မဒါဂတ်စတား ကမ်းရိုးတန်းမှာ နော်ဝေနိုင်ငံပိုင် ဓာတုဗေဒပစ္စည်းတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းနဲ့ ရေယာဉ် ပေါ် ပါလာတဲ့ မြန်မာသင်္ဘောသားတွေကို ပင်လယ် ဓားပြတွေက ပြန်ပေးဆွဲသွားတယ်လို့ ဥရောပသမဂ္ဂ ရေကြောင်း ဌာနက စနေနေ့က အတည်ပြု ပြောကြားသွားပါတယ်။
ပင်လယ်ဓားပြတွေဟာ UBT Ocean လို့ခေါ်တဲ့သင်္ဘောနဲ့ သင်္ဘောပေါ်က မြန်မာသင်္ဘောသား ၂၁ ယောက်ကို သောကြာနေ့က ပြန်ပေးဆွဲသွားတာဖြစ်တယ်လို့ ဥရောပ သမဂ္ဂက ပြောပါတယ်။ သင်္ဘောဟာ အာရပ်စော်ဘွားများ ပြည်ထောင်စုကနေ တန်ဇန်နီးယားနိုင်ငံကို ဦးတည်ခုတ်မောင်းနေတုန်းမှာ ပြန်ပေးဆွဲ ခံခဲ့ရတာပါ။
သင်္ဘောဟာ အခု ပင်လယ်ဓားပြတွေ ကျက်စားရာနေရာဖြစ်တဲ့ ဆိုမားလီယာ နိုင်ငံဘက်ကို ဦးတည်ခုတ်မောင်း သွားနေတယ် လို့ သိရပါတယ်။ သင်္ဘောသားတွေ အန္တရာယ်ပြုခံရသလား၊ ဒါမမဟုတ်ရင်လည်း သင်္ဘောကိုပြန်ရွေးဖို့ ငွေတောင်း မတောင်းဆိုတာတွေ မသိရသေးပါဘူး။
ဆိုမားလီယာ ပင်လယ်ဓားပြတွေဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာပဲ သင်္ဘောတွေကို ပြန်ပေးဆွဲ၊ ပြန်ရွေးငွေတောင်းပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတာဖြစ်ပါတယ်။ အခုဆိုရင် ပင်လယ်ဓားပြတွေက သင်္ဘောအနည်းဆုံး ၆ စင်းနဲ့ သင်္ဘောသား ၁၀၀ ကျော်ကို ဖမ်းဆီးထားပါတယ်။
ရင်းမြစ် ။ ။ http://www.voanews.com/burmese/2010-03-07-voa2.cfm
Sunday, March 7, 2010
သမိုင်းကတောင်းဆိုသော၊သမိုင်းကလိုအပ်သော
ကျနော် စာအုပ်တစ်အုပ်ဖတ်ရင်း စဉ်းစားစရာတွေ အများကြီးပေါ်လာလို့ ကျနော် တတ်နိုင်သလောက်
တင်ပြချင်စိတ်လေးဖြစ်လာမိတယ် ။ အဲဒီ စာအုပ်ကတော့ မောရစ် ကောလစ် ရေးတဲ့ "Last and first of Burma" စာအုပ်ကို တက္က္ကသိုလ်နေ၀င်း ဘာသာပြန်ထားတာပါ ။ ကျနော် စဉ်းစားမိတာလေး မပြောခင် အဲဒီစာအုပ်ထဲက မောရစ်ကောလစ်ရဲ့ ပြောပြတာလေး ကို အရင်ဖတ်ကြည့်ပါအုံး……………။
“ကျွန်ုပ်တို့ (ဗြိတိသျှလူမျိုးများ)သည် မြန်မာနိုင်ငံအားသိမ်းပိုက် အုပ်စိုးခဲ့ခြင်းအားဖြင့် မြန်မာတိုကအား အကျိုးပြုခဲ့သည်ဟု ပြောလေ့ရှိသည်။ သို့သော် သီပေါမင်းအား ဖမ်းဆီးနန်းချပြီး မန္တလေးမြို့တော်ကို သိမ်းပိုက်စဉ်က ကျွန်ုပ်တို့ထိုသို့လုံးဝ မပြောခဲ့ပါချေ။ ထို့ပြင် ဗြိတိသျှ အစိုးရအုပ်စိုးမှုကြောင့် မြန်မာနိုင်ငံအဖို့ များစွာ အကျိုးရှိခဲ့သည်ဟုလည်း ကျွန်ုပ်တို့ပြောခဲ့ကြသေးသည်။ သို့ရာတွင် ယင်းအချက်ကို ပြန်လည်ချေပနိုင်ပေ သည် ။မြန်မာတို့အနေဖြင့်ကျွန်ုပ်တို့(ဗြိတိသျှ)ထံမှ လေ့လာတတ်ကျွမ်းခဲ့သမျှကို သူတို့နိုင်ငံလွတ်လပ်ရေး မဆုံးရှုံးဘဲနှင့်လည်း တတ်ကျွမ်းနိုင်စွမ်းရှိပေသည်။ ဥပမာ အိမ်နီးချင်းထိုင်းနိုင်ငံဆိုလျှင် ၁၈၈၅ ခုနစ်က မြန်မာတို့ ထက်ပိုပြီး တိုးတက် ဖွံ့ဖြိုးခြင်း မရှိသေးလင့်ကစား ဗြိတိသျှအုပ်စိုးမှုကြောင့် တိုးတက်လာပါသည်ဆိုသော မြန်မာနိုင်ငံကဲ့သို့ပင် (ကိုယ့်မင်းကိုယ့်ချင်း နိုင်ငံတစ်နိုင်ငံအနေဖြင့်) စွမ်းဆောင်နိုင်ခဲ့ပေသည်။ စင်စစ်အားဖြင့် ၁၉ ရာစုနှစ်များဆန်းစ အချိန်မှစပြီး တိုးတက်ခေတ်မီသော ကမ္ဘာကြီးသည် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများ၏ နယ်စပ်များ ဆီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်ပင်တည်း။
ရာစုနှစ်များ အတန်ကြာကပင် ဥရောပနိုင်ငံများသည် အာရှတိုက်ရှိ နိုင်ငံများကို သိမ်းပိုက်အုပ်စိုးခဲ့ကြရာ ထိုအချိန်က ယင်းအပြုအမူသည်ပင်လျှင် ကြီးကျယ်ထည်ဝါသော အောင်မြင်မှုဟု ယူဆခဲ့ကြသည် ။ ၄င်းကို သမိုင်းရေးရာ အချက်အလက်တစ်ခုဟု မှတ်ယူရမည်သာဖြစ်သည်။
ထိုနည်းတူစွာ ၂၀ ရာစုနှစ်ကျတော့ ကျွန်ုပ်တို့၏ အယူအဆပြောင်းလဲလာခဲ့ခြင်းကို သမိုင် တောင်းဆိုမှု အချက်တစ်ခုဟု လက်ခံရပေမည်။ အထူးသဖြင့် ၁၉၂၀ပြည့်လွန် နှစ်များမှစပြီး ကျွန်ုပ်တို့၏ အတွေးအခေါ် အယူအတွေ သိသိသာသပြောင်းလဲခဲ့ပေသည်။
အောင်ဆန်းပေါ်ပေါက်လာ ခဲ့ခြင်းသည်ကား ခေတ်၏ အမှတ်အသားလက္ခဏာ တစ်ခုဖြစ်ပေသည်။ ကျွန်ုပ်တို့ (ဗြိတိသျှ)၏ သဘောထား ပြောင်းလဲစေခဲ့သောအချက်အလက်များကပင်လျှင် အောင်ဆန်းပေါ်ပေါက် လာရေးအတွက် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့သည်။ ဤကား ကမ္ဘာ့ထိပ်သီး ပုဂ္ဂိုလ်ကြီးများ ပေါ်ပေါက်လာစေသည့် အစဉ်အလာ တစ်မျိုးဖြစ်သည်။
ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား လွတ်လပ်ရေးပေးရန် အသင့်ဖြစ်လာချိန်တွင် မည်သူက မည်သို့မည်ပုံ ပေးမည်ဟူသော ပြသနာရှိလာသည်။ မြန်မာ့လွတ်လပ်ရေးကို ရယူပေးမည့်သူအဖြစ် မည်သူက သူရဲကောင်း လုပ်မည်နည်း။ ဘုရင်ခံဒေါ်မန်စမစ် သည် ယင်းနေရာ ရလိုရငြား နှစ်ရှည်လများ ကြံစည်ကြိုးစားသည်။ မောင့်ဘက်တန်ကလည်း စိတ်ဝင်စားခဲ့သည်။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီနှင့် သူ၏ လေဘာ အစိုးရအဖွဲ့ ကလည်းမြန်မာလွတ်လပ်ရေးပေးသူအဖြစ် နာမည်ရလျှင် ကောင်းပေစွဟု ဆင်ခြင်သုံးသက်မိသည်။
မြန်မာ့တို့ဘက်တွင်လည်းလွတ်လပ်ရေးသည် သူရဲကောင်းဖြစ်လိုသူတွေ အပြိုင်အဆိုင်ရှိခဲ့သည် ။ ယင်းတို့အထဲတွင် ဆာပေါ်ထွန်းနှင့် ဦးစောတို့လည်း ပါသည်။ သို့ရာတွင် သမိုင်းအစဉ်အလာအရ ကမ္ဘာ့ထိပ်သီး သူရဲကောင်းတို့သည် အချိန်အခါ အခြေအနေ တိကျမှန်ကန်တော့မှ ပေါ်ထွက်လာစမြဲဖြစ်သည်။
မြန်မာ့လွတ်လပ်ရေးကို ရယူ ဆောင်ကြဉ်းပေးမည့် အဓိကပုဂ္ဂိုလ်အဖြစ် သမိုင်း၏ တောင်းဆိုချက်အရ ပေါ်ထွက်လာသူကား “အောင်ဆန်း” ပင်ဖြစ်သတည်း။
ဒါလေးကို ဖတ်ပြီး အခု ကျနော်တို့နိုင်ငံမှာ ဖြစ်ပျက်နေတာလေးတွေနဲ့ ယှဉ်ပြီး တွေးကြည့်မိတယ် ။
2010 ဆိုတာ ဘာမှန်းမသိပေမယ် ဆာပေါ်ထွန်းတို့လို ၊ ဂဠုန်ဦးစောတို့လို အခွင့်ကောင်းယူချင်တဲ့သူတွေ အများကြီးထွက်လာ တယ်ဆိုတာ ပါပဲ ။ ဒါပေမယ့် သူတို့ဟာ သမိုင်း ကတောင်းဆို ထားတဲ့ သူတွေမဟုတ်ဘူး ။ သမိုင်းရဲ့ လိုအပ်ချက်ကြောင့် ပေါ်လာတဲ့သူတွေလည်း မဟုတ်ဘူး ။ကျနော့် အထင်တော့
အချောင် နှိုက်ချင်တဲ့ သူတွေ သာ ဖြစ်မယ် ထင်ပါတယ် ။
ကျနော်တို့ နိုင်ငံအတွက် တကယ့် သမိုင်းက တောင်းဆိုထားတဲ့ ၊ သမိုင်းရဲ့ လိုအပ်ချက်ကြောင့် ဒါမှမဟုတ် ဒီနေ့ ပြဿနာ အားလုံးကို ပြေလည်စေမယ့် သူကတော့ ဒေါ်အောင်ဆန်းစုကြည် မှ လွဲ ၍ မည်သူမှ ဖြစ်နိုင်မည် မဟုတ်ဘူးဆိုတာ ရဲရဲ ကြီးပြောချင်ပါတယ်ဗျာ ….။
Written by ခေတ်သစ် ( 7.3.2010 , 4:49 pm )
မှီငြမ်း ။ ။တက္ကသိုလ်နေ၀င်း ၏ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း
သမိုင်းအစစ်အမှန် တခုပဲ ဖြစ်ရမယ်
တကယ်တော့ တိုက်ပွဲဆိုတာ
အမိုက်မဲအဖော်တွေအတွက်
လိုက်လည်း မခေါ်နိုင်ပါဘူး။
ယုံကြည်ရာကို ထုဆစ်
ဘဝအသစ် ဖန်တီး
အလှအစစ်တခုကို
အမှန်မှီးရတယ်။
သွေးပူတုန်းကုန်းအော်
ဖေးကူသူရှိတုန်းပြုံးမော်
အဲဒီလိုဝရုန်းသုံးကား
အကိုတို့ လုံးလုံးလျားလျား မဟုတ်ရပါဘူး။
ယုံကြည်သူတို့ လျှောက်ခဲ့တဲ့လမ်း
အကိုတို့ဘဝတွေ နွမ်းလည်း
ညီတို့အတွက် လမင်း
အကိုတို့ ဖန်ဆင်း
နေလိုအချင်း ရှိစေရမယ်။
ခွဲခွာကွေကွင်း
ဒီမြစ်တစင်းထဲ
အကိုတို့ ငိုချင်းကင်းရတယ်
ပိုလို့ချစ်ခြင်း သစ်ရတယ်။
စီးဆင်းရင်း အသစ်တည်
မပြီးမချင်း အနှစ်မမြည်
သြော် …
အကိုတို့ စီးချင်းအသစ်တွေကိုလည်း
နှလုံးသားနဲ့ချစ်
အပြုံးတရားနဲ့ ဖြစ်တည်ခဲ့ရတယ်။
အကိုပြန်တွေးရင်တော့
ညီငယ်ဆွေးမှာပေါ့
ဒါ …
အကိုတို့အရေး
ညီ …
ရင်မလေးစေချင်ဘူးလေ။
ကိုယ်တို့ရဲ့  အဖေအောင်ဆန်း
သူမှန်းခဲ့တဲ့ လမ်း
အကိုတို့ လွမ်း၊ ရင်မှာ တမ်းလို့
စစ်ကို တကယ်မုန်း
စနစ်ကို ပျက်သုဉ်းဖို့
အကိုတို့ ခေတ်ကို တကယ်ဆုံးခဲ့ရတာပါ။
ညီလေးရေ …
ဂျပန်မဟုတ်၊ အမှန်ယုတ်တဲ့
ပုပ်သိုးနံဟောင်
ဒီစနစ်ဆိုးကို အောင်ဖို့
အကိုတို့
ဆက်လက်ဆောင်ကြဉ်းနေရမယ်
အသက်ထက် အရောင်လင်းစေရမယ်။
ဖေဖော်ဝါရီ တဆယ့်သုံး
ဗိုလ်ချုပ်မွေးနေ့နဲ့ ဆုံတုန်းမှာ
အမေ့ကို စကားတလုံး
ကြုံတုန်းပြောလိုက်ပါ
အမေရဲ့ သားဟာ
ရာဇဝင် မတင်ပေမယ့်
အရာမဝင်စေတဲ့
အာသာရွှင်တဲ့ ကောင်တော့ မဟုတ်ဘူးလို့။
ပြီးတော့ …
ဗိုလ်ချုပ်ရဲ့  လက်သုံးစကား
စိတ်မှာ တချိန်လုံးထားပြီး
အကျင့်တွေပြင်ဖို့
ငါ …
ရသလောက်
လမ်းဖောက်ကျင့်နေတယ်လို့။
ညီလေးရေ …
ဘယ်လိုပဲဖြစ်ဖြစ်
အကိုတို့ရဲ့  အလင်းနှစ်
၈၈ ကိုလည်း ချစ်ရတယ်
အမေနဲ့ အချစ်ကိုလည်း ပြစ်ရတယ်
ဒါ …
အကိုတို့အတွက်
လှိုင်းအဆင့်ဆင့်ကို အံတု
သမိုင်းအစစ်အမှန်တခုပဲ ဖြစ်ရမယ်။
၂၃း ၃၁ (၆.၂.၂ဝ၁ဝ)
သက်ခိုင်
၂၀၁၀ ရွေးကောက်ပွဲ ပွဲစားများက ပြည်ပတွင် လေလံတင်နေပြီ
နိုင်ငံရေးသမားကြီးဆို၍ ဦးသုဝေကို အသက်အရွယ်အရ လေးစားသည်။ ဒေါက်တာခင်ဇော်ဝင်းကိုလည်း ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် နေခဲ့ရသောကြောင့် လေးစားရပါသည်။ သို့သော် မြန်မာ့သတင်းသမဂ္ဂညီလာခံတွင် ပြောဆိုသော စကားတို့ကြောင့် တစက်ကလေးမျှ အထင်မကြီးတော့ပါလို့ ရိုးရိုးစင်းစင်း ပြောလိုပါသည်။ အံ့သြစရာကောင်းသော၊ သနားစရာကောင်းသော ဤပုဂ္ဂိုလ်နှစ်ဦးကို မည်သည့်နည်းနှင့်မျှ၊ ကျနော်လက်မခံနိုင်။
ဦးသုဝေ ပြောသော စကားတခွန်းက ပိုဆိုးနေသည်။ မြန်မာနိုင်ငံတွင်းမှ လူငယ်များ၏ ဆန္ဒသဘောတရားအရ ရွေးကောက်ပွဲကို ၀င်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်ကို လက်ခံနိုင်စရာ တကွက်မျှမရှိ၊ အကျဉ်းထောင်ထဲတွင် ရောက်နေသော ကိုမင်းကိုနိုင် အပါအ၀င် လူပေါင်း (၁,၀၀၀) ကျော်၏ ဆန္ဒမှာ ယင်းသို့မဟုတ်ဟု တထစ်ချပြောရဲသည်။
တချိန်တည်းမှာပင် ပြည်တွင်းမှ မည်သည့်လူငယ်များ၏ ဆန္ဒမှန်းလည်းမသိ၊ ဘယ်နယ်ကမှန်းလည်း မပြော (တကယ်ဆိုလျှင် တိတိကျကျ ပြောသင့်သည်)။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက် တွက်ချက်သော အကြောင်းအရာတခုမှာ စစ်တပ်က စနစ်တကျ နောက်ဆုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤအချက်မှာလည်း အလွန်မှားယွင်းနေပေသည်။
အကြောင်းမှာ နေပြည်တော်စစ်တပ်က အခိုင်အမာရှိနေပြီး ယူနီဖောင်းမချွတ်သော စစ်တပ်ကိုယ်စားလှယ်တော်က ပြည်သူ့လွှတ်တော်ထဲတွင် စနစ်တကျ နေရာယူထားပြီးဖြစ်ရာ ဤသည်ကို စစ်တပ်က ရှေ့သို့ ခြေနှစ်လှမ်းတိုးလာခြင်းဟု မဆိုလျှင် မည်သည့်အကြောင်းအရာကို ခေါ်ဆိုသင့်မည်နည်း။ အကယ်၍ စစ်တပ်က နောက်သို့ ခြေတလှမ်းဆုတ်သည်ဟု သတ်မှတ်ချင်လျှင် နိုင်ငံရေးအကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးမှ ပြောနိုင်ပါလိမ့်မည်။ နောက်အရေးအကြီးဆုံးသော ပြဿနာမှာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးပြဿနာဖြစ်သည်။ ယင်းပြဿနာကို ချန်လှပ်ထား၍မရ။
ဤရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြားတိုင်းရင်းသားနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရင်း နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသည်။ နှစ်ပေါင်း (၁၀၀) ကျော် အကျဉ်းကျနေသော သူတို့မှာ သူတို့၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရခြင်းဖြစ်သည်။ နိုင်ငံရေးသမားချင်း ကိုယ်ချင်းစာကြည့်မိလျှင် သူတို့ကိုပင် ဆက်လက်ထောက်ခံပေးကြရမည့် အနေအထားဖြစ်သည်။ သို့သော် သူတို့ ထောင်ကျနေ၍ သေသေကျေကျေ၊ ဂရုစိုက်စရာမလိုဘဲ စစ်အစိုးရ၏ ဒုတိယအကြိမ် ပြုလုပ်သော ရွေးကောက်ပွဲကို ၀င်ရောက်ကြမည်ဆိုသည်မှာ နိုင်ငံရေးအပေါ် သစ္စာဖောက်ရာ ရောက်နေပေသည်။
စစ်အစိုးရ၏ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်က စစ်တန်းလျားကို ပြန်မည်ဟု ပြောဖော်ကလေး ရသေးသည်။ သို့သော် လက်တွေ့တွင် စစ်တန်းလျားကို မပြန်ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်နန်းစံစေခဲ့သည်။ ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာမူ စစ်တန်းလျားကို ပြန်ပါတော့မည်ဟု မပြောသည့်အပြင် နေပြည်တော်မှာပင် စစ်အဆောက်အဦကို သေသေချာချာ အခိုင်အမာ တည်ဆောက်ပြီးနေပြီဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အာဏာလွှဲပြောင်းပေးမည်ဟုလည်း သူ့ပါးစပ်မှ တခွန်းမျှ မပြောသေး။ ထို့အပြင် ရွေးကောက်ပွဲဥပဒေက မထွက်သေး၊ ထွက်လာသည့်အခါ၌လည်း မည်သို့မျှ တရားမျှတမှု ရှိမည်မဟုတ်ချေ။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို လွှတ်ပေးပြီး ရွေးကောက်ပွဲပြုလုပ်လျှင်တောင်မှ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေသေးသမျှ ဤရွေးကောက်ပွဲကို လုံးဝကန့်ကွက် ရှုတ်ချရမည်ဖြစ်သည်။
လုံးဝကန့်ကွက်ရမည်ဆိုသည်မှာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အာဏာလွှဲပြောင်းမပေး၍ ဖြစ်သည်။ တနည်းအားဖြင့် ထိုအချိန်က ကတိမတည်ခဲ့သောကြောင့် ယခုအချိန်တွင်လည်း သူတို့မှာ မည်သို့နည်းနှင့်မျှ ယုံကြည်စိတ်ချရသူများ မဟုတ်ကြ၊ ပို၍ပင် သူတို့၏ အနေအထားကို မယုံကြည်နိုင်ချေ၊ လူကြီးလူကောင်း ဂုဏ်သိက္ခာနှင့် တစက်ကလေးမျှ မညီသော သူတို့၏လုပ်ရပ်များမှာ ရာဇ၀င်၌ ကမ်းကုန်နေပြီဖြစ်သည်။ စစ်ဥပဒေဖြင့် အာဏာကို ချုပ်ကိုင်ပြီး သူတို့အာဏာ သက်ဆိုးရှည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရပ်တည်နေခဲ့သည်။
ထိုစဉ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက စစ်အစိုးရ၌ နိုင်ငံခြားဝင်ငွေ မယ်မယ်ရရမရှိ။ ဘဏ္ဍာရေးဘတ်ဂျက်ငွေ အထူးလိုနေခဲ့သော ကာလဖြစ်သည်။ သို့သော် ယခုအချိန်၌ သူတို့တွင် နိုင်ငံခြားငွေ အပြည့်အစုံ ရှိနေသည်။ ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာငွေ ကုဋေနှင့်ချီပြီး ရရှိမည်ဟု တွက်ချက်ထားပြီးဖြစ်သည်။ သည်လိုအခြေအနေမျိုးတွင် နအဖစစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို ပြုလုပ်ပေးပြီး မည်သူ့ကို အာဏာလွှဲပြောင်းပါမည်နည်း။ ကံကိုယုံ၍ ဆူးကိုနင်းချင်လျှင်လည်း နင်းနိုင်သည်၊ ဆူးစူးမှာတော့ ကျိန်းသေဖြစ်မည်။
သူတို့ အာဏာလွှဲပြောင်းမပေးခြင်းကို အချက်အလက်ပေါင်းများစွာ တွက်ချက်ပြောနိုင်ကြပါသည်။ ချုံ၍ပြောရလျှင် သူတို့အပေါ် မယုံကြည်ကြခြင်းကြောင့်ဖြစ်သည်။ ကောင်းပါပြီ၊ ပြည်ပမှာ အတိုက်အခံပြုလုပ်နေသူတွေအဖို့ နအဖစစ်အစိုးရ ရွေးကောက်ပွဲပြုလုပ်ခြင်းကို ကန့်ကွက်ခြင်းမှာ သဘာဝကျသည်ဟုပြောလျှင် လက်ခံသည်ဆိုပါစို့။ ထို့အတူ ပြည်တွင်းမှ လူငယ်တွေ၊ ရဟန်းသံဃာတော်တွေ၊ အမျိုးသမီးတွေ၊ ကျောင်းသားတွေကို သဘောထားစစ်တမ်း ကောက်ယူကြည့်လျှင်လည်း သိသာနိုင်ပေသည်။ အကြောင်းမှာ မည်သို့နည်းနှင့်မျှ သူတို့အနေဖြင့် ရွေးကောက်ပွဲကို မ၀င်သင့်ဟု ပြိုင်တူပြောဆိုကြမည် ဖြစ်သောကြောင့်ဖြစ်သည်။
အဓိကပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မပြောသေးခြင်းဖြစ်သည်။ တခုတော့ရှိသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်းကို ထုတ်ပြန်ပြီးဖြစ်သည်။ ယင်းကြေညာစာတမ်းကို နအဖစစ်အစိုးရက မည်သည့်နည်းနှင့်မျှ တုံ့ပြန်မည်မဟုတ်၊ ၀န်ကြီးချုပ်ဟောင်း ဦးနုသည်လည်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေ၀င်းကို အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ဖူးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဦးနေ၀င်းက စစ်တပ်အားကိုးဖြင့် အာဏာသိမ်းခဲ့၍ဖြစ်သည်။ သေနတ်ကိုင်ထားသော စစ်အာဏာရှင်တို့မှာ အာဏာလွှဲပြောင်းပေးရာ၌ ငြိမ်ငြိမ်သက်သက် လွှဲပြောင်းပေးသော သမိုင်းမျိုးကို မတွေ့ဖူး၊ ထို့ကြောင့် ဦးနု အာဏာပြန်၍ မရခဲ့ချေ။
ယခုလည်း ရွှေဂုံတိုင်ကြေညာစာတမ်း၌ ရွေးကောက်ပွဲကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရမည်ဆိုခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းပေါ် ဆင်နင်းခံရသလို ဖြစ်နေသည်။ သူတို့အသိအမှတ်မပြု၍သာ အာဏာလက်ခံမရရှိခြင်း ဖြစ်နေပါသည်။ သူတို့အသိအမှတ်ပြုလျှင် လွှတ်တော်ခေါ်ပေးရပါလိမ့်မည်။ သို့သော် နအဖစစ်အစိုးရသည် ထိုလောက်အထိ မနူးမနပ်မဟုတ်ချေ။ သူတို့သည် လည်သည်၊ ပါးသည်၊ ကွက်ကျော်မြင်သည်၊ ရက်စက်တတ်သည်၊ ဘာမဆိုလုပ်ရဲသည်၊ ငရဲကို သွားရဲသည်။ လူမိုက်မှ သေသေချာချာ မိုက်ရဲသော လူမိုက်၊ ငရဲကိုလည်း မကြောက်သော လူစားများမို့ သူတို့သည် ငရဲမှ လာသောသူများဖြစ်နိုင်သည်။
၂၀၁၀ ရွေးကောက်ပွဲသည် ငရဲမှလာသော သူတို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ နောက်ဆုံးပွဲ ဖြစ်သည်။ မည်သူမျှ ဒိုင်လူကြီးလုပ်စရာမလို၊ ပရိသတ် လုပ်စရာလည်းမလို။ ထိုင်ကြည့်ရုံသက်သက်ဖြစ်သည်။ ရွှေဂုံတိုင်ကြေညာစာတမ်းကို လက်မခံဆိုလျှင် ရွေးကောက်ပွဲဝင်ရေးပြဿနာသည် ပြီးဆုံးသွားပြီ။ သည်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က မ၀င်တော့ဟု ကြေညာရတော့မည်ဖြစ်သည်။ အန်အယ်လ်ဒီက ရွေးကောက်ပွဲကို မ၀င်တော့ဟု ဆိုလိုက်သည်နှင့် ယင်းရွေးကောက်ပွဲသည် တရားမျှတမှုမရှိသော ရွေးကောက်ပွဲဟု ကမ္ဘာက ကြေညာတော့မည်ဖြစ်သည်။
သည်တော့ ရွေးကောက်ပွဲသည် စစ်အစိုးရ၏ ပွဲမဟုတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွဲဖြစ်သည်။ နိုင်ငံရေးအရ ယင်းလက္ခဏာကို နားလည်ရန်လိုသည်။ ဆိုရလျှင် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေကို ပြောစရာမလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မည်သို့ဆုံးဖြတ်မည်နည်း ဆိုသည်ကိုသာ စောင့်ကြည့်ရုံပဲဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်မည်ဟု ကြေညာလိုက်သည်နှင့် ပြည်သူ့ထံမှ သူတို့ရရှိထားသော ယုံကြည်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
ယုံကြည်မှုများနှင့်အတူ နိုင်ငံရေးဂုဏ်သိက္ခာများ ရေစုန်မျောတော့မည်ဖြစ်သည်။ ယင်းပြဿနာကို ဒေါ်အောင်ဆန်းစုကြည် သိပါသည်။ ထို့ကြောင့်လည်း အဖွဲ့ချုပ်အတွင်း အားကောင်းရန် ဗဟိုကော်မတီတွေကို ဖွဲ့စည်းရန် ပြုလုပ်စေခဲ့ခြင်းဖြစ်သည်။ နအဖစစ်အစိုးရသည် တဘက်၏ အခြေအနေ တောင့်တင်းမည်ကို စိုးရိမ်နေသူများဖြစ်သည့်အလျောက် အဖွဲ့ချုပ်အတွင်း တောင့်တင်းခိုင်မာပြီဆိုလျှင် တနည်းနည်းဖြင့် တုံ့ပြန်လာမည်ဖြစ်သည်။ ထို့ကြောင့် တိတိကျကျပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင့်တင်းရန်အတွက် ကျားကန်ပေးကြဖို့ အရေးကြီးပေသည်။
ခုတော့ စစ်အစိုးရကို ကျားကန်ပေးကြသူများက ခြေသွက်လာနေကြသည်။ စစ်စိုးရကို ထောက်ခံသော အဖွဲ့မျိုးဆိုလျှင် လှုပ်ရှားနိုင်ကြသည်၊ တစညတို့ လှုပ်ရှားနိုင်ကြသည်။ ဦးသုဝေတို့ပင် မလှုပ်ရှားနိုင်ကြ၊ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် နိုင်ငံရေးပါတီများ လွတ်လွပ်စွာ လှုပ်ရှား၍ ရ မရဆိုသည်ကို သိနိုင်သည်။
လမ်းဘေးလက်ဖက်ရည်ဆိုင်အဆင့်မှာ ရှိသေးသော ဦးသုဝေတို့မှာ နအဖ၏ ပရိယာယ်ကို နားလည်သင့်သည်။ အထူးသဖြင့် နိုင်ငံရေးပြဿနာကို နားလည်သင့်သည်။ ကနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို မည်သူက ဖြေရှင်းနိုင်မည်နည်းဆိုသော ပြဿနာကို နားလည်သူဖြစ်ရမည်ဟု ထင်သည်။ ယင်းပြဿနာကို ဖြေရှင်းနိင်မည့်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်၊ သူမ၏ ပါတီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျားကန်ပေးထားခြင်းဖြင့် မြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်ကြမည် ဖြစ်သည်။
ခုတော့ သည်လိုမဟုတ်၊ စစ်အစိုးရ သက်ဆိုးရှည်စေရေးအတွက် အကွက်ချကာ ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်သင့်သည်ဟု ပြည်ပတွင် လာ၍ပြောနေသည်။ ပါတ်ီပေါင်းစုံပါဝင်၍ ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဆိုခြင်းကို နအဖဘက်မှ ရှေ့နေလိုက်မည့်သူအဖြစ် ဟောပြောနေသည်။
ပါတီပေါင်းစုံပါဝင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ရေးဖြစ်သည်။ အန်အယ်လ်ဒီမပါဝင်လျှင် မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ အဖြေဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆွယ်စည်းရုံခြင်းကို လမ်းဘေးလက်ဖက်ရည်ဆိုင် လောက်တွင်ပင် မရရှိသော ဦးသုဝေ၏ အနေအထားသည် သံသယ၀င်စရာ များစွာရှိနေသည်။ ကျနော်တို့ ကံဆိုးသည်ဟု ဆိုလျှင် မကြာခင် ကျောင်းသားသစ္စာဖောက် အေးလွင်တို့ ပြည်ပသို့ ထွက်လာကြပေဦးမည်။ ထွက်လာလျှင် ပြည်ပအတိုက်အခံတို့က ရန်သူအားပေး သစ္စာဖောက်များနှင့် နောက်ထပ်တခါ တန်းတူထိုင်ပြီး ဆွေးနွေးကြမည်လားဟု မေးခွန်းထုတ်စရာပဲ ရှိတော့သည်။
ကျနော်တို့အနေဖြင့် တခွန်းတည်းသာ ပြောစရာရှိသည်။ ရွေးကောက်ပွဲပြုလုပ်ဖြစ်လျှင် မဲပေးရန် မည်သူမျှ မသွားကြနှင့်၊ အိမ်ထဲမှာပဲ နေလိုက်ကြ။ နအဖစစ်အစိုးရ ကျောထောက်နောက်ခံထားသော သူများလာလျှင် သံစည်တီး၍ မောင်းထုတ်ကြဟု ပြောစရာသာရှိသည်။
ယခုလည်း ယင်းသို့ ပြောရပါတော့မည်။ ဦးသုဝေတို့အနေဖြင့် သံစည်တီး၍ အနှင်မခံလိုလျှင် မြန်မြန်သာ ငရဲပြည်သို့ ပြန်ပါလေဟု ပြောချင်သည်။ ဒီမိုကရေစီမြတ်နိုးသော နိုင်ငံများသို့ မလာပါနှင့်ဟု ပြောချင်ပါသည်။ တချိန်တည်းမှာပင် အတိုက်အခံဒီမိုကရေစီ ဘက်တော်သားတွေကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားတွေက လေလံတင်နေပြီ၊ သတိထားကြပေတော့ဟု ပြောကြားလိုက်ရပါသည်။
ခိုင်အောင်ကျော် (နယူးယောက်)
၂ မတ် ၂၀၁၀
ရင်းမြစ် ။ ။ ခေတ်ပြိုင်

ဘ၀လှောင်အိမ်ထဲကငှက်များ
၂၀၁၀
ဖေဖေါ်ဝါရီ ကိုး အဖြစ်အပျက်
လှိုင်သာယာဖက်မှာ
ပျက်လုလုဘ၀တွေကို
ရဲရင့်တင်းတင်းဝတ်ဆင်ပြီး
ယိုင်နဲ့ ကျိုးပဲ့နေတဲ့
ဘ၀လှေကားထစ်တွေတက်ဖို့ 
အာဏာရှင်စစ်သေနတ်နဲ့ 
အကျဉ်းထောင်ကိုအံတု
အမှောင်ထုကိုထိုးခွဲ
ရင့်ရဲစိတ်ဓါတ်နဲ့ 
ရသင့်တဲ့ အခွင့်အရေး
ဟစ်ကြွေးတောင်းဆိုသူတွေ။
စိတ်ဓါတ်သာအင်အား
မျော်လင့်ချက်များနဲ့ 
ဒုတ်ဒါးမပါ အလုပ်သမတွေ
ပိန်ချိုင့်နေတဲ့ ထမင်းချိုင့်များနဲ့ 
တချို့ ကြက်ဥတစိတ်နဲ့ ဆား
တချို့ ဆီမဆမ်းနိုင်တဲ့ပဲပြုတ်ကြမ်း
တချို့ ငံပြာရည်ကျဲကျဲနဲ့ တို့ စရာမဲ့ထမင်းချိုင့်
ဘ၀ကိုမောဟိုက်စွာဖြတ်သန်း
ခက်ခဲပင်ပန်းတဲ့ကြား
ကုမ္ပဏီရမ်းကားတွေရဲ့ 
သွေးစုတ်မှုလက်အောက်
ပြည်သူတွေငါးပါးမှောက်
မှောက်မှောက်ပျောက်ပျောက်
ကိုယ့်အမျိုးလောက်ကြည့်သူ
စစ်အုပ်စု အုပ်ချုပ်သူတွေ
မျက်လုံးဒေါက်ထောက်ကြည့်ရင်း
ဓနရှင်မင်းအတွက်
ပြည်တွင်းဖြစ်ဒိုင်းလွှား
လက်နက်ယန္တရားကြီးငယ်
မီးသတ်ကားတွေသယ်သွား။
အလို ဘုရားဘုရား
သံဃာမဟူ စိမ်းဖြူ
ဘယ်ပြည်သူကိုမှမရှောင်ပဲ
လက်ရ ဇက်ရဲ သတ်ရဲသူတွေ
ဘုရားအဆူဆူ
ခေတ်အဆက်ဆက်
နိုင်းယှဉ်ချင့်ရင်
အာဏာရှင်ခေတ်
နံပါတ်မှတစ်
အာဏာရှင်ပါးကွက်သားတွေ
သမင်တအုပ်ကို ကျားတအုပ်ဝိုင်းသလို။
အခြေခံ အခွင့်ရေး
တောင်းဆိုသူ အလုပ်သမများ
ရှင်သန်ခြင်းအတွက်
ယှဉ်ပြိုင်ခြင်းမဖက်
တောင်းဆိုခြင်းသက်သက်
အာဏာစက်နဲ့ ဖွဲ့ စည်းတည်ထောင်
ဆင်းရဲလှတဲ့လူ့ ဘောင်
ဘ၀လှောင်အိမ်ထဲက
ငှက်ကလေးများသာ
သူတို့ ဟာ
တိုင်းပြည်ရဲ့  အသွေးအသား
တိုင်းပြည်ရဲ့  စက်မှုယန္တရား
တိုင်းပြည်ရဲ့  အနာဂါတ်အင်အား
တိုင်းပြည်ရဲ့  ရတနာများ
တိုင်းပြည်ရဲ့  မိခင်လောင်းများ
စဉ်းစားတတ်သူတို့ များဆိုလျှင်။
ပေးပို့သူ---Mg Thounnja
ရင်းမြစ် ။ ။ ဟစ်တိုင်
ကြံ့ဖွံ့ဦးရေ ရန်ကုန်လူဦးရေ ထက်ဝက်ကျော်ရှိ
ရန်ကုန်တိုင်းအတွင်း ကြံ့ဖွံ့အဖွဲ့ဝင်အရေအတွက်မှာ ရန်ကုန်လူဦးရေ၏ တ၀က်ကျော်လွန်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့အဖွဲ့ အကြီးအကဲတဦးက ပြောသည်။
“ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတာကြာပါပြီ၊ လူထုကို ဆွဲဆောင်ရတာပေါ့။ ရန်ကုန်မှာ ကျနော်တို့အသင်းကြီးအနေနဲ့ လူတွေအတွက် အခမဲ့တွေပဲ လုပ်ပေးနေတာပါ၊ လူတိုင်းသိပါတယ်။ လမ်းခင်းပေးမှု၊ ရေပေးဝေမှု၊ ကျန်းမာရေးဆေးပေးခန်းနဲ့ ကလေးတွေ စာသင်ကြားပေးမှု၊ စာသင်ကျောင်းဆောက်လုပ်ပေးမှု စတာတွေက ကျနော်တို့အသင်းက လုပ်တာပါ” ဟု ရန်ကုန်တိုင်း ကြံ့ဖွံ့အသင်းဝင်တဦးက ပြောသည်။
လာမည့်ရွေးကောက်ပွဲအတွက် အသင်းသားများကို လိုက်၍စုဆောင်းနေခြင်းဖြစ်ရာ အသင်းဝင်အရေအတွက် ပိုများလာစေရန် ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ခေါင်းဆောင်တဦး ပြောပြချက်အရ ယခုအသင်းဝင်စာရင်းမှာ မဲပေးရန်အတွက် စာရင်းအတည်ဖြစ်မည်ဟု သိရသည်။
“ကျနော်တို့အသင်းသားတွေ ရန်ကုန်တိုင်း တာဝန်ခံနဲ့ တွေ့တဲ့အခါ သူက အသင်းသားတွေ တိုးလာတာကို စိတ်ကျေနပ်တယ်လို့ ပြောတယ်။ ပြီးတော့ အသင်းသားများသလို အသင်းသားတွေအနေနဲ့ အသင်းအပေါ်မှာ သစ္စာရှိဖို့လိုတယ်လိုလည်း ပြောတယ်။ သူဆိုလိုချင်တာကို ကျနော်တို့ သဘောပေါက်ပါတယ်။ ပြီးတော့ ကျနော်တို့ကိုလည်း အသင်းသားတယောက်ဖြစ်တဲ့အတွက် ပြဿနာတစုံတခုဆိုရင်လည်း ပြောပါလို့ပြောပါတယ်။ အရေးပေးခံရတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
၁၉၈၈ ခုနှစ် အရေးအခင်းတွင် ပါဝင်ခဲ့သူ အသက် (၄၀) နှစ်ခန့်အရွယ် လူလတ်ပိုင်းတဦးက ယခုကြံ့ဖွံ့အသင်းကို ၀င်နေသူများမှာ ယခင်က ၁၉၈၈ အရေးအခင်းတွင် ဆန္ဒပါဝင်ပြသခဲ့သူ အများစုဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ အဲဒီတုန်းက အသက် (၂၀) မပြည့်ချင်သေးတဲ့အရွယ်ပါ။ ကျနော်တို့နဲ့အတူ လက်တွဲပြီးတော့ ချီတက်ခဲ့တဲ့ ကောင်တွေက အခုကြံ့ဖွံ့ကို ဘုရားထင်နေကြတယ်။ ဒီကောင်တွေက တကယ်ပဲစိတ်ပါလို့ လုပ်တာလား၊ အခွင့်အရေးရလို့ပဲ လုပ်တာလားဆိုတာ မတွေးတတ်ဘူး” ဟု ပြောသည်။
ရန်ကုန်ရှိ လူဦးရေ (၆) သန်းခန့်တွင် ရန်ကုန်တိုင်း ကြံ့ဖွံအသင်း၏ အသင်းသားဦးရေမှာ (၃) သန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ယင်းအသင်း၏ တရားဝင်စာရင်းများအရ သိရသည်။
တက်လူ/ ၅ မတ် ၂ဝ၁ဝ

Subscribe to:
Posts (Atom)