Sunday, March 7, 2010

၂၀၁၀ ရွေးကောက်ပွဲ ပွဲစားများက ပြည်ပတွင် လေလံတင်နေပြီ

နိုင်ငံရေးသမားကြီးဆို၍ ဦးသုဝေကို အသက်အရွယ်အရ လေးစားသည်။ ဒေါက်တာခင်ဇော်ဝင်းကိုလည်း ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် နေခဲ့ရသောကြောင့် လေးစားရပါသည်။ သို့သော် မြန်မာ့သတင်းသမဂ္ဂညီလာခံတွင် ပြောဆိုသော စကားတို့ကြောင့် တစက်ကလေးမျှ အထင်မကြီးတော့ပါလို့ ရိုးရိုးစင်းစင်း ပြောလိုပါသည်။ အံ့သြစရာကောင်းသော၊ သနားစရာကောင်းသော ဤပုဂ္ဂိုလ်နှစ်ဦးကို မည်သည့်နည်းနှင့်မျှ၊ ကျနော်လက်မခံနိုင်။

ဦးသုဝေ ပြောသော စကားတခွန်းက ပိုဆိုးနေသည်။ မြန်မာနိုင်ငံတွင်းမှ လူငယ်များ၏ ဆန္ဒသဘောတရားအရ ရွေးကောက်ပွဲကို ၀င်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤသည်ကို လက်ခံနိုင်စရာ တကွက်မျှမရှိ၊ အကျဉ်းထောင်ထဲတွင် ရောက်နေသော ကိုမင်းကိုနိုင် အပါအ၀င် လူပေါင်း (၁,၀၀၀) ကျော်၏ ဆန္ဒမှာ ယင်းသို့မဟုတ်ဟု တထစ်ချပြောရဲသည်။

တချိန်တည်းမှာပင် ပြည်တွင်းမှ မည်သည့်လူငယ်များ၏ ဆန္ဒမှန်းလည်းမသိ၊ ဘယ်နယ်ကမှန်းလည်း မပြော (တကယ်ဆိုလျှင် တိတိကျကျ ပြောသင့်သည်)။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက် တွက်ချက်သော အကြောင်းအရာတခုမှာ စစ်တပ်က စနစ်တကျ နောက်ဆုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဤအချက်မှာလည်း အလွန်မှားယွင်းနေပေသည်။

အကြောင်းမှာ နေပြည်တော်စစ်တပ်က အခိုင်အမာရှိနေပြီး ယူနီဖောင်းမချွတ်သော စစ်တပ်ကိုယ်စားလှယ်တော်က ပြည်သူ့လွှတ်တော်ထဲတွင် စနစ်တကျ နေရာယူထားပြီးဖြစ်ရာ ဤသည်ကို စစ်တပ်က ရှေ့သို့ ခြေနှစ်လှမ်းတိုးလာခြင်းဟု မဆိုလျှင် မည်သည့်အကြောင်းအရာကို ခေါ်ဆိုသင့်မည်နည်း။ အကယ်၍ စစ်တပ်က နောက်သို့ ခြေတလှမ်းဆုတ်သည်ဟု သတ်မှတ်ချင်လျှင် နိုင်ငံရေးအကျဉ်းသားတွေကို တယောက်မကျန် လွှတ်ပေးမှ ပြောနိုင်ပါလိမ့်မည်။ နောက်အရေးအကြီးဆုံးသော ပြဿနာမှာ ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးပြဿနာဖြစ်သည်။ ယင်းပြဿနာကို ချန်လှပ်ထား၍မရ။

ဤရွေးကောက်ပွဲကြီးတွင် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တခြားတိုင်းရင်းသားနိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲရင်း နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသည်။ နှစ်ပေါင်း (၁၀၀) ကျော် အကျဉ်းကျနေသော သူတို့မှာ သူတို့၏ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေကြရခြင်းဖြစ်သည်။ နိုင်ငံရေးသမားချင်း ကိုယ်ချင်းစာကြည့်မိလျှင် သူတို့ကိုပင် ဆက်လက်ထောက်ခံပေးကြရမည့် အနေအထားဖြစ်သည်။ သို့သော် သူတို့ ထောင်ကျနေ၍ သေသေကျေကျေ၊ ဂရုစိုက်စရာမလိုဘဲ စစ်အစိုးရ၏ ဒုတိယအကြိမ် ပြုလုပ်သော ရွေးကောက်ပွဲကို ၀င်ရောက်ကြမည်ဆိုသည်မှာ နိုင်ငံရေးအပေါ် သစ္စာဖောက်ရာ ရောက်နေပေသည်။

စစ်အစိုးရ၏ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး စောမောင်က စစ်တန်းလျားကို ပြန်မည်ဟု ပြောဖော်ကလေး ရသေးသည်။ သို့သော် လက်တွေ့တွင် စစ်တန်းလျားကို မပြန်ဘဲ လွှတ်တော်ကိုယ်စားလှယ်တွေကို ထောင်နန်းစံစေခဲ့သည်။ ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာမူ စစ်တန်းလျားကို ပြန်ပါတော့မည်ဟု မပြောသည့်အပြင် နေပြည်တော်မှာပင် စစ်အဆောက်အဦကို သေသေချာချာ အခိုင်အမာ တည်ဆောက်ပြီးနေပြီဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် အာဏာလွှဲပြောင်းပေးမည်ဟုလည်း သူ့ပါးစပ်မှ တခွန်းမျှ မပြောသေး။ ထို့အပြင် ရွေးကောက်ပွဲဥပဒေက မထွက်သေး၊ ထွက်လာသည့်အခါ၌လည်း မည်သို့မျှ တရားမျှတမှု ရှိမည်မဟုတ်ချေ။ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို လွှတ်ပေးပြီး ရွေးကောက်ပွဲပြုလုပ်လျှင်တောင်မှ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ကျန်နေသေးသမျှ ဤရွေးကောက်ပွဲကို လုံးဝကန့်ကွက် ရှုတ်ချရမည်ဖြစ်သည်။

လုံးဝကန့်ကွက်ရမည်ဆိုသည်မှာ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အာဏာလွှဲပြောင်းမပေး၍ ဖြစ်သည်။ တနည်းအားဖြင့် ထိုအချိန်က ကတိမတည်ခဲ့သောကြောင့် ယခုအချိန်တွင်လည်း သူတို့မှာ မည်သို့နည်းနှင့်မျှ ယုံကြည်စိတ်ချရသူများ မဟုတ်ကြ၊ ပို၍ပင် သူတို့၏ အနေအထားကို မယုံကြည်နိုင်ချေ၊ လူကြီးလူကောင်း ဂုဏ်သိက္ခာနှင့် တစက်ကလေးမျှ မညီသော သူတို့၏လုပ်ရပ်များမှာ ရာဇ၀င်၌ ကမ်းကုန်နေပြီဖြစ်သည်။ စစ်ဥပဒေဖြင့် အာဏာကို ချုပ်ကိုင်ပြီး သူတို့အာဏာ သက်ဆိုးရှည်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားရပ်တည်နေခဲ့သည်။

ထိုစဉ် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက စစ်အစိုးရ၌ နိုင်ငံခြားဝင်ငွေ မယ်မယ်ရရမရှိ။ ဘဏ္ဍာရေးဘတ်ဂျက်ငွေ အထူးလိုနေခဲ့သော ကာလဖြစ်သည်။ သို့သော် ယခုအချိန်၌ သူတို့တွင် နိုင်ငံခြားငွေ အပြည့်အစုံ ရှိနေသည်။ ၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာငွေ ကုဋေနှင့်ချီပြီး ရရှိမည်ဟု တွက်ချက်ထားပြီးဖြစ်သည်။ သည်လိုအခြေအနေမျိုးတွင် နအဖစစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကို ပြုလုပ်ပေးပြီး မည်သူ့ကို အာဏာလွှဲပြောင်းပါမည်နည်း။ ကံကိုယုံ၍ ဆူးကိုနင်းချင်လျှင်လည်း နင်းနိုင်သည်၊ ဆူးစူးမှာတော့ ကျိန်းသေဖြစ်မည်။

သူတို့ အာဏာလွှဲပြောင်းမပေးခြင်းကို အချက်အလက်ပေါင်းများစွာ တွက်ချက်ပြောနိုင်ကြပါသည်။ ချုံ၍ပြောရလျှင် သူတို့အပေါ် မယုံကြည်ကြခြင်းကြောင့်ဖြစ်သည်။ ကောင်းပါပြီ၊ ပြည်ပမှာ အတိုက်အခံပြုလုပ်နေသူတွေအဖို့ နအဖစစ်အစိုးရ ရွေးကောက်ပွဲပြုလုပ်ခြင်းကို ကန့်ကွက်ခြင်းမှာ သဘာဝကျသည်ဟုပြောလျှင် လက်ခံသည်ဆိုပါစို့။ ထို့အတူ ပြည်တွင်းမှ လူငယ်တွေ၊ ရဟန်းသံဃာတော်တွေ၊ အမျိုးသမီးတွေ၊ ကျောင်းသားတွေကို သဘောထားစစ်တမ်း ကောက်ယူကြည့်လျှင်လည်း သိသာနိုင်ပေသည်။ အကြောင်းမှာ မည်သို့နည်းနှင့်မျှ သူတို့အနေဖြင့် ရွေးကောက်ပွဲကို မ၀င်သင့်ဟု ပြိုင်တူပြောဆိုကြမည် ဖြစ်သောကြောင့်ဖြစ်သည်။

အဓိကပြဿနာမှာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ မည်သို့မျှ မပြောသေးခြင်းဖြစ်သည်။ တခုတော့ရှိသည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွှေဂုံတိုင်ကြေညာစာတမ်းကို ထုတ်ပြန်ပြီးဖြစ်သည်။ ယင်းကြေညာစာတမ်းကို နအဖစစ်အစိုးရက မည်သည့်နည်းနှင့်မျှ တုံ့ပြန်မည်မဟုတ်၊ ၀န်ကြီးချုပ်ဟောင်း ဦးနုသည်လည်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေ၀င်းကို အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ဖူးပါသည်။ အဘယ့်ကြောင့်ဆိုသော် ဦးနေ၀င်းက စစ်တပ်အားကိုးဖြင့် အာဏာသိမ်းခဲ့၍ဖြစ်သည်။ သေနတ်ကိုင်ထားသော စစ်အာဏာရှင်တို့မှာ အာဏာလွှဲပြောင်းပေးရာ၌ ငြိမ်ငြိမ်သက်သက် လွှဲပြောင်းပေးသော သမိုင်းမျိုးကို မတွေ့ဖူး၊ ထို့ကြောင့် ဦးနု အာဏာပြန်၍ မရခဲ့ချေ။

ယခုလည်း ရွှေဂုံတိုင်ကြေညာစာတမ်း၌ ရွေးကောက်ပွဲကို တနည်းနည်းဖြင့် အသိအမှတ်ပြုပေးရမည်ဆိုခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းပေါ် ဆင်နင်းခံရသလို ဖြစ်နေသည်။ သူတို့အသိအမှတ်မပြု၍သာ အာဏာလက်ခံမရရှိခြင်း ဖြစ်နေပါသည်။ သူတို့အသိအမှတ်ပြုလျှင် လွှတ်တော်ခေါ်ပေးရပါလိမ့်မည်။ သို့သော် နအဖစစ်အစိုးရသည် ထိုလောက်အထိ မနူးမနပ်မဟုတ်ချေ။ သူတို့သည် လည်သည်၊ ပါးသည်၊ ကွက်ကျော်မြင်သည်၊ ရက်စက်တတ်သည်၊ ဘာမဆိုလုပ်ရဲသည်၊ ငရဲကို သွားရဲသည်။ လူမိုက်မှ သေသေချာချာ မိုက်ရဲသော လူမိုက်၊ ငရဲကိုလည်း မကြောက်သော လူစားများမို့ သူတို့သည် ငရဲမှ လာသောသူများဖြစ်နိုင်သည်။

၂၀၁၀ ရွေးကောက်ပွဲသည် ငရဲမှလာသော သူတို့နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၏ နောက်ဆုံးပွဲ ဖြစ်သည်။ မည်သူမျှ ဒိုင်လူကြီးလုပ်စရာမလို၊ ပရိသတ် လုပ်စရာလည်းမလို။ ထိုင်ကြည့်ရုံသက်သက်ဖြစ်သည်။ ရွှေဂုံတိုင်ကြေညာစာတမ်းကို လက်မခံဆိုလျှင် ရွေးကောက်ပွဲဝင်ရေးပြဿနာသည် ပြီးဆုံးသွားပြီ။ သည်အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က မ၀င်တော့ဟု ကြေညာရတော့မည်ဖြစ်သည်။ အန်အယ်လ်ဒီက ရွေးကောက်ပွဲကို မ၀င်တော့ဟု ဆိုလိုက်သည်နှင့် ယင်းရွေးကောက်ပွဲသည် တရားမျှတမှုမရှိသော ရွေးကောက်ပွဲဟု ကမ္ဘာက ကြေညာတော့မည်ဖြစ်သည်။

သည်တော့ ရွေးကောက်ပွဲသည် စစ်အစိုးရ၏ ပွဲမဟုတ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပွဲဖြစ်သည်။ နိုင်ငံရေးအရ ယင်းလက္ခဏာကို နားလည်ရန်လိုသည်။ ဆိုရလျှင် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေကို ပြောစရာမလို၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မည်သို့ဆုံးဖြတ်မည်နည်း ဆိုသည်ကိုသာ စောင့်ကြည့်ရုံပဲဖြစ်သည်။ အကယ်၍ ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၀င်မည်ဟု ကြေညာလိုက်သည်နှင့် ပြည်သူ့ထံမှ သူတို့ရရှိထားသော ယုံကြည်မှုများသည် ချက်ချင်း ပျောက်ကွယ်သွားမည် ဖြစ်သည်။

ယုံကြည်မှုများနှင့်အတူ နိုင်ငံရေးဂုဏ်သိက္ခာများ ရေစုန်မျောတော့မည်ဖြစ်သည်။ ယင်းပြဿနာကို ဒေါ်အောင်ဆန်းစုကြည် သိပါသည်။ ထို့ကြောင့်လည်း အဖွဲ့ချုပ်အတွင်း အားကောင်းရန် ဗဟိုကော်မတီတွေကို ဖွဲ့စည်းရန် ပြုလုပ်စေခဲ့ခြင်းဖြစ်သည်။ နအဖစစ်အစိုးရသည် တဘက်၏ အခြေအနေ တောင့်တင်းမည်ကို စိုးရိမ်နေသူများဖြစ်သည့်အလျောက် အဖွဲ့ချုပ်အတွင်း တောင့်တင်းခိုင်မာပြီဆိုလျှင် တနည်းနည်းဖြင့် တုံ့ပြန်လာမည်ဖြစ်သည်။ ထို့ကြောင့် တိတိကျကျပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင့်တင်းရန်အတွက် ကျားကန်ပေးကြဖို့ အရေးကြီးပေသည်။

ခုတော့ စစ်အစိုးရကို ကျားကန်ပေးကြသူများက ခြေသွက်လာနေကြသည်။ စစ်စိုးရကို ထောက်ခံသော အဖွဲ့မျိုးဆိုလျှင် လှုပ်ရှားနိုင်ကြသည်၊ တစညတို့ လှုပ်ရှားနိုင်ကြသည်။ ဦးသုဝေတို့ပင် မလှုပ်ရှားနိုင်ကြ၊ ထိုအချင်းအရာကို ကြည့်ခြင်းဖြင့် နိုင်ငံရေးပါတီများ လွတ်လွပ်စွာ လှုပ်ရှား၍ ရ မရဆိုသည်ကို သိနိုင်သည်။

လမ်းဘေးလက်ဖက်ရည်ဆိုင်အဆင့်မှာ ရှိသေးသော ဦးသုဝေတို့မှာ နအဖ၏ ပရိယာယ်ကို နားလည်သင့်သည်။ အထူးသဖြင့် နိုင်ငံရေးပြဿနာကို နားလည်သင့်သည်။ ကနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာကို မည်သူက ဖြေရှင်းနိုင်မည်နည်းဆိုသော ပြဿနာကို နားလည်သူဖြစ်ရမည်ဟု ထင်သည်။ ယင်းပြဿနာကို ဖြေရှင်းနိင်မည့်သူမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်၊ သူမ၏ ပါတီဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျားကန်ပေးထားခြင်းဖြင့် မြန်မာ့နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်ကြမည် ဖြစ်သည်။

ခုတော့ သည်လိုမဟုတ်၊ စစ်အစိုးရ သက်ဆိုးရှည်စေရေးအတွက် အကွက်ချကာ ပြုလုပ်မည့် ရွေးကောက်ပွဲကို ၀င်သင့်သည်ဟု ပြည်ပတွင် လာ၍ပြောနေသည်။ ပါတ်ီပေါင်းစုံပါဝင်၍ ၂၀၁၀ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိသည်ဆိုခြင်းကို နအဖဘက်မှ ရှေ့နေလိုက်မည့်သူအဖြစ် ဟောပြောနေသည်။

ပါတီပေါင်းစုံပါဝင်ရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ရေးဖြစ်သည်။ အန်အယ်လ်ဒီမပါဝင်လျှင် မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ အဖြေဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲဆွယ်စည်းရုံခြင်းကို လမ်းဘေးလက်ဖက်ရည်ဆိုင် လောက်တွင်ပင် မရရှိသော ဦးသုဝေ၏ အနေအထားသည် သံသယ၀င်စရာ များစွာရှိနေသည်။ ကျနော်တို့ ကံဆိုးသည်ဟု ဆိုလျှင် မကြာခင် ကျောင်းသားသစ္စာဖောက် အေးလွင်တို့ ပြည်ပသို့ ထွက်လာကြပေဦးမည်။ ထွက်လာလျှင် ပြည်ပအတိုက်အခံတို့က ရန်သူအားပေး သစ္စာဖောက်များနှင့် နောက်ထပ်တခါ တန်းတူထိုင်ပြီး ဆွေးနွေးကြမည်လားဟု မေးခွန်းထုတ်စရာပဲ ရှိတော့သည်။

ကျနော်တို့အနေဖြင့် တခွန်းတည်းသာ ပြောစရာရှိသည်။ ရွေးကောက်ပွဲပြုလုပ်ဖြစ်လျှင် မဲပေးရန် မည်သူမျှ မသွားကြနှင့်၊ အိမ်ထဲမှာပဲ နေလိုက်ကြ။ နအဖစစ်အစိုးရ ကျောထောက်နောက်ခံထားသော သူများလာလျှင် သံစည်တီး၍ မောင်းထုတ်ကြဟု ပြောစရာသာရှိသည်။

ယခုလည်း ယင်းသို့ ပြောရပါတော့မည်။ ဦးသုဝေတို့အနေဖြင့် သံစည်တီး၍ အနှင်မခံလိုလျှင် မြန်မြန်သာ ငရဲပြည်သို့ ပြန်ပါလေဟု ပြောချင်သည်။ ဒီမိုကရေစီမြတ်နိုးသော နိုင်ငံများသို့ မလာပါနှင့်ဟု ပြောချင်ပါသည်။ တချိန်တည်းမှာပင် အတိုက်အခံဒီမိုကရေစီ ဘက်တော်သားတွေကိုလည်း ၂၀၁၀ ရွေးကောက်ပွဲအတွက် ပွဲစားတွေက လေလံတင်နေပြီ၊ သတိထားကြပေတော့ဟု ပြောကြားလိုက်ရပါသည်။

ခိုင်အောင်ကျော် (နယူးယောက်)
၂ မတ် ၂၀၁၀


ရင်းမြစ် ။  ။ ခေတ်ပြိုင်

0 comments:

Post a Comment