ။ ဒီအင်္ဂလိပ်တွေကိုလည်း သိပ်မမျှော်လင့်နဲ့။ သူတို့ဟာ နယ်ချဲ့သမားတွေဆိုတာလည်း မမေ့နဲ့။ ကဲ .. သူတို့ဆီကို ကိုယ်တို့ရဲ့ သဘောထား အမြန်ဆုံး ပြန်ပို့ရမယ်။ အဲဒီကြေးနန်း အခုပဲ ရေးလိုက်မယ်”

ဗိုလ်ချုပ်၏ စကားဆုံးသည်နှင့် တဲအတွင်း၌ ခဏငယ်မျှ တိတ်ဆိတ်၍သွား၏။ ဗိုလ်ချုပ်သည် ‘ဟန်းကော’ အတွင်းမှ ရေနွေးကြမ်းပူပူအား ငှဲ့၍ သောက်၏။ ပြီးလျှင် …. စာရွက်လွတ်တရွက်ပေါ်၌ ကြေးနန်းစာအား ချ၍ရေး၏။

“မှ
မေဂျာဂျင်နရယ်အောင်ဆန်း
စစ်ခေါင်းဆောင်
ဖ တ ပ လ အဖွဲ့ချုပ်
မြန်မာနိုင်ငံ။

သို့
စစ်သေနာပတိ
မဟာမိတ် စစ်ဌာနချုပ်
အရှေ့အာရှတောင်ပိုင်း

သင်တို့ထံမှ ပေးပို့သော…. နေ့စွဲပါ ကြေးနန်းကို ရရှိပါသည်။ ဂျပန်အား ထိရောက်စွာ တိုက်ခိုက်ရေးအတွက် မင်းဘူး၊ မကွေး၊ သရက် ဒေသများရှိ ကျွန်ုပ်တို့ တပ်များအားလုံး ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများသို့ ပြောင်းရွှေ့၍ စစ်ဆင်တိုက်ခိုက်ပါ ဟူသော သင်တို့၏ အကြံပေးချက်ကို လက်မခံနိုင်ပါ။ ပြည်၊ သာယာဝတီ၊ အင်းစိန် ဒေသများတွင် ကျွန်ုပ်တို့ အုပ်ချုပ်မှုအောက်ရှိ ဗမာ့အမျိုးသားတပ်မတော်မှ တပ်ရင်းအချို့နှင့် ပြောက်ကျားတပ်အချို့ တပ်ဖြန့်စစ်ဆင်လျက်ရှိပါသည်။ ဖ တ ပ လ အဖွဲ့ချုပ်မှ ချမှတ်ထားသော စစ်ဆင်ရေး အစီအစဉ်အတိုင်း ဂျပန်ဖက်ဆစ်များကို ကျွန်ုပ်တို့ တပ်များက တိုက်ခိုက်ရင်း သင်တို့၏ မဟာမိတ်တပ်များနှင့် စစ်မျက်နှာများတွင် ပူးတွဲတိုက်ခိုက်သွားလိုသည်။

သို့ကြောင့် မြန်မာနိုင်ငံပေါ်မှာ ဖက်ဆစ်ဂျပန်များကို ထိရောက်စွာ စစ်ဆင်တိုက်ခိုက်ရေးအတွက် လိုအပ်သော စစ်ရေးအစီအစဉ်များကို သင်တို့နှင့် ညှိနှိုင်းရေးဆွဲရန် သင်တို့ထံမှ ဆက်သွယ်ရေးအရှာရှိ တယောက် ကျွန်ုပ်ထံ အမြန်ပို့ပေးစေလိုသည်။ လောလောဆယ်အားဖြင့် သင်တို့ ပေးမည်ဟု ကတိပြုထားသော လက်နင်ခဲယမ်းနှင့် ဆေးဝါးစစ်ပစ္စည်းများကို ကျွန်ုပ်တို့ ညွှန်ပြသည့် နေရာများသို့ အမြန်ဆုံး ချပေးစေလိုသည်။

လက်နက်ခဲယမ်းကို အမြန်ဆုံး လေထီးနှင့်ချပေးရမည့်တပ်များနှင့်ဒေသမှာ
(၁) ဗိုလ်ကြီးစိန်ဝင်း ခေါင်းဆောင်သော တပ်ရင်း ၆ ၊ မင်းတုန်းအရှေ့ဒေသ။
(၂) ဗိုလ်ကြီးစန်းယု ခေါင်းဆောင်သော တပ်ရင်း ၂ ၊ မင်းတုန်း ပတ်ဝန်းကျင်ဒေသ။
(၃) ဗိုလ်ကြီးမိုးညို ခေါင်းဆောင်သော စက်မှုလက်မှု တပ်ရင်း၊ မင်းဘူးဒေသ။
(၄) ဗိုလ်မင်းလွင် အုပ်ချုပ်သော တိုင်း ၇ ဌာနချုပ်၊ ကင်းတပ်ခွဲ
အမြန်အကြောင်းပြန်ပါ။ ဗိုလ်ချုပ်သည် သူ၏ကြေးနန်းအား အဆုံးသတ်လိုက်၏။
လေအသွေ့ကြောင့်….တဲအရှေ့ရှိ လက်ပံပင်ညီနောင်မှ လက်ပံပွင့်တို့က …. လေဟုန်စီး၏။ ဝေလည်း ရဲရဲ….။ ကြွေလည်း ရဲရဲ…..။

“… ရင့်ကြွေ ညောင်းသည်
ရွက်ဟောင်း စွန့်ပစ်၊ ဘဝသစ်သို့
သနစ်ပြောင်းမည်၊ ဖူးသစ်မိသည်
အနီထဲမှ ကြယ်ဖြူပွင့် … ”

(ဒဂုန်တာရာ၏… မတ်လတော်လှန်ရေးကဗျာမှ)

အညွှန်း။          ။ သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (ဆဋ္ဌမတွဲ)

မင်းဟန် 
Wednesday, 24 March 2010 12:51

ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4996:-force-----&catid=3&Itemid=4

အမှန်တရားကို မြတ်နိုးပါ၏။ သို့သော် …

ကျမက စာတတ်ပုဂ္ဂိုလ် မဟုတ်ဘူး။ (၈) တန်းကတည်းက အိမ်မှာ စက်ချုပ်သင်ပြီး ငွေရှာခဲ့ရတာပါ။ (၁၆) နှစ်မှာ ယောက်ျားရတယ်။ နိုင်ငံရေးဆိုတာ ဘာမှန်းမသိဘူး။ ဒါပေမယ့် ကျမ အိမ်ထောင်ကျတာ နိုင်ငံရေးသမားနဲ့တဲ့။ အဲလို စပြီးသိရတဲ့အချိန်က ကျမယောက်ျားကို နေ့ခင်းကြောင်တောင်ကြီး မေးမြန်းစရာရှိလို့ စခန်းကို ခဏလိုက်ခဲ့ပါဆိုပြီး ရဲဝတ်စုံလည်း မပါတဲ့သူတွေက ခေါ်သွားတာပဲ။ ညနေမိုးချူပ်တဲ့အထိ ပြန်မလာတဲ့ ယောက်ျားကို ကျမ စိတ်ပူလာတယ်။

ဒီတော့ သူတို့ပြောတဲ့ စခန်းဆိုတာကြီးကို မေးမြန်းပြီး လိုက်သွားရတာပေါ့။ ဟိုရောက်တော့ သူ့ကို မတွေ့ရဘူး။ စစ်ဆေးတာ မပြီးသေးလို့ဆိုပြီး ကျမကို ပြန်လွှတ်လိုက်တယ်။ ရက်ကွက်ထဲက လူတွေကလည်း သို့လော၊ သို့လောပေါ့။ ကျမကလည်း ကျမယောက်ျား မကောင်းတာ ဘာလုပ်ထားသလဲဆိုတာ သိချင်တယ်။ နောက်ပိုင်း တိုးတိုး တိုးတိုးနဲ့ ပြန်ကြားတာကတော့ ကျမ ယောက်ျားက နိုင်ငံရေးသမားတဲ့။ သောင်းကျန်းသူတွေနဲ့ ဆက်သွယ်လို့ ဖမ်းဆီးသွားတာတဲ့။

သူ့ကို နေ့တိုင်း ဘယ်မှာရှိလဲဆိုပြီး စခန်းကို သွားမေးမြန်းစုံစမ်းနေတဲ့ ကျမက မသိရဘဲ သူများတွေရဲ့ တီးတိုးသံကတဆင့် ကြားရတော့ ကျမ ယုံရခက်ကြီးဖြစ်ရတာပေါ့။ သူတို့ရဲ့ ခဏကလည်း (၂) လလောက်ရှိသွားပြီ။ ဘယ်မှာထားလို့ ဘယ်မှာစစ်မှန်းကို မသိရဘူး။ စခန်းမှာ သွားမေးတိုင်းလည်း စိတ်မပူပါနဲ့ ညီမလေး၊ သူ့ကို မေးမြန်းနေတာ မပြီးသေးလို့၊ ပြီးရင် ပြန်လွှတ်မှာပါတဲ့။ ဒီလိုနဲ့ (၂) လလောက်ကတော့ ကျမ မျက်ရည်နဲ့ မျက်ခွက်လေ။

ကျမမှာ သားတယောက်၊ သမီးတယောက်ရှိတယ်။ အသက်က (၁) နှစ်စီပဲကွာတာ။ အခုမှ သားအကြီးက (၃) တန်း၊ သမီးအငယ်က (၂) တန်းလေ။ ကျမက စက်ချုပ်တာလေးတတ်တော့ သူတို့ဖခင်မရှိတုန်း စက်ချုပ်ကျွေးရတာပေါ့။ နောက်ပိုင်းတော့ သူ ထောင် (၇) နှစ်ကျသွားတယ်။ ထောင်အမိန့်ကျခါနီးမှ ကျမ သူ့ကိုတွေ့ရတာ။ ဒီတော့ ကျမလည်း သူ့ကို အခွင့်အရေးရတုန်း ရှင် ဘာတွေလုပ်ထားတာလဲဆိုပြီး မေးရတာပေါ့၊ သူကတော့ ခပ်တည်တည်နဲ့ ကျမကို ပြောတယ်။ ငါ အမှန်တရားတွေ လုပ်ထားတာကြောင့် အခုလို အဖမ်းအဆီးခံရတာတဲ့။ ဘုရားရေ … ဒီလိုပဲ ကျမ အသံထွက် အာမေဍိတ်သံပြုမိတယ်။ ဟုတ်တယ်လေ စဉ်းစားကြည့်၊ ဥပဒေဆိုတာ အမှန်တရားရှိတဲ့သူတွေအတွက်ဆိုတာ စာကောင်းကောင်းမတတ်ပေမယ့် ဘ၀ပေးအခြေအနေအရ ကျမ နားလည်နေတယ်။ ခုတော့ ဘယ်လိုလဲ။

ကျမက ရပ်ကွက်ထဲက တီးတိုးကြားရတဲ့ စကားတွေကို သူ့ကို ပြန်မေးကြည့်တယ်။ အဲဒါ ဟုတ်လားလို့ မေးတော့ ကြုံရာပြောတာတွေကို နားထောင်မနေနဲ့တဲ့။ ကျမကလည်း သူ့ စကားကို တသက်လုံး နားထောင်ပြီးနေခဲ့တာ၊ အားကိုးချစ်ခင်ပြီး လက်ထပ်ခဲ့တာ၊ ဒီတခါလည်း သူပြောတာကိုပဲ ကျမ လက်ခံယုံကြည်လိုက်ရတယ်။ သူက ကျမကို ထောင်ထဲဝင်ခါနီးမှာ သူ့အမေတွေနဲ့ ကျမကို သွားနေဖို့ မှာခဲ့တယ်။ သူ့မိဘတွေကလည်း ကျမကို သူတို့နဲ့အတူနေဖို့ လာခေါ်တယ်။ ကျမ ငြင်းမရပါဘူး။ ဘာကြောင့်လဲဆို ကျမ တယောက်တည်း လုပ်ကိုင်ကျွေးမွေးနိုင်ရင်တောင် ပတ်ဝန်းကျင်အမြင်မှာ (၇) နှစ် ထောင်ကျနေတဲ့ ယောက်ျားနဲ့ ကွဲနေရတာကြောင့် ဆိုတဲ့ အမြင်တွေနဲ့ ဆက်ဆံမှုတွေကို ကျမ ခံနိုင်မှာမဟုတ်ဘူး၊ အဲဒါတွေကိုလည်း ကာကွယ်ချင်သလို ကလေးတွေအတွက် အသိုင်းအ၀ိုင်းနဲ့ အားမငယ်စေချင်တဲ့ စိတ်ကြောင့်ပေါ့။

ဒီလိုနဲ့ ကျမယောက္ခမတွေအိမ်ကို ရောက်သွားတယ်။ သမီးနဲ့ သားကိုလည်း ယောက္ခမတွေက ၀ိုင်းထိန်းပေးတယ်။ ကျမလည်း တတ်နိုင်သလောက် စီးပွားရှာရတာပေါ့။ ကျမအသက်က အဲဒီအချိန်မှာ (၂၄) နှစ်ကျော်ပဲရှိသေးတယ်။ (၁၆) နှစ်မှာ အိမ်ထောင်ကျသွားတာလေ။ နုနုနယ်နယ်ရှိသေးတဲ့ ကျမ ကလေးနှစ်ယောက်အမေ ဆိုပေမယ့် ကာလသားတွေရဲ့အကြည့်က ကြောက်စရာပဲ။ ဒီတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့နေရင်း ယောက္ခမတွေကြားမှာ တင့်တယ်အောင် စီးပွားရှာရတယ်။ သူများ အပြောခံရမှာလည်း ကြောက်တယ်။ ကျမယောက်ျားက ပြောတယ်၊ မင်း လင်ပူမိသလိုမနေနဲ့၊ မင်းယောက်ျား အမှန်တရားအတွက် အလုပ်လုပ်တာ၊ မင်းဘာမှ စိတ်ညစ်စရာမလိုဘူး၊ မြန်မာပြည်မှာ အမှန်တရားလုပ်တဲ့သူတွေအတွက်က ထောင်ပဲရှိတယ်တဲ့၊ မင်း ပုံမှန်နေတတ်သလိုပဲ ဆက်နေပါတဲ့။ ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့၊ သားသမီးတွေကိုသာ သေချာထိန်းသိမ်းပါတဲ့။ မိဘတွေစကား နားထောင်ပါတဲ့။

သူပြောတာတွေထဲမှာ အမှန်တရားကြောင့် ထောင်ကျတယ်ဆိုတာကို ကျမ နားမလည်ပေမယ့် စောဒကတော့ မတက်ရဲဘူး။ မတက်ချင်ဘူးဆို ပိုမှန်လိမ့်မယ်။ ဘာကြောင့်လဲဆို သူ့ပုံစံက မျက်ကွင်းတွေကျ၊ အသားတွေ ညစ်စပ်စပ်နဲ့ တဖြည်းဖြည်း ပိန်လှီလာတာကို တွေ့နေတော့ ကျမ အမေးအမြန်းတွေကြောင့် သူ စိတ်ညစ်သွားမှာစိုးလို့ပါ။ ထောင်ဝင်စာ တခါတွေ့ရဖို့ကလည်း လွယ်တာမဟုတ် (မလွယ်ဘူးဆိုတာ ငွေမပေးနိုင်လို့) ငွေပေးနိုင်ရင်တော့ ထောင်ဝင်စာ ကြိုက်သလောက်တွေ့နိုင်၊ ရနိုင်တာပေါ့။ အောက်လမ်းနည်းတွေ ရှိတယ်လေ။ ကျမလည်း သူထောင်ကျပြီး (၂) နှစ်လောက်မှ သိရတာ။ ကျမစိတ်တွေ လေးလံနေတာပါပဲ။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ကျမ ဖုံးကွယ်ထားရမယ်။

မနက်လင်းတာနဲ့ ရေမိုးချိုး၊ အလှပြင်၊ မီးပူထိုးထားတဲ့ အ၀တ်ကိုဝတ်ပြီး အလုပ်စလုပ်တယ်။ သားသမီးတွေ ကျောင်းသွားဖို့ ပြင်ဆင်ပေးပြီး ကျောင်းပို့၊ ပြီးတာနဲ့ မုန့်ဟင်းခါးတပန်းကန်နဲ့ လက်ဖက်ရည်တခွက်သောက်ပြီး ကျမ စက်စချုပ်လိုက်တာ နေ့ခင်းဘက် ထမင်းစားချိန်မှ နားတော့တာပဲ။ နေ့လယ်တနပ်ကိုလည်း မုန့်ဟင်းခါးတခွက်နဲ့ ထမင်းနဲ့စား၊ ဒါမှမဟုတ် ခေါက်ဆွဲသုတ်နဲ့ စားပြီး၊ စက်ချုပ်လိုက်တယ်။ ညနေစောင်းကလေးတွေ ကျောင်းဆင်းချိန်မှ နားတယ်။

ယောက္ခမတွေနဲ့ အိမ်အတူနေပေမယ့် စီးပွားရေးရော၊ စားသောက်မှုတွေကိုပါ ပေါင်းမထားဘူး၊ သီးသန့်ပဲ။ သားသမီးတွေကတော့ ထောင်ကျသားသမီးဆိုပြီး အားငယ်ကြတယ်။ ကျမလည်း သိပ်နားမလည်ပေမယ့် သားသမီးတွေကို သူ့အဖေပြောတဲ့ လေသံအတိုင်း သမီးနဲ့သား၊ ဘာမှစိတ်မညစ်နဲ့ မင်းတို့အဖေက အမှန်တရားအတွက် ထောင်ကျတာ၊ ခိုးမှုတို့ လိမ်ညာမှုတို့အတွက် ထောင်ကျတာမဟုတ်ဘူးလို့ ပြောပြထားတယ်။ ကလေးတွေကတော့ ကျမလိုပဲ နားလည်ပုံမရပေမယ့် တိတ်တိတ်ကလေးပဲနေတယ်။

ယောက္ခမတွေကတော့ ကျမကို အကာအကွယ်ပေးသလို အကူအညီလည်းပေးတယ်။ အိမ်အတွက် စီးပွားရေးလုပ်တဲ့ ကျမ ငွေတွေအကုန်လုံး စုထားရုံပဲ။ ယောက္ခမတွေက သားသမီးတွေကို ကျောင်းထားပေးတယ်။ ကျွေမွေးပြုစုတယ်။ ကျမအတွက် အသုံးစရိတ်ကို ကျမ ငြင်းပေမယ့် မရဘူး၊ ပေးတယ်။ ဒါကြောင့် ကျမ ရတာက စုငွေ သက်သက်ပဲ။ ငွေအရင်းအနှီးလေး များလာတော့ ငွေတိုးပါချစားတယ်။ ဒီထဲမှာ ထောင်ဝင်စာကို အပတ်တိုင်း သွားတွေ့ဖို့အတွက်တော့ ငွေပုံမှန်စုရတယ်။ ယောက်ျားကလည်း ဆေးလိပ်သာမသောက်တတ်တာ၊ ဆေးလိပ် မှာတယ်။ အစားအသောက်ကိုလည်း သူ့အတွက် တပတ်စာလုပ်ထားပေမယ့် သူကတော့ မလောက်ဘူးတဲ့၊ များနိုင်သမျှ များအောင်လုပ်ခိုင်းတယ်။

အစကတော့ ကျမ မမေးဘူး၊ ဒါပေမယ့် နောက်ပိုင်း မနေနိုင်တာနဲ့ ကျမလည်း မေးလိုက်တော့ ထောင်ထဲမှာ ငါတယောက်တည်းမဟုတ်ဘူး၊ ငါ့လိုလူတွေ အများကြီးပဲ၊ သူတို့အိမ်ကတွေက ထောင်ဝင်စာပို့နိုင်တာ မဟုတ်ဘူး၊ ဒီတော့ သူတို့တွေအတွက်ပါ ငါမှာတာ၊ မင်းယောက်ျား ဆေးလိပ်မသောက်တတ်ပေမယ့် ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေက အများကြီးတဲ့။

ကျမလည်း အိမ်ပြန်ရောက်တော့ တွေးမိတယ်။ သြော် … အမှန်တရားအတွက် လုပ်တဲ့သူတွေ ထောင်ကျနေတာ အများကြီးပေါ့။ ဒါဆို အမှန်တရားဆိုတာ ဘာကြီးလဲ ဘာလုပ်တာလဲ ကျမသိချင်တယ်။ ဒါပေမယ့် မလေ့လာအားဘူး။ တရက်တရက် ကလေးတွေအတွက်နဲ့ ငွေရှာဖို့အတွက် အပတ်တိုင်း၊ ထောင်ဝင်စာတွေ့နိုင်ဖို့အတွက် လုံးပန်းနေရတာ သာရေးနာရေးတောင် မရောက်အားသလောက်ပဲ။ နာရေးကိုတော့ ကျမသွားဖြစ်အောင် သွားနိုင်ဖို့ ကြိုးစားတယ်။ ကျမ မိဘတွေက မှာထားတယ်။ နာရေးဆိုတာ မသွားမဖြစ်ကိစ္စတဲ့။ ငယ်ငယ်ကတည်းကနေ အိမ်မှာလည်း အမြဲတမ်းပြောတယ်။ ငယ်ငယ်တုန်းကတော့ အဓိပ္ပာယ်ကို ကျမ တိတိကျကျ မသိပေမယ့် ကျမတို့တအိမ်လုံး အဲဒါကို လိုက်နာကြတယ်။ ခုတော့ ကျမ နားလည်ပြီပေါ့။

အပြင်ထွက်နည်းလွန်းတဲ့ ကျမကို ချည်းကပ်ချင်တဲ့ ယောက်ျားတွေက ပုဆိုးလာချုပ်တာတို့ ဟိုဟာ ဖာ၊ ဒီဟာ ဖာ လာလုပ်ကြတာပေါ့။ ကျမကလည်း အမျိုးသမီးသီးသန့်ချုပ် ဆိုတဲ့ ဆိုင်းဘုတ်မကပ်လိုက်ရဘူး။ ဒါပေမယ့် ကျမကတော့ ခပ်တည်တည်ပါပဲ။ ဒီလိုနေတာတောင် ယောက်ျားမရှိတဲ့ မိန်းမတယောက်အတွက် သိပ်တော့ မလုံခြုံလှဘူး။ လူမမြင်ရင် မမြင်သလို အစော်ကားခံရတယ်။ ရှင်းပြရခက် ရိုက်ရခက်တွေ ကြုံရတယ်။ ဥပမာ- ကျမကို ပြည်တည်တည်နဲ့ ကြည့်နေတာမျိုး၊ မင်းယောက်ျားက ထောင် (၇) နှစ်တောင်ကျသွားတာနော်လို့ ရိသဲ့သဲ့ပြောတာမျိုး၊ တခါတလေတော့လည်း ကျမကို ပုဆိုးဖိုးပိုက်ဆံပေးရင်း လက်ကို မတော်တဆ ပုံစံနဲ့ ဖိလိုက်တာမျိုး၊ အိုး … အမျိုးမျိုးပါပဲ။ ကြုံရဆုံရတာတွေက မကောင်းဘူးပေါ့။ သားသမီးတွေကို ချော့မြှူပြီး စကားပြောရင်း ထိကပါး ရိကပါး ပြောတာမျိုး၊ သမီးလေးက ချစ်စရာလေး သူ့အမေနဲ့တူတာ၊ သားလေးက ထွားလိုက်တာ သူ့အမေလိုပဲ ဆိုပြီးတော့ ပြောတယ်။ ကလေးတွေကတော့ နားမလည်ဘူးပေါ့။ ကျမကလည်း အကျယ်အကျယ် မဖြစ်ချင်ဘူးလေ။ သူမရှိတဲ့အချိန် ဘ၀ကို ဒီလိုပဲ ကျမ ဖြတ်သန်းရတယ်။

ရန်စွယ်၊ အန္တရာယ်တွေကြားမှာ ကျမကတော့ အတတ်နိုင်ဆုံး ရှောင်ရင်း တင့်တော်အောင်နေရတယ်။ ယောက္ခမတွေကတော့ ကျမကို အေးလွန်းလို့ ချစ်ကြတယ်။ အလှပြင်ထားတတ်တော့ ပတ်ဝန်းကျင်ကတော့ တီးတိုးပြောတာရှိတယ်။ ယောက်ျား ထောင်ကျတာများ ကျော့လို့ မော့လို့တဲ့။ ဘယ်သူ့ကို ချိန်းနေမှန်းမသိဘူး ဆိုတာမျိုးတွေကိုလည်း ကျော်ဖြတ်ရတယ်။ ကျမ ဒီလိုပြင်ဆင်တာမျိုးကို ကျမယောက်ျားက သိပ်သဘောကျတယ်။ ကျမ ထောင်ဝင်စာတွေ့တိုင်း သနပ်ခါးလူးပြီး ပြင်ပြင်ဆင်ဆင်သွားရင် မင်း ဒီလိုနေ၊ ဒါမှ ငါစိတ်ချမ်းသာမှာတဲ့။ သူ စိတ်ချမ်းသာဖို့ အရေးကြီးတယ်။ ကျမက သူ့နောက်ကွယ်မှာလည်း သူ့စကားကို လိုက်နာတယ်။ သစ္စာတရားကို တန်ဖိုးထားတယ်။

ဒီလိုနေရင်း သူ ထောင်သက်တမ်း (၃) နှစ်ပြည့်လာတော့ သူ့လိုအပ်တာတွေလည်း ပိုပြီးများလာတယ်။ ဘယ်သူ့မိန်းမက ထောင်ဝင်စာတွေ့ဖို့ ကျမတို့မြို့မှာ အသိမရှိလို့ ကူညီပေးပါဦးဆိုတော့ အိမ်မှာ တည်းခိုဖို့၊ လူမမြင်ဖူးပေမယ့် ကြိုပို့ပေးရ၊ စာတွေ အပေးအယူလုပ်ရနဲ့ ကျမ အလုပ်တွေ ပိုများလာတယ်။ ထောင်ကျအချင်းချင်းဆိုတော့ ကူညီသင့်တယ်။ မင်းစိတ်မညစ်ပါနဲ့ မိန်းမရယ်တဲ့။ အင်းလေ စိတ်မညစ်တော့ပါဘူး၊ သူပြောသလိုဘဲ ကျမ လုပ်ကိုင်ပေးခဲ့တယ်။ ဒီလိုနဲ့ ကျမ အဆက်အသွယ်တခုရတယ် ထောင်ကနေ စောစောလွတ်အောင် လုပ်လို့ရတယ်တဲ့။ ပိုက်ဆံဘယ်လောက် ပေးရမယ်ဆိုတာနဲ့ ကျမလည်း လိုက်တာပေါ့၊ ယောက်ျားကိုတော့ ပြောမနေတော့ဘူးပေါ့။

ဒီလိုနဲ့ သူက ထောင် (၅) နှစ်မှာ လွတ်လာတယ်။ ကျမလည်း ပျော်လိုက်တာ၊ ကလေးတွေရောပေါ့၊ ကလေးတွေက သူ့အဖေကို အမြဲတမ်းမေးပြီး တွေ့ချင်နေတာ။ ကလေးတွေအားလုံး သူလွတ်လာတဲ့နေ့မှာ ပျော်ကြပေါ့၊ မျက်ရည်လည်း စမ်းစမ်းပေါ့၊ သူကလည်း ၀ဲတွေပေါက်လို့ ကုလိုက်ရသေးတယ်။ ထောင်အတွေ့အကြုံကိုမေးတော့ သူပြောပြတာတွေ နားထောင်ပြီး ကျမ မျက်ရည်ကျရတယ်။ ထောင်ဝင်စာ မတွေ့နိုင်တဲ့ မိသားစုတွေရဲ့ဘ၀ကို သူပြောပြတော့ ကျမ စိတ်မကောင်းဖြစ်ရတာ အရမ်းပဲ။ သားသမီးတွေအများကြီးနဲ့ တခြားတမြို့ကနေ ထောင်ဝင်စာလာတွေ့ရတဲ့ အခြေအနေတွေကိုလည်း ကျမ ပြောပြဖြစ်တယ်။ အပြန်အလှန်ပြောကြရင်းနဲ့ ကျမ စိတ်မကောင်းဖြစ်ရတယ်။ ယောက်ျားကတော့ ငါ အခုအပြင်ရောက်နေပြီပဲ။ သူတို့ကို တတ်နိုင်သလောက် ကူညီပေးကြတာပေါ့တဲ့။ ကျမလည်း လန့်သွားတယ်။ ရှင် အမှန်တရားဆိုတာကြီး ဆက်မလုပ်နဲ့နော်။ ကျမ ကြောက်တယ်။ ရှင် ထောင်ထပ်ကျရင် ကျမဘ၀ကို ဒီလိုပဲ ဆက်မဖြတ်သန်းရဲဘူးလို့ပြောတော့ မိန်းမ မင်း အမှန်တရားကို ဘာဖြစ်လို့ ကြောက်တာလဲတဲ့။ ဒါနဲ့ ကျမလည်း ရှင်ပြောတဲ့ အမှန်တရားဆိုတာကြီးက ဘာလဲလို့မေးတော့ မတရားမှုကို တွန်းလှန်တာပေါ့တဲ့။ ဒီလိုနဲ့ သူအသေးစိတ် ရှင်းပြခဲ့တယ်။ အင်း … သူပြောတာလည်း ဟုတ်သားပဲလို့ ကျမ သဘောပေါက်လက်ခံမိတယ်။

ကျမတို့ မိသားစု သာသာယာယာနဲ့ အလုပ်တွေလုပ်ရင်း မိသားစုဘ၀တွေ ဖြတ်သန်းရင်း ရုန်းကန်ရင်းနဲ့ တညမှာတော့ သူ ပျောက်ချင်းမလှပျောက်သွားတယ်။ ကျမ ဘာမှ မသိလိုက်ရဘူး၊ ညပြန်မလာလို့ သူ သွားတတ်တဲ့ နေရာတွေ လိုက်ရှာတော့လည်း မတွေ့ဘူး။ ဒါပေမယ့် သူဝယ်စားနေကျ ကွမ်းယာဆိုင်ကတော့ နေ့လယ်က နင့်ယောက်ျား ငါတို့ဆိုင်မှာ ကွမ်းယာလာဝယ်ပြီးအပြန် အမျိုးသားနှစ်ယောက်နဲ့ စကားပြောပြီး ကားပေါ်ခေါ်တင်သွားတာပဲတဲ့။ နောက် (၄) ရက်နေမှ သိရတယ်။ ယောက်ျားကို ခဏထိန်းသိမ်းထားတယ်တဲ့။ သူတို့ရဲ့ ခဏက ခုတော့ (၅) နှစ်ရှိသွားပြန်ပြီ။

တရက်မှာ ကျမကို ခေါ်စစ်တယ်။ အိမ်ကို ဘယ်သူတွေ ၀င်ထွက်နေလဲတဲ့။ နင့်ယောက်ျားကို လာမေးတဲ့သူတွေရဲ့ပုံစံကို ပြောပြတဲ့။ ကျမက စက်ကို ခေါင်းငုံပြီး ချုပ်နေတာ ဘယ်သူတွေ ၀င်ထွက်နေလဲ ကျမ မသိဘူး၊ ကျမ ယောက်ျားကို မေးတဲ့သူတွေက ရပ်ကွက်ထဲက လူတွေပဲ။ ဘယ်သူ ဘယ်ဝါရယ်လို့တော့ အတိအကျ မှတ်မထားပါဘူးလို့ဆိုတော့ ကျမကို သေချာပြော မလိမ်နဲ့တဲ့။ ကျမလည်း ကြောက်သွားတယ်။ ကျမ မလိမ်တာတော့ အမှန်ပဲ။ မလိမ်ရင် ကျမပါ ထောင်ကျမှာလား၊ ဒါဆိုရင်လည်း မဖြစ်ဘူး၊ ကျမက ကလေးနှစ်ယောက်နဲ့လေ။ ကျမ ကလေးတွေ အဖေက ထောင်ကျနေပင်မယ့် အမေကတော့ သူတို့နဲ့ ရင်အုပ်မကွာ ရှိရမယ်မဟုတ်လား။

ဒီတော့ ကျမ လိမ်လိုက်တယ်။ အော် တယောက်တော့ရှိတယ်၊ နာမည်တော့ မသိဘူး၊ သူ့ကိုလည်း ဒီနယ်မှာ တခါမှ မမြင်ဖူးဘူး။ သူက ကျမယောက်ျားကို မေးတယ်။ ထောင်ကျနေတယ်လို့ပြောတော့ အံ့သြပြီး ဘာမှထပ်မမေးဘဲ ပြန်သွားတယ်လို့ ပြောလိုက်တော့ သူတို့ကျေနပ်သွားတယ်။ နောက်ပြီး ကျမကို အဲဒီလူပုံစံမေးတယ်။ ကျမလည်း ပုံဖော်ချင်သလို ဖော်ပေးလိုက်တယ်။ တနေ့လုံး ကျမကို ဘာမှလည်း မကျွေး၊ ထိုင်စရာနေရာလည်း မပေး၊ ရေလည်း မတိုက်ဘဲ ဒီအတိုင်းထားတာ။ အဲဒီလိုလေး လိမ်လိုက်တော့ ကျမကို ပြန်တော့တဲ့။

ကျမ ဒူးတွေ မခိုင်တော့ဘူး တုန်နေတယ်။ ဗိုက်ကလည်းဆာ ကြောက်ကလည်း ကြောက်ပေါ့။ ခြေထောက်တွေ ခိုင်နေပေမယ့် အပြင်ကို မျက်နှာစည်းပြီး ပို့ပေးတယ်။ အပြင်ရောက်တာနဲ့ ဆိုက်ကားငှားပြီး ပြန်လာတယ်။ ပိုက်ဆံပါမသွားလို့ အိမ်ရောက်မှ ဆိုက်ကားခ ပေးရတာ။ အိမ်က ယောက္ခမတွေ စိတ်ပူနေတာပေါ့။ ညနေစာပြင်ပြီး သူတို့တတွေ စောင့်နေတယ်။ ကျမ ထမင်းကို ခေါင်းမဖော်ဘဲ စားနေပြီး သူတို့ပြောတဲ့ စကားကို နားထောင်နေတယ်။ သူတို့ လိုက်လာတယ်တဲ့။ ပေးမတွေ့တာတဲ့။

ဒီတော့ ကျမလည်း အမေ့ (ယောက္ခမ) ကို ခပ်တည်တည်နဲ့ ကျမယောက်ျားရဲ့ လေသံနဲ့ ပြောလိုက်တယ်။ ဘာမှ စိတ်မပူပါနဲ့အမေ၊ သူတို့က အမှန်တရားလုပ်တဲ့သူတွေကိုသာ ဖမ်းတာ။ လိမ်ပြောတဲ့သူတွေကို မဖမ်းဘူးလို့။ ဟဲ့ ဘယ်လိုအေ့ လို့ အမေ ထပ်မေးတော့ ကျမ ပြုံးလိုက်တယ်။ ကျမဘ၀မှာ အဲဒီစကားက အချိုမြိန်ဆုံးလို့ ထင်ပါတယ်။ အမေ့ကိုတော့ ထပ်မဖြေတော့ဘူး။ ကျမ ထမင်းကိုသာ ငုံ့ပြီးစားနေလိုက်တယ်။ စိတ်ထဲမှာတော့ ကျိတ်ပြီး ယောက်ျားကို တိုင်တည်လိုက်တယ်။ ယောက်ျားရေ ရှင်ပြောတာ သွေးထွက်အောင်မှန်တယ်၊ အမှန်တရားနဲ့ တရားမျှတမှုအတွက် အလုပ်လုပ်ရင် ထောင်ကျတယ်ဆိုတာလေ။ ဒါကြောင့် ရှင့်ကို ကျမ အားကိုးခဲ့တာ ယုံကြည်ခဲ့တာ။ လက်ခံလိုက်နာခဲ့တာပေါ့။

(ခံစားချက်ကို ရေးသားခွင့်ပြုခဲ့သည့်အတွက် အကျဉ်းသားတဦး၏ ဇနီးသည်အား အထူးကျေးဇူးတင်ပါသည်။)

ထက်ဂျူလိုင်
၂၄/ မတ် ၂၀၁၀
ရင်းမြစ်။ ။ခေတ်ပြိုင်

NLD အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲ သဘောထား အမြင်များ


စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေကို မတ်လ ၈ ရက်နေ့က ထုတ်ပြန်လိုက် ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်း ပါတီမှတ်ပုံ တင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ဥပဒေ ထွက်ပြီးနောက် NLD ရုံးများ ပြန်ဖွင့်ခွင့် ရသော်လည်း သတ်မှတ် ထားသည့် အတိုင်း ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ မတင်ပါက NLD ပါတီသည် တရားဝင်ပါတီ အဖြစ်မှ ရပ်စဲခံရမည် ဖြစ်သည်။


ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အကျပ်အတည်း ဖြစ်နေသော NLD ပါတီ၏ အဖွဲ့ဝင် တချို့ကို ပြီးခဲ့သည့် ၂၀၀၉ ခု ဧပြီလ အတွင်းက ပါတီ ရုံးချုပ်ရှေ့တွင် တွေ့မြင်ရစဉ် (ဓာတ်ပုံ - Getty Images)
NLD ထိပ်ပိုင်း ခေါင်းဆောင် တချို့က ပါတီကို မှတ်ပုံတင် သင့်သည်ဟု ထုတ်ဖော် ပြောကြားမှုများ ရှိခဲ့သည်။ ယမန်နေ့ မတ်လ ၂၃ ရက်တွင် NLD အထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံရာ၌ ပါတီ မှတ်ပုံတင်ရေး ကို သဘောမကျဟု ထုတ်ဖော် ပြောကြားကြောင်း သိရသည်။

ပါတီ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေးတို့နှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်များမှ NLD ပါတီဝင်များ၏ သဘောထား အမြင်များကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း၍ စုစည်း တင်ပြ ထားပါသည်။


ဦးသိန်းလှိုင်
တွဲဖက်အတွင်းရေးမှူး
ရခိုင်ပြည်နယ်

"ဒီကိစ္စက ဗဟို အစည်းအဝေးလုပ်ပြီးမှ၊ ဆုံးဖြတ်ချက်ချပြီးမှ ကျနော်တို့က NLD ရဲ့ သဘောထားလို့ ပြောလို့ရတယ်။ ဒီကြားထဲမှာ လူပုဂ္ဂိုလ်တွေ ပြောနေတာတွေက ကျနော်တို့ အဖွဲ့အစည်းနဲ့ လုံးဝဆိုင်တယ်လို့ ပြောလို့မရဘူး။ သူတို့ရဲ့ သဘောသာဖြစ်တယ်။ ကျနော်တို့ကတော့ ရွှေဂုံတိုင် ကြေညာစာတမ်း အတိုင်းပဲ ခိုင်ခိုင်မာမာရပ်တည်မယ်။ အဲဒီအချက်ကို တစက်မှ မလျှော့နိုင်ဘူး။ ဒီအချက်တွေအတိုင်း မရဘူးဆိုရင် ဒီရွေးကောက်ပွဲကို ဝင်ဖို့ လုံးဝ ဆန္ဒမရှိဘူး"


ဦးပိုက်ကို
စည်းရုံးရေးမှူး
မကွေးတိုင်း၊ ပခုက္ကူခရိုင်

“No registration ပေါ့။ ပါတီခေါင်းဆောင်ကို ထုတ်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ ကျနော်တို့ လက်ခံနိုင်တဲ့ အရာမဟုတ်ဘူး။ ဖြစ်လည်း မဖြစ်သင့်တဲ့ကိစ္စ။ တကယ် ပြည်သူအများ မလိုလားတဲ့၊ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတခုကို မဆုံးဖြတ်ဖို့ အကြံဉာဏ်ပေးချင်ပါတယ်"


ဦးသောင်းစိန်
ဥက္ကဋ္ဌ
သာယာဝတီ NLD၊ ပဲခူးတိုင်း

"အခုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ တပ်မတော်က လေးပုံတပုံ ပါမယ်ဆိုတာနော်၊ အဲဒါကြီးကို ဦးခင်မောင်ဆွေတို့နဲ့ ရန်ကုန်တိုင်းက ဒေါက်တာဝင်းနိုင်တို့ ဒီရွေးကောက်ပွဲကို ဝင်မယ်ဆိုပြီးတော့ စီစဉ်နေတယ်ဗျ။ အဲဒီလို စီစဉ်မယ်ဆိုရင်တော့ စကားလုံး ရိုင်းရိုင်းနဲ့ ပြောရမယ် ဆိုရင်တော့ ခွေးတိုးပေါက်ကဝင်တဲ့ သဘောမျိုးပဲ။ မြို့နယ်အစည်းအဝေး ဆုံးဖြတ်ချက်အရ အကျဉ်းကျနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးနဲ့ ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ စတဲ့ နိုင်ငံ ရေး အကျဉ်းသားတွေ ပါဝင်ခွင့်မရှိတဲ့ ရွေးကောက်ပွဲကို လက်မခံဘူးလို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့ကတော့ ဒီကိစ္စနဲ့ ပတ် သက် ပြီးတော့ ရွေးကောက်ပွဲကို လုံးဝ မဝင်ဖို့ ပါတီမှတ်ပုံတင်ဆိုတာလည်း လုံးဝ မတင်ဖို့ပဲ။ ဒီရွေးကောက်ပွဲ ဥပဒေကို ထုတ် တဲ့ အခါကျတော့လည်း ကန့်သတ်ချက်တွေက အရမ်းတင်းကျပ်လွန်းအားကြီးတော့ ဒီထဲကို မဝင်သင့်ဘူးလို့ဘဲ ကျနော်တို့ကတော့ ယူဆတယ်။ အဖမ်းခံရမယ်ဆိုရင်လည်း ကျနော်တို့ကတော့ အဆင်သင့်ပဲ"


ကိုမျိုးနိုင်
တိုင်းစည်းရုံးရေး အဖွဲ့ဝင်
မန္တလေးတိုင်း NLD

"ကျနော်တို့ဆီကို မန္တလေးတိုင်းထဲက မြို့နယ်တွေ တော်တော်များများက တင်ပြကြတယ်။ သူတို့ ပါတီမှတ်ပုံတင်တာကို လက်မခံနိုင်ဘူးဆိုတဲ့ အကြောင်းပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ နအဖနဲ့ ပြေပြေလည်လည် ဆွေးနွေးလာတာ နှစ်တွေ ကြာလှပြီ။ တခါမှ အဆင်မပြေခဲ့ဘူး။ ရလည်း မရခဲ့ဘူး။ ရွေးကောက်ပွဲ ၀င်ပြီး လွှတ်တော် အတွင်းကနေ ပြုပြင်ရေး လုပ်မယ် ဆိုတာလည်း ဖြစ်လာမှာ မဟုတ်ဘူး။ အခုဆို ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ရေးကို မစဉ်းစားဘူးဆိုတာ ထွက်လာ တော့ ကျနော်တို့နဲ့ နီးစပ်တဲ့ ပြည်သူတွေကလည်း ဒါကို လက်ခံကြတယ်။ ရွေးကောက်ပွဲကို အလိုမရှိဘူးဆိုတဲ့ အသံတွေ တော်တော်များများ ထွက်လာတာ တွေ့ရတယ်။ NLD ဆိုတာက ၈၈ အရေးတော်ပုံကနေ ပေါ်ပေါက်လာတာဖြစ်လို့ လူထုက ပေးတဲ့ရလဒ်ကို လေးစားဖို့လိုတယ်။ နောက်ပြီးတော့ ၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ ကမ္ဘာက သိပြီးသား၊ လေးစားပြီးသား။ အဲဒီ ရလဒ်ကို လေးစားဖို့လိုတယ်။ နောက်ပြီးတော့ အကျဉ်းကျနေတဲ့ ရဲဘော်ရဲဘက်တွေကိုလည်း လေးစားဖို့လိုတယ်။ NLD ဆိုတာ ပြည်သူက တလေးတစားနဲ့ တင်မြှောက်ထားတာမို့ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ဖို့လိုတယ်။ ကျနော်တို့အဖို့ကတော့ ပါတီမှတ်ပုံ မတင်ရလို့ ပျက်ပြယ်သွားတယ်ဆိုရင်လည်း နိုင်ငံရေးက ဆက်လုပ်လို့ ရနေသေးတာပဲ။ ဖမ်းတာဆီးတာကတော့ အခုလည်း ပုံစံအမျိုးမျိုးနဲ့ ဖမ်းနေတာပဲဗျာ။ ဘာမှတော့ ပိုထူးသွားမယ်မထင်ပါဘူး"


ဒေါ်ရင်မေ
တွဲဖက် အထွေထွေ အတွင်းရေးမှူး
ဗန်းမော်မြို့နယ် NLD၊ ကချင်ပြည်နယ်

"ရွေးကောက်ပွဲဟာ ကျမတို့အတွက် တရားမျှတမှုရှိမှာ မဟုတ်လို့ ကျမတို့ကတော့ ပါတီ မှတ်ပုံမတင်ဘူး။ ရွှေဂုံတိုင် ကြေညာ စာတမ်း အတိုင်းပဲ သွားမယ်။ ပါတီ မှတ်ပုံမတင်ရလို့ ပါတီ မရှိတော့ဘူးဆိုရင်လည်း ကျမတို့ နိုင်ငံရေးက ဆက်လုပ်လို့ ရနေသေးတာပဲ။ ကျမတို့ကတော့ ဒီအတိုင်း ဆက်လုပ်နေဦးမှာပဲ"


ဦးဟန်ထွန်း
အတွင်းရေးမှူး
စမ်းချောင်းမြို့နယ် NLD ၊ ရန်ကုန်တိုင်း

“ကျနော်တို့အတွက် စစ်မှန်တဲ့ ဒီမိုကရေစီကို မဖော်ဆောင်နိုင်ဘူးလို့ ယုံကြည်တဲ့ အတွက်ကြောင့် ပါတီမှတ်ပုံတင်ခြင်းကို ကျနော်တို့က လုံးဝ လက်မခံနိုင်ပါဘူးခင်ဗျ။ ပါတီရဲ့ ရည်ရွယ်ချက်တွေနဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကိုပါ မျက်ကွယ်ပြုရာ ရောက်နေတာကြောင့် ကျနော်တို့အနေနဲ့ လုံးဝ လက်မခံနိုင်ပါဘူး။ ကျနော်တို့ စမ်းချောင်းမြို့နယ် NLD အနေနဲ့ကတော့ ဦးခင်မောင်ဆွေတို့ပြောတဲ့ ပါတီမှတ်ပုံတင်ခြင်းကိစ္စ သဘောထားနဲ့ ပတ်သက်လို့ လုံးဝ လက်မခံနိုင်ပါဘူး”

ဇာနည်မာန် 
ရင်းမြစ်။ ။ဧရာဝတီ

နိုင်ငံရေးပါတီတွေကို အစဉ်အလာအရ ဖြိုခွဲဖျက်ဆီးနေတဲ့ စစ်အုပ်စု

အမျိုးသားဒီမိုကရေစီပါတီဟာ မကြုံစဖူးစမ်းသပ်မှုတရပ်ကို ဖြတ်သန်းနေရပါတယ်။ ဒါကို ကျန်တဲ့မိတ်ဖက်ပါတီတွေက သံယောဇဉ်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ တဖက်မှာလည်း တခြားပါတီအတွင်းရေးကို ဝင်မပြောသင့်တာမို့ နှုတ်ကိုတင်းတင်းစေ့ပြီး အကောင်းဆုံးအဖြေထွက်လာပါစေလို့ပဲ အောက်မေ့နေကြပါတယ်။

စိတ်ရင်းဖြောင့်မှန်တဲ့၊ နိုင်ငံရေးအရ ရိုးသားတဲ့၊ အမြော်အမြင်ရှိတဲ့ နိုင်ငံရေးပါတီတွေ အင်အားစုတွေဟာ ဒီချုပ်ရဲ့ အနေအထားကို စာနာသဘောပေါက်ကြပါတယ်။ အလားတူပဲ ဒီအဖွဲ့ချုပ်ကို ဇလားထဲသွန်းလောင်းသလို ဆန္ဒမဲတွေပုံလောင်းခဲ့၊ အောခဲ့ကြတဲ့ ပြည်သူလူထုကလည်း စိုးရိမ်ကြီးစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ဒီချုပ်အနေနဲ့ ဒီတကွေ့ကို ချောမွေ့စွာ ဖြတ်သန်းနိုင်ပါစေလို့ပဲ အားလုံးက ဆန္ဒပြုနေကြတာပါ။

ဒါပေမယ့် ဆန္ဒဆိုတာဟာ လက်တွေ့မဖြစ်သေးတဲ့ဟာကို ခေါ်တာပါ။

လောလောဆယ် လက်တွေ့မှာ တွေ့မြင်နေရတာ တခုကတော့ နအဖဗိုလ်ချုပ်တွေဟာ တဝက်တပျက်အောင်မြင်ပွဲမျိုးကို လက်မခံနိုင်ဘူးဆိုတာ ဖြစ်ပါတယ်။ တနည်းပြောရရင် စေ့စပ်တယ်၊ ပြေအေးတယ်ဆိုတဲ့အဖြေမျိုး၊ ရလဒ်မျိုး၊ ခုခေတ်မှာ အပြောများနေတဲ့ win-win နှစ်ဖက်နိုင်အဖြေမျိုးကို သူတို့က လက်မခံနိုင်ပါဘူး။ သူတို့ကချည်းနိုင်မှ၊ တဖက်ကို အလဲထိုးနိုင်တဲ့ အဖြေမျိုး၊ ရလဒ်မျိုးပဲ ရချင်တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆွေးနွေးပွဲ လုပ်တယ်၊ စကားပြောကြတယ်ဆိုရင် ကြိုတင်စည်းကမ်းသတ်မှတ်တာ (pre-condition) ကို ဘယ်တော့မှလက်မခံပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ထောက်ပြစရာရှိတာက ဒီ ဗိုလ်ချုပ်တွေဟာ သူတို့အပေါ် ကြိုတင်စည်းကမ်းသတ်မှတ်တာကိုသာမကြိုက်တာ၊ သူများတွေအပေါ်တော့ အမြဲသတ်မှတ်ချက်တွေနဲ့ နှောင်တုပ်ပြီးမှ ဆက်ဆံတာပါ။ သူတို့ဟာ တဖက်သားဆီက ဘယ်တော့မဆို အကြွင်းမဲ့လက်နက်ချတာ (unconditional surrender) ကိုပဲ လိုချင်တာဖြစ်ပါတယ်။ ဒီတခါ သူတို့ ထုတ်ပြန်လာတဲ့ ရွေးကောက်ပွဲဥပဒေတွေကြည့်ရင် အဲဒီလို သဘောထားတွေကို မမြင်ချင်အဆုံး တွေ့ရပါမယ်။ စစ်အုပ်စု လိုလားတဲ့ စေ့စပ်မှုဆိုတာဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲတုန်းက ဦးနုဆီကို အာဏာသွားတောင်းတော့ ဦးနုက“စေ့စပ်” ပြီး အာဏာလွှဲပေးလိုက်တာမျိုး၊ တပ်နဲ့လက်နက်တွေအပ်ပြီး သံအမတ်ရာထူးလက်ခံတဲ့ စေ့စပ်မှုမျိုးသာဖြစ်ပါတယ်။ သူတို့ရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို “ဖြည်းဖြည်းချင်း ပြုပြင်သွားဖို့” စေ့စပ်တာမျိုးကို မလုပ်ရေးချ မလုပ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။

မြန်မာပြည်သမိုင်းမှာ စစ်အုပ်စုက ဖြိုခွဲလို့ပြိုကွဲခဲ့တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေများလှပါပြီ။ ဖဆပလအဖွဲ့ကြီးကွဲရာမှာ တပ်ထဲက ဗိုလ်ချုပ်တွေရဲ့ ခြေရာလက်ရာတွေမကင်းသလို တိုင်းရင်းသားအဖွဲ့အစည်းတွေ (လက်နက်ကိုင်သူရော လက်နက်မကိုင်သူတွေအပါ)၊ လူထုလူတန်းစားအဖွဲ့အစည်းတွေ၊ သံဃာတော်တွေ၊ ရေးရရင် စာရင်းက ကုန်နိုင်ဖွယ်ရာ မရှိပါဘူး။ အထဲမှာ သူ့လူတွေ ထည့်ပြီးဖြိုခွဲတာ၊ အပြင်ကနေ ဖိအားပေး ခြိမ်းခြောက်ပြီးဖြိုခွဲတာ၊ နည်းမျိုးတွေစုံလို့ပါပဲ။ ဒီအထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြိုခွဲဖို့လုပ်ခဲ့တာဆိုရင် စတင်တည်ထောင်ကတည်းက စခဲ့တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဗိုလ်အောင်ကြီးလို ပထမမျိုးဆက် စစ်အုပ်စုဝင်ဟောင်းတွေကနေ ‘တတ်သိ’ တွေကို ဖယ်ရှားဖြိုခွဲတာလည်း ဖြတ်သန်းခဲ့ရ၊ အခုလို ဥပဒေနဲ့အကျပ်ကိုင် ဖြိုခွဲတာလည်း ကြုံရလို့ မှတ်တမ်းတင်ရပါတော့မယ်။ ဒါပေမယ့် ဒီတခါ နအဖရဲ့ လုပ်ရပ်ကတော့ အားလုံးထဲမှာ အဆိုးဆုံးဖြစ်တယ်လို့ ပြောရပါမယ်။ ဒီတချီမှာတော့ သူတို့ဟာ မသိမသာ၊ လက်သည်မပေါ်အောင် သပ်လျှိုတာ၊ ဖြိုခွဲတာမဟုတ်တော့ဘဲ ပြောင် ကမ္ဘာသိ လုပ်တော့တာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖစစ်အုပ်စုဟာ ဖြိုခွဲရေးစီမံကိန်းကနေ ဖျက်သိမ်းရေးစီမံကိန်းဆီ လှမ်းတက်တဲ့ ခြေလှမ်း လို့ ဆိုရပါတော့မယ်။

ဒီလိုတဖက်မှာ ဖိနှိပ်မှုတွေပြင်းလာ၊ တဖက်မှာတော့ အမတ်ဖြစ်မယ်၊ ဝန်ကြီးဖြစ်မယ်ဆိုတဲ့ မြှူဆွယ်မှုတွေများလာနေတဲ့ အခြေအနေအောက်မှာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ ခြံကူးတာ၊ ဘက်ပြောင်းတာတွေ၊ ပင်ကိုယ် အသွေးအရောင်ကို ဖော်ပြလာတာတွေ၊ အမျိုးမျိုး စတွေ့လာနေရပါပြီ။ ဒီအကွေ့မှာ ရှိပ်စပီးယားရဲ့ ဂျူးလိယက်စ်ဆီဇာ ပြဇာတ် ထဲကလို “ဘရူးတပ်စ်-မင်းလဲပါသကိုး” ဆိုတဲ့ မျှော်လင့်မထားတဲ့ သစ္စာဖောက်တွေကို တွေ့ရရင်လည်း အံ့သြစရာမရှိပါဘူး။ ဒါကြောင့် ဒီတပွဲမှာ သူ့စည်းကိုယ့်စည်းခွဲဖို့ဟာ အင်မတန်မှအရေးကြီးလှပါတယ်။ တချိန်တည်းမှာ ကိုယ့်အင်အားကို ကြီးသထက် ကြီးအောင်လုပ်၊ သူ့အင်အားကို သေးသထက်သေးအောင် လုပ်ရမယ့်အချိန် ဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူမှ ငြင်းမှာ မဟုတ်ပါဘူး။ ကြားထားသင့်တဲ့လူကိုကြားထား၊ ဥပက္ခာပြုသင့်တဲ့ လူကိုဥပက္ခာပြု လုပ်ရပါမယ်။ အားလုံးကို နအဖဘက်ချည်း တွန်းပို့ပေးတာ မလုပ်သင့်ဘူး ထင်ပါတယ်။

ဒီနေရာမှာ သူနဲ့ကိုယ်လို့ပြောတာဟာ နအဖနဲ့ပြည်သူကိုပြောတာဖြစ်ကြောင်း ထပ်ပြောလိုပါတယ်။ ဒါကြောင့်မို့ နအဖရဲ့ ဘေးမှာရပ်တည်တဲ့ အင်အားအရေအတွက် နည်းသထက်နည်းအောင် ကြံဆရပါမယ်။ ဒါဖြင့် ဘယ်လိုလူကို နအဖနဲ့ တသားတည်း ရပ်သူဆိုတာ ဘာစံနဲ့ တိုင်းမလဲဆိုတာကို စဉ်းစားရပါတယ်။ ရွေးကောက်ပွဲဝင်သူ ဒို့ရန်သူ၊ ရွေးကောက်ပွဲမှာ မဲပေးသူ ဒို့ရန်သူလို့ သတ်မှတ်လိုက်ရင် ရန်သူအဝန်းအဝိုင်းဟာ သိပ်ကျယ်သွားနိုင်ပါတယ်။ ကိုယ်နဲ့အလုံးစုံတူညီတဲ့လူမှ ကိုယ့်လူ၊ ကိုယ့်မဟာမိတ်လို့ သဘောထားလို့မဖြစ်ပါဘူး။ တချို့ကိုနားလည်ယူတာ၊ ခွင့်လွှတ်တာ၊ ကြားသဘောထားတာတွေ လုပ်ရမှာပါ။

ဒါကြောင့်မို့ ဒီတပွဲမှာ အဓိကထားရမယ့် စံ၊ ဒါမှမဟုတ် စည်းဟာ နအဖရဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေအပေါ်မှာ ဘယ်လိုသဘောထားသလဲဆိုတာ ဖြစ်သင့်ပါတယ်။ ရွေးကောက်ပွဲဝင်ရေး မဝင်ရေး ပြောရာမှာ အဲဒီဖွဲ့စည်းပုံအကြောင်းကို ထည့်မပြောလို့ မဖြစ်ပါဘူး။ ဒီဖွဲ့စည်းပုံအောက်မှာတည်ရှိနေတဲ့ လွှတ်တော်တရပ်ဟာ ရုပ်သေးလွှတ်တော်ထက်တောင်ဆိုးတဲ့ ညောင်နှစ်ပင်ညီလာခံသာသာ လွှတ်တော်ဖြစ်မှာပါ။

မြန်မာပြည်နိုင်ငံရေးကို ခွဲခြမ်းစိတ်ဖြာရာမှာ အနှစ် (၂ဝ) ကျော် တရားမရှိ၊ ဓားမရှိ အုပ်စိုးခဲ့တဲ့ နဝတ-နအဖစစ်ဗိုလ်ချုပ်တွေဟာ စစ်အာဏာရှင်အစိုးရတွေဖြစ်တယ် ဆိုတာလောက်ကိုတောင်မှ အသိအမှတ်မပြုတဲ့လူတွေဟာ အဲဒီဖွဲ့စည်းပုံကို စုံလုံးမှိတ် လက်ခံကြရုံမက ရှေ့နေလိုက်၊ အကာအကွယ်တောင် ပေးနေကြပါတယ်။ ဒီလိုအချိန်မှာ မြန်မာပြည်သူတွေကို ရွေးကောက်ပွဲညီမျှခြင်း ဒီမိုကရေစီ၊ စစ်အာဏာရှင်တွေကို အထိန်းအကွပ်မရှိ အုပ်စိုးခိုင်းထားတာထက်၊ လွှတ်တော်တရပ် ရှိနိုင်ရင် တစုံတရာထိန်းကွပ်နိုင်တယ်ဆိုတဲ့ စကားမျိုးပြောနေသူဟာ သူကိုယ်တိုင် ဘာမှနားမလည်လို့၊ ဒါမှမဟုတ် သိလျက်နဲ့ ညာနေတာသာဖြစ်ပါတယ်။

ဒီလိုရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ တွေ့နေရတဲ့ လုပ်ရပ်တခုက ကိုယ့်အချင်းချင်းရဲ့ အက်ကြောင်းတွေကိုလိုက်စမ်းတာ၊ ရှာတာ၊ တွေ့ရင်နှဲ့တာတွေ ဖြစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကြားလူ၊ သမာသမတ်ရှိသူ၊ ဘက်မလိုက်သူ ဆိုတာမျိုးပြောပြီး ဒီချုပ်အပါ ပြည်သူလူထုအင်အားတွေကို သွေးတိုးစမ်းနေ၊ နှဲ့နေတာတွေလည်း တွေ့နေရပါတယ်။ ဒါဟာဘယ်သူ့အကြိုက်ဖြစ်စေလို့၊ ဘယ်သူ့ကို အကျိုးပြုတယ်ဆိုတာ ရှင်းနေတာပါ။ ဒါပေမယ့် မြန်မာပြည် ပြည်သူလူထုအပေါ်မှာ မယုံတဲ့၊ အနာဂတ်ကိုမယုံတဲ့၊ စစ်အုပ်စုရဲ့ အင်အားကို အထင်ကြီးလာတဲ့ တချို့လူတွေဟာ အခုအခါမှာ ကြားနေတယ်ဆိုတဲ့အချိုးမျိုး ချိုးလာနေကြတာ တွေ့ရပါတယ်။ ဒါတောင် နအဖရဲ့ ရွေးကောက်ပွဲဟာ လုပ်မပြီးသေးပါဘူး။ လုပ်များပြီးသွားလို့ နအဖအစိုးရက သူတို့ကိုယ်သူတို့ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ အုပ်စိုးနေတဲ့အစိုးရ” လို့ ကြေညာလာရင် အဲဒီ “ကြားနေ” ပုဂ္ဂိုလ်များ ဘယ်လိုပြောကြဦးမလဲ မသိပါဘူး။ မမေ့ကြသင့်တဲ့ အချက်တချက်က ဒီနေ့လိုအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နအဖက မတော်မတရား ဖျက်ဆီးနေတာကို ဘယ်လိုသဘောထားသလဲ၊ ဘယ်လိုတုံ့ပြန်သလဲ ဆိုတာဟာ ဒီချုပ်အဖွဲ့ဝင်မဟုတ်တဲ့ တခြားနိုင်ငံရေးသမားများနဲ့ နိုင်ငံရေး အင်အားစုတွေကိုလည်း မှတ်ကျောက်တင်လိမ့်မယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခက်အခဲတွေက ကြီးပါတယ်။ ပြည်သူလူထုမှတပါး တခြားဘယ်သူမှ သူတို့ကို မကယ်နိုင် ပါဘူး။ သူတို့သမိုင်းမှာ အောင်မြင်မှုအရဆုံးဆိုတာဟာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကဖြစ်ပြီး အဲဒါဟာ ပြည်သူလူထုရဲ့ ဝိုင်းဝန်းထောက်ခံမှုကြောင့် ရခဲ့တာဖြစ်ပါတယ်။

ရဲဘော်ဖိုးသံချောင်း
၂၄/ မတ် ၂၀၁၀

      ရင်းမြစ်။ ။ခေတ်ပြိုင်

နိုင်ငံတော်၏ စံတန်ဖိုးများ မြှင့်တင်ခြင်း

   လူမှုအဖွဲ့အစည်းငယ် တခုအနေဖြင့် သတ်မှတ်နိုင်သည့် စာသင်ကျောင်း၏ ရည်ရွယ်ချက်များစွာထဲမှ အဓိက တခုမှာ လူသား စံတန်ဖိုးများကို လက်ဆင့်ကမ်း သင်ကြားပေးရန် ဖြစ်ပါ၏။ ကောင်းမွန်သော စံတန်ဖိုးများမှာ ရပ်ရွာ၊ လူ့အဖွဲ့အစည်း၏ စည်ပင်သာယာခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် မှီတင်းနေထိုင်ကြသူ ပြည်သူများအကြား သဟဇာတဖြစ်ခြင်းတို့အတွက် သော့ချက်ပင် ဖြစ်သည်။

မျိုးဆက်များအတွက် “ကောင်းရာတု၍၊ ကောင်းမှုမြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း” ဟူသော လောကသာရပျို့လာ အဆုံးအမအတိုင်း ယဉ်ကျေးမှုတွင် တည်ရှိနေသော လိုလားအပ်သည့် ကောင်းမြတ်သော စံတန်ဖိုးများကို လက်ဆင့်ကမ်းပေးရန် ကျောင်းပညာရေးတွင် တာဝန်ရှိပြန်ပါသည်။ တဆက်တည်းမှာပင် မျက်မှောက်ခေတ် ရပ်ရွာ၊ လူ့အဖွဲ့အစည်းအတွင်း လက်ခံကျင့်သုံးနေသည့် စံတန်ဖိုးများကို ဝေဖန်စစ်ကြောတတ်စေရန်၊ ပြောင်းလဲပြင်ဆင်သင့်သည်တို့ကို နားလည်ရန်၊ အဘယ်ကြောင့် လိုက်နာကျင့်သုံးသင့်သည်တို့ကို သိမြင်ခံစားတတ်စေရန်အတွက်လည်း စာသင်ခန်းများအတွင်း ဆွေးနွေးရဦးမည် ဖြစ်ပါသည်။

စံတန်ဖိုးများအပေါ်တွင် အမြင်သဘောထားများမှာ မတူညီဘဲ၊ ကွဲပြားခြားနားနိုင်ပါသည်။ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု ဘာသာတရား၊ နိုင်ငံသား၊ လူမျိုး စသည့် အချက်များအပေါ်တွင် မူတည်နေခြင်း ဖြစ်သည်။

စံတန်ဖိုးများ မတူညီသည့်အတွက် ပေါ်ပေါက်နေသည့် ပြဿနာများကို လေ့လာကြည့်သင့်ပါသည်။

လက်ရှိ ပြင်သစ်နိုင်ငံတွင်းမှ ပြဿနာကို လေ့လာကြည့်လျှင် ဤအချက်ကို အထင်အရှား မြင်တွေ့နိုင်ပါသည်။ အစ္စလာမ် သာသာနာတွင် မူဆလင်အမျိုးသမီးများမှာ အစ္စလာမ်သာသာနာ အထိမ်းအမှတ် ခေါင်းပေါင်းပုဝါဝတ်ရုံများကို ဝတ်ဆင်ကြသည်။ ၂ဝ၁ဝ ဇန်နဝါရီလတွင် ပြင်သစ်ပါလီမန်မှ ဤဝတ်စုံတို့ကို ဝတ်ဆင်ခြင်းအား တားမြစ်စေသင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ မူဆလင် အမျိုးသမီး ခေါင်းဆောင်းဝတ်စုံပြည့် ဝတ်ဆင်ခြင်းမှာ ပြင်သစ်နိုင်ငံ၏ စံတန်ဖိုးများအပေါ်တွင် “လက်မခံ နိုင်ဖွယ်ရာ” စိန်ခေါ်နေခြင်းပင် ဖြစ်သည်ဟု ရှုမြင်သုံးသပ်ချက်ပင် ဖြစ်လေသည်။ hijab နှင့် tchador တို့ကို “ခေါင်းဆောင်း ဝတ်စုံပြည့်” ဟူ၍ ခေါ်ဆိုနိုင်မည်လား ဆိုသည်မှာ မသေချာသော်ငြားလည်း burqa နှင့် niqab တို့မှာ “ခေါင်းဆောင်းဝတ်စုံပြည့်” ပင် ဖြစ်သည်။ ၆ လတာ ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ဥပဒေပြုသူ ၃၂ ဦးပါဝင်သော အဖွဲ့မှ ဤတားမြစ်ချက်ကို ထောက်ခံအဆိုပြုခဲ့ကြသည်။ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လူထုသယ်ယူပို့ဆောင်ရေး ယာဉ်များနှင့် အစိုးရရုံးများတွင် မျက်နှာကို လွှမ်းခြုံထားသည့် ခေါင်းဆောင်း ဝတ်ဆင်မှုကို တားမြစ်ရန် အဆိုပြုခြင်းမှာ ပြင်သစ်နိုင်ငံတွင် မူဆလင်အမျိုးသမီး ဝတ်စုံအပေါ်တွင် အပြင်းထန်ဆုံး ကန့်သတ်ချက်ပင် ဖြစ်တော့သည်။ (အေအက်ပီ သတင်းစဉ် Jan.2010)

မြန်မာနိုင်ငံ၏ ပညာရေးရှုခင်းတစုံလုံးကို လေ့လာကြည်မည်ဆိုလျှင်လည်း လိုလားအပ်သော စံတန်ဖိုးများ အတွက်လည်းကောင်း၊ မတူညီသော စံတန်ဖိုးများကို သဟဇာတဖြစ်စေရန် အခွင့်အလမ်းများ နည်းပါးသည်ကို တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် မိခင်ဘာသာစကား၊ တိုင်းရင်းသား ဘာသာစကားတို့ကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းမထားသေးခြင်း၊ သင်ကြားခွင့် လုံးဝ မပြုခြင်း၊ ရိုးရာဓလေ့များကို ပညာရေးမှတဆင့် ဖော်ထုတ်ခွင့် မပြုခြင်းများပင် ဖြစ်သည်။ ဤကဲ့သို့ တဖက်စောင်းနင်း ကျင့်ကြံမှုများသည် မတူညီသော စံတန်ဖိုးများကို သိမြင်ခံစားတတ်မှု စွမ်းရည်ဖွံ့ဖြိုးရန်နှင့် လူ့အဖွဲ့အစည်းအတွင်း သဟဇာတ ဖြစ်စေရန် အခက်အခဲများစွာ ရှိမည်ဖြစ်သည်။ ထို့အတူ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန်အတွက်လည်း လေ့ကျင့်သင်ကြားပေးရန် ပျက်ကွက်နေဆဲဖြစ်သည်။ (သင်ရိုးညွှန်းတမ်း အလုပ်ရုံဆွေးနွေးပွဲ ၂ဝဝ၆)

စံတန်ဖိုးအများစုမှာ လူသားအားလုံးနှင့် သက်ဆိုင်မှုရှိပြီးလျှင် နာခံလိုက်နာဖွယ် ဖြစ်သော်ငြားလည်း လူအဖွဲ့အစည်းအတွင်း ရှိသူအားလုံးမှ တပြေးညီ သိမြင်နားလည်မှု၊ လိုက်နာမှုတို့ကိုကား မမျှော်လင့်နိုင်ပါချေ။ သို့ဖြစ်လေရာ စံတန်ဖိုးများအပေါ်တွင် ပုဂ္ဂလ အတွေ့အကြုံများနှင့် လက်ရှိအခြေအနေများ၏ လွှမ်းခြုံသက်ရောက်မှု ရှိခြင်းပင် ဖြစ်သည်။

ဘုံနည်းလမ်းများ

ဤအချက်မှာ စံတန်ဖိုးများကို လေ့ကျင့်ပျိုးထောင်ရာတွင် ကြီးမားသော စိန်ခေါ်ချက်အနေဖြင့် ရင်ဆိုင်ရသည်။ အတိတ်ကာလများတွင် စံတန်ဖိုးများကို သီးသန့်ဘာသာရပ်အနေဖြင့် လေ့ကျင့်သင်ကြားကြပါသည်။ များမကြာသေးမီ နှစ်များတွင် ပညာရေးသမားများသည် ဘာသာရပ်အားလုံး ယှက်နွယ်လွှမ်းခြုံသည့် (ပေါင်းစည်းသင်ရိုး integrative) သင်ရိုးဖြင့် စံတန်ဖိုးတို့ကို သင်ကြားရန် အားထုတ်လာကြသည်။ နည်းနာ ၂ ရပ်စလုံးတွင် ဆရာ၏ မျှော်မှန်းချက်မှာ တူညီပါ၏။ အားလုံးမှ သိမြင်နားလည်ပြီးလျှင် အားလုံး၏ အကျိုးစီးပွားအတွက် ဘုံ စံတန်ဖိုးတို့ကို လိုက်နာကျင့်သုံးကြရန်ပင် ဖြစ်လေသည်။

ဤသည်မှာလည်း ကျင့်ဝတ်နီတိနှင့် စံတန်ဖိုးပညာရေး value education နှင့် နိုင်ငံသားပညာရေး citizenship education ဆောင်ရွက်ချက်များ၊ ပုံစံများ၏ ရေရှည်မျှော်မှန်းချက် ဖြစ်သော်ငြားလည်း တဦးတယောက်ချင်းစီ၏ လိုအင်များကိုမူ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြောင်း လေ့လာတွေ့ရှိရပြန်ပါသည်။ မိမိကိုယ်တိုင် စူးစမ်းလေ့လာ ရှာဖွေခြင်း၊ သိမြင်နားလည်ခြင်းနှင့် သင်ကြားနေသည့် စံတန်ဖိုးတို့ကို ဘဝနှင့် ဆက်စပ်ပြီး လက်ခံကျင့်သုံးလာခြင်းတို့ကို ဆိုလိုပါသည်။

ချဉ်းကပ်မှုနည်းလမ်း အသစ်

အထက်ပါ သင်ယူခြင်းအဆင့်သို့ ရောက်ရှိစေရန်အတွက် သင်ကြားနည်းလမ်းတို့ကို ရှေးဦးစွာ အသေအချာ ဆင်ခြင်သုံးသပ်သင့်သည်။ မြန်မာစာသင်ကျောင်းများတွင် အများဆုံး အသုံးပြုနေသည့် ဟောပြောပို့ချနည်းနှင့် ပုံပြင်ဇာတ်လမ်းများ ပြောပြခြင်း နည်းလမ်းတို့ဖြင့် နောက်ဆုံးပိတ်တွင် “ဒီပုံပြင်ထဲက စာရိတ္တနဲ့ပတ်သက်လို့ ဘာသင်ခန်းစာတွေ ရရှိသလဲ” မေးခွန်းမျှနှင့် ထိရောက်မှု မရှိနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျောင်းသားများကိုယ်တိုင် တက်ကြွစွာ ပါဝင်လုပ်ဆောင်မှု မရှိသည့်အတွက်ပင် ဖြစ်သည်။

ကိုယ်တိုင် သိမြင်ခံစားရမှုမရှိခြင်းနှင့် နေ့စဉ်ဘဝတွင် လက်တွေ့လိုက်နာကျင့်ကြံခြင်း မရှိသော စံတန်ဖိုးများသည် ကျင့်ဝတ်နီတိနှင့် စာရိတ္တကို ပုံဖော်နိုင်ရန် များစွာ အခက်အခဲရှိပါမည်။ ထို့အတူ လေ့ကျင့်ပျိုးထောင်ပေးမှု မရှိဘဲနှင့် ကလေးများသည် သူ့အလိုအလျောက် ဒီမိုကရေစီ နိုင်ငံသားများ ဖြစ်လာရန် ခဲယဉ်းပါမည်။

သင်ကြားရန်နည်းလမ်းများ

ထိရောက်အောင်မြင်နိုင်ရန်အတွက် သင်ကြားနည်းလမ်းမျိုးစုံ ရှိနေပါသည်။ ရိုးစင်းလွယ်ကူသော သင်နည်းများလည်း ဖြစ်ကြသည်။ အခြားသော ဘာသာရပ်များကို သင်ကြားရာတွင်လည်း အသုံးပြုနိုင်ပါသည်။ ဤနေရာတွင် မိတ်ဆက်ပေးမည့် သင်နည်းအထွေထွေ၏ အရေးကြီးသည့် ဂုဏ်အင်္ဂါတရပ်မှာ ကျောင်းသူကျောင်းများအနေဖြင့် ကိုယ်တိုင် လက်ခံလိုက်နာကျင့်သုံးနေသည့် ခံယူချက်နှင့် စံတန်ဖိုးစနစ်တို့ကို တက်တက်ကြွကြွနှင့် အသေအချာ ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းပင် ဖြစ်သည်။ စံတန်ဖိုးအသစ်နှင့် အကျင့်အကြံ အသစ်တို့ကို လက်ခံကျင့်သုံးခြင်း မပြုသေးမီ လေ့လာမှု ဖြစ်သည်။

ထို့အပြင် ဤသင်နည်းများတွင် ကျောင်းသားများအနေဖြင့် အဘယ်ကြောင့် ဤသို့၊ ထိုသို့ ထင်မြင်ကြသည်၊ စဉ်းစားတွေးတောကြသည်၊ ရှင်းလင်းဆွေးနွေးရန်ကို ဆရာဆရာမများမှ ထပ်ဆင့်မေးမြန်းရပါမည်။ စာသင်ကြားခြင်း၏ ထိရောက်အောင်မြင်မှုများ အမြင့်မားဆုံးရရှိစေရန် ကျောင်းသူကျောင်းသားတိုင်းအား သူတို့၏ ယုံကြည်ချက်များနှင့် အတွေးအမြင် သဘောထားတို့ကို တင်ပြခွင့်ပေးသင့်သည်။ အပြန်အလှန် တင်ပြဆွေးနွေးရာတွင်လည်း အားလုံးမှ ဂရုတစိုက် နားထောင်ပေးရန် လိုအပ်ပါသည်။

ဆန္ဒမဲပေးခြင်း

ဆရာက ရွေးချယ်ထားသော “အကြောင်းအရာ”၊ “ခေါင်းစဉ်”၊ “အဆိုပြုချက်” တခုခုအပေါ်တွင် သဘောတူသည်၊ သဘောမတူပါ၊ ဟူ၍ ကျောင်းသားများမှ ဆန္ဒမဲပေးခြင်းဖြင့် စတင်နိုင်သည်။

•ဥပမာအားဖြင့်-
“မိသားစုတိုင်းဟာ ကလေး ၂ ဦးသာ ယူသင့်တယ်ဆိုတဲ့ အချက်အပေါ်မှာ မင်းတို့ ဘယ်လိုထင်မြင်ကြသလဲ”၊
“ကိုယ်ပိုင်ကားတွေ ဝယ်ယူတာကို အစိုးရအနေနဲ့ ကန့်သတ်မှုလုပ်ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအတွက် ပိုမို လုပ်ဆောင်သင့်တယ်”၊
“ဒီနေ့ ကျောင်းတက်ဖို့အတွက် ဘယ်လို ဝတ်စုံဝတ်သင့်တယ်ဆိုတာ ကျောင်းသူကျောင်းသားများ ကိုယ်တိုင် ရွေးချယ်ဝတ်ဆင်ခွင့် ရှိသင့်ပါတယ်။”
“နစ်နာဆုံးရှုံးနေတဲ့ ကျောင်းသူကျောင်းသား အခွင့်အရေးတွေ ရရှိဖို့အတွက် တောင်းဆိုရာမှာ ကျောင်းသားတိုင်း ပါဝင်ရမှာ ဖြစ်တယ်။”
ကျောင်းသူကျောင်းသားများအနေဖြင့် မည်သို့ပင် အဖြေပေးစေကာမူ ဆရာဆရာမများမှ နောက်ဆက်တွဲ အနေဖြင့် “ဘာဖြစ်လို့ အဲဒီလို ထင်မြင်ယူဆရတာလဲ” ဟူသော မေးခွန်းကို မေးမြန်းရန် အလွန်အရေးကြီးပါသည်။

အဆင့်သတ်မှတ်ခြင်း

ဖြစ်နိုင်ချေ ၃ ခု (သို့မဟုတ် ထို့ထက်ပို၍) ရွေးချယ်ထားရှိပြီးလျှင် ကျောင်းသားများက အရေးကြီးဆုံးကို (သို့မဟုတ်) သူတို့နှစ်သက်သလို အထက်အောက် ပြန်စီစဉ်ခြင်း ဖြစ်သည်။

• ဥပမာအားဖြင့် -
“အင်မတန်ဒုက္ခရောက်ပြီး အရေးကြီးတဲ့အချိန်မှာ တွေ့ဆုံစကားပြောဖို့ လူတဦးတည်းကိုသာ ရွေးချယ်ခွင့်ရှိခဲ့ရင် ဘယ်သူ့ကို ရွေးမလဲ။ (အဖေ၊ အမေ၊ ဆရာဆရာမ၊ သူငယ်ချင်းတဦးဦး)။” ကျောင်းသားများကိုယ်တိုင် ကြိုက်နှစ်သက်သလို ရွေးချယ်ခွင့် ပေးရာတွင် အဆင့်သတ်မှတ်ထားခြင်း ဖြစ်သည်။ (၁) အနှစ်သက်ဆုံး - မှစပြီး - (၄) နောက်ဆုံး ရွေးချယ်မှု - အနေဖြင့် အဆင့်သတ်မှတ် ရွေးချယ်ခြင်းကို ဆိုလိုပါသည်။ ကျောင်းသားများ၏ အဖြေတို့ကိုလည်း ထင်ဆင့် ရှင်းလင်းဆွေးနွေးပေးရန် ဆရာက ယခင်အတိုင်း မေးမြန်းခြင်း ပြုရပါဦးမည်။

စံတန်ဖိုးပြ မျဉ်းရှည်

မတူသော ရွေးချယ်စရာများ (သို့မဟုတ်) ဆန့်ကျင်ဘက် အမြင်သဘောထားများ ၂ ခုကို မျဉ်းတန်း၏ အစွန်း ၂ ဖက်ပေါ်တွင် တင်ဆက်ခြင်း နည်းလမ်းဖြစ်သည်။ ရွေးချယ်စရာများမှ သူတို့ရပ်တည်မှု နေရာကို ရွေးချယ်ကြခြင်း ဖြစ်သည်။ ကျောင်းသားများ၏ ကိုယ်ပိုင် ခံယူချက်၊ အမြင်သဘောထားများနှင့် အနီးစပ်ဆုံး ရွေးချယ်မှု ပင်ဖြစ်သည်။ အစွန်ဆုံး (၂) နေရာအပါအဝင် ကြားတွင်ရှိသော နေရာများအားလုံးကို ဆိုလိုသည်။

တတန်းလုံး လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ရသည့် ကာယလှုပ်ရှားမှုများလည်း ပါဝင်သည်။ အတန်းရှေ့တွင်ဖြစ်စေ၊ (သင်ပုန်းပေါ်တွင်ဖြစ်စေ) မျဉ်းရှည်တကြောင်း ရေးဆွဲထားပြီးလျှင် ကျောင်းသားများက သူတို့ရပ်တည်ချက်နေရာတွင် လာရောက်၍ မတ်တပ်ရပ်နေရာယူကြခြင်း ဖြစ်သည်။ မတူညီသော ရပ်တည်ချက်များနှင့် အမြင်သဘောထားများဖြင့် ပျော်စရာလည်းကောင်းသော သင်ကြားနည်းလမ်းတခု ဖြစ်၏။

ဥပမာအားဖြင့် - “မိဘအုပ်ထိန်းမှုမှာ ဘယ်လိုပုံစံက အကောင်းဆုံးလဲ” (ဆရာမှနေ၍ မျဉ်းရှည်၏ အစွန်းတဖက်တွင် “ဒီမိုကရေစီနည်းကျ အုပ်ထိန်းမှု” ဟု ရေးသားပြီး၊ အခြားအစွန်းတဖက်တွင်မူ “ချုပ်ချယ်ကန့်သတ်မှုများဖြင့် အုပ်ထိန်းမှု” ဟူ၍ ရေးသားထားသည်။ ဆရာမှနေ၍ အစွန်း ၂ ဖက် ရပ်တည်မှုနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းပေးနိုင်သည်။ ကျောင်းသားများမှ အစွန်း (၂) ဖက် အပါအဝင် မျဉ်းတန်းတလျောက် နေရာအနှံ့တွင် သူတို့ ရပ်တည်ချက်အရ ရွေးချယ်ရပ်တည်ကြပြီးလျှင် မိမိဘာကြောင့် ရွေးချယ်ရပ်တည်ရသည်ကို ရှင်းလင်းဆွေးနွေးကြရခြင်း ဖြစ်သည်။

မြန်မာပြည်တွင်း သင်ရိုးရှိ ပြည်သူ့နီတိနှင့် စာရိတ္တ ဘာသာရပ်ပါ သင်ခန်းစာ အကြောင်းအရာများနှင့် မလုံလောက်သေးပါ။ ဒီမိုကရေစီ နိုင်ငံသား ပညာရေးကို သင်ရိုးညွှန်းတမ်းများတွင် ရှောင်ရှားခဲ့ကြသည်။ ထည့်သွင်းရန် တွန့်ဆုတ်နေဆဲပင် ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ မျှော်မှန်းချက်များနှင့် အခြားခြားသော စံတန်ဖိုးများကိုလည်း ထည့်သွင်းသင်ကြားပေးသင့်ပါသည်။ အထူးသဖြင့် ဒီမိုကရေစီယဉ်ကျေးမှု ထွန်းကားစေရန်အတွက် အတန်းတိုင်း၊ အဆင့်တိုင်းတွင် သင်ရိုးကို ပြဋ္ဌာန်းရေးဆွဲခြင်း၊ နောက်ခံလွှာသင်ရိုး hidden curriculum အနေဖြင့် လက်ခံကျင့်သုံးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း။             

သိန်းနိုင်  
ရင်းမြစ်။ ။http://burmese.mizzimamedia.com/index.php?option=com_content&view=article&id=4985:2010-03-23-07-11-14&catid=3&Itemid=4

လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ လျှောက်ထားသူ ပြုလုပ်ပြီး အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နစ်နာမှုတွေအတွက် လျှောက်ထားချက် ၂ ခုကို တင်ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို ကတိအတိုင်း အကောင်အထည် ဖော်မပေးခဲ့တဲ့ ကိစ္စနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၂ ကြိမ် ကျခံစေတဲ့ ကိစ္စအပေါ် တားဝရမ်း ထုတ်ပေးဖို့ အခုလို လျှောက်ထားခဲ့တာ ဖြစ်တယ်လို့ NLD ဗဟို ဥပဒေ အထောက်အကူပြုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောကြားပါတယ်။ အကြောင်းစုံကို ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။
ပထမအချက်ကတော့ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုတဲ့ကိစ္စလို့ ဆိုရမှာပါ။ ၁၉၉၀ ပြည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ အရ ရွေးကောက်ခံရသော ပုဂ္ဂိုလ်များဖြင့် ပြည်သူ့လွှတ်တော်ကို ခေါ်ယူပေးရမည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ဥပဒေစကားအရ Imperative မလုပ်မနေရ၊ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ သဘောပါ။
တခါ ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁/၉၀ ထုတ်ပြန်ပြီး အဲဒီဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ န၀တက လွှတ်တော် ခေါ်ယူပေးမယ်လို့ ဆိုခဲ့ပြန်ပါတယ်။ ဒါပေမဲ့ လွှတ်တော် မခေါ်ခဲ့ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ NLD ဘက်က နစ်နာရတဲ့အတွက် ဥပဒေကြောင်းက လျှောက်ထားတာ ဖြစ်ပါတယ်။ ဒါကို ဥပဒေ အကိုးအကားနဲ့ ရှင်းပြထားတဲ့ ပုဂ္ဂိုလ်ကတော့ NLD ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဦးကြည်ဝင်း ဖြစ်ပါတယ်။
“အန်ကယ် ဦးအောင်ရွှေက နအဖကို လျှောက်ထားသူ အနေနဲ့ လျှောက်လွှာ application တခု တင်တယ်။ အဲဒီမှာ သီးခြားသက်သာခွင့် ဥပဒေ ပုဒ်မ ၄၅ + ၅၄၊ အဲဒီပုဒ်မ ၂ ခုပေါ် အခြေခံပြီး လျှောက်လွှာ တင်လိုက်တာ။ ၄၅ ပြဋ္ဌာန်းချက်က အာဏာပိုင် တရပ်ရပ် သို့မဟုတ် ၀န်ထမ်း အဖွဲ့အစည်း၊ ၀န်ထမ်းပုဂ္ဂိုလ် တဦးတယောက်က မိမိမှာ တာဝန်ရှိပါလျက် ထိုတာဝန်ကို မလုပ်ဘူး၊ တစုံတယောက် သို့မဟုတ် အဖွဲ့အစည်းတခုခု နစ်နာစေတယ်ဆိုရင် အဲဒီ နစ်နာတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကနေ လျှောက်လွှာတင်ပြီးတော့ တရားရုံးက ပုဒ်မ ၄၅ အရ တာဝန်ရှိတဲ့အတိုင်း လုပ်စေဆိုပြီး အမိန့်ချတယ်။”
ဒါက စစ်အစိုးရဘက်က ဥပဒေအရ လုပ်ရမယ့်ကိစ္စကို မလုပ်လို့ NLD ဘက်က လျှောက်ထားတဲ့ကိစ္စပါ။ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ဥပဒေအရ လွှတ်တော်ခေါ်ပေးဖို့ တောင်းဆိုတဲ့ကိစ္စ ဆိုရင်လည်း ရနိုင်ပါတယ်။
နောက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုတခုတည်းအတွက် ထောင်ဒဏ် ၃ နှစ် ချမှတ်ထားတဲ့အပြင် အဲဒီပုဒ်မ တခုတည်းအရပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိစေရလို့လည်း ပြစ်ဒဏ်ချမှတ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို လူတယောက်ကို ပြစ်မှု တခုတည်းအတွက် ပြစ်ဒဏ် ၂ ခါပေးတာဟာ ဥပဒေရဲ့ မူသဘောအရကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို ဟန့်တားပေးဖို့ Injunction ဆိုတဲ့ တားဝရမ်း ထုတ်ပေးဖို့ လျှောက်ထားတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးကြည်ဝင်းက အခုလို ရှင်းပြပါတယ်။
“မကြာသေးခင်က နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ ၅၀၀ ရှိတယ်။ ဘာပါလဲဆိုတော့ ထောင်ဒဏ် ကျခံနေရသော ပုဂ္ဂိုလ်ဆိုပြီးတော့ အဲဒီမှာ ပါတယ်။ အယူခံတာတို့၊ ပြင်ဆင်မှု တက်တာတို့၊ တက်ချင်တက်၊ မတက်ချင်နေ အောက်ရုံးက၊ မူလရုံးက ထောင်ချလိုက်ပြီဆိုရင် အဲဒါ ထောင်ကျခံနေရသော ပုဂ္ဂိုလ်ဆိုပြီး အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲ ပါတယ်။ တိုက်ရိုက်ပြောရင် အဲဒီ အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါတဲ့သဘော ဖြစ်နေတယ်။
“အဲတော့ တနည်းအားဖြင့် ပြောရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးဆိုတဲ့ သဘောပေါ့ဗျာ။ ဒီပြဋ္ဌာန်းချက်ကို အခု အန်ကယ် ဦးအောင်ရွှေတို့ စွဲတဲ့ အမှုထဲမှာ တစ်အချက်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပုဒ်မ ၂၂ အရ ထောင်ဒဏ် ၃ နှစ်ဆိုပြီး ကျခံလိုက်ရပြီ။ သြဂုတ်လတုန်းက ပြစ်ဒဏ်ချတာ။
“အဲဒီပြစ်ဒဏ်ချတာကို တခါထပ်ပြီးတော့ အခု ရွေးကောက်ပွဲ ၀င်ခွင့်မရှိဘူးဆိုတာ ပါတယ်။ ဘာကြောင့်လဲ၊ ထောင်ဒဏ်ကျခံနေရသူဆိုတဲ့ အဓိပ္ပာယ်ကြောင့်။ ဒီတော့ ပြစ်ဒဏ် ၂ ခါပေးသလို ဖြစ်တယ်။ အဓိပ္ပာယ်ကတော့ နှစ်ထပ်ကွမ်း ပြစ်ဒဏ်ပေးတာမျိုး မဖြစ်ရဘူး၊ ဥပဒေမူဆိုတော့ အခုက မူပါ ထိခိုက်တဲ့သဘော ဖြစ်တယ်။”
ဒါတွေဟာ တကယ်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က စစ်အစိုးရကို ဥပဒေကြောင်းအရ စိန်ခေါ်တဲ့ ကိစ္စတွေလို့ ဆိုရပါလိမ့်မယ်။ ဒါပေမဲ့လည်း ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်ပေးဖို့ ပျက်ကွက်တဲ့ကိစ္စတို့၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ပါဝင်ခွင့်ပြုဖို့ ကိစ္စတို့ ဆိုတာဟာ သာမန် တရားဥပဒေကိစ္စ ဆိုတာထက် ဒါဟာ စစ်အစိုးရရဲ့ ရပ်တည်ချက်ကိုပါ စိန်ခေါ်နေတဲ့ ကိစ္စကြီးလို ဖြစ်နေတယ်ဆိုရင် မှားမယ်မဟုတ်ပါဘူး။
ဒါကြောင့် ဒီလျှောက်ထားချက်တွေကို တရားဥပဒေနဲ့အညီ စစ်အစိုးရဘက်က တုံ့ပြန် ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံယုံကြည်ကြည် မျှော်လင့်နေသူကတော့ သိပ်များများစားစား ရှိလိမ့်မယ် မဟုတ်ပါဘူး။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-24-voa1.cfm?rss=topstories

ကလေးအတွက် ခေတ်သစ်အိပ်ရာဝင်ပုံပြင်



ဒီတညလည်း…
ကြယ်တွေမစုံနိုင်ခဲ့ကြသေးဘူး ကလေးရေ...
ကြယ်မလာ လမသာတဲ့ ကောင်းကင်ယံမှာ
ဘယ်လိုနတ်ဆိုးရဲ့ ဗျပ်စောင်းသံမျိုးကမှ
ငါတို့အလင်းနှစ်တွေအတွက်
ငြိမ်းချမ်းရေး စကားသံတွေအဖြစ်
တံတားစစ်စစ်ခင်းနိုင်မယ်မဟုတ်ပါဘူးကွယ် ...

ဟောဒီ ကြယ်တွေမစုံတဲ့ ကမ္ဘာမှာ
အသက်တရာ မနေရခြင်းအတွက်
ဘယ်ပဉ္စလက်ဆရာကိုမှလည်း
လက်ညှိုးညွှန်ပြ အပြစ်ပုံမချလိုပါဘူး ကလေးရယ်...

ခေတ်မှီစွာနဲ့ အသက်တိုခြင်းတရားထဲမှာ
စိတ်၏ချမ်းသာမှုတွေ ရှည်လျားနေခဲ့ရင်ပဲ
ဒီသံသရာကြီးက တင်ဆက်ပြသတဲ့ပွဲကို
ငါတို့ … ကျေနပ်စွာ ကြိုဆိုနေခဲ့မိမှာပေါ့ ကလေးရဲ့ ...

အခုတော့…
အခက်တရာမကတဲ့ အမှုကုဋေပွေခြင်းအတွက်
ကံကြမ္မာကို လက်ညှိုးငေါက်ငေါက်ထိုးပြီး
ပိုးစိုးပက်စက် ရိုးမယ်ဖွဲ့တတ်ခဲ့ရမတဲ့လား!

ကလေးရေ..
ဟောဒီ…တညလောက်ဖြစ်ဖြစ်
မျက်စိနဲ့ကြားနေရတဲ့ သီချင်းသစ်တပုဒ်အတွက်
ပိတ်ထားတဲ့ တံခါးရွက်တွေကို ပွင့်စေချင်ပါရဲ့
နားရွက်နဲ့ဖတ်နေရတဲ့ ကဗျာသစ်တပုဒ်အတွက်
ကြယ်သာ လထွက်တဲ့ကမ္ဘာမှာ
ကလေးကို စိတ်ချလက်ချ အိပ်ပျော်စေချင်ပါရဲ့ကွယ် …

ဒါပေမယ့်လည်းကလေးရေ
လိပ်ပြာမလုံသူတွေရဲ့ ကောင်းကင်မြို့ရိုးမှာ
အတ္တမြူခိုးတွေ ဝေသီဖုံးလွှမ်းနေသေးလို့
ဟောဒီတညအဖို့လည်း
ကြယ်တွေ မစုံနိုင်ကြသေးဘူးကွဲ့ … ။        ။

ဆောင်းယွန်းလ
မတ် ၂၃၊ ၂၀၁၀

NLD မှတ်ပုံတင်ရေး ဒေါ်စု သဘောမတူပေမဲ့ ပါတီဆုံးဖြတ်ချက် လက်ခံမည်



စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ကန့်ကွက်လိုက်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီမိုကရေစီ နည်းလမ်းတကျ တိုင်ပင် ညှိနှိုင်းပြီး ဆုံးဖြတ်ကြရမှာသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေကြီး ဦးဉာဏ်ဝင်းကို ဒီနေ့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သူ့အနေနဲ့ကတော့ တရားမျှတမှု မရှိတဲ့ ဥပဒေအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်တာကို ဘယ်တော့မှ လက်မခံနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။
တဆက်တည်းမှာပဲ စစ်အစိုးရ ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေမှာ ပါရှိတဲ့ အချက်တွေဟာ တရားမျှတမှု မရှိတာကြောင့် NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီနေ့ ဗဟိုတရားရုံးချုပ်မှာ တရားစွဲဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဗဟိုတရားရုံးချုပ်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဘာကြောင့် လက်မခံဘူးလဲဆိုတဲ့ အကြောင်းပြချက်ကို ဆက်လက် သိရှိရအောင် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲ ဥပဒေပါ အချက်တွေထဲမှာ နစ်နာချက်တွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်နဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေ လက်မှတ်ရေးထိုးပြီး ဒီဥပဒေကို ထုတ်ပြန်လိုက်တဲ့ အာဏာပိုင်တွေကို တိုက်ရိုက် တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရားရုံးချုပ်ကတော့ အကြောင်းပြချက် မပေးဘဲ လက်မခံခဲ့ဘူးလို့ သူကိုယ်တိုင် သွားရောက် တရားစွဲဆိုဖို့ ကြိုးပမ်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ဗွီအိုအေကို ရှင်းပြပါတယ်။
ဗဟိုတရားရုံးချုပ်လို့ ဆိုပေမဲ့ ဒီလိုတရားစွဲတဲ့ အမှုမျိုးကို လက်ခံနိုင်လောက်တဲ့ အခွင့်အာဏာ မရှိဘူးလို့ ပြောပြီး ပယ်ချလိုက်တဲ့ အကြောင်းကိုတော့ NLD ဥပဒေ အကြံပေးအဖွဲ့ဝင် တဦးက ပြောပြပါတယ်။
ဥပဒေကြောင်း အရရော နိုင်ငံရဲ့ နိုင်ငံရေး သမိုင်းကြောင်းအရပါ မှတ်တမ်းတင်ရမယ့် သင်္ကေတအဖြစ် မှတ်ယူနိုင်မှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

ရင်းမြစ်။ ။http://www.voanews.com/burmese/2010-03-23-voa3.cfm?rss=topstories

အမှန်တရား နားတော့ခါးတယ်

မြန်မာနိုင်ငံတွင် မတရားသော စစ်အစိုးရကို အံတုဖက်ပြိုင်အံ့ဟု ဖွဲ့စည်းခဲ့လေသော အဖွဲ့ချုပ်ကြီးတခုသည် ရှိ၏။ အဆိုပါအဖွဲ့ကြီးသည် ရွေးကောက်ပွဲ ဝင်ရေးမဝင်ရေးကို အဖြေမပေး သေး ချေ။ မပေးနိုင်သေးသည်လော၊ဝေခွဲရခက်နေသည်လော မဆိုနိုင်။ လက်ရှိတိုက်ကွက် မှန်သမျှ သည်လည်း မဲပြာပုဆိုးထဲက မထွက်နိုင်သေး။ အစိုးရမင်းများကို ကြိုင်ဝင်းရီ က အဖေခေါ်ရ လောက်အောင် နိုင်ရင်ပြီးစတမ်း ခါးတောင်းကျိုက်မဖြုတ်တမ်း ရက်စက်မှုအပေါင်း သရဖူ ဆောင်းနေချိန် တွင်၊ယင်း အဖွဲ့ကြီးကား နစ်လု ဆဲဆဲ လှေပျက် ကြီးကို ဖက်တွယ်ထားနေဆဲ။ ခါးချိနားထိုင်း ဇရာပိုင်းလွန်နေသည့် ခေါင်းဆောင်များနှင့်ပင် နယ်ဖက်မှာသုံးနေဆဲ လော်ကယ် ရထားကြီးနှယ် အရွေ့ နှုန်းနှေးနေသည်။ လူထု၏ ဒုက္ခအပေါင်းကို ကယ်တင်မည့် အဖွဲ့ကြီးကား မည်သည်ကို တွေးတောနေပါသနည်း။
(ကိုမင်းဒင် ဆီမှ တချို့တစ်ဝက်)